ဘဝတစ်ခုရယ် … သူ့ရဲ့ နိဂုံးရယ်

-အိပ်ယာထက်မှာ စကားမဆိုနိုင်တော့ဘဲ သေမင်းလာအခေါ်ကို စောင့်နေတဲ့ ဖေဖေ့ကိုကြည့်ရင်း ကျမမှာ ကြေကွဲဝမ်းနည်းရတာတွေထက် တွေဝေအံ့ဩမှုက အလေးပိုသာတဲ့ ခံစားချက်တစ်မျိုး ရင်ထဲဖြတ်ပြေးနေတယ်။ ဪ … ဘဝဆိုတာ သိပ်ကိုဖွယ်လွန်းလှပါကလား။ တကယ့်ကို သမုဒ္ဒရာရေမျက်နှာပြင်ထက်က ရေပွက်ကလေးလို မျက်စိရှေ့တင် ပွဲသိမ်းတော့မယ်။

-ဖေဖေ အသက် ၈၄။ အမည်တပ်ပြစရာ ရောဂါမယ်မယ်ရရ မရှိ။ ဝေဒနာ အလူးအလဲခံစားနေရ ခြင်း မရှိ။ မီးစာကုန်ဆီခန်းအရွယ်မို့ နောက်ဆုံးမီးကလေး ငြိမ်းသွားဖို့ စောင့်မျှော်နေရရုံ။ ကျမ မှာတော့ အတိတ်ပုံရိပ်တွေ အာရုံထဲဝင်မလာအောင် စိတ် စိတ်ချင်း စီးချင်းထိုးနေရတယ်။

– လူ့ဘဝဆိုတာ ကံကြမ္မာက ကြိုတင်ပြဌာန်းထားပြီးသားလေလား။ ဒါမှမဟုတ် ဘဝနေထိုင်မှု နည်းစနစ်ကသာ အခရာ ကျတာများလား။ ဖေဖေ့ရဲ့ ဘဝဇာတ်ကြောင်းကတော့ ဒီလိုပဲ ရောက်လာ ထွက်သွား ဘာမှတန်ဖိုးသိပ်မရှိတဲ့ ဘဝတစ်ခုအနေနဲ့သာ ပြီးပျောက်သွားရတော့မှာပါလား။

– သားသမီးတွေအပေါ်မှာ ကျေးဇူးလည်းရှိသလို ဒုက္ခပေးခဲ့တာတွေလည်း များပါရဲ့။ ကံကြမ္မာကပဲ လက်တစ်လုံးခြား မျက်လှည့်ပြလေသလားမသိ၊ အိမ်ထောင်ရေး အဆင်မပြေ။ မေမေနဲ့ သုံးနှစ် သုံးမိုး ချစ်ကြိုက်ခဲ့ကြပြီး  မင်္ဂလာဆောင်၊ မကြာခင်မှာပဲ တစ်ယောက်ကိုတစ်ယောက် စိတ်နာစရာ ပြဿ        နာတွေဆင့်ကဲဖြစ်ပေါ်ခဲ့တယ်။ ဒီအထဲက အဓိကအကျဆုံး အမွှေနိုင်ဆုံးကိစ္စကတော့ – ဖေဖေ့ရဲ့တူမဟာ လင်မယားကွဲပြီး ယောက်ျားကလည်း နောက်မိန်းမယူ၊ ဖေဖေ့တူမကလည်း သားနဲ့သမီး နှစ်ယောက်ကိုထားခဲ့ပြီး တခြားယောက်ျားနောက် လိုက်ပြေးသွားပါရော။

-ဖေဖေ့ရဲ့မြေးလို့ခေါ်ရမယ့် အဲဒီကလေးနှစ်ယောက် မျက်စိသူငယ်နားသူငယ်နဲ့ အိမ်မှာကျန်ခဲ့တယ်။ ဖေဖေက ၄ဝကျော် အသက်ကြီးမှ အိမ်ထောင်ကျပြီး တူမက အရင်အိမ်ထောင်ကျနေတာဆိုတော့ သားသမီးဖြစ်တဲ့ ကျမတို့က ပေါက်စလေး၊ မြေးတွေကတော့ အပျိုပေါက်လူပျိုပေါက်အရွယ်။ ဖေဖေက သူ့မြေးနှစ်ယောက်ကို အိမ်ခေါ်ထားပြီး တာဝန်ယူလိုက်ချင်တယ်။ မေမေ့သဘောထား ကတော့ ရှင်းပါတယ်။ ဘယ်လိုမှ လက်သင့်မခံနိုင်ပါ။ ကိုယ်ပိုင်သားသမီးတွေတောင် ချစ်မဝနိုင် ရတဲ့ကြားထဲ တခြားဘယ်ကလေးမှ တာဝန်ထပ်မယူနိုင်။

-ဖေဖေဟာ သူ့မြေးနှစ်ယောက်ကို ငွေကြေးထောက်ပံ့တာပဲ လုပ်နိုင်ခဲ့တယ်။ အဲဒီလို ပြဿဿ        နာတွေနဲ့ သိပ်တင်းမာနေတဲ့အချိန်မှာပဲ မြေးအကြီးမလေးက ခန္ဓာကိုယ်မှာ အနာပေါက်တာကို မြန်မာဆေးမြီးတိုတွေနဲ့ ကြိတ်ကုနေတယ်။ အနာတွေက မျက်နှာပေါ်ထိရောက်လာပြီး လမ်း   မထွက် ရဲတော့တဲ့အဆင့်ထိ လူကြီးတွေကို ရှောင်နေခဲ့တယ်။ ဆေးဆရာတွေကလည်း ဖိခြောက်ကြပုံရတယ်။ သူ့ကိုယ်သူ နူနာဖြစ်ပြီထင်ပြီး တနေ့မှာတော့ ညဘက်ကြီး ဆိပ်ခံကနေ မြစ်ထဲခုန်ဆင်းသတ်သေ သွားခဲ့တယ်။ ဖြစ်ရပ်က ဟိုးလေးတကျော်မို့ အသက် ၆ဝတန်း ဖျာပုံမှာနေခဲ့တဲ့သူဆိုရင် ကျမအခုပြောတဲ့ ဇာတ်လမ်းကို အမှတ်ရကြမှာပါ။ နောင်တစ်သက်လုံး ကျမဖေဖေရဲ့ မေမေ့အပေါ် ထားတဲ့ အညှိုးအတေး အမုန်းတိုက်ပွဲတွေကြားမှာ ကျမတို့ မြေဇာပင်ဖြစ်ခဲ့တယ်။ ဆွေရင်းမျိုးရင်း မရှိတဲ့ ကျမတို့မိသားစုဟာ ဆွေနီးမျိုးစပ်တွေရဲ့ ဘေးတီးပေးမှုကို တော်တော်ခံခဲ့ရတယ်။

– ဒီပြဿ        နာကြောင့် အိမ်ထောင်ရေးပြိုကွဲတာလို့ တစ်ထစ်ချယူဆရင်လည်း မှားပါဦးမယ်။ စကတည်းက စရိုက်သဘာဝမတူခဲ့ဘူး။ ဖေဖေဟာ သဘောအင်မတန်ကောင်းတယ်။ ဘယ်သူက ဘာတောင်းတောင်း ပေးပစ်လိုက်တာချည်းပဲ။ စီးပွားသာမရှာတာ၊ တခြားလူမှုရေး၊ ရပ်ရေးရွာရေး သားသမီးရေးတွေဆိုရင် တက်တက်ကြွကြွရှိတယ်။ ကျမကို စာအုပ်တွေဖတ်ပြပြီး ပုံပြင်ကမာ္ဘထဲကို ခေါ်ဆောင်သွားခဲ့တဲ့လူ။ ကမာ္ဘအရပ်ရပ်ကို စာအုပ်နဲ့ ခရီးထွက်လို့ရကြောင်း အသိပေးခဲ့တဲ့လူ။
– ဖေဖေ့အတွက်ကတော့  ဘဝဆိုတာ နေထိုင်နည်းတစ်ခု။
-မေမေ့အတွက်ကတော့ ဘဝဆိုတာ ထိုက်တန်စွာပေးဆပ်ခြင်း၊ ရုန်းကန်ကြိုးစားမှု။

– တစ်ဖက်သတ်အမြင် ဖြစ်မှာစိုးတဲ့အတွက် မေမေ့အကြောင်း အနည်းအကျဉ်းပြောပြဖို့ လိုအပ်ပြန် ပါတယ်။ မေမေဟာ အရွယ်နဲ့မမျှအောင် ဘဝသိပ်နာခဲ့သူပါ။ ဖျာပုံမြို့ ကျင့်မော်ကုမဏီပိုင်ရှင် သူဌေးဦးအခွင်း ဒေါ်အေးကြည်ဆိုရင် ဟိုခေတ်သူဌေးတွေ အကုန်သိကြပါတယ်။ အဲဒီသူဌေးရဲ့ သမီးဖြစ်တဲ့မေမေဟာ ရန်ကုန်စိန့်ဂျွန်းကွန်ဗင့်ကျောင်းမှာ ငှက်ပျောသီးကိုတောင် ဓားနဲ့ စမတ်ကျကျ ခွာစားတတ်တဲ့ဘဝကနေ ဗြုန်းဆို အဖေဆုံးတော့ ဖျာပုံပြန်ရောက်၊ အဖေဆုံးပြီး ၆လအကြာမှာ မေမေ့ရဲ့ တစ်ဦးတည်းရှိတဲ့အစ်ကို (ဆေးကျောင်းနောက်ဆုံးနှစ်) ဟာ နှလုံးရောဂါအခံနဲ့ ဆုံးပြန် ပါတယ်။ မေမေ့ရဲ့ ရွှေတောင်ကြီးနှစ်တောင် ပြိုကျအပြီး ဘာမှမကြာဘဲ မီးခံတိုက်သံဆိုင် ကုမဏီကြီးတစ်ခုလုံး ပြည်သူပိုင်သိမ်းခံလိုက်ရတယ်။ အသက် ၁ရနှစ်ရွယ် မိန်းကလေးတစ်ယောက်ဟာ ဘာဆိုဘာမှမလုပ်တတ်ခဲ့ဘူး။ သားအမိနှစ်ယောက်တည်း အိမ်ဖော်သုံးလေးယောက်လောက်နဲ့ ရှိတာထိုင်စားရင်း ဘီအေဘွဲ့တစ်လုံးကို စာပေးစာယူနဲ့ ယူခဲ့တယ်။ မေမေဟာ တရုတ်ကပြားဆိုတော့ စီးပွားရေးအသိက သူ့ခေါင်းထဲ အမြဲလည်ပတ်နေတယ်။ ဘဝနာခဲ့သလောက် ရည်ရွယ်ချက်ကြီးတဲ့ မေမေ့အတွက် ဖေဖေကတော့ သူ့အနာဂတ်ကို ရိုက်ချိုးခဲ့တဲ့လူဖြစ်နေတယ်။ နှစ်ဦးနှစ်ဖက်အမုန်းကတော့ သေရာပါဖြစ်ခဲ့ရပြီ။

– သတိရတစ်ချက်မရတစ်ချက်နဲ့ မျောနေတဲ့ဖေဖေ့ကိုကြည့်ရင်း တက္ကသိုလ်ကျောင်းသားဘဝ ပြန်ပြောင်းပြောနေပုံဟာ ကျမမျက်စိထဲ ဝင်လာတယ်။ ဖေဖေကမေးတယ်။ ကျောင်းသားဟူသမျှထဲ မှာ ဘယ်ကျောင်းသား အဆိုးဆုံးလဲ သိလားတဲ့။ ဘူမိဗေဒကျောင်းသား အဆိုးဆုံးပါတဲ့။ ဖေဖေ တို့ခေတ်က ဘူမိဗေဒကျောင်းသား သုံးဦးထဲရှိတယ်။ အဲဒီ သုံးဦးကလည်း တာတေလံအောင် ဆိုးတာဆိုတော့ သူတို့ကို စာသင်ပေးရတဲ့ဆရာခမျာ မနက်မနက်ဆိုရင် ကျောင်းဆောင်ထိလိုက် လာပြီး ဖေဖေတို့ကို အိပ်ယာကနှိုး၊ လက်ဖက်ရည်ပါတိုက်ပြီးမှ စာသင်ဆောင်ကိုခေါ်၊ စာသင်ပေး ရသတဲ့။ အဲဒီဆရာခမျာ ဖဲကြွေးဆပ်ပေးရပေါင်းလည်း မနည်းဘူးတဲ့။ ညညတိုင်ရင် ဖေဖေတို့ဟာ ကျောင်းသူဆောင်ရှေ့မှာ ဘင်ဂျိုတီးပြီး သီချင်းဆိုကြတဲ့အခါ ရိုးရိုးမဆိုဘဲ ဂိတ်တံခါးသံတိုင်ကြီးကို ကိုင်ပြီးမှ ဆိုတတ်ကြသတဲ့။ အဲဒီအကြောင်းပြောပြီးရင် ဖေဖေ တခွီးခွီးရယ်လိုက်တာလေ။

သူ့ကို ဒယ်ဒီခေါ်မှကြိုက်တဲ့ ဘိုဆန်တဲ့ဖေဖေဟာ ခေတ်တစ်ခေတ်စာ လူဖြစ်စောခဲ့တယ်။ မေမေနဲ့ ဘယ်နေရာမှ အတွေးအမြင်မတူခဲ့ဘူး။ တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းလို ဖြောင့်ဖြောင့်ကြီး ဝေးကွာနေခဲ့တယ်။ အိမ်တွင်းရေးနဲ့ စီးပွားရေးဆိုတာ အညမညသဘောရှိတယ်။ အိမ်တွင်းရေး ကောင်းမှ စီးပွားရေးကောင်းသလို စီးပွားရေးကောင်းမှ အိမ်တွင်းရေးသာယာတယ်။ မေမေ့အဖေဟာ သူ့သမီးအတွက် အမြောက်အမြားရှာဖွေပေးထားခဲ့ပေမယ့် အိမ်တွင်းရေးကလည်းညံ့၊ ဖေဖေကလည်း အပေးအကမ်းအဖြုန်းအတီး များလွန်းတော့ ကျမတို့ တစတစ ကျပ်တည်းလာကြတာဟာ မေမေ့ အတွက် စိတ်နာစရာဖြစ်နေတယ်။ နောက်ဆုံးမှာ မေမေနဲ့ဖေဖေ အပြီးတိုင်လမ်းခွဲခဲ့ကြတယ်။

တချိန်တုန်းက အသားဖြူဖြူ၊ ဥပဓိရုပ်ကောင်းကောင်းနဲ့ ကျမဖေဖေဟာ ခုတော့လည်း ရုပ်နဲ့နာမ် တွဲလျက်သားရှိနေဆဲ ချုံးချုံးကျဒြပ်ထည်တစ်ခုထက် မပိုတော့။

– သူ့ခေတ်တုန်းကတော့ သူမင်းသား။ ခုတော့လည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ တရားသဘောအောက်မှာ သူဒူးထောက်ခဲ့ရပြီ။ အာဃာတ တွေ၊ အညှိုးအတေးတွေ သံသရာမှာ မပါပါစေနဲ့လို့သာ ဖေဖေ့အတွက်ဆုတောင်းရင်း ပြတင်းအပြင်ကို မျှော်ကြည့်လိုက်တော့  ဪ … နေညိုခဲ့ပြီ။    ။

ဝင့်ပြုံးမြင့်

၂၀၁၄၊ မတ်လ (၂၂)ရက်။

 

 

 

27 comments

  • ဘရန်းဒက် ကေဇီ

    March 21, 2014 at 6:35 am

    ဘာပြောရပါ့ အမ ရယ်….
    ဖတ်ရတာနဲ့ ကို ရင်ထဲနာနေတာ…….
    သူစိမ်းတွေပေမယ့် အနီးကပ်ဆုံးး ဖြစ်ရမဲ့ သူတွေ
    ဝေးကွာတော့ သားသမီးတွေ သနားစရာ…..
    အမ အတွေးအခေါ်တွေကို ပိုနားလည်ပါပြီ အမရေ….

    • ဝင့်ပြုံးမြင့်

      March 21, 2014 at 11:47 pm

      ဦးဆုံးကွန်မင့်အတွက် ကျေးဇူးပါ ကေရေ။ အဖေ ဆုံးသွားပြီ။ ဆေးသောက်ပြီး အိပ်ချင်တယ် ဆိုပြီး အိပ်တာ အိပ်ပျော်ရင်းပဲ အေးအေးသက်သာ အသက်ထွက်သွားပါတယ်။ ဝေဒနာ မခံစားရဘူးလို့ ဖုန်းလာပါတယ်။ အလုပ်တွေ ရှုပ်တော့မှာမို့ ဂဇက်ကို ယာယီနှုတ်ဆက်ပါတယ် ရွာသူရွာသားတို့ရေ။
      ဖေဖေရဲ့ လူပြိန်းတွေးနည်းနဲ့ တွေးထားတဲ့ ကျန်းမာရေးအသိကို နောက်ကြုံမှ ဂဖက်မှာ ကွန်မင့်ဝင်ရေးပါဦးမယ်။ သူ့နည်းကလည်း တစ်မျိုး ကောင်းတယ်။

  • alinsett (gazette)

    March 21, 2014 at 7:07 am

    ဟုတ်တယ် ဘာပြောရမှန်းကို မတွေးတတ်တော့ပဲ မောသွားတယ် အစ်မရယ် ။

    အစ်မရဲ့ ဖေဖေအတွက် ဘဝဆိုတာ. . နေထိုင်နည်းတစ်ခု
    အစ်မမေမေအတွက် ဘဝ ဆိုတာ ထိုက်တန်စွာပေးဆပ်ခြင်း ရုန်းကန်ကြိုးစားရခြင်း
    ဆိုတာလေးက
    ကျနော့် ဖေဖေနဲ့ မေမေ တို့ရဲ့ ဖြစ်တည်မှုနဲ့ ဆင်တူနေတာမို့
    အဲဒီ စာသားလေး ဖတ်ရတော့ မဲ့ပြုံးတစ်ချက် ပြုံးမိတယ်။
    ——-

    အစ်မရေ
    အစ်မကမှ အဲဒီလို မိသားစုရေးရာတွေကို ရင်ဖွင့်တဲ့သဘောနဲ့. . .
    သံဝေဂယူစရာ ဖြစ်လောက်အောင် ချရေးနိုင်သေးတယ်။

    ကျနော်မှာ ရှိတဲ့ မိသားစုရေးရာပြဿနာတွေကို ဒီလို ချမရေးရဲဘူး။
    ဘယ်လိုစကားလုံးနဲ့ရေးရမှန်းမသိတော့တဲ့ အဆုံးစွန်နီးနီးဆိုးဝါးခဲ့တာတွေအကြောင်းးး
    တစ်နေ့တော့ ချရေးနိုင်အောင် ကြိုးစားဦးမယ်။

    အခုလို မြိုသိပ် ကြိတ်မှတ်ခံစားနေရတာ မောလှပြီလေ ။

    ———

    အစ်မဖေဖေ အကြောင်း ကြားရတာ စိတ်မကောင်းပါဘူး အစ်မရေ။

    • ဝင့်ပြုံးမြင့်

      March 21, 2014 at 11:52 pm

      အလက်ဇင်းရေ။ နောင်အသက်ကြီးသွားရင် နည်းနည်းတော့ ခံသာလာနိုင်ကောင်းပါရဲ့၊ ခံစားချက်ပြင်းထန်တဲ့လူတွေ ဒီဒဏ်ကို ပိုခံရတာပေါ့။

  • snow smile

    March 21, 2014 at 7:59 am

    ဖေ ဖေ နဲ့ ကျွန် မ က တော့
    အ တူ ညီ ဆုံး လဲ ဖြစ် တယ်
    ဆန် ့ ကျင် ဘက် လဲ ဖြစ် တယ်
    ဖေ ဖေ့ ရဲ့ အ ယူ အ ဆ
    လက် ခံ စ ရာ တွေ များ သ လို
    ဆန် ့ ကျင် စ ရာ တွေ လဲ
    ရှိ ခဲ့ ပါ ရဲ့
    ဖေ ဖေ နဲ့ ကျွန် မ
    အ ဝေး ဆုံး လူ နှစ် ယောက် ဖြစ် ခဲ့ ဘူး သ လို
    အ နီး ဆုံး လူ နှစ် ယောက် ဖြစ် ခဲ့ ဘူး ကြ တယ်
    နောက် ဆုံး မ တော့
    ဖေ ဖေ က ကျွန် မ ရဲ့ အား ကိုး ရ သူ
    ကျွန် မ က ဖေ ဖေ့ ရဲ့ အား ထား ရ သူ
    နှစ် ယောက် သား အ ပြန် အ လှန်
    မ ကျေ နပ် မှူ ့ ကွဲ လွဲ မှူ ့
    နား လည်မှူ့ ခွင့် လွှတ် မှူ့ တွေ နဲ့
    ဘ ဝ တ ခု ကုန် ဆုံး သွား ခဲ့ ပြီး ပြီ
    မ ရ တော့ ဘူး ဆို ပါ မှ ပို လို ချင် မိ သည်
    ကန့် ့ ကွက် သူ မ ရှိ ပါ မှ တ ကယ် ထောက် ခံ ကြ တာ လား ဆို တာ
    မ သေ ချာ တော ့
    ဘယ် လို ဘဲ ဖြစ် ဖြစ်
    ဘာ ဘဲ ဖြစ် ဖြစ်
    ဘယ် တော့ ဘဲ ဖြစ် ဖြစ်
    ဘယ် ဘ ဝ ဘဲ ဖြစ် ဖြစ်
    ဖေ ဖေ့ သ မီး သာ ဖြစ် ချင် ပါ သည်

  • Ma Ma

    March 21, 2014 at 8:15 am

    ဘဝတွေ ဘဝတွေ မတူကြသလို ခံစားချက်တွေလဲ ကွဲလွဲကြတာကို နားလည်နိုင်ပါတယ်။ 🙁

    လင်နဲ့မယားဆိုတာ အနီးဆုံးသူတွေ ဖြစ်သလို အဝေးဆုံးလူတွေလည်း ဖြစ်နိုင်ကြပေမယ့်…
    သားအဖ သားအမိဆိုတာတွေကတော့ အမြဲတမ်း အနီးဆုံးလူတွေပါပဲ။

    မပြုံးရဲ့ခံစားချက်ကို နားလည်း လည်ပါတယ်။
    စိတ်မကောင်းလည်း ဖြစ်မိပါတယ်။

    ဒီစာကိုဖတ်ပြီး အဖေဆုံးခါနီးအချိန်ကို မြင်ယောင်မိပြီး အဲဒီတုန်းက ခံစားချက်တွေကိုလည်း ပြန်ခံစားမိတယ်။
    😥

    • snow smile

      March 21, 2014 at 9:14 am

      me too Ma Ma & မ ဝင့် ပြုံး မြင့်
      မ ဝင့် ပြုံး မြင့် က စာ က်ို ရင် ဘတ် ထဲ အ ထိ ရောက် အောင် ရေး တတ် သူ

  • weiwei

    March 21, 2014 at 8:29 am

    အဖေနဲ့ ကျွန်မကတော့ ရုပ်ချင်းအင်မတန်တူတယ် .. စိတ်ချင်းလဲ အရမ်းတူပါတယ် …
    ဖေဖေ့ဆီမှာ အားနည်းချက်တွေ အများကြီးရှိခဲ့တာကို ငယ်ငယ်တုန်းက ခွင့်လွှတ်နားလည်ဖို့ မစဉ်းစားခဲ့မိပေမယ့် အခု အသက်ရလာတဲ့အခါမှာတော့ ကိုယ်ချင်းစာပြီး နားလည်သွားတယ် ..
    ကျွန်မက မိဘနဲ့ ပတ်သက်ရင် အရမ်းကံကောင်းပါလားဆိုတာ တခြားသူတွေရဲ့ မိဘနဲ့ပါတ်သက်တဲ့ ခံစားချက်တွေနဲ့ အဖြစ်အပျက်တွေကို များများသိလာတော့မှသာ သိလာတာဖြစ်လို့ အခုအချိန်မှာတော့ ကျွန်မအတွက် မိဘက ပထမဦးစားပေးပါပဲ …

    • ဝင့်ပြုံးမြင့်

      March 22, 2014 at 12:09 am

      မနှင်းပြုံး ၊ မမ၊ မဝေ၊
      အဖေကို ချစ်တဲ့သူတွေမို့ ဘဝမှာ ကံကောင်းတဲ့သူတွေပါ။ အားကျတယ်။ မတို့ကတော့ အချစ်ရယ် အမုန်းရယ် လွန်ဆွဲခဲ့တယ်။ လူတစ်ယောက်ကို ချစ်ရတာလည်းကောင်းတယ်။ မုန်းရတာလည်း ကောင်းတယ်။ ချစ်လည်းချစ်၊ မုန်းလည်းမုန်းရပြီ ဆိုရင် မကောင်းတော့ဘူး။

  • ဘ ဝ ဆို ဆို ဒီ လို ပါ ဘဲ။

    မ တူ ညီ သော ပေါင်း စည်း မူ့ နှစ် ခု အ ကြား မှာ မြေ စာ ပင် မြက် ကေ လး တွေ ရှိ စ မြဲ။

    တ ကယ် တော့ ဘယ် သူ မှာ း တယ် မှန် တယ် ဆို တာ ထက်

    ဘယ် လို ညှိ နိူင်း ပြီး နေကြ မ လဲ ဆို တာ က အဓိက ဆို တာ အ သက်ကြီး မှ သိ လာ ပါ တယ်။

    • ဝင့်ပြုံးမြင့်

      March 22, 2014 at 12:24 am

      အသွင်မတူ အိမ်သူမဖြစ်ဆိုတဲ့ မြန်မာစကား သိပ်မှန်တာပေါ့ လေးပေါက်ရေ။ တကယ်က နှစ်ယောက်စလုံး ပြန်ညီညွတ်ကြဖို့ ကြိုးစားကြသေးတယ်။ ကျမအဖေက အတွေးအခေါ် ခေတ်တစ်ခေတ်စာ စောနေတယ်။ ဥပမာ တစ်ခုပဲ ပြောပြမယ်။ ကျမတို့ ၁ဝတန်းအောင်တော့ မေမေက ကျမတို့ကို စက်ချုပ်သင်တန်းတက်ခိုင်းတယ်။ ဖေဖေကတော့ သမီးတွေအရွယ်ရောက်ပြီ ဆိုပြီး ဘွိုင်းဖရင့်ထားဖို့ သူ့အသိတွေရဲ့ သားတွေကို ခေါ်လာပြီး မိတ်ဆက်ပေးတယ်။ ကျမတို့ကို ရည်းစားများများထားဖို့ ပြောတယ်။ လူတွေမှာ ရွေးချယ်ပိုင်ခွင့် များများရှိဖို့လိုတယ်လို့ပြောတယ်။ ဖေဖေက မြန်မာစာလည်း မဖတ်ဘူး။ မဖတ်တော့ သိပ်မတတ်၊ သိပ်မတတ်တော့ မဖတ်ချင်တာနဲ့ မဖတ်ဘူး။ မြန်မာအတွေးအခေါ်နဲ့ သိပ်ကင်းကွာသွားတယ်။ မေမေကတာ့ ပျို့၊ ကဗျာ ၊ ရတု တွေကို အင်မတန် စိတ်ဝင်စားတယ်။ မြန်မာဆန်ပြီး ကံမကောင်းချင်တော့ ကျမလို ဂွသမားတစ်ယောက် မွေးထားမိတယ်။

  • Wow

    March 21, 2014 at 9:52 am

    မဝင့် အဖေနဲ့ အမေက ချစ်ပီး ယူကြတာ မဟုတ်ဘူးလားဟင်…
    နောက်ပီး
    ၂၀၁၄၊ မတ်လ (၂၂)ရက်။
    ရက်စွဲတတ်တာ လွဲနေလားလို့ ဒီနေ့မ (၂၁) ရက်လေ…. :mrgreen:

    • ဝင့်ပြုံးမြင့်

      March 22, 2014 at 1:07 am

      ကျေးဇူးပါ ဝါးရေ။ ရက်စွဲတပ်တာ မှားနေတယ်။ မပြင်အားတော့ဘူး။ နက်ဖြန် ခရီးထွက်တော့မှာဆိုတော့လေ။

      မတို့ မေမေနဲ့ဖေဖေက ချစ်ပြီးယူခဲ့ကြရုံတင်မကသေး၊ နေနဲ့လ ရွှေနဲ့မြလို့တောင် တင်စားရမယ့်စုံတွဲပါ။ မေမေက သိပ်ယဉ်တယ်။ ခြေမွေးမလောင် လက်မွေးမီးမလောင်နေခဲ့ရတော့ နုဖတ်နေတာပေါ့။ လောကဓံကို ခံစားဖို့ရယ်၊ အိမ်ထောင်ရေးသောကရယ်က သူ့အတွက် သိပ်ဝန်ကြီးတယ်။ မတို့မိသားစု နောက်ကောက်ကျခဲ့ရတာ အဓိကကတော့ လူအင်အားပါ။ လူမရှိဘူး။ အမေက တစ်ယောက်တည်း၊ အဖေကလည်း တစ်ယောက်တည်း၊ လူအင်အားမရှိပါဘူးဆိုမှ မရဲ့ အစ်မက အပျို ကြီးလုပ်လိုက်သေးတယ်။

  • ဦးကျောက်ခဲ

    March 21, 2014 at 10:07 am

    ကျောက်စ်အဖေရဲ့ ဘဝမီးစာက ၁၅မိနစ်အတွင်းငြိမ်းသွားခဲ့လို့ အသုဘတောင်မမီခဲ့ပါဘူး…
    မပြုံးဒယ်ဒီရဲ့ နောက်ဆုံးအချိန် အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်…
    ……..
    မပြုံးမိဘတွေအကြောင်း ဖတ်ရတော့ လူရင်းတွေမို့ ဝေဖန်ကြည့်မယ်နော်…
    ကံကြမ္မာဆိုတာထက် သူတို့တွေ အတော့်ကို စိတ်ကူးယဉ်ခဲ့ကြတာပဲ…
    ဘယ်သူ့အတ္တကြောင့် (သို့) မလွန်ဆန်နိုင်တဲ့ အကြောင်းတွေကြောင့်ပဲ ဆိုဆို…
    စိတ်နေစိတ်ထားချင်း ၊ စရိုက်ချင်း ပြဒါးတလမ်း သံတလမ်း မဖြစ်နိုင်တဲ့ဘဝ ၂ခုကို…
    အလျှော့ပေး ညှိနှိုင်းမှုမရှိပဲ အတင်းပေါင်းစပ်တော့ မပြုံးတို့ မြေစာပင်ဖြစ်တာပေါ့…
    နှောင်းလူတွေအတွက် သင်ခန်းစာယူစရာ အများကြီးလို့ မြင်မိပါတယ်…

    အဲ အဲ… ဘူမိဗေဒကျောင်းသားတွေ တာတေလန်အောင်ဆိုးတယ်ဆိုလို့… အာဟင့်
    အဲသည့် ဆရာကြီးသုံးဦး ဘယ်သူဆိုတာလည်း အသက်အရွယ်နဲ့မှန်းပြီး သိပါတယ်…
    ကျောက်စ်တို့အတွက်တော့ မီးရှူးတန်ဆောင်… ခေါင်းကိုင်ဖခင်ကြီးတွေခင်ဗျ…
    ဟီ ဟိ… မောင်ဘူမိများက ဆိုးချင်လို့မဟုတ်… သမိုင်းအစဉ်အလာကိုထိန်းချင်လို့ပါ…
    မြန်မာ့ဘူမိဗေဒဖခင်ကြီးဆို… ဆို… တော်ပြီ… ကိုယ်ပေါင်ကိုယ်လှန်မထောင်းတော့ဘူး…
    😀

    • ဘရန်းဒက် ကေဇီ

      March 21, 2014 at 10:12 am

      အင်းးး…
      စီအိုင်အေ ကျောက်(စ) က စပ်စရာ ဆွေမျိုးတွေ့ပြန်ပြီ။ :mrgreenn:
      သများက ဖျာပုံ ဆိုလို့ အမျိုးတွေများဖြစ်မလားလို့ အမဝင့်ကို ပြီးမှ တိုးတိုးတိတ်တိတ် မေးမို့။
      ဟင့်! ဖျာပုံ/ကျိုက်လတ် ဘက်မှာ အမျိုးချည်းပဲမို့။
      :hint:

    • ဝင့်ပြုံးမြင့်

      March 22, 2014 at 1:26 am

      ဖေ့ဖေ့ နောက်ဆုံးအချိန်ကတော့ အကောင်းဆုံးပါပဲ ကိုကျောက်စ်ရေ။ သူ့ရဲ့ ကျန်းမာရေးအသိကို ရေးပေးဦးမှ။ သူပြောတာက ဒီလို။ လူတွေအတွက် အစားအသောက်ထက် လေက ပိုအရေးကြီးသတဲ့။ ဘာဖြစ်လို့ဆို စားပြီးရင် ပြန်ထွက်တယ်။ ရှုလိုက်တဲ့လေကတော့ မကောင်းတာတွေ အဆုတ်ထဲမှာ ကျန်ခဲ့တယ်။ ပြန်မထွက်ဘူး။ ဒါကြောင့် အသက်ရှုတာကို ဂရုပိုစိုက်သင့်တယ်ပေါ့လေ။ ဖေဖေ က ဆေးလိပ် လုံးဝမသောက်ဘူး။ အသက် ၆ဝကျော်ထိ တင်းနစ်ရိုက်တယ်။ အသက် ၈ဝကျော်ထိ မနက်တိုင်း လမ်းလျှောက်တယ်။ မကောင်းတဲ့အနံ့အသက် လုံးဝ မရှုဘူး။ ဖုန်မရှုမိအောင် အမြဲဂရုစိုက်တယ်။ ကိုယ်လက်လှုပ်ရှား အမြဲလုပ်တယ်။ ဝီစကီ နည်းနည်း နေ့တိုင်းသောက်တယ်။ ခု ဆုံးကာနီးမှာလည်း ရောဂါ မယ်မယ်ရရ မရှိဘူး။ အဖျားနည်းနည်းတက်တယ်။ သူများတွေလို နှာခေါင်းမှာ ပိုက်တွေတပ်ရတာမျိုး မရှိဘူး။ ၂ပတ်လောက် အိပ်ယာထဲမှာပဲ နေပြီး အိပ်ပျော်ရင်းဆုံးသွားတယ်။

  • TNA

    March 21, 2014 at 9:29 pm

    ရင်ဘတ်ကြီးနဲ့ဖတ်သွားပါတယ် အမရေ။ ဘာပြောရမှန်းမသိလို့ ဘာမှမပြောတော့ပါဘူး။

  • padonmar

    March 21, 2014 at 11:52 pm

    ပြုံးရေ
    တခါတုံးကလည်း ဒီအကြောင်း အရိပ်အမြွက်ရေးဖူးတယ်နော်.
    ဒါကြောင့်လည်း လက်မထပ်ခင် လေ့လာဖို့ဖက်က ရေးတာကိုး။
    အိမ်ထောင်ရေးဆိုတာ ထီထိုးသလိုလို့ ပြောကြတာပဲ။
    (ဒါေ့ကြာင့် ထီထိုးရတာ ဝါသနာမပါတာ)
    အဒေါ်ရင်းလို ချစ်ရတဲ့ ဦးလေးမိန်းမက ပြောဖူးတယ်။
    ငါကြိုက်လို့ ယူခဲ့တုံးက အားကစားသမားကျားကျားယားယားကြီးပါ၊
    ငါ့လက်ထဲ ရောက်မှ ဆီးချိုရောဂါသည် ဖြစ်ပြီး ဆေးကုပေးနေရတာ ငါ့ကံပေါ့တဲ့။
    (ဦးလေးက ဆီးချို ရောဂါနဲ့ ဆေးဖိုးကို မနည်းကုန်တာ။အဒေါ်က ဈေးရောင်းပြီး တဖက်တလမ်းက ရှာနေရတယ်။ဒီကြားထဲ ဦးလေးက နိုင်ချင်သေးတယ်၊သူ့အနားက လက်ဖက်ရည်အိုးကိုတောင် အဝေးက မိန်းမကို လာငှဲ့ခိုင်းတာ။ အဒေါ်ကလည်း ချစ်တော့ သည်းခံရှာတာပဲ၊တူမတွေကသာ စပ်မှတော်တဲ့ အဒေါ်ဖက်က နာမိတာ။)
    ဆိုလိုချင်တာကတော့ သည်းခံနိုင်ကြဖို့ပဲ လိုပါတယ်လို့။
    ပြုံးအဖေပေါ်လည်း မေတ္တာမပျက်အောင် ကြိုးစားပါနော်။
    အဖေဟာ ပြုံးတို့ပေါ်တော့ ချစ်ရှာမှာပါ။

  • ဝင့်ပြုံးမြင့်

    March 22, 2014 at 1:48 am

    လက်မထပ်ခင် လေ့လာဖို့က နည်းစနစ်မှန်ဖို့ လိုပါတယ် အန်တီမာရေ။ ကထူးဆန်းပို့စ်ထဲမှာ အန်တီမာရဲ့ ကွန်မင့်ကို ဒီနေရာမှာ စောဒကတက်ချင်ပါတယ်။ ကွန်မင့်ထဲမှာ ရေးတာက တစ်မိသားနဲ့ တစ်မိသမီး အိမ်ထောင်ပြု ကြပြီး အနည်းဆုံး တစ်နှစ်လောက်နေပြီးမှ သားသမီးယူကြဖို့ အန်တီမာ ရေးခဲ့တယ်။ အဲဒါ နည်းနည်းလွဲနေတယ်ထင်တာပါပဲ။ ရုတ်တရက်ဆိုရင်တော့ ဒါဟာ မှန်သလိုပဲ။ တကယ်က မမှန်ဘူး။ ချစ်သူဘဝမှာ အလွှာတစ်ချပ်ခြားနေတယ်။ အတည်ယူလိုက်ကြပြီးရင် အဲဒီအလွှာ ကွာကျသွားတယ်။ အဲဒီအခါ လင်မယားကွဲမှာစိုးလို့ သားသမီးမြန်မြန်ယူလိုက်ကြတယ်။ အဲဒီမှာ ပိုမှားသွားတာ။ လက်တွေ့မှာ သားသမီးကြောင့် အိမ်ထောင်မြဲတယ်ဆိုတာ ဒီခေတ်မှာ သိပ်မရှိချင်တော့ဘူး။ အတည်ကြီးယူလိုက်ပြီဆိုတော့ နောက်ဆုတ်ဖို့မလွယ်တော့လို့ ရှေ့ကို ပိုတိုးတယ်။ အဲဒီမှာ မှားတာ။
    – ခက်တာက အန်တီမာကလည်း အပျို ကြီးဆိုတော့ အဲဒီ ရည်းစားသနာကိစ္စ အကြောင်း မသိနိုင်လောက်ဘူး။

    ကျမ မေမေနဲ့ဖေဖေ သာ LT နေခဲ့ရင် တစ်လအတွင်းကွဲတယ်။ သိပ်သေချာတာပေါ့။ ခုတော့ နှစ်ယောက်စလုံး ဘဝတန်ဖိုး ဆုံးရှုံးသွားတယ်။

    ပြီးတော့ ဖေဖေ့တူမရဲ့ အိမ်ထောင်ရေးပြိုကွဲမှုကလည်း ကြောက်စရာကောင်းတယ်။ ရှည်မှာစိုးလို့ ပို့စ်ထဲ ထည့်မရေးတာ။ အေးမူ လို့ခေါ်တဲ့ သူ့မြေးမလေး သတ်သေသွားတာ သူဘယ်လောက်ခံစားရမလဲ ဆိုတာ ကျမ အသက်ကြီးမှ ဖေဖေ့ကို ကိုယ်ချင်းစာလို့ရတယ်။ အငယ်ကောင်လေးက ဘဝဇာတ်သိမ်းပိုဆိုးတယ်။ အမလုပ်တဲ့လူ ဆိပ်ခံကနေ ခုန်ဆင်းသွားတာကို တစ်ယောက်ကမြင်လိုက်ပြီး အုတ်အော်သောင်းတင်းနဲ့ ညတွင်းချင်း မြစ်ထဲရှာကြတယ်။ မတွေ့ဘူး။ မိုးလင်းမှ အလောင်းပေါ်တယ်။ အဲဒီအလောင်းကို ဓာတ်ပုံတွေ ရိုက်ကြတော့ ကောင်လေးလက်ထဲကို အဲဒီဓာတ်ပုံ ၃-၄ပုံလောက် ဘယ်လိုရောက်သွားလဲ မသိဘူး။ ကောင်လေးကို သူ့အမေက အညာဘက်ခေါ်သွားတယ်။ ကောင်လေးက ညညဆို (သန်းကောင်ချိန်လောက်မှာ) အိပ်ယာကထပြီး သူ့အမ ဓာတ်ပုံတွေ ထုတ်ထုတ်ပြီးကြည့်နေရောတဲ့။ ဓာတ်ပုံတွေကို သူ့အမေက ဘယ်လိုတောင်းတောင်း မပေးဘူး။ ကောင်လေးကို ပယောဂဆရာတွေနဲ့ကုတာ မရ၊ နောက်ဆုံး ကျမ အဖေဆီရောက်လာပြီး တံတားကလေး စိတ်ဆေးရုံမှာ ကုတယ်။ ပုံမှန်ဖြစ်သွားပြီး သူ့အမေက အညာပြန်ခေါ်သွား၊ ၆လလောက်ကြာတော့ ကောင်လေးဟာ သူ့အစ်မလိုပဲ မြစ်ထဲ ခုန်ဆင်းသတ်သေသွားခဲ့တယ်။

  • ဖြူစိုင်း လူ

    March 22, 2014 at 8:07 am

    ဆရာမခင်ဗျာ….

    ဇာတ်လမ်းကို အစလေးဖတ်လိုက်တာ အဆုံးထိရောက်သွားပါတယ်
    သက်ပြင်းမောကြီးတစ်ချက်ချပြီး သူများတွေအမြင်၊ ဆရာမတုန့်ပြန်မှုတွေကို လိုက်ဖတ်ရာကနေ အပြန်အလှန် ဆွေးနွေးနေကြတဲ့ အပြုသဘောဆောင်၊ ရင်ဖွင့် ဖြေသာစရာရှာနေတဲ့ စကားဝိုင်းလေးကို မြင်လိုက်ရပါတယ်။ ဘယ်သူ့မှ ပုတ်ခတ်မှုတစ်ခုမှ မတွေ့ပါ။

    ဒါပေမယ့် ခုလေးတင်ထိ

    ဆရာမပြောထားသမျှတိုင်း ရည်ရွယ်ချက်ရှိရှိ လိုက်ပြီးနီပေးနေတာကို သတိပြုမိလို့ အစိမ်းဖြစ်အောင် မလုပ်နိုင်ပေမယ့် အနီတွေပျောက်သွားအောင် လုပ်ပေးခဲ့ပါတယ်။

    ဘယ်လိုပဲဆိုဆိုလေ ရင်ဘတ်နဲ့ ရေးထားသူတစ်ယောက်အတွက် အနီရောင်မြင်တိုင်း သွေးတွေ ပွက်ပွက်ဆူ၊ ဒေါသတွေ ထွက်မိမှာပါ။ ရင့်ကျက်သူဆိုတောင် စိတ်မကောင်းတော့ ဖြစ်မိမှာပဲ။

    ငါဘာများမှားသွားလဲလို့

    ကျွန်တော်လဲ တွေးစရာ၊ ရေးစရာလေးတစ်ခုရှိသွားပါတယ်။

    ဖခင်တစ်ယောက်ဆုံးရှူံးသွားတဲ့ဆရာမအတွက် ထပ်တူထပ်မျှ ခံစားရပါကြောင်း။

    စိုင်းကွမ်းခေး
    (ခေတ္တလူ့ပြည်)

  • kai

    March 22, 2014 at 11:46 am

    စာတွေဟာ.. ဘဝရဲ့လက်တွေ့..ကိုယ်တွေ့ကလာတဲ့အသိ..အတွေးတွေမို့.. ကိုယ့်ကိုယ်တိုင်ရဲ့လက်တွေ့ဘဝတွေနဲ့ပေါင်းပြီး.. သေသေချာချာ ပြန်လှန်တွေးနေမိပါတယ်…

    မြန်မာပြည်မယ်.. ဆရာမမပြုံးလိုလူ..။ ဆရာမဂျူးလိုလူတွေ…တော်တော်လိုပါတယ်..။ :mrgreen:

  • ဦးကြောင်ကြီး

    March 22, 2014 at 1:22 pm

    အနော့်အဖေလည်း တေသွားတာ ကြာခဲ့ပီ.. ပေါဆရာဒွေ မားဂျီးဗဲ… ဒါဗေမဲ့ ပေါဗူး..

  • snow smile

    March 22, 2014 at 1:51 pm

    ဖေ ဖေ နဲ့ ကျွန် မ နဲ့ အ ပြန် အ လှန်
    မ ကျေ နပ် မှု ့ တွေ နား မ လည် မှူ ့ တွေ
    အ ပြည့် နဲ့ နှစ် ပေါင်း များ စွာ နေ ခဲ့ ကြ တယ်
    နောက် ဆုံး အ ချိန် ကျ မှ
    ကျွန် မ တို ့ သား အ ဖ တွေ တသား တည်း ဖြစ် သွား
    ခဲ့ ကြ တာ
    မ ဝင့် ပြုံး မြင့် ပြော တာ တွေ ကျွန် မ ခံစား မိ ပါ တယ်
    အဲ့ ဒီ နား လည် မှု ့ ရ ခဲ့ တဲ့ အ ချိန် သာ မ ရှိ ခဲ့ ဘူး ဆို ရင်
    ကျွန် မ လဲ ဒီ လို ပါ ဘဲ
    ထပ် တူ ထပ် မျှ ပါ

  • ရဲစည်

    March 23, 2014 at 1:15 pm

    ဖခင် ဆုံးသွားခဲ့တယ် ဆိုတာကြောင့် ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်။

    “ဘဝကို ဖြတ်ကျော်ရတဲ့ အသက်အရွယ်၊ မိသားစု၊ အခြေအနေတွေ မတူညီတာမို့ အယူအဆ အတွေးမတော့ ဘာမျှ မငြင်းခုံလို”

    လောကဓံက အနိမ့်အမြင့် အတက်အကျမို့ ခံစားချက်နဲ့ထပ်တူကျချိန် အယူအဆပြောင်းလဲ တတ်တယ်လို့ အဖေကပြောဖူးတယ်။ အဲဒီတော့ ခုနောက်ပိုင်း မျှခြေနဲ့ပဲ ကိုယ့်ဘဝလမ်းကို လျှောက်နေလေရဲ့ ………

  • ကျော်စွာခေါင်

    March 23, 2014 at 6:01 pm

    မျှစ်ကြော် ( မပြုံး)
    မျှစ်ကြော် အဖေအတွက် ကောင်းရာသုဂတိလားပါစေလို ့ ဆုတောင်းပေးပါတယ်.။
    ဒီပို ့စ်ကို ရေးလိုက်တဲ့အခါမှ မျှစ်ကြော် ခံစားချက်ကို ပိုသိလာတယ်..
    အရင်ကတည်းက မျှစ်ကြော်စာတွေ ဖတ်တိုင်း အယူအဆ လေးတွေ မတူတာ ..ပြောပုံဆိုပုံ မတူတာ သတိထားမိတယ်..။
    ဘဝဆိုတာကြီးကို မိသားစုကိစ္စအတွင်းရေးကို ဘေးက ထိုင်ကြည့်နေခဲ့ရတဲ့ မျှစ်ကြော်အဘို ့ ခါးသီးနေမှာဘဲ မျှစ်ကြော်..။

    ..“ လူ့ဘဝဆိုတာ ကံကြမ္မာက ကြိုတင်ပြဌာန်းထားပြီးသားလေလား။ ဒါမှမဟုတ် ဘဝနေထိုင်မှု နည်းစနစ်ကသာ အခရာ ကျတာများလား။ ဖေဖေ့ရဲ့ ဘဝဇာတ်ကြောင်းကတော့ ဒီလိုပဲ ရောက်လာ ထွက်သွား ဘာမှတန်ဖိုးသိပ်မရှိတဲ့ ဘဝတစ်ခုအနေနဲ့သာ ပြီးပျောက်သွားရတော့မှာပါလား။ ..”
    ဒီလို အတွေးမျိုးကို ကျနော်လဲ တွေးဘူးတယ်..
    မိသားစု အဖြစ်အပျက်တွေက တော်တော်တူနေတာ အံ့ဩမိတယ်…
    ကျနော့် မာမီက တောင်ငူက သိပ်ချမ်းသာတဲ့ ရွှေဆိုင်ပိုင်ရှင်ရဲ ့ တစ်ဦးတည်းသော သမီး..။
    တောင်ငူမြို ့မှာ အဘိုးပိုင်တဲ့ တိုက်တွေ ကုန်ဆိုင်တန်းတွေ လက်ညိုးထိုးမလွဲဘူး..အဆင့်မြင့်ကျောင်းတက်ခဲ့ပုံရတယ်..
    ကျနော်ငယ်ငယ်က ကျနော်တို ့မြို ့ကို တိုးရစ်တွေ ဘာတွေလာလို ့ မဖြစ်မနေဆိုရင် မာမီက ဘိုလိုဘဲ ပြောတယ်..
    ဧည့်သည်လာလို ့ အိမ်မှာ သောက်ပွဲလုပ်ရင် ဘက်စ် ၆၉ တို ့ ရက်စ်ဘာယ်ရီတို ့မှ မာမီက သောက်တာ…
    အဲ လောက် အဆင့်မြင့်တဲ့ အမျိုးသမီးက ပျဉ်းမနားက ဧည့်ခံပွဲသွားရင်း ဗိုလ်မှုးကြီး တစ်ဦးရဲ ့ ဘော်ဒီဂတ် အဖေနဲ ့ချစ်မိသွားတာ
    …..
    ပြီးတော့ ..အိမ်ထောင်ပြုလိုက်တယ်..
    သိပ် သနားစရာ ကောင်းတဲ့ အမျိုးသမီးဘဲ…သူ ့ဘဝတစ်ခုလုံး သေသွားခဲ့တယ်…
    သူ ့( မာမီ) ကို ကျနော် ငယ်ကတည်းက ကျိတ်ငိုနေတာနဲ ့ ဗြောင်ကျကျ ငိုတာ ဘဲကွာတယ်…
    ကိုယ့်အမေအတွက် နာကျင်လွန်းတော့ ကျနော်က အဖေ့ကို တော်လှန်တဲ ့ မိသားစု သူပုန်ဖြစ်လာတော့တာပေါ့…
    အံ့ဩစရာကောင်းတာကတော့ မာမီက ကျနော့်ကို သိပ်မချစ်ဘူးဗျ…
    သူချစ်တာက အဖေ့ရဲ ့ လက်သပ်မွေးထားတဲ့ စပိုင် ကျနော့်အထက်က အကို ကို ချစ်တာ…။
    အဲမှာ မျှစ်ကြော်ပြောသလို ဘဝဆိုတာ ပုံစံချပြီးသားလားလို ့ ငယ်ကတည်းက တွေးတာ…။
    မာမီဆိုလဲ ပညာတတ်ဖြစ်ပြီး အချစ်မှာ ကန်းခဲ့တယ်.. ဆုံးဖြတ်ချက်မှားခဲ့တယ်..
    မယူခင် လေ့လာသင့်တယ် ဆိုတာတော့ ထောက်ခံပါတယ်..
    ခုချိန်ထိ မာမီက မြိုသိပ်တုန်း ငိုနေတုန်းပါဘဲ…။
    မျှစ်ကြော်ကို ပိုပြီး ကိုယ်ချင်းစာသလို ပိုပြီး ခင်မင်မိပါတယ်..
    ဒါပေမယ့် လူမိုက် ..လူမိုက်လို ့တော့ ခဏခဏ မပြောပါနဲ ့လေ…
    အဲဒါကို ခဏခဏကြားတော့ …ဒီက လူမိုက်ခေါင်က ဂိုဏ်းဖွဲ ့ချင်စိတ် ဖြစ်ဖြစ်လာလို ့….။

  • kyeemite

    March 24, 2014 at 12:00 pm

    ကျုပ်အဖေ မနှစ်က ဆုံးပါတယ်…ကျုပ်အတွက်တော့ အဖေဟာ အမြဲစံပြဖြစ်ခဲ့ပါရဲ့..
    မှတ်မှတ်ရရ တစ်သက်မှာတစ်ခါပဲ အဖေနဲ့အမေရန်ဖြစ်တာတွေ့ဖူးတယ်…
    တစ်ခါဆို ဆိုသလောက် အကြီးအကျယ်ပါပဲ…အဖေက နှစ်လုံးပြူးသေနပ်နဲ့ ပစ်တော့မလို့
    သူ့ဆရာ ရောက်လာပြီးဆွဲလို့ တော်သေးတယ်…ဘာကြောင့်ဒီလောက်တောင်ပေါက်ကွဲရတာလည်းတော့
    ငယ်သေးလို့မသိခဲ့ပါဘူး…မသေခင်မေးလည်းမမေးလိုက်မိဘူး….
    ဆရာမ အဖေအတွက် ကောင်းရာသုဂတိလားပါစေလို ့ ဆုတောင်းပေးပါတယ်.။

  • ဆုမြတ်မိုး

    October 24, 2014 at 8:23 am

    လောကကြီးရဲ့ ဆန်းကြယ်မှု ဘဝအလှည့်အပြောင်းတွေက ဝတ္တုတွေထဲကထက်အဆမတန်ပိုပါတယ်နော်..။

    ပိုစ့်လေးတွေကိုစောင့်ဖတ်နေသလို….ဆရာမအဖေအတွက်လည်းဆုတောင်းပေးပါတယ် ။
    ဆရာမစာတွေကိုဟိုးအရင်တည်းကနေဖတ်ဖူးပါတယ် ။ အမြဲလည်းနှစ်သက်ပါတယ် ။ ဒီဇာတ်လမ်းလေးကိုဖြစ်နိုင်ရင် အရှည်ရေးပေးပါလို့ ။ ဖြစ်ရပ်မှန်ကိုအခြေတည်တဲ့ဇာတ်လမ်းတွေကိုရေးရတာ ဒိုင်ယာရီကိုပြန်လှန်ရသလို စိတ်နာစရာတွေ ၊ စိတ်ညစ်စရာတွေကောင်းပေမယ့် အတွေ့အကြုံတစ်ခု ၊ အသိတရားတစ်ခု ရသတစ်ခုပေးနုိုင်တာမို့……….ဇာတ်လမ်းအရှည်ရေးဖို့တောင်းဆိုတာပါ ..။

    ချစ်ခင်လျက်
    ဆုမြတ်

Leave a Reply