ခိုးခံလိုက်ရတဲ့ အချိန်လေးတွေ

မြသဲ ( 17082011 )April 7, 20141min22838

အခုတလော ပြောချင်နေတဲ့အကြောင်းလေးရှိနေပါတယ်။ ပြောချင်တာကတော့ ကလေးတွေရဲ့အချိန်ခိုးခံ နေရတယ်ဆိုတဲ့အကြောင်းလေးပါပဲ။ ခိုးယူသူတွေကတော့ ကလေးတွေရဲ့မိဘတွေကိုယ်တိုင်ပဲဖြစ်နေပါတယ်။ :cryy:

ကျွန်မတို့ငယ်ငယ်တုန်းက ကျောင်းဆိုတာ တခုတည်းပဲရှိခဲ့ပါတယ်။ အစိုးရကျောင်းပေါ့။ အပြင်ကျောင်းဆိုတာ အိပ်မက်တောင်မမက်ဖူးပါဘူး။ အဲဒီအစိုး ရကျောင်းမှာတက်နေတာဟာ အရမ်းကိုပျော်စရာကောင်းပါတယ်။ စိတ်ဖိစီးမှု့ဆိုတာကလေးနဲ့မဆိုင်ပါဘူး။ ကလေးဆိုတာလွတ်လပ်ပျော်ရွှင်ရမယ်ဆိုတဲ့ လူကြီးမိဘဆရာသမားတွေရဲ့ခံယူချက်နဲ့ လွတ်လွတ်လပ်လပ် အပူအပင်ကင်းကင်းကြီးပြင်းခဲ့ရပါတယ်။ မနက်ကျောင်းသွားရင်လဲ လူကြီးမပါပါဘူး။ နီးစပ်ရာ အိမ်နီးချင်းတွေစုပြီးလမ်းလျှောက်ကျောင်းသွားကြပါတယ်။ လမ်းမှာထင်ရာမြင်ရာဆော့ရင်း ( အင်္ကျ ီအဖြူပေမစိုးလို့ အရမ်းတော့မကမြင်းရဲပါဘူး ) ကျောင်းကိုရောက် အောင်သွားကြပါတယ်။ အဲကျောင်းဆင်းပြီဆိုရင်တော့ အိမ်ကိုခွင့်တောင်းခဲ့တဲ့နေ့ဆိုရင်အိမ်မပြန်ပါဘူး။ ကျောင်းမှာပဲ လွယ်အိပ်ကလေးဘေးချလု့ိဆော့ကြပါတယ်။ ခွင့်မတောင်းခဲ့တဲ့နေ့ဆိုလဲ ပြန်ရင်းလမ်းတလျှောက်ဆော့သွားပါတယ်။ ပွဲဈေးရှိရင်လဲ တဆိုင်ဝင်တဆိုင်ထွက် ဝယ်ခြမ်းစားသောက်ပြီးမှပြန်ပါတယ်။ ဘာမှမရှိတဲ့နေ့ဆိုရင်တော့ အိမ်ရောက်တာနဲ့ လွယ်အိပ်ကလေးဘုန်းဆိုချ၊ အိမ်နားကကလေးတွေနဲ့ ဆော့ပါ တယ်။ အေးတဲ့ဒေသဆိုတော့ ကျောင်းဆင်းရင်ရေချိုးစရာမလိုပါဘူး။ :mrgreen: နောက်ညစာစားပြီးမှ ကျောင်းကအိမ်စာလုပ်၊ စာကျက်ပါတယ်။ စနေတနင်္ဂနွေလဲထိုနည်းလည်းကောင်းဆော့ပါတယ်။ သောကြာညနေကတဲက စာအုပ်တွေပစ်ထားလိုက်တာ တနင်္ဂနွေညနေမှ အိမ်စာလုပ်စာကျက်ပါတယ်။ ကျူရှင်၊ သင်တန်း ဘာမှမရှိပါဘူး။ ကျောင်းကလဲ စာတွေကိုသေချာသင်သမို့ အားလုံးနားလည်လိုက်နိုင်ပါတယ်။ အဆင့်ဆိုလဲ တစ်၊ နှစ်၊ သုံး အမြဲဝင်ပါတယ်။ မိဘတွေကလဲ အပြိုင်အဆိုင်မရှိပါဘူး။ အဲနွေသုံးလဆိုလို့ကတော့ ဒီနေ့စာမေးပွဲပြီး နောက်နေ့စာအုပ်တွေပေးပစ်ပြီးတော့ တော ထဲတောင်ထဲဝင်ဆော့လိုက်တာ။ သုံးလနဲတယ်တောင်အောက်မေ့ပါတယ်။ :p: မေလနောက်ဆုံးပါတ်လောက်မှ ကျောင်းတက်ဖို့ပြင်ဆင်ပါတယ်။ စာအုပ်ဝယ်တာ၊ အင်္ကျ ီဝယ်တာ အစရှိသဖြင့်ပေါ့။ စာဆိုတာကြိုသင်ရကောင်းမှန်းလဲမသိခဲ့ပါဘူး။ ဒါကတော့ ကျွန်မတို့ငယ်ဘဝပါ။ ကျူရှင်ဆိုတာကတော့ ကိုးတန်းရောက်မှ စယူဖြစ်တာပါ။ ငယ်တုန်းက ကျူရှင်ယူတဲ့ကျောင်းသား၊ ကျူရှင်သင်တဲ့ဆရာ၊ ဆရာမတွေဟာ ကျောင်းမှာအင်မတန်မျက်နှာငယ်ပါတယ်။ ဒါကတော့ ဟိုးအရင်ကလေးတွေရဲ့ပုံရိပ်တချို့ပါ။ အဲတုန်းက ကလေးအားလုံးနီးပါးတူလိမ့်မယ်လို့လဲထင်မိပါတယ်။ :kwi:

အခုတလောပါတ်ဝန်းကျင်မှာကြားနေမြင်နေရတာတွေကတော့ စိတ်ချမ်းသာစရာတခုမှမရှိဘူးလို့ခံစားနေရပါတယ်။ အခုခေတ်မှာတော့ မိဘတွေရဲ့ပြိုင် ဆိုင်မှု့၊ လောဘတွေ၊ သားသမီးတွေအပေါ်ဖြစ်လိုဇောတွေက ကလေးတွေရဲ့ ငယ်ဘဝ၊ ကိုယ်ပိုင်အချိန်၊ ကလေးဘဝတွေကိုခိုးယူနေသလိုခံစားနေမိပါတယ်။ မှားနေကြ တယ်လို့လဲမြင်မိပါတယ်။ ယခုခေတ်ကလေးတော်တော်များများ၊ အထူးသဖြင့် အစိုးရကျောင်းတက်တဲ့ ကလေးအတော်များများ ( နာမည် ကြီးကျောင်းတွင်တက်ပြီး တတ်နိုင်သောမိဘများ၏သားသမီးများ နှင့် နယ်ကတတ်နိုင်သောမိဘများ၏သားသမီးများ ) အားလပ်ချိန်လုံးဝ မရှိတာကိုတွေ့နေ ရပါတယ်။ လက်လှမ်းမှီသလောက် သိထားတာလေးပြောပြချင်ပါတယ်။ 🙁

မူလတန်းနဲ့ အလယ်တန်းကျောင်းသူားလေးတွေအချိန်စာရင်းပါ။

ကျောင်းဖွင့်ရက်တွေမှာ

ကလေးတွေ မနက်စောစောထရပါတယ်။ တချို့ကလေးတွေက မနက်ခင်းကျူရှင်ရှိပါသေးတယ်။ ကျူရှင်ကမှကျောင်းကိုကူးရပါတယ်။ ညနေကျောင်း ဆင်းရင် ကျောင်းကအတန်းပိုင်ကျူရှင်တက်ရ ပါသေးတယ်။ ပြီးမှအိမ်ပြန်၊ ရေမိုးချိုး၊ ထမင်းစားပြီးရင် အိမ်ကျူရှင်ဆရာမလာပါတယ်။ အိမ်ကျူရှင်ဆရာမ ပြန်ရင်ခဏနားပြီး ဆရာမပေးခဲ့တဲ့စာတွေ အိမ်စာလုပ်ရပါတယ်။ အဲ့ကလေးအိပ်ချိန်ဟာ ၁ဝ နာရီထက်မစောပါဘူး။ တချို့ကလေးတွေက ကြားရက်နှစ်ရက်မှာ ကြားဖြတ်သင်တန်းလေးတွေရှိတတ်ပါသေးတယ်။ အဲဒါဆိုရင်တော့ ကလေးတွေအိမ်ပြန်ရောက်ချိန်ဟာ ကိုးနာရီထက်မစောတော့ပါဘူး။ အိမ်ရောက်ရင်စာထပ်ကျက်ရပါသေးတယ်။ အဲ့ရက်တွေကတော့ အိပ်ချိန် ၁၁ နာရီထက်မစောပါဘူး။ ဒါကကျောင်းဖွင့်ရက်။ ( ကျွန်မအသိတယောက် ဆိုရင်လဲ ကျွန်မတို့ ညနေဆိုင်ထိုင်ကြဖို့လှမ်းခေါ်လိုက်တော့ သူတို့လင်မယားရောက်လာပါတယ်။ သားကိုတော့ ညကိုးနာရီမှကြိုရမဲ့အကြောင်းပြောပါတယ်။ ညကိုးနာရီကျတော့ သွားကြိုလာပါတယ်။ ဆိုင်ကိုပြန်လာပြီးတော့ အိမ်ရောက်ရင်ကလေးက စာကျက်ရအုံးမှာမို့တဲ့ဆိုပြီး ကိုးနာရီခွဲလောက်ပြန်သွားပါတယ်။ အဲကလေးအိမ်ရောက်လို့စာကျက်ပြီး ရင်အိပ်ချိန်ဘယ်လောက်ဖြစ်သွားမလဲမတွေးတော့ပါဘူး။ အဲဒါမနက်ကတဲကကျောင်းသွားရာက ခုချိန်ထိအိမ်မပြန်ရသေး တဲ့ကလေးပါ )

စနေတနင်္ဂနွေ

မနက်အစောထရပါတယ်ကလေးတွေ။ ( ကျွန်မတို့တုန်းက နေဖင်ထိုးအောင်အိပ်ပါတယ် )။ 😀 ပြီးရင် အင်္ဂလိပ်ကျောင်းသွားရပါတယ်။ နေ့ခင်းကို ကားပေါ်မှာ ထမင်းစားရပါတယ်။ ပြီးရင် ကျောင်းတခုထပ်ပို့ပါတယ်။ ( ကွန်ပြူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ အင်္ဂလိပ်လိုသင်တဲ့ သချင်္ာသင် တန်း၊ ကျောင်းကျူရှင် ) အစရှိသဖြင့် ပို့ပါတယ်။ အဲ့ဒီပိတ်ရက်တွေမှာလဲ ကလေးတွေအိပ်ပြန်ချိန်ဟာ အမြဲတန်း ညနေစောင်းနဲ့ ညဦးပိုင်းပဲဖြစ်နေတတ် ပါတယ်။ အဲဒါကတော့ ကျောင်းဖွင့်ချိန် ဇွန်လမှ ဖေဖေါ်ဝါရီလထိ ကလေးအချို့ရဲ့အချိန်ဇယားပါ။

အဲထဲမှာဆော့ချိန်မတွေ့မိပါဘူး။ ကလေးတွေရဲ့ကိုယ်ပိုင်ချိန်ရှာမရပါဘူး။ ရှားရှားပါးပါး အားတဲ့အချိန် လေးတွေရှိရင် ဘာလုပ်နေသလဲလို့မေးလိုက်တော့ ဂိမ်းဆော့တယ်၊ ကာတွန်းကြည့်တယ်တဲ့။ ကိုယ်လက် လှုပ်ရှားကတော့ ရေကူးသင်တန်းပို့တဲ့မိဘတွေရှိပါတယ်။ အနဲစုပေါ့။ :p:

နွေရာသီသုံးလပိတ်ရက်

ဟုတ်ကဲ့။ ကလေးတွေ အချိန်စာရင်းအပြည့်ပါပဲ။ သင်တန်း၊ သင်တန်း၊ သင်တန်းတွေဟာ ကျောင်းဖွင့်တုန်းကတဲကအတိုင်းပါပဲ။ ကျောင်းတက်ချိန်မှာ မတက်ရလို့ အချိန်ပိုလာမယ်မထင်ပါနဲ့။ နောက်နှစ်အတွက် စာကြိုသင်နေရပါသတဲ့။ သချင်္ာကျူရှင်၊ အင်္ဂလိပ်စာကျူရှင်၊ ကျက်စာကျူရှင် တွေပါတဲ့။ နောက် အရင်တက်မြဲ ဘီစီ၊ အင်္ဂလိပ်စာသင်တန်း၊ ကွန်ပြူတာသင်တန်း၊ အင်္ဂလိပ်လိုသင်တဲ့ သချင်္ာသင်တန်း၊ သင်တန်း၊ သင်တန်း၊ သင်တန်းပေါင်းများစွာဟာ လဲ နွေသုံးလကိုမလောက်ပါဘူးတဲ့။ ကလေးတွေကိုယ်ပိုင်အချိန်ဟာ နှစ်ပါတ်လည်သွားတာတောင်ကျွန်မရှာမတွေ့ခဲ့မိပါဘူး။

ခေတ်စနစ်ရဲ့တောင်းဆိုမှု့ ကြောင့်လုပ်ရတယ်ဆိုရင် အဲခေတ်စနစ်ရောက်အောင်ဘယ်သူတွန်းပို့ခဲ့တာ လဲလို့မမေးချင်တော့ပါဘူး။ မေးလိုက်ရင် ရွှေသမင် ဘယ်ကထွက်ဆိုတဲ့မေးခွန်းနဲ့ အတူတူပဲဖြစ်တော့မှာမို့ပါ။ မိဘတွေရဲ့ အတွေးအမြင်တွေမပြောင်းလဲနိုင်သမျှတော့ ဒီလိုပြသနာတွေထဲမှာ ကလေးတွေဟာ စတေးခံနေရမှာပဲလို့ထင်မိပါတယ်။

ဒါကတော့ ကျွန်မတယောက်ထဲရဲ့ ကိုယ်ပိုင်အမြင်ဖြစ်ပါတယ်။ အစိုးရပညာရေးရဲ့မှားယွင်းမှု့၊ ပြဋ္ဌာန်းစာအုပ်တွေ၊ ခေတ်မမှီတော့တဲ့ သင်ရိုးညွှန်းတမ်း၊ သင်ကြားနည်းစနစ်မှားယွင်းမှု့ တွေကိုမဝေဖန်လိုသေးပါဘူး။ မိဘတွေရဲ့မှားယွင်းနေတဲ့ လောဘတွေကို ပြောပြချင်တာပါ။ ကိုယ့်ကလေးကို အကောင်း ဆုံးဖြစ်စေချင်တာ မိဘတိုင်းပါပဲ။ အဲဒီအကောင်းဆုံးဆိုတာကို ဘာလဲဆိုတာသေချာခွဲခြားစိတ်ဖြာပြီး အခုလက်ရှိပညာရေးကို တွန်းလှန်ပစ်ဖို့ လိုပါတယ်။ ကလေးတွေခေတ်မှီပညာရေးစနစ်ကို ကျောင်းမှာပဲရရှိနိုင်ရေး၊ ကိုယ်ပိုင်အချိန်ရရှိရေး၊ ကျောင်းမှာပဲ ကလေးအားလုံးသာတူညီမျှအခွင့်အရေးရရှိရေး၊ ကလေးလွတ်လပ်ခွင့်၊ ကိုယ်ပိုင်အချိန်တွေအတွက် မိဘတွေဟာ ဒီထုံးတန်းစဉ်လာကိုစုပေါင်းတိုက်ဖျက်လိုက်မယ်ဆိုရင် ငါတကောကောနေတဲ့ ပညာရေးအစိုးရနဲ့ ကျောင်းက ဆရာ၊ ဆရာမတွေဟာ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တာကိုသိရှိနိုင်မယ်လို့ ထင်ပါတယ်။ အခုလိုပညာရေးစနစ်ကြီး မှားယွင်းနေတာဟာ သက်ဆိုင်ရာပညာရေး တာဝန်ရှိသူတွေအပြင် မိဘတွေရဲ့မှားယွင်းမှု့တွေကြောင့်လဲတစိတ်တပိုင်းပါဝင်တယ်လို့ထင်မိပါတယ်။ :b:

38 comments

  • alinsett (gazette)

    April 7, 2014 at 1:16 pm

    အကျိုးရှိစေတဲ့ပိုစ့်လေးပါပဲဗျို့။

    လောလောဆယ်တော့ ဖတ်သွားတယ်ပဲ ပြောခဲ့ပါရစေဦး
    အချိန်ရရင် ရသလို ပြန်လာ ပြောဦးမယ်။

    🙂

    • TNA

      April 7, 2014 at 1:21 pm

      ပြန်လာခဲ့ပါ ဒညင်းဝက်ရေ။ ပထမဆုံးနေရာဦးသွားလို့ အထူးအခွင့်အရေးပေးတာအေ့ :mrgreen:

  • weiwei

    April 7, 2014 at 1:20 pm

    အင်း .. ဟုတ်တယ် ..
    မူလတန်းကလေးတွေ နွေရာသီ ၃ လ ပြတ် နောက်တစ်တန်းအတွက် ကျူရှင်သင်နေကြတာ တွေ့တယ် ..

    ကလေးတွေသနားပါတယ်လို့ပြောမိလို့ ကလေးမိဘတွေကပြောတယ် .. သူတို့ကိုသနားပြီး နွေရာသီမှာ စာကြိုမသင်ထားရင် ကျောင်းဖွင့်ရင် ဒုက္ခရောက်မယ်တဲ့ .. အခြားကလေးတွေအားလုံးသင်ထားပြီးသားကို ကိုယ်က မသင်ထားရင် ဆရာမက သေချာပြန်သင်ပေးတော့တာ မဟုတ်ဘူးတဲ့ …

    • TNA

      April 7, 2014 at 1:23 pm

      ဟုတ်တယ် မဝေရေ အဲဒါပြောတာ ကလေးမိဘတွေ ခံယူချက်လွဲနေတာပေါ့။ အဲတော့ ဆရာမတွေကလဲအကြိုက်တွေ့၊ ကလေးတွေလဲ သနားစရာတွေဖြစ်ကုန်တာပေါ့။ သဂျီးပြောသလို စနစ်ကြောင့်မဟုတ်ရင် ဘာ့ကြောင့်လဲဆိုတော့ ဒီစနစ်ကိုဖြစ်အောင်လမ်းစထွင်ခဲ့တဲ့ကျောင်းကနေစလို့ အဲလမ်းကိုကျေကျေနပ်နပ်လျှောက်တဲ့မိဘတွေထိ အပစ်တင်ရတော့မလိုဖြစ်နေပြီ။ ပြုပြင်ပြောင်းလဲရေးကိုလိုလားတဲ့မိဘတွေကျတော့လဲ အပြင်ကျောင်းတွေ ပြောင်းထားကုန်တယ်။ အဲဒါကိုထောက်ခံချင်တယ်။ သူတို့ကတော့ အပြင်ကျောင်းတွေကိုမကောင်းပြောတာပေါ့လေ။ အပြင်ကျောင်းထားလိုက်တော့ ကလေးတွေ အတော်လေးအချိန်ပိုထွက်လာတာတွေ့ရတယ်။

  • ကေဇီ

    April 7, 2014 at 1:25 pm

    ဒီ ခေတ်ကြီးမှာ လူလာဖစ်တဲ့ ကလေးတွေက မှားတာပါ မွသဲရယ်။
    :hint:

    ဘယ်က စပြင်ရမယ် ဆိုတာတောင် မစဉ်းစားတတ်တော့ဘူးးး

    ငယ်တုန်း က စာကျက်ရလွန်းလို့ သများ ညည်းသလို ညည်းရရင်တော့
    “ခွေးဖြစ်ရတာ သက်သာလိုက်တာ၊ စာကျက်စရာမလိုဘူးနော်” တဲ့။
    :hint:

    အဲလိုကို အတွေး အခေါ် ကောင်းတာ ပြောပါတယ်။
    :mrgreenn:

    • TNA

      April 7, 2014 at 1:35 pm

      လူဖြစ်လာတဲ့ကလေးတိုင်းမမှားဘူးချွိချွိရဲ့။ ရှေးရိုးစွဲမိဘ နဲ့ ပြုပြင်ပြောင်းလဲရေးလိုလားတဲ့ မိဘအရွေးမှား သွားတယ်လို့မြင်မိပါတယ်။ ကိုယ့်သားသမီးကို သက်သက်သာသာနဲ့ ဘယ်လိုတော်အောင်ထားမလဲဆို တဲ့ ရွေးချယ်စရာတွေများနေတဲ့ ခေတ်စနစ်ထဲမှာ ဟိုးဘိုးဘေးဘီဘင်ကတဲက ဒီလိုပဲလုပ်လာတာပဲ ဆိုတဲ့ ရှေးရိုးမူဝါဒကို မပြောင်းလဲတဲ့ လမ်းဟောင်းမှာ ဒုက္ခခံနေကြတဲ့ မိဘတွေပဲမှားတယ်လို့ ထင်မိတယ် ချွိချွိရေ။

  • Mr. MarGa

    April 7, 2014 at 1:26 pm

    အခုခေတ်မှာပေါ့
    သိသင့်တဲ့ ပညာရပ်တွေကလဲ များလာတယ်။
    ပြီးတော့ မိဘတွေကိုယ်တိုင်ကလဲ အပြိုင်အဆိုင်ရှိတာကတစ်ကြောင်း ကိုယ့်သားသမီးကို ပိုပြီးတော်စေချင်တာကတစ်ကြောင်း အကြောင်းကြောင်းတွေကြောင့် ကိုယ်တွေတုန်းကထက် ပိုပြီး တွန်းအားပေးတယ်။ ပိုပြီး ပံ့ပိုးပေးတယ်။
    အဲဒီလိုပတ်ဝန်းကျင်တွေ များလာတော့
    ကလေးတွေဟာ ကလေးနဲ့မတူဘဲ စက်ရုပ်တစ်ရုပ်လိုဖြစ်လာတယ်။
    ဆယ့်နှစ်ရာသီ စာပြီးရင်းစာပဲ အော်နေရတယ်။ တစ်ချိန်လုံးလဲ အပြင်ရောက်နေရော
    တကယ်တော့
    မိဘတွေ… (အလွှာအမျိုးမျိုးခွဲတာကိုခဏထားပြီးပြောရရင်)
    ဘယ်မိဘပဲဖြစ်ဖြစ် ကလေးကို ဘယ်လိုပြုစုပျိုးထောင်ရမယ်ဆိုတာကို သိတဲ့မိဘ နည်းပါတယ်။ (နည်းတယ်လို့ပြောတာနော်)
    နည်းစနစ်တကျ အချိန်တွေခွဲပေးပြီး ကလေး ဝါသနာပါရာကို လုပ်အောင်လို့ တွန်းအားပေးတဲ့မိဘဆိုတာ အတော်ရှားတယ်ဗျ။
    အတော်များများကလဲ ဒီစနစ်၊ ဒီပတ်ဝန်းကျင်မှာပဲ ကျင်လည်လာရတာလို့ပဲ ပြောရလေမလား ပေ့ါ။ ကလေးတွေကို ဘယ်လိုထိန်းကျောင်းသင့်တယ်ဆိုတာကို အလေးဂရုပြုုူပြီး ပြောကြတာမဟုတ်တဲ့ ပတ်ဝန်းကျင်လေ။
    တစ်ဖက်က လှည့်တွေးရင်တော့ နိုင်ငံတကာမှာလဲ ဒီလိုပါပဲဗျာ
    ကောင်းကျိုးကတော့ ကလေးတွေ တစ်ဘက်ဘက်မှာ ချွန်လာတယ် (ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ်) အနည်းဆုံး ဂိမ်းတော့ စွဲသွားတယ်။
    ဆိုးကျိုးကတော့ တစ်နေကုန် အိမ်မှာမနေရတဲ့အတွက် အိမ်ကို ခင်တွယ်မှု နည်းသွားပြီ။ အိမ်ဆိုတာကို ခဏတာ နားခိုရာအဖြစ်ပဲ မြင်တဲ့သူတွေဖြစ်ကုန်တယ် (ဒါ ကျနော် ကျူရှင်နဲ့ကျောင်း ကူးနေရတဲ့ နှစ်နှစ်နဲ့ပဲ တွက်ပြောတာပါ နှစ်နှစ်လောက်ပဲ အဲ့လိုလုပ်တာတောင် အိမ်နဲ့က အတော်ဝေးသွားတယ် ငယ်ကတည်းကဆို တွေးသာကြည့်တော့)
    ဆိုတော့ တီသဲရေ… ကလေးတွေကိုလဲ သနားတယ်ဗျာ။ မိဘတွေကိုလဲ သနားတယ်ဗျာ (ငွေကုန် လူပမ်းမို့)
    မိဘတွေကို နားလည်လာအောင် ပညာပေးနိုင်မယ် ့အဖွဲ့အစည်းလေးတွေ ထွက်လာစေချင်စမ်းပါဘိ
    (ဆိုလိုရင်းနဲ့ လွဲရင်လဲ ခွင့်လွှတ်ဗျာ ကြုံရာပြောလိုက်တာမို့)

    • TNA

      April 7, 2014 at 3:10 pm

      မလွဲဘူး ဒဂျားရေ။ ငါလဲအဲလိုအဖွဲ့မျိုးမျှော်လင့်နေလို့ ဒီစာလေးရေးလိုက်တာပဲ။ ကလေးကို ဒီထက်မက သက်သာအောင်၊ တတ်သင့်တတ်ထိုက်တာတွေလဲ တတ်အောင် သင်လို့ရတဲ့ နည်းစနစ်တွေအများကြီး ရှိနေပါလျှက်နဲ့ တမင်ပင်ပန်းတဲ့လမ်းကိုရွေးနေတာကို မှားတယ်လို့ထောက်ပြမဲ့သူလိုနေတာပဲ။ အပြင်ကျောင်းထားတာ ပျက်စီးတယ်၊ မိုက်ရိုင်းတယ်ဆိုတဲ့ အသိတွေကိုမဟုတ်ကြောင်းဆုံးမမဲ့သူမရှိဘူး။ International ကျောင်းတွေထားရင် ပိုက်ဆံကုန်တယ်လို့ယုံကြည်နေကြပေမဲ့ သူတို့ရွေးတဲ့လမ်းက ပိုပြီး ငွေကုန်လူပမ်းတယ်ဆိုတာ မတွက်မိကြဘူး။ အဲဒါလေးယှဉ်ပြချင်တာပါ။

  • weiwei

    April 7, 2014 at 1:34 pm

    ကျွန်မ မိဘတွေအိမ်မှာ ကလေးအခွင့်အရေး အပြည့်အဝရထားတဲ့ ကလေး ၂ ယောက်ရှိပါတယ် (တူနဲ့တူမ) .. ဒီနှစ်ကျောင်းတက်ရင် ၂ တန်းနဲ့ ၄ တန်း … ကျောင်းပိတ်တာနဲ့ စာအုပ်ပိတ်ပြီး တစ်နေကုန်ကစားကြတယ် .. ကာတွန်းစာအုပ်တွေ ဖတ်ကြတယ် .. အိမ်အလုပ်တွေကို တတ်နိုင်သလောက် ဝိုင်းကူနေကြရတယ် .. သူတို့တစ်သက် ကျူရှင်ဆိုတာ ဘာမှန်းမသိကြသေးဘူး … ညဘက်မှာ သူတို့အမေက တစ်နေ့သင်တာ ပြန်စစ်ပေးပြီး စာပြန်မေးပေးတယ် .. (သူတို့ကျောင်းက အိမ်မစာမပေးပါဘူး) .. ဘယ်လောက်နားလည်လာလဲ စစ်ဆေးကြည့်တယ် … စနေ တနင်္ဂနွေ ပိတ်ရက်အတွက် လေ့ကျင့်ခန်းတွေကို ကွန်ပျူတာနဲ့ကြိုရိုက်ထားပြီး ဖြေခိုင်းတယ် .. အများဆုံးမှ တစ်နာရီလောက်ပဲ ကြာပါတယ် .. အကုန်မှန်ရင် ကြိုက်သလောက်ဆော့ပေတော့ပဲ …
    ကလေးတွေက တွေးဖို့အချိန်ရတဲ့အတွက် တွေးလိုက် မေးလိုက်နဲ့ ပျော်ရွှင်နေကြတာပဲ ..

    • ကထူးဆန်း

      April 7, 2014 at 2:24 pm

      အပြင်ကျောင်း က ကလေး ဖြစ်မယ်ထင်ပါ့ .. မဝေ
      သို့သော်လည်း ကြီးလာရင်တော့ သူတို့လည်း ကျုုူရှင် ဝဲဂယက်ထဲ မုချ ပြန်ကျပါလိမ့်မည် ။
      ဟို နိုင်ငံတစ်ကာ စာမေးပွဲ ဖြေဖို့ ။။ ဒီမှာ ဂရိတ်ကောင်းဖို့ အတွက် နဲ့ နောက်ဆုံး အားလုံး ကျူရှင် ကမလွတ်ကင်းကြပါ ။။

      • TNA

        April 7, 2014 at 3:18 pm

        အဲဒါကိုက မှားနေတယ်လို့ပြောချင်ပါတယ် ကထူးဆန်းရေ။ အပြင်ကျောင်းကလေးတွေဟာ ကျူရှင်ဝဲဂယက်ထဲပါချင်ပါနိုင်ပေမဲ့ အစိုးရကျောင်းကလေးတွေလောက်မပြင်းထန်ပါဘူး။ ဘာလို့လဲ ဆိုတော့ အစိုးရကျောင်းကလေးတွေ သင်တန်းပြီးသင်တန်းတက်နေရတဲ့ဟာတွေက သူတို့ ကျောင်းသင်ခန်းစာထဲမှာပါပြီးသားမို့ အချိန်ထပ်ကုန်ခံစရာမလိုတော့ပါဘူး။ ကျွန်မအပြင်ကျောင်းထားရေး တိုက်တွန်းတာမဟုတ်ဘူးနော်။ အတုယူစရာလေးတွေကိုပြောတာပါ။ ပိုစ့်တပုဒ်အနေ့နဲ့ရေးပါအုံးမယ်။ အခုဟာက မိဘတွေ အတွေးမှားနေတာလေးအရင်ထောက်ပြချင် တာပါ။ ဟိုနိုင်ငံမှာ ဂရိတ်ကောင်းဖို့ အထူးကျူရှင်ယူရရင်တောင် တချိန်၊ နှစ်ချိန်ပဲဖြစ်မှာပါ။ တနေ့လုံး မဟုတ်ပါဘူး။ အဓိကကတော့ သူတို့အတန်းကြီးလာတာနဲ့ အမျှ စာကျက်ဖို့မလိုတော့ပဲ လက်တွေ့တွေ ပရောဂျက်တွေနဲ့ မို့ အစုအဖွဲ့နဲ့ စာလုပ်ကြတယ်။ ဒီစာကိုမှနားမလည်ရင် မဖြေနိုင်တာမို့ နားလည်အောင် အချင်းချင်းဆွေးနွေးကြတယ်။ သိပ်ခက်လာမှ အပြင်ဆရာအကူအညီယူရတာမို့ လူငယ်ဘာဝဆွေးနွေးလေ့ကျင့်တဲ့အချိန်တွေပိုများပါတယ်။ အပြင်ကျောင်းထားပြီး အစိုးရကျောင်းကိုလိုက်အားကျပြီး ကျူရှင်ပြီးကျူရှင်ထားတဲ့မိဘတွေလဲရှိပါတယ်။ အတော်အနဲစုပါ။ များသောအားဖြင့် အပြင်ကျောင်းကလေးတွေဟာ အတန်းကြီးတဲ့အထိ ကိုယ်ပိုင်အချိန်အားလပ်ချိန်တွေအများကြီးပိုင်ဆိုင်ခွင့်ရပါတယ်။ ဒါလေးကိုပြောချင်တာပါ။ အခြေခံကောင်းတာနဲ့အမျှ ကျူရှင်ဆိုတာ အကူပံ့အနေနဲ့ အချိန်ပိုင်းလေးပဲဖြစ်သွားမှာပါ။ ဒါလေးကိုနားလည်စေချင်တာပါ။

        • ကထူးဆန်း

          April 8, 2014 at 9:28 am

          အစိုးရ ကျောင်းတွေလောက် မပြင်းထန်ဘူးဆိုတာ လက်ခံပါတယ် သဲနုအေးရေ ။

          သို့သော်လည်း အပြင်ကျောင်းသူားများလည်း ကျူရှင်လက်မလွတ်ဘူးဆိုတာသိစေချင်တာပါ ။

          အတန်းကြီးလာတဲ့ အမျှ စာကျက်ဖို့ မလိုဘူးဆိုတာတော့ မဟုတ်ပါဘူး ။ သူတို့ စုပေါင်းလုပ်ကြတယ်ဆိုပေမဲ့ တစ်ဦးဆီရဲ့ အရည်အသွေးလိုသေးတာမို့ လွှတ်မထားလို်က်ပါနဲ့ ။

          အပြိုင်အဆိုင် တွေပြင်းထန်လာတော့ ကျွန်တော်တို့ငယ်ငယ်တုန်းကလိုနဲ့တော့ မတူတော့ တာ အမှန်ဘဲ ။

          သားသမီးက သိပ်တော် နေရင်တော့ မပြောတတ်ဘူး ။

          ကျွန်တော်တွေ့ဖူးသမျှ အပြင်ကျောင်းထားတဲ့ ကလေးတွေ အတန်းကြီးလာတာနဲ့ အမျှ အနည်းဆုံး သချာင်္ ။ အင်္ဂလိပ် ပြန်ယူကြပါတယ် ။ အင်္ဂလိပ်လိုသင်တဲ့ကျောင်းမှာ အင်္ဂလိပ်စာ ထပ်ယူကြတယ်ဆိုလို့ ကထူးဆန်းရူးနေလား မထင်ပါနဲ့ .. SAT , မှာ အမှတ်ကောင်းမှ အခြားနိုင်ငံ တက္ကသိုလ် ကောင်းကောင်းဝင်ဖို့ ၊ သူတို့ လိုချင်တဲ့ သူတို့ စိတ်ဝင်စားတဲ့ဘာသာ ရဖို့ စကောလာ ရဖို့ ဆိုတဲ့ ဖိအားတွေ ဝင်လာတော့ အပြင်ကျောင်းသားလဲ ကျူရှင် တက်ရတော့တာဘဲ ။။ မိဘ ကလည်း စိတ် မချတော့ဘူးလေ ။။

          တည့်တည့် ပြောရရင် ကျွန်တော် နဲ့ အနီးဆုံး ကလေးတစ်ယောက် တွန်းအား အပြည့် မပေးခဲ့လိုလွှတ်ပေးထားပေးလို့ သူဝါသနာပါတဲ့ သူ တက်ချင်တဲ့ နံမည်ကျော်တက္ကသိုလ်ကို စွန့်လွှတ်လိုက်ရပြီး အခြား ကောလိပ်တက်နေရတဲ့ အ ဖြစ်လောလောလတ်လတ်ကိုဖြစ်ခဲ့ပါတယ် ။

          လွှတ်ပေးထားရင် နောက်မှ ခံစားရပါလိမ့်မယ် ။ ထိုက်သင့်တဲ့ ထိုက်သင့်သော တွန်းအားက ပေးရပါလိမ့်မယ် ။ ကိုယ်က သိပ်တရားရနေတဲ့ သူ ၊ အရာရာကို သည်းခံ ခွင့်လွှတ် နိုင်သူ ဆိုသူ၊ သူ့ထိုက်နဲ့ သူ့ ကံ သဘောထားနိုင်ရင်တော့ ပြဿ နာ မရှိပါဘူး ။ လွတ်လွတ်လပ်လပ် ကစားပါစေ ။ ပျော်နိုင်ပါစေ ဆိုပေမဲ့ လူ့လောကထဲ သူတို့ ဝင်ကာနီးမှ နား အကိုက်ခံ ရသူ အမေ မဖြစ်ကြပါစေနဲ့ဆိုတာလေးတော့ သတိပေးပါရစေ ။

          အဓိက ကတော့ ကလေးရဲ့ ပင်ကိုယ်ပေါ်မှုတည်တာမို့လို့ အခြေအနေအရ လုပ်သင့်တာကိုငယ်ငယ်ကတည်းက လုပ်ကြပါ ။

          ထိုက်သင့်သော တွန်းအားလည်းပေးပါ ။ထိုက်သင့်သော စည်းကမ်းလည်းထားပါ ။

          တွန်းသင့်ရင်တွန်းပါ ။ လျော့သင့်ရင် လျော့ပါ ။

          သူတို့ ရဲ့ အချိန် အချို့ကိုလည်း ငယ်ငယ် က ခိုးသင့်ရင်ခိုးပေးပါ ။ အဲ့ဒါ သူတို့ အတွက်ပါ။ အလွန်အကျွံ မဖြစ်စေဖို့ ဘဲ လိုတာပါ ။

        • ကထူးဆန်း

          April 8, 2014 at 9:34 am

          စကားအတင်းစပ်
          အစိုးရကျောင်းတွေရဲ့ လုပ်ရပ်မှန်တယ် ပြောတာ မဟုတ်သလို
          ကျူရှင်ပြီးကျူရှင်တက်ခိုင်းသင့်တယ် ဆိုလိုတာလည်း မဟုတ်ပါကြောင်း ။ ။

        • TNA

          April 8, 2014 at 4:28 pm

          အဲ့ ဆိုလိုရင်းလွဲသွားပြီထင့်ပါ ကထူးဆန်းရေ။ ကျွန်ဆိုလိုချင်တာက ကျူရှင်ယူတဲ့စနစ်ကို တိုက်ဖျက်နေတာမဟုတ်ပါဘူး။ ကျူရှင်သင်တန်းများလွန်းအားကြီးလို့ အပြင်ကျောင်းတွေ International School တွေမှာဘယ်လိုလုပ်သလဲ အတုခိုးစေချင်တာပါ။ ကလေးတွေအချိန်ကိုလျှော့ခိုးလို့ရအောင်၊ လွတ်လပ်ခွင့်လေးပေးလို့ရအောင်ပါ။ နားရွက်ကိုက်ခံရမယ့်အဖြစ်ကတော့ အခုလိုတလစပ်မောင်းနေတဲ့မိဘတွေလဲ အကိုက်ခံနိုင်ရသလို အရမ်းကိုဖရီးထားတဲ့မိဘတွေလဲအကိုက်ခံနိုင်ရပါတယ်။ သို့သော် မျှမျှတတလေးဖြစ်စေချင်တာပါ။ မိဘတွေရဲ့လောဘကို ကျွန်မလဲမိဘမို့ကိုယ်ချင်းစာ တတ်ပါတယ်။ သို့သော် ဖြစ်စေချင်တာကို အကောင်းဆုံးဖြစ်သင့်တာလေးနဲ့ အစားထိုးစေချင်တာပါ။ တနေကုန် ကျူရှင်ပြီးကျူရှင်ရမဲ့နေရာမှာ တနေ့နှစ်နာရီလောက်ပဲ ကျူရှင်ရမယ်ဆိုရင် ကလေးအတွက်ပိုအကျိုးရှိနိုင်မယ်ထင်ပါတယ်။ လွဲမှားတဲ့အယူအဆတွေမှာ ငယ်တုန်းမောင်းထားမှကြီးရင်တော်ကာကျမယ်ဆိုတဲ့အတွေးတွေလွဲနေတာကိုပြောချင်တာပါ။ ငယ်တုန်းအခြေခံကောင်းမှကြီးရင်တော်ကာကျမှာပါ။ အခြေခံကောင်းဖို့ဆိုတာ အခုလိုမဆန့်ရင်ကာ မောင်းထားနိုင်မှဆိုတဲ့အတွေးကိုလက်မခံနိုင်တာပါ။ ကျူရှင်ဆိုတာကတော့ မဖြစ်မနေယူရမယ့်ပြသနာပါ။ ကျူရှင်မဟုတ်တောင် အနဲဆုံး ဂိုက်လောက်တော့ထားရမယ့်ခေတ်ဆိုတာမငြင်းပါဘူး။ သို့သော် တချက်ခုတ်ရင် သုံးချက်လောက်ပြတ်နိုင်မယ့်လမ်းကိုရွေးသင့်ကြောင်းအကြံပေးချင်တာပါ။

    • TNA

      April 7, 2014 at 3:21 pm

      ဒီ့အတွက်ပိုစ့်တပုဒ်တင်ပါအုံးမယ်မဝေရေ။ အပြင်ကျောင်းထားရေး အားပေးတာမဟုတ်ပဲ အပြင်ကျောင်းတွေလို အစိုးရကျောင်းတွေပြုပြင်လို့ရတယ်ဆိုတာလေးပြောချင်တာပါ။ ဒါပေမဲ့ကိုယ်ပြောလဲ မောတာပဲရှိမယ်ဆိုတာလဲသိပါတယ်။ ဒါပေမဲ့ မိဘတွေအတွေးမှားနေတာ၊ မသိတာတွေကို ဒီလိုလေးရှိတယ်ဆိုတာလေးတော့ပြောပြချင်သား။

      • weiwei

        April 8, 2014 at 10:22 am

        တကယ်စဉ်းစားကြည့်ရင် မိဘတွေရဲ့ လောဘက သားသမီးတွေကို ဒုက္ခပေးနေတာပါ ..
        ကျွန်မပါတ်ဝန်းကျင်က ကလေးတော်တော်များများက အပြင်ကျောင်း(ဘိုကျောင်း) မှာထားကြတယ် .. ကလေးတွေကို အရမ်းတွန်းကြတယ် …အရမ်းဂရုစိုက်ကြသလို ဖိအားလဲပေးကြတယ် … နင်တို့အတွက် ပိုက်ဆံအများကြီးကုန်ထားတာ ကုန်ရကျိုးနပ်အောင်လုပ်ရမယ်ဆိုပြီး ကလေးတွေကို တာဝန်ပေးလိုက်သလိုမျိုးပဲ .. ကလေးတွေခဗျာ သူတို့ရွေးထားတာမဟုတ်တဲ့ဘဝအတွက် သူတို့ိမှာ တာဝန်အပြည့်ရှိနေတာကလဲ စိတ်မချမ်းသာစရာပါ … အတန်းကြီးလာလေ ပိုဆိုးလာလေပဲ …

        ပြောချင်တာကတော့ အစိုးရကျောင်း အပြင်ကျောင်းရယ်လို့ မဟုတ်ပါဘူး .. မိဘတွေရဲ့လောဘနဲ့ အတ္တတွေသာ လျော့နိုင်ရင် ကလေးတွေဘဝ ပျော်ရွှင်မှာပဲ …

        • TNA

          April 8, 2014 at 4:32 pm

          ဟိုနေ့ကဆောင်းပါးလေးတပုဒ်ဖတ်လိုက်ရတယ်။ ခုခေတ်မိဘတွေက သူတို့တုန်းက မရခဲ့သမျှ မဖြစ်ခဲ့သမျှသူတို့သားသမီးတွေကို ဖြစ်ကိုဖြစ်စေရမယ်ဆိုတဲ့ခံယူချက်နဲ့ အတင်းလုပ်နေတယ်တဲ့။ ကလေးတွေကိုစက်ရုပ်တရုပ်လို တခုပြီးတခုအချိန်ဇယားနဲ့ ခိုင်းနေတယ်တဲ့။ စိတ်ခံစားချက်လုံးဝမပေးဘူးတဲ့။ ပျော်တယ် ဝမ်းနည်းတယ် ဟိုဟာလုပ်ချင်တယ် ဒီဟာလုပ်ချင်တယ် ဆိုတဲ့အခွင့်အရေးမပေးဘူးတဲ့။

  • Myo Thant

    April 7, 2014 at 4:41 pm

    အမသဲရေ
    ကျနော့်သား စမတ်စကူးလ်ခေါ်တဲ့ အ – မ – က ( ၂ ) ကမာရွတ်ကနေ ၄ တန်းအောင်တော့
    အထက်တန်းကျောင်း ပြောင်းရမယ့်အချိန် ၊ ကျနော်နေခဲ့တဲ့ တီတီစီကို စဉ်းစားတယ် ၊
    ဒါပေမယ့် ကျောင်းသားကော မိဘပါ အပြိုင်အဆိုင် များလှသလို ကျောင်းဝင်ခွင့်အတွက်ကလည်း
    တယ်များလှတဲ့ ပမာဏ ၊ တခြားကလေးတွေ သုံးသလို ကိုယ်က ကိုယ့်သားကို မပေးနိူင်ရင်
    သားစိတ်ထဲမှာ တစ်ခုခု ခံစားရဦးမယ် ၊
    နောက်ဆုံးတော့ အိမ်ကနေ ၅ မိနစ်လောက်ပဲ လျှောက်ရတဲ့ အိုင်စီအီးစီ မှာ ထားလိုက်တယ် ၊
    ကျောင်းလခ ၅၀၀၀ဝ ဆိုတာ ကျနော့်အတွက် မနည်းလှတဲ့ အနေအထားပေမယ့် ကြိုးစားပြီး ထားခဲ့တယ် ၊
    မနက် ၉ ကနေ ညနေ ၃ ၊ ဘာကျူရှင်မှ မထားဘူး ၊ အိမ်ပြန်လာပြီးရင် ဆော့ပေတော့ပဲ ၊
    တစ်လတစ်ခါ စာမေးပွဲစစ်တယ် ၊ အမှတ်နည်းတဲ့ ဘာသာကို စနေနေ့မှာ အချိန်ပို ခေါ်သင်တယ် ၊
    သားကို ဘာသာစုံ ဂုဏ်ထူး ရအောင်လုပ်ရမယ်လို့လည်း တစ်ခါမှ ဖိအားမပေးဘူး ၊
    သားက သတင်းစာ ဂျာနယ်ဖတ်တယ် ၊ သတင်းတွေကို စိတ်ဝင်စားတယ် ၊
    ဘောလုံးပွဲကြည့်တယ် ၊ စာတစ်ခုတည်းနဲ့ ပိမနေဘူး ၊
    ဘာပဲဖြစ်ဖြစ် သားက အဲဒီမှာ ပျော်တယ် ၊ စာအတော်ကြီးမဟုတ်ပေမယ့် မညံ့ဘူး ၊
    အခုဆို ၃ နှစ်နေပြီးသွားပြီ ၊ သားကော ကျနော်ရယ် သူ့အဖွားပါ စိတ်ချမ်းသာရတယ် ၊

    • TNA

      April 8, 2014 at 4:42 pm

      ဟုတ်ပါတယ် ကိုမျိုးသန့်ရေ။ ကျောင်းမှာစာသေချာသင်ရင် ကလေးတွေအချိန်ပိုထွက်လာနိုင်ပါတယ်။ ဆိုလိုချင်တာက ဒါပါ။ ဒါကိုမိဘတွေကလျှစ်လျှူရှု့ပြီး အပြင်မှာကျူရှင်ထားတော့ ကျောင်းကပေါ့။ ကျောင်း ကပေါ့တော့ အပြင်မှာကျူရှင်ထား။ အဲ့လိုလုံးခြာလိုက်နေတာက နေကြားထဲက ကလေးတွေတဆာခံဖြစ် တာကိုဆိုလိုချင်ပါတယ်။ ကျောင်းမှာသေချာသင်ရင် ကလေးက အိမ်မှာ အနဲငယ်ကွန်ထရိုးလုပ်လိုက်ရုံနဲ့ စာတော်တဲ့ကလေး ( အရေးကြီးတဲ့အချက်က စာလိုက်နိုင်တဲ့၊ သင်ခန်းစာတွေကျေညက်တဲ့၊ အခြေခံခိုင်တဲ့ ကလေး ) ဖြစ် လာမယ်လို့ယုံကြည်ပါတယ်။

  • ဟုတ်တယ်.. ငယ်ငယ်ကဆို ကျောင်းမှာ စာတွေ အသားကုန် အော်ဆိုပြီး သင်ရတော့ ခေါင်းထဲကို စွဲရော.. အိမ်ရောက်ရင် ဆော့တယ်.. ရေချိုးတယ်.. စာကျက်တယ်.. ကျက်တယ်ဆိုတာတောင် အတော်လေး စာတွေရနေပြီ.. ပြီးရင် အိပ်တယ်.. အေးဆေးပဲ..

    အခုဆို အနော်လည်း စာသင်နေတော့ ကလေးတွေအကြောင်းကို သိတယ်.. တစ်ခါတစ်ခါ သူတို့ကျူရှင်တွေ၊ အိမ်စာတွေကြားထဲ ကိုယ်တောင် ဘယ်အချိန်ဝင်ရမှန်း မသိဘူး.. အမှန်အတိုင်းပြောရင် အဲ့ဒီ ဂိုက်သင်နေရတာကို စိတ်ကုန်နေပြီ.. ဒါပေမယ့်လည်း ကူညီပေးပါ..လုပ်ပေးပါဆိုတော့လည်း စိတ်ကုန်ကုန်နဲ့ လုပ်နေရတာပဲ…

    ဘယ်လောက်တောင်မှလည်းဆိုရင် ကလေးတွေ လိမ္မာရေးခြားရှိအောင် ခေါင်းထဲသွင်းပေးရမယ့် အသိတရားတွေကို သင်တဲ့ စာရိတ္တတို့၊ ပြည်သူ့နီတိ တို့ကိုတောင် အလွတ်ကျက်ပြီး ချရေးဖြေခိုင်းနေတော့ စိတ်ကုန်တယ်ဆိုတာကလွဲပြီး ဘာမှကို မပြောချင်တော့ဘူး..

    လာမယ့်နှစ်သင်ရမယ့် ကလေးတွေကိုတော့ တစ်ခုခု လုပ်ပေးချင်သား.. 🙄

    ဆရာမတွေအကြောင်းလည်း မလွယ်ဘူးရယ်.. နောက်မှ ပို့စ်ရေးတင်ဦးမယ်.. တပည့်တွေ၊ မိဘတွေကို ကြောက်နေရတဲ့အကြောင်းလေးပေါ့..

    • TNA

      April 10, 2014 at 8:53 am

      အခုဟာက ကျူရှင်မလိုအောင် သင်လဲရပါလျှက် အတင်းကျူရှင်မှကျူရှင်ဖြစ်အောင်လုပ်ထားတာက အတော်ဆိုးဝါးတဲ့ဖြစ်ရပ်ပါ အမွန်ရေ။ တကယ်ဆိုရင် ဆရာမဟာသူ့တာဝန်သူကျေမယ်ဆိုရင် ကလေးတွေ ဒီလိုအဖြစ်တွေမကြုံနိုင်ပါဘူး။ အခုဟာက ဆရာမတွေလခမလောက်ငရာကနေ မိဘတွေလောဘနဲ့ပေါင်း လိုက်တော့ အခုလက်ရှိအခြေအနေဟာ အတော်ကိုဆိုးဝါးနေပြီလို့ယူဆမိပါတယ်။ ဒါကိုအချိန်မှီမပြုပြင်နိုင် ဘူးဆိုရင်တော့ ရေစုန်ပိုမျောတော့မယ်လို့ထင်မိပါတယ်။ ဆရာမတွေကလဲ တပည့်တွေမိဘတွေကိုကြောက် ရပါတယ်။ မဟုတ်တာလုပ်နေတာကိုး။ မိဘတွေကလဲဆရာမတွေကိုကြောက်နေရပါတယ်။ ကိုယ့်ကလေးကို ညှိုးမစိုးလို့။ မုန့်လုံးစက်ကူကပ် ဂျာအေးသူ့အမေရိုက်ဆိုတာ ခုမှတကယ်ဖြစ်နေတာ။

  • alinsett (gazette)

    April 7, 2014 at 5:33 pm

    ပညာရေး
    ပညာသင်စနစ်ကိုယ်တိုင်ကအစ
    မိဘရော ဆရာပါ
    ပြုပြင်ပြောင်းလဲရမှာတွေက တပုံကြီး
    အမှားတွေ အလွဲတွေ မဖြစ်သင့်တာတွေ
    အဲဒီ ကစဥ့်ကလျားပညာရေးကြားမှာ
    ကမောက်ကမ ခံနေရတာက ကျောင်းသားလေးတွေ

    🙁

    • TNA

      April 10, 2014 at 8:59 am

      တကယ်ပါ။ ဆရာမကော မိဘတွေကော ကျောင်းကော အဖက်ဖက်က မပြုပြင်ရင်တော့ ပိုပိုဆိုးဝါးတဲ့ အခြေအနေရောက်သွားမှာပဲ။ သင်ရိုးညွှန်းတမ်းပြင်ဖို့ခက်လို့မပြင်ချင်ထားပါအုံး။ သင်ကြားနည်းစနစ်လောက်တော့ပြင်ရင်ရပါတယ်။ အလွတ်ကျက်ကနေ နဲနဲလေးခွဲထွက်လိုက်ရင်ကိုပဲ အဆင်ပြေသွားနိုင်လိမ့်မယ်လို့ထင်ပါတယ်အေ။

  • padonmar

    April 8, 2014 at 12:39 am

    ငယ်ငယ်က ကျူရှင် လုံးဝ မတက်ခဲ့ပါဘူး။ကျောင်းက ဆရာတွေက သင်ခန်းစာတွေ မပြီးဘူးထင်ရင် အချိန်ပိုခေါ်သင်တယ်။ ကျောင်းကပြန်ရင် ဆော့ရတယ်။မဆော့တဲ့နေ့ဆို ကာတွန်းတွေ၊မဂ္ဂဇင်းတွေ ဖတ်တယ်။ နွေရာသီဆို စာအုပ်အများကြီးပိုင်တဲ့ သူတွေကို ကပ်ဖားပြီး ငှားဖတ်တယ်။
    အပူအပင်ကင်းတဲ့ ကလေးဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းခဲ့ရတယ်။
    အခုခေတ်ကလေးတွေကို သနားပါတယ်။
    အိမ်က တူမက စာတော်တော့ သူ့ကို မေးကြည့်မိတယ်။
    သမီး ကျူရှင် မယူပဲ ကိုယ့်ဖာသာ ဖတ်ပြီးဖြေကြည့်ပါလား ဆိုတော့ ကလေးက ကြောက်တယ်။မလုပ်ရဲဘူး။
    အဓိက ကတော့ မိဘတွေ လောဘကြီးနေသလို ကလေးတွေကလည်း မစွန့်စားရဲတော့တာလို့ မြင်ပါတယ်။

    • ကျူရှင်မယူတာကကျတော့ ကျောင်းနဲ့လည်း ဆိုင်မယ်ထင်တယ်..

      အနော် မနှစ်က စာသင်တဲ့ကလေးက နာမည်ကြီးကျောင်းမှာတက်တာ.. ကျောင်းက နာမည်ကြီးဖြစ်တာနဲ့အမျှ ကိန်းကြီးခန်းကြီးလည်း နိုင်တယ်.. activity တွေလည်း များတယ်.. မြန်မာ-ဂျပန် ပညာရေး ဖလှယ်ပွဲလို အစီအစဉ် ဖြစ်မယ်ထင်တယ်.. တစ်ချိန်လုံး ဂျပန်တွေလာရင် ကြိုဆိုရေးအတွက်ပဲ အလုပ်တွေရှုပ်နေတယ်.. စာလည်း ကောင်းကောင်း မသင်နိုင်ဘူး.. စာမေးပွဲနားနီးမှ မပြီးသေးတဲ့စာတွေကို မိတ္တူတွေကူးပေး၊ မေးမယ့်မေးခွန်းတွေရွေးပေးနဲ့ လုပ်တာ… အိမ်မှာသာ သင်ပေးမယ့်သူတစ်ယောက် မရှိရင် ဘယ်လိုနားလည်ပြီး ဖြေကြမလဲ…

      နောက် ညီမလေးတစ်ယောက်ကတော့ စမ်းချောင်းလမ်းထဲကကျောင်း (ထ-၃ ထင်တယ်)… အဲဒီမှာတက်တာ.. ကိုးတန်းနှစ်မှသာ အပြင်ကျူရှင်ယူတာ.. (၆) တန်းကနေ (၈) တန်းအထိ ကျူရှင်မယူဘူး… နယ်က ပြောင်းလာတော့ အင်္ဂလိပ်စာ၊ သင်္ချာ အခြေခံမပါတာတွေကို အိမ်မှာ အဒေါ်တွေက သင်ပေးတယ်… ကျန်တာ သူ့ဘာသာသူ စာကျက်၊ ကျောင်းက သင်တာကလည်း ပြည့်စုံတယ်.. ဉာဏ်စမ်းလည်း မေးတယ်.. ကျူရှင်လုံးဝမယူဘဲနဲ့ ကြိုးစားပြီးဖြေတာ .. အဆင့်ဝင်တယ်.. ကျောင်းက ဆရာမတွေကလည်း ကျူရှင်မတက်ရကောင်းလားဆိုပြီး ဖြုတ်မချဘူး..

      ဒါကြောင့် စဉ်းစားမိတယ်.. နာမည်ကြီးတယ်ဆိုတာ.. စောနကလို.. လောဘကြီးပြီး တတ်နိုင်တဲ့မိဘတွေရှိနေလို့သာ.. အဲဒီကျောင်းက နာမည်ကြီးနေတာ ဖြစ်နိုင်တယ်လို့..

      • ကထူးဆန်း

        April 8, 2014 at 9:36 am

        နာမည် ကြီးတယ် ဆိုတာ အပွင့်တွေ အခက်တွေ သားသမီးများများရှိတဲ့ ကျောင်းပေါ့ .. နောင်ဆိုရင်တော့ လွှတ်တော်အမတ်တွေရဲ့ သားသမီးတွေရှိတဲ့ ကျောင်းဖြစ်မလားမသိဘူး .. 😆

      • TNA

        April 10, 2014 at 9:17 am

        နာမည်ကြီးလေ မိဘတွေပေါ်မှီခိုမှု့များလေ။ မိဘတွေလောဘနဲ့ကလေးတွေကိုမောင်းလေ သူတို့အောင်မြင်မှု့ရလေဆိုတာ မျက်မျင်ကိုယ်တွေ့ပါပဲ။ နာမည်ကြီးကျောင်းတခုက ၁ဝ တန်းကျောင်းသားတယောက်ဟာ ကျောင်းတောင်သိပ်မတက်ပါဘူး။ ကျောင်းကလဲ ကျောင်းခေါ်ကြိမ်ပြည့်အောင်ဖြည့်ပေးပါတယ်။ ကလေးမိဘက မိုးလင်းခြောက်နာရီကစလို့ ည ၁၁ နာရီထိ ကျူရှင်၊ ဂိုက် အချိန်ပြည့်တယောက်တက်တယောက်ဆင်းခေါ်ပါတယ်။ ကလေးခမျာမှာ နားချိန်တောင်မရှိ ပါဘူး။ ကျောင်းက စာမသင်ပါဘူး။ နှစ်ယောက်မှာ တယောက်က ဆေးဝင်ပါတယ်။ တယောက်က ရိုးရိုးအောင်ပါတယ်။ ဂုဏ်ထူးထွက်တဲ့မိဘတွေကစုပြီး သတင်းစာထဲမှာ ကျောင်းအုပ်ကြီးနဲ့ဆရာ ဆရာမတွေကို ကျေးဇူးတင်ကြောင်းနဲ့ ဘယ်နှစ်ဘာသာဂုဏ်ထူးဘယ်နှစ်ယောက် ထွက်သော၊ ထွက်အောင်သင်သောဘာညာဘာညာ သတင်းစာထဲကြောငြာထည့်တာတွေ့လိုက်ပါတယ်။ ကိုယ်လုပ်ပြီးသူများလုပ်သယောက်ကျေးဇူးကလဲတင်ပေးရသေးတယ်။ မှားတာမှ မိဘတွေကပါမှားနေတာ။

    • TNA

      April 10, 2014 at 9:07 am

      ခုခေတ်က စားဝတ်နေရေး ကုန်ဈေးနှုန်းကြောင့် ဆရာ၊ ဆရာမတွေရဲ့ နာသုံးနာလဲ အစရှာမရတော့ဘူး အန်တီဒုံရေ။ အဲနာသုံးနာမရှိတော့မှတော့ ဒီလိုအခြေအနေရောက်လာတာမဆန်းဘူးလို့ထင်ပါတယ်။ ကျွန်မတို့တုန်းက နာသုံးနာရှိနေလေတော့ ကျူရှင်ဆိုတာမလိုဘူးပေါ့။ အခုကတော့ အဲကျူရှင်ဆိုတာကြီးလိုအောင်ကိုတမင်လုပ်နေလေတော့ ကလေးတွေကြားထဲက ဓါးစာခံဖြစ်ရတာ စိတ်မကောင်းဘူးရယ်။ အခုတလော ခြစားမှု့တွေဟာ လစာမလောက်ငရာကဖြစ်လာတယ်ဆိုတော့ တခြားနေရာခြစားတာက အန္တရာယ်မများလှပေမဲ့ ပညာရေးခြစားမှု့ကတော့ တိုင်းပြည်ကိုပုခုံးပြောင်းတာဝန် ယူရမဲ့ကလေးတွေစိတ်ဓါတ်ပျက်ပြားစေတာမို့ အရမ်း အန္တရာယ်များလှတယ်လို့ခံစားမိပါတယ်။

  • Nyo Win

    April 8, 2014 at 10:52 am

    မှတ်မိပါသေးတယ်….ကျနော်လေးတန်းတုန်းက တက်ရတဲ့ အမက ကျောင်း..
    မိုးရွာရင် ရေလျှံ..ခေါင်ကမလုံတော့ခုံပေါ်ငုတ်တုတ်ထိုင် ထီးဆောင်းပြီး စာသင်ခဲ့ရတာတွေ..
    ဆရာ/ဆရာမတွေက စနေ/တနင်္ဂနွေ ညနေပိုင်း မုန် ့ကျွေးပြီးအချိန်ပိုခေါ်သင်ပေးတာ…
    အောင်စာရင်းထွက်တော့တန်းလုံးကျွတ်အောင်သဗျ…
    ဒါ့အပြင် နွေရာသီကျောင်းပိတ်ရက်တွေမှာ ငါးတန်းအတွက် အချိန်ပိုမုန် ့ကျွေးပြီး
    ပညာဒါနသင်ကြားပေးသေးသဗျ (ကစားချိန်ပြင်ပနော်)..ကျူရှင်ဆိုတာဂျိုနဲ ့လားကွယ်..
    ကျနော်တို ့ခေတ်ကပြောပါတယ်…
    ဆယ်တန်းရောက်မှအနီးကပ် သုံးလ ကျူရှင်တက်ရပါကြောင်း 🙂

    • TNA

      April 10, 2014 at 9:10 am

      နာသုံးနာမရှိတော့ရာကနေစတာပါပဲလို့ထင်မိပါတယ်ရှင်။ စားဝတ်နေရေး ကြောင့်နာသုံးနာကို လွှင့်ပစ်လိုက်ရာကနေ အခုဆို နာသုံးနာဆိုတာ ဂျိုနဲ့လားလို့မေးကြတော့မယ်ထင်ပါ့ရှင်

  • moonpoem

    April 8, 2014 at 12:23 pm

    ဟုတ်ပါတယ် အစ်မရယ် ကျွန်မတို ့ငယ်ငယ်ကဖြင့် မနက်ကျူရှင်ဆိုတာမရှိ ညနေကျူရှင်ဆိုတာတောင် ကိုယ်ညံ့တဲ့ ဘာသာကို တကယ်နားမလည်လို ့တက်ရတဲ့ ကျူရှင်မျိုးပါ။ အခုခေတ်လို မတက်မနေရ ကျူရှင်မဟုတ်သလို၊ ခေတ်စားလို ့သွားတဲ့ ကျူရှင်လည်း မဟုတ်ပါဘူး။ အချိန်တွေ ခိုးခံနေရတာတော့ ဒီခေတ်ကလေးတွေပါပဲ။ တကယ် သနားဖို ့ကောင်းပါတယ်။

    • TNA

      April 10, 2014 at 9:19 am

      ခုခေတ်ကလေးတွေကို တကယ့်ကိုသနားလို့ပါ။ ဖြေရှင်းလို့ရနိုင်တဲ့နည်းရှိပါလျှက် မိဘတွေက မသိတာလား၊ ခေါင်းမာတာလား၊ ဂုဏ်တုဂုဏ်ပြိုင်ပဲလားမသိတော့ပါဘူး။

  • ကျော်စွာခေါင်

    April 9, 2014 at 12:49 am

    မနုအေး….ရေ
    ဟိုတုန်းကနဲ့တော့ တခြားစီပါဘဲ…
    ကြားရတာတွေပြောပါတယ်.. အဝေးက ကြားနေမြင်နေရတာတွေပါ..
    ခုဒီမှာ နောင်နောင်တို ့မှာ ကျူရှင်မရှိဘူး…
    ကျောင်းမှာ အပြီးသင်ပေးတာပါ..ကျောင်းချိန်ထဲမှာဘဲ ကစားချိန်..ရေကူးချိန်. ရုပ်ရှင်ကြည့်ချိန်.စာကြည့်တိုက်သွား ကိုယ်တိုင်စာအုပ်ရှာ စာရေး..အဖြေကိုစဉ်းစား…အိမ်စာက ၁ပါတ်မှ ၂ရက်..
    ကျောင်းမှာ သေချာ ခေါင်းထဲဝင်အောင်သင်တဲ့အခါ သူတို ့အတွက်ကလေးဘဝ အချိန်တွေပျောက်မသွားဘူးဗျ..
    ကျနော်တို ့ မနုအေးတို ့ ငယ်ဘဝက ကျောင်းတက်ရတဲ ့ပုံစံမျိုးက ခုချိန် တစ်ခြားဥရောပနိုင်င့မှာ လာတွေ ့နေရတယ်..
    မတူတာဆိုလို ့ အသံကုန်စာအော်မဆိုတာရယ်…မကျက်ရတာရယ်နဲ ့ အရိုက်မခဲရတာဘဲ ကွာတယ်..
    သူတို ့ကျောင်းတက်တာတွေက ပျော်စရာကောင်းတယ်..။

    • TNA

      April 10, 2014 at 9:25 am

      ဟုတ်ပါတယ် ဆြာခေါင်ရေ။ ကျောင်းမှာသေချာ ကလေးကိုခေါင်းထဲဝင်အောင်၊ နားလည်အောင်၊ ကျေညက်အောင်သင်လိုက်မယ်ဆိုရင် ကလေးတွေ တာဝန်ပေါ့သွားနိုင်မယ်လို့ထင်ပါ တယ်။ ကျွန်မသားလဲ ကျောင်းမှာပဲ သေချာနားလည်အောင်သင်ပေးခဲ့တော့ အိမ်ရောက်ရင် သူ့မှာဆော့ဖို့လောက်ပဲ အာရုံစိုက်ရတော့တယ်။ အချိန်တွေပိုနေလို့တောင် တခြားစာအုပ်တွေဖတ်ခိုင်းနေရ တယ်။ ပေါ့ပေါ့ပါးပါးငယ်ဘဝကိုဖြတ်သန်းလို့ရတယ်။ အဲလိုပေ့ါပါးလွန်းရင် ကြီးရင် ဒုတ်ခရောက်မယ်ဆို တာလဲမဟုတ်ပါဘူး။ သူ့အခြေခံအုပ်မြစ်ကိုကျောင်းက သေချာအောင် ချပေးထားတဲ့အတွက် သူရုန်းရမဲ့အချိန်မှာ သက်သက်သာသာရုန်းနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။ ကွန်ပြူတာ၊ အားကစား၊ ပန်းချီ ကျောင်းမှာတခါတည်းထည့်ပေးထားတော့ အပြင်မှာ သီးသန့်သင်တန်းတက်ရမဲ့အချိန်လဲပိုထွက် လာတယ်။ အဲဒါလေးကို နမူနာပြချင်တာပါ။ နောက်ပိုစ့်တခုမှာ နမူနာပြချင်ပါသေးတယ်။ လုပ်လို့မရတာမဟုတ်ပဲ မလုပ်ချင်တာ၊ မလုပ်တာဆိုတာလေး ပါ

  • Shwe Ei

    April 9, 2014 at 10:36 am

    ကျူရှင်နဲ့ငွေရှာနေကြလို့ ကျူရှင်ဆိုတာကြီးကို မရှိမဖစ်အနေအထားရောက်အောင်ဖန်တီးထားကြတာပါဘဲလေ…
    တက္ကသိုလ်တက်တဲ့ထိတောင်မလွတ်သေး 🙁
    ကျောင်းမှာဆရာမတွေ စာကောင်းကောင်းမသင်တော့တာကြာဘီဆိုတော့လဲ………
    ကိုယ့်သဘောနဲ့ကိုသာဆို…ခလေးတွေကို အတော်ဆုံးဆိုတာထက်…ပုံမှန်အတိုင်းကြီးပြင်းစေချင်တယ်…ဝါသနာအစစ်ကိုရှာတွေ့စေချင်တယ်…သူတို့ကိုယ်တိုင်စိတ်ပါလို့ ဖောက်တဲ့လမ်းကိုဘဲလျှောက်စေချင်တယ်….
    ကိုယ်က ဘေးကနေ ကောင်းမယ်ထင်တာလေးတေ ပြောပြတာလောက်ဘဲလုပ်ချင်တယ်
    အဟိ….အပျင်းတွေး..တွေးကျိတာ (တကယ်) 😀

    • TNA

      April 10, 2014 at 9:28 am

      အဲလိုဖြစ်စေဖို့ကတော့ ကလေးတွေကို ငယ်ငယ်ကတဲက ကိုယ်ပိုင်တွေးတောတတ်အောင်၊ ဆုံးဖြတ်တတ်အောင်၊ ဆုံးဖြတ်ရဲအောင်၊ ကိုယ့်ကိုကိုယ်ယုံကြည်မှု့ရှိအောင်လေ့ကျင့်ပျိုးထောင်ပေးမယ်ဆိုရင် ကြီးရင်သူဝါနာပါရာကို ရဲရဲဝံ့ဝံ့ယုံယုံကြည်ကြည်နဲ့ အောင်မြင်အောင်တည်ဆောင်နိုင်လိမ့်မယ်ထင်ပါတယ်။ ခုဟာက မိဘကဆရာဝန်လုပ်ရမယ်ဆိုလို့ဘာမှန်းမသိဆေးကျောင်းတက်ပြီး လမ်းခုလတ်ကျမှ ပြုတ်ကျကျန်ခဲ့တဲ့သူတွေအများကြီးပါ။

  • kyeemite

    April 10, 2014 at 9:34 am

    ရင်မောလို့
    ဝင်မပြောတော့ပါ
    အထင်ကတော့
    အရင်ကနဲ့မတူတာ
    အသေအချာ
    ပညာရေးစံနစ်
    သေချာဖြစ်မှ
    ကလေးများအချိန်
    ကလေးများပြန်ရပါလိမ့်မည်။

    • TNA

      April 10, 2014 at 4:37 pm

      ကလေးတွေအချိန်ပြန်ပေးနိုင်ဖို့ အကုန်သွန်ချပြီး အသစ်ပြန်ထည့်မှရလိမ့်မယ်ထင်ပါ့ အူးမိုက်ရေ။

Leave a Reply