ပုလင်းနက် နှစ်လုံး – အပိုင်း(၂)
အဲဒီနောက်မှ မက်ခ်ဟိန်းစ် သတိရမိတာက ကိုယ်တော် ဗန်ဒါဟုဖ် ရယ် တူဖြစ်တဲ့ ကျွန်တော့်အကြောင်းကို
ပြောတာ ကြားဖူးတဲ့အကြောင်းပေါ့။ အဲဒါ ကျွန်တော့်ဦးလေး ကိစ္စရှင်းလင်းနိုင်ဖို့ တစ်ခုခုများ ကျွန်တော်
သိလေမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ သူက ကျွန်တော့်ကို စာရေး ခေါ်တာပဲ။ ကျွန်တော်လည်း ဟိန်းစ်ကို
ပြောပြရတယ်။ တကယ်တော့ ဦးလေးအကြောင်း ကျွန်တော် ဘာမှ မသိဘူးရယ်။ အမေ တစ်ခါပြောဖူးတာ
ရှိတယ်။ ဦးလေးက လူကောင်သာကြီးတာ သရဲဘောကြောင်သတဲ့။ဟိန်းစ် ပြောတာတွေ နားထောင်ပြီးတော့
ကျွန်တော် နာရီငုံ့ကြည့်တယ်..။ နေ့လည်တောင် ကျော်နေပါပကော။
“ဘုရားကျောင်းကို ဒီကနေ ဘယ်လောက်ဝေးဦးမလဲဗျ…နေမဝင်ခင် အရောက်သွားနိုင်မလားလို့”
ကျွန်တော် မေးမိတယ်။
“အေး..အသေအချာပဲ ကောင်လေးရေ..အဲဒီကို..အဓိက အဲဒီနေရာကို ညကြီး မသွားလေနဲ့..”
အဘိုးကြီး ခြေတွေ လက်တွေ ကတုန်ကယင်နဲ့ ကျွန်တော့်ကို တားတယ်။
“ဘာလို့ သွားမလဲကွာ…ရူးတာပဲကွ..”
သူကြောက်နေတာကို ကြည့်ပြီး ကျွန်တော် ရယ်လိုက်တယ်။ ကျွန်တော် အခု ညနေပဲ ကျောင်းစောင့်
အဘိုးကြီးနဲ့တွေ့ပြီး ကိစ္စမြန်မြန်ရှင်းဖို့ ဆုံးဖြတ်ထားတယ်လို့ သူ့ကို ပြောလိုက်တယ်။ ရွာငယ်ဇနပုဒ်က
အဘိုးကြီးတစ်ယောက်ပြောတဲ့ ဒီလိုအကြောင်းတွေကိုလည်း ကျွန်တော် လက်ခံမှာ မဟုတ်ပါ။ ကျွန်တော့်
စိတ်ထဲ ယုံကြည်တာက အခုကြားရတဲ့ အကြောင်းတွေအကုန်လုံးဟာ ဖြစ်စဉ်တွေ ဆင့်ကဲ ဆင့်ကဲ ဖြစ်
သွားတာကို အတွေးလွန်တဲ့ ဒယ်ဘာဂျန် ရွာသားတွေက သူတို့ ကံဆိုးမှုနဲ့ သွားချိတ်ဖို့ ကြိုးစားမိလို့ပါပဲ။
အကြောက် အလန့် ကျွန်တော့်မှာ မရှိဘူး။ မခံစားမိဘူး။
ကျွန်တော့် ဦးလေးရှိရာ မိုးမချုပ်ခင် အရောက်သွားမယ်လို့ ကျွန်တော် ယတိပြတ်ဆုံးဖြတ်တာ မြင်တော့
ဟိန်းစ်လည်း သူ့နေရာကထပြီး ရှေ့ကို လိုက်ပို့တယ်။ လိုအပ်တဲ့ လမ်းညွှန်မှုတွေကိုလည်း မပြောချင် ပြော
ချင်နဲ့ ပြောပြီး ကျွန်တော် စိတ်များ ပြောင်းသွားမလားလို့ မသွားဖို့ အတန်တန်ဖျောင်းဖျရှာပါတယ်။ မသွားခင်
ကျွန်တော့်လက်ကို ကိုင်လှုပ်နေတာများ နောက်မတွေ့ရတော့မဲ့ အတိုင်းပဲ။
“အဲဒီ မကောင်းဆိုးဝါးကြီး ဖော်စတာကို သတိထားနော်..ကောင်လေး…အေး..ငါဖြင့် ဘယ်လိုအကြောင်း
မျိုးနဲ့ ဖြစ်ဖြစ် ညအချိန်ကြီး သူ့နား မသွားဝံ့ဘူး။”
ခေါင်းလေး တရမ်းရမ်းနဲ့ သူ့ဆိုင်ထဲ ပြန်ဝင်သွားတော့ ကျွန်တော်လည်း ရွာပြင်ထွက်တဲ့ လမ်းအတိုင်း
လျှောက်လာခဲ့ပါတော့တယ်။
ဟိန်းစ် ပြောတဲ့အတိုင်း မြက်ရိုင်းတောကို မမြင်ရခင်အထိ နှစ်မိနစ်လောက် ကျွန်တော်လျှောက်လာခဲ့တယ်။
လမ်းက ဆေးဖြူသုတ်ထားတဲ့ သစ်သားစည်းရိုးလေး ခပ်ကျဲကျဲကာလို့။ စိမ့်မြေပေါ်ဖြတ်ဖောက်ထားတာပဲ။
ဘေးတစ်ဖက် တစ်ချက်မှာတော့ မြက်တွေ ချုံတွေ အပြိုင်းအရိုင်း ပေါက်နေတာပေါ့။ စွတ်စို စီးကပ်နေတဲ့
ညွန်တွေထဲမှာ အမြစ်တွေတွယ်ထားတယ်လေ။ သစ်ဆွေးနံ့လိုလို အနံ့ဆိုးက လေထုထဲမှာ ပြည့်နှက်နေ
တာ။ နေလည် နေ့ခင်းရဲ့ အလင်းရောင်အောက်မှာ တစ်ချို့ ညွန်ကွက်တွေကနေ အငွေ့ပျံနေတဲ့ အခိုး
အမျှင်ကလေးတွေတောင် တွေ့ရသေး။
မြက်ရိုင်းတော ဟိုတစ်ဖက်ကျတော့ လမ်းညွှန်တဲ့အတိုင်း ဘယ်ဘက်ကို တည့်တည့် ကွေ့ဆင်းလိုက်တယ်။
လမ်းမကြီး ကနေ ဖယ်ဆင်းသွားရတာပေါ့။ အနီးအနားမှာတော့ အိမ်ကလေးတွေ တွေ့မိသဗျ။ အိမ်မမည်၊
တဲမပီ တာလေးတွေက အင်မတန် ဆင်းရဲစုတ်ချာတာကို ပြနေတာ။ ဒီလမ်းကတော့ ဘေးတစ်ဖက်စီမှာ
အကိုင်းတွေ ညွှတ်နေတဲ့ မိုးမခပင်တွေ အောက်က ဖြတ်ဖောက်ထားတာ။ နေရောင်တောင် ကွယ်လုလုပဲ။
မသတီစရာ စိမ့်မြေ အနံ့ဆိုးက ကျွန်တော့်နှာခေါင်းထဲမှာ ခုထိ စွဲနေတုန်း။ လေထုက စွတ်စိုပြီး အေးစိမ့်
နေတယ်။ ဒီ စိတ်ဆင်းရဲစရာ လမ်းကနေမြန်မြန်ထွက်ရအောင် ခြေလှမ်းကို ခပ်သွက်သွက်လှမ်းရတော့
တာ။
အဲဒီလမ်းကထွက်တော့ အလင်းရောင်ကလေး ပြန်တွေ့တယ်။ နေကတော့ တောင်စွန်းမှာ ဘောလုံးနီနီကြီး
ချိတ်ထားသလိုမျိုး။ မကြာခင် ကွယ်သွားတော့မှာ..။ ဟိုးရှေ့ ခပ်လှမ်းလှမ်းမှာတော့ အမင်္ဂလာ အသွေး
အရောင်တမျိုး ဖုံးလွှမ်းနေတဲ့ ဘုရားကျောင်းက ထီးထီးကြီး။ ဟိန်းစ် ပြောသလိုပဲဗျ..စိတ်ထဲမှာ မသိုးမသန့်
ဖြစ်လာတယ်။ တထိတ်ထိတ် ဖြစ်လာတာ။ အဲဒီလိုခံစားချက် ဖြစ်လာလို့ ဒယ်ဘာဂျန်က လူတွေ ဒီနေရာကို
ရှောင်ကြတာပဲ။ ပုပြတ်ပြတ်၊ ထုကြီးကြီး ကျောက်တုံးနဲ့ ဆောက်တဲ့ ဘုရားကျောင်းမှာ ခေါင်ကလည်း သိပ်
မချွန်ဘူး။ ကိုးကွယ်စရာ ရုပ်တုတစ်ခုလိုဖြစ်နေတဲ့ အဲဒီဘုရားကျောင်းကို ဘေးမှာရှိတဲ့ အုတ်ဂူတွေက ဒူးထောက်၊
ဦးညွှတ်ပြီး ဝပ်တွားနေသလိုမျိုး ဝန်းရံထားသဗျ။ အဲဒီ အစုအဝေး အထက်မှာတော့ ဦးလေးနေတဲ့ အိမ်က
မဲမှောင် ညိုမှိုင်းပြီး တစေ ္ဆတစ်ကောင်လိုပဲ။
အဲဒီတွေ မြင်ပြီးတော့ ကျွန်တော့်ခြေလှမ်း နှေးကျသွားတာပဲ။ တောင်စွယ်မှာတော့ နေကွယ်သွားပြီ။ စွတ်စိုတဲ့
လေက အေးမြလာတာကြောင့် အင်္ကျ ီကော်လာကလေး ဆွဲထောင်ထားလိုက်တယ်။ ကျွန်တော်လည်း ခပ်ဖြေး
ဖြေးလျှောက်လာခဲ့တာပေါ့။ မျက်လုံးထဲမှာ ဖျတ်ခနဲ တစ်ခုခုမြင်လိုက်မိတယ်။ ဘုရားကျောင်းနံရံရဲ့ အရိပ်ထဲမှာ
ဘာမှန်းမသိတဲ့ ဖြူတူတူ အရာတစ်ခုဗျ။ မျက်လုံးကို အတင်းဖြဲပြီး အနားတိုးကာမှ အသစ်လုပ်ခါစ လက်ဝါးကပ်
တိုင်တစ်ခု ဖြစ်မှန်း သိတော့တယ်။ ခုမှ ဖို့ထားပုံရတဲ့ မြေပုံမို့မို့ပေါ်မှာ စိုက်ထားတာဗျ..။ ကျွန်တော် ကျောစိမ့်
သွားတယ်။ ဟုတ်တယ်..။ ဒါ ကျွန်တော့်ဦးလေး သင်္ချိုင်းရာပေါ့။ ဘာမှန်းတော့ မသိဘူးဗျ..အဲဒါကလေ လူ
သေရဲ့သင်္ချိုင်းရာနဲ့ မတူပဲ အသက်ရှိတဲ့ တစ်စုံတစ်ခု ရဲ့ နေရာလိုမျိုး ထင်မိတယ်။ အဲဒီ သင်္ချိုင်းရာနားမှာ
နောက်ထပ် မှတ်တိုင်တစ်ခုထပ်တွေ့သဗျ။ အက်ကွဲနေတဲ့ ကျောက်တုံးတစ်တုံးပေါ်မှာလေ။ ဒါက အရင်က
ကိုယ်တော် စလော့ရဲ့ သင်္ချိုင်းရာ ပဲဖြစ်မယ်။ ဟိန်းစ် ပြောတာသွားသတိရမိလို့။
ဒီပတ်ဝန်းကျင်မှာ သက်ရှိအရာရယ်လို့ ဘယ်နေရာမှာမှ မတွေ့ရပါလား။ ဆည်းဆာမှိန်မှိန် အောက်မှာ တောင်ပူစာလေး
ကို အတင်းတွားတက်ပြီး ဦးလေးရဲ့ အိမ်နေရာကို ရောက်လာတယ်။ တံခါးခေါက်ပေမဲ့ ပြန်ဖြေတဲ့ အသံမကြားရဘူး။
အိမ်ကလေးကို ပတ်ပြီး ပြတင်းပေါက်တွေကနေ အထဲကို ချောင်းကြည့်တယ်..။ လူမနေတာ အတော်ကြာပြီ ထင်ပါ့။
နေလုံးလုံးကွယ်သွားပြီဆိုတော့ ရှေ့သုံးလေးလှမ်းလောက်ပဲ ကျွန်တော်မြင်ရတော့တယ်။ အိမ်ပတ်ကြည့်တာ ရပ်ပြီး
နောက်ဘာဆက်လုပ်ရပါ့ ဆိုပြီး တွေးနေမိသဗျ။ အကုန်လုံး တိတ်ဆိတ်နေလိုက်တာများ ပိုးပုရွက်ကလေးတွေ
အော်သံတောင် မကြားရဘူး။ လေကလည်း ငြိမ်နေလိုက်တာ။ တစပြင်လို တိတ်ဆိတ်မှုက သွေးပျက်စရာဖြစ်
လာတယ်။ စိုးရိမ်ထိတ်လန့်မှုက တဖြည်းဖြည်းချင်း ဒီဂရီတက်လာပါရော။ ဘေးပတ်လည် မှာ မကောင်းဆိုးဝါး
ဝိဉာဏ်တွေ ပြည့်နှက်နေလို့ အသက်တောင် ကောင်းကောင်းရှူမရတော့ဘူးလို့ စိတ်ထဲထင်လာမိတယ်။
ကျောင်းစောင့် အဘိုးကြီး ဘယ်နားရှိပါလိမ့်မလဲလို့ အကြိမ်တစ်ရာလောက် ကျွန်တော်စဉ်းစားနေတာ။
အမှောင်ရိပ်ထဲကနေ မကောင်းဆိုးဝါးတစ်ကောင်ကောင် တွားထွက်လာမလား ဆိုပြီး ယောင်ကန်းကန်း မျှော်လင့်လို့
ကျွန်တော် ရပ်နေမိတယ်။ ဘုရားကျောင်း ခေါင်းလောင်းထိုးစင် အခန်းက မီးရောင်လဲ့လဲ့ လှမ်းမြင်မိတော့ ဟိန်းစ်
ပြောတာ ကျွန်တော် အမှတ်ရလာတယ်..။ ဖော်စတာကြီးက ဘုရားကျောင်း မြေအောက်ခန်းမှာ နေတယ် ဆိုတာလေ။
အမှောင်ထဲမှာ သတိထားပြီး တိုးသွားရတယ်။ ဘုရားကျောင်း ဘေးတံခါးတစ်ချပ် ဟ နေတာတွေ့တာနဲ့ အထဲ
ဝင်လာခဲ့တယ်။
အထဲမှာ အောက်သိုးသိုး မှိုနံ့ကလှိုင်နေတာပဲ။ ထိလိုက် ကိုင်လိုက်သမျှကလည်း မသတီစရာ အေးစက် စွတ်စိုနေသလိုမျိုး
ချည်းပဲ။ မီးခြစ်ဆံတစ်ချောင်း ထုတ်ပြီး ခြစ်ကြည့်တယ်။ ဟိုဟိုသည်သည် လျှောက်ကြည့်ပြီး ခေါင်းလောင်းထိုးစင်
အခန်းကို ဘယ်လိုသွားရမလဲ လမ်းရှာတာပေါ့။ သွားနေရင်း ရုတ်တရက် ကျွန်တော် ရပ်လိုက်မိတယ်။
မပီမသ ကျယ်လောင်လောင် သီချင်းသံက ပြတ်တောင်းတောင်း ထွက်လာတာဗျ။ အသံပြတ်ပြတ် လေးလေး
နဲ့ မူးနေတဲ့ အသံမျိုးက ကျွန်တော့် အပေါ်ဘက်နားကပဲ။ အဲဒါနားထောင်နေတာနဲ့ပဲ မီးခြစ်ဆံက တိုလာပြီး
ကျွန်တော်လက်ကို လောင်တော့ အမြန်ပစ်ချလိုက်ရတယ်။ မှောင်သွားတော့ ဟိုတစ်ဖက် နံရံမှာ အလင်းစ
ကလေး တိုးထွက်နေတာ မြင်ရသဗျ။ အောက်ဘက်အနားကို တစ်ချက်ကြည့်လိုက် အက်ကွဲရာကလေး
တစ်ခုကနေ အလင်းတိုးထွက်နေတာပဲ။ အဲဒါ တံခါးတစ်ချပ်ဖြစ်မယ်လို့ ကျွန်တော် မှန်းကြည့်တယ်။
သီချင်းသံက စရုံရှိသေး ရုတ်ခြည်းရပ်သွားတော့ တိတ်ဆိတ်မှုက ပြန်ပြီး ကြီးစိုးလာတာပေါ့။ ကျွန်တော့်
နှလုံးက တဒိုင်းဒိုင်း ခုန်လှုပ်လာပြီးတော့ သွေးက နားထင်မှာ တဒိတ်ဒိတ် လာတိုးနေပါရော။
လူကကြောက်ပြီး တောင့်တင်းသာမနေရင် ကျွန်တော် တစ်ခါတည်း ထွက်ပြေးသင့်တာဗျ။
နောက်မီးခြစ်ဆံ တစ်ချောင်းလည်း ခြစ်မနေနိုင်တော့ဘူး။ တံခါးရှိတဲ့ဘက် အတင်းတိုးသွားတာပဲ။
တံခါးရှေ့ရောက်တဲ့တိုင်အောင် ခုံတန်းရှည်တွေကြားထဲက ထွက်ပြေးမဲ့ လမ်းကို တွေးနေမိသေးတယ်။
အလွန်နက်ရှိုင်းတဲ့ ဝမ်းနည်းကြေကွဲမှု ကျွန်တော့်တစ်ကိုယ်လုံးကို စိမ့်ပျံ့လွှမ်းခြုံလာတော့ လူက ထုံထိုင်း
ထိုင်းနဲ့ အိပ်မက်မက်နေသလိုလို ဖြစ်လာတယ်။ ကျွန်တော်လှုပ်ရှားနေတာတွေက ကျွန်တော့်စိတ်နဲ့ ကျွန်
တော့်ကိုယ် မဟုတ်တော့သလိုပဲ။
တံခါးဘုကို လှည့်ကြည့်တော့ တံခါးက ဂျက်ချထားလို့ ဖွင့်မရဘူး။ တံခါးကို သုံးလေးကြိမ်လောက်တော့
ထုကြည့်သေးတယ်။ ဘာအသံမှ ပြန်မကြားရတာနဲ့ ရပ်လိုက်ရတယ်။ တိတ်ဆိတ်မှုက မူလအတိုင်းပြန်
လွှမ်းမိုးလာတာ။ တံခါးအစွန်းနားတွေကို လျှောက်စမ်းကြည့်တော့ ပတ္တာတွေ သွားစမ်းမိတယ်။ ပတ္တာ
တွေက သံချောင်းတွေကို ဆွဲနှုတ်ပစ်လိုက်တော့ တံခါးက ကျွန်တော့်ရှေ့မှာတင် လဲကျသွားတာပေါ့။
အလင်းမှိန်မှိန်က အခန်းလေးထဲမှာ ပြန့်နေတယ်။ အန်ချင်စရာ ဝီစကီ အနံကလည်း တထောင်းထောင်း
ရနေသဗျ။ ကျွန်တော့်အထက်က ခေါင်းလောင်းထိုးစင် အခန်းလေးထဲမှာ တစ်ယောက်ယောက် က
လှုပ်လှုပ်ရှားရှား လုပ်နေတာ ကျွန်တော်ကြားရပြီ။ အဲဒါနဲ့ ဟယ်လို ဘာညာ အသံပေးကြည့်တယ်။
ညည်းသံလိုလို ဘာလိုလိုနဲ့ အသံပြန်ပေးတာလား ဘာလား မပြောတတ်ဘူး..ပြန်ကြားရတယ်။
အဲဒါနဲ့ လှေကားကို သတိကလေးနဲ့ တက်လာခဲ့ရတာ။
အခန်းထဲ တစ်ချက်ကြည့်လိုက်တာနဲ့ အံ့အားသင့်သွားမိတယ်။ ဟား…အခန်းထဲမှာ ဖုံတက်နေတဲ့ စာအုပ်အဟောင်း
တွေ၊ လက်ရေး စာမူတွေ၊ နှစ်ပရိစ္ဆေဒကြာပြီ ဖြစ်လောက်တဲ့ ထူးထူးဆန်းဆန်း ပစ္စည်းတွေ နဲ့ ပြန့်ကျဲနေတာပဲ။ မျက်
နှာကျက်နားထိတောင်ရောက်တဲ့ စင်တွေပေါ်မှာလည်း ကြောက်မက်ဖွယ် အရာဝတ္ထုတွေကို ဖန်ပုလင်းတွေ၊ ဖန်တကောင်း
တွေနဲ့ ထည့်ထားသဗျ။ ဟို..မြွေတွေ၊ အိမ်မြှောင်တွေ၊ လင်းနို့တွေ အစရှိသည်ဖြင့်ပေါ့လေ။ ကြပ်ခိုးတွေ၊ ပင့်ကူမျှင်တွေ၊
ဖုံတွေက အားလုံးအပေါ်မှာ ထုတက် ဖုံးလွှမ်းထားတာ။ အခန်းအလည်က စားပွဲပေါ်မှာတော့ ဖယောင်းတိုင် တစ်တိုင်
ထွန်းထားတယ်။ ကုန်လုနီးပါး ဝီစကီပုလင်းတစ်လုံး၊ ဖန်ခွက်တစ်ခွက် ၊ပြီးတော့ မလှုပ်မရှား အရာတစ်ခု။ သေးသွယ်
ပါးလျတဲ့ ခန္ဓာကိုယ်နဲ့ တွန့်လိပ်နေတဲ့ မျက်နှာ။ ဗလာဟင်းလင်းနဲ့ မျက်လုံးကြောင်ကြီးက ကျွန်တော့်ကို ဖောက်ထွင်း
ကြည့်နေသလိုမျိုး။ ချက်ချင်းလိုပဲ အဲဒါ ကျောင်းစောင့်ကြီး အေဘယ် ဖော်စတာ မှန်း ကျွန်တော်သိလိုက်တယ်။
သူ့အနား ခပ်ရွံ့ရွံ့နဲ့ အသာတိုးသွားတော့ သူက အသံလည်း မပြုသလို ၊ လှုပ်လည်း မလှုပ်ဘူး။
“မစ္စတာ ဖော်စတာ…”
တုန်ပြီး ထွက်လာတဲ့ ကျွန်တော့် အသံက ဒီအခန်းလေးထဲမှာ ပဲ့တင်ရိုက်ပြီး ပြန်လာတာများ အခေါင်းထဲက
စကားပြောသလိုမျိုးဗျ။ သူက မလှုပ်မရှားနဲ့ ဘာမှလည်း ပြန်မပြောဘူး။ အမူးလွန်ပြီး သတိများလွတ်နေ
သလားလို့ တွေးပြီး သွား လှုပ်နှိုးဖို့စဉ်းစားလိုက်တယ်။
သူ့ပုခုံးကို ထိရုံကလေးရှိသေးတယ်..အဘိုးကြီးက ကြောက်လန့်တကြားနဲ့ ကျွန်တော့်ကိုကြည့်တယ်။မျက်လုံး
ကြီးတွေကတော့ အသေပဲ။ ပြီးတော့ ခြေတွေလက်တွေ အတင်းလှုပ်ရှား ရုန်းကာပြီး ထပြေးတော့တာ။
“မလုပ်နဲ့…”
“မထိနဲ့…သွား..သွား..” အဘိုးကြီးက အသံဆိုးကြီးနဲ့ အော်ပါရော။
အဘိုးကြီးကြည့်ရတာ မူးနေတာရယ်…တစ်ခုခုကို ကြောက်လန့်နေတာရယ် နှစ်ခုစလုံးဖြစ်နေတာပဲ။ အဲဒါနဲ့
ကျွန်တော်လည်း လေသံကို အပျော့ပျောင်းဆုံးဖြစ်အောင် သတိထားပြီး ကျွန်တော် ဘယ်သူဆိုတာရယ်၊
ဘာကြောင့်လာတယ်ဆိုတာရယ်ကို ပြောပြလိုက်ပါတယ်..။ခပ်ရေးရေးတော့ သူနားလည်သွားပုံရတယ်။
သူ့ခုံသူ ပြန်ထိုင်ပြီး ထုံးစံအတိုင်း မလှုပ်မရှားနဲ့ ငြိမ်နေတယ်။ အတော်ကြာတော့မှ –
“ငါက..မင်းကို သူထင်လို့..”
ဗလုံးဗထွေးနဲ့ ရေရွတ်နေတာ။
“ငါက မင်းကို သူထင်ပြီး ပြန်ရောက်လာတယ်လို့…ဟုတ်တယ်..သူက အမြဲထွက်ဖို့ကြိုးစားနေတာ..
ငါထည့်ထားတဲ့နေရာကနေ…အမြဲတမ်းထွက်ဖို့..သိလား…သိလား..ဟော..”
အဘိုးကြီးအသံက ရုတ်ချည်း မြင့်သွားပြီ သူ့ထိုင်ခုံကို တင်းတင်းဆုပ်လို့ ကြုံးအော်တော့တယ်။
“သူ ထွက်လာလောက်ပြီ…၊ သူ အပြင်မှာ ရောက်လောက်ပြီဟ…”
ကျွန်တော်လည်း လှေကားကနေတက်လာမည့် အရိပ်အယောင်တစ်ခုခုတွေ့လေမလားလို့ ယောင်ရမ်းပြီး
မျှော်ကြည့်မိသေးတယ်။
“ဘယ်…ဘယ်သူများ ထွက်လာမှာလဲဟင်..?”
သူက တုန်တုန်လှုပ်လှုပ်နဲ့ ပြန်အော်တယ်။
“ဗန်ဒါဟုဖ် ပေါ့ကွ…သူ့ကို မြှုပ်ထားတဲ့ မြေပုံပေါ်က မှတ်တိုင်ဆို ညတိုင်းလဲကျနေတာ..၊
မနက်ကျရင် မြေတွေက ပွနေပြီ..။ သေချာပြန်ဖို့လည်း သူ နောက်တစ်ခါ ပြန်ထွက်လာ
ဦးမှာပဲ…ငါဘာမှ မတတ်နိုင်တော့ဘူးကွ…။”
သူ့ကို သူ့နေရာမှာ အတင်း ပြန်ထိုင်ခိုင်းပြီး ကျွန်တော်က သူ့အနားမှာရှိတဲ့ သေတ္တာလေးတစ်လုံးပေါ်
သွားထိုင်တယ်။ အဘိုးကြီးက သေလုအောင်ကြောက်လွန်းလို့ ကတုန်ကယင်ဖြစ်နေရှာတယ်။ နှုတ်ခမ်း
ထောင့်နားမှာလည်း သွားရည်တွေ စီးကျလို့။ အဘိုးကြီးကို ကြည့်ရင်း ကျွန်တော်ပါ တထိတ်ထိတ် တလန့်
လန့်ဖြစ်လာတာပဲ။ ဟိန်းစ်ပြောတာ မှန်သားဗျ။ ဒီလူကြီးက တစ်ခုခုတော့ တစ်ခုခုပဲ..စိတ်ထဲမှာ မသိုးမသန့်
နဲ့။ ခု ရင်ဘတ်ပေါ်ခေါင်းစိုက်ပြီး ဘာတွေ ရေရွတ်နေမှန်း မသိဘူး။ သူ့ကိုယ်သူ အားတင်းပြီး စိတ်ငြိမ်အောင်
လုပ်နေတာပဲလား မပြောတတ်ဘူး။
အရက်ခိုးနံ့နဲ့ အောက်သိုးသိုး မှိုနံ့တွေ မခံနိုင်တော့လို့ အသာလေးထပြီး ပြတင်းပေါက်ကို ကျွန်တော် ဖွင့်
လိုက်တယ်။ အောက်မှာ ရှိတဲ့ အရာဝတ္ထုတွေကို ဝိုးတဝါးတော့မြင်ရသဗျ။ ဒီနေရာကနေဆိုရင် ဦးလေးရဲ့
မြေပုံကို မြင်နိုင်တယ်။ မျက်တောင် တစ်ချက်ခတ်ပြီး သေချာစူးစိုက်ကြည့်မိတော့ –
ဟ..မြေပုံပေါ်က မှတ်တိုင်က စောင်းနေပါ့လား..။ ကျွန်တော် လာတုန်းက သေချာကြည့်တာ အတည့်ပါပဲ။
ကြောက်ရွံ့စိတ်က အကြီးအကျယ် ပြန်လွှမ်းမိုးလာပြန်တယ်။ အဲဒါနဲ့ နောက်ကို မြန်မြန်ပြန်လှည့်လိုက်
တော့ အဘိုးကြီးက သူ့ခုံမှာ ထိုင်ရင်း ကျွန်တော့်ကို သေချာကြည့်နေတာ တွေ့ရတာ။ သူ့မျက်လုံး အကြည့်
က အရင်ထက်စာရင် နည်းနည်းတော့ အသက်ဝင်လာသလားပဲ။
“အင်း…မင်းက ဗန်ဒါဟုဖ် ရဲ့တူ ပေါ့..ဟုတ်လား..” သူက နှာသံပါပါနဲ့ ဆက်ပြောတယ်။
“အေး…မင်း ကောင်းကောင်း သိမလား မဆိုနိုင်ဘူး…သူ ငါ့ဆီကို တစ်ချိန်လုံး ပြန်လာပြီး
ခြောက်လှန့်နေဦးမှာ..၊သူ့တွင်းထဲက ထွက်လို့ရတာနဲ့ တပြိုင်နက်ပေါ့ကွာ..။ မသိဘူးလား..။
ဒါဆိုလည်း အခု ကောင်းကောင်းကြီး သိရပေမပေါ့ကွာ…။”
အဘိုးကြီး ကြည့်ရတာ ကြောက်စိတ်လျော့သွားပုံပဲ။ ဒါမှမဟုတ် မိနစ်နဲ့အမျှ မျှော်လင့် ထိတ်လန့်နေရတဲ့
ကြမ္မာဆိုးကို လက်လျော့ပြီး ခုခံဖို့ မကြိုးစားတော့လည်း ဖြစ်နိုင်တယ်။ ရင်ဘတ်ပေါ် ခေါင်းစိုက်ပြီး အနိမ့်
အမြင့်မရှိတဲ့ နှာသံနဲ့ သူ ဆက်ပြောတယ်။
8 comments
Ma Ma
July 5, 2014 at 8:28 pm
ဟေးးးးးးးးးး ပထမဆုံးမန့်တယ်ကွ။
ပိတ်ရက်မှာ ဇိမ်နဲ့ဖတ်ဖို့ အမှီတင်ပေးတယ်။
တော်ပါပေ့ မောင်ဘလှိုင်။ 🙂
အရီးခင်
July 6, 2014 at 4:41 am
အရေးအသား က တကယ်ကို ညက်ညက်ညောညော ဘဲနော်။
ပါရမီ တစ်ပါးပါဘဲ။
စာရေးနည်း အတုခိုး သွားပါတယ်။
ဇာတ်လမ်းကတော့ အမြန်လေးပြောပါ။ ဘာဖြစ်လဲ သိချင်ရဲ့။
hmee
July 6, 2014 at 7:08 am
ကိုယ်တိုင် ဘုရားကျောင်းထဲရောက်နေသလို သိချင်စိတ်ပြင်းပြနေတုန်း ရုတ်တရက် ရပ်သွားတော့ ဆန့်တငင်ငင် ဖြစ်သွားပါကြောင်း။ ဒါမျိုးဆို တထိုင်တည်း ထမင်းမစား ရေတောင်ထမသောက်ပဲ ဖတ်တတ်တာက အကျင့်ဖြစ်နေတာ။ 🙂
ဇီဇီ
July 6, 2014 at 8:35 am
အဟိ။ဇာတ်ရှိန်မြင့်လာပြီ။
သူ့ဦးလေးပြန်အလာမှာ သူ့တူနဲ့ တွေ့တော့မယ်။
:mrgreenn:
အဟိဟိ။
ကိုယ်တိုင်သာ ကြောက်တတ်တာ။
သူများတွေ ရဲရဲနဲ့ ရင်ဆိုင်ရတဲ့ ဇာတ်မျိုးဆို သိပ်ကြိုက်။
:kwi:
marblecommet
July 7, 2014 at 8:24 pm
လူချင်းတွေ့တုန်းက
ပြောဖူးတယ်
အခုမှ ဖတ်ရတော့သကိုးဆရာရေ့..
ဘာဖြစ်ဖြစ်..
စိမ်ပြီး ထုတ်လုပ်တဲ့ တန်ဖိုးက ပိုကြွတာပေါ့ဗျာ…
kyeemite
July 8, 2014 at 1:32 pm
ကောင်းခန်းရောက်မှ မီးပျက်ပျက်သွားတယ်
ဖတ်ရတာအရသာရှိပါတယ်..တစိမ့်စိမ့်နဲ့ ဆွဲခေါ်သွားနိုင်ပေတာပဲ
မောင်ဘလိူင်
July 8, 2014 at 2:01 pm
ပထဦးဆုံးမန့်တဲ့ အန်တီမမ ကို ပထမဦးဆုံး ကျေးဇူးတင်ပါတယ် ဗျာ.. 🙂
အရီးခင်ရေ.. ကျွန်တော်တော့ ကိုယ်ရေးတာ ကိုယ်ပြန်ဖတ်ရတာ ဘာလို
မှန်းမသိဘူး။
ကွန်မကောင်းလို့ အန်တီမှီးရေ..ဒီနေ့ ဇာတ်သိမ်းပါပြီနော..။
ကျေးဇူးပါ အစ်မ ခိုင်ဇာရေ..ကျွန်တော်လည်း အဲဒီလိုပဲ။ 😀
ကျွန်တော်က ကိုကမ်းကြီးတို့လို စကားလုံးတွေ ထွက်ချင်တာဗျ..။
ကျေးဇူးပါ ဦးကျီးမိုက်ရေ..ဒီနေ့ မီးပြန်လာပြီ..။ 🙂
Mr. MarGa
July 8, 2014 at 5:56 pm
ကဲ…. ဘာဆက်ဖြစ်လဲသိရအောင် နောက်တစ်ပိုင်းကို ကူးပြီဗျာ 🙂