စာရေးဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်များ (အခုမှဖတ်ဖြစ်လို့ အခုမှမေးလ်ပို့လိုက်ပါတယ်)

cobraAugust 9, 20101min410

ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ခေါင်းဆောင် ကြီးများနှင့် တွေ့ဆုံ
ဆက်ဆံ ခဲ့ဖူးသော မြန်မာနိုင်ငံ ရှမ်းပြည်နယ် အောင်ပန်းမြို့တွင်
နေထိုင်လျက် ရှိသည့် စာရေးဆရာကြီး ဒဂုန်တာရာအား ဧရာဝတီ သတင်းထောက်
ကိုစိုးက အာဇာနည် နေ့နှင့် ပတ်သက်သော အမှတ်တရ မေးမြန်းထားသည်များမှ
ကောက်နုတ် ဖော်ပြလိုက်ပါသည်။

[ဒဂုန်တာရာ (ဓာတ်ပုံ – မိုးမခ)]

ဒဂုန်တာရာ (ဓာတ်ပုံ – မိုးမခ)
ကျနော်က အခု အသက် ၉၂ ထဲ ရောက်ပြီ။ အဲဒီ အာဇာနည်နေ့ပေါ့ဗျာ။ ၁၉၄ရ ဇူလိုင်လ
၁၉ ရက်၊ အဲဒီတုန်းက ကျနော်လည်း ငယ် သေးတယ်။ ကျနော်က တက္ကသိုလ် သမဂ္ဂမှာ
အမှုဆောင် ၂ နှစ် ဆက်တိုက်ဖြစ်ခဲ့ သေးတယ်။ စစ်မဖြစ်ခင်ပေ့ါဗျာ၊ ၁၉၃၉ – ၄၀၊
အဲဒီတုန်းက ဥက္ကဌ က ကိုလှရွှေ၊ အာဏာရှင် လှရွှေ၊ အဲဒီတုန်းက အာဏာရှင်ဆိုတဲ့
စကားလုံးက အကောင်းဗျ၊ ကောင်းတဲ့ အဓိပ္ပာယ်ပေါ့ဗျာ။ အဲဒီနှစ်တွေက ကျနော်က
နေ့ကျောင်းသား နေခဲ့တယ်၊ ကျောင်းဆောင် ဘဝကတော့ ကျနော် စစ်ကိုင်းကျောင်း
ဆောင်၊ ဟို တုန်းက အင်းဝ ၊ စစ်ကိုင်း၊ ပင်းယ ၊ ပဲခူး ဆိုပြီး
ကျောင်းဆောင်တွေရှိတယ်၊ တက္ကသိုလ်ကိုတော့ ကျောင်းတိုက်လို့ ခေါ်တယ်၊
ကျနော်တို့က ကျောင်းနေဘက်တွေ ဆိုတော့ သူငယ်ချင်းတွေလို ဖြစ်နေတာကိုး။

အဲဒီ ၁၉၄ရ ကျတော့ ကျနော်က အသက် ၂၉ ၊ ၃ဝ လောက်ပေါ့၊ အတိအကျ ဆိုရင်
ပြန်တွက်မှရမယ်။ နောက်ဥက္ကဌ က မိတ္ထီလာ ကိုလှမောင်၊ ကျနော်တို့ထက်
အများကြီး ကြီးတာပေါ့၊ ဦးနုတို့ တန်းပေါ့၊ ဦးနု လောက်တော့ မကြီးဘူး၊
ဦးနု ကို ကျနော်တို့က ကိုကြီးနု ခေါ်တယ်၊ သူတို့ကတော့ နိုင်ငံရေးလို့
နောင် အခါတော့ ခေါ်တာပေါ့ ဗျာ၊ လွတ်လပ်ရေး လှုပ်ရှားမှုပေါ့၊ တပ်ထဲက ဆိုလို့
ရှိရင် ဗိုလ် လကျ်ာ၊ ဗိုလ်ဇေယျ၊ ဗိုလ် ရန်အောင် အများကြီးပေါ့ဗျာ၊ ရဲဘော်
သုံးကျိပ် ခေါ်တာပေါ့၊ အဲဒီတုန်းက နိုင်ငံရေး မဟုတ် သေးဘူး။

ကျောင်းသား သမဂ္ဂ ဆိုတာက ဟို အောက်စ်ဖို့ တို့၊ ကိန်းဘရစ်ချ် တို့၊
လန်ဒန်မှာ ရှိတဲ့ တက္ကသိုလ်တွေ။ အဲဒီက သမဂ္ဂတွေအတိုင်း ဖွဲ့ထားတာ၊ အခြေအနေက
အဲဒီလို။

အဲဒီတုန်းက ကျနော်တို့က လွတ်လပ်ရေး လိုချင်တာပေါ့ဗျာ၊ ကျောင်းသားတွေ ၊
တက္ကသိုလ် သမဂ္ဂ၊ ၁၉၃၅-၃၆ ထင်တယ်၊ ကျောင်းသား သပိတ်ဖြစ်တယ်၊ ပညာရေး
အတွက်ပေါ့၊ ကိုအောင်ဆန်းကတော့ ၁၉၃၈ – ၃၉ မှာ သမဂ္ဂ ဥက္ကဌ ဖြစ်တယ်၊ တို့ဗမာ
အစည်းအရုံးမှာ သခင်အောင်ဆန်း ဖြစ်သွားတယ်။

ကျနော်တို့ လွတ်လပ်ရေး လှုပ်ရှားမှုမှာ ကိုအောင်ဆန်းက
ခေါင်းဆောင်လုပ်ခဲ့တာပေါ့။ သူ့ကို အများကြိုက်ကြတယ်၊ ကိုအောင်ဆန်း က
စကားအပြော မတတ်ဘူး။ ဒါပေမယ့် ကျနော်ကတော့ သူနဲ့ ပေါင်းလို့ ရတယ်။ သူက
ကျနော့်ကို ခင်တယ်။

အဲဒီတုန်းက မှတ်မိသေးတယ်၊ သူက သခင်အောင်ဆန်းလို့ ခေါ်မှ ကိုအောင်ဆန်း လို့
ခေါ်ရင် သိပ်မကြိုက်ချင်ဘူး၊ အဲဒီတုန်းက သမဂ္ဂက လူတွေကလည်း နိုင်ငံရေးလို့
ခေါ်တဲ့ လှုပ်ရှားမှုလုပ်ကြတာ၊ အဖွဲ့အစည်းလှုပ်ရှားမှု၊ ဦးနုက အဲဒီ ၃၅-၃၆ မှာ
ဥပဒေ တန်း ပေါ့၊ ဟို တုန်းက ဥပဒေ တန်းတက်ချင်ရင် ဘီအေ အောင်ပြီးတဲ့ လူမှ
တက်လို့ရတယ်၊ သခင်သန်းထွန်းက အဲဒီတုန်းက ဆရာဖြစ် သင် ကောလိပ်မှာ
အောင်ပြီးပြီ၊ လူတော်ဗျ၊ ငြိမ်းချမ်းရေးသမား လို့ ကျနော်က ထင်တယ်၊
နောက်မှ ဘယ်လိုဖြစ်သွားလဲမသိဘူး။

ကျနော်က အဲဒီကတည်းက ငြိမ်းချမ်းရေး စိတ်ကလေးက ရှိနေတယ်၊ ဘာဖြစ်လို့လည်း
ဆိုတော့ ငယ်ငယ်ကတည်းက ကျနော်က အကြမ်းပတန်းတွေ သိပ်မကြိုက်ဘူး၊
အဲဒီအချိန်ကတည်းက စတာဗျ။ ကျောင်းသား သမဂ္ဂထဲမှာ ဒေါက်တာ ဘမော်တို့၊
ဒေါက်တာ ဘဟန်တို့ စတဲ့ သူတွေလည်း ရှိတယ်၊ လွတ်လပ်ရေး အတွက် လှုပ်ရှား
သူတွေ၊ အရေးကြီးတဲ့ အချိန်တွေပေါ့၊ ကျနော့်ကို လည်း သူတို့က သမဂ္ဂ ဥက္ကဌ
လုပ်စေချင်တယ်၊ ၁၉၄၁ လောက်ကပေါ့၊ ကျနော်ကလည်း ရှေ့တန်း သိပ်နေချင်တဲ့လူ
မဟုတ်ဘူး၊ အဲဒီ တုန်း က ဗြီတိသျှ အင်ပါယာကို တိုက်ရမှာ၊
လက်နက်ကိုင်ရမယ်ပေါ့ ဗျာ၊ ကျနော်က လက်နက်ကိုင်တာ ဝါသနာမပါဘူး၊ လက်နက်
ကိုင်တာ သိပ်မကြိုက်ဘူး၊ ဟိုတုန်းက ကျနော့်ကို သူတို့က ခေါ်တာ အတွေးသမား
အရေးသမား၊ စာရေးတဲ့ ကောင်က ကျနော် တယောက်ပဲ ရှိတာ၊ ဟိုတုန်းက
စိတ်ကူးယဉ်တယ်ဆိုတဲ့ စကားလုံးက မပေါ်သေးတော့ အတွေးသမားလို့ ပြောတာပေါ့ဗျာ။

အဲဒီ စနေနေ့ ကိုအောင်ဆန်းတို့ ကျဆုံးမယ့် နေ့က ဗိုလ်ထွန်းလှ ကို ကျနော်က
ပြောတယ်၊ ကိုအောင်ဆန်း ကို ပြောလိုက်ပါ၊ ကျနော် ဆောင်းပါး လာယူမယ်၊
အဲဒီတုန်းက သူတို့က ဝန်ကြီးအဖွဲ့ပေါ့၊ ကိုအောင်ဆန်းက အရင်
ပဲခူးကျောင်းဆောင်ကနေ ရေကျော်မှာရှိတဲ့ တို့ဗမာ အစည်းအရုံး
ဌာနချုပ်မှာနေတယ်၊ သူအိပ်တာ ဖျာလေး တချပ်ပဲ ရှိတယ်၊ တခါတလေ ခေါင်းအုံးက
မရှိဘူးနဲ့ တူပါတယ်၊ ခေါင်းက ဆီ က ဖျာမှာ ကွက်နေတယ်၊ အဲဒီမှာ ကျနော်
ရောက်သွားတာ၊ ကျနော်က မသိဘူး။

အတွင်းဝန် ရုံးကို ကျနော်ရောက်သွားတော့ ကျနော်က အပေါ်တက်သွားတာ၊
သူတို့ကျဆုံးတဲ့နေရာက အလယ်ခန်း၊ အဝင်ပေါက် ပေါ့၊ ကျနော်က ဝင်သွားတာ၊
ဘာဖြစ်မှန်း ကျနော်က မသိဘူး၊ အဲဒီမှာ ဆရာဇော်ဂျီ (ဆရာ သိန်းဟန်)က
အထူးအရာရှိ၊ သူ့အခန်း မှာ ဦးချန်ထွန်း ဆိုတာ ဖျာပုံကပဲ၊ သူက
ခေါင်းစိုက်နေတယ်၊ ဒါနဲ့ ဆရာ သိန်းဟန်က ကျနော့်ကို မင်းမသိဘူးလားကွ၊
ဆိုတော့ ကျနော်က မသိသေးဘူးလို့၊ ဟာ ကိုယ်ကျိုးနည်းပြီကွ လို့ ပြောတယ်။

ကျနော် ဘာတခုမှ နားမလည်ဘူး၊ ကျနော်တို့ အတွင်းဝန် ရုံးထဲမှာပဲရှိတဲ့
လက်ဖက်ရည်ဆိုင်မှာ ထိုင်စကား ပြောတယ်၊ မင်းမကြား ဘူးလားတဲ့၊ ဦစောလူတွေ
သတ်သွားတာလို့ပြောတယ်၊ ဦးစောလို့ မပြောဘူး၊ ဆေးရုံပို့လိုက်ပြီ၊
ကိုအောင်ဆန်းကို အဝတ်ဖြူ အုပ် ထားတယ်၊ သေသွားပြီ၊ ကျနော် “ဦးအောင်ဆန်း၏
နောက်ဆုံးနေ့”ဆောင်းပါးမှာ ရေးထားတယ်၊ ကျနော် အတွင်းဝန်ရုံးရောက် တော့
ကိုအောင်ဆန်းနဲ့ အာဇာနည်တွေကို သယ်သွားပြီ၊ ကျဆုံးတဲ့အချိန် ၁၀
နာရီခွဲဗျ၊ ကျနော် သွားတော့၊ ကျနော် ကိုအောင်ဆန်း နဲ့ ချိန်းထားတာ၊
မသိဘူးလေ။ ကျနော်က ၁၄ လမ်းမှာ နေတာကိုး။

အဲဒီတုန်းကတော့ ဘာမှ မသိဘူးပေါ့လေ၊ ကျနော့် ဘဝ မှာ ပထမဆုံး လုပ်ကြံမှုကို
ကြုံရတာပဲ၊ ဦးစောအဖွဲ့ ဘာညာလည်း မသိ ဘူး၊ နောက်မှ သိတာ၊ သတ်တာတွေ
လုပ်ကြံတာတွေ ပထမဆုံး ကျနော့် တသက်တာမှာ ကြုံဖူးတာပဲ။

ဒေါက်တာ မောင်မောင်ရေးတဲ့ စာအုပ်ရှိတယ်၊ ခေါင်းစဉ်က ဘာဆိုလား၊ ပုဂံ
စာအုပ်တိုက်က ထုတ်တာ၊ လုပ်ကြံတဲ့နည်းနဲ့ အာဏာ သိမ်းတာ ဦးစော လုပ်တာပဲ၊
သူ့အဖွဲ့က ဂဠုန် ပါတီလို့ ခေါ်တာလား၊ ဂဠုန် အဖွဲ့လို့ ခေါ်လားပဲ၊ မေးမှ
ကျနော်လည်း စဉ်းစားရင်းနဲ့ ပြောရတာ၊ အဲဒီ ဂဠုန် ဦးစော ကို
ကြိုးပေးတယ်လေ။

၁၉၆၂ မှာ စစ်တပ်က အာဏာသိမ်းတာ စကြုံဖူးတယ်၊ ဗမာပြည်မှာ စစ်တပ်က
အာဏာသိမ်းတာ အရင်က မကြားဖူးဘူး၊ နိုင်ငံရေး သိပ္ပံမှာ အစိုးရ ဆိုတာ
ရွေးကောက်တင်မြှောက်ထားတဲ့ဟာ အစိုးရပဲ၊ အာဏာ သိမ်းတယ်ဆိုတာ ကျနော်တို့
အဲဒီမှာ စကြားဖူး တာပဲ၊ ဗိုလ်နေဝင်း စအာဏာသိမ်းတာပဲ။

ဒီဘက်မှာ ရွေးကောက်ပွဲက ၁၉၉ဝ မှာ လုပ်တယ်လေ၊ ရွေးကောက်ပွဲမှာ မဲအများဆုံး
ရတာ NLD ။ အဲဒီတော့ အစိုးရဆိုတာ ရွေးကောက် တင်မြှောက်ထားတာလို့
ကျနော်တို့က နားလည်ထားတာ၊ ဗိုလ်ချုပ်နေဝင်းက တခါ အာဏာ သိမ်းတယ်၊ ဪ
အာဏာသိမ်းအစိုးရ ရှိပါလား၊ အဲဒီလို အခြေအနေတွေက ပြောင်းသွားပြီဗျ၊
ကျနော်တို့ နားလည်ထားတဲ့ နိုင်ငံရေး သိပ္ပံနဲ့က ၊ အခုက စစ်တပ် အာဏာသိမ်း
အစိုးရ။

တော်လှန်ရေးဆိုတာ အစိုးရကို တိုက်တဲ့ဟာ။ သူပုန်ပေါ့ဗျာ။
နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေအဖြစ် ပြောင်းလဲ လာအောင် လုပ်တာ။
ကျနော်တို့လည်း ငယ်ငယ်တုန်းက သိပ်နားမလည်ဘူး။ ကြီးမှ သိလာတယ်။ လက်နက်နဲ့
အာဏာသိမ်း တယ်။ တရားမျှတတဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲနည်းနဲ့ အာဏာ
သိမ်းရမယ်၊ ဒါပဲ။

ငြိမ်းချမ်းရေးသာလျှင် ဒီမိုကရေစီ ပန်းတိုင်ဖြစ်တယ်၊ ငြိမ်းချမ်းရေး
နည်းနဲ့သာ မိတ်ဆွေဖြစ်နိုင်မယ်။

ကျနော် ပြောချင်တယ်ဗျာ၊ အာဇာနည်နေ့ကိုလည်း ကျကျနန လုပ်စေချင်တယ်၊
အာဇာနည်တွေ ကျဆုံးတဲ့ အချိန်ကိုလည်း ဥဩ မှုတ်စေချင်တယ်၊ အရင်အတိုင်း
ပုံမှန် လုပ်စေချင်တယ်၊ ကောင်းစေချင်တယ်၊ ဒါပါပဲ