ဖြေပါ…………’မောင်’

ခြေဖဝါးကိုထိတွေ့တဲ့အထိအတွေ့က သဲမှုန်တို့နဲ့ ရောယှက်နေတယ်။ ချနင်းလိုက်တဲ့ခံစားမှုတိုင်းက တစ်ယှက် ယှက်။ ဒီခံစားမှုဟာ သာမာန်ခံစားမှုမျိုးရှိတဲ့ မြေသားမဟုတ်ဘူး မောင်။ အရှိန်နဲ့ ခြေချမိလိုက်တိုင်း နစ်ဝင်နေ တယ် မောင်။ မောင် ကျွန်မကို ကြောက်နေတာလား။ ကျွန်မကပဲ မောင့်ကို ကြောက်နေတာလား။ ကျွန်မ သိချင်တယ် မောင်။ သိချင်လို့လည်း ကျွန်မဒီနေရာကို ရောက်လာခဲ့တာပေါ့။ မောင်ဒီနေရာကို ဘာကြောင့် ရောက်နေခဲ့ရသလဲ။ ထားဝယ်မြို့ဆိုတဲ့ နေရာက ကျယ်ဝန်းလွန်းတာမို့ မောင့်ကိုတွေ့မလားဆိုတဲ့ စိတ်တစ်ခု နဲ့ လာရတာဟာ ကျွန်မပဲမိုက်မဲလွန်းရာကျမလား။ အရှိန်နဲ့သွားနေတဲ့ ရထားက တစ်ရိပ်ရိပ်နဲ့ အတားအဆီး မဲ့စွာ တိုးဝင်လာတယ်။ ဘယ်လောက်အရှိန်များများ တစ်နေ့တော့ ရပ်တန့်ရမယ်မဟုတ်လား။ မောင်ဟာ အရှိန်ပြင်းပြင်းနဲ့ပြေးနေတဲ့ ရထားတစ်စင်းသာ ဖြစ်ပါစေလို့ ကျွန်မဆုတောင်းနေမိတယ်။ ကျွန်မရဲ့ ချစ်သူဟာ ကျွန်မရှေ့ကနေ အကြောင်းပြချက်မရှိပျောက်ခြင်းမလှ ပျောက်သွားတယ်ဆိုတာ အံ့ဩစရာကောင်းမနေဘူး လား။ အဖြေတစ်ခုခုကို လိုချင်လို့(သိချင်လို့) ကျွန်မ မောင့်ကိုလိုက်ရာနေတယ်ဆိုရင် ကျွန်မ မမှားဘူးလို့ ထင်တယ် မောင်။

 

ရထားရပ်သံနဲ့အတူ ရန်ကုန်ကနေ ရေးမြို့ကိုတောင် ရောက်ခဲ့ပြီ။ ရေးကနေ ထားဝယ်ရထားကို အတွဲပြောင်းဖို့ အော်ဟစ်နေကြတယ်။ အတွေးစတို့ ခဏဖယ်ပြီး အဝတ်အစားအနည်းငယ်သာပါတဲ့ အိတ်ကိုကိုင်ကာ ကျွန်မမျှော်ကြည့်နေမိတယ်။ မောင့်ဆီကို ကျွန်မ ရောက်တော့မယ်။ ရေးမြို့ကနေ ထားဝယ်မြို့ကို ရထားက တစ်ခုတ်ခုတ်မောင်းလို့နေတယ်။ ညက မှောင်မိုက်နေတယ်။ ရထားရဲ့ပြတင်းကနေတစ်ဆင့် သဲသဲကွဲကွဲ မမြင်ရဘူး။ ကောင်းကင်က ကြယ်လေးတွေကိုတော့ အထင်သားမြင်နေရတယ်။ ငယ်ငယ်တုန်းကတော့ ကြယ်ကြွေတာမြင်ရင် ဆုတောင်းခဲ့ဖူးတယ်။ အရွယ်ရောက်တော့လည်း ငယ်ငယ်တုန်းကလိုပဲ ဆုတောင်းမိနေ တုန်းပဲ။ အချို့အရာတွေမှာ မဖြစ်နိုင်တာကို ပိုမက်မောတတ်ကြာတာ သဘာဝပဲလားဆိုတာ ကျွန်မဝေခွဲမရ သေးဘူး။ မောင်ဟာ သိပ်ကိုကဗျာဆန်တဲ့ ယောက်ျားတစ်ယောက်ဆိုတာ ကျွန်မသိတယ်။

 

ကျွန်မရဲ့ခရီဆောင်အိတ်ထဲမှာ မောင်သိပ်ကြိုက်တဲ့ ဇာတ်ကားခွေတွေပါလာတယ်။ ရုပ်ရှင်တွေ သိပ်ကိုကြိုက် တဲ့မောင်ဟာ ရုပ်ရှင်အကြောင်းပြောမယ်ဆို မမောတမ်းပြောသူဆိုတာ ကျွန်မသိတယ်လေ။ ချစ်သူသေသွားလို့ အရက်တွေမူးမူးပြီး မှ အိမ်ပြန်တတ်တဲ့ ကောင်မလေးနဲ့ နယ်ကနေတက္ကသိုလ်လာတက်တဲ့ ကောင်ကလေးတို့ ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ခု ကျွန်မမှတ်မိနေသေးတယ်မောင်။ My Sassy Girl ဆိုတဲ့ ဒရာမာကားပေါ့။ မူရင်းဇာတ်လမ်းက ကိုရီးယားကား My Sexy Girl လေ။ (၂)ကားထဲမှာမှ Hollywood က ပြန်ရိုက်တဲ့ My Sassy Girl ကို ပိုကြိုက်တယ်လို့ မောင်ပြောခဲ့သေးတာ။ အဲသည်ဇာတ်လမ်းထဲကလို ကံကြမ္မာက ကျွန်မကို အလှည့်ပေးပါ့မလားလို့စိတ်ပူနေမိတယ်။

 

*************************************************************

 

 

ကျွန်မရင်ထဲ မေးခွန်းတွေမေးနေမိတယ်မောင်။ မောင့်ဆီမှာ ကျွန်မသိချင်တဲ့ အရာတွေအများကြီးရှိနေတယ်။ ဒါ့ကြောင့်လည်း ခရီးဝေးကြီးကို ကျွန်မတစ်ယောက်တည်းထွက်လာရတာပေါ့။ မောင့်ဆီက ကျွန်မသိချင်တာ တွေမှ သိခွင့်ရပါ့မလား။အမေးရှိရင် အဖြေရှိတယ် မောင်။ အချို့မေးခွန်းတွေက အဖြေမဲ့နေတတ်ပြန်ရော။ မောင်ခြေရာဖျောက်သွားတာ ကာလဟာ ကျွန်မပြက္ခဒိန်တစ်နှစ်လဲနေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် အခုထက်ထိ မောင့်အရိပ်ကောင်းကင်အောက်က ကျွန်မ မလွတ်နိုင်သေးဘူး။ မောင်က ကောင်းကင်ဆို ကျွန်မက ပင်လယ်

ဟုတ်လားလို့ ဖြေပါ မောင်။ နီးကပ်နေတယ်လို့ ထင်ပေမယ့် အဆုံးအစမရှိ ဝေးနေကျတယ် မောင်။

ဖြေပါ မောင်။ ကျွန်မကို အုပ်မိုးထားတဲ့ ကောင်းကင်ကြီး ဖြစ်ချင်နေတာလား။ ကျွန်မကပဲ ဖြစ်စေချင်နေတာလား ကျွန်မမှာ မေးခွန်းတွေများစွာပါပဲ။ မောင်ထွက်မသွားခင် မောင်နဲ့အတူရှိနေကတည်းက ကျွန်မသိနှင့်နေခဲ့သင့် ဟန်ဆောင်နေတယ်ဆိုမှတော့ မသိအောင်ဟန်ဆောင်မယ်ဆိုတာ ကျွန်မမေ့လျော့သွားမိတယ်။ မောင့်မူအယာ တွေ ပျက်ယွင်းနေမှန်း ကျွန်မသိတယ်မောင်။ ကျွန်မ သိနှင့်နေတာ ကြာလှပေါ့။ ကျွန်မ မဟုတ်တဲ့ ကျွန်မရဲ့ နောက်ကွယ်က ဘယ်သူဆိုတာ မောင်ပြောပြနိုင်မလား။  ဖြေပါဦး မောင်။

 

 

ရထားပေါ်က ခြေချချချင်းပဲ သိလိုက်ရတဲ့ခံစားချက်က ဒီမြို့မှာ မောင်ရှိနေတယ်ဆိုတဲ့ ခံစားချက်။ မောင့် အရိပ်အောက်က ကျွန်မမရုန်းနိုင်သေးတာ အသေအချာပဲ။ ‘မေ’ ရယ်ဆိုတဲ့ ကျွန်မသူငယ်ချင်းရဲ့ ကရုဏာသက်တဲ့အသံက ကျွန်မကို ရောက်ရောက်ချင်း ကြိုဆိုနှုတ်ဆက်တယ်။ အေးအေးချမ်းချမ်းရှိလှတဲ့ ထားဝယ်မြို့လေးမှာ ဘာကြောင့်မောင်ရှိနေရတာလဲ။ အဖြစ်အပျက်တွေ မဖြစ်ပျက်ခင်မှာ မောင်ဟာသိပ်ကို တိတ်ဆိတ်ငြိမ်သက်နေတယ်ဆိုတာ ကျွန်မသိနှင့်နေခဲ့တာ။ ဘာကြောင့်များ မောင်ဒီမြို့မှာရှိနေရတာလဲ။ မောင်က ကျွန်မကို လိုက်ခဲ့ပါလို့ ခေါ်ခဲ့ဖူးသလား။ မောင်က ကျွန်မကို နေခဲ့ပါလို့ ပြောခဲ့ဖူးသလား။ဖြေပါ မောင်

ဖြေပါ………။ သိပ်ကို အသက်မဲ့လွန်းတဲ့ မောင်ဟာ ကျွန်မကို အရုပ်တစ်ရုပ်လောက်တောင် သဘောထားခဲ့ သလား။ ဖြေပါ မောင်။ သဲမြေရောယှက်ထားတဲ့မြေပေါ်က ဖြတ်လာတဲ့လေအေးတစ်ချက်နဲ့အတူ ကျွန်မ မေးခွန်းတွေရဲ့ အဖြေကိုသိချင်နေမိတယ်။

 

ခရီးပန်းလာပေမယ့် ပတ်ဝန်းကျင်သစ် နဲ့ မောင့်ကိုရှာတွေ့တော့မယ်ဆိုတဲ့စိတ်နဲ့ ပိုစောစွာကျွန်မနိုးနေမိတယ်။ ကျွန်မသူငယ်ချင်းဖြစ်သ မြတ်မြတ်ကတော့ ဘုရားတင်ဖို့ ပန်းလေးတွေသီနေတယ်။ ထားဝယ်မှာတော့ ဘုရားပန်းကို ဝယ်ပြီးကပ်ကြတာနည်းတယ်။ အိမ်တိုင်းလိုလိုမှာ ဆတ်ဖလူး ၊ စင်္ကြာပန်း ၊ ဇော်မွှားပန်း ၊ ခရေ ၊ ရွှေဒင်္ဂါး ဝေဝေဆာဆာပွင့်တဲ့ အပင်တွေ တစ်ပင်မဟုတ် တစ်ပင်တော့ရှိကြတယ်။ မနက်စောစောဆိုရင် ပွင့်နေတဲ့ ပန်းလေးတွေကိုခူး။ ပြီးရင် အုန်းလက်ကို သင်ထားတဲ့ အုန်းလက်ရိုးလေးနဲ့ သီပြီး ဘုရားတင်ကြ တယ်။ ထားဝယ်မြို့ရဲ့ အလေ့အထတစ်ခုလို့ပဲ ကျွန်မသိထားတယ်။ ကျွန်မက မြတ်ရဲ့လက်ကို ဆွဲတော့ မြတ်က ခဏနေပါဦးဆိုပြီး အေးအေးဆေးဆေးပါပဲ။

 

*************************************************************

 

မြတ်မြတ် ဘုရားပန်းကပ်ပြီးတော့ ကျွန်မလက်ကိုဆွဲပြီး အပြင်သွားကြတယ်။ တုတ်တုတ် (ဆိုင်ကယ်နှင့်တွဲထားသောလှည်း) ကို ငှားတော့ ကမ်းနားဈေးလို့ ကျွန်မကြားလိုက်မိတယ်။ မောင်က ဈေးထဲမှာရှိနေတာလား။ ဈေးဆိုတဲ့အတိုင်း လူတွေနဲ့ပျားပန်းခတ်နေကြတယ်။ မြစ်ကမ်းဘေးမှာ ရှိတဲ့ဈေးမို့ ကမ်းနားဈေးလို့ခေါ်တာဖြစ်မယ်။ ရန်ကုန်တုန်းက ပေးထားတဲ့ကတိအတိုင်း ထားဝယ်မုန့်ဟင်းခါး ဝယ်ကျွေးမယ်ဆိုတဲ့ မြတ်မြတ်ကတော့ ထားဝယ်မုန့်ဟင်းခါးဆိုင်ကို အရင်ဝင်တယ်။ မောင့်ကို ရှာဖို့ပဲ စိတ်ထဲရှိနေတော့ ဆာလောင်မှုတောင် သတိမထားမိတဲ့ ကိုယ့်ကိုယ်ကို အံဩမိနေတယ်။ မောင်ကော ကျွန်မကိုသတိမှ ရပါ့မလား။ အဖြေကိုသိနေတဲ့ မေးခွန်းပေမယ့် မောင်နဲ့တွေ့ရင် မေးချင်နေမိသေးတယ်။ ရန်ကုန်မုန့်ဟင်းခါးနဲ့မတူတဲ့ ထားဝယ်မုန့်ဟင်းခါးရဲ့ ထူးခြားချက်က မုန့်ဖတ်ဟာ စာလေးခွေပုံစံမျိုး အခွေလေးတွေ။ ငှက်ပျောအူူကို အသားပေးချက်ပြီး မုန့်ဟင်းရည်ဟာ အရည်ခပ်ကျဲကျဲပါပဲ။ တစ်မျိုးစားလို့ ကောင်းသားဟု စိတ်ထဲတွေးမိလိုက်တယ်။

 

ပတ်ဝန်းကျင်စိမ်းတာရော ကိုယ့်ဒေသမဟုတ်တော့လည်း မြတ်မြတ်ခေါ်ရာနောက်ကိုသာ ကျွန်မလိုက်နေမိ တယ်။ စိတ်ထဲမှာတော့ မောင့်ကိုချက်ချင်းကို ပြေးတွေ့ချင်မိတယ်။ မောင်နဲ့တွေ့ရင် ကျွန်မဘာပြောရမလဲ။ မောင်ဘာကြောင့် ပျောက်သွားတာလဲလို့မေးရမလား။ တစ်ခွန်းတည်း မေးချင်ပါတယ်။ ကျွှန်မကို ဖြေပေးပါ မောင်။ မောင် ကျွှန်မကိုချစ်သေးရဲ့လား။ မေးခွန်းပေါင်းများစွာ ကျွန်မရင်ထဲပြည့်နှက်နေတယ်။ ကမ်းနားဈေးကြီးရဲ့ အဆုံးသတ်နားကို ကျွန်မတို့ရောက်လာတဲ့အခါ မြတ်မြတ်ဟာ ကျွန်မရဲ့ လက်ဖဝါး တစ်ချက်ကုတ်ပြီး မေးဆတ်ပြလိုက်တယ်။ ဈေးရဲ့တစ်ဖက်ခြမ်းက MEN Hair Style ဆိုတဲ့ ဆိုင်လေးထဲမှာ။ ”မောင်………..” ကျွန်မတစ်ခွန်းတည်း ရေရွတ်မိသည့် နာမ်စား။ အခုချိန်မှာ မောင် ကျွန်မကို ဘယ်လိုနာမ်စား သုံးပြီး ခေါ်မယ်ဆိုတာ သိခွင့်ရမလားမောင်။ ဆိုင်ထဲကို ကျွန်မဝင်မယ်ဟန်ပြင်တော့ မြတ်မြတ်က ကျွန်မလက်ကို ဆွဲထားသေးတယ်။ နေဦးဆိုတဲ့သဘော။

 

*************************************************************

 

 

အသားနည်းနည်းညိုသွားတာနဲ့ မောင့်ဆံပင်တွေ အရောင်ပြောင်းသွားတာက လွဲလို့ သိပ်မပြောင်းလဲပါဘူး။ ဆံပင်ညှပ်နေရင် ရယ်ရယ်မောမော စကားတွေပြောနေတယ်။ မောင်တော်တော်ပျော်ရွှင်နေပုံရတယ်။ မောင်ဒီလို ရယ်မောတာကိုမြင်ရတာ ကျွန်မဘဝမှာ လက်ချိုးရေလို့ရတယ်။ ကျွန်မလည်း တစ်ဖက်ခြမ်းမှာ မောင် ကျွန်မကိုသတိမထားမိသေးဘူး။ သူ့ကိုလိုက်မရှာဘူးလို့လည်း ထင်နေမှာပေါ့။ ဆံပင်ညှပ်သူထွက်သွား တဲ့နောက်မှာ မောင့်အနားကို မောင့်လိုဆံပင်အရောင်နဲ့ကောင်လေးရောက်လာပြီး စကားတွေပြောနေကြ တယ်။ မြတ်မြတ်က ကျွန်မလက်ကို တစ်ချက်လာဖမ်းဆုပ်တယ်။ ကျွန်မခြေလှမ်းတွေက မောင်ရှိတဲ့ဘက်ခြမ်း ကို ရွေ့လျားနေပြီလေ။ ရုတ်တရက်ကျွန်မခြေလှမ်းတွေ ရပ်တန့်သွားတယ်။ မောင်ရဲ့နှုတ်ခမ်းအစုံဟာ မောင့်အနားမှာရှိတဲ့ ကောင်လေးရဲ့နဖူးပေါ်ကို ကျရောက်သွားတဲ့ အဖြစ်အပျက်ဟာ ကျွန်မမျက်လုံးတွေ ဝေဝါးသွားစေတယ်။ မောင့်နှုတ်က ရွတ်လိုက်တဲ့ နှုတ်ခမ်းအဖွင့်အဟပြောလိုက်တဲ့စကားက ‘နှလုံးသားကြက်ခြေခတ်’ တဲ့။ ဘာကြောင့်အဲသည် နှလုံးသားကြက်ခြေခတ်ဆိုတဲ့စကားကို မောင် ကျွန်မကိုပြောခဲ့သလဲ။ ‘မောင်’ပဲ နှလုံးသားကြက်ခြေခတ်တယ်။ ‘မောင်’ပဲ အဲသည်ကြက်ခြေခတ်ကို ဖျက်ပစ်တယ်။ ‘နှလုံးသား ကြက်ခြေခတ်’ ဆိုတာ လွယ်လွယ်နဲ့ ဖျက်ပစ်လို့ရသလား မောင်။

 

ပျက်သွားမျက်နှာကိုကြည့်ပြီး မောင်ကျွန်မကိုတွေ့သွားပြီဆိုတာ သေချာသွားတယ်။ ကျွန်မဆီကို လျှောက်လာတဲ့ မောင့်ဟန်ပန်တွေက အရင်အတိုင်းပါပဲ။ မောင် ကျွန်မကိုစကားမပြောဘဲ ကြည့်နေတယ်။ ကျွန်မခံစားမိတာ တစ်ခုပဲရှိတော့တယ်။ ကျွန်မမေးချင်တဲ့ မေးခွန်းတွေ ပျောက်ရှသွားတယ်။ ကျွန်မကြားရုံသာ စကားကိုတိုးတိုးပြောတယ်။ နှလုံးသားကြက်ခြေခတ်ကို ဖျက်မိတဲ့အတွက်ခွင့်လွှတ်ပါတဲ့။ သူအပြစ်တွေချည်း ပါပဲ ဆိုတာရယ်။ မောင့်ရှေ့မှာ ရောက်နေတဲ့ကျွန်မ မငိုမိဘူး။ ကျွန်မ အချစ်မှကျရှုံးပါတယ် မောင်။ မောင်လည်း အချစ်မှာ ကျရှုံ့းခဲ့ပါလိမ့်မယ်။ အချစ်တစ်ခုတည်းအတွက် ကျွန်မ နှလုံးသားကြက်ခြေခတ်ကို ကျွန်မကိုယ်တိုင် ဖျက်ပေးခဲ့ပါတယ်။ အချစ်ဆိုတာ ဘယ်သူအပေါ်မှာမှ မခွဲခြားတတ်တဲ့ သီးသန့်ဖြစ်တည်မှုတစ်ခု မဟုတ်လား။

 

သစ်ခက်တစ်ခက်ဟာ ရော်ရွက်ဝါဖြစ်သွားတယ်ဆိုပါတော့။

တန်ဘိုးရှိသေးတယ်လို့ မောင်ထင်လား။

မောင့်အတွက်တော့ ကျွန်မက ရော်ရွက်ဝါတစ်ရွက်လား။

ဟုတ်တယ်ဆိုရင်တောင် အမြတ်တနိုး စာအုပ်ထဲမှာ သိမ်းထားပေးပါမောင်။

 

သိမ်းထားပေးမယ် မဟုတ်လားဟင်။

 

************************************************

ရင်နှင့်ရင်း၍

အောင်မိုးသူ

(၃)ရက် မတ်လ ၂၀၁၄ခုနှစ်

မွန်းလွဲ (၄)နာရီ (၃)မိနစ်

10 comments

  • alinsett (gazette)

    March 18, 2014 at 3:19 pm

    သိမ်းထားပေးပါ့မယ်ကွယ်

    အဲ. . .

    ဒီ ဝတ္ထုတိုလေးကို ပြောပါတယ်။
    မိန်းကလေးတစ်ယောက်နေရာက ရေးထားတာ ပီပြင်လွန်းလို့
    မျောပါသွားတယ် ဗျာ

    ကျနော် ညွှန်းဆိုပြချင်သော ပိုစ့်များထဲမှာ ပြန်ညွှန်းဖို့ သိမ်းလိုက်ပြီဗျို့။

    မတွေ့တာ ကြာတော့ လွမ်းနေတာ ကအောင်မိုးသူရေ

    • aung moethu

      March 18, 2014 at 5:40 pm

      ဟုတ်ကဲ့ စာအရေးကျဲတာပါဗျာ ရွာထဲလာဖြစ်နေတယ် 🙂

  • padonmar

    March 19, 2014 at 1:01 am

    ဖတ်လို့ကောင်းပါတယ် ဘကြီးအောင်၊
    အန်တီက နည်းနည်းဒူတော့ တည့်တည့်ပြောမှသိမယ်။
    မောင်က ဂေးလားဟင်။

  • ဘရန်းဒက် ကေဇီ

    March 19, 2014 at 8:07 am

    ဟုတ်တယ်။
    ဟီးဟီးးး :mrgreenn:
    ကျနော်လည်း ဝေးတာ။
    အာတီဒုံမေးသလို မေးချင်တာ .. စာရေးဆရာ ဆိုလိုရင်းကို ဖျက်စီးသလိုဖြစ်မဆိုးလို့။ :mrgreenn:

    ဒါမှမဟုတ် ကလေး အဖေဖြစ်သွားတာကိုပြောချင်တာလားဟမ်? 🙄

    • aung moethu

      March 20, 2014 at 10:59 am

      အချစ်ဆိုတာ ဘယ်သူအပေါ်မှာမှ မခွဲခြားတတ်တဲ့ သီးသန့်ဖြစ်တည်မှုတစ်ခု မဟုတ်လား။

      ပေးချင်တာ အဲသည်မက်ဆေ့ဗျ။ ရယ်စရာဖြစ်သွားလားမသိဘူး။

      • ဘရန်းဒက် ကေဇီ

        March 20, 2014 at 12:02 pm

        ရီစရာမဖြစ်ပါဘူးးး
        ကောင်မလေးနေရာက အချစ်ကို ခံစားလို့ရပါတယ်။
        အဲဒီ တစ်နေရာရဲ့ ဆိုလိုရင်းကို လွတ်သွားလို့ပါ။
        ကျနော် ကိုက ဝေးလို့ပါ။

        မေးရမှာလည်း ဇာတ်လမ်းရသလေးပျက်မှာ စာရေးသူ မုဒ် ပျက်မှာ စိုးပြီး ပထမဆုံးဖတ်မိတာတောင် မမေးရဲလို့ ပြန်လှည့်သွားတာ။
        ဟီးးးး

        • aung moethu

          March 20, 2014 at 1:32 pm

          မောင် ဆိုတာကလည်း အသက်ငယ်သေးသလို သူပျောက်သွားတာ တစ်နှစ်လောက်ဆိုတော့ မောင်က ကလေးအဖေမဟုတ်တာတော့ သေချာတယ်။ 🙂

  • sorrow

    March 19, 2014 at 9:26 am

    အလိုလေးဟဲ့ …လောကကြီးနဲ့ … ဒီလင် ဒီမယားက နေ …ဒီလင် ..ဒီလင် ဖြစ်ကုန်ပါပေ့ါလား….အာဟိ

    မောင်ရဲ့နှုတ်ခမ်းအစုံဟာ မောင့်အနားမှာရှိတဲ့ ကောင်လေးရဲ့နဖူးပေါ်ကို ကျရောက်သွားတဲ့ အဖြစ်အပျက်ဟာ ဆိုတော့ကာ … အဲ့ရာ..အဲ့ရာ ဘာလဲဟင်…မားနားလည်ဝူးးးး အဟိဟိ

Leave a Reply