ဂိတ်စ် ရဲ့ မှာတမ်း နဲ့ မွေးနေ့ဆုတောင်း – “That is the moment when change is born”

မြစပဲရိုးJune 19, 20142min418715

တကယ်က ခေါင်းစဉ် ၂ခု ပါ။

ဘာမှမဆိုင်ပါဘူး။

အဲဒါကို ဆက်ထားတာ။

အချိန်ကိုက်လေး မို့ အကြိုက်တွေ့ပြီး Post တစ်ခု ဖြစ်ခဲ့ပါကြောင်း။

 

၂၀၀၅ ခုနှစ်တုန်းက အမေရိကနိုင်ငံ ရဲ့ အထင်ကရ နာမည်ကြီး တက္ကသိုလ် စတန်းဖို့ဒ် မှာ စတိဗ်ဂျော့ဘ် ကျောင်းဆင်းအမှာစကား ပြောခဲ့ပါတယ်။

၉နှစ် ကြာအပြီး ဒီနှစ် ၂၀၁၄ ဇွန်လ ၁၅ရက် နေ့ ကပြုလုပ်ခဲ့တဲ့ ဘွဲ့နှင်းသဘင် အခမ်းအနား မှာတော့ ဘီလ်ဂိတ်စ် နဲ့ သူ့မဟေသီ မီလင်ဒါ တို့ တွဲပြီး ပွဲထွက်ခဲ့တယ်။

ကမ႓ာ့ အချမ်းသာဆုံးလို့ သတ်မှတ်တဲ့ သူတွေ ထဲမှာ ပါတဲ့ သူတို့ နှစ်ယောက် က သူတို့ စည်းစိမ်တွေ ကို ကမ္ဘာမှာ ဖြစ်နေတဲ့ ရောဂါတွေ၊ ဆင်းရဲမွဲတေမှုတွေ ကို တိုက်ဖျက်ဖို့ အတွက် အပြောမဟုတ် အလုပ်နဲ့ သက်သေပြနေတာ လဲ အားလုံး သိကြမှာပါ။

အကောင်းတကာ့ အကောင်းဆုံး တွေ ကို ဇိမ်ရှိရှိ အရသာခံစား မနေဘဲ ရောဂါထူတဲ့ ဆင်းရဲတွင်းနက်လွန်းတဲ့ ကမ႓ာ့ နေရာတစ်ချို့ ကို ပြောင်းလဲပေးနိုင်ဖို့ အဲဒီ အလုပ်တွေ မှာ သူတို့ ဘဝ ကို နှစ်ထားကြတာ တွေ ကတော့ တခုတ်တရ ပြောစရာ မလိုတော့လောက်အောင် သူတို့ လုပ်နေတာ ကြာခဲ့ပြီ။

 

အခု မနေနိုင် မထိုင်နိုင် ရွာထဲ ဝင်ပြီး မျှပေးချင်တာလေး ကတော့ ဒီ ကျောင်းဆင်းအမှာစကား မှာ မီလင်ဒါ ပြောလိုက် တဲ့ စကားစု လေး ပါဘဲ။

မြန်မာလိုပြန်လိုက်တာထက် သူ့ မူရင်း ကိုဖတ်လိုက်ရင် ပိုပြီး ရသ မြောက်တာမို့ ဒီ အတိုင်း ကူး ထည့် လိုက်ပါတယ်။

 

When I talk with the mothers I meet during my travels, I see that there is no difference at all in what we want for our children.

The only difference is our ability to give it to them.

 

What accounts for that difference?

 

Bill and I talk about this with our kids at the dinner table.

Bill worked incredibly hard and took risks and made sacrifices for success.

But there is another essential ingredient of success, and

that ingredient is luck – absolute and total luck.

 

When were you born?

Who were your parents?

Where did you grow up?

 

None of us earned these things. They were given to us.

 

When we strip away our luck and privilege and consider where we’d be without them, it becomes easier to see someone who’s poor and sick and say “that could be me.”

This is empathy; it tears down barriers and opens up new frontiers for optimism.

 

အပြည့်အစုံ နားထောင် ချင်ရင် ဒီမှာ နားထောင်လို့ ရပါတယ်။

https://www.youtube.com/watch?v=wug9n5Atk8c#b05g16f20b14a

သူ့ မှာတမ်းစကားလေး က ရိုးရိုးရှင်းရှင်း လေးပါ။

ဒါပေမဲ့ အဲ့ဒီနောက်မှာတော့ အများကြီး အဓိပ္ပါယ် ဆက်ဖွင့် နိုင်ပါတယ်။

ကျွန်မ ကတော့ အချက် ၂ချက် ကို ဆွဲထုတ် ချင်တယ်။

 

(၁) Where did you grow up?

တစ်ခြားတော့ မပြောလိုပါဘူး။

တစ်ယောက် နဲ့ တစ်ယောက် စဉ်းစားပုံ ကွာမှာမို့။

သို့ပေမဲ့ ကိုယ့်ဟာကိုယ်ပြန်မေးကြည့်ပါလား။

နောင်ဘဝ အတွက် လူဖြစ်ဖို့ နေရာ ကို ကြိုပြီး စာရင်းပေးလို့ များရရင် ဘယ်မှာ စာရင်းပေးကြမလဲ လို့။

ကျွန်မ ကတော့ မှန်ရာပြောပါတယ်။

မြန်မာပြည် ကိုချစ်ပါတယ်။

နိုင်ငံရဲ့ ရေမြေ တောတောင် သဘာဝ အစားအစာ အားလုံး ကို တကဲ့ နှလုံးသားက ကြိုက်နှစ်သက်ပါတယ်။

အရင် ကိုယ် လိုက်နာခဲ့တဲ့ မြန်မာ့ ရှေးရိုး ထုံးတမ်း တစ်ချို့ ကိုလဲ နှစ်နှစ်ခြိုက်ခြိုက် ရှိပါတယ်။

ဒီ သဘာဝ အမိမြေ ကို ပိုပိုပြီး တင့်တယ်တာကို မြင်ချင်လာခဲ့တယ်၊

ဒီ သဘာဝ အမိမြေ မှာ လူကိုလူချင်း ရိုင်းပင်း စာနာ ထောက်ထား ကူညီ တတ်တဲ့ စိတ်ဓာတ် တွေများတာကိုပါ အရမ်း လိုချငလာခဲ့တယ်၊

ဒါပေမဲ့ ဒါတွေ ကို ပျက်အောင် ဖျက်စီး နေတဲ့ လူတန်းစား ရှိနေပြီး ဒီ လူတန်းစား ကို မဖယ်နိုင်ဘဲ အဆိပ်ပင် ရေလောင်း နေတဲ့ နေရာ မှာတော့ စာရင်းမပေးလိုပါဘူး။

ဒါက မြန်မာပြည်မှာမှ မဟုတ်။

ငါစွဲ အတ္တတွေ နဲ့ ကိုယ့်အကျိုး ကလွဲ လို့ ဘာမှ မကြည့်တဲ့ အုပ်ချုပ်သူတွေ၊ အာဏာယစ်မူး နေတဲ့ အာဏာရှင်တွေ ကြီးစိုး တဲ့ နေရာတိုင်း မှာ စာရင်း မပေါက်ချင် ပါဘူး။

ကျွန်မ ယုံပါတယ်။

အများစု က ဒီလိုစိတ်ဘဲ ရှိမှာပါ။

 

ဒီတော့

အဲဒီ ကနေ (၂)အချက် ကို ဆွဲကြည့်ရအောင်။

 

(၂) “that could be me.”

” အာဏာကို လက် ကမလွတ်ချင်၊ နေရာ က မရွှေ့ချင်သူတွေ” စဉ်းစားဖို့ပါ။

တိုင်းပြည်ထဲမှာ ထမင်း စားဖို့ တောင် နပ်မမှန်တဲ့ ကျောင်းမတက်ရတဲ့ ကလေးတွေ အတွက်၊ ဆေးမကုနိုင်လို့ ဝေဒနာခံစားရင်း သေမင်းကို စောင့်နေရတဲ့ လူနာတွေ သာ “ငါ ဖြစ်ခဲ့ရင်” လို့ တွေးဖူးကြရဲ့လား။

မငြင်းချင်ကြပါနဲ့။

တရားလက်လွတ်ပြီး ကိုယ်ချင်းစာစိတ်ကင်းမဲ့ တဲ့ ပြောစကား တွေ ကို ပြန်ကောက်မယူချင်ပါဘူး။

ကိုယ်ဘာလဲ၊ ကိုယ်ဘယ်သူလဲ ကိုယ့်ကိုယ်ကို အသိဆုံးပါလေ။

ဒီ လို လှတဲ့ မြေ၊ တိုးတက်ဖို့ အခွင့်အလမ်း များတဲ့ မြေကို ကိုယ်လဲ ကောင်းမွန် စည်ကား အောင် မယိုယွင်းရလေအောင် လုပ်နိုင်စွမ်း လဲ မရှိဘဲ

ရှိအောင်လဲ မကြိုးစား တဲ့ အပြင် ကိုယ့်ကိုယ်ကျိုး အသုံးချရင်း ဖျက်စီး နေခဲ့ကြတာ။

တစ်ချို့ရဲ့ သုံးမကုန် တဲ့ စည်းစိမ်တွေ က တိုင်းပြည် တိုးတက်မှု နဲ့ ပြောင်းပြန်အချိုးကျနေတာ။

ကိုယ့်ခွန်ကိုယ့်အား နဲ့ ကမ္ဘာ့အချမ်းသာဆုံး ဖြစ် နေတဲ့ သူတွေ က “ကံ” မကောင်း အကြောင်းမလှ လို့ ဘဝ နိမ့်ပါး နေသူတွေ အတွက် သူတို့ စည်းစိမ် ရော၊ သူတို့ လုပ်အား ကိုပါ မတည်ပြီး ကြိုးပမ်းနေတာ။

“ဒီလို လူတွေ “ကံ” မကောင်း အကြောင်းမလှတာဟာ ငါတို့ အုပ်ချုပ်နေတဲ့ မြေ မှာ မွေးဖွားလာလို့ ဆိုတာ။

ဒါတွေ ကို သိကြပါရဲ့လား။

 

မသိသေးရင်ဖြင့် တစ်ချက်လောက် အသိဝင် စဉ်းစားရင်း၊ ကိုယ်ချင်းစာတရားလေး မွေးဖွားရင်း တကယ် တိုင်းပြည် ကောင်းအောင် လုပ်ပေးနိုင်သူတွေ၊ စေတနာ ထားသူတွေ ကို နေရာပေးနိုင်ဖို့ ကြိုးစားပေးကြရင်ဖြင့်

ဒါဟာလဲ ကောင်းသော အပြောင်းအလဲ အတွက် အားထုတ်ခြင်းပါ။

လုပ်ပေးဖို့ စိတ်ရှိလဲ လုပ်နိုင်တဲ့ အစွမ်းအစ မရှိရင် ဘာမှ မထူး တာမို့ နိုင်ငံတိုးတက်အောင် လုပ်ဖို့ အစွမ်းအစရှိသူဆီကို လုပ်ပိုင်ခွင့် လက်ပြောင်းဖို့လိုပါတယ်။

 

“ကံ” အကျိုးမပေးသေး တဲ့ မြေမှာ “ကံ” အကြောင်း ကောင်း မဲ့ အလှတရား အင်အား ရှိနေပါတယ်။

“ငါတို့က မြန်မာပြည်မှာ မွေးတာ” လို့ နောင်အနာဂါတ် လူငယ်လေး တွေ ကို လက်မ ထောင်စေချင်တယ်။

မြန်မာပြည်ကို တစ်ခြားတိုင်းပြည်က ကလေးတွေ လာပြီး နေချင်တဲ့ မြေ ဖြစ်စေချင်တယ်။

ကျွန်မတို့ ချစ်တဲ့ နိုင်ငံ၊ ပြည်သူ/သား၊ အနာဂါတ် ကလေးငယ်များ ရဲ့ အိမ်မက်တွေ လှလှပပ အကောင်အထည်ပေါ်နိုင်အောင် ဝိုင်းဝန်း ကူညီ ကြဖို့ပါဘဲ။

 

ဒီ အိမ်မက်တွေ အကောင်အထည် ဖြစ်အောင် အားကူနိုင်တဲ့ သူမ တစ်ဦး ရှိနေပါတယ်။

မီလင်ဒါ ရဲ့ အပိတ်စကား “That is the moment when change is born” ကို ကိုယ်လိုရာဆွဲ ကိုးကားယူပါမယ်။

မြန်မာပြည် မှာလဲ ကောင်းတဲ့ အပြောင်းအလဲ တခုကို မွေးဖွားဖို့ အချိန်တန်ပါပြီ။

 

အချုပ် ကတော့

ဒေါ်အောင်ဆန်းစုကြည် ရဲ့   ၁၉ ဇွန်လ မွေးနေ့ မွေးရက် မှသည် နှစ်ပေါင်း များစွာ တိုင်အောင် စိတ်ချမ်းချမ်းသာသာ ကိုယ်ကျန်းကျန်းမာမာ နဲ့ ပျော်ရွှင်စွာ ချစ်သော မြန်မာပြည်မှ ပြည်သူ/သားများ ရဲ့ ထိပ်တန်း အခိုင်းခံ ဘဝ ကို ရောက်ပါစေ လို့ ဂဇက်ရွာသူ/ရွာသားများ ကိုယ်စားပြု ဆုမွန်ချွေ လျှက်။

(PS –  ဘာမှလဲ မဆိုင်ဘူး။ အတင်း ဇွတ်ကြီး ဆိုလဲ ဇွတ်ကြီး ပါဘဲ။ ဒီ အရီး ကို ရွာထဲ သွင်းထားမှတော့ သည်းခံကြပါလော့။ ;-))) )

ရွှင်လန်းချမ်းမြေ့ကြပါစေ။

 

 

Happy-Birthday-Gifts-Cards

15 comments

  • Iris

    June 19, 2014 at 5:46 am

    အရီးရဲ့ အတင်​းစပ်​ဆက်​ပုံ​လေးလှတယ်​။ ☺
    တစ်​ခါတ​လေ စဉ်​းစားမရတာ က အဲ့လို ဘဝ တစ်​ခုလုံး​ပေးထားပြီး ​ကောင်​းတဲ့သူကို အပစ်​မြင်​ကြသူ​တွေလည်​းရှိ​သေးတယ်​။

  • snow smile

    June 19, 2014 at 7:38 am

    အ ချိန် အ ခါ နဲ့ လျော် ညီ တဲ့ စာ တွေ ကို
    တိ တိ ကျ ကျ သေ သေ သပ် သပ်
    တွေး ခေါ ် စဉ်း စား ပြီး ရေး တတ် တဲ့ အ ရီး လို မျိုး
    စာ ရေး ကောင်း သူ တွေ ရွာ ထဲ တင် မ က
    နေ ရာ အ နှံ့ ရှိ စေ ချင် ပါ တယ်
    ( HAPPY BIRTHDAY AUNT SU)

  • alinsett (gazette)

    June 19, 2014 at 7:54 am

    တန်ဖိုးရှိတဲ့ အတွေးလေးတွေဖတ်ရလို့
    ဒီမနက်ခင်းဟာ တန်ဖိုးအရှိန်အဝါ တက်ခဲ့ပြီး ချစ်သောအရီးရေ

    အမေစုရဲ့မွေးနေ့မွေးရက်တိုင်းဟာလည်း
    သူ့ကိုချစ်သော
    သူက ချစ်သော ပြည်သူတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ လှပနေတာပါပဲ။

  • kyeemite

    June 19, 2014 at 9:24 am

    When we strip away our luck and privilege and consider where we’d be without them, it becomes easier to see someone who’s poor and sick and say “that could be me.”
    တော်တော် အနှစ်အသား ပါတဲ့ စကားပါပဲ…ဒီလောက်ချမ်းသာတဲ့လူ က ဒီလိုတွေးပေးနိုင်တာ
    အလွန်တရာကြီးမြတ် လှပါတယ်…ကျုပ်တို့မွေးရပ်မြေနဲ့ အုပ်စိုးသူကြီးများအကြောင်းကတော့…
    သူငယ်နှပ်စားကလေးတွေတောင် သိနေပီးသားမို့ ထပ်မပြောလိုတော့ပါ…
    ဗိုလ်ချုပ်မိန့်ခွန်းလေးတစ်ပိုင်းတစ်စ သွားသတိရတယ်….
    “ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲကဖြစ်ဖြစ် အခုတပ်ထဲမှာရှိတဲ့ စစ်သားကလေးကစပြီး အားလုံး ရဲဘော် တွေထဲကဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း၊ အကျင့်စာရိတ္တ၊ အလုပ်အကိုင်၊ နိုင်ငံချစ်စိတ် အမြော်အမြင်ရှိ တယ်လို့ တွေ့တာနဲ့တစ်ပြိုင်နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့ လူကိုထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့် ရှိတယ်။ ဒါကြောင့် ရဲဘော်တို့အားလုံး ကြိုးစားကြပါ။ တော်အောင် ကြိုးစားကြပါ။”
    (ဂျပန်ခေတ် ၁၉၄၄ ခု၊ မတ်လ ၁၃ ရက်၊ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်း ကျောင်းဆင်းပွဲ၌ ဗမာ့ကာကွယ်ရေး တပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ် အောင်ဆန်း ပြောကြားသော မိန့်ခွန်း မှကောက်နှုတ်ချက်)

    အလွန်တန်ဖိုးရှိတဲ့ သတင်းစကားလေး ရွာထဲယူလာပေးလို့ ကျေးဇူးပါ အရီးမုတ်ဆိတ် ခင်ဗျား

    • အရီးခင်

      June 22, 2014 at 2:55 pm

      အောင်ဆန်းစကားကြောင့် အစိမ်းချယ်ပြီဗျို့။ :-)))

  • Ma Ma

    June 19, 2014 at 10:06 am

    The Lady အတွက် အကောင်းဆုံး မွေးနေ့လက်ဆောင်ပါပဲ မလတ်ရေ။ 🙂

    ဦးမိုက်သမီးလေးအတွက်တုန်းကလည်း အခုလိုပဲ အကောင်းဆုံးလက်ဆောင်ကို စဉ်းစားပြီး ပေးလိုက်နိုင်ခဲ့တာ အားကျနေတာ။

    ဘီလ်ဂိတ်ဇနီးမောင်နှံလို ပခုံးနှစ်ဘက်ကြားခေါင်းပေါက်ပြီး မတ်မတ်သွားနိုင်တဲ့ လူတိုင်းကို လူလိုသဘောထားပြီး ကိုယ်ချင်းစာစိတ်နဲ့ အားပေးထောက်ပံ့နေတာတွေကို အရမ်းသဘောကျတယ်။

    အဲဒါမှ နိဗ္ဗာန်ရောက်သည်ထိ အကျိုးပေးနိုင်တဲ့ ဒါနအစစ်မို့ သာဓုခေါ်မိတယ်။

    ကျန်တာတွေကတော့ မပြောတော့ဘူး …. မပြောတော့ဘူး…. ပြောကိုမပြောချင်တော့ဘူး။ 🙁

  • နောင် ရိုး

    June 19, 2014 at 10:26 am

    မနက်နိုးကတည်းက Happy Birthday လို့ အိမ်မှာအကျယ်ကြီး ထအော်ထားတယ်…။
    အမေစု ကျန်းမာအောင်မြင်ပါစေလု့ိ ဒီရွာပိုစ့်ကနေ ဆုတောင်းလိုက်ပါတယ်..

  • Wow

    June 19, 2014 at 10:26 am

    အရီးကွ တစ်ချက်ခုတ် နှစ်ချက်ပြတ် မေစုမွေးနေ့လဲ ဆုတောင်း… ဟိုဟာဂျီးဒွေ မကောင်းဂျောင်းလဲပေါ် :kwi:

  • ဦးဦးပါလေရာ

    June 19, 2014 at 3:41 pm

    .မနက်ကတည်းက အန်တီစုမွေးနေ့ကို သတိလဲရ ဆုလဲ တောင်းမိတယ်။
    .သူ့ထက် အသက်၂ဝ ငယ်တဲ့ ကျုပ်တောင် အရင်က လုံးဝမဖြစ်ဖူးတဲ့ မောတတ်တာတို့၊ အအေးမိလွယ်တာတို့၊ ပင်ပန်းမခံနိုင်တာတို့ ဖြစ်လာပြီ။
    .ဒီအရွယ်အထိ နားနားနေနေ မနေနိုင်ပဲ တိုင်းပြည်အတွက် ပင်ပင်ပန်းပန်း ကြိုးပမ်းဆောင်ရွက်နေတာကို ကျေးဇူးလဲတင် အားလဲနာမိတယ်…။

    .ဒါထက် အရီးမုတ်ဆိတ် စကားစ လို့ …..
    .ကျုပ်သဘောပြောရရင်-
    .ရွေးလို့သာရရင် ကျုပ်မွေးလာဖို့ ဒီနိုင်ငံကို မရွေးပါဘူး၊ လမ်းပေါ်မှာ ခွေးချေးမရှိတဲ့နိုင်ငံကိုပဲ ရွေးမှာ…

    :buu:

    • kyeemite

      June 20, 2014 at 10:39 am

      ဦးပါတစ်ယောက် ခွေးချေးကိုအတော်စိတ်နာနေပုံရတယ် 😀

  • padonmar

    June 19, 2014 at 9:58 pm

    င်္FB မှာ အခုတလော ကြိုက်မိတဲ့ ဆရာမလေးကြည်စင်သန့်ဆောင်းပါးလေးက မလတ်ရေးတာနဲ့ သဘောချင်းနီးစပ်လို့ ရှဲပေးလိုက်ပါတယ်။သူကလေးကလည်း မလတ်လို အီကိုမိန်းမလှကျွန်းသူလေးပဲ။
    သူ့အဖေကတော့ နောင်ဘဝလူဖြစ်ရင် ဂျပန်မှာပဲ ဖြစ်ချင်သတဲ့။
    မလတ်ရဲ့ အကောင်းဆုံးမွေးနေ့လက်ဆောင်နဲ့တူတူ ကိုယ်လည်းရောပြီး ဆုတောင်းလိုက်ပါမယ်။
    နွံထဲက ကြာအစစ်ဖြစ်တဲ့ ဒေါ်စုတယောက် သက်ရှည်ကျန်းမာ ဘေးရန်ကွာလို့ လိုရာဆန္ဒတွေ အမြန်ပြည့်နိုင်ပါစေ။
    (သူလိုရာဆန္ဒဟာ ဒို့တပြည်လုံးကောင်းဖို့ တွက်ဆိုတာ မြေကြီး လက်ခတ်မလွဲ)

    Kyi Cin Thant
    10 hrs · Edited ·

    “နွေးထွေး လုံခြုံသော တိုင်းပြည်”

    Suu Kyi herself had labored hard to reconcile her birthright with the pure romance that had enveloped her. During the eight months between her visit to Bhutan and their Landon wedding she wrote Aris no fewer than 187 letters. A principal theme was her feeling that she must one day return to Burma, to help “her people”. “I only ask one thing”, she wrote, “that should my people need me, you would help me to do my duty by them.” It was not inevitable, but “ the possibility was there”.

    PERFECT HOSTAGE By Justin Wintle

    Economics ကို စပြီး စိတ်ဝင်စားခဲ့တဲ့၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ တတိယနှစ်ကို တက်ရတဲ့ အချိန်လောက်မှစပြီး ကျွန်မ နားမလည်ခဲ့ဆုံးနဲ့ နားအလည်ချင်ဆုံး ဘာသာရပ်က “နိုင်ငံရေး” ဆိုတဲ့ ဘာသာရပ်ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးကိုဖယ်ထားတဲ့၊ သူနဲ့ အလွန်တရာ ဆက်စပ်မှုရှိတဲ့ စီးပွားရေးဘာသာရပ်တွေကို သင်ယူခဲ့ရတဲ့ ကျွန်မဟာ လက်လှမ်းမှီရာ စာတွေဖတ်ပြီး သူ့ကို နားလည်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ နိုင်ငံရေးနဲ့ ပက်သက်တဲ့ စာအုပ်စာပေနည်းပါးတဲ့အချိန်ကာလမှာ နိုင်ငံရေးအကြောင်းကို တစ်လုံးတပါဒမှ မသင်ယူခဲ့ရတဲ့ ကျွန်မရဲ့ အဖြူထည် စိတ်ထားတွေကို အဲဒီတုန်းက အစိုးရ Media တွေမှာ ကြားရ မြင်ရ ဖတ်ရ တဲ့ အကြောင်းအရာတွေကပဲ လွှမ်းမိုးထားခဲ့ပါတယ်။ ၂၀၀၄ ခုနှစ် ကျွန်မ မဟာတန်းမတက်ခင် အဝေးသင် အီကို ကျောင်းသားတွေကို စာသွားသင်ရတဲ့ နေ့တစ်နေ့မှာ ကျွန်မ ခင်မင်ပြီး အထင်ကြီးရတဲ့ သူငယ်ချင်းတစ်ယောက် ထိုင်းနိုင်ငံတက္ကသိုလ်တစ်ခုက မဟာဘွဲ့ရပြီး မြန်မာပြည်ကို ခဏအလည်ပြန်လာခဲ့ပါတယ်။ သူပြောတဲ့ စကားတွေက ကျွန်မနားထဲမှာ ကန့်လန့်တွေချည်းပဲ ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်ကလူတွေရဲ့ အနေအထားနဲ့ အစိုးရအပေါ် သူ့ရဲ့ အမြင်တွေက မုန်းစရာကောင်းလိုက်တာလို့ ကျွန်မ ထင်ခဲ့မိပါတယ်။ မြန်မာပြည်မှာ မွေးပြီး ၂၅ နှစ်လောက်နေခဲ့တဲ့သူမှ ဟုတ်ရဲ့လားမသိဘူး၊ မြန်မာစိတ်ပျောက်သွားပြီလို့ ကျွန်မ သူ့ကို စွပ်စွဲခဲ့ပါသေးတယ်။ ကျွန်မက မြန်မာပြည်နဲ့ မြန်မာလူမျိုးတွေကို အရမ်းအထင်ကြီးပြီး ချစ်တဲ့လူလေ။ အဝေးသင် တက္ကသိုလ်ကျောင်းသားတွေကို စာသင်နေတယ်ဆိုတဲ့ ဆရာမကျွန်မကို ဘာမှမသိနားမလည်တဲ့ ကလေးလေးတစ်ယောက်ကို ကြည့်သလို သူက ပြုံးပြီးကြည့်နေခဲ့ပါတယ်။ “အဖေ့ မိတ်ဆွေသားတွေ နိုင်ငံခြားသွားကျောင်းတက်ကြတော့ ကျွန်တော့ကိုလည်းအဖေက အတင်းသွားခိုင်းခဲ့လို့ ကျွန်တော်သွားခဲ့ရတာ၊ ကျွန်တော် မြန်မာပြည်မှာပဲ နေချင်တာပါ၊ နောက်တော့ သိလာပါလိမ့်မယ်” လို့ သူက ညင်ညင်သာသာပဲ ဆိုခဲ့ပါတယ်။

    လောကကြီးက အံ့ဩစရာပါ။ နိုင်ငံခြားကို ပညာတော်သင် ခရီးအဖြစ်သွားရတာကမှ ဂုဏ်ရှိတယ်လို့ သိရှိလက်ခံထားခဲ့တဲ့ကျွန်မ ၂၀၀၆ ခုနှစ် ဇန်နဝါရီလမှာ သူနဲ့ လက်ထပ်ခဲ့ပြီး ဧပြီလမှာ သူအလုပ်လုပ်တဲ့ ထိုင်းနိုင်ငံကို လိုက်သွားခဲ့ပါတယ်။ လေယာဉ်ကွင်းမှာ နောက်ဆုံးမြင်ရတဲ့နေရာအထိ တကောက်ကောက်လိုက်ပြီး လက်ပြနှုတ်ဆက်နေတဲ့ အမေနဲ့ ညီမ ကို တစ်ချက်ကလေးပဲ လှည့်ကြည့်ပြီး လေယာဉ်ပေါ်ကို အပြေးလေးတက်ခဲ့မိလောက်အောင် အချစ်က ကျွန်မကို ပြောင်းလဲစေခဲ့ပါတယ်။

    ကျွန်မ သိခဲ့တဲ့ ထိုင်းနိုင်ငံဆိုတာ မကောင်းမှုတွေ ပေါများတဲ့ ဒေသတစ်ခုပါ။ လေယာဉ်ပေါ်မှာ စဉ်းစားလာတာ သူသာ ထိုင်းနိုင်ငံမှာ မဟုတ်ဘဲ စင်ကာပူနိုင်ငံလောက်မှာ ကျောင်းပြီးအလုပ်လုပ်နေတဲ့သူ ဖြစ်ရင်ကောင်းမှာပဲလို့ ပါ။ လေယာဉ်ကွင်းကနေ သူနေတဲ့ အိမ်ကိုအသွားမှာ ဘာသစ်ပင်မှ မရှိတဲ့ ဘန်ကောက်မြို့ကြီးကို ကားပေါ်ကကြည့်ပြီး သစ်ပင်ချစ်တဲ့ကျွန်မ စိတ်ပျက်မိပါတယ်။ ကားလမ်းဘေးနှစ်ဘက် တိုက်တာ အဆောက်အဦတွေချည်းပဲ။ အို ဘယ်က ဟုတ်ရမှာလဲ။ ကျွန်မ မျက်စိမှောက်နေတာကိုး။ ကျွန်မ စီးတဲ့ကားက Express Way ပေါ်က မောင်းနေတာပဲ၊ မြို့ကြီးကို အပေါ်စီးကနေကြည့်တော့ သစ်ပင်လေးတွေက သေးသေးလေးတွေ ဖြစ်နေတာကိုး။ ဪ … တကယ့် တောသူ စစ်စစ်ပါပဲ။ ရောက်ပြီးတစ်ပတ်အတွင်း ကျွန်မ စိတ်ရောဂါ ရခဲ့ပါတယ်။ ဒီလောက်နီးပြီး ပြောတဲ့စကားကလွဲလို့ အားလုံးလိုလို တူနေတဲ့ တိုင်းပြည်တစ်ခုက ဘာကြောင့် ကျွန်မတို့နဲ့ မတူဘဲ ဒီလောက်တိုးတက်နေရတာလဲ။ စာထဲမှာပဲသိခဲ့ဖူးတဲ့ ATM စက်ရှေ့ကိုခေါ်သွားပြီး၊ ဘယ်လိုသုံးရမလဲဆိုတာ သူက ကျွန်မကို သင်ပေးခဲ့ပါတယ်။ စပယ်ရာ မပါတဲ့ လိုင်းကားသေးသေးလေးတွေ စီးအပြီးမှာ ကားမောင်းသူကို ပိုက်ဆံသွားပေးရပါတယ်။ ဘယ်သူမှ ပိုက်ဆံမပေးဘဲ ထွက်မသွားပါဘူး။ ဘယ်နေရာမှာ ဖြစ်ဖြစ် တန်းစီရမယ်ဆိုရင် စီကြပါတယ်။ ကား ရထားတွေပေါ်မှာ သက်ကြီးရွယ်အို ကလေး နဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ထိုင်ခုံနေရာ ဖယ်ပေးကြပါတယ်။ တခါးဖွင့်ထားတဲ့ တိုင်းပြည်တစ်ခု ဖြစ်လေတော့ ကမ္ဘာအရပ်ရပ်က လူမျိုးများစွာ ဝင်ထွက်သွားလာအလုပ်လုပ်နေကြပါတယ်။ လူမျိုးခြား ၄ ၅ မျိုးလောက်နဲ့ ကျွန်မ ခင်မင်စကားပြောခွင့်ရတဲ့အခါ နိုင်ငံကြီးတွေက သာမာန်အဆင့် လူတန်းစားတွေဟာ ကျွန်မတို့ထက် အများကြီး လွတ်လပ်ပြီး ရင့်ကျက်ကြတာကို သိရှိလိုက်ရပါတယ်။ နိုင်ငံရပ်ခြားနဲ့ နိုင်ငံခြားသားတွေကို ဘယ်တုန်းကမှ အထင်မကြီးခဲ့တဲ့ကျွန်မ သူတို့လို့ ရင့်ကျက်ဖို့၊ လူတွေကို တန်ဖိုးထားတတ်ဖို့ အနည်းဆုံး ၅ နှစ်လောက် လေ့ကျင့်ယူမှ ရမယ်လို့ နားလည်လိုက်မိပါတယ်။

    ကျွန်မ တစ်နေ့မှ မပျော်ခဲ့ပါဘူး။ သူ အလုပ်သွားတဲ့ အချိန်တွေမှာ အိမ်မှုကိစ္စတွေလုပ်၊ စာရေးစာဖတ်၊ ကွန်ပြူတာ သုံးတတ်အောင်လေ့ကျင့်၊ နေ့ခင်းဖက် ခဏလေး အိပ်ပျော်သွားချိန်မှာ ကျွန်မ အိပ်နေတဲ့ အခန်းလေးထဲကို အမေနဲ့ ညီမလေး ရောက်လာလို့ ကျွန်မ အရမ်းအံ့ဩဝမ်းသာသွားတယ်လို့ ခဏခဏအိပ်မက်မက်ခဲ့ဖူးပါတယ်။ နိုးလာတဲ့အခါ တကယ်မဟုတ်မှန်းသိတော့ မျက်ရည်ဝဲခဲ့ဖူးပါတယ်။ လူတန်းစေ့ နေနိုင်လောက်တဲ့ ဝင်ငွေရှိသူ ခင်ပွန်းနဲ့ စားသောက်ဆိုင်တွေမှာ တခုခုစားတိုင်း၊ shopping mall တွေမှာ ဈေးဝယ်ထွက်တိုင်း၊ နေထိုင်မကောင်းလို့ ဆေးရုံသွားတိုင်း မြန်မာပြည်က မိသားစု ဆွေမျိုး သူငယ်ချင်းတွေကို အမြဲသတိရနေပြီး စိတ်မကောင်းဖြစ်မိတယ်ဆိုတာ ပြောရင် ယုံကြမယ်မထင်ပါဘူး။

    ၂၀၀၆ နဲ့ ၂၀၀ရ ခုနှစ်အတွင်း မြန်မာပြည်ကို ၃ ကြိမ်ပြန်ဖြစ်ခဲ့ပါတယ်။ အရမ်းလွမ်းနေခဲ့ရတဲ့ ကျွန်မအတွက် ပထမဆုံးအခေါက် က အရမ်းပျော်ခဲ့ပါတယ်။ ကြိုအကြောင်းကြားမထားခဲ့ဘဲ အိပ်ခန်းထဲမှာပုန်းနေခဲ့ပြီးမှ ရုံးကပြန်လာတဲ့အမေ အံ့ဩသွားအောင်ထွက်လာခဲ့လို့ ကျွန်မကိုဖက်ပြီး အမေ ငိုခဲ့ပါတယ်။ ၃ ရက်လုံးလုံးမနားတမ်း စကားတွေပြောခဲ့တဲ့ကျွန်မ ဘန်ကောက်ပြန်ရောက်တော့ အသံဝင်နေလို့ သူ့ထက် ကျွန်မ အမေနဲ့ မောင်နှမတွေကို ပိုချစ်ရမလားဆိုပြီး ခင်ပွန်းသည်ကတောင် မနာလိုဖြစ်ခဲ့ပါတယ်။ ဒုတိယအကြိမ်နဲ့ တတိယအကြိမ်ပြန်တော့ ကျွန်မ အရမ်းစိတ်ထိခိုက်ရပါတယ်။ လူတွေက ပိုပို ဆင်းရဲလာပြီး ပိုပို ရင့်ကျက်မှုနည်းလာကြတာကိုတွေ့ခဲ့ရလို့ပါပဲ။ အခုထိမမေ့နိုင်ခဲ့တဲ့ ရင်နင့်စရာ အတွေ့အကြုံတွေထဲက တစ်ခုနှစ်ခုလောက်ကို ပြောပြချင်ပါတယ်။ တနေ့ ညနေ နေဝင်ရီတရော ကျွန်မ ခင်ပွန်းမိဘများအိမ်အနီး စံပြဈေးနားမှာ မုန့်ဟင်းခါးအလွန်ကြိုက်တဲ့ ကျွန်မ မုန့်ဟင်းခါးဆိုင် လိုက်ရှာခဲ့ပါတယ်။ လမ်းဘေးမြေကြီးပေါ်မှာ ငုတ်တုုတ်ထိုင်ပြီး ဈေးရောင်းနေတဲ့ မှေးမှိန်ညှိုးနွမ်းတဲ့ မျက်နှာလေးတွေနဲ့ ဈေးသည်အချို့ကို တွေ့ရပါတယ်။ နေ့စားအလုပ်သမားတွေလို့ထင်ရတဲ့ စုတ်စုတ်ပြတ်ပြတ်လူတချို့ကလည်း သူတို့ရဲ့ ညစာကို ဒီလမ်းဘေးမှာပဲ ဖြေရှင်းနေကြပုံရပါတယ်။ ဗရာကြော်၊ အာလူးကြော် စတဲ့ အကြော်လေးတွေနဲ့ ရေနွေးကြမ်းက သူတို့ရဲ့ ညစာများလားမသိ။ ဈေးသည် တစ်ယောက်ရဲ့ ဗန်းထဲမှာ ကြာဆံသုပ် ၂ ပွဲစာလောက်က အေးစက်စက်နဲ့၊ ငရုတ်ဆီနဲ့ ကြာဆံ ရောနယ်ထားတဲ့ ဒီကြာဆံသုပ်ကို ဘယ်သူကများစားမှာပါလိမ့်။ ကြာဆံသုပ်သည်ရဲ့ မျက်လုံးတွေက ဘယ်သူ့ကိုမှ မမြင်သလို တနေရာကို ငေးစိုက်ကြည့်နေလေရဲ့။ ဒီကြာဆံသုပ်ကုန်မှ သူအိမ်ပြန်မှာလား။ အိမ်ရောက်ရင် ညစာစားဖို့ သူ့ကို မျှော်နေတဲ့ သူ့ မိသားစုက ဘယ်နှစ်ယောက်လဲ။ ကျွန်မ မုန့်ဟင်းခါးမစားဖြစ်တော့ဘဲ လှည့်ပြန်လာခဲ့ပါတယ်။ (မြန်မာပြည်အနေနဲ့ကြည့်ရင်) အကျီင်္အကောင်းစားဝတ်ထားတဲ့ ကိုယ့်ကိုယ်ကိုလည်း အပြစ်မကင်းသလို ခံစားရပြီး ရင်ထဲမှာ အလုံးကြီးတစ်လုံး မျိုထားသလို ခံစားခဲ့ရပါတယ်။

    တတိယအကြိမ် ပြန်တော့ ကျွန်မ မွေးရပ်မြေဖြစ်တဲ့ စလေမြို့လေးကို ခင်ပွန်းသည်နှင့်အတူ အလည်သွားခဲ့ပါတယ်။ ခွဲခွာခဲ့တာ ၂၂ နှစ်ကြာခဲ့ပြီဖြစ်ပေမယ့် ဒါ ကျွန်မတို့ မိသားစုနေခဲ့တဲ့အိမ်ကလေး၊ ဒါက ကျောင်းကိုသွားတဲ့လမ်း၊ ဒါက ကျွန်မ တက်ခဲ့တဲ့ကျောင်း၊ ဒါက အမေ အဖွားတို့ ဥပုသ် စောင့်သွားတဲ့ ဘုန်းကြီးကျောင်း အို …. မြို့ခံတစ်ယောက်မှ လိုက်မပို့ဘဲ ကျွန်မ အားလုုံးကို မှတ်မိပါလား။ ကောင်းလိုက်တဲ့ ငါ့ရဲ့မှတ်ဉာဏ်လို့ ကိုယ့်ကိုယ်ကို ချီးမွမ်းမိစဉ်၊ တပြိုင်နက်တည်းမှာပဲ ကျွန်မ ရင်ထဲမှာ လှိုက်ကနဲ ဝမ်းနည်းသွားမိပါတယ်။ ဘုရားဘုရား ကျွန်မ မှတ်ဉာဏ်ကောင်းလို့မှ မဟုတ်တာဘဲ၊ ဒီ ၂၂ နှစ်အတွင်းမှာ ဘာမှ ပြောင်းလဲတိုးတက်မှု မရှိခဲ့ဘူးဆိုတဲ့ သက်သေပါလား။ စလေ ရုပ်စုံကျောင်းရှေ့အရောက် ဆိုင်ကယ်ရပ်အပြီးမှာ လမ်းဘေးအုတ်ခုံပေါ် ထိုင်နေတဲ့ အဖွားအိုတစ်ဦးက “ဘယ်ကလာတာလဲ သမီးရယ် ဖြူဖြူဖွေးဖွေး စိုစိုပြေပြေနဲ့ ချောလိုက်တာ” လို့ လှမ်းစကားပြောပါတယ်။ ဘန်ကောက်မြို့က မိန်းမလှတွေကြားမှာ မှေးမှိန်ပျောက်ကွယ်နေတတ်တဲ့ ကျွန်မကို ချောတယ်လို့ ပြောတဲ့ အဖွားရဲ့အဟာရပြည့်ဝပုံမပေါ်တဲ့ မျက်နှာကို ကြည့်ပြီး ကျွန်မ ဆွံအနေခဲ့မိပါတယ်။ စလေမှ ကျွန်မ အဒေါ်ရှိရာ ပွင်ဖြူမြို့ ကို အသွားလမ်းတလျှောက်မှာလည်း လေးလံလှတဲ့ တောင်းတွေကို ရွက်ပြီး ကားပေါ်ကိုတိုးတက်လာတဲ့ ပိန်ပိန်လှီလှီ အဖွားနှစ်ယောက် နေရာလုရင်း စကားများကြတာကို တွေ့ခဲ့ရပါတယ်။ စုတ်စုတ်ပြတ်ပြတ်နဲ့ တရွေ့ရွေ့ သွားနေတဲ့ကားပေါ်မှာ သက်ကြီးရွယ်အိုတို့ အချင်းချင်း နိစ္စဓူဝ ဘဝအကြောင်းတွေ ပြောနေတာကိုလည်း လေးလံလှတဲ့ ရင်ဘတ်ကြီးနဲ့ ကျွန်မ နားထောင်နေခဲ့မိပါတယ်။

    ၃ ကြိမ်မြောက် အလည်သွားပြီးပြန်လာတဲ့အခါ ကျွန်မကိုယ်ကျွန်မ မရေရာတဲ့၊ နိုင်ငံပျောက်သွားတဲ့ လူတစ်ယောက်လို ခံစားလိုက်ရပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုကောင်း၊ အစားအသောက် အဝတ် နဲ့ လူသုံးကုန်ပစ္စည်းတွေ ပေါများပြီး၊ တစ်ကမ္ဘာလုံးနဲ့ ထိတွေ့ခွင့်ရနေတဲ့၊ လေ့လာသင်ယူစရာတွေနဲ့ ဘဝတိုးတက်မှုကို ရှာလိုသမျှရနိုင်တဲ့ ဒီပတ်ဝန်းကျင်ကြီးထဲမှာ နေ နေရပေမယ့် ဒါ ကျွန်မ အိမ်မဟုတ်ဘူးဆိုတာကို သိနေတယ်။ ကျွန်မချစ်တဲ့ အမေ ညီမ မောင်လေး၊ ဆင်းရဲနေတဲ့ ဆွေမျိုးတွေ၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်သော်ငြားလည်း ဘဝတိုးတက်မှု ရှာခွင့်မရဘဲ အကန့်အသတ်နဲ့ရတဲ့ ဗဟုသုတ အခွင့်အရေးတွေနဲ့ အနာဂတ်ကို ဘောင်ခတ်ထားခြင်းခံရတဲ့ သူငယ်ချင်းတွေ၊ မြန်မာပြည်အရပ်ရပ်မှာ ရှိနေမယ့် စံပြဈေးနားက မြင်ကွင်းမျိုးတွေ၊ ကျွန်မ ကြားရုံပဲကြားဖူးခဲ့တဲ့ ဒီ့ထက်ဆိုးတဲ့ အဖြစ်တွေ၊ ဒါတွေကို မေ့ပြီး ကျွန်မ သူများအိမ်မှာ ဘယ်လိုမှ နေလို့ မပျော်နိုင်ပါဘူး။

    ပဲပြုတ်သည် အသံလေးနဲ့ သန့်ရှင်းတဲ့လေကိုရှူပြီး အိပ်ရာက ထချင်ပါတယ်။ မနက်စာအဖြစ် လမ်းလျှောက်သွားလို့ ရတဲ့ ဈေးကလေးကိုသွားပြီး မုန့်ဟင်းခါးစား ချင်ပါတယ်။ မြန်မာနံ့သင်းတဲ့ ဈေးလေးထဲက အသီးအရွက်နဲ့ ဘုရားပန်းလေးတွေ ဝယ်ပြီး အိမ်ကိုပြန်လာချင်ပါတယ်။ ချက်ထားတဲ့ဟင်းတွေထဲက ဟင်းကောင်းလေးတစ်ခွက်ကို အိမ်နီးနားချင်း သက်ကြီးရွယ်အိုတွေကို ဦးဦးဖျားဖျားပေးချင်ပါတယ်။ အခါကြီး ရက်ကြီးတွေမှာ ဘုန်းကြီးကျောင်းကို လှူဖွယ်ပစ္စည်းတွေနဲ့ သွားပြီး ဥပုသ်သီလ ယူချင်ပါတယ်။ နွေညတွေမှာ အိမ်ရှေ့ဒန်းလေးမှာ ထိုင်ပြီး ညဖက်ပွင့်တဲ့ ပန်းလေးတွေအနံ့ကို ရှူရင်း မိသားစုနဲ့ စကားတွေပြောချင်ပါတယ်။ ဗမာစကားတွေ အားပါးတရပြောပြီး နာမည်ကြီး စာရေးဆရာတွေရဲ့ စာတွေကို အရသာခံပြီး ဖတ်ချင်ပါတယ်။ ဖွံဖြိုးတိုးတက်ပြီး စည်းကမ်းရှိတဲ့ ရင့်ကျက်တဲ့သူတွေနေထိုင်တဲ့ မြန်မာနိုင်ငံကြီးရဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ပဲ ဘဝကို ကုန်ဆုံးချင်ပါတယ်။ သူများနိုင်ငံမှာ လူနေမှုအဆင့် ဘယ်လိုပဲ ကောင်းကောင်း သူတို့ စကားသံတွေကို ကြားရရင် ဝမ်းနည်းသလိုခံစားရပါတယ်။ သူတို့က ဗမာဆိုပြီး ကြည့်တဲ့ အခါတိုင်း အားငယ်မှုနဲ့ နိမ့်ကျမှုကို ခံစားရပါတယ်။ကျွန်မကို ကောင်းပေ့ဆိုတဲ့နိုင်ငံမှာ နိုင်ငံသားအဖြစ်နေခွင့်ပေးမယ် တသက်လုံးနေပါဆိုရင်တောင် ကျွန်မ မနေနိုင်ပါ။ မနေချင်ပါ။ ဒါပေမယ့် ကိုယ့်ဘဝအတွက် ဘာမှ လုပ်ခွင့်မရတဲ့၊ လုပ်သမျှ ခံရမယ့်ဘဝမျိုးနဲ့လည်း မြန်မာပြည်ကို မပြန်ချင်ပါ။ ကျွန်မတို့ဟာ နိုင်ငံပျောက်သွားတဲ့လူမျိုးတွေပါ။ တစ်ဘဝလုံးတော့ ဒီလို အဖြစ်မျိုးနဲ့ မနေချင်ပါ။ လုံးဝ မနေချင်ပါဘူး။ ငါတို့ ဒီလိုပဲနေရတော့မှာလား၊ ဘာလုပ်ရမလဲဆိုတဲ့ မေးခွန်းတွေနဲ့ နေ့တိုင်း အဖြေရှာနေခဲ့တယ်ဆိုရင် မခံစားဖူးတဲ့ မြန်မာပြည်ထဲက လူတွေက ယုံကြမယ် မထင်ပါဘူး။

    Perfect Hostage ဆိုတဲ့ကမ္ဘာကျော်စာအုပ်ကို ၂၀၀၈ ခုနှစ်အစပိုင်းလောက်မှာ ဖတ်ခဲ့ရပါတယ်။ မြန်မာပြည်ထဲမှာ ကျွန်မ ဖတ်ထားခဲ့ဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်းနဲ့ တကယ့် ဒေါ်အောင်ဆန်းစုကြည်အကြောင်းတို့ဟာ ကကြီးနဲ့ ယပက်လက် လို ကွာခြားခဲ့ပါတယ်။ မြင့်မြတ်တဲ့စိတ်ဓာတ်ရှိသူ အနစ်နာခံချစ်ခဲ့တဲ့ ခင်ပွန်းသည်၊ မိခင်တစ်ယောက်ရဲ့ နွေးထွေးကြင်နာမှုကို လိုအပ်နေသေးတဲ့ လူလားမမြောက်သေးသူ သား၂ယောက် တို့ကို ထားခဲ့ပြီး ကယ်သူမဲ့ မြန်မာပြည်သူတွေအတွက် ဘဝတစ်ခုလုံးကို ပုံအပ်ထားပြီး စိတ်ဓာတ်ကြံ့ခိုင်လှသူ၊ တစ်ကမ္ဘာလုံးက အံ့ဩချီးကျူးရသူ အန်တီဒေါ်စုဘဝကို လေးစားဂုဏ်ယူမိခဲ့တာကို စာဖွဲ့လိုတောင် ကျွန်မ ရေးမပြတတ်ပါဘူး။

    ကျွန်မရဲ့အဖြေမရှိတဲ့မေးခွန်းတစ်ချို့ကို အန်တီစုဘဝ၊ လုပ်ရပ်နဲ့ စိတ်ဓာတ်တို့က ဖြေပေးခဲ့ပါတယ်။ ကျွန်မ ဘာလုပ်ရမလဲဆိုတာ ရေးရေးလေးသိလာခဲ့ပါတယ်။ အလုပ်လျှောက်တာ ငြင်းပယ်ခြင်းခံခဲ့ရတဲ့ ကျွန်မ နိုင်ငံခြားတက္ကသိုလ်တစ်ခုခုမှာ ကျောင်းတက်ရဖို့ အတွက် Internet ထဲမှာရော ထိုင်းနိုင်ငံက တက္ကသိုလ်တွေမှာပါ ရှာဖွေစုံစမ်းခဲ့ပါတယ်။ ကျွန်မ ခင်ပွန်းလစာနဲ့ ပိုက်ဆံပေးကျောင်းတက်ဖို့ မတတ်နိုင်တဲ့အတွက် ပညာသင်ထောက်ပံ့ကြေးပေးတဲ့ ထိုင်းနိုင်ငံက ကျောင်းတွေကိုမေးကြည့်တဲ့အခါ မြန်မာလုူမျိုး အစိုးရဝန်ထမ်းကိုပဲ Scholarship ပေးပါတယ်တဲ့။ IMF (International Monetary Fund) ကို စာရေးမေးတော့လည်း Scholar ဟာ မိခင်နိုင်ငံအတွင်းမှာ နေထိုင်အလုပ်လုပ်ကိုင်နေသူ ဖြစ်ရပါမယ်တဲ့။ World Bank Scholarship ကလည်း အလုပ်အတွေ့အကြုံ ၂ နှစ်ရှိသူကိုသာ ပေးပါတယ်တဲ့။ သူတို့ရဲ့ ရည်ရွယ်ချက်တွေက ကောင်းပေမယ့် ကျွန်မလိုလူအတွက်ကတော့ အားပျက်စရာပါ။ MIEGA (Myanmar Institute of Economic Graduates Association) က Bachelor ဘွဲ့အတွက် အီကိုမှာ ပထမ ရလို့ ပေးခဲ့တဲ့ ဆုလက်မှတ်လေးနဲ့ Master တုန်းကလည်း အတန်းထဲမှာ အမြင့်ဆုံးအမှတ်ကိုရခဲ့တဲ့ အမှတ်စာရင်းလေးကို ထုတ်ကြည့်ရင်း နိုင်ငံခြားမှာ ဘယ်သူကမှ အသိအမှတ်ပြုခြင်းမခံရတဲ့ ကိုယ့်ဘဝကိုယ် ဘယ်လို ဖြေသိမ့်ရမှန်းတောင် မသိခဲ့ပါဘူး။

    မြန်မာပြည်အလည်ပြန်ခဲ့စဉ်က စီးပွားရေးတက္ကသိုလ်မှ လေးစားအားကျခဲ့ရတဲ့ အချစ်ဆုံး ဆရာမကို သွားကန်တော့ခဲ့စဉ် “ဂျပန်က မြန်မာလူမျိုးတွေကို Scholarship တွေပေးတာ တခြားနိုင်ငံတွေနဲ့ မတူဘူး၊ ကြည်စင် လျှောက်ကြည့်ပါလား” ဆိုတဲ့ အကြံပေးချက်ကို သတိရပြီး Internet ထဲမှာ ထပ်ရှာကြည့်တဲ့အခါ ကံကောင်းထောက်မစွာပဲ IUJ (International University of Japan) ကို တွေရှိခဲ့ပါတယ်။ ပိုပြီး ကံကောင်းတာက IMF နဲ့ World Bank Scholarship တွေကို ဘောင်မဝင်တဲ့ ကျွန်မလို လူအတွက် Scholarship ပေးမယ့် ပုဂ္ဂလိက အဖွဲ့အစည်းအနည်းငယ် အဲဒီကျောင်းမှာ ရှိနေခဲ့တာပါပဲ။ ကျောင်းဝင်ခွင့်ရပြီဆိုတဲ့ Email IUJ က ရောက်ပြီးနောက်တစ်နေ့မှာပဲ ကျွန်မ မှာ ကိုယ်ဝန်ရှိနေပြီ ဆိုတဲ့ ဆေးစစ်ချက်ကို ရရှိခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ KMMF (Konosuke Matsushita Memorial Foundation) က ကျွန်မ ကျောင်းတက်ဖို့ Full Scholarship ပေးမယ်ဆိုတဲ့စာကို IUJ ကတဆင့် အကြောင်းကြားလာခဲ့ပါတယ်။ အိမ်ထောင်ကျပြီး ၂ နှစ်လုံးလုံး ကလေး ရဖို့ အလွန်ခက်ခဲ ခဲ့တဲ့ ကျွန်မ၊ “အခုကျမှ ဘာကြောင့် လာရသလဲ ကလေးရယ်” ဆိုပြီး မမြင်ရသေးတဲ့ကလေးကိုရော ကြိုမမြင်ရတဲ့ ကိုယ့်ကုသိုလ်ကံကိုပါ စိတ်တိုခဲ့မိပါတယ်။ စိတ်ကို ဒုန်းဒုန်းချပြီး ကျွန်မရဲ့ အခြေအနေမှန်ကို IUJ ကို အကြောင်းကြားလိုက်တဲ့အခါ ကျွန်မ မွေးမယ့်ရက်နဲ့ အရမ်းခက်ခဲတဲ့ IUJ ရဲ့ ပထမဆုံး term နဲ့ တိုက်ဆိုင်နေတဲ့အတွက် နောက်နှစ်မှ အစကနေ ပြန်လျှောက်ပါတဲ့၊ စဉ်းစားပါမည်လို့ IUJ နဲ့ KMMF က အကြောင်းပြန်ခဲ့ပါတယ်။

    စာတွေဖတ်ရင်း စာတွေရေးရင်း သမီးလေးမွေးလာမယ့်အချိန်ကို စိတ်ရှည်ရှည်ထားပြီးစောင့်ခဲ့ရပါတယ်။ နောက်နှစ်မှာ ကျောင်းထပ်လျှောက်သင့်မသင့်၊ ရခဲ့ရင် သွားဖို့သင့်မသင့် တွေကို အခါခါ စဉ်းစားခဲ့ပေမယ့် ဘာအဖြေမှ မယ်မယ်ရရ မရခဲ့ပါဘူး။ ၂၀၀၈ နိုဝင်ဘာလမှာ သမီးလေးကို မွေးခဲ့ပြီးချိန်မှာ ကျောင်းလျှောက်ဖို့ အချိန်က ရောက်လာခဲ့ပြန်ပါတယ်။ Essay နဲ့ Research Plan တွေကို ပြန်ပြင်ရေးရင်း ကလေးတဖက်နဲ့ ကျွန်မကို ရွေးဖို့က ၅၀% တောင်မရှိပါဘူး ဆိုတဲ့စိတ်က စိန်ခေါ်ခံရတဲ့ ချန်ပီယံတစ်ယောက်ရဲ့ ခံစားချက်ကို နားလည်စေခဲ့ပါတယ်။ ကျွန်မ အကြောင်းကို သိတဲ့သူ အားလုံးလိုလို်က မသွားဖို့ စေတနာနဲ့တားကြပါတယ်။ ကျွန်မ ခင်ပွန်းသည်ကလည်း မသွားစေချင်ဘူးလို့ သူ့ စိတ်ရင်းကို ဖွင့်ပြောခဲ့ပေမယ့် ခေါင်းမာတဲ့ကျွန်မ တစ်ခုခုဆုံးဖြတ်ပြီးရင် သူဘာမှ မတတ်နိုင်ဘူးဆိုတဲ့ မျက်နှာမျိုးနဲ့ စိတ်လက်မကောင်းစွာ ရှိနေခဲ့ပါတယ်။

    ကျွန်မ ဆုံးဖြတ်ချက်ကို ခိုင်မာစေခဲ့တဲ့ ဆရာဝန် အစ်မတစ်ယောက်ရဲ့ စကားလေးကို ပြောပြပါရစေ။ ၃ နှစ်ကျော်အရွယ် သူ့သမီးလေးကို မြန်မာပြည်က ယောက္ခမနဲ့ ထားခဲ့ပြီး ဘန်ကောက်မှာ သူကျောင်းလာတက်တော့ သူ့ကို ကမ္ဘာတစ်ခုလိုထင်မှတ်နေတဲ့အရွယ် သမီးလေးဟာ တော်တော်ခံစားခဲ့ရပါတယ်တဲ့၊ ညဖက်ကြီး စာရွက်ထဲမှာ ဝလုံးတွေ ထရေးနေလို့ အဖွားကမေးတဲ့အခါ “မေမေ့ကို လွမ်းလို့ လွမ်းစာတွေရေးနေတာပါ” လို့ ဆိုပါတယ်တဲ့။ “ညီမသွားမယ်ဆိုရင် အခုနေသွားပါ၊ ကလေးက ဘာမှ သိပ်ခံစားရမှာ မဟုတ်ဘူး၊ ညီမ တစ်ယောက်ပဲခံစားရမယ်၊ ကလေးကြီးလေ သွားဖို့ မသင့်လေပါပဲ” လို့ မျက်ရည်တွေဝဲပြီး သူ့ အတွေ့အကြုံ ကို မျှဝေခဲ့ပါတယ်။

    IUJ နဲ့ KMMF က ကျွန်မကို ဒုတိယ အကြိမ်လက်ခံကြောင်း စာရရှိခဲ့တဲ့ အချိန်မှာ ကျွန်မ မပျော်ရွှင်ခဲ့တော့ပါဘူး။ သွားခါနီး ၂ ပတ်အလို သမီးလေးကို နို့ဖြတ်တော့ တညလုံး သမီးလေးငိုခဲ့ပါတယ်။ မနက် ၄နာရီ သမီးလေး အိပ်ပျော်သွားတဲ့အထိ ထမ်းချီထားပေးခဲ့တဲ့ ကျွန်မခင်ပွန်းကို သွားခါနီးအထိ ဘာစကားမှ အထွေအထူး မပြောဖြစ်ခဲ့လောက်အောင် ကျွန်မမှာ စကားလုံးတွေ ပျောက်ဆုံးနေခဲ့ပါတယ်။ သမီးလေး ဆယ်လပြည့်ပြီး နောက်တစ်ရက်မှာ IUJ ကို ထွက်ခွာလာခဲ့ပါတယ်။ ခဏလာနေပေးခဲ့တဲ့ ကျွန်မ အမေနဲ့ ညီမတို့ ပြောပြချက်အရ သမီးလေးဟာ ကျွန်မကို ရှာသလို မျက်နှာနဲ့ ၃ ရက်လောက် မှိုင်နေခဲ့ပါတယ်တဲ့။

    တညလုံးလေယာဉ်စီးပြီး မနက်မှာ ဂျပန်မြေကို ခြေချခဲ့ပါတယ်။ အနောက်မြောက်ဖက်မှာ ရှိတဲ့ IUJ ကို ရောက်ဖို့ ရထား ၂ ဆင့် စီးရပါသေးတယ်။ မြေပုံလမ်းညွှန်အတိုင်း စမ်းတဝါးဝါးနဲ့ သွားခဲ့တာ နေ့လည် ၁ နာရီမှ IUJ ကို ရောက်ခဲ့ပါတယ်။ ပထမဦးဆုံး သတိထားမိတာကတော့ အမှိုက်တစ်စမှ မရှိတဲ့ ဂျပန်နိုင်ငံကြီးရဲ့ သန့်ရှင်းသပ်ရပ်မှုပါပဲ။ လူနေရပ်ကွက်တွေ အပြင် ရထားလမ်းတလျှောက်မြင်ခဲ့ရတဲ့ တောတောင်တွေပါ အားလုံး သန့်ရှင်းသာယာ လှပသပ်ရပ် နေကြပါတယ်။

    မြန်မာပြည်နဲ့ ကွာဟမှုတွေ ရေးမကုန်အောင် များပြားတဲ့ ကြားထဲက ရင်ကို လှုပ်ခပ်ခဲ့တဲ့ GSO (Graduate Student Organization) ရဲ့ ရွေးကောက်ပွဲအကြောင်းကို ပြောပြချင်ပါတယ်။ GSO ဆိုတာက ကျောင်းသားကျောင်းသူများရဲ့ အရေးအရာတို့ကို ဆောင်ရွက်နိုင်ဖို့ ဖွဲ့စည်းထားတဲ့ အသင်းတစ်ခုဖြစ်ပါတယ်။ ခေါင်းဆောင်များကို မဲပေးစနစ်နဲ့ ကျောင်းသားကျောင်းသူများထဲမှပဲ ရွေးချယ်ပြီး မဲဆွယ်ခွင့်ကိုလည်း ပေးအပ်ထားပါတယ်။ ၂၀၀၈ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲကို TV ကပဲကြည့်ခဲ့ဖူးသူ ကျွန်မဟာ အင်ဒိုနီးရှားနိုင်ငံသူ ကျောင်းသူတစ်ယောက် စင်မြင့်ပေါ်တက်ပြီး “ကျွန်မကို ခေါင်းဆောင်အဖြစ်ရွေးချယ်ပါက ကျောင်းသူကျောင်းသားတို့ အကျိုးကို ဘယ်လိုသယ်ပိုးဆောင်ရွက်ပေးမယ်”ဆိုတဲ့အကြောင်းကို သူ့ လက်ကလေးကို ထောင်ပြီး အားမာန်အပြည့် ယုံကြည်မှုအပြည့်နဲ့ ပြောဆိုစည်းရုံးနေပုံကို အံ့ဩတကြီးငေးကြည့်နေခဲ့မိပါတယ်။ သူ့လိုလုပ်ဖို့မပြောနဲ့ အဲဒီလိုလုပ်တဲ့သူကိုတောင် မျက်စိနဲ့တပ်အပ် မမြင်ဖူးသူ ကျွန်မဟာ “ဪ သူတို့ ပညာရေးက နိုင်ငံရေးကိုပါ နားလည်အောင် တခါတည်းသင်ပေးသွားတာပါလား” ဆိုတာကို ကောင်းကောင်းသဘောပေါက်ခဲ့ရပါတယ်။

    ပထမ term တစ်ခုလုံး သမီးလေးကို မေ့နိုင်အောင် ကြိုးစားခဲ့ပါတယ်။ ကျွန်မ ခင်ပွန်းကို သမီးလေးပုံတွေ ပို့ပေးဖို့ ခဏခဏ တောင်းဆိုခဲ့ပေမယ့် ဓာတ်ပုံတွေကို ကျွန်မ ကြာကြာ မကြည့်ရဲခဲ့ပါဘူး။ ငိုမိမှာ စိုးလို့ပါ။ ကလေးကျန်ခဲ့တဲ့ အမေတွေ တရွှဲရွှဲ ငိုနေတဲ့ အချိန်မှာ ကျွန်မ တောင့်ခံထားနိုင်ခဲ့ပါတယ်။ မိသားစုကို ထားခဲ့ပြီး အကျယ်ချုပ်ဘဝနဲ့ နေနေရတဲ့ အန်တီစု ဘဝနဲ့ ယှဉ်ရင် ကျွန်မတို့ ဘဝတွေက အပုံကြီး ကောင်းပါသေးတယ် ဆိုတဲ့ အတွေးနဲ့ နေ့တိုင်းကို ဖြတ်သန်းခဲ့ပါတယ်။ သူရဲကောင်းစိတ်ဓာတ်ကို အတုယူခဲ့ပေမယ့် သူရဲကောင်းမဟုတ်ခဲ့သူ ကျွန်မ မကြာခင်အချိန်အတွင်းမှာ မျက်ရည်ချောင်းစီးရတော့မယ်ဆိုတာကို တွေးတောင်မကြည့်မိခဲ့ပါဘူး။

    ကျွန်မကို ပညာသင်ထောက်ပံ့မှုပေးတဲ့ KMMF က၊ ပထမ term အပြီးမှာ Seminar Trip ဆိုတဲ့ အစီအစဉ်အရ ကျွန်မတို့ scholar ၈ ယောက်ကို ဂျပန်နိုင်ငံရဲ့ တိုကျို၊ ကျိုတို၊ နဲ့ အိုဆာကာ မြို့တွေက အထင်ကရနေရာတွေကို လိုက်ပို့ပေးခဲ့ပါတယ်။ သက်ဆိုင်ရာ လူကြီး ၂ ယောက်က ကျွန်မတို့ သွားလေရာမှာ ရိုးရိုးမြို့ခံလူတွေအလား တကောက်ကောက်လိုက်ပြီး အဖေ ဦးလေးတွေလို စောင့်ရှောက်ခဲ့ပါတယ်။ တကယ်တော့ သူတို့ က နှယ်နှယ်ရရလူတွေ မဟုတ်ကြပါဘူး။ Panasonic (ယခင် Matsushita) ကုမ္ပဏီရဲ့ ဒေသဆိုင်ရာ မန်နေဂျာများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့၊ ကမ္ဘာ့ဒေသ အသီးသီးမှာ စွမ်းစွမ်းတမံ စီးပွားရေးလုပ်ခဲ့ကြသူတွေပါ။ ပင်စင်ယူအပြီး KMMF မှာ ဆက်ပြီး တာဝန်ထမ်းဆောင်နေကြသူတွေလည်း ဖြစ်ပါတယ်။ တိုကျိုမှာ ပထမဦးဆုံး လုပ်တဲ့ ညစာစားပွဲမှာ နောက်တခါ သွားမယ့် ခရီးစဉ်တွေအကြောင်းပြောကြရင်း တာကဂိစန် ဆိုသူက သမိုင်းဝင်ကျိုတို (Kyoto) မြို့က မြို့တော်ဖြစ်တဲ့ တိုကျို (Tokyo) မြို့ထက် ဂျပန်လူမျိုးများစိတ်ကို ပို ဆွဲဆောင်နိုင်ကြောင်း၊ အိုဆာကာမြို့ကလည်း စိတ်ဓာတ်ပြင်းထန်တဲ့ အမျိုးသမီးတွေ ရှိတဲ့မြို့တစ်ခုဖြစ်တယ်လို့ နာမည်ရကြောင်းရှင်းပြနေတုန်း “စိတ်ဓာတ်ပြင်းတဲ့အမျိုးသမီးတွေဆိုတာ မင်းလိုပေါ့” လို့ ကျွန်မ မျက်နှာကို တည့်တည့်ကြည့်ပြီး ပြောလိုက်ပါတယ်။ ကျွန်မကိုသိတဲ့ ဘယ်လူမျိုးကမှ အခုလို အသိအမှတ်ပြုခြင်းကို မခံရဖူးတဲ့ကျွန်မ၊ ငါဟာ အလွန် စိတ်ဓာတ်မာပြီး ထက်မြက်တဲ့သူတစ်ယောက်လို့ ဘယ်တုန်းကမှ ကိုယ့်ကိုယ်ကို ယောင်လိုတောင်မတွေးဖူးခဲ့တဲ့ ကျွန်မ၊ မင်သက်ပြီး ဘာမှ ပြန်မပြောနိုင်ခဲ့ပါဘူး။

    အိုဆာကာမြို့ကို ကျွန်မတို့ ရောက်တဲ့ ညနေမှာ ကျွန်မတို့ တည်းခိုရာ Hotel New Otani နဲ့ ကပ်နေတဲ့ Osaka-Jo Hall ထဲမှာ အနုပညာဖျော်ဖြေပွဲတစ်ခု ကျင်းပနေတာနဲ့ ကြုံခဲ့ပါတယ်။ လှပတဲ့ အိုဆာကာမြို့ ရဲ့ ညနေခင်းဟာ ကွင်းထဲကနေ စည်းကမ်းတကျ ထွက်လာတဲ့ သပ်ရပ်ကျော့ရှင်းစွာ ဝတ်ဆင်ထားကြတဲ့ ဂျပန်နိုင်ငံသူ နိုင်ငံသား ကြီးငယ်တို့ရဲ့ ကျန်းမာသန်စွမ်းထက်မြက်တဲ့ မျက်နှာများကြောင့် ပိုလို့ လင်းလက်တောက်ပနေခဲ့ပါတယ်။ ဒီလောက်များတဲ့ ဂျပန်လူမျိုးတွေကို ပထမဦးဆုံးအကြိမ် တစုတစည်းတွေ့လိုက်ရတဲ့အတွက် ငေးကြည့်နေရာမှ ရုတ်တရက် ဆိုသလို မြန်မာပြည် စံပြဈေးနားက မြင်ကွင်း၊ ကျွန်မ မွေးရပ်မြေ စလေမြို့က အဖွားအို၊ ပွင့်ဖြူအသွား ကားပေါ်က သက်ကြီးရွယ်အိုတွေ၊ လက်ဖက်ရည်ဆိုင်များမှာ တွေ့ရလေ့ရှိတဲ့ ကျောင်းနေအရွယ် စားပွဲထိုးကလေးတွေ၊ နဲ့ ဂျပန်ကို training အတွက် ၁လ သွားနေခဲ့ဖူးပြီးပြန်အလာ နောက်ဘဝ ဂျပန်မှာပဲ လူဖြစ်ချင်တယ်လို့ ပြောဖူးခဲ့တဲ့ လွန်ခဲ့တဲ့ ၁ဝနှစ်က ကျွန်မအဖေမျက်နှာ တို့ကို ရုပ်ရှင်ဇာတ်ကားထဲကလို တပိုင်းစီတပိုင်းစီ မြင်လာပြီး မျက်ရည်တွေက တားမရအောင် စီးကျလာခဲ့ပါတယ်။ ကျွန်မဘေးမှာ အတူတူလမ်းလျှောက်နေတဲ့ ဗီယက်နမ်မလေးက “ကြည်စင်ဘာဖြစ်တာလဲ နင့် သမီးလေးကို သတိရလို့လားဟင်” ဆိုတဲ့ မေးခွန်းကို မဖြေနိုင်တော့ဘဲ ဟိုတယ်အခန်းထဲကို ပြေးဝင်ခဲ့ပြီး ရှိုက်ကြီးတငင် ငိုကြွေးခဲ့မိပါတယ်။

    Strong ဖြစ်တဲ့အမျိုးသမီးတွေ ထွက်တဲ့ ဒီအိုဆာကာမြို့ကြီးက Strong ဖြစ်တယ်လို့ scholar အတူရတဲ့ နိုင်ငံခြားသားတွေက ထုတ်ပြောခြင်းကို ခံခဲ့ရတဲ့ကျွန်မကို ဘာကြောင့် အခုလို ထိန်းချုပ်မှုကင်းမဲ့စွာ ငိုကြွေးစေခဲ့ရတာလဲ။ ကျွန်မ မသိပါ။ မြန်မာပြည်ကြီးရဲ့ ဆင်းရဲမွဲတေမှုကို မျက်ဝါးထင်ထင် နှိုင်းယှဉ်သိမြင်လိုက်ရလို့လား၊ ဂျပန်နိုင်ငံသားတွေလို လူနေမှုအဆင့်မြင့်မားတဲ့ ဘဝမျိုး မြန်မာပြည်ကလူတွေကို ဖြစ်စေချင်ပေမယ့် လုပ်ပေးနိုင်တဲ့ စွမ်းအင် ဘာမှမရှိတဲ့သူဖြစ်နေလို့လား၊ အဖေသွားခဲ့တဲ့နေရာတွေကို သမီးရောက်နေပြီဆိုတာကို ပြောပြနိုင်ခွင့်မရှိတော့တဲ့၊ ၁ဝလပဲရှိသေးတဲ့ သမီးလေးကို ရက်ရက်စက်စက်ထားခဲ့ပြီး သူများတွေ ပျော်ပျော်ရွှင်ရွှင်သင်ယူနေတဲ့ ကျောင်းတော်ကြီးမှာ အပြစ်ရှိသလိုခံစားမှုတွေ တပွေ့တပိုက်နဲ့ ရုန်းကန်နေရတဲ့ ကိုယ့်ဘဝကိုယ် ဝမ်းနည်းမိလို့လား၊ ကျွန်မ မဝေခွဲတတ်ပါ။ အားလုံးပဲ ဖြစ်မယ်ထင်ပါတယ်။

    ပျော်ရွှင်မှုများကို ကျောခိုင်းပြီး IUJ မှာနေခဲ့တဲ့ တလျှောက်လုံး စာတွေအသဲအသန်လုပ်နေခဲ့တဲ့ ကျွန်မကို အချို့မြန်မာများက အထူးတဆန်းနဲ့ သနားသလိုကြည့်ပြီး “လုပ်မနေပါနဲ့ ကြည်စင်ရယ် ဘယ်လောက်လုပ်လုပ် သူတို့ကို မမှီတော့ပါဘူး” လို့ ပျော်ပျော်နေဖို့ ပြောခဲ့ကြပါတယ်။ ဟုတ်ပါတယ်၊ ကျွန်မ သူတို့ ကို မမှီပါဘူး၊ မှီအောင်လုပ်နေတာလည်း မဟုတ်ရပါဘူး။ ဒါဆို ဘာကြောင့် လုပ်နေတာလဲ၊ ကျွန်မကိုယ် ကျွန်မ ပြန်မေးကြည့်တယ်၊ တိကျတဲ့ အဖြေ ကျွန်မမှာ မရှိပါဘူး။ ကျွန်မ တစ်ယောက်တည်းအတွက်မဟုတ်ဘူး လို့ဆိုရင် ကျွန်မဘဝနဲ့ ကျွန်မစိတ်ကို နားမလည်တဲ့ သူတို့ ကျွန်မကို ဟားတိုက်လှောင်ရယ်ကြမှာကတော့ အသေအချာပါပဲ။

    မတ်လမှာ ခင်ပွန်းသည်နဲ့ သမီးလေးတို့ ဂျပန်ကို အလည်လာခဲ့ကြတဲ့အချိန်မှာ သမီးလေးက ကျွန်မကို မမှတ်မိတော့ပါဘူး။ တိုကျိုကနေ IUJ ဆီ သူတို့သားအဖကို ခေါ်အလာ ည ၉နာရီလောက်မှာ Urasa (IUJ ရှိရာမြို့) ရထားဘူတာကို ရောက်ရှိခဲ့ပါတယ်။ ခပ်လှမ်းလှမ်းမှာ ရပ်ထားတဲ့ တက္ကစီကို ခင်ပွန်းသည်က သူသွားခေါ်လိုက်မယ်၊ သားအမိနှစ်ယောက် ဒီနားမှာ ခဏစောင့်နေဆိုပြီး ဖွဲဖွဲကျနေတဲ့ နှင်းထဲကို ပြေးအသွားမှာ “မာမား မာမား လာ လာ” ဆိုပြီး သူ့ အဖေကို လက်ကလေးနဲ့ လှမ်းခေါ်ပြီး သမီးလေး ထငိုပါတယ်။ သူ့ကို ချီထားတဲ့ အမေဖြစ်သူ ကျွန်မ ရင်ထဲမှာ နာကျင်နေခဲ့မိပါတယ်။ ဪ အဲဒါက သမီးအဖေပါ၊ မေမေက ဒီမှာပါ ကလေးရယ် လို့ နားမလည်သေးတဲ့ ကလေးလေးကို ရှင်းပြနေခဲ့မိပါတယ်။ တစ်ပတ်လောက်နေတော့ သူ ကျွန်မကို ရင်းနှီးသွားပါတယ်။ သူတို့ပြန်သွားပြီး တစ်လခွဲလောက်အချိန်အတွင်း တတိယ term ကို ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ရပြန်ပါတယ်။

    ပထမနှစ်အပြီးကျောင်း ၃ လ အပိတ်မှာ ဘန်ကောက်ကို ပြန်လာခဲ့ပါတယ်။ အိပ်ယာကနိုးခါစ ဆော့နေတဲ့သမီးလေးရှေ့မှာ ကျွန်မ သွားရပ်လိုက်တော့ သူ့မျက်လုံးတောက်တောက်လေးတွေနဲ့ ကျွန်မကို မော့ကြည့်လိုက်ပြီး “မာမား” လို့ ခေါ်လိုက်ပါတယ်။ အို သူ ကျွန်မကို မှတ်မိသွားပါပြီကောလား။ သူ့ကို ထိန်းဖို့ခေါ်ထားတဲ့သူကို လှည့်မကြည့်တော့ဘဲ ကျွန်မ နောက်ကို တကောက်ကောက်လိုက်ပါတော့တယ်။ တစ်ချက်တစ်ချက် ကျွန်မ စကားပြောတာကို လှန်လှန်ကြည့်တဲ့ သူ့မျက်လုံးလေးတွေက “ဒီလူက သူများတွေနဲ့ မတူ တမျိုးပါလား” ဆိုတဲ့ အဓိပ္ပါယ်ထွက်နေတယ်လို့ ကျွန်မ ဖတ်မိခဲ့ပါတယ်။ ကျန်နေသေးတဲ့ နောက်တစ်နှစ်ကို မေမေ ဘယ်လိုဖြတ်ကျော်ရမလဲ သမီးလေးရယ်။

    အပျော်လေးတွေ တစ်ပတ်မပြည့်ခင် သမီးလေးကို ထိန်းဖို့ နဲ့ ထမင်းချက်ဖို့ အတွက် ကျွန်မ ခင်ပွန်းအလုပ်ခန့်ထားတဲ့ မွန်နဲ့ ကရင် အမျိုးသမီး ၂ ယောက်နဲ့ စကားပြောခင်မင်ခဲ့အပြီးမှာ ကျွန်မ ရဲ့ ရင်ဘတ်ထဲက အနာက ပြန်နာလာခဲ့ပြန်ပါတယ်။ ခင်ပွန်းသည်က ထောက်ပံ့ခြင်းမရှိတဲ့ လူမမယ်သမီးလေး ၂ ယောက်ကို မိခင်အိုနဲ့ထားခဲ့တဲ့၊ ၁ဝ တန်းအထိ စာသင်ဖူးတဲ့ မခိုင် ဆိုတဲ့ ဉာဏ်ရည်အတော်မြင့်တဲ့ မွန်မလေးဟာ စားဝတ်နေရေး မပြေလည်လို့ ဘန်ကောက်ကို ရောက်လာခဲ့ပါတယ်။ တာဝန်မဲ့တဲ့ယောက်ျား နဲ့ ကလေး ၂ ယောက်ကို သတိရ လွမ်းဆွတ်တဲ့ စိတ်တွေကြောင့် တချက်တချက် စိတ်နဲ့လူမကပ်တဲ့ သူ့အပြုအမူတွေကို မြင်ရတဲ၊့ စိတ်ရောဂါကု ဆရာဝန်မဟုတ်တဲ့ ကျွန်မ၊ ဘယ်သူ့ကို စိတ်တိုရမှန်းမသိ၊ ဘာကို ဝမ်းနည်းမိမှန်း မသိတာ အကြိ်မ်ကြိ်မ်ပါပဲ။

    ရးတတ်ဖတ်တတ်ရုံပဲ စာသင်ခဲ့ရတဲ့ မအေး ဆိုတဲ့ ကရင်မလေးက ကျွန်မ ဖတ်တဲ့ စာအုပ်တွေကို လာလာကြည့်ပြီး “မအေးတို့ ငယ်ငယ်က အဖွားမှာ လယ်တွေရှိတော့ စားစရာမပူခဲ့ရပေမယ့် ရွာက မအေးချမ်းတော့ ကျောင်းနေခွင့်မရခဲ့ဘူး၊ တခါတလေ ညဖက် ဖောက်ဖောက်ဖောက် ရွှီး ဒိုင်း ဆိုတဲ့ အသံတွေကြားရင် အိမ်အောက်မြေကျင်းထဲကို ပြေးဝင်ကြရတယ်၊ ကျောင်းသွားရတယ်ဆိုတဲ့ အိပ်မက်ကို မအေး အသက် ၂ဝ လောက်အထိ ခဏခဏမက်ခဲ့တယ်” လို့ သူ့ ငယ်ဘဝကို ဖွင့်ပြောပြခဲ့ပါတယ်။ ဘာမှနားမလည်သေးတဲ့သမီးလေးဟာ မအေးပြောပြနေတဲ့ “ဖောက်ဖောက်ဖောက် ရွှီး ဒိုင်း” ဆိုတဲ့ အသံကို မျက်လုံးလေးပြူးပြီး နားထောင်နေခဲ့ရာမှ လက်ကလေးတို့ပြီး ပြန်ပြောဖို့ တောင်းဆိုပါတယ်။ သမီးလေးကို သူထိန်းရတဲ့ အချိန်တွေမှာ ကရင်ဒုံးယိမ်းဖွင့်ပြလိုက်၊ တီတီအေးတို့ ငယ်ငယ်တုန်းက အကြောင်းပြောပြမယ် ဆိုပြီး သူ့ရဲ့ မငြိမ်းချမ်းခဲ့တဲ့ ငယ်ဘဝကို ဇာတ်လမ်းလုပ်ပြီးပြောပြလိုက်လုပ်တတ်တဲ့ မအေး၊ တနေ့ အိမ်ထောင်ကျပြီး ကလေးရတဲ့အခါ ဒီအကြောင်းတွေက သူ့ ကလေးအတွက် အိပ်ယာဝင်ပုံပြင်တွေ ဖြစ်လာမှာလား။ ဆင်းရဲမွဲတေမှုကြောင့

    • pooch

      June 20, 2014 at 2:24 pm

      အဓိကပြသာနာက ဆင်ခြင်တွေးခေါ်နိုင်စွမ်းကို ပိတ်ပင်ခဲ့တဲ့ ပညာရေးကြီး ကြီးစိုးခဲ့တာက စပါတယ်ဒေါ်ဒေါ်။
      ရောက်နိုင်ခဲတဲ့ တောင်ပေါ်ဒေသတချို့ကို ရောက်ဖြစ်သွားဖြစ်ခဲ့တဲ့ အချိန် တကယ်ဖြစ်နေတဲ့ ပြသာနာတွေကိုလည်း သိလာတယ်။ ဖြေရှင်းလို့ရမဲ့ လမ်းစတချို့ကိုလည်း တီးမိခေါက်မိလာတယ်။ ပြသာနာတွေရှိရင် အဖြေရှိပါတယ်။

      တကယ်လုပ်နိုင် လုပ်ပေးနိုင် တဲ့သူတွေ ရှိလာဖို့လိုတာလေး တခုပါပဲ။
      အရီးရေးတဲ့ အကြောင်းအရာတွေကို တော့ ထပ်တူထပ်မျှ သဘောတူပါတယ်လို့သာ

  • kyeemite

    June 20, 2014 at 10:53 am

    ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့နှုတ်ခွန်းဆက်လွှာ
    ——
    ယနေ့ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ ၆၉ နှစ်ပြည့် မွေးနေ့ပွဲ နှုတ်ခွန်းဆက်လွှာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တရားဝင် Facebook စာမျက်နှာတွင် အောက်ပါအတိုင်း ဖော်ပြခဲ့သည်။

    နှုတ်ခွန်းဆက်လွှာ အပြည့်အစုံ..http://www.7daydaily.com/story/13595

  • အရီးခင်

    June 22, 2014 at 2:54 pm

    ဒီ Post မှာ ဝင်ပြီး ဆုတောင်းမေတ္တာ ပို့ သပေးသော သူများ ၊ ဝင်ရောက် ဖတ်ရှုသွားသူများ အားလုံး ကို ကျေးဇူး ဘီလျှံ ရဲ့ ဘီလျှံ ပါရှင့်။
    တစ်ယောက်ချင်းကို ပြန်ပြီး တုံ့ပြန်စကားပြောချင်သော်ငြား အပြာရောင် ဦး သွားလို့ အစိမ်း နဲ့ ဘဲ ကျေနပ်ကြပါလော့။
    :-))))

Leave a Reply