ကြံပန်းခိုင်

hmeeJune 15, 20141min58335

ကြံပန်းခိုင်                                             (၃၀.၃.၁၄) တနင်္ဂနွေနေ့

ဒီနေ့မနက် ကျွန်မဈေးကို ဈေးဝယ်ဖို့ ဈေးကို သွားခဲ့ပါတယ်။ ကလေးနှစ်ယောက်နဲ့ အိမ်မှာ ကျန်နေရစ်ဖို့ ငြင်းဆန်ပြီး ဈေးဝယ်တာဝန် ယူထားတဲ့ အိမ်ကြီးရှင်ကို ဒီတခါတော့ ထားခဲ့ပြီး ကျွန်မ ဇွတ်ထွက်လာခဲ့တာပါ။ ယောက်ကျားသားမို့ သူဈေးဝယ်လာရင် ပုံစံချထားသလို။ အပတ်တိုင်း အစဉ်လိုက် ချက်စားရတာ။ ငြီးငွေ့လာလို့ ကျွန်မ မြည်တွန်တောက်တီးတိုင်း စာရင်းနဲ့မှာဖို့ သူကတပြန်ဆိုပါတယ်။ ချက်ရမဲ့ အမယ်တွေကို အစပ်အဟပ်တည့်အောင် စိတ်ကူးပြီး ချက်ဖို့ဆိုတာကလည်း မျက်စေ့နဲ့ မြင်မှ စဉ်းစားလို့ရမှာ။ ဈေးထဲမှာ ဘာရှိလည်း ကျွန်မမှ မမြင်ရတာမို့ ဘယ့်နှယ့်လိုလုပ်မှာမလဲ။ ဒါ့ကြောင့် ဒီတခါတော့ ကိုယ်တိုင်ပဲ သွားမယ်ဆိုကာ ဇွတ်ထွက်လာခဲ့ရတယ်။

ဈေးတွေရဲ့ ထုံးစံလိုဖြစ်နေတဲ့အတိုင်း ဈေးရုံထဲမှာ မစည်ကားပဲ ဈေးအပြင်ဘက်မှာ တောသည်လေးတွေနဲ့ တော်တော်လေးကို စည်ကားနေပါတယ်။ မျက်စိနဲ့မြင်မှ ဝယ်ချင်စရာတွေ အများသား။ ပျဉ်းမနားဆိုတာ ကျွန်မ ဇာတိ။ ငယ်ငယ်ကတည်းက ကျွမ်းဝင်ခဲ့တဲ့ ဒေသထွက် စားစရာတွေ။ ကျွန်မအတွက်တော့ ဝယ်ချင်စရာတွေအပြည့်။ အိမ်ကြီးရှင်တယောက် ဒီလောက်စားကောင်းတာတွေကို ဘာလို့ မဝယ်တာလဲလို့ စိတ်ထဲ ငြိုငြင်ချင်သလို။ အမှန်တော့ အညာဒေသအစာကို အညာသူသာ ကြိုက်မပေါ့။ သူ့လို အောက်ပြည်သားက စားစရာလို့ ဘယ်ထင်ပါ့မလဲ။ ညောင်ချဉ်ဖူးပြုတ်လေးတွေက ခရမ်းချဉ်သီး ငါးပိချက်နဲ့ တို့စားချင်စရာ။ အင်း…..ဆူးပုတ်ရွက်နုနုထွေးကို ဘဲဥနဲ့ကြော်။ ဘယ်လောက်များ စားမြိန်လိုက်မလဲ တွေးရင်း ကိုယ့်ဘာသာ တံတွေးမြိုချ။ တောကြက်ဟင်းခါးသီးလေးကို ပုစွန်ခြောက်နိုင်နိုင်ထည့်ကြော်။ နွေရာသီမို့ ဟင်းငုတ်ပွင့်ဖြူဖြူလေးတွေ တပုံကိုငွေတရာမို့ မဝယ်ပဲမနေနိုင်ပြန်ပါဘူး။ ဒီလိုနဲ့ ဈေးထဲမှာ တဝဲလည်လည်နဲ့ ဝယ်မဆုံးဘူး။ မစားရတာ ကြာပြီ ဖြစ်တဲ့ ထန်းသီးနုနုလေးတွေ သုံးလုံးမှ ၂၀ဝတည်းရယ်။ အညာသူ ကျွန်မကို မြို့သူလို့အထင်မှားကာ ဈေးသည်က ဇွန်းဖင်လေးနဲ့ ကော်စားဖို့ သေချာသင်နေတာမို့ ပြုံးမိပါသေးတယ်။ နောက်ဆုံး အိတ်ထဲမှာ ထပ်ထည့်စရာ နေရာ မရှိတော့မှ ပြန်ဖို့ ပြင်ရပါတော့တယ်။ မြင်ရင် ဝယ်မိမှာစိုးရိမ်လို့ ဘေးဘီကို မကြည့်ပဲ ခပ်သွက်သွက် လှမ်းထွက်ခဲ့ပေမဲ့ မနေနိုင်တဲ့ စိတ်ကြောင့် ဈေးအထွက် အစွန်ဆုံး ဈေးသည်ကို ကြည့်မိခိုက်မှာ မြင်လိုက်ရတာက ကြံချောင်းတွေ။ တတောင်သာသာရှိတဲ့ ကြံတချောင်းကို ငါးဆယ်တဲ့။ ကြံလေးတွေက အဝါရောင်ခပ်ဖျော့ဖျော့။ ကျွန်မတို့ ဒေသထွက်ကြံမို့ ချိုမှာတော့ အမှန်။ အိမ်မှာ ကျန်ခဲ့တဲ့ သားနဲ့သမီးလည်း မြင်ဖူးအောင်လို့ နှစ်ချောင်းဝယ်ခဲ့တယ်။ ရန်ကုန်သား ဖြစ်နေတာရယ်၊ အရာရာ အသင့်စားတွေ ပိုပြီး အရသာရှိတာတွေ ပေါတဲ့အရပ်ကမို့ ကြံပန်းခိုင်ဆိုတာ သားတို့ မြင်ဖူးဖို့ အသာထား ကြားတောင်ကြားဖူးမှာ မဟုတ်လို့ ကြံပန်းခိုင် လုပ်ပေးမယ်လို့ တွေးမိပါတယ်။

အိမ်က မထွက်ခင်ကတည်းက အပြန်မှာ ဆိုင်ကယ်ကယ်ရီ စီးလာဖို့ အိမ်ကြီးရှင်က တဖွဖွ မှာရှာတယ်။ မင်းက ဈေးဝယ်လောဘကြီးတယ် အလေးကြီးကိုသယ်ပြီး နေပူကြီးထဲမှာ လမ်းလျှောက်မလာနဲ့ ဝေးတယ်တဲ့လေ။ နေပူတော်လို့ လူတွေ တင်စားသလို တကယ်ကို နေကပူပြင်းလှတယ်။ ပြောစကားနားထောင်တဲ့ ကျွန်မ ဘာလုပ်တယ်ထင်ပါသလဲ။ လမ်းလျှောက်ပြန်လာပါတယ်။ ကားရှင်းရှင်း လူရှင်းရှင်းမှာ တယောက်တည်း လမ်းလျှောက်ရင်း တွေးရတာ ဘယ်လောက် ကောင်းလိုက်သလဲ။ IKEA ကဝယ်ထားတဲ့ ဈေးဝယ်အိတ် ပီနန်အိတ် အပြာကြီး။ ကိုင်းကြိုးနှစ်ဖက်ပါ အလျား တတောင့်ထွှာ အနံတတောင်ကျော် ရှိတဲ့ အိတ်ထဲကို ဝယ်ထားသမျှတွေ အကုန်ထည့် ။ ပြီးတော့ ပခုံးမှာ တနင့်တပိုးလွယ်ပြီး ဘယ့်နှယ့်လိုလုပ် ဆိုင်ကယ် စီးရဲပါ့မလဲ။ ဥစ္စာကံစောင့် အသက်ဉာဏ်စောင့် ဆိုသလို ကိုယ့်အသက်ကို ဉာဏ်လေးတော့ စောင့်ဦးမှ။ ကိုယ့်သက်တန်းလေးမကုန်ခင် လော်လီလို့ မတော် နေ့မစေ့ပဲ ကံကုန်သွားရင် အင်း…. ကလေးတွေက ငယ်သေးတယ် သေလို့ မဖြစ်သေးပါဘူး။ ဒါက ကျွန်မအတွေးပါ။ သေမဲ့ကံပါလာရင်တော့ ရှောင်မလွတ်ပါဘူး။ အိတ်ကို လွယ်ကာ တဖြည်းဖြည်းလျှောက်ရင်း ဘေးဘီဝဲယာကြည့်။ တောင်တွေးမြောက်တွေးပေါ့။ ဘယ်ဘက်ခြမ်းက အထက်တန်းကျောင်းကြီးက ကြီးလိုက်တာ။ ဘောလုံးကွင်းကလည်း အကျယ်ကြီး။ ခက်တာက ကလေးတွေ မရှိဘူး။ အင်း….ကျောင်းပိတ်ထားလို့များလား။ ဒါမျိုး ကစားကွင်းကျယ်ကျယ်နဲ့ ကျောင်းကြီး ရန်ကုန်မှာဆို ဘယ်လောက် ကောင်းလိုက်မလဲ။ ကိုယ်ဖြစ်ချင်တာတွေ လျှောက်တွေးပေါ့။ အိမ်ကလည်း ဈေးနဲ့ အတော်လှမ်းတာမို့ အိမ်ကို လှမ်းကြည့်တော့ ခပ်ပြပြ။ လမ်းအနောက်ဖက်က တိုက်ပြာပြာကြီးတွေဘက် လှမ်းကြည့်တော့ လူသူလေးပါးတောင်မမြင်။ ဟိုကြည့် ဒီကြည့် တွေးရင်းက လက်ထဲက ဝယ်လာတဲ့ ကြံချောင်းကို မြင်တော့ ကြည်နူးစရာ ဖြစ်ပြန်ရော။

ကြံတွေ ကြံတွေ ငယ်ငယ်တုန်းက သွားရည်စာ လုပ်စားခဲ့ရတာတွေ။ ကျွန်မတို့ ရွာက ပျဉ်းမနားမြို့နယ်ထဲမှာ။ ပိုပြီးတိတိကျကျပြောရရင် ပျဉ်းမနား သကြားစက်နားမှာ။ သကြားစက်နားနီးတော့ ဘာဖြစ်လဲ။ ကြံစိုက်ရတာပေါ့။ အဆင်ပြေလည်းစိုက် မပြေလည်းစိုက်ပေါ့။ မဆလ လက်ထက်ကပြောပါတယ်။ ကြံက သုံးနှစ်မှ နှစ်သီးမို့ လူတွေ အတော်ကို ဒုက္ခများခဲ့တာ။ အဲ့တုန်းက ငယ်သေးပေမဲ့ လူကြီးတွေ ငြီးတာ မှတ်မိသေးတယ်။ သူက ၁ဝလကျော်လောက်စိုက်ရတာ။ တခါတခါဆို ကြံတွေရင့်လို့ ကိုယ်ကခုတ်ချင်ဦးတော့ စက်က မလိုသေးလို့ စောင့်ရပြန်ရော။ ပဲတွေ ပြောင်းတွေလို သိမ်းချင်တိုင်း သိမ်းလို့ရတာမဟုတ်။ အဲ…အချိန်လွန်မှသိမ်းတော့ အရည်ခမ်းနေလို့အလေးချိန်ကလျှော့။ အတော့ကို ဒုက္ခများတာ။ ဒုက္ခများလို့ မစိုက်ချင်ဘူးဆိုလည်းမရဘူး။ ကြံစိုက်ရမယ်လို့ သတ်မှတ်ထားတဲ့ အကွက်တွေမှာ တခြားဟာ စိုက်လို့မရဘူး။ တောင်သူတွေမှာ ဖွတ်သထက်ညစ်ရပါတော့တယ်။ ကျွန်မတို့ ရွာရဲ့ မြောက်ဖက်မှာ ပျဉ်းမနားရှိပြီး ရွာက ပျဉ်းမနား ပိုင်နက်အစွန်ဆုံး။ ဒါကြောင့် မြောက်ဖက်ကလယ်တွေဟာ ပျဉ်မနားပိုင်နက်မှာ ရှိပြီး တောင်ဘက်ကတော့ အများစုက လယ်ဝေးပိုင်နက်ထဲမှာ။ လယ်ဝေးဘက်က လယ်တွေကတော့ ကြံမစိုက်ကြရဘူး။ မြောက်ဖက်ကလယ်တွေကတော့ မဖြစ်မနေ ကြံစိုက်ကြရတာပေါ့။ အခုတော့…အဲ့တုန်းကလို မဟုတ်တော့ပါဘူး။ ကိုယ်အားသန်ရာ ဆန္ဒရှိရာ စိုက်ခွင့်ရနေပါပြီမို့ ဝမ်းသာစရာပါပဲ။ ပျဉ်းမနားနယ်ဖက်ပါတဲ့ ရွာ့မြောက်ဖက်မှာတော့ ကြံခင်းတွေ တမျှော်တခေါ်ရယ်ပါ။ ရွာ.အပြင် တာဘောင်ပေါ်တက်ကြည့်လိုက်ရင် ကြံခင်းတွေ မြင်မြင်ရာ ကြံခင်းတွေပါ။ မြို့သွားဖို့ဆို မြောက်ဖက်ကို သွားရတာမို့ ရွာ့အပြင်ထွက်လိုက်တာနဲ့ ဘေးတဖက်တချက်မှာ ကြံခင်းတွေပါ။ ဒါကြောင့် တခါတလေ အဖေ မြို့သွားလို့ မုန့် မဝယ်လာဖြစ်ခဲ့ရင် (ကျွန်မတို့ကလည်း မုန့်မျှော်နေမှာ သိလို့ ) စက်ဘီးကိုရပ် လမ်းဘေးက ကြံခင်းထဲဝင် ကြံတချောင်းလောက် ချိုးပြီး အိမ်ပြန်လာ အိမ်ရောက်တော့ ကျွန်မတို့တတွေကို တယောက်တပိုင်း ပိုင်းပေး။ အခွံတောင်သင်ပေးစရာမလိုဘူး။ ပါးစပ်နဲ့ပဲကိုက်ခွာကာ စားလိုက်တာပါပဲ။ တကယ့်ကို ဆိုးဆေးလွတ် သဘာဝကပေးတဲ့ သွားရည်ဆာပါ။

သီတင်းကျွတ်ချိန်ဆို မိန်းခလေးတွေ တချို့ဆို ယောက်ကျားလေးတွေ တံဇဉ်ခါးကြားထိုးကာ ကြံရွက်ကောက် ထွက်ကြပြီ။ ပြောကြတာသာ ကြံရွက်ကောက် အမှန်တော့ ကြံပင်မှာ ခြောက်နေတဲ့ ကြံရွက်ကို တံဇဉ်နဲ့ဖြတ်ယူကြတာ။ လက်တဆုပ်စာရရင် တနေရာမှာစုထား။ နောက်ထပ်ထပ်စု။ ဒီလိုနဲ့ လူကြီးတဖက်စာကျော်ကျော် ကြံရွက်စည်းကြီးရပါပြီ။ ကြံခင်းပိုင်ရှင်တွေက ကြံရွက်သာ ကောက်ခွင့်ပေးပေမဲ့ ကြံရိုးတော့ ချိုးခွင့်မပေးဘူး။ သူ့ဘက်ကကြည့်တော့လည်း မှန်တာပေါ့။ လူတရာ ဝါးတရာမို့ အများနဲ့ တယောက် သူ့ကြံတွေကုန်ရချည်ရဲ့။ ဒါပေမဲ့ တချို့ ကလေးရှိတဲ့ မိခင်တွေကတော့ တချောင်းတလေ ခုတ်ပြီး အရွက်စည်းကြီးထဲ ထိုးထည့်လိုက်တော့ လူမြင်သူမြင် မဟုတ်တော့ပြန်ဘူး။ ဆွမ်းခံပြန်ချိန်ဆို ကြံရွက်ကောက်သူတွေ ပြန်လာကြပြီ။ ကိုယ့်ခြံကိုယ့်ဝန်းထဲ ရောက်တော့ ကြံရွက်ထုံးကြီးကို ပစ်ချ။ အမေပြန်လာလို့ အနားပြေးကပ်လာတဲ့ ကလေးကို ကြံရွက်ထုံးထဲက ကြံချောင်းကို နှိုက်ထုတ်ပေးရင် ပျော်မဆုံးဘူး။

သီတင်းကျွတ် ကျောင်းဆယ်ရက် ပိတ်ပြီဆို အဘတယောက် ကျွန်မတို့ရွာကို ရောက်လာပါပြီ။ ငယ်ငယ်တုန်းက စဉ်းစားဖူးတယ်။ အဘတို့ရွာနဲ့ ကျွန်မတို့ရွာက အဝေးကြီး။ ဒါနဲ့ ကျွန်မတို့ ကျောင်းပိတ်ပိတ်ခြင်း မနက်ကို အဘက ရောက်လာတတ်တာမို့ ကျောင်းပိတ်တာကို အဘ ဘယ်လိုသိပါလိမ့်လို့လေ။ နည်းနည်း အသက်ကလေးရလာမှ အဘတို့ရွာမှာလည်း ကျောင်းရှိတော့ ကျောင်းပိတ်တာကို သိလို့၊ နောက် စုံစမ်းနေလို့ သိကာ လာတာပါလားပေါ့။ အဘဆိုတာ အဖေ့ရဲ့ အဖေပါ။ ဖြူတဲ့အသားကို နေလောင်ထားလို့ နီစပ်စပ်အသားရောင်။ ဖွေးဖွေးဖြူနေတဲ့ ကံတုံးဆံပင်ပေါက်ကို တဘက်ကြီးပတ်ကာ ပခုံးမှာ ထီးမည်းအကောက်ကြီးကိုချိပ်၊ နောက်တဖက်မှာ လွယ်အိတ်လေးလွယ်လို့။ ကျောင်းပိတ်စ မနက် ၈နာရီကျော်လောက်ဆို အဘရောက်လာပါပြီ။ အဘရဲ့လွယ်အိတ်ထဲမှာ အမေကြီးကိုယ်တိုင် လိပ်ပေးထားတဲ့ ပြောင်းဖူးဖက် ဆေးလိပ်တလိပ်၊ ယမ်းမီးခြစ်တလုံး၊ ဒန်ကွမ်းအစ်ဖြူဖြူတလုံး။ ကွမ်းအစ်ထဲမှာ ကွမ်းရွက်၊ ကွမ်းသီး၊ ကွမ်းညှပ်တခု၊ ဆေးရွက်ကြီး၊ ထုံးထည့်ထားတဲ့ ကိုရာစနိုးဘူးလေးတဘူး။ ဒါတွေဟာ အဘရဲ့ လက်စွဲတွေပါ။ အမေ့ရွာနဲ့ အဖေ့ရွာက ၄မိုင်ကျော်ကျော် ဝေးပါတယ်။ လမ်းလျှောက်ရင် တနာရီခွဲ နှစ်နာရီလောက် လျှောက်ရတယ်။ သီးတင်းကျွတ်မှာ စပါးတွေက မသိမ်းသေးလို့ လှည်းက စီးလို့ မရသေးတာမို့ ကံသင်းရိုးတလျှောက် လမ်းလျှောက်လာတာပါ။ ကြားမှာ ပေါစံခေါ၊ ဂိုမင်းအိုင်၊ အောင်းကုန်း ရွာသုံးရွာ ခြားပါသေးတယ်။ မနက် ၈နာရီလောက်ဆို အဘရောက်လာပြီ။ ညနေ ၄နာရီလောက်ဆို ကျွန်မတို့ မောင်နှမတွေကို ခေါ်ပြီး ပြန်ပါတယ်။ ရန်ကုန်မှာ ကျောင်းတက်တုန်းက နွေကျောင်းပိတ်ရက် ရွာပြန်ပြီဆို ရထားက အဘတို့ရွာ အနောက်ဘက်က ဖြတ်သွားတာမို့ ရွာနားရောက်ခါနီးရင် ရထားပြတင်းပေါက်ကနေ ခေါင်းထွက်ပြီး အော်ကြတာ အဘရေ သမီးတို့ ပြန်လာပြီလို့လေ။ ဘယ်သူပဲကြားကြား ကြားတဲ့သူက အဘကို သွားပြောကြတယ် ခင်ဗျားမြေးတွေ ပြန်လာပြီလို့။ နောက်နေ့ဆို အဘ ရွာကို ရောက်လာစမြဲ။ ကျောင်းပိတ်ရက်တလျှောက်လုံးနီးပါး နေပါတယ်။ သားအကြီးဆုံးက မွေးတဲ့ မြေးဦးတွေမို ချစ်လွန်းလို့ ဒုက္ခခံကာ လာခေါ်တာ။ ကျွန်မတို့က ကလေးတွေဆိုတော့ လမ်းလျှောက်လိုက် ပြေးလိုက် ညောင်းရင် အဘ ဂုတ်ပေါ်က စီးကာလိုက်ပေါ့။ အိမ်မှာက အငယ်တွေရှိလို့ ကိုယ့်ကို အလိုလိုက် မခံရသမျှ အဘတို့ အိမ်မှာဆို အငယ်ဆုံး။ ကိုယ်က ဗိုလ်ပဲ။ ဒါကြောင့် ကျောင်းပိတ်ရက်တိုင်း လွယ်အိတ်ထဲက စာအုပ်တွေ သွန်ချပြီး အဝတ်အစားတွေ ထည့်ကာ အဘအလာကို စောင့်နေတတ်တာ။ အခုတွေးမိတော့ အလွမ်းသား။

တနှစ်မှာ တခါ လွန်ရောကျွံရော နှစ်ခါသာ လာတဲ့မြေးမို့ အမေကြီးက ဟင်းကောင်းတွေပဲချက်ကျွေး။ ဟင်းမကောင်းရင် တူမက ငိုပြီးပြန်မယ်ပြောမှာစိုးလို့ ဦးလေးက ဟင်းစားရှာရတယ်။ အဒေါ်အပျိုနှစ်ယောက်က အရိပ်တကြည့်ကြည့် ချစ်မဆုံးဘူး။ အိမ်မှာ အငယ်တွေကြောင့် ကိုယ့်ဘာသာ ကိုယ်တိုင်လုပ်ခဲ့ရသမျှ အခုတော့ ဇိမ်ပဲမို့ ကျွန်မကလည်း ကျေနပ်မဆုံးဘူး။ အဘတို့ ရွာက သံလမ်း အရှေ့ဘက်ကပ်လျှက်ကရွာ။ ရွာ့အရှေ့ဘက်မှာ လယ်စိုက်ပေမဲ့ သံလမ်း အနောက်ဘက်ကတော့ ကြံစိုက်ကြရပြန်ပါတယ်။ သီတင်းကျွတ်ချိန်မို့ ခါတော်မီ အဒေါ်တွေလည်း ကြံရွက် ကောက်ကြရတယ်။ မနက်ဆို ကျွန်မ အိပ်ရာ မထသေးခင် ညီမနှစ်ယောက် ကြံရွက်ကောက်ထွက်ကြတယ်။ ဆွမ်းခံဝင်ချိန် ပြန်ရောက်ခါနီးပြီဆို အမေကြီးက ကျွန်မကို ရေချိုး သနပ်ခါးလိမ်းပေးပြီး အိမ်မကြီးရဲ့ အဆင်း မီးဖိုအတက် ကျပြင်မှာ ထိုင်စောင့်ခိုင်းပါတယ်။ အဲ့နေရာက အိမ်အဝင်လမ်းကို စီးမြင်ရနဲ့နေရာလေ။ ကြံရွက်ထုံးကြီးတွေ ရွက်ပြီး ဝင်လာတာမြင်ရင် ကျပြင်က ခုန်ချကာ ပြေးကြိုပါတယ်။ အမှန်တော့ ကိုယ်လည်း သယ်ကူနိုင်တာမဟုတ်ပဲ ပိုလေးအောင် လက်သွားဆွဲလာတာ။ ကြံရွက်ထုံးပြစ်ချရင် ထိခိုက်မိမှာစိုးရိမ်လို့ အမေကြီးက မီးဖို ပြတင်းပေါက်ကနေ ဒီဘက်ပြန်လာဖို့ တအော်အော်။ လှေကားရင်းကို ပြေးကပ်တုန်း “ဘုန်း”ဆို ခေါင်းပေါ်က ကြံရွက်စည်းကို ပြစ်ချပြီးပြီးဆို ပြန်ပြေး။ အဒေါ်က ကြံရွက်ထုံးရှေ့ ဒူးထောက်ထိုင်ချပြီး ကြံချောင်းထုတ်ပေးတော့ ပျော်ကာအော်မိသေးတာ။ ကျွန်မကို ကြံချောင်းထုတ်ပေးပြီးမှ ကြံရွက်ထုံးကို အိမ်အောက်က သက်ကယ်ပျစ်မဲ့နေရာမှာ နေသားတကျချ။ ရေချိုးခါနီး အဲ့တာတွေကို ရေစွတ်ကာ နှပ်ထား။ နေ့လည် နေ့ခင်းကြမှ သက်ကယ်ပျစ်မှာပါ။ ဒီအချိန်ပျစ်ထားပါမှ နောက်နှစ်အတွက် မိုးမကျခင် အိမ်၊ စပါးကျီ၊ တင်းကုပ်တွေ အမိုးမိုးနိုင်မှာကိုး။ ကြံရွက်ထုံး နေသားတကျ ဖြစ်မှ ကျွန်မစောင့်နေရာ ကျပြင်ကို အဒေါ်နှစ်ယောက် မျက်နှာက ချွေးကို ခေါင်းခုနဲ့ သုတ်ရင်း လျှောက်လာပါတယ်။ အမေကြီးက လင်ပန်း၊ စဉ်နှီးတုံး၊ ဓါး အသင့်ချပေးထားပါတယ်။ အဒေါ်အကြီးက ကျွန်မ လက်ထဲက ကြံကိုယူ အခွံသင်ပြီး စဉ်နှီးတုံးပေါ်တင်ကာ လက်တဆစ်သာသာ အဝိုင်းလေးတွေ လှီးဖြတ်ပါတယ်။ အဲ့အချိန်မှာ အဒေါ်အငယ်က သက်ကယ်ပျစ်မဲ့ သက်ကယ်ချောင်းတချောင်းကိုယူ တထွှာသာသာ ဖြတ်ကာ အချောသတ် ပြီးတော့မှ ထိပ်တဖက်ကို အစိပ်စိပ် အမွှာမွှာဖြစ်အောင်ခွဲ။ ပြီးတော့ အဒေါ်အကြီးဖြတ်ထားတဲ့ ကြံဆစ်ကလေးတွေကို သီပါတယ်။ ခဏကြာတော့ ကျွန်မအတွက် လှပတဲ့ ကြံပန်းခိုင်လေးရပါပြီ။ ကြံကို အခွံသင်ပြီး ဒီအတိုင်း စားလည်းရပေမဲ့ အခုလို ကြံပန်းခိုင် လှလှလေးလုပ်ပြီး ကိုင်စားရတာ အရသာက မတူပါဘူး။ ပိုချိုပါတယ်။ ချစ်ခြင်းမေတ္တာ၊ အကြင်နာ၊ ဂရုစိုက်မှု၊ ယုယမှုဆိုတဲ့ အရသာတွေ ထပ်ပေါင်းထားလို့ထင်ပါရဲ့။ ကြံရွက်ကောက်ချိန် မပြီးမချင်း၊ ရွာကို မပြန်ရခင်အထိ နေ့တိုင်း၊ နောက်……နောင် ….နှစ်တွေတိုင်း စားခဲ့ရပေမဲ့ ကျွန်မဘယ်တော့မှ မမုန်းခဲ့ဘူး။ အခုတော့ ကျွန်မလည်း ကြံပန်းခိုင်နဲ့ ဝေးခဲ့သလို ကြံပန်းခိုင် လုပ်သူတွေနဲ့လည်း ဝေးခဲ့တာကြာပါပြီ။

အတွေးတွေနဲ့ လှပခဲ့သော ငယ်ဘဝကို ပြန်တွေးရင်း လျှောက်လာလိုက်တာ ကျွန်မတို့ တိုက်ကို ရောက်မှန်းမသိ ရောက်လာပါတယ်။ ရထားတဲ့ အခန်းက လေးထပ်မှာမို့ အပေါ်ကို မော့ကြည့်လိုက်တော့ ပြတင်းပေါက်မှာ မျက်နှာလေး သုံးခုက အစီအရီ။ ကျွန်မကို မြင်တော့ ပြုံးပြလိုက်ကြတဲ့ အပြုံးလေးတွေက အလေးကြီးကို သယ်ပြီး လမ်းလျှောက်လာရတဲ့ ကျွန်မ အမောပြေသွားသလိုပါပဲ။ အင်း…..ဒီသံယောဇဉ်လေးတွေကို အာရုံပြုရင်း လေးထပ်ကို တက်ရပါဦးမည်။   မောတော့ မောတာပေါ့ ဒါပေမဲ့ မမောဘူးပေါ့။ အခန်းဝရောက်တော့ အိမ်ကြီးရှင်က ဆီးပြီးပြောပါတယ် “မင်းကွာ ကြာလိုက်တာ မင်းသွားကတည်းက သမီးက ပြတင်းပေါက်က ခွာမရဘူး။ ” တဲ့လေ။ သမီးကို ချီရင်း ရပ်နေရတာ သူလည်း ညောင်းရှာပေမပေါ့။ ” ကြည့်……. အမေမြင်တော့ ခုနက သူမဟုတ်သလို” ဆိုကာ သမီးကို ငုံနမ်းလိုက်ရင်း ကျွန်မလက်ထဲက ကြံချောင်းကို လှမ်းကြည့်တယ်။ “ အဲ့ဒါကြီးက ဘာလုပ်ဖို့” “သားတို့အတွက်” လို့ သူ့အမေးကို ကျွန်မ ပြန်ဖြေတော့ သူနားမလည်သလို ကြည့်ပါတယ်။ သားတို့က စားတတ်မှာ မဟုတ်တာ ကျွန်မက သူ့ထက်ပိုသိတယ်ဆိုတာ သူသိလို့လေ။ ဒါပေမဲ့ ကျွန်မ ဘာ့ကြောင့် ဝယ်လာတာလည်းကို သူနားမလည်လို့ကြည့်တာ။ ဒါကိုလည်း ကျွန်မက သိတာပါပဲ။ ပခုံးပေါ်က အထုတ်ကို မီးဖိုထဲမှာ ချထားတော့ အိမ်ကြီးရှင်က ပစ္စည်းတွေထုတ်ကာ နေသားတကျထားနေတုန်း ကျွန်မက အမောမဖြေပဲ ဓါးကိုင်လို့ ”ဘာလုပ်ဦးမလို့တုန်း” ဆိုတဲ့ အကြည့်နဲ့ မေးတာကို မသိချင်ယောင်ဆောင်ကာ စဉ်နှီးတုံးကိုချ။ ကြံကို တခွမ်းခွမ်းနဲ့ အခွံသင်ကာ ရေဆေး။ ပြီးတော့ အဝိုင်းလေးတွေ ဖြတ် ဇလုံတခုထဲထည့်။ နောက် ဝါးတူလေးနှစ်ချောင်းကိုယူ အရင်းဘက်ကို ဓါးနဲ့ စိပ်စိပ်မွှာမွှာခွဲ။ ကြံဆစ်လေးတွေကို လှလှလေးသီ။ အဲ….ခဏနေတော့ ကျွန်မလက်ထဲမှာ လှပတဲ့ ကြံပန်းခိုင်လေး နှစ်ခု။ သားနဲ့သမီးကို ခေါ်ကာ သားတို့စားဖို့ ကြံပန်းလေးတွေလို့ ပြောကာ တခုစီပေးလိုက်ပါတယ်။ ကြံပန်းခိုင်လေးကို လက်ထဲမှာကိုင်ပြီး မစားရက်သလို လက်ကလေးနဲ့ တို့လိုက် မြှောက်ကြည့်လိုက်လုပ်ရင်း ပျော်နေတဲ့ သားနဲ့ သမီးကို မြင်ရတာ ကျွန်မကို ကျွန်မ ပြန်မြင်ရသလို။ အမြဲစိုးရိမ်တတ်တဲ့ အိမ်ကြီးရှင်က ကလေးတွေကို ကြည့်ကာ တုတ်နဲ့ ထိုးမိကာ ကလေးတွေ တခုခု ဖြစ်မှာစိုးလို့ ကျွန်မကို ပြစ်တင်စကား ဆိုပါတယ်။ “ မင်းကွာ ကြံကို ဒီအတိုင်းကျွေးလည်းရပါတယ်။ ကြံကြံဖန်ဖန် တုတ်ထိုးကျွေးရတယ်လို့။ ထိမိခိုက်မိရင် ဘယ့်နှယ့်လုပ်မလဲ။ မင်း ကြံပန်းခိုင်လုပ်စားလည်း ဒီအရသာ၊ ဒီအတိုင်းစားလည်း ဒီအရသာပါပဲကွာ” တဲ့လေ။ သူ့ကို ပြန်ပြီး ရှင်းပြမနေတော့ပါဘူး။ အဲ့ဒီ ကြံပန်းခိုင်လေးဟာ တခြားကြံတွေလို မဟုတ်ပဲ ကျွန်မရဲ့ ချစ်ခြင်းမေတ္တာ ၊ ဂရုဏာ၊ အရေးတယူပြုမှုနဲ့ ယုယကြင်နာမှုတွေ ပါလို့ ပိုချိုတယ်ဆိုတာရယ်၊ ကျွန်မရခဲ့ဖူးတဲ့ နွေးထွေးတဲ့ မေတ္တာတွေကို သားနဲ့ သမီးဆီ လက်ဆင့်ကမ်းနေတယ်ဆိုတာကို သူ့ကို ရှင်းပြလည်း ကျွန်မနဲ့ ထပ်တူ သူခံစားသိမှာမှ မဟုတ်တာလေ။

35 comments

  • ဇီဇီ

    June 16, 2014 at 5:36 am

    ငယ်တုုန်းးးက ခိုုးးးစားးခဲ့ ရတဲ့ ဖြူဝါဝါ ကြံပန်းးးခိုုင်လေးးးတွေကိုု လွမ်းးသွားးတာပဲ မမှီရယ်။
    ကျနော် ပြန်လာ ပါဦးးးမယ်။
    :s:

  • ဦးကျောက်ခဲ

    June 16, 2014 at 8:19 am

    မမှီရေ… မိဘမေတ္တာနဲ့ကျွေးတဲ့ ကြံပန်းခိုင်က ပျားရည်ထက်ချိုမြိန်မှာပါ…
    ငယ်ငယ်တုန်းက ရပ်ကွက်ထဲမှာ လှည့်ရောင်းတဲ့ ကြံပန်းခိုင်ဈေးသည်ကြီးကို အမှတ်ရမိတယ်…
    သူများတွေတော့မသိ… ကျောက်စ်ကတော့ ကြံစားတိုင်း အာခေါင်နာတယ်ခင်ဗျ…
    မမှီရဲ့ပို့စ်ကိုဖတ်ပြီး အညာစာလေးတွေကို လွမ်းလိုက်တာဗျာ… ရှလွတ်
    😀

  • Wow

    June 16, 2014 at 9:12 am

    ငယ်တုံးက စားခဲ့ရတဲ့ကြံပန်းခိုင်ကို သတိရသွားတယ်… မမှီက ရေးတတ်လိုက်တာ 🙂

  • kyeemite

    June 16, 2014 at 9:35 am

    ကျနော်လည်း ၁ဝတန်းထိ နယ်ကျောင်းတွေမှာပဲနေလာတော့..နေခဲ့တဲ့ကျောင်းတွေအားလုံး မမှီပြောတဲ့
    အတိုင်း ဝန်းအကျယ်ကြီးတွေနဲ့ချည်းပဲ…အဲ့တုန်းက ခုခေတ်လို ရယ်ဒီမိတ်စားစရာထုပ်တွေ မပေါ်သေးတော့
    ကျောင်းဈေးတန်းမှာ..ဇီးယိုတို့ ကြံပန်းခိုင်တို့ ဝယ်စားရတာသတိရတယ်ဗျာ…
    နယ်ကျောင်းတွေမှာနေခဲ့ဖူးတာ ကျေနပ်မိပါတယ်…မမှီရဲ့စာထဲ မိဘမေတ္တာ လှလှလေးကိုတွေ့လိုက်လို့
    ကြည်နူးမိပါတယ်…

  • black chaw

    June 16, 2014 at 10:48 am

    မမှီရေ…။
    ကျွန်တော်လည်း ငယ်ငယ်က ကြံပန်းခိုင် ဝယ်စားခဲ့ဘူးတယ် ခင်ဗျ…။
    သရေစာကလည်း ဒီနေ့ခေတ်လောက် ပေါပေါလောလော မရှိတော့လေ…။
    ဒီဘက်ခေတ် ကလေးတွေအတွက်တော့ ကြံဆိုတာ စားစရာစာရင်းထဲ
    မရှိတော့ဘူးလို့ ခံစားရပါတယ်…။
    မမှီရဲ့ပို့စ်လေးကို သံယောဇဉ်သံသရာ လို့ နာမည်ပေးသွားပါတယ်ဗျာ…။

  • twitty

    June 16, 2014 at 11:42 am

    မမှီရဲ့စာတွေ ဖတ်ဖူးပါတယ်..။
    မမှီက အကြောင်းအရာ တခုကို ရသဖြစ်အောင် ရေးဖွဲ့နိုင်တဲ့ ကလောင်စွမ်းရှိတယ်..။
    အချိန်ရရင် စာလေးတွေရေးပါ မမှီရယ်..။

  • surmi

    June 16, 2014 at 11:55 am

    ဒီပို့စ်လေးကိုဖတ်လိုက်တာ နှစ်သုံးဆယ်ကျော်လောက် နောက်ပြန်ဆုတ်သွားတယ် ။
    ကြံပန်းခိုင်လို့ပြောရင် ဒီခေတ်ကလေးတွေမသိတော့ပေမယ့်
    ကြံစိုက်ဧရိယာအတွင်း နေထိုင်ခဲ့ဖူးတဲ့သူဆိုတော့ ချက်ခြင်းကိုမျက်လုံးထဲပြန်မြင်ယောင်လာရော …။
    ငယ်ငယ်က ကြံရထားကြီးဘူတာမှာရပ်ထားရင် ကျနော်တို့ကလေးတွေအဖို့ စတုဒီသာဘဲလေ ။
    သဂျားကြံက ကြံဖြူ ၊ အချိုလေးတယ် ၊ပိုကျစ်တယ် ။ လုံးပတ်သေးတယ် ။
    ကြံပန်းခိုင်လုပ်ရင်တော့ လှီးလိုက်ရင်သူမှအနေတော်အတုံးလေးတွေရတာ ။
    ကြံရည်ကျိတ်တဲ့ကြံအမဲက ပွပေမယ့် အချိုပေါ့တတ်တယ် ။
    အဲဒီကြံမဲကို ကြံပန်းခိုင်လုပ်ရင် အဖျားလေးတွေသာလှီးပြီးလုပ်သမို့ အချိုပေါ့ပါတယ် ။
    ငယ်ငယ်က့ သွားကောင်းဝါးနိုင်ဆိုတော ့သကြားကုန်ကြမ်းကြံဖြူဆိုသိပ်ကြိုက်လေ ။
    ကြံတစ်ချောင်းဆွဲချလာပြီးရင် ကလေးတစ်သိုက်စားပါလေ့ဗျာ ။

    နောက်ပိုင်း လူပျိုပေါက်ဖြစ်တော့လည်းအဲဒီကြံချောင်းကအသုံးဝင်တာဘဲ ။
    ညည ပွဲဈေးတန်းတို့ ပွဲလမ်းသဘင်တို့လူရှုပ်ရှုပ်ထဲမွှေကြရင် ကြံတစ်ချောင်းလောက်ဝယ်ပြီးခါးကြားထိုးထားတတ်တာ ။
    မတော် ရန်တွေဘာတွေဖြစ်ရင် သက်လုံကောင်းဖို့လေ 🙂

    ကလေးတွေကို ညဖက်ပုံပြောလေ့ရှိတော့ ပြောစရာပုံပြင်တွေ စဉ်းစားမရတဲ့အခါ
    ငယ်ဘဝအမှတ်တရလေးတွေပြန်ပြောမိတတ်တယ် ။
    ကလေးတွေက သဘောတွေကျလို့လေ ။သူတို့မှာတော့ လှောင်အိမ်ထဲမှာနေရတဲ့ပုံဆောင်ခဲလေးတွေဆိုတော့ ………

    ကျနော်လည်း မဆလ အနှောင်းပိုင်းကိုမှီလိုက်လေတော့ အလယ်တန်း ၊ အထက်တန်းကျောင်းသူားတွေ ကောက်စိုက်ရတာကြုံခဲ့ဖူးသဗျာ ။
    မမှီပို့စ်လေးဖတ်ပြီး ပြန်သတိယနေမိတယ် ။
    မိခင်မေတ္တာနဲ့ ကြည်နူးဆွပ်ပျံ့ဖွယ် မိသားစုလေးရဲ့ နွေးထွေးတဲ့သံယောဇဉ်လေးတွေ ခံစားမိပါတယ်ဗျို့ …………

    • ဇီဇီ

      June 16, 2014 at 12:33 pm

      အိုင်းယားးးးး
      အနော်ပြောမှာတွေကို ဆာဆာ ဦးသွားပြီ။;
      ခိခိ။
      အရင်ကဆို မသိတော့ ကြံပန်းခိုင် အဝိုင်းလေးတွေကို ဖွေးဖွေးကြီးကြီးလှလှလေးတွေကို ရွေးမိတာ။
      အဲဒါက အချိုပေါ့တယ်ရယ်။
      ဝါကျစ်ကျစ်သေးသေးလေးတွေက ချိုတာ။
      ယင် တစ်လောင်းလောင်းနဲ့ ခိုးစားခဲ့ရတာပေါ့။
      😀

      မမှီရဲ့ ကိုယ်တိုင်လုပ် ကြံပန်းခိုင်လေးကနေပြီး အမေတစ်ယောက်ရဲ့ ခံစားချက်ကို စားသုံးသွားပါတယ်။
      :s:

      • surmi

        June 16, 2014 at 12:49 pm

        တခါသား ဗျာ
        နယ်ပြန်တုန်းလေး အမှတ်တရ ကြံဝယ်စုပ်ပါတယ်
        ကြံချောင်းကိုရေထိုးထား တာနဲ့ကြုံရပြန်ပကော
        အိုဘယ့် … အတုလောက 🙁

  • alinsett (gazette)

    June 16, 2014 at 12:27 pm

    တစ်ပုဒ်ဆိုတစ်ပုဒ်
    သိပ်ကောင်းတဲ့စာတွေကိုသာ ရေးတတ်သူ

  • Crystalline

    June 16, 2014 at 1:45 pm

    ပို့စ်မြင်ပြီး ဖွင့်ထဲက ခေါင်းစဉ်ကို ကြံ့ခိုင်ပန်းဆိုပြီးဖတ်တာ… ဘာအကြောင်းပါလိမ့်ပေါ့… ဈေးထဲရောက် ကြံနှစ်ချောင်းဝယ်တော့မှ ခေါင်းစဉ်ပြန်ကြည့်ရတယ်.. :mrgreenn:
    တကယ်ကိုလွမ်းသွားတယ်… ကြံပန်းခိုင်လည်း ခိုးဝယ်စားခဲ့ဖူးတာပေါ့… အိမ်မှာဆို သေချာဆေးကြောပြီး ပိုင်းကျွေးရင် အရသာမရှိသလို.. ကျောင်းကခိုးဝယ်စားရတာက ပိုအရသာရှိသလို… :))
    အမေဖက်က အဖေ အဖိုးကိုလည်းသတိယသွားတယ်.. သူကတောမှာနေပြီး.. နွေရာသီကျောင်းပိတ်ရက်တွေဆို အမေနဲ့ ကိုယ်တွေကိုလာခေါ်တယ်.. နေကြာခြွေတာတွေ.. တလင်းနယ်တာတွေ.. အဖိုးကကိုယ်တိုင်လှည်းမောင်းပြီး အဒေါ်ကြီးတို့ရွာလိုုက်ပို့တာ.. နေ့ခင်းပူမှာစိုးလို့ဆိုပြီး ညပိုင်းသွားတာ.. အဖိုးလမ်းမှားပြီး ၃နာရီခရီးကို တစ်ညလုံးလှည်းစီးခဲ့ရတာလည်း ပြန်သတိယသွားတယ်.. အဲဒီအချိန်မျိုးပြန်မရနိုင်တော့တာ အဖိုးဆုံးပြီး ကတည်းကပဲ..၂၅နှစ်လောက်တောင်ရှိရောပေ့ါ.. ဒါပေမယ့် အခုထိ အဲဒီမြင်ကွင်းတွေကို စိတ်ထဲမြင်နေတုန်းပဲ.. :((

  • nozomi

    June 16, 2014 at 2:01 pm

    မမှီ စာလေး ဖတ်ရင်း ငယ်ငယ်က အမေပြောတတ်တဲ့ သူတို့ကျောင်းပိတ်ချိန် အမျိုးတွေ ရှိတဲ့ဆီ သွား ပဲစွတ်လိုက်ကြတာလေး ပြန်မြင်ယောင်ရင်း အမေ့ကို လွမ်းမိတယ်

    မမှီ ရဲ့ စာရေးတဲ့ အတတ်ပညာ ရော စေတနာရောကြောင့် စာတပုဒ် လုံးက ချစ်ခြင်းမေတ္တာတွေကို ထုံမွှမ်းလို့

    မိသားတစ်စုရဲ့ တာဝန်တွေ ဘယ်လောက်ကြီးတယ် ဆိုတာ သိပေမဲ့ အချိန်ရသခိုက်လေးတော့ မှန်မှန် လေး ရေးပေးပါနော်

  • Mr. MarGa

    June 16, 2014 at 4:49 pm

    ကျနော်တော့
    မန်းမြို့ရဲ့ ဘုရားပွဲညတွေမှာ အခုထိ ရှိနေသေးတဲ့ ကြံပန်းခိုင်တွေကို လွမ်းမိဆဲပါဗျာ
    ဈေးထဲမှာ တွေ့တတ်ပေမယ့် ဘုရားပွဲဈေးတန်းမှာက ပိုသေချာတယ်ခင်ဗျ။
    တစ်ပုဒ်ဆို ဆိုသလောက်ပါပဲလားဗျာ။
    စာတစ်ပုဒ်လုံးက တကယ်ကို ချစ်ခြင်းမေတ္တာတွေ ထုံမွှမ်းနေတယ်…

  • Ma Ma

    June 16, 2014 at 5:41 pm

    ငယ်ငယ်က စားဖူးတဲ့ ကြံပန်းခိုင်လေး သတိရသွားပြီ။
    ကြံအချောင်းလိုက်ကို သွားနဲ့ကိုက် အခွံခွာစားတာကို မြို့လာတဲ့ ဧည့်သည်တွေ အံ့ဩကြတာလည်း မှတ်မိသေးတယ်။

    ကျောင်းတုန်းက ဇေယျဝတီသကြားစက်ကို လက်တွေ့ဆင်းတော့ ကြံတောင်သူတွေ ကိုယ့်အခင်းကို အချိန်မီခုတ်ခွင့်ရအောင် အကြံအဖန်လုပ်ကြရတယ်။
    သကြားစက်ကို ကြံလာပို့တဲ့အခါ အချိန် (ပို) ရအောင်လုပ်ပုံလုပ်နည်းတွေလည်း ရှိသေးတယ်။
    ကြံ အရည်အသွေးစစ်တဲ့အခါ သကြား% ပေါ်မူတည်ပြီး ဈေးအနိမ့်အမြင့်ရှိတာမို့ စက်ရုံလာပို့တဲ့ ကြံတောင်သူအနေနဲ့ လည်လည်ပတ်ပတ်ရှိဖို့လိုတယ်။

    အရည်အသွေးစစ်တဲ့ဆီက နမူနာ ကြံရည်ကြိတ်တဲ့စက်အသေးကလေးနဲ့ ကြံရည်သောက်ရတာလည်း အမှတ်တရပဲ။

    မတွေ့ရတာကြာပြီဖြစ်တဲ့ မှီ့ လက်ရာလေး ဖတ်ခွင့်ရတာကိုလည်း ဝမ်းသာမိတယ်။ 🙂

    • surmi

      June 16, 2014 at 8:12 pm

      အော် …
      အန်တီမမက ဇေယျဝတီ (ဘားမားဘုံဘေ) ကိုရောက်ဖူးတယ်ပေါ့ ။
      သဂျားစက် အဝင်လမ်းထိတ်နားက ချစ်တီးထမင်းဆိုင်လေးမှာရော
      စားဖူးသလားဟင် 🙂
      မနုဿနီ သိပ်ကောင်းသဗျ

      • Ma Ma

        June 16, 2014 at 8:54 pm

        ဟုတ်ပ့ါ။
        အဲဒီရောက်ရင် ဘုံဘေဘားမားရောက်သွားသလိုပဲ။
        ကြေးအိုးလေးတွေရွက်တဲ့ ကုလားမတွေ လမ်းပေါ်မှာ တွေ့နိုင်တယ်။

        အဲဒီတုန်းက စက်ရုံက ထမင်းချက်ပေးလို့ ချစ်တီးထမင်းဆိုင်တော့မစားဖူးဘူး။
        အမှတ်မိဆုံးကတော့ စက်ရုံကရောင်းတဲ့ မလိုင်တုံးပဲ။
        ရန်ကုန်က ဘယ်ဆိုင်တွေ ဘယ်လိုကောင်းတယ်ပြောပြော အဲဒီမလိုင်ကို မမီဘူး။ 🙂

  • ဝင့်ပြုံးမြင့်

    June 16, 2014 at 11:52 pm

    ကလေးနှစ်ယောက်နဲ့ မအားတဲ့ကြားက ဒီလောက်ကောင်းတဲ့ စာကိုရေးနိုင်တာ အားကျပါတယ် မမှီရေ။ ကွန်မင့်တွေ မဖြေပေးနိုင်တာလည်း မအားလို့ ဆိုတာ ကောင်းကောင်းသဘောပေါက်ပါတယ်။

  • lu lu

    June 17, 2014 at 7:36 am

    အဲ ့
    ကြံပန်းခိုင် နဲ ့အမှတ်တရ များစွာရှိခဲ့လွန်းလို ့
    ဒီပို ့စ်ကိုပြန်ဖတ်မိတော့ ငယ်ငယ်တုန်းက ဘူတာ ရုံ
    မှာအစ်ကို တွေနဲ ့ကြံသွားဆွဲတာကိုပြန်သတိရသွားတယ်
    နောက် မန္တလေး မြို ့ရပ်ကွက်တွေထဲကဘုရားပွဲတွေ
    ဆီလည်းတ ခေါက်လောက်ပြန်သွားချင် တယ်
    ကြံပန်းခိုင် တွေ နဲ ့အတိတ်ပေါ့
    🙂

  • Ma Ei

    June 17, 2014 at 12:49 pm

    မှီ့ စာလေးတွေဖတ်ရတာ အလွမ်းကိုပြေရော…
    စာဖတ်ပြီးတော့ ပိုလွမ်းသွားပြီ…
    ငယ်က အဖိုးတို့ဆီ အသွား ရထား ဘူတာတစ်လျှေက်
    အော်ရောင်းနေကြတဲ့ အသံလေးတွေပြန်ကြားမိပါရဲ့…
    ကြံပန်းခိုင် ချိုချို လေးတွေရမယ်….

  • naywoon ni

    June 17, 2014 at 1:45 pm

    ကျွန်​​တော်​ငယ်​ငယ်​က လယ်​​ဝေးမှာ​နေရတာ ။ ရုပ်​ရှင်​ကြည်​့ရင်​ ကြံပန်​းခိုင်​ ဆယ်​ပြား ဖိုးဝယ်​ပြီး ၇၅ ပြားတန်​းက ငါးမူးနဲ့ဝင်​တိုးတာပဲ ။ ပိတ်​ကားနဲ့ အနီးဆုံး​နေရာ မှာ အမှိီမပါတဲ့ခုံ​တွေမှာပဲ ထိုင်​ရတယ်​​လေ ။ သိတဲ့လူကြီးတစ်​​ယောက်​​ယောက်​နဲ့ ​တွေ့ရင်​​တော့ တစ်​ကျပ်​ခွဲတန်​းက ကပ်​လိုက်​သွားတာပဲ ။ က​လေးကိုး ။ အဲ့ခါဆိုရင်​​တော့ လက်​ထဲကြံပန်​းခိုင်​ နှစ်​ခိုင်​ ။ အာ​ပေါက်​​အောင်​ ဝါး​ပေ​ရော့ပဲ ။

  • hmee

    June 17, 2014 at 2:14 pm

    ဝင်​ရာက်​အား​ပေးသူ အားလုံးကို ​ကျေးဇူးတင်​ပါတယ်​။ ဒီပို့စ်​​လေးကို တင်​ပြီး ကွန်​မန်​့​လေး​တွေ ဖတ်​ချင်​ပါတယ်​ဆိုမှ အင်​တာနက်​က ပျက်​သွားတယ်​။ ၂ရက်​​လောက်​ ငရဲကျတာပဲ။ ဒီ​နေ့မှ သွားပြင်​ရတယ်​။ အခုရရခြင်​း ရွာထဲ ဝင်​လာတာ။ ကျွန်​မ ဒီစာကို ၃လပိုင်​း ​နေပြည်​​တော်မှာ ကတည်​းက​ရေးထားတာ။ သား​ကျောင်​းစတက်​ဖို့ လ​ုံးပန်​းရတာရယ်​။ သမီး​လေးက ချုချာတာရယ်​​ကြောင်​့ ပို့စ်​ မတက်​နိုင်​ဘူး။ ဝါသနာ တားမရလို့ တ​နေ့နည်​းနည်​းစီ ရိုက်​ယူရတယ်​။ အချိန်​​တော်​​တော်​ ကြာသွားတယ်​။
    ဇီဇီ​ရေ ​ကျေးဇူးပါ။
    ရှုံးလူ​ရေ ဝါသနာ​ကြောင်​့ သံ​ယောဇဉ်​ ဖြတ်​မရဘူး။
    ဦး​ကျောက်​ရှင်​့ အညာစာ​တွေက အညာမှာစားမှ ပို​ကောင်​းသလိုပဲ။
    WOW​ရေ ​ကျေးဇူးပါ။
    ဦးမိုက်​ရှင်​့ ဇီးယိုက ဒန်​အိုးထဲမှာ ထန်​းလျှက်​နဲ့ ကျိုထားတာ ဝယ်​စားမှ ဇွန်​း​လေးနဲ့ ​ကော်​ပြီး ဗန်​ဒါရွက်​ထဲထည်​့​ပေးတာ မှတ်​မိ​သေးတယ်​။
    ဦးဘလက်​​ပေးတဲ့ ​ခေါင်​းစဉ်​က ပိုလှတယ်​။
    twitty ​ရေ ​ရေးဖို့ အား​ပေးတဲ့ အတွက်​ ​ကျေး​ကျေးပါ။
    ဦးဆာမိရှင်​့ အဲ့​ခေတ်​တုန်​းက ​လေ့လာ​ရေပါ ထွက်​ရတယ်​​နော်​။
    အလင်​းဆက်​​ရေ ဂျုး ဝယ်​ဖတ်​မလို့ ဆက်​ဆက်​​ပြောတာနဲ့ ဌားပဲ ဖတ်​​တော့မယ်​။
    crystaline ​ရေ မမှီတို့ အဖိုးလည်​း ဆုံးသွားပပြီ။
    ကိုနိုဇိုမီ က​တော့ အြမြဲ အား​​ပေးတယ်​။ ​ကျေးဇူးပါ။
    သကြား​ရေ ဘုရားပွဲလည်​း ​ဝေးတာ ကြာ​ပေါ့။ တခါ​လောက်​ ဗလာပွဲ​လေး ကြည်​့ချင်​​သေးတာ။
    မမရှင်​့ ကျွန်​မတို့လည်​း ​လေးတန်​းမှာ သကြားစက်​ကို ​လေ့လာ​ရေး သွားရတယ်​။ စက်​က ကျလာတဲ့ သကြားဖြူဖြူ ပူပူ​လေးကို လက်​နဲ့ ခြံပြီး စားခဲ့တာ မ​မေ့​သေးဘူး။

    • alinsett (gazette)

      June 18, 2014 at 8:46 am

      ပလုပ်တုတ်
      ဂျူးစာအုပ် ရောင်းအားတွေကျကုန်ရင်
      ဆက်ဆက်ကြောင့်ဖြစ်တော့မှာပဲ
      :mrgreen:

      အဲဒီဝေဖန်စာက ကျနော့်ပုဂ္ဂလအမြင် အယူအဆပါနော်
      ဓမ္မဓိဋ္ဌာန်ကျကျဝေဖန်တာ မဟုတ်ပါဘူး။

      😆

  • hmee

    June 17, 2014 at 2:19 pm

    မဝင်​့ြပြုံးမြုင်​့ရှင်​့ အား​ပေးတာ​ရော နားလည်​​ပေးတာပါ ​ကျေးဇူးပါ။
    LU LU ရှင်​့ကျွန်​မလည်​း တခါတ​လေ အ​တွေး​တွေ နဲ ခဏ ခဏ အတိတ်​ကို သွားမိတယ်​။
    MA EI ရှင်​့ ကြံ ပန်​းခိုင်​​လေး​တွေကို လင်​ပန်​း​လေးထဲ ထည်​့ြပြီး​အော်​​ရောင်​းကြတာ​လေ။ ပြန်​မရနိုင်​​တော့တဲ့ ငယ်​ဘဝ ​တွေပါ။

  • hmee

    June 17, 2014 at 2:32 pm

    အဘနီရှင်​့ ပျဉ်​းမနား​ဈေးကြီး အဝင်​ဝ မှာ လင်​ပန်​း​လေး​တွေနဲ့ ​ရောင်​းတာလည်​း သတိရတယ်​။ အ​မေ့ကို ဝယ်​​ပေးဖို့ ပူဆာခဲ့ရ တာ​ရော။

  • snow smile

    June 18, 2014 at 8:24 am

    ဘယ် တော့ ပေါ ် လာ မ လည်း လို ့ စောင် ့ နေ ရင်း နဲ့
    မှီ့ ရဲ့ ပိုစ့် တော် တော် များ များ ဝင် ဖတ် ပြီး နေ ပြီ
    အစ် မ မှီ့ ့အ ရေး အ သား ကို အ ရမ်း ကြိုက် တယ်
    စာ ဖတ် နေ ရင်း နဲ့ မျက် စိ ထဲ ပေါ ် လာ အောင် ရေး တတ် သူ
    အစ် မ တို ့ ငယ် ငယ် က တော့
    မေ မေ က ကြံ စည်း ( အ မဲ ရောင် ) ပေါ့ ဝယ် လာ ပြီး ရင်
    စ ကော ချ စဥ့် နီ တုန်း ထဲ့ဓား တ ချောင်း ကိုင် ပြီး အ ခွံ နွာ တော့ တာ ဘဲ
    အစ် မ တို ့ မောင် နှစ် မ တ စု က စ ကော ဘေး ဝိုင်း ပြီး
    ငုတ် တုတ် လေး တွေ ထိုင် လို ့
    နွာ ပြီး ရင် လေး စိတ် ခွဲ ရေ ဆေး ပြီး ငယ် စဉ် ကြီး လိုက် ပေး တာ လေ
    စား က လည်း စား ချင် မေ မေ က လည်း ခွဲ နေ ကြ မ ဟုတ် တော့
    လက် က မ သွက် တ ချောင်း နွာ လိုက် တ ယောက် ပေး လိုက် ပေါ့
    မေ မေ ခွဲ ပြီး သမျှ ကြံ ချောင်း တွေ က လည်း
    ဓား က မ ထက် တော့ ရောင်း တဲ့ ကြံနွာ ထား သ လို မ ဟုတ် ဘဲ အ ပိန် အ လိန် လေး တွေ ပေါ့
    ကျွန် မ တို ့ များ လု ယက် နေ ပြီ ဆို ရင်
    မေ မေ က တ ပြုံး ပြုံး နဲ့ ပါ
    ကျွန် မ အ လှည့် ကျ ပြန် တော့ လည်း အဲ့ လို ပါ ဘဲ
    ဈေး သွား ရင်း နဲ ့ မျက် စိ ထဲ ကြ ံ အ စည်း လိုက် ရောင်း နေ များ
    မြင် လို ့ က တော့ တ စည်း လောက် ဝယ် တင် ခဲ့ တာ ပါ ဘဲ
    မြင် သူ အ များ က လူ နည်း နည်း လေး နဲ့ ဟယ်
    ဒု က္ခ ခံ လို ့ ဝယ် စား လိုက် ပြီး ရော လို ့ ပြော ကြ ပေ မဲ့
    ကျွန် မ ကိုယ် တိုင် နွာ ကျွေး ချင် လို ့ လို ့ မ ပြော ဖြစ် ခဲ့ ဘဲ
    ပြုံး ပြီး သာ နေ မိ ပါ တယ်
    ကျွန် မ ကြံ စည်း ဝယ် လာ တာ မြင် တာ နဲ့
    ခ လေး တွေ ပျော် မြူး နေ ပါ ပြီ
    ထုံးစံ အ တိုင်း စ ကော နဲ့ စဉ် ့ နီ တုန်း ယူ
    အ ခွံ နွာ ပေး ပြန် တော့ လည်း
    နွာ ပြီး သား တွေ ကြံ တွေ ဟာ မေ မေ နွာ ထား သ လို ဘဲ
    အ ပိန် ပိန် အ လိန် လိန် နဲ့ ပါ ဘဲ
    ကျွန် မ က နွာ လိုက် ခ လေး တွေ က စား လိုက် နဲ့
    ကြံ တ စည်း ဆ်ို ရက် အ တော် ကြာ စား ရ ပါ တယ်
    အ စည်း လိုက် ဝယ် စား တာ တန် တာ ရယ်
    ကိုယ် ကို တိုင် နွာ ကျွေး ချင် တာ ရယ် ကြောင့် ရယ် ပါ
    နာ နတ် သီး ဆို လည်း အဲ့ လို ဘဲ
    နွာ ကျွေး နေ ကြ ပါ
    တ ကယ် လည်း အဲ့ လို ကိုယ် တိုင် ကိုယ် ကျ လုပ် ကျွေး ပြီး တော့
    ခ လေး တွေ မက် မက် စက် စက် စား နေ ကြ တာ မြင် ရင်
    ကျွန် မ လည်း အ ရမ်း ပီ တိ ဖြစ် မိ ပါ တယ်
    ဒါ ပေ မဲ့
    မှီ့ လို မ တွေး တတ် မ ရေး တတ် မိ တာ တော့ အ မှန် ပါ ဘဲ
    တ ကယ် ချီး ကျုး ပါ တယ် ညီ မ လေး ရေ
    မ ကြာ မ ကြာ လည်း ဖတ် ချင် ပါ တယ်
    အ ချိန် လေး ယူ ပြီး ရေး ပါ အုန်း နော်

  • hmee

    June 18, 2014 at 11:36 am

    snow smile ရှင်​့ ​ကျေးဇူးပါ​နော်​။ အ​မေဆို​တောာ့ သားသမီး​တွေအတွက်​ ကိုယ်​တိုင်​ ကိုယ်​ကြသာ လုပ်​​ပေးချင်​တာ။ ထမင်​းစားတာ​တောင်​ သူများလုပ်​​ပေးရင်​ ကျွန်​မှာ စိတ်​တိုင်​းမကျချင်​ဘူး။ ကိုယ်​တိုင်​ပဲ ပြင်​​ပေးမိ​နေတာ။

  • kai

    June 18, 2014 at 3:09 pm

    ကြာပန်းခိုင်ဆိုတာ.. ဘယ်လိုဟာလည်း.. မျက်စိထဲသိပ်မမြင်ဖူးဖြစ်နေတယ်.. ဓာတ်ပုံတပုံလောက်ကြည့်ချင်သား..
    အဝိုင်းလေးတွေလှီးပြီး ကြိုးနဲ့သီထားတာပဲလား..။ ပန်းပုံဖေါ်ထားသေးလား.. မသိ..။

    ဘာပဲဖြစ်ဖြစ်.. ဈေးကပြန်အလာ…ဟင်းမချက်ပဲ.. တန်းလုပ်တာဆိုတော့.. မေတ္တာတွေတော့တော်တော်ပျော်ဝင်နေမယ်ထင်ပါတယ်..

    ဆိုတော့…
    မြန်မာပြည်ကိုကာကိုလာဝင်တော့.. စီးပွားရေးအရ… ကိုက်မကိုက်..လူတွေ ကြိုက်မကြိုက်.. .. ကိုကာကိုလာအဖျော်ရည်ရဲ့အကြီးအကဲနဲ့အင်တာဗျုးသတိရမိတယ်..။
    သူက.. မြန်မာတွေကြံကိုတောင်အရည်ညှစ်သောက်တတ်တာမို့.. အိုကေစိုပြေမှာပါတဲ့လေ..။
    အင်း..
    မြန်မာတွေကြံကြိုက်ချက်…။ :mrgreen:

    • surmi

      June 18, 2014 at 3:21 pm

      သဂျီးကြည့်ရတာ ကြံမရှိတဲ့နေရာမှာ လူဖြစ်တယ်နဲ့ထင်တယ် 🙂
      နောက်မှ ဒါ့ပုံရိုက်ပြီ ဖွဘုတ်ကနေပို့လိုက်မယ်

    • ဇီဇီ

      June 18, 2014 at 3:23 pm

      တဂျီးးး
      ကြာပန်းခိုင် ဟုတ်ဘူးးး
      ကြံပန်းခိုင်..
      :kwi:

    • ကိုခိုင် ကြံ ပန်း ခို်င်မြင်ဘူး ချင် ရင် နည်းနည်းတော့ စောင့် ပေး ဘုရား ပွဲ ရာ သီ ရောက်ရင် ရှာ ပြီ းရိုက်ပေးမယ်.။

      မမှီ ရေ

      မမှီ လက် ရာ မတွေ့ ရတာ ကြာေ ပါ့။

      ကျနော်က တော့ ကျ ဆုံး သွား သလို ဘဲ။

      အဲ လို ရ သ မြောက်တဲ့ စာေ တွ မရေး ဖြစ် တာ ကြာ ပေါ့။

      မမှီရေ

      ရသ အစစ် ရေးသူ ရှားလာ ပါ ပြီ။

      မကြာ မကြာ ရေး ပါ နော်။

  • အိမ်လွမ်းသူ

    June 18, 2014 at 4:10 pm

    ကောင်းလိုက်တဲ့ အရေးအသားဗျာ စာဖတ်ပြီး ဘာကိုလွမ်းမှန်းမသိတဲ့ ခံစားမှူ့လေးကျန်ခဲ့တယ်။ ရသစာပေရဲ့ အစွမ်းပဲ ထင်တယ်။ မhmee ရဲ့ အရေးအသားကိုဖတ်ပြီး ဆရာမ ခင်ခင်ထူးရဲ့ ” အညာသူ အညာသား ကျမ ဆွေမျိုးများ”စာအုပ်ကို သွားသတိရတယ်။ အညာဓလေ့ ရိုးသားမှူ့နဲ့ မေတ္တာတရား တွေအကြောင်းရေး ထားတာ မhmee ရေးသား ပုံနဲ့ တထေရာ တဲပဲ။

  • အရီးခင်

    June 19, 2014 at 2:19 am

    မမှီ
    အရေးအဖွဲ့ ကောင်းတာမှ မျက်စိထဲ ရုပ်ရှင်ပြသလို ခံစားရတယ်။
    ကြံ ကိုတော့ မကြိုက်ဘူး။ ကြံရည်ကိုလဲ သောက်လို့မရဘူး။
    သူများတွေ က ကြံရည်ဆိုင်မှာ ကြံရည်ချိုချို လေး တမက်တမော သောက်ချိန် ကိုယ် က သံပရာရည် ချင်ချဉ်ငံငံ နဲ့။
    မြန်မာပြည်မှာ အရင်က စားစရာ သရေစာ (သွားရည်စာ???) ကောင်းကောင်း တွေပေါမှပေါပါ။
    အခုတော့ သိပ်မရှိတော့ သလို လို့ ထင်မိတယ်။
    ချစ်စရာမိသားစုလေး ကို ပဲ့ကိုင်နေတဲ့သူ မို့ အားကျ မိပါရဲ့။
    မအားမှန်းသိပေမဲ့ အများတောင်းဆိုသလို ရွာထဲ စာလေးတွေ မကြာမကြာ ချပေးပါလို့။

  • hmee

    June 19, 2014 at 8:31 am

    ​လေး​ပေါက်​ရှင်​့ ​လေး​ပေါက်​ာဲ့ ဓာတ်​​သေပုံ​တွေ တအားကို လှတာပဲ။ အြမြဲကြည်​့ဖြစ်ပါတယ်​။
    အိမ်​လွမ်​းသူရှင်​့
    ဒီရွာသား တ​ယောက်​ကလည်​း ကျွန်​မကို ခင်​ခင်​ထူးနဲ့ တူတယ်​လို့ အြမြဲ အား​ပေးပါတယ်​။ ​ကျေးဇူးပါ​နော်​။
    အရီးခင်​ရှင်​့ ကျွန်​မက ကြံစိုက်​တဲ့​နေရာမှာ ကြီးပြင်​းလာလို့ ထင်​ပါရဲ့ ကြံရည်​ကြိုက်​တယ်​။ ငယ်​ငယ်​က ပျဉ်​မနားသွားတိုင်​း ​နေပြင်​းရင်​ ကြံရည်​ကို ငါးကြင်​းဖန်​ခွက်​နဲ့ အပြည်​့ ​သောက်​ရတာ။ ကြံရည်​သည်​​တွေ ​ပေါမှ​ပေါ။ ဒါ့​ကြောင်​့ ကြိုက်​တာ ထင်​ပါရဲ့။ သားက​တော့ လုံးဝ တိုက်​လို့မရဘူး။ ​မေ​မေ သူက ​နောက်​​နောက်​ကြီး မသန်​့ဘူးတဲ့​ေ ကိုကြီးကျယ်​က။
    သူဂျီးက ငယ်​ငယ်​ကတည်​းက ​လော့ကျ​နေတဲ့ ြမြို့မှာ​နေရတာဖြစ်​မယ်​။ ဒါ့​ကြောင်​့ ကြံ ပန်​းခိုင်​ကို မမြင်​ဘူးတာ။ 🙂

  • TNA

    July 2, 2014 at 4:31 pm

    မတွေ့တာတောင်ကြာပေါ့မမှီရယ်။ ကလေးတဖက်နဲ့ ရေးနိုင်တာအားကျမိတယ်။ ကြံပန်းခိုင်ဆိုတာ ငယ်ငယ်က ခဏခဏမြင်ဖူးခဲ့ပေမဲ့ သွေးအားနည်းရောဂါကြောင့် ကြံဖတ်ထိုးရင်သွေးထွက်မှာစိုးလို့ မစားခဲ့ရတဲ့ အစားအစာတခုပေါ့။ ဒါပေမယ့် မျက်စိထဲတော့ခုထိမြင်မိနေတုန်းပါပဲ။

Leave a Reply