ပုလင်းနက် နှစ်လုံး – အပိုင်း(၁)
ရမ်မာပို တောင်တန်းက ဝမ်းနည်း ငြီးငွေ့စရာ ဒယ်ဘာဂျန်ရွာကလေးမှာရှိတဲ့ ရွာခံနည်းနည်းတွေထဲက
တစ်ချို့ပဲ ကျွန်တော့်ဦးလေး အဘိုးကြီး ဒေါမနီ ဗန်ဒါဟုဖ် တကယ်သေရှာပြီလို့ ယုံကြတယ်။ တစ်ချို့က
တော့ ဘုရားကျောင်းစောင့် အဘိုးကြီးရဲ့ ကျိန်စာကြောင့် ကောင်းကင်ဘုံနဲ့ငရဲကြားမှာ ဟိုမရောက် ဒီမ
ရောက် ဖြစ်နေတယ်လို့ ထင်ကြတာ..။ ဒီ မှော်ဆရာအိုကြီးကြောင့်သာ မဟုတ်ရင် မြက်ရိုင်းပင်တွေ ဟို
တဖက်နားက စွတ်စိုထိုင်းမှိုင်းတဲ့ သူ့ ဘုရားကျောင်းအိုကလေးမှာ တရားတွေ ဟောနေဦးမှာတဲ့။
ဒယ်ဘာဂျန်ရွာ မှာ ကျွန်တော် တွေ့ကြုံဖြစ်ပျက်ပြီးတာတွေနောက်မှာ ဒီရွာသားတွေရဲ့ အထင်အမြင်
တွေကိုလည်း ဝေမျှနိုင်ဦးမှာပါ။ ဦးလေး သေမသေ ကျွန်တော် မသေချာပေမဲ့ ဟောဒီ ကမ္ဘာပေါ်မှာ
အသက်နဲ့ ခန္ဓာတွဲလျက် မရှိတာတော့ သေချာတယ်။ ဘုရားကျောင်းစောင့် အဘိုးကြီးက သူ့ကို မြေမြှုပ်
လိုက်မှာသံသယ မရှိပါဘူး။ ကျွန်တော် အခုဒီစာရေးနေတုန်းတောင် သူနောက်က ရပ်နေသလိုမျိုး
ခံစားမိတယ်ဗျာ။ လွန်လေပြီးတဲ့ နှစ်ပေါင်းများစွာက ဒယ်ဘာဂျန်မှာ ဖြစ်ခဲ့တဲ့ အဖြစ်မှန်တွေကို ပြန်
ပြောဖို့ ကျွန်တော့်ကို တိုက်တွန်းနေသလိုမျိုး။
=========================================================================
သမ္ဗာန်စာရလို့ ဒယ်ဘာဂျန်ကို ရောက်တော့ အောက်တိုဘာလ လေးရက်နေ့ဗျ။ စာကတော့ ဦးလေး
ဘုရားကျောင်းကို အမြဲလာတဲ့ အဖွဲ့ထဲက တစ်ယောက် ပို့တာ။ စာထဲမှာ ဦးလေးဆုံး သွားလို့ သူ့မှာ
ရှိတဲ့ မြေကလေးနည်းနည်း ကို တစ်ဦးထဲသော ဆွေမျိုးဖြစ်တဲ့ ကျွန်တော်က ဆက်ခံဖို့ပါပဲ။
အပြင်လောကနဲ့ အဆက်ပြတ်နေသလို ဖြစ်နေတဲ့ ဒီရွာကလေးကို ရထားအတန်တန် ပြောင်းစီး
လို့ ရောက်တဲ့အခါမှာ ကျွန်တော့်ကို စာရေးအကြောင်းကြားတဲ့ ကုန်စုံဆိုင်ပိုင်ရှင် မာ့ခ်ဟိန်းစ် နဲ့
တွေ့ပါတယ်။ သူက လေကောင်းကောင်းမဝင်တဲ့ နောက်ခန်းကလေးထဲ ခေါ်သွားပြီးတော့
ကျွန်တော့် ဦးလေး အသေဆန်းတဲ့ ပုံပြင်ကိုပြောပြပါရော။
“မင်း သတိထားနော် ဟော့ဖ်မန်း..” ဟိန်းစ် က ကျွန်တော့်ကို ပြောတယ်။
“အဲဒီ ကျောင်းစောင့် အဘိုးကြီး အေဘယ် ဖော်စတာ နဲ့တွေ့ရင် ပြောတာ..ဟုတ်လား..၊
ဒီလူကြီးက မိစာ္ဆတွေနဲ့ တစ်ဂိုဏ်းထဲသားဗျ…။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ဆမ်ပရိုင်ယာ ဆိုတဲ့ကောင်
သချင်္ု ိင်းမြေဟောင်းကို ဖြတ်သွားတော့ အဲဒီအဘိုးကြီးလေ..သေပြီးသူတွေနဲ့ ပြောဆိုနေသံကြားရသတဲ့။
အေး..ဟုတ်တယ်..သူ..အဲဒီလို ဘယ်ပြောသင့်မလဲ…အဲ..ဒါပေမဲ့ ဆမ်က ကျိန်ပြောတယ်..။ သူတကယ်
ကို ကြားတာတဲ့။ အဘိုးကြီး ပြောတာကို ပြန်ဖြေတဲ့ အသံတောင်ကြားရသေးသတဲ့။ အသံက မပီမပြင်
နဲ့။ မြေအောက်က လာသလိုလို၊ လှိုဏ်ထဲက ထွက်လာသလိုလို အသံမျိုးတဲ့ဟ။ ဒါမျိုးက တခြားသူ
တွေလည်း မင်းကို ပြောပြနိုင်ပါမှာကွာ..။ အရင်ကိုယ်တော် ဒေါမနီ စလော့ရဲ့ သင်္ချိုင်းရာမှာ သူရပ်
နေတာမျိုး၊ ရေညှိတက်နေတဲ့ အုတ်ဂူကို အဘိုးကြီး ဒေါမနီ ကိုယ်တိုင်လို သဘောထားပြီး စကား
တလှုပ်လှုပ်ပြောနေတာမျိုး၊ အဲဒါမျိုး မြင်တဲ့သူတွေ အများသားကလား။”
ဟိန်းစ် ပြောတာကတော့ အဲဒီအဘိုးကြီး ဖော်စတာ ဒီရွာကို ရောက်လာတာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်
ကတဲ့။ချက်ချင်းလိုပဲ ဗန်ဒါဟုဖ် နဲ့ချိတ်မိပြီး ဘုရားကျောင်းကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ခန့်လိုက်တယ်ဆိုတယ်။
ဗန်ဒါဟုဖ်က လွဲလို့ ကျန်တဲ့သူတွေကတော့ သူ့ကို သဘောမတွေ့လှဘူး။ သူအနားမှာ ရှိနေရင်ကို ကျောစိမ့်
သလိုလို ဘာလိုလိုနဲ့ ခံစားရတာ။ တစ်ခါတလေ ဘုရားကျောင်းတံခါးဝမှာ မတ်တပ်ကလေးရပ်လို့ ဝတ်ပြုလာ
တဲ့သူတွေကို ခေါင်းလေးတညွှတ်ညွှတ်နဲ့ လေးလေးစားစား နှိမ်နှိမ်ချချ အမူအယာမျိုးပြလို့ ခရီးဦးကြိုတော့ ပြု
တတ်ပါရဲ့။ ယောက်ျားအများကတော့ မသိမသာ အေးစက်စက်ပဲ ပြန် အသိအမှတ်ပြုပေးတယ်။ မိန်းမသူတွေ
ကတော့ သူတို့စကတ်ကလေးတွေ တမမနဲ့ အဘိုးကြီးနဲ့ ဝေးရာ ရှားကြတော့တာ။ သူတို့ကို အဘိုးကြီး ထိမှာ
ကိုင်မှာစိုးလို့လေ။ တချို့ရက်တွေဆို သင်္ချိုင်းမြေမှာ မြက်ရှင်းနေတာမျိုး၊ အုတ်ဂူတွေနားက ပန်းပင်ကလေး
တွေကို ပေါင်းသင်ရေလောင်းနေတာမျိုးတွေ သူလုပ်နေတာ မြင်ကြရတာပဲ။ အခုကတော့ သူ့ဘာသာ တစ်
ယောက်တည်း ပွစိပွစိ ရေရွတ်ပြောဆိုနေတာပဲ တွေ့ကြတော့တာ။ တော်တော်များများ သတိထားမိတာ
တစ်ခုက ပုံမှန်ဂရုတစိုက်လုပ်နေကျ ဖြစ်တဲ့ ဂူလီယမ်စလော့ရဲ့ အုတ်ဂူကို ဂရုမစိုက်တော့တာပဲ။
ဂူလီယမ် စလော့ဆိုတာ ဒီကျောင်းရဲ့ ပထမဆုံးကိုယ်တော်။ ဟိုး..၁၇၀၁ ခုနှစ်ကပေါ့။
အဘိုးကြီး ဖော်စတာ ရွာခံတစ်ယောက်လို အသားကျပြီး သိပ်မကြာပါဘူး။ ကံဆိုးမိုးမှောင်မှုတွေက ဟောဒီ
ဒယ်ဘာဂျန်ရွာလေးပေါ်ကို စပြီး နိမ့်ဆင်းအိကျ လာတော့တာ။ ပထမဖြစ်တာက တောင်ပေါ်က မိုင်းတွင်း
ရပ်သွားတာပဲ။သံကြောပြတ်သွားတာလား မထွက်တော့တာလား မသိဘူး။ အဲဒီမိုင်းတွင်းမှာက ဒီက လူ
အတော်များများ လုပ်နေကြတာလေ။ ဆိုတော့ အဲဒီအလုပ်သမားတွေလည်း ရေကြည်ရာ မြက်နုရာ ထွက်
သွားကြတော့တာပေါ့။ တစ်ချို့ကျ ဒီမှာ မြေနေရာ ကျယ်ကျယ် ပိုင်ထားလေတော့ စိုက်လို့ပျိုးလို့ ဖြစ်မယ့်
နေရာလေးရွေးပြီး လယ်ကလေး ယာကလေး လုပ်ဖို့ အသည်းအသန် ကြိုးပမ်းကြရှာတာ။ ကျောက်တုံး
တွေ ပေါတဲ့ တောင်စောင်းဘေးမှာ မဖြစ်ညစ်ကျယ်ကလေးနဲ့ အသက်မွေးဖို့ ရုန်းကန်ကြပေါ့။
အဲ..နောက်တစ်ခုကတော့ ဘုရားကျောင်းကို ရိုက်ခတ်လာတဲ့ ကိစ္စပဲ။ တိုးတိုးတိတ်တိတ် ပြောကြ
တာကတော့ ကိုယ်တော် ဂျိုဟန်းစ် ဗန်ဒါဟုဖ်က မိစာ္ဆမကောင်းဆိုးဝါးတွေနဲ့ အပေးအယူလုပ်တယ်
ဆိုလားပဲဗျ။ မိစာ္ဆဒိဋ္ဌိ တွေအကြောင်း ဘုရားသခင်အိမ်တော်နဲ့တူတဲ့ ဘုရားကျောင်းထဲမှာ ဟော
တာ ပြောတာတွေ လုပ်လာတယ်။ သူဟောတာတွေကလည်း ထူးထူးဆန်းဆန်း နဲ့ ပေါက်ပန်းဈေး
တွေပဲ။ ဒီကလူတွေလည်း ခပ်ပိန်းပိန်းဆိုတော့ သိပ်တော့ နားမလည်ဘူးရယ်။ အလယ်ခေတ်တုန်း
က အကြောက်တရား နဲ့ မနှစ်မြို့စရာဒေသတွေက အယူသီးတဲ့ အကြောင်းတွေ၊ မမြင်ရတဲ့ ဝိဉာဉ်
တွေ၊ ပြီးတော့ ညအခါ ခြောက်လှန့်တတ်ကြတဲ့ မကောင်းဆိုးဝါး တစ္ဆေသရဲတွေအကြောင်း ထင်
မြင်စဉ်းစားကြတဲ့ လူတွေအကြောင်း..အဲဒါမျိုးတွေပြောဟောပြီး လူတွေကို အမှောင်ခေတ်ထဲ ပြန်
ဆွဲခေါ်သွားတာ။ အဲဒီလိုတွေ လျှောက်ပြောနေတာနဲ့ တစ်ယောက်ပြီး တစ်ယောက် ဆိုသလို ဘုရား
ကျောင်းကို မလာတော့တာ တစ်ယောက်မှ မကျန်တဲ့အထိပဲ။ သက်ကြီးဝါကြီးတွေနဲ့ တစ်ချို့ကလည်း
အဲဒီလိုအကြောင်းတွေ မဟောဖို့၊ မပြောဖို့ ကိုယ်တော် ဗန်ဒါဟုဖ်ကို ဖျောင်းဖျကြပါတယ်။ သူက
တော့ နောက် မပြောတော့ပါဘူး၊ မဟောတော့ပါဘူး အတွင်တွင်တော့ ကတိပေးသတဲ့။ နို့ပေမဲ့
အင်အားကြီးတဲ့ စွမ်းအင်တစ်ခုခုက သူ့ကို ညှို့စွဲထားပြီး အတင်းဓမ္မ ဟောခိုင်းထားသလိုမျိုး
ဖြစ်ပုံရတာပဲ။
ကျွန်တော့် ဦးလေး ဗန်ဒါဟုဖ်က လူကောင်ကသာ ခပ်ထွားထွား၊ အသည်းက ခပ်ငယ်ငယ်ရယ် ဆိုတာမျိုး။
ကျောင်းက အနှင်ခံရမဲ့ အရေးဖြစ်နေတာတောင် ပေါက်ကရတွေ ထပ်ပြီး ဟောနေတုန်းတဲ့။ တနင်္ဂနွေမနက်
မှာ လက်တစ်ဆုပ်စာလောက် လူအချို့တော့ လာပြီး နားထောင်နေသေးတယ်။သူ့ကိုနှင်မထုတ်သေးတာ
ငွေကြေးချို့တဲ့တာရယ်၊ ကျောင်းထိုင်မဲ့ ကိုယ်တော်ရှာဖို့ခက်တာရယ်ကြောင့် ပဲ ဖြစ်မယ်ထင်တယ်။ မကြာပါဘူး၊
နောက်လာပြီး နားထောင်မဲ့သူ တစ်ယောက်မှကို မရှိတော့တာ။ ကျောင်းနားတောင် ကပ်ရဲတဲ့သူ မရှိတော့ဘူး။
ဗန်ဒါဟုဖ် ကိုယ်တိုင်ကိုက မကောင်းဆိုးဝါးတွေနဲ့ အသင်းအပင်းဖြစ်နေပုံရတယ်တဲ့။
မာ့ခ်ဟိန်းစ်က ဆက်ပြောတာက အဲဒီလိုနဲ့ ကျွန်တော့်ဦးလေး ဗန်ဒါဟုဖ်လည်း သူ့အခန်းလေးထဲမှာ ဆက်နေသတဲ့။
ဘာလို့လည်း ဆိုတော့ ဘယ်သူမှ သူ့ကိုထွက်သွားဖို့ မပြောရဲကြလို့လေ။ သူ့လည်း ဘယ်သူမှ မတွေ့ကြတော့ဘူး။
ဒါပေမဲ့ ညညဆို သူ့အခန်းလေးထဲမှာ မီးရောင်ကလေးတော့ တွေ့တွေ့နေကြရတာပဲတဲ့။ ပြောကြတာကတော့
တနင်္ဂနွေနေ့ဆို ထုံးစံအတိုင်းတရားဟောမြဲ ဟောနေတယ်ဆိုပဲ။ ဘယ်သူမှ နားထောင်မဲ့သူ ရှိရှိ မရှိရှိလေ။ အဲ..
တစ်ယောက်တော့ ရှိတာပေါ့။ ကျောင်းစောင့် အဘိုးကြီး ဖော်စတာလေ။ သူနေတာက ကျောင်းမြေအောက်ခန်း
ထဲမှာ။ တစ်ပတ်တစ်ခါတော့ အဲဒီလူကြီး ရွာထဲဆင်းလာပြီး ဝယ်တာခြမ်းတာတော့ လုပ်တတ်တယ်။ မျက်နှာ နဲ့
အမူအယာကတော့ အရင်လို ဘယ်ဟုတ်ပါလိမ့်မတုန်း။ အေးစက်စက် နဲ့ အသက်မဲ့နေတဲ့ မကောင်းဆိုးဝါးကြီး
လိုပဲ။ ဝယ်တာ ခြမ်းတာ မှာပဲ လိုအပ်သလောက် ပြောတာ။ ဘယ်သူ့မှ စကားမပြောဘူး။ မျက်လုံးသေကြီးတွေ
က တောင်ကြည့် မြောက်ကြည့် ၊ တုတ်ချောင်းကို တတောက်တောက် ထောက်လို့ တုန်တုန်ယင်ယင် နဲ့လမ်း
လျှောက်လာတာများမြင်ရင် အကုန်ဝေးရာပြေးကြတော့တာ။ ဒီကလူတွေ ပြောကြပြန်တာက ဗန်ဒါဟုဖ်
တစ်ယောက်ဖြင့် မကောင်းဆိုးဝါးကို ဆရာတင်လိုက်ပြီတဲ့။ ဒါတွေ အားလုံးရဲ့ လက်ညည် တရားခံက
အဲဒီအဘိုးကြီး ဖော်စတာလို့ အကုန်လုံး တညီတည်းလက်ခံထားပေမဲ့ ဘယ်သူမှ သူ့ကို လက်ညှိုးက
လေးနဲ့တောင် လှမ်းမထိုးဝံ့ဘူး။ လက်ညှိုးထိုးဖို့ နေနေသာသာ အနားတောင် မကြေက်မရွံ့ ဘယ်သူမှ
ကပ်ရဲတာမှ မဟုတ်တာ။
အဘိုးကြီးတင်မကဘူး ကိုယ်တော် ဗန်ဒါဟုဖ် နာမည်တောင် ဘယ်သူမှ ကျယ်ကျယ်မပြောဝံ့တော့ဘူး။ မြက်ရိုင်း
တော ဟိုတစ်ဖက်က ဘုရားကျောင်း အကြောင်းကို ပြောကြတော့မယ်ဆို လူတွေမှာ ကျီးကြည့်ကြောင်ကြည့်နဲ့
တိုးတိုးကလေး ပြောဝံ့တယ်။ ဘယ် ချောင် ဘယ်ကြားက မကောင်းဆိုးဝါးကများ သူတို့ပြောတာ ချောင်းပြီး နား
ထောင်လေမလဲ ဆိုပြီး တထိတ်ထိတ်နဲ့ပေါ့လေ။
ကျောင်း ပရဝုဏ်ကတော့ အရင်အတိုင်း စိမ်းစိမ်းစိုစို သပ်သပ်ရပ်ရပ်ပဲ။ အုတ်ဂူတွေနားက ပန်းပင်ကလေးတွေက
လည်း မကြာခဏ ရေလောင်းပေါင်းသင်ထားသလို ငွားငွားစွင့်စွင့် ရှိသတဲ့။ လခဆက်ပြီး မပေးတာတောင် အဲဒီ
ကျောင်းစောင့် အဘိုးကြီး အလုပ်လုပ်နေတာ တွေ့ကြရတာ။ တစ်ချို့ရဲတဲ့လူများ အနားထိအောင် သွားချောင်း
ကြတာဖြင့် ဒီအဘိုးကြီးက သင်္ချိုင်းမြေက သရဲတစေ ္ဆတွေ နဲ့ စကားပြောနေတာတောင် ဝိုးတိုးဝါးတား ကြားကြ
ရတာပဲတဲ့လေ။
တစ်မနက်တော့ အဘိုးကြီး ဖော်စတာတစ်ယောက် တွင်းတစ်တွင်းတူးနေတာ တွေ့ကြပါရော။ ဘယ်နေရာလည်း
ဆိုတော့ နေ့လည်အခါမှာ ဘုရားကျောင်းရဲ့ အမိုးချွန် အရိပ်ကျတဲ့ နေရာတည့်တည့်ပဲတဲ့။ တောင်စွယ် နေကွယ်လု
အချိန်၊ ညနေရီ ဆည်းဆာအောက်က ဒယ်ဘာဂျန်ရွာကလေးဟာ မကြားရတာ ကြာပြီ ဖြစ်တဲ့ ဘုရားကျောင်းက
ခေါင်းလောင်းသံကို ကြားကြရပါတော့တယ်။ ကြေကွဲစရာ ခေါင်းလောင်းသံက နာရီဝက်လောက် ဆက်ပြီးကြား
နေရသတဲ့။ ခပ်လှမ်းလှမ်းက စောင့်ကြည့်တဲ့သူတွေ ပြောတာကတော့ နေလည်းဝင်ရော အဘိုးကြီး ဖော်စတာ
တစ်ယောက် အခေါင်းတစ်လုံးကို လှည်းကလေးထဲထည့်လို့ တွန်းလာတာ တွေ့ကြရသတဲ့။ ပြီးတော့ တွင်းထဲ
ထည့်ပြီး မြေဖို့လိုက်တော့တာပဲ။
နောက်တစ်နေ့ မနက်ကျတော့ ကျောင်းစောင့်ကြီး ရွာထဲဆင်းလာတယ်။ ပုံမှန် ရွာထဲလာနေကျရက် တော့
မဟုတ်ဘူးပေါ့။ သူ စကားပြောချင်ပုံရတယ်။ ဘာလဲဆိုတော့ ကိုယ်တော် ဗန်ဒါဟုဖ် တစ်ယောက်ဖြင့် မနေ့က
ပျံလွန်ပြီတဲ့။ အဲဒါသူ အရင်ကိုယ်တော် စလော့ရဲ့ ဘေးမယ် သင်္ဂြ ိုဟ်လိုက်ပါတယ်တဲ့။ သူက ခဏ ခဏပြုံး
တယ်။ ပြီးတော့ ကျေနပ်အားရတဲ့ ပုံနဲ့ လက်ဖဝါးနှစ်ဖက်ကို မကြာခဏ ပွတ်နေတော့တာ။ ဗန်ဒါဟုဖ် သေတာ
ကို သူသဘောကျနေတာ အမြင်ကတ်စရာကောင်းလောက်အောင် သိသာနေတာပဲ။ နောက်တော့ ဒီအဘိုးကြီး
ကို ရှေးကထက် ရွံ့ပြီး တတ်နိုင်သမျှ ဝေးဝေးရှောင်ကြတော့ပဲလေ။ ဗန်ဒါဟုဖ် မရှိတော့တဲ့နောက်မှာ ဒီကလူ
တွေ အရင်ကထက် ပိုပြီး မလုံခြုံသလိုခံစားလာကြရတယ်။ ခုဆို သူက လုပ်ချင်ရာ လုပ်လို့ရပြီလေ။ ဘာမှန်း
မသိတဲ့ မန္တာန်တွေနဲ့ ဒီရွာပေါ်ကို ကျိန်စာသင့်အောင် မြက်ရိုင်းပင်တွေ တဖက်က ဘုရားကျောင်းကနေ လှမ်း
ပြီး ပြုစားတော့မှာကိုး။ ဘယ်သူမှ နားမလည်တဲ့စကားတွေကို တတွတ်တွတ်ရွတ်လို့ အဘိုးကြီး ဖော်စတာ
တစ်ယောက် စိမ့်မြေပေါ်ကလမ်းအတိုင်း လျှောက်ပြီး ပြန်သွားတော့တာပဲ။
14 comments
ဇီဇီ
July 3, 2014 at 6:54 pm
ဟယ်။
မတွေ့တာကြာပြီ။
ဟို တရုတ် ဇာတ်လမ်း အဆက် ဆက်ရေးဦးလေ။
😀
ဒီ အခန်းဆက်လည်း ဖြေးဖြေးစောင့်ဖတ်ပြီး မှ မန့်မယ်နော်။
အတော်ရှည်မှာလားးး
🙂
မောင်ဘလိူင်
July 3, 2014 at 8:03 pm
😀 i divided this story into 3 episodes. May be 2. Thanks sis.
Ma Ma
July 3, 2014 at 8:22 pm
မျှော်တုန်း မျှော်ဆဲ ပေါ်လာလို့ ဝမ်းသာအားရ ကြိုဆိုပါတယ် မောင်ဘလှိုင်ရေ။
တစ်ခေါက်တည်း ဖတ်ရုံနဲ့ မကျေနပ်လို့ နောက်ထပ်လာဖတ်ပါအုံးမယ်။ 🙂
black chaw
July 3, 2014 at 8:25 pm
မမြင်ရတာ အတော်တောင် ကြာပြီနော်…ကိုဘလှိုင်လေး။
အစအဆုံးပြီးမှ အေးအေးဆေးဆေး မန့်မယ်ဗျာ။
ပြန်လည်ရောက်ရှိလာတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်ဗျာ။
ဝင့်ပြုံးမြင့်
July 3, 2014 at 11:24 pm
မမြင်ရတာကြာလို့ ဝမ်းသာပါတယ်။ ရွာထဲ လူစုံနေတယ်။ လိုင်းတွေကျနေတာတောင် လူစုံနေတယ်။ ပို့စ်ကို မဖတ်ရသေးဘူး။ နောက်ရက်မှ အေးဆေး ဖတ်တော့မယ်။
ဦးဦးပါလေရာ
July 4, 2014 at 12:18 am
.မောင်ဘလှိုုင် ပြန်ဝင်လာတော့ လက်ရာကောင်း စာကောင်းလေးတွေဖတ်ရတော့မယ်ဆိုပြီး ဝမ်းမြောက်မိပါတယ်…
myatpone nya
July 4, 2014 at 8:52 am
ကိုဘလှိုင် ငယ်ငယ်တုန်းက ဖတ်ရတဲ့ စာအုပ်တစ်အုပ် ကိုဘလှိုင်ရော ဖတ်ရမလားမသိဘူး အဲဒါလေး မေးချင်ပါတယ် တရုတ်ဘာသာပြန်ပါ ` အို့ယံဟိုက် ´ ဆိုတဲ့ တရုတ်စစ်သားလေးရာဇဝင်ရေးထားတာပါ…
ရှိမယ် ဖတ်ဖူးတယ်ဆိုရင် ခဏငှားပါရစီ 🙂
kyeemite
July 4, 2014 at 9:30 am
မောင်ဘလှိုင် ပြန်ရောက်လာတာ ရွာသူားအားလုံး ပျော်နေကြတယ်ဗျ…
ဝတ္ထုလေးကို စောင့်ဖတ်ပြီးအားပေးပါ့မယ်… 🙂
မောင်ဘလိူင်
July 4, 2014 at 12:37 pm
ကျွန်တော်လည်း ဝမ်းသာပါတယ် ခင်ဗျာ..။ ဒီကလူတွေကိုလည်း ကျေးဇူး
တင်လျက်ပါ။ တရုတ်ဇာတ်လမ်းတွဲကတော့ ကျွန်တော်ရေးပုံနဲ့ဆို ဆယ်
နှစ်ဆယ်မိုး တိုင်သွားမှာစိုးလို့။ 😀
မြတ်ပုည ပြောတဲ့ စာအုပ် ကျွန်တော် မဖတ်ဖူးပါဘူး။
အခု အိတ်ချ်ပီ လက်ဗ်ခရက်ဖ် ရဲ့ တစေ ္ဆဝတ္ထုတိုလေးတွေ ဘာသာပြန်မယ်
စိတ်ကူးမိလို့ တစ်ပုဒ် အစမ်းတင်ကြည့်တာပါ။
မဟာရာဇာ အံစာတုံး
July 4, 2014 at 1:30 pm
ဟိုတစ်ခါ ခညားရေးထားတဲ့
သန်းကြွယ်သူဌေး စာအုပ် ထွက်ပီလား …
စာအုပ်နဲ့ ဖတ်ရဒါ ပိုဖီးလ်လာလို့
စာအုပ် ထွက်အောင် စောင့်နေဒါ …
အရီးခင်
July 5, 2014 at 2:32 am
မောင်ဘလှိုင်
ဒီလို စာလေးတွေ နဲ့ မကြာမကြာ အားဖြည့်စမ်းပါတော်။
အပိုင်း ၁၀ဝ ဘဲ ခွဲရေးရေး။
စာရှည်ရှည်ဖတ်ရရင် ပြီးရော။ :-)))
hmee
July 5, 2014 at 5:27 am
စောင့်ဖတ်နေပါမယ် ။ ဘာဖြစ်မလဲ စိတ်ဝင်စားလာြပြီ။ စာအုပ်သာဆို တထိုင်တည်း အြပြီးဖတ်မိမှာ ။ 🙂
surmi
July 5, 2014 at 12:03 pm
ကိုဘလှိုင်ရေ
စောင့်ဖတ်မယ့်သူအဖြစ်စာရင်းတို့ပါတယ်နော
တစ္ဆေဝတ္ထုဆိုရင် သူတို့တွေရေးတာပိုကောင်းတယ်ထင်မိတယ်။
ဒါေြကြာင့် ဒီတစ်ပုဒ်ကတော့ မျှော်ရင်းကို မစောင့်နိုင်အောင်ဘဲ 🙂
Mr. MarGa
July 7, 2014 at 8:01 pm
ဗျို့ ကိုဘလှိုင်
အပိုင်း နှစ်ကို တွေ့မှ တစ် ကို ပြန်ရှာရတယ်
သုံးပိုင်းတည်း ဆိုတော့
အကုန်ပြီးမှ ပေါင်းဖတ်တော့မယ်ဗျာ 🙂