အမေ့ကို နားမလည်ဘူး
ဟုတ်တယ်။ အခုတလော ကျွန်မ အမေ့ကို နားမလည်ဘူး။ အဲဒီလိုပြောမိတိုင်း ကျွန်မကိုယ်တိုင်ပြောဖူးတဲ့ စကားတစ်ခွန်းကို သတိရမိတယ်။ ရုံးမှာ အဆင်မပြေတာတစ်ခုခု ဖြစ်တိုင်း တွေးမိတဲ့အတွေးပေါ့။
ဝန်ထမ်းတွေက သူဌေးမဖြစ်ခဲ့ဖူးတဲ့အတွက် သူဌေးတွေရဲ့အတွေးကို နားမလည်ပေးတတ်ပါဘူး။ ဒါပေမယ့် သူဌေးတွေကတော့ ဝန်ထမ်းဖြစ်ခဲ့ဖူးတဲ့အတွက် ဝန်ထမ်းတွေရဲ့ ခံစားချက်ကို ပိုနားလည်ပေးသင့်တယ်။
အခုလည်း အဲဒီလိုပဲ ဖြစ်နေတယ်။ ကျွန်မလည်း အမေမဖြစ်ဖူးတော့ အမေတွေရဲ့ ခံစားချက်ကို ရာနှုန်းပြည့်နားမလည်ပေးတတ်တာလားလို့ပေါ့။ အမေကတော့ သမီးဘဝကနေ အမေဖြစ်လာတာဆိုတော့ သမီးတွေကို ပိုနားလည်ပေးသင့်သလားလို့။
အမှန်တော့ အမေ့လောက် လူငယ်ဆန်ပြီး သားသမီးကိုနားလည်ပေးတာ အမေပဲ ရှိပါတယ်။ ပြောရရင် အမေကိုယ်တိုင်ကလည်း လူငယ်ကိုး။ သူငယ်ချင်းတွေဆိုရင် ကျွန်မကို အားကျကြတယ်။ နားလည်ပေးတတ်တဲ့ အမေကို ရထားလို့တဲ့။ ကျွန်မတို့ သားအမိတွေကလည်း သူငယ်ချင်းပေါင်းပေါင်းတာ။ ရည်းစားကို အဖြေပေးတော့မယ်ဆိုတာတောင် အမေ့ကို လှမ်းဖုန်းဆက်ပြီး ပြောပြတာ။ (နောက်ဆုံးနှစ် တက်နေချိန်ကပေါ့။) တကယ်တော့ အဲဒီတစ်ယောက်ကို အမေက သဘောမကျဘူး။ ဒါပေမယ့် အရမ်းကြီး အတင်းအကျပ်လည်း မတားဘူး။ ဘာလို့လည်းဆိုတော့ ကျွန်မအကြောင်းကို သိတာကိုး။ အသက် (၁၉) နှစ်ဆိုတော့ ရည်းစားသာထားတာ အိမ်ထောင်ရေးတွေဘာတွေ မစဉ်းစားဘူးဆိုတာ သိတော့ ပေါ့ပေါ့လေးပဲ သဘောထားတာ။ သဘောမကျဘူးဆိုတာတော့ သိအောင်ပြောထားတယ်။ အမေထင်တဲ့အတိုင်းပါပဲ။ သိပ်မကြာပါဘူး။ အဲဒီရည်းစားနဲ့လည်း ပြတ်သွားရော။
အမေက ကျွန်မကိုဆို သိပ်မချုပ်ချယ်ဘူး။ ငယ်ငယ်ကတည်းကလည်း စာတော်ပြီး ဂုဏ်ယူခဲ့ရတဲ့သမီးဆိုတော့ (ကြွားတာတော့ မဟုတ်ဘူးနော်) စဉ်းစားတတ်တယ်ဆိုပြီး ယုံကြည်တယ်။ ရန်ကုန်ကို တစ်ခါမှ မလာဖူးတဲ့သမီးကို ပထမနှစ်လည်း ကျောင်းတက်ရော အသိတစ်ယောက်မှ မရှိတဲ့ အဆောင်မှာ တစ်ယောက်တည်း စိတ်ချလက်ချထားခဲ့တာ။ နယ်ပြန်သွားရင်လည်း ဘယ်သွားသွား အေးဆေးပဲ။ စစ်ဆေးမေးမြန်းခြင်းမရှိ။ ကျွန်မကသာ ဘယ်သွားဦးမယ်ဆိုပြီး အသိပေးရတာ။ ရန်ကုန်မှာတောင် တစ်ယောက်တည်း ထားပြီးတော့မှ ကိုယ့်မြို့မှာ စိတ်မချစရာမရှိဘူးတဲ့။
အဲဒီလိုနဲ့ ကျွန်မလည်း ရန်ကုန်မှာ တစ်ယောက်တည်း ကိုယ့်အားကိုယ်ကိုးပြီး နေလာလိုက်တာ (၆) နှစ်လောက် ရှိလာရော ဆိုပါတော့။ ကျောင်းတက်တဲ့ (၃) နှစ်မှာတော့ (၄) လကျောင်းတက်၊ (၂) လ အိမ်ပြန်။ ဒါတောင် ကျောင်းတက်တဲ့ (၄) လအတွင်းက ကျောင်းပြေးပြီး အိမ်ပြန်တာက ခဏခဏပဲ။ ဆိုတော့ မိသားစုနဲ့ သိပ်မကင်းကွာသေးဘူး။ ကျောင်းပြီးလို့ အလုပ်လည်းလုပ်ရော တစ်နှစ်တစ်ခေါက် အိမ်ပြန်ဖို့တောင် မနည်းအချိန်ယူရတယ်။ အဘွားလည်းဆုံး၊ အဖေလည်းဆုံးဆိုတော့ ဘာစီးပွားရေးမှ မလုပ်တတ်တဲ့အမေ့အတွက် ကျွန်မကပဲ အိမ်ထောင်ဦးစီးဖြစ်လာရော။ အလုပ်လည်းလုပ်၊ စာလည်းသင်၊ သင်တန်းလည်းတက်ဆိုတော့ အလုပ်ပိတ်ရက်တောင် အိမ်မပြန်နိုင်ဘူး။ ကျွန်မကိုယ်တိုင်ကလည်း မိုးလင်းမိုးချုပ် အချိန်ပြည့် ပြေးလွှားလှုပ်ရှားနေရတဲ့ ဘဝမှာ အသားကျလာတယ်။ အရာရာတိုင်းမှာလည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ နေတတ်လာတယ်။ ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ဉာဉ်ကလည်း ပိုကြီးမားလာတယ်။ အဲဒီလိုလုပ်ခဲ့လို့လည်း ဒီလိုရပ်တည်နိုင်တယ်လို့ ထင်မိတာပဲ။
လွန်ခဲ့တဲ့ တစ်နှစ်လောက်က မောင်လေးကလည်း ရန်ကုန်မှာ အလုပ်လာလုပ်၊ ကျွန်မကလည်း ဒီမှာပဲနေဖြစ်ဆိုတော့ အမေ့ကို ခေါ်ထားကြမယ်ဆိုပြီး ခေါ်ကြတယ်။ တကယ်တော့ အမေကလည်း ကျွန်မကို သနားလို့သာ လာနေပေးမှာ။ ရန်ကုန်မှာ နေချင်တဲ့သူမဟုတ်ဘူး။ ပြီးတော့ ဟိုမှာနေရင်လည်း နှစ်မိသားစုစာ ပိုကုန်တယ်ဆိုပြီး လာနေတယ်။ ဘာပဲဖြစ်ဖြစ် သူလာနေရင် အလုပ်တစ်ဖက်နဲ့ အိမ်အလုပ်လုပ်နေရတဲ့ကျွန်မ သက်သာသေးတယ်ပေါ့။ အဲဒီမှာ ပြဿနာက စတော့တာပဲ။
အမေနဲ့ ကျွန်မ ခွဲနေဖြစ်တဲ့ (၃) နှစ်အတွင်းမှာ အရမ်းပြောင်းလဲသွားကြတယ်။ အမေက အိမ်မှာတစ်ယောက်တည်း ကျန်ခဲ့ရတာဆိုတော့ အိမ်ပြန်ချိန်ဆို ကျွန်မကို သိပ်မျှော်တာ။ ကျွန်မနဲ့ အပြင်လေးဘာလေးထွက်ပေါ့။ ကျွန်မက အစက မသိဘူး။ ကျွန်မကလည်း အချိန်အတော်ကြာ တစ်ယောက်တည်း နေလာခဲ့တဲ့သူဆိုတော့ ရုံးဆင်းချိန်ဆို မေ့မေ့လျော့လျော့နဲ့ လှည်းတန်းကို ပတ်မိရင်ပတ်မိနေတယ်။ မဟုတ်ရင်လည်း တစ်ပတ်မှာ တစ်ညနေလောက်အားတဲ့အချိန်လေး အင်တာနက်ဆိုင်သွားတာမျိုး၊ မတွေ့တာကြာတဲ့ သူငယ်ချင်းတွေနဲ့ တွေ့တာမျိုးတွေ လုပ်ချင်ရော။ ကျွန်မစိတ်ထဲမယ် အမေက တစ်ယောက်တည်း နေတတ်တယ် ထင်နေတာ။ ဘာလို့လည်းဆိုတော့ အမေက အမြဲပြောလေ့ရှိတယ်။ ေသရင်တောင် တစ်ယောက်တည်း သေရမှာ ဘာကိုမှ မတွယ်တာဘူး။ ကိုယ့်ဘဝတိုးတက်ရာတိုးတက်ကြောင်း လုပ်သာလုပ်၊ နောက်ဆံမတင်းနဲ့၊ ဘာညာတွေပြောတာကိုး။ နောက်တော့မှ ကျွန်မအပြင်သွားမယ်ဆိုရင် သူ့ကိုတစ်ယောက်တည်းထားတယ်ဆိုပြီး ငိုတော့တာ။ အဲ့ကျမှ အရမ်းလန့်သွားတယ်။ ငါ အမေ့ကို သေချာနားလည်အောင် ပြန်လေ့လာရမယ်ဆိုပြီး သတိထားနေရတော့တာ။
နောက်တစ်ခုက မာန။ အမေက မာနအရမ်းကြီးတာ။ မရှိမာန ဆိုတာကို အမေ့ဆီမှာ တွေ့ရတယ်။ အမေက အမျိုးတွေဆိုလည်း အောက်ကျမပေးဘူး။ ကြာသပတေးသမီးဆိုတော့ စိတ်လည်းအရမ်းကြီးတယ်။ ဒါပေမယ့် အဲဒီ မရှိမာန ဆိုတာက သမီးဖြစ်တဲ့ ကျွန်မအပေါ်မှာတောင် လာထားတော့ အရမ်းစိတ်ညစ်မိတယ်။ အမေ့သဘောထားက ဒီလို။ သူက ငွေမရှာနိုင်ဘူး။ သမီးကို မှီခိုနေရတယ်။ ဒါပေမယ့် မိဘ နဲ့ သားသမီးဆိုတာ ပေးရင်းပေး မိဘကသာ ပေးချင်တာ။ အခုလို သမီးလုပ်စာ ထိုင်စားနေရတာ မတတ်သာလို့သာ နေနေရတယ်။ သူ့စိတ်ထဲ မကျေနပ်ဘူး။ ဆိုတော့ ကျွန်မဘက်က စကား၊ အပြုအမူ လုံးဝအမှားခံလို့မရဘူး။ တစ်ခုခုဆို ကျွန်မလုပ်စာထိုင်စားနေရတယ်ဆိုပြီး သူ့ကို ဒီလိုဆက်ဆံတယ်ဆိုတဲ့ အထင်နဲ့ ခံစားတော့တာပဲ။ ပေါက်ကွဲရင်ပေါက်ကွဲ၊ မပေါက်ကွဲရင် ကြိတ်ငို။ အဲ့လိုမျိုးတွေ။ မောင်လေးကကျတော့ တစ်လတစ်ခါ တတ်နိုင်သလောက်လေးပေးတာဆိုတော့ အမေ့စိတ်ထဲ သိပ်မရှိလှဘူး။ မောင်လေးဘာပြောပြော အမြဲခွင့်လွှတ်တယ်။ ကျွန်မကျတော့ မရဘူး။ လုံးဝအမှားမခံဘူး။ “နင်ဒီလိုလုပ်နေရင် ငါပြန်မယ်” ဆိုပြီး ထထဖြစ်တာ။ “နင့်လုပ်စာစားနေတယ်ဆိုပြီး ဒီအချိုးမျိုးလာမချိုးနဲ့” ဆိုတာလည်း ပါသေးတယ်။ တကယ်ပါ။ တစ်ခါတစ်ခါ စီးပွားရေး၊ လူမှုရေးတွေနဲ့ မိသားစုကို ခေါင်းထဲထည့်ထားရတဲ့အခြေအနေမှာ တစ်ခါတစ်ခါ စိတ်ရှုပ်လို့ ဖြစ်မိရင် အမေကပါ အဲ့လိုထလုပ်တော့ အရမ်းပင်ပန်းတာပဲ။ ဟိုတလောကဆို ဘာမဟုတ်တာလေးနဲ့ သူ့မာနထိခိုက်တယ်ဆိုပြီး ကျွန်မကို ရိုက်သေးတယ်။ ရင်ထဲမှာ နာနေတာပဲ။ အသားနာတာထက် ရင်နာတာက ပိုဆိုးတယ်။ တွေးမိတိုင်းလည်း ငိုချင်တယ်။
နောက်တစ်ခုက အတ္တ။ ကျွန်မ မမြင်ဖူးခဲ့တဲ့ အမေ့ရဲ့ အတ္တတွေကို အံဩစရာကောင်းအောင် မြင်လိုက်ရတယ်။ အရင်ကဆို ကျွန်မက အတ္တကြီးတယ်။ အနိုင်လိုချင်တယ်။ အပြိုင်အဆိုင်များတယ်။ ပူလောင်တယ်။ အမေကပဲ တရားချတာ။ စိတ်ထားတတ်ဖို့၊ မနာလိုစိတ်မမွေးဖို့ အစုံပဲ။ စာတွေလည်း ဖတ်ပြတယ်။ အဲဒီလို တစ်သက်လုံး ပြိုင်ဆိုင်လာခဲ့ရလို့လားမသိဘူး၊ အခုဆိုရင် ဘဝကို အေးအေးချမ်းချမ်းလေးပဲ နေချင်တယ်။ ပတ်ဝန်းကျင်ဆိုတာကိုလည်း သိပ်ဂရုမစိုက်ချင်တော့ဘူး။ ပတ်ဝန်းကျင်ဆိုတာ ကိုယ်စိတ်ညစ်နေရင် ပျော်အောင်လုပ်ပေးမှာမှ မဟုတ်တာလေ။ ဒါပေမယ့် အမေကတော့ ပတ်ဝန်းကျင်ကို ဂရုစိုက်တဲ့သူတစ်ယောက် ဖြစ်နေတယ်။
အမေ့ အတ္တမှာ (၂) မျိုးရှိတယ်။ တစ်ခုက ကျွန်မကို လက်မလွှတ်နိုင်တဲ့ အတ္တ။ ကျွန်မလည်း အမေ့နေရာက တွေးကြည့်ပါတယ်။ မိဘမရှိဘူး၊ ခင်ပွန်းမရှိဘူး။ မောင်နှမအရင်းအချာမရှိတဲ့ တစ်ဦးတည်းသောသမီး။ သွေးသားဆိုလို့ ဒီသမီးနဲ့ ဒီသားပဲရှိတယ်။ သမီးနဲ့ သားမှာမှ သမီးက သမီးကြီး၊ မိန်းကလေး၊ အတွင်းလူ၊ ဦးဆောင်သူ။ ကျွန်မကို သူဘယ်လောက် အားကိုးမလဲဆိုတာ တကယ်ကို ခံစားမိပါတယ်။ ဒါပေမယ့် လူဆိုတာ ချည်နှောင်ထားလို့ မရဘူးလေ။ ကျွန်မ အိမ်ထောင်ပြုပြီး အပြင်လူဖြစ်သွားမှာကို သူအရမ်းကြောက်နေတယ်။ အားကိုးရာမဲ့သွားမယ်လို့ပဲ မြင်နေတယ်။ ကျွန်မလည်း ယောက်ျားလိုချင်လွန်းလို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခါတစ်ခါ ကျွန်မရဲ့ ကိုယ်ပိုင်ခံစားချက်အတိုင်း နေချင်တယ်။ အလုပ်လေးလုပ်၊ ကိုယ့်လခကို ကိုယ်သုံးနေတဲ့ သူငယ်ချင်းတွေကို မြင်တိုင်း အားကျစိတ်လေး ဖြစ်မိပေမယ့် မိဘကို လုပ်ကျွေးခွင့်ရတဲ့ ကျွန်မရဲ့ ဘဝကိုလည်း ဂုဏ်ယူမိပါတယ်။ ဒါပေမယ့် တစ်သက်လုံး မိသားစုကို ရှေ့တန်းတင်ခဲ့ရတဲ့ကျွန်မ တစ်ခါတစ်ခါ လူငယ်တစ်ယောက်လိုတော့ လွတ်လွတ်လပ်လပ်လေး နေချင်တယ်။
ကျွန်မက အချစ်ရေးနဲ့ ပတ်သက်ရင် အမေ့ကို ပြောပြနေကျဆိုတာ့ ဒီတစ်ခါလည်း ရိပ်ဖမ်းသံဖမ်း ပြောပြတာပေါ့။ အံ့ဩစရာကောင်းလောက်အောင် အမေက ကန့်ကွက်တယ်။ အသက် (၂၃) နှစ်ရှိနေတဲ့ ကျွန်မရဲ့ ဆုံးဖြတ်ချက်ဟာ ဆယ်ကျော်သက်ကလို မဟုတ်တော့ဘူးဆိုတာ အမေက သိနေတော့ သူလက်မခံနိုင်ဘူး။ အမေ လက်မခံမှန်းသိနေပေမယ့်လည်း ကျွန်မရဲ့ အကျင့်အရ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်တဲ့သူဆိုတော့ နောက်ပိုင်းကိစ္စတွေမှာ ဘာကိုမှ အသိမပေးတော့ဘူး။ ဒါပေမယ့် မိဘလေ။ သားသမီးအကြောင်း ရိပ်မိတာပေါ့။ ကျွန်မက ဘာမှမပြောတော့ ပိုခံစားရော။ အရင်က အကုန်ပြောပြနေကျက အခုတော့ ဖုံးကွယ်တယ်ဆိုပြီး ထပ်ဖြစ်ပြန်ရော။
နောက် အတ္တကတော့ သူများအပြောခံရမှာ ကြောက်တဲ့ အတ္တ။ ကျွန်မက မပြိုင်ပေမယ့် ကျွန်မကို မျက်စေ့ဒေါက်ထောက်စောင့်ကြည့်နေတဲ့သူတွေရဲ့ ပါးစပ်မှာ ကျွန်မ အပြောခံရမှာကို သိပ်ကြောက်တယ်။ အဲဒီတော့ ထုံးစံအတိုင်း ဦးနှောက်ကို ရှေ့တန်းတင်ပေါ့။ ကျွန်မကလည်း အဲဒီမှာ စိတ်မကောင်းတာ။ အမေဆိုတာ ကျွန်မရဲ့ ဆုံးဖြတ်ချက်တိုင်းကို လေးစားပေးခဲ့တဲ့သူ။ မိသားစုအရေးနဲ့ ပတ်သက်ရင် ကျွန်မရဲ့ ဆုံးဖြတ်ချက်ကအတည်။ တစ်ခုခုဆို ကျွန်မပဲ ဦးဆောင်၊ ကျွန်မပဲ ဆုံးဖြတ်။ ဒါပေမယ့် ကျွန်မဘဝနဲ့ ပတ်သက်တဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုကျတော့ မယုံကြည်တော့ဘူး။ ကျွန်မ မှားနေတယ်ချည်းပဲ ပြောနေတယ်။ တစ်ခါတစ်ခါ ပေါက်ကွဲပြီး မေးပစ်လိုက်ချင်တယ်။ ခေါင်းခံရမယ့်အရာတွေလောက်သာ ဆုံးဖြတ်ပိုင်ခွင့်ရှိတာလား ဆိုပြီးတော့လေ။
ဒါပေမယ့်လည်း ကိုယ့်ကိုကိုယ် စိတ်သက်သာရာရအောင် ဖြေတွေးပါတယ်။ ဒါ စိန်ခေါ်မှုတွေပဲလို့။ ကျွန်မဘဝကို ဒီထက်ပိုကောင်းအောင် ကြိုးစားစေချင်လို့ ဖြစ်လာတဲ့အရာတွေလို့ပဲ တွေးမိတယ်။ ကျွန်မကို စမ်းသပ်နေတဲ့ပွဲပေါ့။ ကျွန်မ ကျော်ဖြတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အားလုံးကို ဖြေရှင်းနိုင်လိမ့်မယ်လို့လည်း ယုံကြည်မိပါတယ်။
အားပေးစကား ပြောပေးကြပါဦးနော်။ အားတင်ထားတဲ့ကြားက မွန်းကျပ်နေလို့ပါ။
ချစ်တဲ့
လုံမလေးမွန်မွန်
37 comments
alinsett (gazette)
March 18, 2014 at 1:22 pm
အင်းး
လုံလုံက အကောင်းအဆိုး အမှားအမှန်ကို ခွဲခြားတတ်တဲ့မိန်းကလေးပါ . . .
ဒီကိစ္စတွေကိုလည်း အဖြစ်သင့်ဆုံးကို ရွေးပြီး ရင်ဆိုင်နိုင်မှာပါပဲ
အမေ့ကို နားမလည်ဘူးဆိုတဲ့အတွေး ကို တွေးရင်းတွေးရင်းနဲ့ပဲ
အမေ့ကို နားလည်သွားမှာပါ ။
——
လုံမလေးမွန်မွန်
March 18, 2014 at 5:56 pm
နားလည်ပေးနိုင်အောင်တော့ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ် ..
kyeemite
March 18, 2014 at 1:28 pm
အမေ့ကို သည်းခံနားလည်ပေးလိုက်ပါနော..
မိန်းမသားလည်းဖြစ်ပြန်…ဘဝဖေါ်ကလည်းမရှိတော့…
ခင်တွယ်စရာ..ဒီသားသမီးပဲရှိတာကိုး…နောက် လုံမလေးက အိမ်ထောင်ပြုနိုင်တဲ့အရွယ်လည်းရောက်နေတော့ …မသင့်တော်သူကိုရွေးမိမှာစိုးရှာမှာပါ…
နောက်..ကိုယ့်အရပ်ဒေသမဟုတ်တဲ့ပါတ်ဝန်းကျင်မှာ တနေကုန်တစ်ယောက်ထဲနေခဲ့ရတဲ့ အထီးကျန်နိုင်မှု
ကလည်း မသေးလှဘူးလေ…..စိတ်ရှည်အလျှော့ပေးပါ….အဆင်ပြေသွားပါလိမ့်မယ်…
လုံမလေးမွန်မွန်
March 18, 2014 at 5:57 pm
ဟုတ်ကဲ့ ဦးမိုက်.. ရင်ဖွင့်လိုက်ရတော့ သက်သာသွားပါတယ်.. မိဘနေရာက သူတွေက အခုလိုပြောပေးတော့ ပိုနားလည်ပေးနိုင်တာပေါ့နော်..
Myo Thant
March 18, 2014 at 1:41 pm
အမေက သမီးကိုချစ်တယ် ၊
သမီးကလည်း အမေကိုချစ်တယ် ၊
အဓိကကျလှတဲ့ အဲဒီအချက်ရှိနေသမျှ
ပြဿနာကြုံရင်လည်း ပြေလည်သွားပါလိမ့်မယ် ၊
မွန်မွန်ဟာ စဉ်းစားတွေးတောဆင်ခြင်ဉာဏ် ကြီးသူမို့
ဒီလိုကိစ္စမျိုးကို ကျော်လွှားနိူင်မှာပါ ၊
လုံမလေးမွန်မွန်
March 19, 2014 at 11:28 am
အားပေးတာ ကျေးဇူးပါ အူးမျိုးရေ.. လူကြီးတွေက အားပေးလို့ စိတ်သက်သာရာ ရနေပါတယ်..
ဦးကျောက်ခဲ
March 18, 2014 at 1:43 pm
ဂလိုပဲ သမီးရေ… စိတ်လျှော့လိုက်ပါ…
မိဘနှစ်ပါးက သားသမီး ၁ဝယောက်ကို ထိန်းကျောင်းနိုင်ပေမည့်…
သားသမီး ၁ဝယောက်က မိဘနှစ်ပါးကို စောင့်ရှောက်ဖို့ အတော်ခက်သတဲ့…
ဦးလေးရဲ့အမေလည်း ကြာသပတေး… ဇွတ်တရွတ်… လက်ပေါက်ကပ်…
အခုလည်း စိတ်ကောက်ပြီး ဖုန်းဆက်တိုင်း ဂွတွေချည်းပြောနေလို့…
အသက်ကလည်း ၇ဝကျော်… ဦးလေးပဲ ဆင်ဝှေ့ရန်ရှောင်လုပ်နေရတယ်…
😀
လုံမလေးမွန်မွန်
March 19, 2014 at 11:34 am
ကြာသပတေးတွေက အဲ့အတိုင်းပဲလား မသိဘူးနော်.. ကိုယ့်ကိုကိုယ်လည်း မသနားဘူး.. စိတ်ကြီးရင် ကြောက်ဖို့ကောင်းတယ်.. အနော်ဆို ပြိုင်မဖြစ်ရဲဘူး.. ကိုယ်က ကောက်ပဲ ကောက်တတ်တာ.. သိပ်စိတ်မကြီးဘူးရယ်..
ဗုံဗုံ
March 18, 2014 at 1:47 pm
နာလည်း အခုတစ်လော အမေ့ကိုနားလည်ဘူးရယ်..
သူများတွေ ကိုယ့်သမီးကိုယ် ယောက်ကျားရမှာစိုးနေကြတာ..
သူက နာ ယောက်ဂျားမရမှာ စိုးရိမ်နေတယ်……
ဘာဘဲပြောပြော ခုတော့ သူလုပ်ကျွေးတာစားနေတာမို့
သူ့ချော့ပြီး ပေါင်းနေရတာရယ်……
လုံမလေးမွန်မွန်
March 19, 2014 at 1:53 pm
ဒညင်းဝက် များများဝယ်ကျွေးအေ.. နော်..
weiwei
March 18, 2014 at 2:08 pm
မွန်မွန့်အနေနဲ့ အသက် ၂၃ နှစ်မှာ ဒီလိုအခြေအနေကြုံနေရပြီဆိုတော့ ငယ်ငယ်လေးနဲ့ ဝန်ကြီးကြီးထမ်းနေရသလိုမျိုးဖြစ်နေတယ် ..
ဒီလိုအဖြစ်တွေကတော့ မိဘနဲ့သားသမီးကြားမှာ ကြုံတွေ့နေကျ မြန်မာလူမျိုးတွေအတွက် သမရိုးကျ ကိစ္စတစ်ခုပါပဲ .. မိဘဆိုတာနဲ့ သူတို့ပဲ မှန်တယ်ဆိုတဲ့ ယဉ်ကျေးမှုကြောင့်လဲပါတယ် … သဂျီးပြောနေကျ ဘာသာရေးကြောင့်လဲပါတယ် ..
အဲဒီတော့ အဆင်ပြေအောင် .. အမေ့ကို နားလည်မှုရှိလာအောင် လူတောတိုးအောင် လုပ်ပေးရလိမ့်မယ် … မျက်စိကောင်းသေးရင်တော့ စာများများဖတ်ခိုင်းရမယ် .. တရားရိပ်သာဝင်နိုင်အောင် စည်းရုံးနိုင်ရင် ပိုကောင်းတယ် ..
အဲဒါမှ မရရင်တော့ မြန်မြန်အိမ်ထောင်ပြုပြီး မြေးတစ်ယောက်လောက်မွေးပေးလိုက် .. အဘွားအလုပ်ရှုပ်ပြီး အဆင်ပြေသွားလိမ့်မယ် .. 😉
လုံမလေးမွန်မွန်
March 19, 2014 at 2:26 pm
စာကတော့ ဖတ်တယ် အစ်မ.. တရားစခန်းဝင်ခိုင်းလို့ မရတာ.. တရားမှတ်ရင် အသက်မရှူတတ်တော့ဘူးတဲ့.. ကျပ်လာရောတဲ့.. နောက် အစောကြီးထရင် မူးတတ်လို့တဲ့.. အခုတော့ အချိန်ပိုင်း တရားထိုင်ကြည့်ဖို့ ပြောနေတယ်.. ကျန်တဲ့ ဘာသာရေးတွေတော့ လုပ်တယ်..
ဟဲ.. အဲ့ မြေးမွေးဖို့ကို နောက်နေတာ.. အမေက ငယ်သေးတော့ ကလေးထိန်းနိုင်သေးတယ်လို့.. မွေးထားရင် အတော်ပဲ လို့ စ နေမိတော့ . အဆဲခံနေရတယ်.. မနန်းတော်ရာသူပြောသလို.. ဝ ရှိမှ ဝိလုပ်တဲ့. အဟီး
ဘရန်းဒက် ကေဇီ
March 19, 2014 at 2:51 pm
အမေ့ကိုပြောလိုက်။
အမေနော်လို့။
လူကြီး အရင် မယူရရင် ကလေး အရင် ယူလိုက်မှာနော်လို့ ပြောလိုက်။
အဲလာဆို လူကြီး အရင် ယူခွင့်ပြုလိမ့်မယ်။
😀
အဲလို့ မဟုတ်ပဲ လိုက်ရိုက်ရင်တော့ မမဂျီးတာဝန်မယူဘူးနော်။
ခင် ခ
March 19, 2014 at 4:37 pm
အဲလိုပြောလို့ လုံမလေးအမေက အေး နင်မယူနဲ့ ငါယူလိုက်မယ်ဆိုရင်ကော ဘယ့်နဲ့လုပ်မလဲဗျ။
TNA
March 18, 2014 at 2:11 pm
ဘယ်လိုပြောရမလဲမသိတော့ပါဘူး။ ကိုယ်တွေတောင်အိမ်ထောင်ကျလို့ ကလေးတစ်ယောက်တောင်ရ နေပြီ အမေနဲ့ပြသနာတက်နေသေးသမို့ အရမ်းပြောဖို့ခက်တယ် မွန်မွန်ရေ။ အန်တီခံစားမိသလို တွေးမိသလိုပြောကြည့်ပါ့မယ်။ အခုအန်တီလဲ အဲလိုကျင့်သုံးနေသမို့ အသုံးဝင်နိုင်မယ်ထင်ပါတယ်။
မိဘဆိုတာ ဘယ်အချိန်ဖြစ်ဖြစ် ကလေးလို့မြင်နေတတ်တာမိဘမို့ မွန်မွန်အရွယ်ရောက်လာတာကို သူလက်ခံဖို့ခက်ခဲရာကနေ သိမ်ငယ်စိတ်ဝင်တယ်လို့ထင်ပါတယ်။ ၁၉ နှစ်တုန်းက သူကဘုရင်မဖြစ်နေချိန်၊ မွန်မွန်ကလဲ ငယ်သေးတော့ အိမ်ထောင်ရေးကိုစိတ်မဝင် စားသေးဘူးလို့ယုံကြည်နေချိန်၊ နောက်သူ့မှာ အားကိုးရာ လင်သားလဲရှိနေချိန် ဆိုတော့ သူ့အားငယ်စိတ်၊ စိုးရိမ်စိတ်၊ သားသမီးကိုစွန်လွှတ်ရမှာစိုးတဲ့စိတ်တွေက မထင်ရှားသေးဘူးပေါ့။ အခုအချိန်ကတော့ မွန်မွန်က အရွယ်လဲရောက်လာပြီ။ အိမ်ထောင်လဲပြုတော့မယ်။ သူ့ရင်ခွင်ကိုခွဲပြီး တပါးသူရင်ခွင်ထဲဝင်တော့မယ့်အချိန်ကနီးကပ်လာတဲ့အချိန်မှာ သူ့အားကိုးရာ ခင်ပွန်းကလဲမရှိတော့ဘူး ဆိုတော့ မိဘတစ်ယောက်ရဲ့ အတ္တကပေါ်လာတာပေါ့။ သူ့မှာတွယ်တာစရာမရှိတော့ဘူးလို့ခံစားနေရ သလိုပါတ်ဝန်းကျင်အသစ်မှာ သမီးတမျက်နှာပဲရှိတယ်လို့ထင်နေတာကလဲ ရှင်းရခက်တယ်မွန်မွန်ရေ။ အဲတော့ ဒီပြသနာက အချိန်တိုအတွင်းရှင်းမရပါဘူး။ မွန်မွန်အိမ်ထောင်ကျသွားတာတောင် အတော်ကြာမယ့်ပြသနာပါ။ သူ့အတွက်အချိန်အရမ်းလိုပါတယ်။ အဲလိုသူ့ကိုပေးရမယ့်အချိန်တွေမှာ ကိုယ်ကသူ့အပေါ်ကို ခွဲခွာသွားမှာမဟုတ်ကြောင်း၊ ကိုယ်ရှာကျွေးနေရတယ်လို့ မထင်ကြောင်း၊ မိဘဆိုတာ မိဘနေရာမှာပဲရှိနေကြောင်းကို အရမ်းပြပေးနေရမှာပါ။ နဲနဲမှမှားလို့မရပါဘူး။ နောက်ကိုယ့်အိမ်ထောင်ဖက်ကလဲ သူ့သမီးကိုအပိုင်သိမ်းသွားမှာမဟုတ်ကြောင်း၊ အမေ့ကိုလဲ အမေတစ်ယောက်လိုသဘောထားကြောင်းပြပေးနိုင်ဖို့လိုပါတယ်။ သမီးအိမ်ထောင်ကျသွားသည့်တိုင်အောင် သူဟာ ဒီသမီးအတွက်လိုအပ်နေတဲ့အမေဖြစ်ကြောင်းပြပေး ရမှာပါ။ အမေနဲ့ပြိုင်စိတ်ဆိုးလို့မဖြစ်ပါဘူး မွန်မွန်ရေ။ မိဘဆိုတာ သားသမီးအိမ်ထောင်ပြုခါနီးရင် သူတို့စိတ်တွေက အထူသဖြင့် ငါ့သား ငါ့သမီးဆိုတဲ့ အတ္တစိတ်တွေအလိုလိုထွက်လာတတ်တယ်။ ကလေးများလိုပေါ့။ ကိုယ့်အရုပ်ကလေးကို သူများပေးလိုက်ရတော့မယ်ဆိုရင် မပေးချင်ကြသလိုပါပဲ။ မိဘဆိုတာ ကိုယ်လုပ်ကျွေးတဲ့အချိန်ရောက်လာရင်သူတို့က ကလေးပြန်ဖြစ်သွားတတ်ကြတယ်။ အန်တီဆိုရင် အပြင်ကပြန်တာနဲ့ မုန့်တခုခုပဲဖြစ်ဖြစ်ပါအောင်ဝယ်ရပါတယ်။ မုန့်မပါရင် သူတို့က မုန့်မပါဘူးလား၊ ဘာမှမပါဘူးလား မေးတတ်ကြပါတယ်။ ကလေးတွေလိုပါပဲ။ တကယ်တမ်းတော့လဲသူတို့ အများကြီးစားနိုင်တာမဟုတ်ပေမဲ့ သူတို့ဖို့ပါတယ်ဆိုရင် ကျေနပ်နေကြတာပဲ။ အဲလိုသေးသေးလေးကအစ ဂရုအရမ်းစိုက်ရတယ်။ သူတို့လုပ်ချင်တဲ့ အလုပ်တခုက မလိုအပ်ပေမဲ့ အပိုလို့ကိုယ်ကမြင်ပေမဲ့ ခွင့်ပြုပေးရတယ်။ မလုပ်နဲ့ပြောရင် အရမ်းခံစားသွားရတယ်။ အဲဒါကြောင့် မွန်မွန်ရှေ့ရှောက်ရင်ဆိုင်ရမဲ့ ကိစ္စတွေဒီ့ထက်မကပိုများလာနိုင်တယ်။ ဒါ့ကြောင့်ဒီဖြစ်ရပ်အပေါ်မှာ အဓိကထားပြီး ပြသနာကိုပြေ လည်အောင်ရှင်းဖို့ကြိုးစားစေချင်ပါတယ်။ အမေ့ကိုအပစ်အရမ်းမတင်ပါနဲ့ မွန်မွန်ရေ။ အမေမှားတယ်လို့ ဆိုပေမဲ့ သူဟာ အမေဖြစ်နေလို့ အမြဲမှန်တယ်လို့ ကိုယ့်စိတ်ထဲမှာလက်ခံနိုင်အောင်ကြိုး စားစေချင် ပါတယ်။ အိမ်ထောင်ကျသွားရင် ရင်ဆိုင်ရမဲ့ ဟာတွေပိုများလာနိုင်တယ်နော်မွန်မွန်ရေ။
ချာတူးစကားငှားပြောရရင် ” ကိုယ်တွေငယ်ငယ်တုန်းက သူတို့ဒါစားဆိုစားရတယ်၊ ဒါဝတ်ဆိုဝတ်ရတယ်၊ ဒါမလုပ်နဲ့ဆို မလုပ်ရဘူး။ အခုသူတို့ကလေးပြန်ဖြစ်သွားတော့ ကိုယ်တွေစကားကိုကျတော့နားမထောင် ဘူး။ ” တဲ့။
အဲတော့ ဒီလိုပြသနာဆိုတာ မွန်မွန်တယောက်ထဲကြုံရတာမဟုတ်ပဲ သမီးတော်တော်များများ ကြုံရတာမို့ အမွန်ဖက်ကပဲလျှော့ပါ မွန်မွန်ရေ။
ကိုယ်လဲ တချိန် သားသမီးမွေးအုံးမှာမို့ နောင်တတရားဆိုတာ မရှိပဲ ကိုယ့်သားသမီးကို အကောင်းဆုံးမွေးမြူနိုင်အောင် အမေ့ကို အစွမ်းကုန်နားလည်လိုက်လျောပေးစေချင်ပါတယ်။
လုံမလေးမွန်မွန်
March 21, 2014 at 11:23 am
ကွန်မန့်အရှည်ကြီး အားပေးသွားတာ ကျေးဇူးအကြီးကြီးတာနော် အာတီသဲ..
သမီးမိန်းကလေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တစ်ခါတစ်ခါတော့ ကျဉ်းကျပ်မိတာ အမှန်ပဲ.. သမီးကလည်း သိပ်တော့ အကျင့်မကောင်းဘူး. အပြင်မှာစိတ်ရှုပ်လာရင် နိုင်ရာကို ပတ်ရမ်းတတ်တဲ့ အကျင့်ရှိတယ်..
ဆိုတာ့ စိတ်ရှုပ်ရှုပ်နဲ့ ပြောမိလုပ်မိသမျှလည်း မှီခိုနေရလို့ ဆိုတဲ့အမြင်နဲ့ဆိုတော့ မနည်းကို သတိထားနေရတယ်..
အန်တီပြောသလို နောင်တရမှာ၊ ဝဋ်ပြန်လည်မှာတော့ အတော်ကြောက်လို့ အတတ်နိုင်ဆုံးတော့ သားသမီးကောင်းဖြစ်အောင် ကြိုးစားနေမိတယ်..
Crystalline
March 18, 2014 at 3:04 pm
အသက် ၂၃ဆိုတဲ့အရွယ်လေးနဲ့ အခုထိရောက်နေတာက ဂုဏ်ယူစရာပါ… အရာရာအတွက်မလောပါနဲ့.. အချိန်လေးတခုလောက်သာစောင့်လိုက်ပါ..အဆင်ပြေသွားမှာပါ… :))
လုံမလေးမွန်မွန်
March 24, 2014 at 4:23 pm
ဟုတ် အိုညိ.. အချိန်တော့ ယူရမှာပဲ.. အဲဒီအချိန်အတွင်း အမေ့နားကို မပေါက်ကြားဖို့တော့ သတိထားနေရတယ်.. 🙂
ဘရန်းဒက် ကေဇီ
March 18, 2014 at 3:10 pm
အားပေးစကားတော့ပြောချင်တယ်။
ဒါမဲ့ မမဂျီးပြောတဲ့စကားကလည်း အားပေးစကားဖြစ်ချင်မှ ဖြစ်မယ်။
အမေကို နားလည်ဖို့ကြိုးစားရတာ လွယ်ပါတယ် ညီမရယ်။
မိန်းမသားချင်းလည်းဖြစ်တယ်။
သွေးအနီးဆုံး ဆွေမျိုးလည်းဖြစ်ပါသေးတယ်။
သူ့ အခြေအနေအားလုံးလည်း ကိုယ်သိတယ်။
သူ့စိတ်ခံစားချက်အားလုံးလည်း ကိုယ်သိထားတယ်ဆို ဒီလိုလူမျိုးကို ကိုယ်မှ နားမလည်ရင် ဘယ်သူနားလည်မလဲ။
ကွာဟကြေးဆို အသက်နဲ့ ခေတ်ပဲရှိတာပဲ။
တစိမ်းတွေကြားမှာတောင် ဆက်ဆံရေးပြေလည်စေဖို့ ကြိုးစားနားလည်ပေးရတာတွေအများကြီးဟာကို။
အမေကို နားလည်ဖို့ ဘယ်လောက်ခက်ခက် ကြိုးစားသင့်ပါတယ်ကွယ်။
အမကတော့ ကိုယ့်ဟာကိုယ် ဆို တစ်စိတ်နဲ့နေပြီး အမေနဲ့ဆို သူ့စိတ်အတိုင်း နေပေးလိုက်တယ်။
တစ်နည်းးးးး ကိုယ် အလကားပဲတင်း၊ ဆပ်နိုင်တဲ့ ကျေးဇူးက သူစိတ်ချမ်းသာအောင် ပြောပေး နေပေးဖို့ပဲ ရှိတာပဲ။
ခါတလေကျ မိဘဆိုတာ ဂျီကျလို့ ရတဲ့ သားသမီးကို ဆိုးချင်ကြတာပါ။
သူတို့က ကိုယ့်ကို နားမလည်လို့ မဟုတ်ပါဘူးးးးးး
ရီစရာပြောရရင် ဆိုးတဲ့သားသမီးကို ပိုချစ်ပေမဲ့ လိမ်မာတဲ့သားသမီးကိုတော့ သူတို့က ဆိုးချင်ကြတယ်လေ။
ချစ်စရာပါ။
နောက် ရှုထောင့်ကကြည့်မယ် ဆိုရင်တော့ မိန်းမတွေက သွေးဆုံးခါနီးတို့ သွေးဆုံးပြီးချိန်မှာ စိတ်ဓာတ်တွေ ပြောင်းလဲလာတတ်တာပေါ့။
အရင်က ကိုယ့်ကို အားပေးတတ်တဲ့ အမေဟာ ဟော်မုန်း အပြောင်းအလဲကြောင့် သမီး က ချိုချိုသာသာအားပေးတာ လိုချင်တဲ့ အမေဖြစ်သွားပြန်ရော။
အဲဒီတော့ အမေ့အပေါ်မှာ ထားတဲ့ ခံစားချက်ကို အရမ်း စီးရီးယက် မထားပါနဲ့လေ။
မိဘအပေါ်ထားတဲ့စိတ်ရင်းဟာ ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် ဘဝမှာ အကျိုးအပေးဆုံးပါပဲ။
🙂
ဦးကျောက်ခဲ
March 18, 2014 at 3:17 pm
“…မိန်းမတွေက သွေးဆုံးခါနီးတို့ သွေးဆုံးပြီးချိန်မှာ စိတ်ဓာတ်တွေ ပြောင်းလဲလာတတ်တာပေါ့။…”
အဲတာအမှန်ပဲ…
ကျောက်စ်လူပျိုပေါက်မှာ အဲသည့်ဒဏ် အတော်ခံလိုက်ရတယ်…
နေရင်းထိုင်ရင်း ပြသနာရှာပြီး ရန်လုပ်နေတာ…
နောက်ဆုံး အိမ်ပေါ်ကနေ ဆင်းပြေးရတဲ့အထိ…
🙁
လုံမလေးမွန်မွန်
March 24, 2014 at 4:57 pm
ဟုတ်တယ်.. ဟုတ်တယ်..
အဲဒီ ဆိုးလို့ရလို့ ဆိုးတယ် ဆိုတာရယ်.. သွေးဆုံးချိန် ဆိုတာရယ်.. ကွက်စတိပဲ..
အမေက အခု သွေးဆုံးချင်သလိုဖြစ်နေတယ်.. စိတ်တွေကလည်း ဟိုရောက်ဒီရောက်ပေါ့..
အနော်ကလည်း တစ်နေကုန် အလုပ်သွားရတယ်.. ပြီးတော့ ကိုယ်ကလည်း အဲ့အကြောင်း သိပ်နားမလည်တော့ ပစ်ထားသလို ဖြစ်နေတာ.. အခုတော့ နယ်ပြန်သွားတယ်ဆိုတော့ နေကောင်းနေလောက်ပြီ ထင်တယ်.. အမေက ဒေးဒရဲမှာနေရင် အကောင်း.. ရန်ကုန်ကို ပြန်လာရင် နေမကောင်းဖြစ်ရော.. 🙂
black chaw
March 18, 2014 at 3:16 pm
အင်း…
အမေဆိုတာ တစ်ခါတုန်းက သမီးပါပဲ
မွန်မွန်ရယ်…။
ပို့စ်မဖတ်ပဲ ခေါင်းစဉ်ဖတ်ပြီး ကွန်းမန့်ရေးသွားပါတယ်…။
ခွင့်လွှတ်ပါ…။
လုံမလေးမွန်မွန်
March 24, 2014 at 4:59 pm
မရဝူးးးးးးးးးးးးးး
ပြန်လာပါ အူးလေးဖြူကြမ်း..
မလာရင် မခေါ်တော့ဝူး..ဒါဗျဲ.. 🙁
Ma Ma
March 18, 2014 at 4:40 pm
အမေနဲ့ သမီးကြားမှာ ဖြစ်တတ်တာလေးတွေပါ။
အသေးအမွှားလို့ ပြောလို့ရသလို အကြီးကြီးတွေလည်း တွေးရခံစားရတတ်ပါတယ်။
ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့အချိန်မှာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ် လွတ်လွတ်လပ်လပ်ဝေဖန်ဆုံးဖြတ်ချင်ပေမယ့်……
အမေအတွက်ကတော့ ငယ်ခါသမီး ကြီးတော့ ထီး လု့ိ ဆိုသလို ကိုယ့်အပေါ်ကို (အတွင်းစိတ်က) အားကိုးနေတာမို့ နားလည်ခွင့်လွှတ်ပေးဖို့လိုပါတယ် လုံမလေးရေ။
အကြံပေးရရင် …..
အမေကို အပြင်ခေါ်သွား၊ လည်ပတ်ပေး၊ အစားအသောက်ကျွေး၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့တွေ့ပေးလိုက်ရင် စိတ်အပြောင်းအလဲဖြစ်သွားပြီး အမေနဲ့သမီးဆက်ဆံရတာ အဆင်ပြေလာနိုင်မယ်ထင်ပါတယ်။ 🙂
ကိုယ့်ရွာထဲက အကြောင်းတွေပြောပြပြီး ဒီတခါ တွေ့ဆုံပွဲကျရင်ခေါ်လာခဲ့ပါလား။
သူနဲ့ သက်တူရွယ်တူတွေလည်း သူ့သမီးအရွယ် ကလေးတွေနဲ့ ပြောဆိုပျော်ပါးနေတာ တွေ့သွားလိမ့်မယ်။
ကထူးဆန်း
March 18, 2014 at 6:12 pm
ခံစားရသူ ကို နားလည်စာနာပါတယ် လို့ဘဲ ပြောပါရစေ ။ အရမ်းဖြစ်တတ်ကြလို့ပါ ။
မွန်မွန်ကိုယ်စား မွန်မွန့် တစ်ယောက်သောသူကိုတော့ ပြောချင်ပါတယ် ။ စိတ်ရှည်နားလည်ပေးပါ ။
ဖြေသိမ့်ပေးပါ ။ အရေး အကြီးဆုံး မွန်မွန့်ကိုချစ်ရင် မွန်မွန့် အမေ ကို ရအောင်စည်းရုံးပါလို့ ….
လုံမလေးမွန်မွန်
March 18, 2014 at 6:20 pm
အဒေါ်တွေကိုပါ စည်းရုံးရမယ်.. အဒေါ်တွေ ဆုံးဖြတ်ချက်က ပိုတည်တတ်လို့လေ..
padonmar
March 19, 2014 at 1:21 am
အဒေါ်တွေက သိပြီးသားမဟုတ်လား၊ရွာသူတွေပဲဟာကို။
အပေါ်က အကြံပေးကြတဲ့ အတိုင်းပါပဲ မွန်မွန်ရေ.
သူများကို ပြင်စေချင်ရင် ကိုယ့်ကိုယ်ကိုယ် အရင်ပြင်ပါတဲ့။
အမေ့ကို ပြင်စေချင်ရင် သမီးကစပြီး ပြောင်းလိုက်ပါ။
(၁) ဒီနေ့က စပြီး အမေ့ကို ပို ဂရုစိုက်ပေးပါ။အလုပ်ထဲက အကြောင်းတွေ ရွာအကြောင်းတွေ ပြောပြပါ။သူနားမလည်ဘူးလို့ မထင်ပါနဲ့။
(၂)အလုပ်ကနေ အိမ်ပြန်ရောက်တဲ့အခါ အမေ့ပါးလေး နမ်းပြီး နှုတ်ဆက်လိုက်ပါ။(နေ့စဉ်)
(၃)အမေ ချက်တဲ့ ဟင်းတွေ ကောင်းကြောင်းချီးကျူး၊အားရပါးရစားပြပါ။
(၄)ဒီတပတ် တနင်္ဂနွေ ပိတ်ရက် အချိန်ရအောင်ယူပြီး အမေ့ကို ဘုရားလိုက်ပို့/ဆွေမျိုးတွေ ဆီ လိုက်ပို့ပါ။
(၅)မွန်မွန့်အမေက ငယ်သေးတယ်။
အလုပ်လည်း လုပ်နိုင်ပါသေးတယ်။
အမေ့အတွက ်မပင်ပန်းမယ့် အလုပ်၁ခု ရှာပေးပါ။
ကိုယ်ပိုင် ဝင်ငွေ ရှိပါစေ။
(၆) အမေ့ကို နံနက်စောစော အင်းလျားဖက် ခေါ် လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ခိုင်း၊အပေါင်းအသင်းတွေ ရှာပေး။
(ဒါ အန်တီနဲ့ အဖေ နေခဲ့တဲ့ လက်တွေ့ နည်းတွေပါ)
(၇) အမေ့ကို အဘိဓမ္မာ သင်တန်း တက်ခိုင်း၊(အတည်ပြောတာ)စိတ်ထားတတ်မယ်။မိတ်ဆွေကောင်းရလာမယ်။
(၈) ဒီတခါ ရွာကွပ်ပျစ်မှာ ဆုံဖြစ်ရင် ခေါ်လာခဲ့ပါ။ အမေ့ထက် အသက်ကြီးတဲ့ အန်တီတွေတောင် ဒီလို ကလေးတွေ နဲ့ ပေါင်းပြီး ပျော်ပျော်နေနေပါတယ်လို့ ပြောပြ။(ဟိဟိ)
(၉) အဲဒီ အစီအစဉ်တွေ အသားကျတဲ့အထိ အံစရာကို ဗိုင်းကောင်းကျောက်ဖိနေခိုင်း။
padonmar
March 19, 2014 at 1:25 am
အံစရာက
အမေ့ကို လာဘ်ထိုးပါ။
တန်ဖိုးကြီးစရာမလို၊
အမေကြိုက်တတ်တာလေးတွေ မွန်မွန်ကတဆင့် မကြာခဏပေးပါ။(မုန့်၊အညာစာလေးတွေလိုမျိုး)
အမေ့ကိုမေတ္တာပွားပါ။
Ko chogyi
March 23, 2014 at 6:06 pm
me too
ကျော်စွာခေါင်
March 19, 2014 at 4:58 am
သမီးလုံလုံ
ပို ့စ်ရော ကွန်မန် ့တွေပါ ဖတ်ပြီးပါပြီ…
ပို ့စ်မှာ သမီးကိုယ်တိုင် ဝန်ခံထားတာဘဲလေ…
“ အမေ့ကို နားမလည်ဘူး ” တဲ့..။
နားမလည်တာက ကိုယ်( လုံလုံ )….နော်..။
အဲဒါကို သီအိုရီအရ စဉ်းစားပြီး ပြောရမယ်ဆို… နားလည်အောင် ကြိုးစားရမှာ လုံလုံပေါ့…။
သမီးက လူတော်ပါ…
ခဏလေးဘဲ ဒီကွန်မန် ့လေး ဖတ်ပြီးတဲ့နောက်…
အိပ်ယာထဲမှာ စိတ်ကို လျှော့ချထားပြီး စဉ်းစားပါ…
၁၉ နှစ်မှ ၂၃ နှစ်ကြား…
၅နှစ်တာ အတွင်းမှာ…
လင်ယောကျာ်းက သေခွဲ ခွဲသွားတဲ့ ခံစားမှု
လျော့ရဲ သွားတဲ့ အမေ့ ကြွက်သားတွေ…
ပြတ်တောက်သွားတဲ့ ခန္ဒာကိုယ်က ဆဲလ် အမျှင်လေးတွေ…
အားငယ်ရိပ်တွေ ပိုများလာတဲ့ မျက်နှာ…
လောကဓံ အံတုရင်း ပ်ိုများလာတဲ့ မျက်လုံးထက်အောက်က မျက်ရစ်လေးတွေ….
အကြွေးပူ ငွေပူတွေ တွက်ပါများလို ့ ထုံထိုင်းလာတဲ့ ဦးဏှောက်နဲ ့တွေဝေမှု….
….
…..
စသဖြင့်ပေါ့လေ…
နားလည်ပေးပါ…သမီးလုံလုံ…
နားလည်နိုင်အောင် ကျိုးစားပေးပါ…
..သမီးဘက်ကိုလဲ နားလည်ပေးနိုင်ပါတယ်..
သူက သမီးရဲ ့မွေးမေမေ ဖြစ်နေလို ့ နားလည်ပေးပါလို့ ပြောတာပါ…။
moonpoem
March 19, 2014 at 11:11 am
လုံမလေးနဲ ့ကိုယ်နဲ ့ခံစားချက်ချင်း တော်တော်တိုက်ဆိုင်တဲ့အတွက် နားလည်ပေးလို ့ရပါတယ်။ လုံမလေးက အမေ့အတွက် ခံစားရတာဖြစ်နေပြီး ကိုယ်က ကိုယ့်အဖေအတွက် ခံစားရတာ ဖြစ်နေလို ့ပါ။ လူကြီးကို တစ်ခါတစ်ခါ အော်ပြီးရင် စိတ်မကောင်းလွန်းလို ့ငိုမိတာလည်း ခဏခဏပါပဲ။
sorrow
March 19, 2014 at 11:43 am
တိုက်ဆိုင်လို်က်တာများ..အိမ်မှာကတော့ အဖေ … ငယ်တုန်းကတော့ အလွန်စိတ်ထက်တဲ့ ကျောင်းအုပ်ကြီးပါ..
ခုများတော့ တခုခုဆိုရင် ဝမ်းနည်းပြီး မျက်ရည်ကျတတ်လွန်းလို့ …စကားပြောတာကအစ ဆင်ခြင်နေရတယ်ကွယ်…
ရုံးမှာအလုပ်ပိလို့တောင် အိမ်ကိုနောက်ကျပြီးမပြန်ရဲဘူး …
ထမင်းမစား ဟင်းမစားပဲ ငုတ်တုတ်ထိုင်စောင့်နေတတ်သကိုး…
မေးလိုက်ရင် မဆာပါဘူး သားကြီးရယ်ဆိုပြီး …အင်ထုတာ ..တကယ်တော့ ထမင်းအတူတူစားချင်ရှာတာကိုးဗျ….
သူက တနေကုန်စကားပြောချင်လို့စောင့်နေတာ အလုပ်ပင်ပန်းလို့ အသံမထွက်နိုင်တာကို စကားလာမပြောလို့ ဝမ်းနည်းတတ်သေးတယ်…ဆိုတော့ကာ .မွန်ကလေးလဲ .. အရမ်းချစ်လို့ ဂရုစိုက်ခံချင်တယ် လို့ သဘောပေါက်ပြီး နားလည်ပေးလို်က်ပါကွယ်…
ပုံ..အဖြစ်ချင်းတူ ..ကိုယ်တွေ့ ..ကိုကြီး.ဆောရိုး
nozomi
March 20, 2014 at 12:31 pm
ဘာပဲ ဖြစ်ဖြစ် ရွာထဲမှာ ရင်ဖွင့်လိုက်ရတော့ အထိုက်အလျှောက်တော့ ပေါ့သွားမှာပဲ
နောက် အကြံကောင်းတွေ အားပေးစကားတွေလဲ ကြားရမယ်
ဒီ ရက်ထဲ တစ်ခါတစ်လေ အမေ့ကို ရော အဖေ့ကိုပါ နားမလည်စရာတွေ ဖြစ်နေတာ
လုံမလေး ပို့စ် ဖတ်လိုက်ရမှ နဲနဲ နားလည်သွားတယ် ကျေးဇူးပါ
ဝင့်ပြုံးမြင့်
March 21, 2014 at 1:02 am
ကိုယ်မိုက်ရင် သူများလိမ်မာပါလိမ့်မယ်ကွယ် ဟီး။ တကယ်ပြောတာနော။
တကယ်တော့ အန်တီမျှစ်ကြော် မိုက်အားကြီးတာ တူညားတွေကို လိမ်မာစေချင်လွန်းလို့ပါကွယ်။
—-
အတည်ပြောတော့မယ်။
အသက် ၂၃ ပဲရှိသေးတဲ့ လုံလုံ အင်မတန်တော်တယ်လို့ပဲ ထင်တယ်။ လောကမှာ မှန်တာတစ်ခုလုပ်ဖို့ အရမ်းခက်တယ်။ အခုလည်း အဲဒီအခက်ခဲဆုံးနဲ့ ကြုံနေရပြီ။ ကိုယ့်ဘဝအတွက် မှန်တာကိုသာ ရဲရဲရင့်ရင့် လုပ်စေချင်ပါတယ်။ ၂၃ ဆိုတာ ငယ်တော့ငယ်သေးတယ်။ ဒါပေမယ့် အန်တီမျှစ်ကြော်လည်း အိမ်ထောင်ပြု နောက်ကျခဲ့တဲ့အတွက် ဘဝမှာ ဒုက္ခအရမ်းရောက်တယ်။ မိဘတွေက ကိုယ့်ကိုချစ်တယ်ချစ်တယ်နဲ့ အချိန်တွေ အများကြီးလင့်လာတော့မှ ကိုယ့်ရဲ့ တဖန်ပြန်မရနိုင်တော့တဲ့ ငယ်နုတဲ့ဘဝ သူတို့ကို ထိုးကျွေးလိုက်ရမှန်းသိတော့တယ်။ အမှန်တစ်ခုကို လုပ်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။ (ပြောပြီးသားနော်၊ မျှစ်ကြော် လူမိုက်ဆိုတာ)
Wow
March 21, 2014 at 12:01 pm
အမေက ဒါ သူ့စိတ်တစ်ခုလုံးကို မွန်မွန့်အပေါ် မှီတွယ်လိုက်လို့ အဲလိုဖြစ်ရတာ…
ဒီတော့ အမေက မွန်မွန့်ကို မှီတွယ်ခြင်စိတ် နဲနဲ လျော့လားပြီး တခြားအာရုံထားစရာလေးတွေရှိလာ အောင် လုပ်ပေးရမယ်…
အပေါ်မှာ အန်ကယ်ဒုံပြောခဲ့သလို…. အနီးပတ်ဝန်းကျင်မှာ အမေ အပေါင်းအဖေါ်လုပ်နိုင်တဲ့ မိတ်ဆွေတွေ ရှာပေးတာ….
အလုပ်လေး တစ်ခုခု လုပ်ခိုင်းတာ…. ဥပမာ… သိုးမွေးထိုးတာတို့၊ အနားက ကလေးတွေ စာခေါ်သင်ပေးတာတို့….
နောက်ပီး သူကြိုက်တတ်တဲ့ အခွေလေးတွေ ဝယ်ပေးပီး ကျိခိုင်းတာ… ကိုရီးယားကား စွဲသွားရင် အမွန့်ကို တောင် သတိရတော့မှာ မဟုတ်ဘူး…..
ပြီးတော့ ရပ်ကွက်ထဲမှာ ဆို ဆွမ်းဝတ် အသင်းတွေရှိတယ်လေ.. အိုက်မှာ သွား ကူလုပ် အတင်းပြော
ဒါဆိုလဲ စိတ်ပြောင်းတာပဲ…
အဆင်ပြေလာမှာပါ အမွန်လေးရယ်….
Ko chogyi
March 23, 2014 at 6:10 pm
အဖိုးတန်တဲ့၊ လိမ္မာတဲ့သမီးလေး လက်လွှတ်ဆုံးရှုံးသွားမှာကြောက်လို့
စိုးရိမ်ပူပန်တာဖြစ်နိုင်သလို
သမီးရဲ့လက်တွဲဖော်ဟာ စိတ်ချနိုင်တဲ့အခြေအနေလား၊ ဘယ်လိုအရည်အချင်းမျိုးတွေရှိလဲ
ဆိုတာကိုမသိနိုင်လို့လဲဖြစ်နိုင်ပါတယ်
မိခင်က လက်တွဲဖော်ကို လေ့လာနိုင်အောင်၊ ရင်းနှီးသွားအောင်လုပ်ပေးဖို့ လိုမယ်လို့ အကြံပြုချင်ပါတယ်
kai
March 25, 2014 at 3:29 pm
မိန်းမနဲ့ယောက်ျားမတူပါဘူး..
ပြောချင်တာက… ဘဝကြင်ဖော်ရှာရာမှာ.. ယောက်ျားကနောက်ကျလို့ရပေမယ့်..မိန်းမက.. နောက်မကျသင့်ပါဘူး..
ငယ်ဂုဏ်ရှိတုံး..လုပ်ချင်တာကို… နှလုံးသားနောက်လိုက်ပြီး.. .ပြတ်ပြတ်သားသားလုပ်စေချင်…။