ဒုတိယမြောက် ကော်ဖီပုံပြင်

‘ဟုတ်တယ်….ယွန်း ကိုယ်ဆုံးဖြတ်ပြီးသွားပြီ’

 

မောင့်ဆီက စကားသံကြားလိုက်ရတဲ့အချိန်မှာ ကျွန်မလက်ထဲက ကော်ဖီခွက်က ရုပ်ရှင်တွေထဲကလို တော့ ပြုတ်ကျမသွားပေ။ တင်းတင်းကြပ်ကြပ်တော့ ဆုပ်ကိုင်ထားမိသည်။ ဟန်မပျက်ဘဲ ကော်ဖီခွက်ကို နှုတ်ခမ်းဖြင့်တေ့ရင်း မောင့်ကိုတစ်ချက်မော့ကြည့်မိသည်။ မောင့်မျက်နှာပေါ်တွင် ပြတ်သားသည့် အမူအရာမှ တစ်ပါး ထူးခြားသည့် အရိပ်အယောင်တစ်ခုမတွေ့ပေ။ အခန်းထဲတွင် ရေနွေးဆူသံပင် ကြားရသည်အထိ တိတ်ဆိတ်လွန်းလှသည်။ ဘလက်ခ်ကော်ဖီတစ်ခွက်ဖျော်ဖို့ သကြားအနည်းငယ်နှင့် သံပုရာသီးတစ်စိတ်ကို ထည့်လိုက်သည်။ တိတ်ဆိတ်မှုအား ကျွန်မမှစတင် ပြန်လည်ဖြိုခွင်းလိုက်သည်။

 

‘မောင်….သေချာပြီပေါ့’

 

ကျွန်မထပ်မေးလိုက်တဲ့ စကားတစ်ခွန်းမှာ မောင်ကခေါင်းတစ်ချက်သာ ငြိတ်ပြရုံသာငြိတ်ပြသည်။ ကျွန်မ မောင့်ကိုတစ်ချက်ပြုံးပြလိုက်သည်။ ကျွန်မမောင့်ကိုကြည့်တော့ မောင်သိပ်စိတ်ကျဉ်းကြပ်နေပုံရသည်။

 

‘ဘလက်ခ်ကော်ဖီ သောက်မလား…မောင်’

 

ကျွန်မအမေးကို မောင်ခေါင်းသာခါပြသည်။

 

‘တစ်ခုခု သောက်ပါမောင်ရဲ့ မောင့်အတွက် ယွန်း ‘Espresso’တစ်ခွက်ဖျော်ပေးမယ်လေ’

ကော်ဖီဖျော်နေရင်းနဲ့ CDစက်ခုလုတ်ကို ကျွန်မနှိပ်လိုက်တယ်။ စစချင်းထွက်လာတဲ့ သီချင်းက တိုက်ဆိုင်တာများလား။ မရည်ရွယ်ပါဘူး မောင်။ ကျွန်မတကယ်မရည်ရွယ်ခဲ့ဘူး။

 

‘နင်နဲ့ချစ်နေတုန်းကလည်းကွယ် ငါပျော်တယ် xxxxxxx နင်မရှိတော့ စိတ်ညစ်လာမယ် xxxxxx နင်သွားမယ့်အကြောင်း ငါ့ကိုပြေလည်းမပြောနဲ့ xxxx ငါနင့်ကို မခွဲနိုင်ဘူး’

သီချင်းသံကြားတော့ သက်ပြင်းကိုအရှည်ကြီးတစ်ချက်ချပြီး ကျွန်မကိုလှည့်ကြည့်တယ်။ ကျွန်မ မောင့်ကို ပြုံးရုံသာပြုံးပြလိုက်သည်။

 

‘သီချင်းလေးနားထောင်ပြီး သောက်လိုက်မောင်…..။ Espresso ကော်ဖီက ရေနွေးပူပူကို အရှိန်ပြင်းပြင်းဖြတ်ထားလို့ သူ့ရဲ့အနံ့က အရမ်းမွှေးတယ်မောင်။ သီချင်းလေးနားထောင်ပြီ သောက်ကြည့်။’

 

အဲသည်အချိန်ုတုန်းက ဝေခွဲမရဖြစ်နေသည့် မောင့်မျက်နှာကို ကျွန်မသေသေချာချာ မှတ်မိနေသေး သည်။ အဲသည်အချိန်တုန်းကများ ကျွန်မမောင့်ကို မသွားနဲ့ဟု တားခဲ့မိမယ်ဆိုရင်ဆိုသော အတွေးက ကျွန်မကို အခုထိ ထိုးနှက်နေတုန်းပင်။

 

………………………………………………………………………………………………………………

 

မောင့်ဆီကပထမဆုံးရောက်လာသော စာအိတ်ကလေးရဲ့အရောင်က ပန်းရောင်လေးဖြစ်သည်။ မောင့်ရဲ့ပထမဆုံးစာကို ဖတ်လိုက်ရသောအခါ Cappuccino ကော်ဖီတစ်ခွက်သောက်ရသလိုပင် သိပ်ကို ကြည်နူးရသည်။ Cappuccino ကော်ဖီက နူးညံ့တဲ့ နို့အမြုပ်လေးအေးအေးလေးတွေနဲ့ Epresso ကော်ဖီကို အောက်ခံထားပြီး အပေါ်ကထပ်လောင်းထားတာလေ မောင်။ အရသာ ၂မျိုးပေါ်အောင် ဖျော်ထားတဲ့ ကော်ဖီပေါ့။ မောင့်ရဲ့ ပထမဆုံးစာဟာ ကျွန်မအတွက် နူးညံ့ခြင်းတွေနဲ့ ပြည့်စုံစေတာပဲမောင်။ အချစ်တစ်ခုကို ပိုမိုတိုးပွားစေတာ ကော်ဖီတစ်ခွက်တဲ့။ သတိရခြင်းကို ပိုတိုးပွားစေတာလည်း ကော်ဖီတစ်ခွက်ပဲတဲ့။ ကော်ဖီတစ်ခွက်ဟာ လွမ်းဆွတ်ခြင်းကိုလည်း ပိုမိုတိုးပွားစေသတဲ့မောင်။ ကော်ဖီကြိုက်တတ်တဲ့ ကျွန်မအတွက် ကတော့ ခံစားချက်တိုင်းဟာ (၂)ဆပိုခံစားနေရတာပဲမောင်။ မောင်က ခု ကော်ဖီသောက်နေမလား။ မောင်ဟာ ကျွန်မလောက် ကော်ဖီပေါ်မှာ ခံစားချက်သိပ်မကြီးမှန်း ကျွန်မသိပြီးသားပါ မောင်ရယ်။

 

လူတစ်ယောက်ဟာ သူကိုယ်တိုင်တိုးတက်ဖို့အတွက် သိပ်ကိုကြိုးစားလွန်းနေရင် အဲသည်လူဟာ ခံစားချက်တွေမဲ့သွားသတဲ့။ ဟုတ်လား မောင်။ မောင့်ရဲ့ခံစားချက်တွေဟာ တစ်နေ့တစ်ခြား ပြောင်းလဲလာတယ်ဆိုတာ စာတွေဖတ်ရင်း ကျွန်မသိလာခဲ့တယ်မောင်။ မောင်ရယ် ဘဝမှာ လိုချင်တဲ့အရာကို အတင်းကြီးလုပ်ယူရမယ်ဆိုရင် အဲသည်အရာဟာလည်း စိတ်တိုင်းကျဖြစ်လာမှာ မဟုတ်ဘူးလို့ ကျွန်မထင်တယ်။ ကမ္ဘာမှာသိပ်ကိုကျော်ကြားတယ်ဆိုတဲ့ကော်ဖီတောင် (Arabian) သိုးကျောင်းသားလေးက စတင်တွေ့ခဲတာလေ။ မောင်သတိထားမိရဲ့လား။ တစ်ခါတစ်ရံ ဘဝမှာ အရေးမကြီးတာတွေဟာ အရေးကြီးနေတတ်သလို အရေးကြီးတာတွေဟာလည်း အရေးမပါခဲ့ပါဘူးမောင်ရယ်။

 

အချိန်ဟာ အရာအားလုံးကိုပြောင်းလဲနိုင်သလားမောင်။ ကျွန်မစိတ်ကူးယဉ်ခဲ့ဖူးတယ်။ စိတ်ကူးယဉ်တာ အကောင်းဆုံး အိပ်မက်မက်မှုတစ်ခုပဲလေ။ ကျွန်မစိတ်ကူးက မောင့်အတွက်သေးသေးလေးပါ။ ၁၇၂ဝခုနှစ် ပဲရစ်ကို ကော်ဖီစယူလာခဲ့ လူက ပြင်သစ်မရိန်းတပ်အရာရှိ (GabrielMathieu deChieu) တဲ့ မောင်။ သူယူလာတဲ့ ကော်ဖီပင်သုံးပင်မှာ တစ်ပင်သာ ရှင်ကျန်ရစ်ပြီး ကော်ဖီယဉ်ကျေးမှု ထွန်းကားခဲ့တာတဲ့။ ကျွန်မအတွက် မောင်ရှိတဲ့ နေရာက ကော်ဖီပင် တစ်ပင်သာယူလာစေချင်ခဲ့တာ။ ကြားရတဲ့သတင်းတွေထဲက နောက်တစ်ယောက်ဆိုတာ ကျွန်မအတွေးတစ်ခုလုံးကို မှုန်ဝါးသွားစေတယ်။ မောင့်ဆီ ကျွန်မဆီကစာတွေ များစွာပျံသန်းသွားခဲ့ပြီးချိန်မှာတော့ မောင့်ဆီကတော့ နတ္တိပါပဲ။ သူတောင် ကိုယ့်ကိုဥပေက္ခာပြုနိုင်တာ ကိုယ်ကဘာလို့ ဥပေက္ခာမပြုနိုင်ရမှာလဲဆိုတဲ့ မာနစိတ်ကလေးက ဦးနှောက်ကိုလာလာညှိတယ်။ အဲသည်မာနလေးကြောင့်ပဲ ကျွန်မနေတတ်နေခဲ့ပြီမောင်။ အတုံ့အလှည့်ဆိုတာကို ပြောမထွက်ခဲ့ပေမယ့် အချိန်ကပဲ စကားပြောလိမ့်မယ်ဆိုတာ ကျွန်မ သိကိုသိနေတယ်။

 

………………………………………………………………………………………………………………

 

လက်ရေးလှလှလေးတွေဟာ ရက်စက်တတ်သလားလို့ တစ်စုံတစ်ယောက်က မေးလာမယ်ဆိုရင် ရက်စက်တတ်တယ်လို့ ကျွန်မဖြေမိမှာ အမှန်ပဲ။ အခုကျွန်မလက်ထဲက ပန်းရင့်ရောင်စာရွက်လေးထဲက လက်ရေးလှလှတွေဟာ ကျွန်မကို ရက်ရက်စက်စက်ကို ခြွေချနေပြီ။ ရေမြေခြားမှာ မောင်ဟာ ကျွန်မအပြင် ကျွန်မထက်အရင် မောင့်ရင်ခွင်ထဲမှာမှေးစက်နေပြီဆိုတဲ့ သတင်းဟာ ရက်ရက်စက်စက်ပါပဲ။ ကော်ဖီကြမ်းတစ်ခွက်နဲ့ ရင်ခွင်နန်းတော် သီချင်း။ ဘယ်လောက်များ ထပ်တူကျလိုက်သလဲ…မောင်။ သီချင်းရဲ့နောက်ဆုံးစာသားနဲ့ ကျွန်မမျက်ဝန်းထောင့်က မျက်ရည်ကျလာဟာ………။ ရင်ခွင်နန်းတော်xxxxxxxxအသက်မဲ့နေတဲ့xxxxxxxxရင်ခွင်နန်းတော်xxxxxxx တို့နှစ်ဦးရဲ့ မနက်ဖြန်များ အသက်မဲ့ခဲ့ရပြီxxxxxxxx

 

ကိုယ့်ကိုယ်ကိုရူးနေပြီလားဆိုတဲ့မေးခွန်းကို ကျွန်မအကြိမ်ကြိမ်မေးကြည့်ခဲ့မိဖူးတယ်။  ကော်ဖီမကြိုက်တတ်တဲ့ မောင်ဟာ မိုခါကော်ဖီကိုတော့ ကြိုက်တတ်တာ ကျွန်မသိတယ်။ မိုခါကော်ဖီဟာ ချောကလက်ရောထားတဲ့ ကော်ဖီတစ်မျိုးမို့ထင်ပါရဲ့။ ကျွန်မကော်ဖီအကြောင်းတွေပြောပြတိုင်း ကော်ဖီ မကြိုက်တတ်တဲ့မောင်ဟာ စိတ်ဝင်တစား မရှိခဲ့ဘူးဆိုတာ ကျွန်မလည်းအသိပါပဲ။ ဒါပေမယ့် မောင်ကြိုက်တဲ့ မိုခါအကြောင်းပြောတဲ့ အချိန်မျာ စိတ်ဝင်တစားရှိခဲ့တာ ကျွန်မမှတ်မိသေးတယ်။ အာရေဗျလူမျိုးတစ်ဦးကို သူ့နောက်လိုက်တွေနဲ့အတူ အစာငတ်သေအောင် သဲကန္တာရထဲကို ပြည်နှင်ဒဏ်ပေးလိုက်တဲ့အချိန်မှာ အိုမရ်လို့ခေါ်တဲ့ အာရေဗျတစ်ယောက်နဲ့ သူ့လူတွေဟာ အမျိုးအမည်မသိတဲ့ အပင်ကရတဲ့အသီးတွေကို ပြုတ်စားကြတယ်တဲ့။ အဲသည်အသီးကြောင့် သူတို့ဟာအသက်ရှင်ခွင့်ရခဲ့တဲ့အပြင် အဲသည်အနီးနားက (Mocha) ဆိုတဲ့ မြို့ကိုအစွဲပြုပြီး Mocha (မိုခါ)ဆိုတာ ဖြစ်ပေါ်လာတာဆိုတော့ မောင်က တအံ့တဩ နားထောင်နေသေးတယ်လေ။

 

ဥပေက္ခာဆိုတာ ခါးသက်လွန်းတယ်မောင်။ ပွင့်လင်းမှုမရှိတဲ့ ဥပေက္ခာဆို ပိုခါးသက်တယ်ဆိုတာ မောင်သိရဲ့လားဟင်။ မောင် မသိချင်ယောင်ဆောင်နေတာ ကျွန်မသိတယ်မောင်။ ပက်ပက်စက်စက် ပြောလိုက်ပါမောင်။ ပြောလိုက်ပါ။ ကျွန်မကိုမချစ်တော့ဘူး။ ကျွန်မကို သံယောဇဉ်ဖြတ်ချင်နေပြီလို့။

ကျွန်မ ဟန်မဆောင်တတ်ဘူး မောင်။ ဒါပေမယ့် မောင်နဲ့ပတ်သက်တဲ့ နာကျည်းစရာခံစားချက်တိုင်းကိုတော့ ကျွန်မဟန်ဆောင်မေ့ထားတတ်တယ်။ အဲသည်အရာကို မောင်မမြင်တတ်ခဲ့တာပါ။အခု ကျွန်မ ဘလက်ခ်ကော်ဖီဆိုတဲ့ သီချင်းနားထောင်နေတယ်မောင်။ မောင်မေ့သွားတဲ့ ကော်ဖီတစ်ခွက် သောက်နေရင်းနဲ့ပေါ့။ သီချင်းကဟောင်းနေပေမယ့် မဟောင်းသေးတာဘာကြောင့်လဲ။ နားထောင်တဲ့ လူအပေါ်မှာ မူတည်တယ်ထင်တာပဲ မောင်ရယ်။ မောင်ပြန်လာတော့မယ်ဆိုတဲ့သတင်းက ကျွန်မနားကို တိုးတိုးလေးနဲ့ ဝေ့ကာရောက်လာတယ်။ စေးကပ်နေတဲ့ ဆံပင်အချို့ကိုဖယ်ပြီး ကျွန်မတစ်ချက် ပြတင်းပေါက် ကို ငေးမောကြည့်မိတယ်။ အဲသည်အချိန်ဟာ ကဗျာတစ်ပုဒ်ကို ကျွန်မရေးခြစ်နေတဲ့အချိန်ပေါ့။

 

“အစိတ်စိတ်အမွှာမွှာပါပဲ

သူမသိအောင်

ကျွန်မကော်ဖီခွက်လေးကို ခွဲပစ်လိုက်တယ်။

တစ်ကျိုးတစ်စစီပါပဲ

အချို့တစ်ဝက်ကို ဝှက်ကာထားတယ်။

မညီမျှခြင်းတွေဟာ

မြတ်နိုးခြင်းတွေကို

တိတ်တိတ်လေး ကွဲကြေအောင်ဖန်တီးတယ်”

 

ယွန်း

 

………………………………………………………………………………………………………………

 

 

ကျွန်မလည်း မောင့်ကိုသတိတရရှိနေတာ ဘာ့ကြောင့်လဲ။ ကျွန်မရူးနေပြီလား မောင်။ ကျွန်မ ရူးနေပြီလား။ အခုလေ ကော်ဖီခွက်လေးကိုကြည့်ပြီး ကျွန်မပြုံးနေမိတယ်။ကော်ဖီတောင် အရောင်မျိုးစုံ နဲ့ အရသာမျိုးစုံရှိသေးတာပဲ မောင်ရယ်။ မောင်လည်း အသစ်အဆန်းရှာတာ မဆန်းပါဘူး။ ဆန်းတာက ကျွန်မ မောင့်အပေါ်မှာ ခံစားချက် တစ်စိုးတစ်စဉ်းမှ မရှိတော့တာပဲ။ ပြင်းပြင်းထန်ထန်ခံစားရတဲ့အခါ လူတွေဟာ ဘာကြောင့် အဲသည်လူတစ်ယောက်ကို negative view ကနေ ကြည့်တတ်ကြတာလဲ။ ကျွန်မအခုထိ စဉ်းစားမရခဲ့ဘူးမောင်။ ကော်ဖီဖျော်တိုင်း တစ်ခွက်ပိုဖျော်မိတဲ့ ကျွန်မ။ မောင်လို့ခေါ်ခွင့်မရှိတော့တဲ့အခါ ရက်ရက်စက်စက် ‘လင်..တ..ရူး’လို့ ကင်ပွန်းတပ်ကြတယ်။ အဲ့ဒါကိုရော ရက်စက်တယ်လို့မခေါ်ဘူးလား အဲသည်လို မျက်နှာနဲ့လူတွေကို ကျွန်မပြန်ပြီးလည်ပြန်ကြည့် နေတတ်ခဲ့ပြီ..မောင်။ ကော်ဖီခါးတယ်ဆိုတာ သောက်လို့ကောင်းတယ်မောင်။ ဘဝခါးပြီဆိုရင်တော့ မောင်ပဲစဉ်းစားကြည့်ပေါ့။ ကျွန်မတစ်ဦးတည်းသာ သီးသန့်ဖိတ်ချင်ပါတယ်ဆိုတဲ့ မောင့်လေသံတွေက ပျော်ရွှင်မှုတွေရောစွတ်နေသလား။ ဘယ်လိုအဓိပ္ပာယ် သက်ရောက်နေတယ်ဆို ကျွန်မဝေခွဲမရခဲ့ဘူး။ အရင်ကတည်းကလည်း ကျွန်မ မဝေခွဲနိုင်ခဲ့ပါဘူး။ အဲသည် အချက်တွေကများ မောင်နဲ့ဝေးသွားစေတဲ့အချက် တွေဖြစ်နေမလား။

 

“အပြီးနေချင်နေလိုက်တော့ xxxxx စိတ်သာရာပါလိုက်တော့ xxxxxxx လူတိုင်းကိုယ့်ဘဝနဲ့ကိုယ်

စိတ်သာရာပါလိုက်တော့ xxxx သိက္ခာဆည်မနေနဲ့တော့ xxxx ဖြေရှင်းလည်းမထူးဘူး”

 

“ဂျောက်”

 

စီဒီစက်က နားထောင်လက်စသီချင်းကိုပိတ် မောင့်ဆီကိုသွားဖို့ ကျွန်မဟန်ပြင်လိုက်တယ်။ “Coffee Story” ဆိုတဲ့ ကော်ဖီဆိုင်ကို လာခဲ့ပါဆိုတဲ့ မောင့်အသံကြားတော့ ကျွန်မရယ်ချင်မိနေသေးတာ။ “Coffee Story” ဆိုတဲ့ ကော်ဖီဆိုင်လေးကို ကျွန်မဖွင့်ထားတာဆိုတာ မောင်မသိခဲ့ဘူးလေ။ ကော်ဖီတွေကို ရူးသွပ်လွန်းတဲ့မိန်းမတစ်ယောက်ဟာ ကော်ဖီဆိုင်တစ်ဆိုင်လောက်တောင် မဖွင့်နိုင်ဘူးလို့ မောင်ထင်ချင်လည်း ထင်နေခဲ့မှာပေါ့။ ဆိုင်လာမယ်ဆိုကတည်းက ဆိုင်မှာအုပ်ချုပ်တဲ့ သူတစ်ယောက်ကို အကျိုးအကြောင်း ကျွန်မပြောထားခဲ့လိုက်တယ်။ မောင်သိဖို့လည်း မလိုအပ်တော့ဘူးလို့ထင်လို့ပါ။ မလိုအပ်တော့ဘူးလေ။ လိုကိုမလိုအပ်တော့တာပါ။

 

………………………………………………………………………………………………………………

 

ဆိုင်ရောက်ရောင်ချင် ပန်းအိုးအကြီးကြီးနဲ့စိုက်ထားတဲ့ အိုအေစစ်ပင်လေးတွေနားမှာ မောင်ထိုင်နေတယ်။ မောင့်ဘေးနားမှာ ကျွန်မထက်အသက်ငယ်မယ်ပုံထင်ရတဲ့ မိန်းမတစ်ယောက်။ ကျွန်မလာတာကို မြင်နေရတော့ အဲ့ဒါကိုကို့သူငယ်ချင်းလားလို့ မေးနေပုံရတဲ့ အမူအယာကို ကျွန်မတွေ့ရတယ်။ ကျွန်မကော်ဖီဆိုင်တောင် ကျွန်မမရောက်တာကြာပါပြီ။ ကုန်ကြမ်းနဲ့ပတ်သက်တာတွေပဲ လုပ်ပေးနေရတာဆိုတာ။ မောင့်ဆီကို တွေ့ဖို့ထွက်လာတဲ့ ကျွန်မပုံစံဟာ ကပိုကရိုဖြစ်နေမယ်ဆိုတာ ကျွန်မကိုယ် ကျွန်မ သိပြီးသားပဲလေ။ ကျွန်မကိုတွေ့တော့ မောင်တစ်ချက်ပြုံးပြပါရဲ့။ ကျွန်မလည်း ပြန်ပြုံးပြလိုက်မယ်တယ်။ ကျွန်မအပြုံးက နှုတ်ခမ်းတစ်ဖက်သာ အပေါ်ကိုကွေးညွတ်သွားတယ်။ သိပ်ကိုတော်တဲ့မောင် ကျွန်မကိုချိန်းတဲ့အချိန်က ဆိုင်ရဲ့လူအရှင်းဆုံးအချိန်ပဲ။

 

“ရောက်နေတာ ကြာပြီလား….မောင်”

 

ကျွန်မနှုတ်ဖျားက မောင်လို့ ခေါ်သံအဆုံးမှာ အနည်းငယ်သွေးဆုတ်သွားတဲ့ မောင့်မျက်နှာရယ်။ မောင့်ကို တစ်ချက်လှည့်ကြည့်လိုက်တဲ့ မောင့်ရဲ့ကြင်ယာဖက်ရယ်။ ကျွန်မ မမှားပါဘူးနော်။ ကျွန်မဘက်က ခံစားချက်တစ်စိုးတစ်စဉ်းမှမရှိဘဲ မောင့်ကို မောင်လို့ခေါ်လိုက်ရတာ။ ဒီနေ့ နောက်ဆုံးပါပဲ။

 

“ဘာသောက်မလဲ…..မောင်”

 

“အင်း….မိုခါ နှစ်ခွက်ပေးပါ”

 

“ကျွန်မကို ဘလက်ခ်ကော်ဖီတစ်ခွက်”

 

အယောင်ယောင်အမှားမှားဖြစ်နေတဲ့ မောင့်ကိုကြည့်ရင်း အနည်းငယ်ပြုံးမိပါရဲ့။ နောက်ဆုံးမို့ပါမောင်။ မောင့်အတွက် ဒါဟာအနည်းငယ် လက်တုံ့ပြန်မှုပါ။

 

“ချွင်….ချွင်…….ချွင်”

 

ကျွန်မဖုန်းရဲ့မက်ဆေ့ရောက်တဲ့အသံ။

 

“ယွန်း….မောင်လို့ခေါ်နေတုန်းပဲလား…”

 

ကျွန်မမောင့်ကိုတစ်ချက်ကြည့်လိုက်တယ်။ သိပ်ကြောက်နေသလားမောင်။ မောင့်လုပ်ရက်တွေ လောက်မရက်စက်သေးပါဘူးမောင်ရယ်။ မောင်က အပ်ဖျားတစ်ထောက်စာဆိုပေမယ့် ကျွန်မက အဲသည်အချိန်တုန်းက ဆပ်ပြာပူဖောင်းလေးဖြစ်ခဲ့တာ…မောင်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ အမှုန်အမွှားလေးတွေအဖြစ် မောင့်ကိုလာရိုက်တာကို မောင်ကသိပ်ကို နာကျင်လွန်းနေတယ်ဆိုရင်တော့ ကျွန်မသိပ်ရယ်ချင်တယ်မောင်ရယ်။ ကျွန်မဟက်ဟက်ပက်ပက်ကို ရယ်မိလိုက်တယ်။

 

“ယွန်း…ကိုယ်တို့မင်္ဂလာပွဲကိုလာခဲ့နော်…”

 

“လာခဲ့ရမှာပေါ့….ယွန်းနဲ့အရင်းနှီးဆုံးလူတွေပဲကို”

 

သည်တစ်ခါပျက်သွားတဲ့ မျက်နှာပိုင်ရှင်က မောင်တစ်ယောက်တည်းမဟုတ်ဘဲ။ မောင့်ဘေးနားက ကြင်ယာဖက်ကပါ ပါလာတယ်။ ကျွန်မကိုနည်းနည်းလေးလောက် အနိုင်ယူခွင့်ပေးပါမောင်။ ဒီနေ့ ကျွန်မသောက်နေကျ ကော်ဖီက သိပ်ကိုအရသာရှိနေတယ်မောင်။ လေတိုက်အပြီး ဖယောင်းတိုင်မီးစတစ်ခုလိုပဲ ကျွန်မရဲ့မာနက ‘ဟုတ်ကနဲ’ ထတောက်လာတယ် … မောင်။ ခံစားချက်ဆိုတာ တစ်စိုးတစ်စဉ်းမှ မရှိတဲ့နာက် ကော်ဖီခါးခါးတစ်ခွက်သေက်ပြီး မောင်မျက်နှာကို မထိတရိအပြုံးနဲ့ ကျွန်မကြည့်တတ်လာတယ်။ ဇာတ်လမ်းက အဆုံးသတ်ရတော့မယ်မောင် အဆုံးသတ်ကို သတ်ရတော့မယ့်အချိန်ထိ အချစ်ဆိုတာဟာ ကုန်ခါနီးကော်ဖီတစ်ခွက်လိုပဲ လက်ကျန်အနည်းငယ်အထိ ဘာလို့ခံစားလို့ကောင်းနေရတာလဲ။ အဆုံးသတ်လို်က်ပြီဆိုတဲ့ အနားသတ်တစ်ခုမှာတော့ ဒဏ်ရာတစ်ခုက ကျန်နေရစ်ခဲ့တာပဲ…မောင်။ နှစ်ဦးကြားကအချစ်ကို အဆုံးသတ်လိုက်တာဟာ ကော်ဖီသောက်ပြီး စွဲကျန်ခဲ့တဲ့အရသာလိုပဲ တစ်မြေ့မြေ့ကျန်ခဲ့ရတယ်ဆိုတာ….။

 

တွေ့ရင်ပြောဖြစ်မယ့်စကားတွေ မရှိတော့တာမို့ ကော်ဖီဝိုင်းက တိတ်ဆိတ်နေတယ်။ တိတ်ဆိတ်မှုကို ကျွန်မကပဲ စတင်ဖြိုခွင်းလိုက်တယ်။

 

“ကျွန်မပြန်ပြီ…မောင် ပြောစရာရှိရင် ဖုန်းဆက်လိုက်ပါ”

 

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကော်ဖီခွက်ဟာ တိတ်တိတ်လေးကျကွဲခဲ့တာမောင်။ ဒီနေ့တော့ မောင့်ကော်ဖီခွက်ကို ကျွန်မကိုကိုယ်တိုင်ရှေ့ခွဲပစ်ချင်လို့ပါ။ ကျွန်မကိုခွင့်လွှတ်ပါမောင်။ ကွဲကြေခဲ့တဲ့ ကော်ဖီခွက်အပိုင်းအစတွေကို ကျွန်မတစ်ယောက်သိမ်းထားမှာပါ။ မောင့်ရဲ့မင်္ဂလာပွဲကိုလည်း ကျွန်မ မတက်ဖြစ်ဘူးဆိုတာ သေချာတယ်ဆိုတာ ပြောဖို့မလိုဘူးထင်ပါတယ်။ ဟုတ်တယ်။ဆုံးဖြတ်ချက်တစ်ခုကိုခိုင်ခိုင်မာမာချပစ်ခဲ့တာကျွန်မပါ။နောက်ဆုံးမို့ရှုံးချင်ရှုံးပါစေ။မောင်ရှိတဲ့နေရာမှာကျွန်မမနေနိုင်သလို။ကျွန်မရှိတဲ့နေရာမှာမောင့်ကိုမရှိစေချင်ဘူး။

 

GOOD BYE ………….မောင်။

………………………………………………………………………………………………………………

 

 

ရင်နှင့်ရင်း၍

အောင်မိုးသူ

မေလ ၁၄ရက် ၂၀၁၄ ခုနှစ်

နံနက် ဝဝး၂၃မိနစ်

17 comments

  • Mr. MarGa

    May 14, 2014 at 9:46 am

    ကော်ဖီပုံပြင်မို့
    ကော်ဖီသောက်ရင်း ဖတ်သွားတယ်ဗျာ
    ကော်ဖီခွက်ကို တမင် ခွဲစေချင်လို့များ
    လာတွေ့ဖို့ ဆုံးဖြတ်တာ ဖြစ်နေမလား ဟင်

    • aung moethu

      May 14, 2014 at 9:49 am

      အချစ်ကနေ နာကျည်းခြင်းဖြစ်နေတဲ့ မိန်းမတစ်ယောက်အနေနဲ့…………….

  • alinsett (gazette)

    May 14, 2014 at 10:08 am

    အဲ့ဒီလို စပြီး
    အဲ့ဒီလို ဆုံးထားတဲ့ရေးဟန် က
    ကျနော့်အတွက်
    အကြိုက်ဖြစ်သွားပါတယ်
    good တယ်ဗျို့။

    • aung moethu

      May 14, 2014 at 10:31 am

      🙂 ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဗျ ကိုအလင်းဆက်

  • Kaung Kin Pyar

    May 14, 2014 at 11:06 am

    အင်းးးး သူတော့ အရမ်း နာကျင်နေမှာပဲ…။ ဟန်မပျက်နေနိုင်တာတော့ ချီးကျူး ရမယ်…။
    ကောင်းကင်ပြာဆိုရင်တောင် အဲ့လို နေနိုင်ပါ့မလားမသိ…။

  • lu lu

    May 14, 2014 at 12:24 pm

    အချစ်ကြောင့်ပျော်ရွှင်ကြည်နူးခဲ့ရတာ
    အချစ်အတွက်နာကျဉ်ကြေကွဲ ရတာ
    အချစ်ကြောင့်တည်ငြိမ် ရင့်ကျက်လာတတ်တာ
    ခံစားမှုတွေအားလုံးကိုအချစ်ကဖန်တီးနိုင် စွမ်းရှိတယ်
    ချစ်သူနဲ ့အတူကော်ဖီသောက် ရတဲ့အချိန်ဆို လောက
    ကြီးကလှပလို ့ကော်ဖီတွေကထူးခြားစွာကောင်းမွန်
    နေသလို ။ 🙂
    ဒီနေ ့ကိုယ့်ဟာကိုယ်စိတ်ကူးယဉ်ပြီးကော်ဖီကိုယ်တိုင်
    ဖျော်သောက်လိုက်တာ ရင် တုန်နေပါရောလား ။
    ချစ်သူဖျော်ပေးတဲ့ကော်ဖီဆိုရင် ရော ???
    ဝေးခဲ့တာကြာလို ့မေ့နေပါပြီ 🙁

    • aung moethu

      May 14, 2014 at 1:07 pm

      ကိုယ့်ချစ်သူဖျော်ပေးတဲ့ ကော်ဖီကျတော့ ကြည်နူးမှုနဲ့သောက်ရတာပေါ့ဗျာ။ ကော်ဖီဆိုတာ အမျိုးအစားတွေ အများကြီးရှိတာကိုး။ 🙂

  • weiwei

    May 14, 2014 at 12:28 pm

    ကော်ဖီသောက်ရင်း ဖတ်လိုက်တော့ အရသာ ပိုရှိသွားတယ် …
    ဒီဇာတ်လမ်းနဲ့ ခပ်ဆင်ဆင်တူတဲ့အဖြစ်မျိုး ကြုံခဲ့ဖူးတယ် .. အေးဆေးပါပဲ .. ဒီလိုများကြုံရမယ်ဆိုရင် ငါ့ဘဝတစ်ခုလုံးတော့ အဓိပါယ်မရှိတော့ဘူး .. ရှင်လျှက်နဲ့သေသလို ဖြစ်မှာပဲလို့ ထင်ခဲ့ဖူးပေမယ့် တကယ်ကြုံတဲ့အခါမှာတော့ မျှော်လင့်ထားသလိုမဟုတ်ခဲ့ဘူး .. တကယ်တမ်းတော့ လူဆိုတာ ကိုယ့်ကိုကိုယ်အချစ်ဆုံးမို့လို့ အကြာကြီးစိတ်ဆင်းရဲမခံနိုင်ဘူးလေ …

    • aung moethu

      May 14, 2014 at 1:06 pm

      ဟုတ်ပါတယ်။ ရသတစ်ခုပေးချင်တာပါ။ အကြာကြီးစိတ်ဆင်းရဲခံနေမယ့်အစား လွမ်းတာကိုနာတာနဲ့ မေ့ပစ်နိုင်ရပါမှာပေါ့ဗျာ။

  • တောတွင်းပျော်

    May 14, 2014 at 6:41 pm

    အချစ်တဲ ့လားကွယ်
    ယွန်း!
    ဒို ့လည်း ချစ်တတ် မုန်းတတ် ကြေကွဲတတ်ဖို ့အတွက်
    ၃မျိုးစပ် ကော်ဖီတစ်ခုတစ်ခွက်လောက်…

    သုတ ရသမြောက်တဲ ့ ဝတ္ထု ဖတ်ရှု ့အားပေးသွားပါတယ်
    ဆရာအောင်မိုးသူ

  • ကေဇီ

    May 14, 2014 at 7:58 pm

    Coffee
    Love
    Kind of Revenge

    The post includes three of my favorite things.
    :mrgreenn:

  • kyeemite

    May 15, 2014 at 3:07 pm

    ကော်ဖီသောက်ရင်း ဖတ်သွားကြတယ်လို့ အပေါ်က လူတချို့ပြောကြတယ်…
    တိုက်ဆိုင်တယ်ပဲဆိုမလား..ကျုပ်လည်း ကော်ဖီသောက်ရင်းဖတ်ဖြစ်သွားတယ်…
    ကြိုက်တယ်ဗျာ…ကော်ဖီဇတ်လမ်းလေးကို….ဆွဲဆရာရေ့ 🙂

    • naywoon ni

      May 19, 2014 at 2:18 pm

      ကျုပ်​က​တော့ ​ကော်​ဖီ မဟုတ်​ဖူးကိုမိုက်​ရဲ့ ဆူညံ​နေတဲ့လက်​ဖက်​ရည်​ဆိုင်​မှာ လက်​ဖက်​ရည်​​ပေါ့ကျ​သောက်​ရင်​နဲ့ ​နောက်​မှ ​အေး​အေး ​ဆေး​ဆေးဖတ်​ဖို့ bookmark လုပ်​သွားပါ​ကြောင်​း

  • ကျ နော် က တော့ ကော် ဖီ မဟုတ် လက် ဖက် ရည် သမား

    အဲ တော့ နို့ စိမ်း တီ း လေ းနဲ့ မြည်း သွား တယ်

Leave a Reply