ကိုကိုးကျွန်းအလွမ်း – အောင်ဝေး

kaiMarch 13, 20101min801
နိုင်ငံရေးသမား ဟူသည်........ *ဗဂျီ အောင်စိုး*

၂၀၀၉တုန်းကတကြိမ်၊အခု၂၀၁ဝထဲမှာတကြိမ်၊ရန်ကုန်ကနေ“သံလွင်”သင်္ဘောကြီးတစီးတိုက်လူတွေ ကိုကိုးကျွန်းကို အပမ်းဖြေခရီးသွားကြတဲ့အကြောင်းကြားရဖတ်ရတော့။

သမိုင်းအစ။ ။

ကိုကိုးကျွန်းဟာ မြန်မာပြည်သူတွေရဲ့စစ်အာဏာရှင်ဆန့်ကျင်ရေး၊ဒီမိုကရေစီရရှိရေးတိုက်ပွဲတွေရဲ့ ရာဇဝင်ပြောင်မြောက်ခဲ့တဲ့ စာမျက်နှာတခုပါ။

ပထမအကြိမ်စစ်အာဏာသိမ်းခဲ့တဲ့၁၉၅၈ ဗိုလ်ချုပ်ကြီးနေဝင်းအိမ်စောင့်အစိုးရလက်ထက် ရန်ကုန်-မန္တလေးနဲ့ တချို့အကျဉ်းထောင်တွေထဲက နိုင်ငံရေးသမားတွေ၊ကျောင်းသားခေါင်းဆောင်တွေ၊စာရေးဆရာသတင်းစာဆရာတွေကို တိုင်းပြည်နဲ့အလွန်အလှမ်းကွာဝေးလွန်းလှတဲ့ ကိုကိုးကျွန်းဆိုတဲ့နေရာကိုပို့ခဲ့တယ်။ ကိုကိုကျွန်းအကျဉ်းစခန်းပါ။ ဆရာမြသန်းတင့်တို့၊သခင်မြသန်းတို့ပါတာပေါ့။

၁၉၆၁အထွေထွေရွေးကောက်ပွဲကြီးပြီးလို့ ဘကြီးနုတို့ပြည်တော်သာပါတီအနိုင်ရတဲ့အခါ ကိုကိုးကျွန်းကနိုင်ငံရေးအကျဉ်းသားတွေ ရန်ကုန်ပြန်ရောက်လာကြပါတယ်။ သဘာဝအလှတရားတွေနဲ့ ခံ့ထည်နေတဲ့ ကိုကိုးကျွန်းကို စစ်အာဏာရှင်တွေကအကျဉ်းစခန်းအဖြစ် ပြောင်းလဲပစ်ခဲ့တဲ့ပစ်မှုကြီးကတော့ အဖတ်တင်ကျန်ရစ်ခဲ့ပြီ။

ဒုတိယအကြိမ်။ ။

၁၉၆၂မှာ စစ်အာဏာရူး စစ်ဘီလူးတွေဟာ “တော်လှန်ရေးကောင်စီ“ဆိုတဲ့မင်းသားခေါင်းဆောင်းပြီး နိုင်ငံတော်ရဲ့အာဏာကို ဒုတိယအကြိမ်သိမ်းလိုက်ပြန်တယ်။ တော်လှန်ရေးကောင်စီကနေမွေးဖွားလာတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ) အစိုးရလက်ထက် ၁၉၆၈-၆၉မှာ ဒုတိယအကြိမ်မြောက်ကိုကိုးကျွန်းအကျဉ်းထောင်ကို ပြန်လည်ဖွင့်လှစ်ခဲ့ပြန်ပါရော။

မင်းသားခေါင်းကျွတ်ပြီး ဘီလူးဆိုင်းနဲ့ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ခပ်ရိုင်းရိုင်းကပြခဲ့တဲ့ မဆလအစိုးရရဲ့ဖိစီးနှိပ်စက်မှုကြောင့် ကိုကိုးကျွန်းရောက်နိုင်ငံရေးအကျဉ်းသားတွေ အမြောက်အများသေကျေဒဏ်ရာရခဲ့ကြတယ်။ ဆရာလူထုစိန်ဝင်းဆိုရင် ဒုကိ္ခတဖြစ်ပြီး ရန်ကုန်အင်းစိန်ထောင်ကို ပြန်ပို့ခံခဲ့ရတယ်။

ဒုတိယမြောက်ကိုကိုးကျွန်းမှာ မြသန်းတင့်၊ဗန်းမောင်တင်အောင်၊ လေထီးဦးအုန်းမောင်တို့လို လူကြီးတွေနဲ့အတူ မြင်းခြံကိုလေးမောင်တို့၊ပြည်ကကိုချစ်ဆွေတို့လို ကျောင်းသားလူငယ်တွေလည်း ပါပါတယ်။

ကျွန်းကနေလှေနဲ့ ထွက်ပြေးလွတ်မြောက်ဖို့ စွန့်စားကြိုးပမ်းခဲ့ကြသူတွေလည်းရှိတယ်။ ဒီအထဲမှာ မန်းငြိမ်းမောင်တို့၃ယောက်က ကျွန်းကနေလွတ်လာခဲ့ပေမယ့် တနင်္သာရီကမ်းရိုးတန်းကမ်းခြေရောက်ပါမှ မဆလစစ်တပ်ရဲ့ ပြန်လည်ဖမ်းဆီးတာခံခဲ့ရတယ်။ ကျွန်းပေါ်မှာ အကျဉ်းသားတွေက အစာငတ်ခံတိုက်ပွဲတွေဆင်ပြီး၊စစ်အာဏာရှင်တွေကို အံတုရင်ဆိုင်ခဲ့ကြတယ်။ နောက်ဆုံးရက်ပေါင်း၅ဝကျော် အစာငတ်ခံတိုက်ပွဲဆင်နွှဲပြီးတဲ့အချိန်မှာတော့စစ်အာဏာရှင်တွေဟာ ကိုကိုးကျွန်းအကျဉ်းစခန်းကို၊ ကျွန်းဒဏ်စနစ်ကို အပြီးတိုင်ဖျက်သိမ်းပေးခဲ့ရပါတော့တယ်။

အကျဉ်းသားတွေဘက်ကအနိုင်ရလိုက်တဲ့ ဒီကျွန်းဖျက်သိမ်းရေးတိုက်ပွဲမှာ လူကြီးလူငယ်ရဲဘော်၈ယောက် တော်လှန်ရေးအတွက်အသက်ပေးလှူကျဆုံးခဲ့ကြရပါတယ်။ ကျန်တဲ့အကျဉ်းသားတွေ ပြည်တော်ပြန်နိုင်ခဲ့ကြပေမယ့် ဒီရဲဘော်၈ယောက်ကတော့ ကျွန်းပေါ်မှာကျန်ရစ်ခဲ့တာပါ။ အခုချိန်ထိ ဒီရဲဘော်၈ယောက်ရဲ့ဝိဉာဉ်တွေဟာ ရှင်သန်နေဦးမယ်။

အောင်မြေဘူမိနက်သန်။ ။

ဒီတိုက်ပွဲအစဉ်အလာကြောင့်ပဲ။၁၉၈၈မှာ ဒုတိယအကြိမ်စစ်အာဏာသိမ်းပြီး ၁၉၉ဝမှာလုပ်တဲ့ နဝတရွေးကောက်ပွဲ ၊ကိုကိုးကျွန်းမဲဆန္ဒနယ်မှာ တစညပါတီကရေတပ်ဗိုလ်မှူးဟောင်းတယောက်နဲ့ NLDက ရေတပ်သားဟောင်းတဦးဖြစ်သူ ရှေ့နေဦးလှသန်းတို့ မဲပုံးထောင်ခဲ့ကြတာပါ။

ကိုကိုးကျွန်းမှာ စစ်တပ်၊ရဲနဲ့အစိုးရဝန်ထမ်းအရပ်သားတွေပဲရှိတာပါ။ ဘုန်းကြီးနဲ့မယ်သီလရှင်က မဲပေးပိုင်ခွင့်မရှိဘူး။အဲဒီမှာ NLDကဦးလှသန်း အနိုင်ရခဲ့တာပါပဲ။ ဒီလိုတိုက်ပွဲအစဉ်အလာကောင်းတွေ ရှိခဲ့တဲ့နေရာကို လေးစားတန်ဖိုးထားရမယ်။ သံလွင်သင်္ဘောပေါ်မှာပါတဲ့လူတိုင်း ဒီသမိုင်းတန်ဖိုးကို သိကောင်းမှသိကြမယ်။

သိတဲ့လူတွေအတွက်ကတော့ သွေးစွန်းခဲ့တဲ့သမိုင်းကို ပြန်လည်ဖော်ထုတ်ဖို့၊ မှတ်တမ်းတင်ဖို့သွားတဲ့ခရီးပဲဖြစ်သင့်တယ်။

ကိုကိုးကျွန်းမှာကျဆုံးခဲ့ရတဲ့ရဲဘော်တွေရဲ့ဝိဉာဉ်ကို လွမ်းပါ။အားနာပါ မိတ်ဆွေ။ ။

မှတ်ချက်။   ။ မန္တလေးဂေဇက် ဖေဖေါ်ဝါရီထုတ်တွင်ဖေါ်ပြပြီးဖြစ်သည်။ အထက်မှ ကာတွန်းပုံကို ဖေ့စ်ဘုတ် တွင်ပန်ချီကိုမျိုးတင်ထားသည်မှရယူပါသည်။ “အုန်းသီးသော်၎င်း စားရမည် ”ဆိုသည်မှာ ကိုကိုးကျွန်းရောက်မည်ကို ရည်ညွှန်းသည် ထင်၍ဖြစ်သည်။

One comment

  • Nay Phone Hlan

    March 13, 2010 at 2:22 pm

    အေးဗျာ ကိုအောင်ဝေးစာဖတ်ပြီးမန်းငြိမ်းမောင်နဲ့ကိုအောင်ဝေး တို့စာပေဟောပြောပွဲ ကပြောခဲ့တဲ့စကားတွေပြန်တွေး
    ရင်း အခုလိုတွေးမိသွားတယ် မဆလ ခောတ်က ကျွန်းပေါ်ဆန္နပြအသေ ခံ တိုက်ပွဲဝင်ကျွန်းစနစ်ဖျက်သိမ်းခဲ့ရတယ်
    နအဖ ခောတ်မှာတော့အသေ ခံရတဲ့လူပေါင်းနဲ သလား?ဒါပေ မဲ့ဦးနှောက်ကိုအာဏာရူးခွေး ရူးပိုး လို ကူးစက်နေ သူတွေ
    အဖို့ဘုရားလာတား ရင် လဲမရတဲ့အဖွဲ့ ဪ သံဝေဂရ စရာပါလား သူတို့တွေ အ ချိန်အခါအ လည့် ရောက် မဲ့အချိန် လာ
    ်ိ်ပေ ဦးတော့ မည်……..၊၊ကျွန်တော် တို့ လဲ………….

Leave a Reply