ကျိန်စာသင့်သော ငွေငါးသိန်း (ဒု)
မောင်ဇော်နှင့် စကားပြောဆိုပြီး၍ တည်းခိုအိမ်သို့ပြန်ရောက်သောအခါ ကျွန်ုပ်တို့ စောင့်နေသော မိတ်ဆွေလဲ ရောက်နှင့်နေသည်ကိုတွေ့ရလေသည်။
ထိုအချိန်မှစ၍ ကျွန်ုပ်တို့သည် လုပ်ကိုင်စရာရှိသည်များကိုစီစဉ်ခြင်း၊ တွေ့ဆုံရမည့်သူများကို ခေါ်ယူ၍၎င်း သွားရောက်၍၎င်း တွေ့ဆုံခြင်း၊ ဝယ်ယူစရာ ရောင်းချစရာ လွှဲပြောင်းစရာများကို စီမံခြင်း၊ စာရင်းမှတ်သားရေးသွင်းခြင်း စသည်တို့ကို အပတ်တကုတ် ဝိုင်းလုပ်ကိုင်ကြလေရာ တစ်နေ့ခင်း ၊ တစ်ညနေ နှင့်နောက်နေ့ တစ်မနက်ခင်း ခန့်အတွင်း လုပ်ဖွယ်ကိုင်ဖွယ်များကို အကုန်အစင် လုပ်ကိုင်ပြီးကြလေသည်။
ညနေအချိန်တွင် တစ်နာရီကားမောင်းစာအကွာအဝေးတွင်ရှိသော ပဲခူးမြို့မှ အခြားမိတ်ဆွေများနှင့် တွေ့ဆုံညစာစားသုံးရန် စီစဉ်ထားလေရာ ကျွန်ုပ်မှာ တစ်နေ့ခင်းစာမျှ အချိန်အားရရှိလေသဖြင့် ကိုထွန်းမြင့်ထံ သွားရောက်တွေ့ဆုံ လည်ပတ်ရန် အဆင်ပြေသွားလေတော့၏။
နေ့လည်စာစားပြီးသည်နှင့်တပြိုင်နက် ကျွန်ုပ်မိတ်ဆွေ၏ ကားလေးကို ကိုယ်တိုင်မောင်းနှင်လျှက် သွားရောက်လေရာ နယ်မြို့ကလေး၏ အတွင်းပိုင်းမကျတကျနေရာတွင် တည်ရှိသော ကိုထွန်းမြင့်၏နေအိမ်ခြံဝန်းရှေ့သို့ တစ်ဆယ့်ငါးမိနစ်ခန့်မျှဖြင့် ရောက်ရှိလေတော့သည်။
တယ်လီဖုန်းဆက်၍ ကြိုတင်အကြောင်းကြားထားနှင့်သည်ကြောင့် ကိုထွန်းမြင့်သည် ခြံရှေ့တွင်ရပ်လျှက် စောင့်ကြိုနေပါသည်။ ကျွန်ုပ် ကားပေါ်မှ ဆင်းသည်နှင့်တပြိုင်နက် ကျွန်ုပ်၏လက်ကို လာရောက်ဆွဲငင်၍ ဝမ်းသာအားရ နှုတ်ဆက်လေသည်။ အိမ်အတွင်းသို့ ဝင်မိသောအခါ ရတတ်သမျှ အချိုအခါး စားဖွယ်များဝန်းရံလျှက် လဘက်ရည်ကြမ်းဓါတ်ဗူးကိုချကာ တည်ခင်းလေသည်။
ကျွန်ုပ်တို့ သူငယ်ချင်းနှစ်ဦးမှာ ယခင်ကတည်းက ပြောမနာဆိုမနာဟုဆိုလောက်အောင် ရင်းနှီးသူများလည်းဖြစ်၊ မဆုံတွေ့ကြသည်မှာလည်း လေးငါးနှစ်မျှ ရှိပြီဖြစ်ရကား သာကြောင်းမာကြောင်းမှစ၍ မိမိတို့၏ မိသားစုများအကြောင်းတို့ကို၎င်း၊ လက်ရှိအကြောင်း အတိတ်အကြောင်းတို့ကို၎င်း၊ ငယ်ပေါင်းကြီးဖေါ်များ အကြောင်းတို့ကိုလည်းကောင်း၊ အလုအယက် ရေပက်မဝင်နိုင်အောင်ပင် ပြောဆိုကြရင်း နှစ်နာရီခွဲခန့်မျှပင် ကြာသွားလေတော့သည်။
ကျွန်ုပ်အဖို့ကား ပြန်ချိန်တန်လေပြီ။ သို့ရာတွင် လာရင်းကိစ္စကိုကား မပြောဆိုရသေးပါ။ ရှေ့တွင် ပြောဆိုခဲ့သမျှစကားများတွင်လည်း ဆွဲယူပြောဆိုစရာ စကားစမျှ မထွက်လေရကား တိုက်ရိုက်တဲ့ထိုးပင် မေးမြန်းပြောဆိုရလေတော့၏။
“ဒါနဲ့ ကိုထွန်းမြင့်ရေ…။ ကျွန်တော် ဒီလာရင်းနဲ့ မနက်က လမ်းမှာ မောင်ဇော်ဆိုတဲ့ကောင်လေးနဲ့ ဆုံမိသဗျ…..”
“သိတယ်လေဗျာ…။ အဲဒီမောင်ဇော်က ခင်ဗျားပဲ အရင်တုန်းက မိတ်ဆက်ပေးထားလို့ လိုအပ်ရာရာလေးတွေ ခေါ်ခေါ်ခိုင်းဖြစ်ခဲ့တယ်ဗျ…..”
“အခုကျတော့ သူ့ပုံက တော်တော်ကို နွမ်းပါး ဆင်းရဲနေပုံရတယ်နော်…..”
“အေးဗျာ…၊ ခင်ဗျားနဲ့တွေ့ပြီးမှတော့ သူ ကျွန်တော့်ဆီက ချေးယူတဲ့ငွေတွေကြောင့် ကျိန်စာသင့်နေတယ်တို့ဘာတို့ ပြောလိုက်မှာပေါ့…….”
“အမှန်ပဲ ကိုထွန်းမြင့်ရဲ့ ….။ အဲသည်အကြောင်းလေးလဲ မေးမြန်းချင်သေးတယ်ဗျာ….။ သူက ခင်ဗျားပိုက်ဆံ ငါးသိန်းကို ချေးယူပြီး ပြန်မဆပ်မိလို့ ကျိန်စာတွေသင့်ပြီး ဒုက္ခရောက်နေတယ် ဆိုပါလားဗျ…….။”
“အင်း……..
ဒုက္ခတွေရောက်တယ်ဆိုတာ မှန်ပါတယ်။ ကျွန်တော်လဲ သူ့အကြောင်းမပြတ်ကြားနေရတာပါ
ကျိန်စာသင့်တယ် ဆိုတာလဲ တနည်းအားဖြင့်တော့ ဟုတ်ပါပေတယ်…။
ဒါပေမယ့် အဲသည်ပိုက်ဆံက ကျွန်တော့်ပိုက်ဆံတော့ မဟုတ်ဘူးဗျ…..။”
“ဘယ်လို…ဘယ်လို….။ အဆန်းပါလားဗျာ…။ အဲသည်ငွေက ခင်ဗျားပိုင်မဟုတ်ဘူးဆိုတော့ သူများဆီက ယူပေးလိုက်တာလား…။”
“အဲ…… ။ ကျွန်တော့်ပိုက်ဆံမဟုတ်လေတော့ သူများပိုက်ဆံလို့ပဲ လွယ်လွယ်ခေါ်လိုက်ပါတော့…”
“အဲဒီတော့ အဲသည်ငွေကို မောင်ဇော်က ပြန်မဆပ်တော့ ခင်ဗျားက ကျိန်စာတိုက်တယ်လို့ ဆိုတာကရော………..”
“ပေါက်ပေါက်ရှာရှာ ကိုသိန်းအောင်ရယ်။ ကျွန်တော်က သူတပါးအပေါ်မှာ အဲသလိုမျိုးလုပ်မယ့် လူမျိုးလားဗျာ….။ ပြီးတော့ ကျိန်စာဆိုတာ တိုက်ချင်သလိုတိုက်လို့ရတာမျိုးကော ဟုတ်ရဲ့လား….။”
“ဒါပေမယ့် အဲသည်ငွေကို ပြန်မဆပ်တော့ကတည်းက သူ့မှာဒုက္ခပေါင်းစုံ မကြုံစဖူးကြုံရတယ်လို့ ဆိုတာကိုး ကိုထွန်းမြင့်ရဲ့….။ အဲဒါက ကျိန်စာသင့်တာ မဟုတ်ဘူးလား…..”
“အင်း…………………………………………….
အဲဒါက ကျိန်စာသင့်တာလို့တော့ ပြောချင်လဲ ပြောနိုင်ပါရဲ့ဗျာ။”
“ခင်ဗျားပြောတာတွေ ကျွန်တော်တော့ နားမလည်တော့ဘူး ကိုထွန်းမြင့်ရေ……..”
“ဘယ်နားလည်မလဲဗျာ..။ ခင်ဗျားက တစ်စစီကောက်ပြီးမေးနေတော့တာကိုး…။ ကျွန်တော်ပဲ လိပ်ပတ်လည်အောင် အစအဆုံးပြောပြပါ့မယ်……”
ဤသို့ဖြင့် ကိုထွန်းမြင့်သည် လဘက်ရည်ကြမ်းခွက်များကို ထပ်ဖြည့်ပြန်၏။ ကျွန်ုပ်သည်လည်း ဘင်ဆင်စီးကရက်တစ်လိပ်ကို ထပ်ညှိပြန်၍ သူပြောသမျှကို ကျကျနနနားထောင်ရန် ပြင်ဆင်ရပါတော့သည်။
“…….
ဒီလို ကိုသိန်းအောင်ရေ…….
လွန်ခဲ့တဲ့သုံးနှစ်ကျော်လောက်က ဒီသူငယ်လေးကို အိမ်မှာရှိတဲ့ လုပ်စရာလေးတွေလုပ်ပေးဖို့ ငါးရက်ခြောက်ရက်လောက် ခေါ်ခိုင်းဘူးသဗျ……..။
သူအလုပ်နားတဲ့အချိန်တွေမှာ စကားစပ်မိရင်း သူ့မိသားစုနဲ့ သူ့အကြောင်းသိလာရတယ်……
သူက ရိုးရိုးသားသားနဲ့ လက်ကျောတင်းအောင် အလုပ်လုပ်သလောက် ရည်မှန်းချက်ကလေးလဲရှိတယ်….. တိုးတက်ချင်စိတ်ကလေးလဲရှိတယ်….. သူတို့လို လူစားတွေထဲမှာတော့ အလားအလာရှိတဲ့သူငယ်တစ်ယောက်ဖြစ်နေတော့တယ်…။
ဒီနေရာမှာ စကားဖြတ်ပြီးပြောရရင် ကျွန်တော်ဟာ အရင်ခပ်ငယ်ငယ်လောက်ကတည်းက ငွေကို နှမြောနှမည်ဖြစ်တတ်လွန်းလို့ ကိုယ်နဲ့ခွာထားတတ်တယ်။ သုံးဖို့ကသတ်သတ်၊ ရင်းဖို့ကသတ်သတ်၊ အရေးပေါ်အတွက် သိမ်းဖို့ကသတ်သတ်၊ လှူဖို့ကသတ်သတ်၊ အကူအညီရထိုက်သူတွေကို ကူညီနိုင်ဖို့က သတ်သတ်ဆိုပြီးတော့ပေါ့…။”
“ကူညီတယ်ဆိုတာလဲ လှူတာပဲ မဟုတ်လားဗျာ….”
“မတူဘူးဗျ……။
လှူတယ်ဆိုတာက ဒါနကုသိုလ်ပြုတာ။ အဲသည်မှာ စွန့်လွှတ်လှူဒါန်းမှု့က အဓိက…ဗျ။
ကူတယ် ဆိုတာကတော့ သူတပါးအကျိုးကို ဆောင်တာ…..။ အဲသည်မှာက သူတပါးအကျိုးဖြစ်ထွန်းစေဖို့က အဓိကပဲ….”
“ဒါပေမယ့် လှူတယ်ဆိုတဲ့ စကားလုံးကလေးကတော့ ပိုပြီးခန့်ညားပါသဗျာ….”
“ခက်ပါလား ကိုသိန်းအောင်ရယ်။
စကားလုံးခန့်ညားဖို့က လိုရင်းမဟုတ်ပါဘူးဗျာ။ ကိုယ်ရည်ရွယ်တဲ့အတိုင်း ဖြစ်မြောက်ဖို့က လိုရင်းပါ….။
ခုနကစကားကို ပြန်ဆက်ရရင်-
ကျွန်တော့်မှာ လိုအပ်ရာရာကို ကူညီနိုင်ဖို့ အဆင်ပြေတဲ့အချိန်တွေမှာ ငွေကလေးနဲနဲစီ ဖဲ့ဖဲ့စုထားရင်း ရံပုံငွေကလေး တစ်ခုလိုဖြစ်လာတယ်။ အဲဒါလေးနဲ့ ပေးတန်ပေး ချေးတန်ချေး။ ကိုယ်နိုင်သမျှ လုပ်နေလေ့ရှိတယ်ပေါ့…။”
“ခင်ဗျားဆိုလိုတာက မောင်ဇော်ကို အဲဒီငွေထဲက ချေးလိုက်တယ်ဆိုပါတော့…။ အဲဒါလဲ ခင်ဗျားစုထားတဲ့ ခင်ဗျားပိုင်ငွေပဲလေဗျာ…….”
“မဟုတ်သေးဘူး ကိုသိန်းအောင်ရဲ့…။ ကျွန်တော်က ကိုယ်နိုင်သလောက် ပိုက်ဆံလေးကို အကူအညီရထိုက်သူကို ကူညီဖို့ ခွဲထားပြီးကတည်းက အဲဒါ ကျွန်တော့်ငွေ မဟုတ်တော့ပါဘူး…။ ဘယ်သူ့ငွေလဲလို့ စစ်စစ်ပေါက်ပေါက် တွေးကြည့်ရင် အဲဒါ အကူအညီရထိုက်သူတွေရဲ့ ငွေတွေပါပဲ။ ကျွန်တော်က စာရင်းကိုင်သက်သက်ပါပဲ…..။”
“အင်း….. ခင်ဗျားပြောမှပဲ ကြားဖူးတော့သဗျာ….။ ကဲ…. ကဲ…. အဲဒါထားပါတော့….။ မောင်ဇော်ကို ငွေချေးဖြစ်ပုံလေးဆက်ပါဦး…….။”
“အဲသလို မောင်ဇော်နဲ့ စကားပြောဖြစ်ရင်းနဲ့ သူ့မှာ စိတ်ကူးကောင်းလေးတစ်ခုရှိနေတာသိရတယ်။ သူက လူချစ်လူခင်များသူပီပီ ဒီမြို့ထဲက ဆိုင်ကယ်ဝပ်ရှော့နဲ့လဲ ရင်းနှီးနေတော့-
ဆိုင်ကယ်ပြင်တာလေး အဲသည်မှာနဲနဲသင်-
သူ့ရွာထိပ်တာဘေးမှာ တဲလေးထိုးပြီး ဖြတ်သွားဖြတ်လာ စက်ဘီး ဆိုင်ကယ်လေးတွေကို လေထိုး ဘီးဖါ ဆီဖြည့် ဆီလဲ လေးတွေလုပ်ပေး။ အအေးကဒ်လေးချပြီးရောင်း။ မုန့်စုံတွဲလေးတွေပါချိတ်။ ဆေးလိပ်၊ကွမ်းယာဗန်းလေးပါထား။ သူ့မိန်းမကိုလဲ အမြဲထိုင်ခိုင်း ငွေကိုင်ခိုင်းပြီး သူ့သားလေးလဲ ရွာထဲကကျောင်းမှာ အတည်တကျထား……
အဲသလိုမျိုး ဖြစ်ချင်လွန်းလို့ စိတ်ကူးနဲ့ ရူးနေတာဗျ….”
“ဒီကောင်လေးအကြံ ကောင်းသားပဲဗျ….။ ဒီလိုသာလုပ်နိုင်ရင် သူ့မိသားစုရဲ့ ဘဝ တစ်မျိုးတစ်မည်တောင် ပြောင်းသွားနိုင်လောက်တယ် ကိုထွန်းမြင့်ရေ……”
“ပိုပြီး အခန့်သင့်တာကတော့ သူ့ရွာက တခြားရွာ ခြောက်ရွာလောက်က ဒီမြို့ပေါ်လာဖို့ လမ်းခုလပ်လိုဖြစ်နေတယ်….။ တကယ်ကို အခြေအနေကောင်းပေါ့ဗျာ….။ ဒါနဲ့ အဲဒါတွေလုပ်ဖို့ ဘယ်လောက်ကုန်ကျရင်းနှီးရမလဲဆိုတာ သူ့ကိုလဲမေး၊ ကိုယ်တိုင်လဲစုံစမ်းပြီးတွက်ချက်ကြည့်တော့ ငါးသိန်းလောက်လိုအပ်မယ်လို့ ပေါ်လာတယ်။ သူကံဆိုးတယ်ပဲပြောရမလား ကံကောင်းတယ်ပဲပြောရမလားတော့မသိဘူး….၊ အဲဒီအချိန်မှာ ကျွန်တော့်ရဲ့ ကူညီရေးရံပုံငွေကလေးကလဲ ချေးထားတာလေးတွေပြန်ရတော့ စုစုပေါင်း ငါးသိန်းလောက်ရှိနေတယ်ဗျာ….”
“ဒါပေမယ့် ကိုထွန်းမြင့်ရယ်..။ ကျွန်တော်ဘဝင်မကျတာလေးက –
ပထမတစ်ချက် ကတော့ သူတို့က လင်မယားနှစ်ယောက်လုပ်အားနဲ့ ဝဝလင်လင် စားနိုင်နေတာပဲ၊ ဒါ့ထက်ပိုနွမ်းပါးတဲ့သူတွေကို ကူညီသင့်တယ်မဟုတ်လား….”
“ကိုသိန်းအောင်ရေ… အဲသည်နေရာမှာတော့ ခင်ဗျားနဲ့ကျွန်တော် အမြင်မတူပေဘူးဗျ…။ ကျွန်တော့်ခံယူချက်ကတော့ ရေလောင်းချင်းလောင်းရင် ရှင်သန်ပွင့်ဖူးမယ့်အပင်ကိုပဲလောင်းမယ်ဗျာ..။”
“ဘယ်လို….။ အဲဒါလေး ရှင်းပါဦး….။”
“ဒီလိုဗျာ….။ ခင်ဗျား ဥယျာဉ်တစ်ခု စိုက်ပါပြီတဲ့ ……..။ ခင်ဗျားမှာ ရေက အကန့်အသတ်နဲ့ပဲရှိတယ်။ အားလုံးလိုသလောက် မလောင်းနိုင်ဘူးဆိုပါတော့…။ ခင်ဗျား ဘယ်လိုအပင်ကို ရေလောင်းမလဲ…….။ ရေရသည်ဖြစ်စေ မရသည်ဖြစ်စေ ကြုံလှီသေဆုံးသွားမယ့်အပင်မျိုးကိုလောင်းမလား…. ရေရရင် ရှင်သန်ကြီးထွားလာနိုင်မယ့်အပင်မျိုးကိုလောင်းမလား……”
“ဟာ…. ခင်ဗျားဥပမာအရဆိုရင် – ခင်ဗျားကူညီတယ်ဆိုတာက လူတွေကို သနားလို့ကူညီတာမှမဟုတ်ပဲ……”
“အဲ…ဟုတ်ပါပေသဗျို့ …..။
ကျွန်တော်က လူတွေကိုသနားဖို့နေနေသာသာ ၊ လူတွေကတောင် ကျွန်တော့်ကို ပြန်သနားရဦးမယ်။ ကျွန်တော့်မှာလဲ ကိုယ့်ဒုက္ခနဲ့ ကိုယ့်အကျပ်အတည်းနဲ့ကိုယ်ပါဗျာ…။ အဆင်ပြေ ချမ်းသာနေလို့ ပေးကမ်းစွန့်ကျဲဖို့လုပ်နေတာမဟုတ်ပါဘူး…။ ကိုယ့်ခံယူချက်နဲ့ကိုယ် လူတစ်ယောက်လုပ်စရာကို နိုင်သလောက်ကလေး လုပ်တာပဲ ရှိတာပါ…..”
“ကောင်းပါပြီ … ကောင်းပါပြီ … ဒါကတော့ ခင်ဗျားအပိုင်းပေါ့လေ…
ဒုတိယ ဘဝင်မကျတာကလေးက –
မောင်ဇော်လို ဘောက်အလုပ်သမားလေးကို ငွေငါးသိန်းတောင် ပစ်စလက်ခတ်ချေးရမလားဗျာ..။
ဥပမာ ငါးသောင်း တစ်သိန်း ဆိုရင်တောင် တော်တော်များနေပြီမဟုတ်လား……”
“နေဦးလေ… ကိုသိန်းအောင်ရဲ့….
အဲသည်အချိန်မှာ မောင်ဇော်က ဘောက်အလုပ်သမားကလေးသက်သက် မဟုတ်တော့ဘူးလေ။ သူ့မှာ ဖြစ်နိုင်ခြေရှိတဲ့ business plan ရှိနေပြီလေ။ သူက ဆိုင်ရှင်လောင်း ဖြစ်သွားပြီလေဗျာ….”
“ဒါပေမယ့် ကိုထွန်းမြင့်ရယ်…..
ခင်ဗျားငွေငါးသိန်းကို တစ်နှစ်အတွင်းဆပ်ဖို့ဆိုတာကတော့ ဖြစ်နိုင်ခြေ ရှိပါ့မလားဗျာ….”
“တစ်နှစ်ဆိုတာမှာ ဆိုင်ကယ်ဝပ်ရှော့မှာ အလုပ်သင်ဖို့နဲ့ မိတ်ရှာဖို့က သုံးလဗျ။ နောက်တစ်လက ဆိုင်တည်ဖို့ ပြင်ဆင်ဖို့။ ကျန်တဲ့ရှစ်လမှာ လေးလပဲ အလုပ်ကောင်းစေဦးတော့ အဲသည်ငွေငါးသိန်းကို စားပြီးသောက်ပြီး အေးအေးဆေးဆေး ဆပ်နိုင်ပါသဗျာ…။
တခြားမပြောနဲ့ဦး…. ကွမ်းယာရောင်းတဲ့အမြတ်နဲ့တင် အသာလေးကျေပါတယ် ကိုသိန်းအောင်ရယ်…။”
“အဲဒါက ပြန်ဆပ်ဦးမှကိုးဗျ….ကိုထွန်းမြင့်ရဲ့….”
“အဲ….. မဆပ်လဲ နေပေါ့ဗျာ…။ မဆပ်နဲ့ပေါ့….။ သူ့အကြွေးမဆပ်ဖူးဆိုတာ လောကမှာ အဆန်းမှမဟုတ်ပဲ……။ ”
“ခင်ဗျားက အဲသလို သဘောထားနိုင်ရက်နဲ့ ကျိန်စာတိုက်တယ် ဆိုတာမျိုး ဖြစ်ရသလားဗျာ…”
“လုပ်ပြန်ပြီဗျာ….. ဘယ်ကလာ ကျွန်တော်က ကျိန်စာတိုက်ရမှာလဲဗျ….”
“ကျွန်တော်ကလဲ လုံးလုံး မယုံပါဘူး….။ ကျောင်းမှာကတည်းက ခင်ဗျားအကြောင်း သိပြီးသားပါ ကိုထွန်းမြင့်ရယ်….။ ဒါပေမယ့် ကျိန်စာက ခင်ဗျားကမတိုက်ရင် ဘယ်သူကတိုက်တာလဲ…..”
“ဘယ်သူမှ မတိုက်ဖူးဗျို့…….
သူ့အလိုလို ကျိန်စာသင့်နေတာ…
ဘာကျိန်စာလဲလို့ နာမည်လေးများရောသိချင်သေးလား…………”
“အလို….
ကျိန်စာမှာ နာမည်ရှိသတဲ့လား……..
ဆိုပါဦးဗျာ….. ဘာကျိန်စာ တဲ့လဲ………..”
ဆက်ပါမည်…………………………….
(ရေးရင်းအလွန်ရှည်လျှားလာပါသဖြင့် စာဖတ်သူတို့ စိတ်မငြိုငြင်စေခြင်းငှာ ၊ ဤတွင်တစ်ပိုင်းရပ်ခွင့်ပြုပါခင်ဗျား… )
မေတ္တာဖြင့်-
ဦးဦးပါလေရာ
13 comments
ဇီဇီ
June 23, 2014 at 6:45 am
Ohhh..
I like the concept and attitude of U Tun Myint.
:s:
alinsett (gazette)
June 23, 2014 at 7:43 am
သူ့အလိုလို သင့်တဲ့ကျိန်စာ
နာမည်တစ်ခုရှိနေတဲ့ကျိန်စာ
. . ,
မြန်မြန်ဆက်ပါဗျို့
kyeemite
June 23, 2014 at 8:51 am
ကိုထွန်းမြင့်ကလည်း လူထူးလူဆန်းတစ်ဦးပေပဲ…သူလိုတွေးခေါ်မဲ့လူကခပ်ရှားရှား
ကျုပ်တော့သဘောကျမိပါရဲ့ဗျာ…နောက်..ကိုယ့်ဟာကို ကူညီဖို့ရည်စူပြီး ဖယ်ထားတဲ့ငွေကို
သူ့ငွေမဟုတ်ဘူးဆိုတာကလည်း ဖယ်ထားကတည်းက သံယောဇဉ် ပြတ်နေတဲ့သဘောပေါ့..
လေးစားစရာပဲ..ဆက်ဖတ်ချင်လို့ မျှော်နေပါဂျောင်းးးးး 🙂
black chaw
June 23, 2014 at 9:13 am
ကိုပါကြီး…။
လောကွတ်လုပ်ပြောတာမဟုတ်ရပါဘူး…။
နောက်ဆုံး ကျိန်စာ နာမည်ကို ပြောခါနီးမှ ဖြတ်ချလိုက်တာဟာ
ကိုးရီးယားဇာတ်လမ်းတွဲတွေလို နောက်တစ်ခန်းဆက်ကြည့်ချင်အောင်
စွဲဆောင်နိုင်ခဲ့ပါတယ်။
ဦးထွန်းမြင့်ရဲ့ ဒိုင်လေးတွေ ကို ခိုက်သဗျာ…။
ဖတ်ရွေးအဖွဲ့မျက်စိကျမှာ မြင်ယောင်မိပါတယ်ဗျာ…။
🙂
ခင် ခ
June 23, 2014 at 10:15 am
သူအလိုလို ဖြစ်တည်တဲ့ကျိန်စာ ဆိုပါလား။
အဲလို ကျန်စာမျိုး မကြားဘူးသေးလို့ စိတ်ဝင်စားနေမှ ဆက်ရန်မျှော်ရပါလား။
မျှော် နေလျှက်ပါဗျ။
ခင် ခ
June 23, 2014 at 10:20 am
သူအလိုလို ဖြစ်တည်တဲ့ကျိန်စာ ဆိုပါလား။
အဲလို ကျိန်စာမျိုး မကြားဘူးသေးလို့ စိတ်ဝင်စားနေမှ ဆက်ရန်မျှော်ရပါလား။
မျှော် နေလျှက်ပါဗျ။
pooch
June 23, 2014 at 2:22 pm
ဦးပါ ရေးဟန် ဆရာကြီး ရွှေဥဒေါင်းနဲ့ ခပ်ဆင်ဆင်လားလို့
ရွှေပါဒေါင်းပေါ့ 😛
Ma Ma
June 23, 2014 at 2:23 pm
စုံထောက်ကြီး ဦးရှံစားရဲ့ လျှို့ဝှက်သည်းဖိုဝတ္ထုဖတ်နေရသလိုပဲ။
စာဖတ်သူရဲ့ သိချင်စိတ်ကို ဆွဲခေါ်သွားတယ်။
ကိုယ့်စကားနဲ့ကိုယ် အကြွေးမကျန်အောင် ဇာတ်လမ်းကို တန်းလန်းကြီးတော့ ထားခဲ့မှာ မဟုတ်လောက်ဘူး။
kai
June 23, 2014 at 3:30 pm
အကုသိုလ်တိုင်းမှာ.. ကျိန်စာရှိတယ်လို့.. ထင်တာပဲ..။
Mr. MarGa
June 23, 2014 at 4:49 pm
ဦးပါ လူဇိုးပဲ
ဘာလဲဆိုတာကျ မပြောဘဲနဲ့ ဖြတ်ချပစ်တယ်
နောက်တစ်ပိုင်း မြန်မြန်ဆက်ပါဗျို့
ဒီအယူအဆလေးတွေကို တကယ် ကြိုက်မိပါ၏
လုံမလေးမွန်မွန်
June 23, 2014 at 5:07 pm
အနော် ဝဋ်လည်ပီ ၊ မြန်မြန်ဆက်ပါနော် ။
အရီးခင်
June 23, 2014 at 8:58 pm
လောဘ ???
အတ္တ ???
တာဝန်မယူတတ်တဲ့စိတ် ???
ဘာတုန်းတော့။ မြန်မြန်ပြော။
:-)))
ဦးဦးပါလေရာ
June 24, 2014 at 10:14 am
တကယ်ဖြစ်ရပ်မှန်လေးကို နဲနဲလေးပဲ ချောအောင်ပြောင်းပြီးရေးတာဗျာ…
တခြားပုံစံနဲ့ ရေးကြည့်သေးတယ် .. မလိုက်လို့ ပေါ့နေတယ်ထင် လို့..
အခုတော့ ခေတ်ဟောင်းလေသံပုံစံကြီးကို သည်းခံဖတ်ကြသူများကို ကျေးဇူးတင်လှပါသဗျာ…..
😀