ရွှေတြိဂံသို့ အလည်တစ်ခေါက် (၈) မိုင်းလားမြို့
မယ်ဆိုင်ဘက်မှာ ၂ ည အိပ်ပြီးနောက် နောက်ထပ်တစ်ရက်စာ လည်ပါတ်ဖို့ ကျန်ပါသေးတယ်။ ဒါပေမယ့် ကျွန်မတို့ ခရီးသွားခေါင်းဆောင်က အစီအစဉ်ပြောင်းပါတယ်။ တရုတ်ပြည်နယ်စပ်မိုင်းလားမြို့ကို သွားမယ်လို့ ပြောလာပါတယ်။ သွားချင်တဲ့သူလဲရှိသလို မသွားချင်တဲ့သူလဲရှိပါတယ်။ ကျွန်မကိုသာမေးရင် မသွားချင်ဘူး မယ်ဆိုင်ဘက်မှာပဲ ထပ်လည်မယ်လို့ ပြောမှာပါ။ ဒါပေမယ့် အများဆန္ဒကိုမမေးပဲ သွားချင်တဲ့သူအနဲစုဆန္ဒကို ဦးစားပေးပြီး ခရီးစဉ်ကို ပြောင်းလိုက်ပါတယ်။
မနက်စောစော မယ်ဆိုင်ကနေ တာချီလိတ်ဘက်ကို ပြန်ရတယ်။ တာချီလိတ်ကနေ ကျိုင်းတုံ – ကျိုင်းတုံးကနေမှ မိုင်းလားကို မိုင် ၉ဝ ကျော် ဆက်သွားကြရမှာဖြစ်ပါတယ်။ အသွားတုန်းကထဲက သိခဲ့သလိုပဲ တာချီလိတ်ကနေ မနက် ၈ နာရီကျော်မှ ထွက်ဖြစ်ခဲ့ပြီး ကျိုင်းတုံကို နေ့လည်ထမင်းစားချိန်ရောက်တယ်။ နေ့လည်စာစားပြီး မိုင်းလားမှာသုံးဖို့ တရုတ်ငွေလဲကြရပါတယ်။ ပြီးတော့ ခရီးဆက်ကြတယ်။ လမ်းခရီးက ထင်သလောက် မဆိုးတာ တွေ့ရတယ်။ တောင်တွေကလဲ တောင်ကြီး – ကျိုင်းတုံလမ်းခရီးဘက်ကလောက် မများဘူး။ မြင့်လဲ မမြင့်ပါဘူး။ ရာသီဥတုက အေးမြမြနဲ့ ခရီးသွားရတာ သက်တောင့်သက်တာဖြစ်ပါတယ်။ လမ်းခရီးတစ်လျှောက် ကျေးရွာအနဲငယ်သာ တွေ့ခဲ့ရတယ်။ အမဲရောင်နယ်မြေဖြစ်လို့ မြို့ငယ်လေးတွေမှာ လုံခြုံရေးဂိတ်တွေရှိပါတယ်။ ခရီးသွားခြင်းကို မကြာခဏ ပိတ်ပင်ထားတဲ့နယ်မြေတွေဖြစ်လို့ ဒီနှစ်သွားခွင့်ရတုန်း သွားသင့်တယ်လို့ ခရီးသွားခေါင်းဆောင်ကပြောတယ်။ တခြားသွားနေကျနေရာတွေနဲ့ ကွာခြားတာကတော့ အမှန်ပါပဲ။
သွားရင်းနဲ့ နီးလာတဲ့အခါမှာ အလွန့်အလွန်များလှတဲ့ ငှက်ပျောခင်းတွေကို တွေ့ရပါတယ်။ မိုင်းလားမြို့ရဲ့ အဓိကစီးပွားရေးက ငှက်ပျောသီးစိုက်ခြင်းနဲ့ ကာစီနိုလောင်းကစားလုပ်ခြင်းပဲလို့သိခဲ့ရတယ်။ မီနီဘတ်စ်လို မှန်လုံကားတွေမှာ တူညီဝတ်စုံဝတ်ထားတဲ့ကောင်မလေးတွေကိုတင်ပြီး လောင်းကစားဝိုင်းတွေဆီကို သွားနေကြတာ မြင်ခဲ့ရပေမယ့် ဘယ်နေရာမှာရှိပြီး ဘယ်လိုကစားကြတယ်ဆိုတာကတော့ သွားမကြည့်လို့ မသိခဲ့ရဘူး။ တော်တော်များတဲ့ပမာဏရှိမယ်ဆိုတာကိုတော့ လမ်းတစ်လျှောက် မြင်ခဲ့ရတဲ့ ကားတွေကိုကြည့်ပြီး ခန့်မှန်းလို့ရခဲ့တယ်။
ညနေဘက်ရောက်မယ်လို့ ခန့်မှန်းခဲ့ပေမယ့် တကယ်တမ်း ကျွန်မတို့ရောက်သွားတော့ မိုးချုပ်စပြုနေပါပြီ။ ဖုန်းကြိုဆက်လို့မရတဲ့အတွက် (မိုင်းလားဘက်က တရုတ်ဖုန်း) ဟိုတယ်ရှာရတာနဲ့တင် တစ်နာရီလောက်ကြာသွားတယ်။ ဟိုတယ် ၃ ခု ခွဲပြီး တည်းခဲ့ရပါတယ်။ နိုင်ငံခြားတိုင်းပြည်တစ်ခုကိုရောက်သွားသလိုပဲ ဟိုတယ်တွေက တော်တော်ကောင်းပါတယ်။ ကျွန်မတို့ကို ဟိုတယ်အခန်းယူပေးပြီး ညနေစာကို ညဈေးတန်းဘက်မှာ ကိုယ့်အစီအစဉ်နဲ့ ဝယ်စားဖို့ပြောတယ်။ ကျွန်မအတွက်တော့ အရမ်းအဆင်ပြေတဲ့မြို့လေးပါ။ တရုတ်ပြည်က မြို့တစ်မြို့လိုဖြစ်နေတော့ အားလုံး တရုတ်စကားနဲ့ တရုတ်ပိုက်ဆံပဲ သုံးတယ်လေ။
မိုင်းလားမြို့မဈေးက ၂၄ နာရီ ဖွင့်တယ်ထင်ပါတယ်။ ညဘက်ရောင်းတဲ့ စားသောက်ဆိုင်တွေ အများကြီးပဲ။ အရမ်းကို စည်ကားပါတယ်။ ဈေးနှုန်းတွေကို လေ့လာကြည့်တဲ့အခါမှာတော့ တရုတ်ပြည်မဘက်ကထက် အနည်းငယ်ပိုများတာတွေ့ရတယ်။ ကျွန်မကတော့ တရုတ်စကားကောင်းကောင်းပြောတတ်လို့ ညနေစာအတွက် အဆင်ပြေအောင် မှာစားနိုင်ခဲ့တယ်။ ကျွန်မတို့ကတော့ ညနေစာစားပြီး ဟိုတယ်ပြန်ပြီး အိပ်ပါတယ်။ တခြားသူတွေကတော့ လျှောက်လည်ကြသေးတယ်။
မနက်မိုးလင်းတာနဲ့ မိုင်းလားဈေးထဲပြန်သွားပြီး မနက်စာ စားကြတယ်။ ဈေးရောင်းတာတွေလဲ လျှောက်ကြည့်ကြတယ်။ ထူးထူးခြားခြားထွက်ကုန်မရှိပဲ တရုတ်ဘက်ကဝင်တဲ့ပစ္စည်းတွေပဲများပါတယ်။ ဈေးအနဲငယ်ကြီးနေတယ်။ ပစ္စည်းတွေကို ဘာမှမဝယ်ပဲ အသီးအနှံနဲ့ ကျွန်မကြိုက်တဲ့ တရုတ်အစားအစာတွေပဲ ဝယ်စားခဲ့ကြတယ်။
မိုင်းလားမှာ လည်စရာဆိုလို့ ရွှေတိဂုံပုံတူစေတီတစ်ဆူနဲ့ နယ်စပ်ဂိတ်တစ်ခုပဲ ရှိပါတယ်။ ရွှေတိဂုံပုံတူစေတီကို တရုတ်ဘုန်းကြီးတွေ ထိန်းသိမ်းစောင့်ရှောက်ထားတာတွေ့ရပါတယ်။ ပြည်တွင်းက ဘုရားတွေကို သန့်ရှင်းတောက်ပြောင်နေခြင်းမရှိဘူး။
ဘုရားဖူးပြီးနောက် နယ်စပ်ဂိတ်ဆီကို သွားကြည့်ကြတယ်။ ဂိတ်ကြီးက သားသားနားနားအကြီးကြီးပဲ။ ဒါပေမယ့် တစ်ဖက်ပဲရတဲ့ဂိတ်ဖြစ်နေတယ်။ တရုတ်လူမျိုးတွေက သူတို့ ပက်ပို့စ်နဲ့ မြန်မာပြည်ထဲဝင်လို့ရပြီး မြန်မာတွေကတော့ တရုတ်ပြည်ထဲဝင်ဖို့ လူဝင်မှုကြီးကြပ်ရေးဂိတ်မရှိပါဘူး။ ခွေးတိုးပေါက်ကနေ ခိုးဝင်နိုင်တာကလွဲပြီး တခြားနည်းလမ်းမရှိဘူး။ မူဆယ်ဘက်ကလိုမျိုး တရုတ်နယ်နိမိတ်ထဲမှာ မြို့တစ်မြို့လဲ မရှိပါဘူး။
ဘယ်လိုပဲကြည့်ကြည့် ဒီနေရာက မြန်မာပြည်လို့ ဘယ်လိုမှပြောလို့မရအောင်ပဲ တရုတ်ပြည်လို့ပဲ ထင်နေရပါတယ်။ ဘုရားတစ်ဆူရှိနေလို့သာပဲ။ (ဦးခင်ညွန့်ကိုတောင် ကျေးဇူးတင်မိသေးတယ်)
ဒီလိုနေရာတွေကို ရောက်သွားတော့ ခံစားချက်က ဘယ်လိုကြီးမှန်းမသိဘူး။ မြန်မာပြည်မြေပုံထဲမှာပါနေတဲ့ ဒီမြို့က မြန်မာပြည်ဘက်က အုပ်ချုပ်နေတာမဟုတ်ပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး လူတွေအားလုံးက တရုတ်စကားပြောပြီး တရုတ်ပက်ပို့စ်ကိုင်ထားကြတဲ့ တရုတ်တွေဖြစ်နေတယ်။
ကျွန်မတို့ ခရီးသွားခေါင်းဆောင်ပြောသလိုပါပဲ .. ပြည်တွင်းခရီးစဉ်ပေမယ့် သွားဖို့ခက်ခဲတဲ့နေရာကို ကုမ္ပဏီအစီအစဉ်နဲ့ ရောက်ခဲ့တာဖြစ်လို့ သူ့ကိုတောင် ကျေးဇူးတင်ရပါတယ်။
ကဲ … ပြန်ကြတော့မယ် ..
အလာလမ်းအတိုင်း မိုင်းလားကနေ မနက် ၉ နာရီလောက်ပြန်ထွက်ပြီး ကျိုင်းတုံကို နေ့လည်စာထမင်းစားချိန် ထမင်းဝင်စားပြီး တောင်ကြီးဘက်ကို ပြန်ခဲ့ပေမယ့် အချိန်အခက်အခဲကြောင့် မိုင် ၃ဝ ပန်ခင်းမြို့မှာ ညအိပ်ခဲ့ကြရတယ်။ ကျိုက်ထီးရိုးတို့ ရွှေစက်တော်တို့မှာ ဝါးတဲလေးတွေမှာအိပ်ခဲ့ရတဲ့ ခံစားချက်နဲ့ တူညီပါတယ်။ ရာသီဥတုအေးလို့ ရေမချိုးနိုင်ဘူး။ မနက်စာစားပြီး တောက်လျှောက်ပြန်ခဲ့တာ ညနေပိုင်းမှာ ဟိုပုံးက ထမ့်ဆန်းလှိုင်ဂူဝင်ခဲ့ကြတယ်။ တခြားဘုရားဖူးလုံးဝမရှိတဲ့အချိန်မို့လို့ အရမ်းကောင်းတယ်။ တောင်ကြီးက စိန် ထမင်းဆိုင်မှာ ညစာစားပြီး တောင်ကြီးညဈေးတန်းကို လျှောက်ကြည့်ပြီး တစ်ညလုံးကားစီးပြီး ပြန်ခဲ့ကြတာ ရန်ကုန်ကို နောက်တစ်နေ့ မနက်ပိုင်း ၁ဝ နာရီလောက်မှာ ပြန်ရောက်ပါတယ်။
ရန်ကုန်အထိ ပြန်ပို့လိုက်ပြီနော် ..
ခရီးစဉ်အစအဆုံး စားစရိတ် တည်းစရိတ် ကားစရိတ် အားလုံးအပြီးအစီး တစ်ယောက်ကို (၃) သိန်း ကျပ် ကျပါတယ်။
တန်ပါတယ်လို့ပဲ မှတ်ချက်ပေးချင်ပါတယ်။။။
17 comments
weiwei
July 24, 2014 at 7:35 pm
ရွှေတြိဂံသို့ အလည်တစ်ခေါက် (၁)
http://myanmargazette.net/196684
ရွှေတြိဂံသို့ အလည်တစ်ခေါက် (၂)
http://myanmargazette.net/196785
ရွှေတြိဂံသို့ အလည်တစ်ခေါက် (၃)
http://myanmargazette.net/196882
ရွှေတြိဂံသို့ အလည်တစ်ခေါက် (၄)
http://myanmargazette.net/197065
ရွှေတြိဂံသို့ အလည်တစ်ခေါက် (၅)
http://myanmargazette.net/197130
ရွှေတြိဂံသို့ အလည်တစ်ခေါက် (၆)
http://myanmargazette.net/200722
ရွှေတြိဂံသို့ အလည်တစ်ခေါက် (၇)
http://myanmargazette.net/200837
သွားလည်ချင်တဲ့သူရှိရင် လေ့လာလို့ရအောင် မှတ်တမ်းတင်ပေးထားတာဖြစ်ပါတယ်။
black chaw
July 24, 2014 at 8:07 pm
ဒါနောက်ဆုံးအပိုင်းပေါ့။
လင့်လေးတွေစုပေးထားတာ တော်တော် အဆင်ပြေတယ်ဗျ။
တစ်စုတစ်စည်းတည်း ဖတ်လို့ရတာပေါ့။
သုံးသိန်းဆိုတော့ တန်တယ်လို့ပဲ ပြောရမယ်ခင်ဗျ။
weiwei
July 24, 2014 at 10:25 pm
ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားဖို့ တော်တော်ခက်တဲ့နေရာတွေမို့လို့ စိတ်အေးလက်အေး ဘာမှပူစရာမလိုပဲ သွားရတာ တန်ပါတယ်။ ရေသန့်ကအစ လုံလောက်အောင် ပေးပါတယ်။ မနက်စာမရတဲ့ တည်းခိုခန်းတွေမှာတည်းတဲ့အခါလဲ မနက်စာကို စီစဉ်ပေးပါတယ်။
ကားကြီး ၂ စီး လူပေါင်း ၈ဝ ကျော်ရဲ့ ဒါဏ်ကို သီးခံရတာကတော့ ရေးတတ်ရင် ဝတ္ထုတစ်ပုဒ်ဖြစ်နိုင်တယ်။
အရီးခင်
July 24, 2014 at 10:07 pm
ဝေဝေ
အခုမှဘဲ အစ က ပြန်ဖတ်ရတယ်။
၁ဝရက်ခရီး ၃သိန်း က ဒီခေတ်ဈေးနှုန်း နဲ့အတော်လေး တန်တယ်ပြောရမလားဘဲ။
(၂) မှာ ပြထားတဲ့ မြေပုံ ကြည့်တော့ အဲဒီ နေရာ တွေ က တစ်ချိန်က မငြိမ်းချမ်းတဲ့ နေရာတွေပေါ့။
တစ်နေရာ နဲ့ တစ်နေရာ ကူးချိန်ဆို စစ်ယာဉ်တန်း ရှိမှတဲ့။
အဖေ က မိုင်းဖြတ်၊ တာချီလိတ်၊ မဲဆိုင် မှာ နေဖူးတယ်။
မောင်လေး တွေ သွားလည် ပေမဲ့ အရီးက တော့ ကျောင်းတစ်ဖက် အလုပ်တစ်ဖက် နဲ့မို့ မရောက်ခဲ့ဘူး။
အခုတော့ အများတောင် အလည်သွားနိုင် နေအောင် ငြိမ်းချမ်းသွားတာမို့ ဝမ်းသာစရာပါ။
(၃) မှာ စာကလေးတွေ ခမျာ ထောင်ကြီး ထဲက ထောင်လေး ထဲ ဝင်ပြီးမှ လွတ် ရတဲ့ ဘဝ ပါလား တွေးမိသေး။
(၄) မှာ Tesco ကို တွေ့တယ်။ ဒီ Tesco က ယိုးဒယားမှာတော့ အလုပ်ဖြစ်တယ်။ တရုတ်မှာတော့ သိပ်မအောင်မြင်ဘူးတဲ့။
တာချီလိတ် က မြန်မာနိုင်ငံ မြို့တွေထဲမှာ အတော် ခေတ်မှီတာခေါ်မှာ။ ဝေဝေ ပြောမှ မဲဆိုင် နဲ့ ယှဉ်တော့ မှိန်သွားရော။
မဲဆိုင်က အရင်က ဒီလောက် မတိုးတက်သေးဘူး ထင်မိတယ်။
အခုတော့ ကျော်တက်သွားတာပေါ့။
ရှူခင်း တွေ တစ်အားလှတယ်။
သတင်းစာထဲ ပါတဲ့ ခရီးသွားဆောင်းပါး မို့ ဂုဏ်ယူပါတယ်။
ခရီး မှာ ရွာက လူတွေ ကိုပါ ခေါ်သွားလို့ ရောက်ဖူးသွားတာကြောင့် ကျေးဇူးလဲ အများကြီး တင်ပါတယ် ချစ်ညီမ ရေ။
:-))
weiwei
July 24, 2014 at 10:20 pm
သေသေချာချာဖတ်ပြီး ကွန့်မန့်ပေးထားလို့ ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ အရီးရေ …
ဒီခရီးစဉ်အကြောင်းမှတ်တမ်းကျန်ခဲ့အောင် တော်တော်လေးကြိုးစားပြီး ရေးတင်ခဲ့ရတယ် … အချိန်နဲနဲကြာသွားလို့ မေ့တေ့တေ့တောင်ဖြစ်နေခဲ့တာ ..
ဆိုးတာတစ်ခုက ခရီးစဉ်အတွက် tour guide တစ်ယောက်က ရန်ကုန်ကနေထွက်တုန်းက ပါလာခဲ့ပြီး ညောင်ရွှေမှာ တစ်ညအိပ်ချိန်မှာ ကုမ္ပဏီနဲ့ ဘာဖြစ်တယ်မသိဘူး မနက်မိုးလင်းတော့ ပြန်သွားခဲ့တယ်။ လူသစ်ရှာဖို့လဲ မဖြစ်နိုင်လို့ ဒီအတိုင်း ဂို်က်မပါပဲသွားရတော့ ဘာမှသေချာမသိခဲ့ရဘူး။ ဓါတ်ပုံပဲရိုက်ပြီး နောက်မှ အင်တာနက်ကနေရှာမယ်လို့ စိတ်ကူးခဲ့တယ်။
အခုပို့စ်တွေမှာ မသိတဲ့နေရာကျော်ရေးခဲ့ပေမယ့် သိတဲ့သူတွေက ကွန်မန့်ဝင်ပေးတဲ့အတွက် ပြည့်စုံသွားပါတယ်။
Crystalline
July 25, 2014 at 6:07 am
သုံးသိန်းဆိုတော့ ဈေးကအတော်ပါပဲ… တာချီလိတ်…မယ်ဆိုင်က ယိုးဒယားစကားမတတ်လည်း အဆင်ပြေပေမယ့်… မိုင်းလားကတော့ တရုတ်စကား အခါ,,လားဟူစကားမှမတတ်ရင် ခက်ခဲတာကိုယ်တွေ့.. မဝေရိုက်ခဲ့တဲ့ပုံအချို့ထဲ သများမှာလည်းရှိတယ်…. :))
weiwei
July 25, 2014 at 9:12 am
ဈေးနှုန်းက တန်ပါတယ်။ လူများလို့ သီးခံရတာလေးတစ်ခုပဲ။ ဒါလဲ ယူတတ်ရင် အတွေ့အကြုံတစ်မျိုးပေါ့နော် ..
ကားပေါ် ၂ ည နဲ့ ကျိုင်းတုံ အသွားအပြန် လမ်းမှာ ၂ ည အိပ်ရတဲ့ ညတွေကလွဲရင် ကျန်တဲ့ညတွေကို ဟိုတယ်အကောင်းတွေမှာ တည်းပေးတယ်။ ရေသန့်ကအစ အမြဲဝေပေးနေတယ်။ တစ်ချို့ရက်တွေ နေ့ခင်းဘက်တောင် ကော်ဖီတိုက်ပါတယ်။
ကုမ္ပဏီနံမည်က NEW STAR ..
ခင်ဇော်
July 25, 2014 at 8:41 am
အစားအသောက်ကျတော့ ရှမ်းတရုတ် စာလိုမျိုးပဲပေါ့ နော်၊ ဝေ?။
ဈေးဝယ်လို့ရော ကောင်းသလားးး?
:mrgreenn:
ဘယ်နေရာခေါ်ခေါ် ဒီ ၂ မျိုးပဲ စိတ်ဝင်စားတယ်။
:mrgreenn:
weiwei
July 25, 2014 at 9:07 am
အစားအသောက်က တရုတ်စာတွေပေါ့ .. ပြည်မထဲက နံမည်ကြီးတဲ့ မြို့နယ်တွေရဲ့ အစားအသောက်ဆိုင်တွေရှိတယ် .. ဥပမာ စီချွမ်ဆိုင်လိုမျိုး ..
အဲဒီမြို့က လောင်းကစားမြို့တော်ဆိုတော့ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေကောင်းပေမယ့် ဈေးဝယ်လို့တော့ မကောင်းဘူး ..
မြန်မာစားသောက်ဆိုင်တစ်ဆိုင်ရှိတယ် … ခရီးသွားဖော်တော်တော်များများက မြန်မာဆိုင်မှာသွားစားကြတယ် … ကျွန်မကတော့ ရောက်တုန်းရောက်ခိုက် တရုတ်ဆိုင်မှာပဲစားခဲ့တယ် …
လမ်းခရီးတစ်လျှောက် ဗမာဆိုင်တွေမှာပဲ စီစဉ်ပေးတာများပါတယ်။ ဖုန်းကြိုဆက်ပြီး လူ ၉ဝ စာ အဆင်သင့်ပြင်ထားခိုင်းပြီး တစ်ခါထဲ ဝင်စားလို့ရအောင်လုပ်ပေးတယ်။ နယ်မြို့လေးတွေဆိုတော့ လူအများစာမှာထားတဲ့အခါ ပုံမှန်ဟင်းပွဲရဲ့ တစ်ဝက်လောက်ပဲပါတာတွေ့ရတယ်။ ဈေးကျတော့ လုံးဝမလျော့ဘူး။ လစ်ရင်လစ်သလို ဟင်း ၂ ပွဲ စားသွားတဲ့လူတွေကရှိသေးတယ်။ ဆိုင်ရှင်ကလဲ သူ့ဟင်းပွဲတွေကို သေချာမှတ်ထားတာဆိုတော့ အားလုံးပြီးရင် အမြဲတမ်း ငြင်းနေကြရတာချည်းပဲ။
သူတို့တွေငြင်းနေကြတာနဲ့ အချိန်တွေလဲ တော်တော်ကုန်တယ် .. တစ်ခါတစ်လေများဆို တစ်နာရီလောက်တောင်ကြာတယ် ..
Ma Ei
July 25, 2014 at 9:50 am
ပုံလေးတွေကြည့်ရင်း စိတ်ထဲ တစ်မျိုးဖြစ်နေတာ…ဝေ ရေးထားတဲ့ …
ဒီလိုနေရာတွေကို ရောက်သွားတော့ ခံစားချက်က ဘယ်လိုကြီးမှန်းမသိဘူး။ မြန်မာပြည်မြေပုံထဲမှာပါနေတဲ့ ဒီမြို့က မြန်မာပြည်ဘက်က အုပ်ချုပ်နေတာမဟုတ်ပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး လူတွေအားလုံးက တရုတ်စကားပြောပြီး တရုတ်ပက်ပို့စ်ကိုင်ထားကြတဲ့ တရုတ်တွေဖြစ်နေတယ်….
ဒီစာလေးဖတ်လိုက်ရတော့မှဘဲ…တူတူခံစားမိနေပါလားနော်…
🙁
weiwei
July 25, 2014 at 4:03 pm
တကယ်တော့ စိတ်ထဲမှာ ဒီနေရာပါ မြေပုံထဲကနေများ ပါသွားတော့မလားဆိုပြီး တွေးမိသွားလို့ပါ …
မယ်ဆိုင်ဆိုတာ အရင်က မြန်မာပြည်ကပိုင်ခဲ့တာလို့ သိခဲ့ရတယ် ..
kyeemite
July 25, 2014 at 1:20 pm
အတော်ကြိုးစားပြီးပြည့်စုံအောင်ရေးထားလို့ ကိုယ်တိုင်လိုက်ပါ လည်ပါတ်ရသလိုခံစားရပါတယ်…
ခရီးတွေသွားဖြစ်နေတာ မဝေကိုအားကျပါတယ်..ကျုပ်ဖြင့်ဘယ်ခရီးမှမထွက်ဖြစ်တာကြာပေါ့
alinsett (gazette)
July 25, 2014 at 3:15 pm
ပုံတွေကို…တဝကြီး..ကြည့်ရှု ခံစားပြီး…ခရီးထွက်လိုက်ပါတယ်..အန်တီဝေ…
ခရီးစဉ် အစအဆုံး…တစ်ယောက် သုံး သိန်း…..
မနည်းဘူးပဲ… ။ တန်တယ်လို ့…. ကိုယ်တိုင်ကိုယ်ကျ သွားတဲ့သူက…မှတ်ချက်ပြုတော့လည်း…
အကုန်အကျခံမယ့်သူ ရှိရင်..သွားချင်သား…
weiwei
July 25, 2014 at 4:08 pm
အစ်မလဲ အကုန်အကျခံမယ့်သူရှိလို့ လိုက်သွားလိုက်တာ .. လခစားဆိုတော့ တစ်ခါထဲနဲ့ များများစားစား မသုံးနိုင်ဘူးလေ .. ဘယ်လိုပဲပိုက်ဆံစုမယ်စဉ်းစားလဲ အချိန်တန်ရင် အကုန်ကုန်သွားတာချည်းပဲ ..
အလင်းဆက်ရဲ့ ကရင်ပြည်နယ်ခရီးစဉ်လဲ ပျော်စရာကောင်းပါတယ် .. ကရင်ပြည်နယ်က မြန်မာပြည်ထဲမှာ အလှဆုံးပဲလို့ထင်တယ် … တစ်ခါလောက် အေးအေးဆေးဆေး သွားလည်အုန်းမယ်လို့ စိတ်ကူးထားတယ် ..
padonmar
July 26, 2014 at 1:35 am
ခုမှပဲ အားလုံးပေါင်းပြီး လိုက်လည်သွားရတော့တယ်ဝေရေ။
ဦးကြောင်ကြီး
July 27, 2014 at 4:37 am
ဘိန်းဗျင်ဂျီး
အေတီဝမ်
ခွီးထွက်တာ
ရွှေတြိဂံ..
အိမ်အပျံမှာ
ဘိန်းသယ်ခ
ဒေါ်လာ
တသောင်းရ..
ဂေဇက်စာမြူ း
ဘုရားဖူး
သူ့ကိုယ်သူတော့
တရားထူး..။
ခေတ်သစ်ပေါက်ကျိုင်း
July 27, 2014 at 7:08 pm
ငါတို့တွေ ဒီလောက်တောင်အနိုင်ကျင့်ခံနေရပါလားနော်…သူတို့လာဖို့အတွက်ငါတို့ ကဂိတ်နဲ့ကြိုဆိုရတယ်..ငါတို့အတွက်တော့ ခွေးတိုးပေါက်တဲ့…ေဩာ်…ကောင်းလေစွ..ကောင်းလေစွ..
မန္တလေးမြို့ကြီး မကျဆုံးပါစေနဲ့လို့ဆုတောင်းမိပါတယ်ဗျာ…