အဲဒီညနေ

ဆုျမတ္မိုးOctober 16, 20141min2105

ခုတလော အလုပ် ၊ ကျောင်း ၊ အိမ်နဲ့ နပန်းလုံးနေရတာမို့ အစားကောင်းသောက်ကောင်းတွေနဲ့ဝေးနေတာကြာပါပြီ ။ အရင်နေခဲ့တဲ့အိမ်က shopping center နဲ့နီးတော့ အလုပ်က ပြန်လာတိုင်း shopping center ထဲမှာဝင်စားဖြစ်ပါတယ်။ အခု အိမ်အသစ်က စားသောက်ဆိုင်တွေ food court တွေ shopping center တွေနဲ့ ဝေးတာမို့ အိမ်မှာပဲ ဖြစ်သလိုစားဖြစ်နေခဲ့ပါတယ် ။ အစားအစာနဲ့ပက်သက်လာရင် ကျမက အင်မတန်ချီးထူတဲ့သူ ။ အသား ထဲမှာ ကြက်သားတစ်မျိူးပဲ စားပြီး ပင်လယ်အနည်းအကျဉ်း (ငါးဖယ် ၊ ငါးကြင်း ၊ ကတ်ကတစ် ၊ ပုဇွန်) ပဲစားတာမို့ ကျမအတွက် အစားအစာ range ကအရမ်းနည်းပါတယ် ။ တော်သေးတာတစ်ခုက ကျမက အသီးအရွက်မျိူးစုံကိုစားတတ်တာလေးတစ်ခုပါပဲ ။ ထမင်းကြော် တွေ ပဲတွေ ၊ နို့ထွက်ပစ္စည်းတွေလည်း မစားသလောက်နည်းပါးပါတယ် ။ လူကိုကြည့်ရင်သာထွားထွားကျိုင်းကျိုင်းပေမယ့် အစားချီးထူချက်က လက်လန်အောင်ပါပဲ ။

လွန်ခဲ့သောနှစ်တွေက ကျမမှာ သွေးသားမညီညွတ်တဲ့ရောဂါစဖြစ်ပါတယ် ။ ဆေးတွေ၊ test တွေ အကုန်လုပ်ပေမယ့် ရောဂါရှာမတွေ့ပါဘူး ။ လူတစ်ကိုယ်လုံးကောင်းနေပေမယ့် သွေးသားကလုံးဝမမှန်ပါဘူး ။ tea တွေ၊ supplement (primrose) တွေသောက်ပေမယ့် ဒုံရင်းက ဒုံရင်းမို့ လက်လျော့ထားတာပါ။ အရင်တစ်ရက်က မြတ်ကြည်နဲ့ blog အကြောင်းကိုစကားပြောဖြစ်တော့  မြတ်ကြည်ကို တလက်စတည်းမေးကြည့်လိုက်ပါတယ်..။  မြတ်ကြည်က ကျမရဲ့ food intake ကို ကြည့်ပြီး iron deficiency ဖြစ်နိုင်တာမို့ iron ၊ folic acid ရယ် vitamin E သောက်ဖို့အကြံပေးပါတယ် ။ ဒီက ဆရာဝန်တွေကလည်း လူနာရဲ့ history ကို မစစ်ဘဲ သွေးသားမမှန်ရင် ဟော်မုန်း balance ဖြစ်စေမယ့် ဆေးတွေပေးတာမို့ ကျမကမသောက်ချင်လို့ ဒီအတိုင်းပဲနေနေဖြစ်တာကြာပါပြီ။ မြတ်ကြည်အကြံပေးတဲ့ဆေးနည်းလေးက  ဘေးထွက်ဆိုးကျိူးလည်းမရှိတာမို့ သူအကြံပေးသလိုပဲ ဆေးသောက်မယ်ဆိုပြီး ဆုံးဖြတ်ကာ ဆေးတွေသွားဝယ်ဖြစ်ပါတယ်။အိမ်နားမှာလည်း ဘာဆေးဆိုင်မှမရှိတာမို့ China Town ကိုသွားပြီး ဆေးဝယ်ရပါတယ်။

ပြန်လာတော့လမ်းမှာ sea food ဆိုင်လေးတစ်ဆိုင်ကိုတွေ့တာမို့ ညစာကောင်းကောင်းစားမယ်ဆုံးဖြတ်ပြီး ဆိုင်ကိုဝင်လိုက်ပါတယ် ။ ဆိုင်က ဈေးရဲ့ထောင့်နေရာကောင်းလေးမှာရှိနေတာပါ ။ ဒီက sea food ဆိုင်တွေရဲ့ ထုံးစံအတိုင်း ပင်လယ်စာတွေအများကြီးရပေမယ့် ကျမကတော့ ပုဇွန်ရယ် ၊ အရွက်ကြော်လေးတွေမှာလိုက်ပြီး စားဖို့ထိုင်စောင့်နေပါတယ် ။ sea food ဆိုင်ရဲ့ ဘေးမှာ အသီးတွေရောင်းတဲ့ဆိုင်လေးတစ်ဆိုင်ရှိပါတယ် ။ ဈေးဆိုပေမယ့် ညနေစောင်းနေပြီမို့ရယ် အဲဒီပတ်ဝန်းကျင်က လူနည်းတာကြောင့်ရယ် အေးအေးချမ်းချမ်းတိတ်ဆိတ်ဆိတ်နဲ့ နေလို့ကောင်းပါတယ်။ မြန်မာပြည်မှာဆိုရင် လက်ဖက်ရည်ဆိုင်ထိိုင်တဲ့အရသာနဲ့ခပ်ဆင်ဆင်ပေါ့ ။ ကျမကအဲလိုဆိုင်လေးတစ်ဆိုင်မှာ ငြိမ်ငြိမ်လေးထိုင်ပြီး ဟိုတွေးဒီတွေးနေရာကိုကြိုက်တာမို့ စိတ်အေးလက်အေးနဲ့ထိုင်နေဖြစ်ပါတယ် ။ ခဏလောက်ကြာတော့ ကျမထိုင်နေတဲ့ခုံနဲ့ မနီးမဝေးမှာ ဘေးနားက အသီးဆိုင်က ဆိုင်ရှင်ဖြစ်ပုံရတဲ့ ဦးလေးတစ်ယောက်ဟာ ပန္နဲသီးအမှည့်တစ်လုံးကို ခုံပေါ်တင်ကာ စိတ်ရှည်လက်ရှည်ခွဲပါတယ်..။ ရလာတဲ့အမွှာဝါဝါလေးတွေကို ပလက်စတစ်ဘူးထဲကိုပြောင်းထည့်နေတာကို ကျမလည်းစိတ်ဝင်တစားထိုင်ကြည့်နေမိပါတော့တယ် ။ ဓါးကလေးနဲ့ လှီးလိုက် အမွှာလေးတွေကိုဘူးထဲထည့်ပုံကလည်းကျွမ်းကျင်လွန်းလှတာမို့ ကျမက ကြည့်ကောင်းကောင်းနဲ့ထိုင်ကြည့်နေခြင်းပါ ။

ခဏလောက်နေတော့ သူ့အမျိူးသမီးဖြစ်ပုံရတဲ့မိန်းမက ပလက်စတစ်ဘူးလေးတွေကိုလာယူပြီး ဆိုင်ခုံပေါ်မှာတင်လိုက်ပါတယ် ။ ဆိုင်ခုံပေါ်မှာလည်း သရက်သီး ၊ ပန်းသီး ၊ လိမ္မော်သီးတွေမျိူးစုံရှိနေတဲ့အပြင် ဆိုင်ရှင်ဦးလေးခွဲနေတဲ့ ပန္နဲသီးကလည်းလတ်လတ်ဆတ်ဆတ်နဲ့စားချင်စဖွယ်ရှိတာမို့ ပြန်ရင်တော့ ပန္နဲသီးရယ်..တခြားအသီးလေးတွေဝင်ဆွဲဦးမယ်လို့ တေးထားဖြစ်ပါတယ် ။ ညစာကလည်းတော်တော်ကြာတဲ့အထိမရသေးတာမို့ ကျမလည်း ပန္နဲသီးခွဲနေတာကိုပဲ ထိုင်ကြည့်နေမိပါတယ်..။ အဲဒီအချိန်မှာ ကျွန်မလိုပဲ ပန္နဲသီးဝါဝါလေးတွေရဲ့ဆွဲဆောင်မှုကိုခံရပုံရတဲ့ လမ်းသွားလမ်းလာအမျိူးသမီးတစ်ယောက်က ပန္နဲသီးကိုဈေးမေးပါတယ်..။ ဆိုင်ရောင်းနေတဲ့ အမျိူးသမီးကလည်း စိတ်အေးလက်အေးနဲ့ သတင်းစာကြည့်နေရင်းကနေ ဈေးတစ်ခုကို ပြန်ပြောလိုက်ပါတယ် (နည်းနည်းအလှမ်းဝေးတာရယ် တရုတ်စကားနားမလည်တာရယ်အတွက် ဘာဈေးပြောလိုက်မှန်း ကျမ မကြားလိုက်ပါဘူး ) ဒါပေမယ့် ပြောဈေးက ဈေးများနေပုံရပါတယ် … ဈေးဝယ်မယ့်သူက ပန္နဲသီးမှည့်ဘူးလေးတွေကို သံယောဇဉ်မပြတ်စွာ လှည့်ကြည့်လှည့်ကြည့်နဲ့ မဝယ်ဖြစ်ဘဲ ပြန်သွားပါတော့တယ်..။ ဈေးဝယ် ပြန်သွားတာနဲ့ ဆိုင်ရှင်အမျိူးသမီးကို ခုထိ ပန္နဲသီးခွဲနေတဲ့ ဆိုင်ရှင်ဦးလေးက မေးပါတယ်..။ ဘာလဲ.. ဘယ်လောက်လဲ ဘာညာပေါ့…။ အတိအကျနားမလည်ပေမယ့် ကြည့်နေရင်းနဲ့ ကျမသိလိုက်တာကတော့ ဆိုင်ရှင်ဦးလေးကြီးက သူ့အမျိူးသမီးကို  တစ်ခုခုကို တလွဲလုပ်လိုက်လို့ အားရပါးရ ငေါက်လိုက်ပါတော့တယ် ။ တရုတ်မှာ ဈေးဦးအယူအဆတွေရှိမရှိ ကျမ မသိပေမယ့် ဆိုင်ရှင်ဦးလေးက လက်အိတ်စွပ်ထားတဲ့လက်ကြီးနဲ့ ခါးထောက်ပြီး ဓါးသေးသေးလေးကို ဘယ်လက်ကနေ ကိုင်ရင်း ဆိုင်နားမှာ ဟိုဘက်သွား ဒီဘက်လာတဲ့ တောက်လျှောက်ကြီးကိုဆူနေပါတော့တယ်..။ သူ့အမျိူးသမီးကလည်း ခုံမှာထိုင်ပြီး သတင်းစာအကြည့်မပျက်…နည်းနည်းလေးမှကို ဂရုမစိုက် (မျက်နှာလေးတောင် မစူပုတ်ဘဲ) အေးအေးဆေးဆေး ထိုင်နေတာပါ..။ အမျိူးသမီးရဲ့ အမူအရာကို ကျမတော်တော်လေး သဘောကျသွားပါတယ်..။

ဒီလောက်ဆူပူနေတဲ့ ယောက်ျားကို နည်းနည်းလေးမှ အဖက်မလုပ် ၊ ဂရုမစိုက်ဘဲ ကိုယ့်ဟာကိုယ်စိတ်အေးလက်အေးသတင်းစာဖတ်နေနိုင်ခြင်းပါ ။ ဆိုင်ရှင်အမျိူးသားက သူ့မိန်းမကိုဆူတဲ့အပြင် ဘေးခန်းက အဖွားကြိးကိုသွားတိုင်လိုက်ပါသေးတယ် ၊ ခဏနေရောက်လာတဲ့ သူ့ရဲ့သားကိုပါ သူ့အမေအကြောင်းကိုတိုင်နေပြန်ပါတယ်..။ လူဝဝကြီးတစ်ယောက် ဓါးသေးသေးလေးကို လက်တစ်ဖက်က ကိုင်ပြီး ခါးထောက်ပြီး ဒေါသထွက်ကာ ပွစိ ပွစိ ၊ ဗျစ်တောက်ဗျစ်တောက် ဆူနေပုံက ဘေးကကြည့်နေသူအဖို့တော်တော်လေးရယ်ရပါတယ်..။ ဒါ့အပြင် သူ့အမျိူးသမီးက သူ့ကိုလုံးဝဂရုမစိုက်ဘဲ စိတ်အေးလက်အေးသတင်းစာထိုင်ဖတ်နေတာက ပိုပြီးရယ်ရပါတယ် ။ မျက်နှာလေးတောင်လုံးဝအပြောင်းအလဲမရှိဘဲ ခပ်အေးအေးမျက်နှာပေးနဲ့ သတင်းစာထိုင်ဖတ်နေပုံက တကယ်ပဲ ချီးကျူးစရာပါ ။ သူ့နေရာမှာ ကျမသာဆိုရင် ရန်တစ်ပွဲဖြစ်သွားဖို့တစ်ရာ ရာခိုင်နှုန်း သေချာပါတယ် ။ မတော်လို့ မှားတာ ၊ ပန္နဲသီးလေးတစ်ဘူးမရောင်းရတဲ့အတွက် နာရီဝက်လောက်သာ ဗျစ်တောက်ဗျစ်တောက်လာလုပ်လို့ကတော့ ကျမအနေနဲ့ ဘယ်လိုမှသည်းခံနိုင်မှာမဟုတ်ပါဘူး ။ စကားနဲ့ နည်းနည်းလေးမှတင်စီးတာကိုတောင် မခံနိုင်တဲ့ ကျမဟာ အဲဒီ ခါးထောက်ပြီးဆူနေတဲ့ ဦးလေးကြီးလို…..ကိုယ်ကပဲဗျစ်တောက်ဗျစ်တောက်လုပ်ချင်တဲ့သူပါ..။ ကိုယ့်ကိုဆူတာမကြိုက်ပေမယ့် ကိုယ့်ဘက်က ဆူစရာ ပြောစရာရှိရင် သေးသေးမွှားမွှားပေမယ့် မပြီးမစီးနိုင်ဆူတတ်တဲ့သူမျိူး ၊ သူ့ကို ကြည့်ရင်း ကိုယ့် ကိုကိုယ် ပြန်မြင်လာမိပါတယ်။

အရင်ရက်ကလည်း ဘေးအိမ်က လမ်းမှာချထားတဲ့ ပန်းအိုးက ကျမရဲ့ ပိုက်ဆံအိတ်က ကြိုးနဲ့ငြိပြီး ပန်းအိုးကြီး မှောက်လဲသွားလို့ ဘေးအိမ်က အိမ်ရှင်ဆီမှာအပြောခံရပါတယ်..။ ပန်းအိုးကိုနဂိုနေရာမှာ ထားခဲ့ပြီး ပန်းအိုးက ကျလာတဲ့ မြေကြီးတွေလမ်းမှာ ပွသွားပေမယ့် လူသွားလမ်းမှာ ပန်းအိုးအကြီးကြီးကိုချထားတော့ တိုက်မိပြီပေါ့လို့ (ကိုယ့်အမှားလို့ မယူဆတဲ့အတွက်) sorry လို့တောင် တစ်ခွန်းမပြောဘဲဒီအတိုင်းပဲ အိမ်ပြန်လာခဲ့ပါတယ်။ အိမ်ရှင်ကလည်းသူ့ကို ဆောရီးလို့မပြောလို့ မကျေနပ်တာ တနုံ့နုံ့ ကျမကလည်း ၊ အပြောခံလိုက်ရလို့စိတ်တိုတာတွေပေါင်းပြီး အဲနေ့က တစ်နေ့လုံးစိတ်ဆိုးပြီး မြင်မြင်သမျှရမ်းနေမိတာ ခုနက ပန္နဲသီးခွဲနေတဲ့ဦးလေးကြီးလိုပဲ ဗျစ်တောက်ဗျစ်တောက် နဲ့ တစ်နေကုန်အောင် လူတိုင်းနဲ့လိုက်ပြီးရန်ဖြစ်နေမိတာပါ ။ ဘယ်လောက်တောင်ပူလောင်လိုက်တဲ့ ကျမလဲနော် ။ အဲဒီရက်နောက်ပိုင်းတွေမှာလည်း အဲဒီအိမ်ရှေ့က ဖြတ်တိုင်း ပန်းအိုးကို ကန်ချင်သလိုလို ၊ ပန်းအိုးကြီးကိုသယ်ပြီး အမှိုက်ပုံထဲသွားပစ်ပလိုက်ချင်စိတ်ပေါက်နေလို့ မနည်းစိတ်ထိန်းထားရပါတယ် ။

တကယ်တမ်းက ကျမမှာလည်း ကျမပြသနာနဲ့ကျမ ၊ အိမ်အသစ်ပြောင်းတာမို့ ပင်ပန်းတာရယ် ၊ ကျောင်းကြောင့် ပင်ပန်းတာရယ် ၊ အလုပ်ကြောင့်စိတ်ဖိစီးတာရယ်ပေါင်းပြီး  စိတ်ရာသီဥတုက ဘယ်လိုမှကိုမသာယာနိုင်တာပါ ။ ကျမရဲ့ အနီးဆုံးမှာရှိနေတဲ့သူ (ချစ်သူ)ကလည်း အသီးသည်ဦးလေးရဲ့ မိန်းမလို…ခပ်အေးအေးနဲ့ ကျမစိတ်တိုသမျှကိုဗွေမယူဘဲ အေးရာအေးကြောင့် ခွင့်လွှတ်နားလည်သည်းခံပေးသူမို့ပါ ။ သူသာ ကျမလို စိတ်လက်တစ်ဆစ်ပဲရှိတဲ့သူဆိုရင်တော့ တွေ့တိုင်းနပန်းပဲလုံးနေရမှာပါ ။ အဲလောက်ထိတောင်ကျမစိတ်တွေခက်ထန်မာကြောနေခဲ့တာပါ ။ မိဘအိမ်ရဲ့ အဝေးကိုရောက်နေတဲ့ငါးနှစ်တာအတွင်း ကျမရဲ့စိတ်တွေတော်တော်လေးပြောင်းလဲသွားပြီး ခက်ထန်မာကြောသွားပါတယ် ။ ဘဝကပေးတဲ့သင်ခန်းစာတွေ၊ လူတွေကပေးတဲ့သင်ခန်းစာတွေကို လေ့လာရင်း နှလုံးသားက အသားမာတက်လာတဲ့သဘောပေါ့ ဒါတောင် ကျမရဲ့ပတ်ဝန်းကျင်ကလူတွေက ကျမအပေါ်မှာအရမ်းနွေးထွေးနားလည်ပေးကြတဲ့သူတွေပါ ။ စာမလာ သတင်းမကြားလုပ်နေပေမယ့် ဖုန်းလေးတစ်ချက် ကောက်ဆက်လိုက်ရင် အစစအရာရာနားလည်ပေးတဲ့ သူငယ်ချင်းတွေ၊ ကူညီပေးမယ့် မိတ်ဆွေတွေအများကြီးပါ ။ မိဘတွေကဆိုရင်လည်း ပိုက်ဆံ တစ်ပြားတစ်ချပ်မှ မပို့ရင်တောင် သမီးမှာမရှိလို့မပေးတာဆိုပြီး ဖြည့်နားလည်ပေးတဲ့မိဘမျိူးပါ ။ စိတ်ညစ်လာရင်လည်း သမီးလေ……အရမ်းစိတ်ညစ်တာပဲလို့ ပြောလိုက်ရင် ဆုံးမပြီး အားပေးတတ်တဲ့ ဆွေမျိူးသားချင်း အဒေါ်ဦးလေးတွေလို ချစ်ရတဲ့ blogger တွေလည်းရှိပါတယ်။

ထမင်းစားပြီးတဲ့အချိန်အထိ ကျမအတွေးတွေအဆက်မပြတ်နိုင် ။ လူရယ်လို့တစ်ဘဝဖြစ်လာတဲ့အထဲမှာ ပန္နဲသီးခွဲနေတဲ့ဦးလေး ပူလောင်မှုတွေနဲ့ဖြတ်သန်းမလား ၊ သတင်းစာထိုင်ဖတ်နေတဲ့ အန်တီလို စိတ်အေးလက်အေးနေမလား…..လို့ ကိုယ့်ကိုကိုယ်မေးခွန်းထုတ်မိပါတယ် ။ ကျမနေ့စဉ်ဘဝရဲ့ဒုက္ခတွေဟာ တချို့လူတွေအတွက်သုခထက်တောင်ပိုတဲ့အနေအထားမှာ ကျမဘာလို့စိတ်ပင်ပန်းခံနေမှာလဲ……….အဲဒီညနေမှာပဲ ကျမခိုင်ခိုင်မာမာဆုံးဖြတ်လိုက်မိပါတယ်..ဘယ်လိုပဲဖြစ်ဖြစ် စိတ်ကိုအအေးချမ်းဆုံးထားပြီး နေ့စဉ်ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပါ့မယ်လို့ ………။

5 comments

  • Yae Myae Tha Ninn

    October 16, 2014 at 10:16 am

    နောင်ခါလာ နောင်ခါ ဈေး က တခါ တလေ ကောင်းပါတယ်… မဆုမြတ်မိုး…ရေ… 🙂

  • အလင်းဆက်

    October 16, 2014 at 11:30 am

    မနေ့ကဆိုတာလည်း ပြီးသွားပြီ
    မနက်ဖြန်ဆိုတာလည်း ရောက်မလာသေးဘူး
    ဒီနေ့က သေချာတယ်…
    ဒီနေ့…ပျော်အောင် နေမယ်။

  • ကေဇီ

    October 16, 2014 at 1:04 pm

    ဆု ရေ။
    ခါတလေများဆိုလေ ကိုယ်က သာ ကိုယ့် အပူကို ပူတယ်မထင်တာ။
    ဘေးနားက လူတွေက အပူတွေ ဟပ်နေကြပြီ။
    ကိုယ့်ကလည်း စိတ်ထဲက ပူလာလို့ ရှိရင် ဘေးဘက်ကို အပူလိုက်တိုက်တာ အကျင့်လိုကိုဖြစ်နေပြီရယ်။
    အမေကတော့ ပြောတယ်။
    မိဘနဲ့ဝေးမှ စိတ်တွေ ကြမ်းတမ်းလာလိုက်တာတဲ့။
    :a:
    ခုတော့ တရား နာနေတယ်။

  • kyeemite

    October 17, 2014 at 2:51 pm

    .အင်မတန်ကောင်းတဲ့အတွေးပို့စ်လေးပါပဲ
    .အဲ့လိုနေနိုင်အောင်ကြိုးစားပါလေ..ကျုပ်တော့ မနေနိုင်သေးဘူးထင်တာပဲ 🙁

Leave a Reply