ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ရ (ရေသည်ပိုင်ရှင်ကြီး)
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ
ရေသည်ပိုင်ရှင်ကြီး
“ဆံထုံးတော်ကြီး၊ တမာသီးနှင့်၊ ခါးစည်းဝတ်လဲ၊ ချုပ်စပြဲကို၊ တဲအပ်နှင့်တွယ်၊ လူမြင်သမျှ၊ စိတ်ပျက်အောင်လှပါတဲ့၊ မရေသည်”
ဒီရက်ပိုင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေ နီးလာပြီဆိုတာကို ကြားမိတော့ ပထမဆုံးသွားသတိရမိတာက ဒီစာပိုဒ်လေးပါ။ တစ်ကယ်ပါ။ မောင်ကာကြီးအတွက် ဆယ်တန်းကျောင်းသားဘဝက သင်ခဲ့ရတဲ့ ရေသည်ပြဇာတ်ထဲမှာ ဒီစာပိုဒ်လေးကို အခုထိတိုင် မှတ်မိနေစဲပေါ့။ ရေသည်ပြဇာတ်ဆိုတာက ကျက်လို့လဲကောင်း၊ မှတ်လို့လဲကောင်း အဲ ဖတ်လို့ ဆိုလို့လဲ အရမ်းကောင်းတော့ သူများတွေတော့မသိ မောင်ကာကြီးကတော့ အဲ့ပြဇာတ်လေးကို အမြဲလိုလို ဖတ်ဖြစ်ခဲ့တာပါ့။ နောက်တစ်ပိုဒ်ရှိသေး။ ရေသည်ယောက်ျား ထွက်ထွက်ခြင်းမှာ ရွတ်ခဲ့တာ စာလေ။ “အသက်ရှိစဉ်၊ မသေခင်ကို၊ ကောက်လျင်ကြီးဆန်၊ နီတာလံနှင့်၊ ငါးသန်သေးနုတ်၊ ရေလုံပြုပ်များကိုု၊ တလုပ်ကယ်ဝ၀၊ စားလိုက်ရလျှင်ဖြင့်၊ အာကပပါးစပ်၊ လူဖြစ်ကျိုးနပ်လေငဲ့” ဆိုတဲ့ စာလေးလေ။ မောင်ကာကြီး အရမ်းကြိုက်ခဲ့ရတာပေါ့။
အခုလို ရေသည်ပြဇာတ်ကို သတိရမိတော့ တစ်ဆက်တည်းသတိရမိတာက စာဆို စလေဦးပုညကို။ ဦးပုညကို သတိရမိတာနဲ့ ထပ်ပြီးသတိရမိတာက စာဆိုကြီးရဲ့ လေးချိုးကဗျာတွေ။ ဦးပုညလို အထင်ကရ စာဆိုကြီးရဲ့ ကဗျာတွေဆိုတာ မောင်ကာကြီးလို မြန်မာကျောင်းတတ်ခဲ့ဖူးသူတွေအားလုံး ရင်းနှီးပြီးသားပါ။ မောင်ကာကြီးအတွက်လဲ ဦးပုညရဲ့ ကဗျာတွေထဲက အရမ်းကို ကြိုက်ခဲ့ရတဲ့ အမှတ်တရဖြစ်ခဲ့ရတဲ့ ကဗျာတွေအများကြီးပါပဲ။ ဖြစ်လဲ ဖြစ်ချင်စရာပဲလေ။ ဦးပုညဆိုတဲ့ စလေမြို့က စာဆိုကြီးကလဲ ကဗျာတွေ စာပေတွေများစွာကို အလင်္ကာတွေ အယဉ်ဆင့်ကာ အနုအလှတွေ ချယ်သတတ်လိုက်တာလဲ လွန်ပါရောလေ။
ရိုးသားစွာ ဝန်ခံရရင်တော့ စာဆိုကြီးရဲ့ ကဗျာတွေကို မောင်ကာကြီး တစ်ကယ်ခံစားတတ်ခဲ့တာ တက္ကသိုလ်ရောက်မှပါ။ ဒါကလဲ မောင်ကာကြီးကို မြန်မာစာ သင်ပေးခဲ့တဲ့ ဆရာကြီးရဲ့ကောင်းမှုကြောင့်။ စာဆိုကြီးရဲ့ ကဗျာတွေကိုရှင်းပြရာမှာ အတွန့်တွေ အလွန့်တွေ ပုံတိုပတ်စတွေနဲ့ပါရောပြီး ဆရာက သင်ပြ ရှင်းပြခဲ့တော့ မောင်ကာကြီးရဲ့မှတ်ဉာဏ်ထဲ ပျားသကာလို ချိုမြိန်စွာနဲ့ နှလုံးသားထဲ သံမှိုစွဲသွားခဲ့ရတာပေါ့။
စာဆိုကြီးရဲ့ ကဗျာတွေ အကြောင်းကိုရေးပြမယ် စဉ်းစားမိတော့ သူ့ရဲ့ ကဗျာပေါင်းများစွာထဲက ပထမဆုံးသတိရမိတာက စပယ်ပန်းအကြောင်းဖွဲ့ထားတဲ့ကဗျာ။ ဒီကဗျာထဲက စာသားလေးကို မြန်မာသံအဆိုတော်ကြီးဖြစ်တဲ့ တွံတေး(ဦး)သိန်းတန်ကလဲ သူ့ရဲ့ ထွေးညိုသီချင်း အဖွင့်မှာထည့်သွင်းရေးသားထားတာတွေ့ရပါတယ်။ ကဗျာလေးရဲ့အကြောင်းကတော့ ထွေထွေထူးထူးတော့ မဟုတ်လှပါဘူး။ “စပယ်ပန်းလေးတွေမပွင့်သေးတဲ့ ရာသီချိန်ခါသမရမှာဆိုရင်ဖြင့် နန်းတွင်းက မိန်းမပျိုလေးတွေဟာ ခံပွင့်ကိုပဲ သူတို့ရဲ့ ကေသာထက်မှာ ဆင်မြန်းတတ်ကျပြီး မန္တလေးမြို့ မြနန်းစံကျော်ရွှေနန်းတော်ကြီးထဲမှာ စံပယ်ပန်းလေးတွေပွင့်ပြီဆို နန်းလှသူဇာလေးတွေဟာ စပယ်ကိုသာ ပန်ဆင်းတတ်ကျတာမို့ အဖြည့်ခံ ခံပွင့်လေးတွေခမျာမှာတော့ တောရွာသူလုံမလေးတွေပဲ ပန်ဆင်ကျတော့တယ်”။ ကဗျာလေးကတော့ ဒီလောက်ပါပဲ။ ဒါပေမယ့် ကျစ်လစ်တဲ့ အဖွဲ့နဲ့ ရှင်းလင်းတဲ့ အဓိပ္ပါယ်တွေသာမက ရွတ်ဆိုလို့ပါကောင်းတဲ့ အသံသာတဲ့ ကဗျာမို့ မောင်ကာကြီးကတော့ အလွန်ပဲကြိုက်မိရဲ့။
နောက်ကဗျာလေးတစ်ပုဒ်ကတော့ “လေးမောင့်စံကျောင်း”တဲ့။ ဆယ်တန်း မြန်မာစာ ကဗျာသင်ရိုးထဲမှာပါခဲ့တဲ့ ကဗျာလေးပါပဲ။ ကဗျာနာမည်ကြည့်ရုံနဲ့ ဘာသာ၊ သာသနာအရိပ်တွေ လွှမ်းနေတဲ့ကဗျာမှန်း သိသာပြီးသားပဲ။ “မယ်လေးရဲ့ မောင်ကြီးတစ်ယောက် ရဟန်းဝတ်ကာ သာသနာပြုတော့ စံပယ်ရာသီတင်းသုံးတဲ့ ကျောင်းလေးကို နံ့သာဖြူသားတွေနဲ့ ဆောက်လုပ်ထားလေရဲ့။ တောလမ်းအစမှာ မုလေးပန်းရုံ(မြတ်လေးပန်း)တွေနဲ့ ဒေါနပင်တွေခြံရံထားတဲ့ မြေညီလမ်းတစ်လျောက်လျှောက်လာရင် တသွင်သွင်စီးဆင်းနေတဲ့ ချောင်းငယ်လေးကို တွေ့ရမှာပေါ့။ ထိုချောင်းလေးရဲ့ တစ်ဖက်မှာတော့ စကားဝါပင်တွေရှိတဲ့ အငူလေးမှာ မောင်ကြီးရဟန်းရဲ့ ကျောင်းတော်လေးရှိတယ်လေ။
စပယ်ပန်း သရဖီပန်းလေးတွေအပြင် ခွာညိုပန်းလေးတွေတောင် ပွင့်လန်းနေသမို့ ရနံ့တွေကလဲ ထုံသင်းလို့။ ကျောင်းရဲ့ရှေ့ ညောင်စောင်းထက်မှာတော့ ရဟန်းပျိုလေးမှာ ပဒုမ္မာကြာသင်္ကန်းကိုဆင်မြန်းလို့ တောထွက်ရဟန်းစစ်စစ်ကြီးပင် ဖြစ်နေပြီ။
သော်ကပန်းရုံတွေက တံတိုင်းကြီးသဖွယ် ကာရုံထားကာ ဇီဇဝါပင်တွေနဲ့ မုခ်ဦးလုပ်ထားတယ်လေ။ ချရားပင်(သျှား)ပင်နဲ့ ပြုလုပ်ထားတဲ့တံခါးလေးကို ကျော်လာခဲ့ရင်တော့ ယုဇနပင်တွေ များစွာရှိနေတဲ့ တောင်မြိုင်ထဲရောက်နေသလား ထင်ယောင်မှားဖွယ် နေရာမှာ မောင်ကြီးရဟန်းကတော့ ကမာ္ဘကုန်တိုင်အောင် နေထိုင် သီတင်းသုံးတော့မှာပါလေ”။ ကဗျာ အကြောင်းအရာလေးက ရိုးပါတယ်။ ဆန်းတာက ပန်းပေါင်းစုံနဲ့တင်စားကာ ရေးသားထားတဲ့ အဖွဲ့။ စာဆိုရဲ့ အတွေးထဲက ငြိမ်းအေးရာ တရားရိပ်မြုံရဲ့ လှပတင့်ဆန်းမှုကတော့ မောင်ကာကြီးတို့လို ဉာဏ်နဲ့ဆို ဆယ်သက်တောင် လိုက်မမှီနိုင်တဲ့ အဖွဲ့တွေပေါ့။ ရေးတတ်ပါပေ့ စာဆိုကြီးရယ်။
အခုလို လေးမောင့်စံကျောင်း ကဗျာလို တရားသံပါတဲ့ ရဟန်းပြုမယ်မဟဲ့လို့ဆိုတဲ့ ကဗျာလေးကို ခံစားနေရင်းနဲ့ သွားပြီးသတိရမိတာက ဦးပုညရဲ့ အချစ်ကဗျာတွေအကြောင်းလေးပါ။ ယခုလို တရားအသိတွေနဲ့ ကဗျာတွေ ရေးတတ်တဲ့စာဆို စလေဦးပုညဟာ သရောစာဆန်ဆန် ရီစရာဟန်နဲ့ ကဗျာလေးတွေကိုလဲ ရေးခဲ့သူပါ။ “တောထွက်ချင်စိတ်ကယ်နှင့်၊ သပိတ်ကိုလွယ်၊ သားရေနွယ်ကွဲ့ရှာတုန်း။ ချောင်အနီးမှာပေ၊ မောင်ကြီးကိုတစ္ဆေကိုက်လိမ့်မယ်၊ မင်းလိုက်ခဲ့အုန်း”တဲ့။ ကဲကြည့်။ ဘယ်လောက်တောင် ကြည်နူးစရာကောင်းလိုက်လဲ။ ကိုယ်တွေရဲ့ မြန်မာပြည်က ရှိတ်စပီးယားကြီးက ရသမျိုးစုံကို ရေးသားခဲ့သူပါဗျ။
စလေဦးပုညရဲ့ အချစ်ကဗျာအကြောင်းပြောမယ်ဆိုရင်တော့ မပြောမနေ ပြောရမယ့် ကဗျာနှစ်ပုဒ်ရှိပါသေးတယ်။ ဘာလို့လဲ ဆိုတော့ ဒီကဗျာနှစ်ပုဒ်ကို မောင်ကာကြီး အရမ်းကြိုက်လို့ပေါ့။ ပြီးတော့ မောင်ကာကြီး ကြားဖူးမှတ်ဖူးခဲ့တဲ့အတိုင်းဆို ဒီကဗျာနှစ်ပုဒ်ရဲ့ နောက်ခံဇာတ်ကြောင်းကြောင့်လဲ မင်းတုန်းမင်းကြီးဆီက “လူကို ခွေးသတ်လေခြင်း”ဆိုပြီး တသသစကားထွက်လာမယ့် ဖြစ်ရပ်ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ မောင်ကာကြီး သိထားတာ မမှားဘူးဆိုရင် သူ့ကို ဖမ်းစီးချုပ်နှောင်ထားသူ မြို့ဝန်ဦးသာအိုရဲ့ မယားငယ် ခင်သုံအကြောင်းကို ဦးပုညက ရေးဖွဲ့ခဲ့တာတဲ့။ သိတဲ့အတိုင်းပဲ ဦးပုညရဲ့ ဘဝနေဝင်ချိန်ကလဲ မယားထိ ဓါးကြည့်နဲ့ အဆုံးသတ်ခဲ့တာလေ။ သူ့ရဲ့ မယားနဲ့ မှောက်မှားလို့ ဦးသာအိုမှာ အူနုကျွဲခတ်ပြီး ဦးပုညကို သတ်ခဲ့တာပေါ့။ ကဲသမိုင်းကြောင်းတွေ ထားလိုက်ဦး။ ကဗျာအကြောင်းဆက်ဦးစို့
ပထမတစ်ပုဒ်ရဲ့ အဖွင့်ကဒီလိုလေး။ “ မွတ်မွတ်ကလေးလှတယ်လို့ ရွရွကလေးယဉ်တဲ့မေ”တဲ့။ “နုညက်တဲ့အသားလေးက ကျမ်းဂန်လာ စာတွေထဲကလို ကြည်လင်တဲ့ စိတ်ထားကြောင့်ဖြစ်မယ်။ သူဟာလေ မြင်တဲ့သူ မြင်မြင်ခြင်းပဲ နှစ်သက်မှု တဏှာဇောကြောင့် အသက်ပင်ပါသွားနိုင်အောင်လှတဲ့ ယဉ်တကိုယ်မယ်လေးပေါ့။ သူကလေ ပျော့အိတဲ့ ကျီးနက်တောင် ကေသာဆံထုံးထက်မှာ ပန်းထည့်လို့ထုံးထားတဲ့ လှမျိုးထွဋ် လှထိပ်ခေါင်းလေးပါ” ဆိုတဲ့ အဖွဲ့နဲ့ဒီကဗျာလေးဟာ မခင်သုံကို ရည်စူးပြီး ရေးခဲ့တာ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကဗျာထဲက မိန်းကလေးကတော့ တော်တော့ကိုလှသားဗျ။ မြင်ဖူးလိုက်ချင်သပါ့ဗျာ။
နောက်ကဗျာ တစ်ပုဒ်ရဲ့ အကြောင်းအရာကလဲ ပထမကဗျာရဲ့ အကြောင်းနဲ့ ထပ်တူညီမျှပါပဲ။ ဒါပေမယ့် ဒီကဗျာမှာပိုထူးတာက ပိုပြီး ကျစ်လစ်တဲ့ တင်စားချက်တွေပါလာတယ်။ ပထမကဗျာလို ရူပကအလင်္ကာများသာမက အတိသယဝုတ္တိ အလင်္ကာတွေကို လှိုင်လှိုင်ကြီး သုံးထားတာကို တွေ့ရမှာပေါ့။ ဒီကဗျာထဲက တင်စားချက်တွေက ခေတ်စကားနဲ့ ပြောရရင်တော့ တစ်ကယ့်ကို ကျွတ်ဆင်ကြီးတွေ။ ကြည့်လေ။ ၅သွယ်သောကောင်းခြင်းသာမက ၆၄ရပ်သော ကောင်းခြင်းတွေနဲ့ပါ ပြည့်စုံသူ မိန်းကလေးပါတဲ့။ သွေးလေ ညီညွတ်မျှတတဲ့ ရုပ်အဆင်းဟာဖြင့် နိပါတ်တော်လာ ဖုဿတီမိဖုရားအလား ကိန္နရီမယ်လေးအလားတောင် ထင်မှားမိစေသတဲ့။ ဥမ္မာဒန္တီမိဖုရားလို ရုစာမင်းသမီးလို နုနယ်တဲ့ အသားတွေ၊ ကုမုဒြာရွှေကြာပန်းလို နှုတ်ခမ်းလေးက ပတ္တမြားသွေးရောင် တောက်ပလို့တဲ့။ ဗိုလ်ပုံအလယ်မှာ ဝင်းပလို့ထင်ရှားစွာနဲ့ မြင်ရသမျှလူတွေစိတ်ထဲ လမင်းရဲ့ အေးမြမှုထက် နှစ်ဆပိုပြီးတော့တောင်မှ အေးချမ်းမှုကို ပေးနိုင်တဲ့ မျက်နှာပိုင်ရှင်လေးပါတဲ့။ ကဲဗျာ ဘယ်လောက်တောင်မှ လွန်ကြူးလိုက်တဲ့ အဖွဲ့တွေလဲ။ မောင်ကာကြီးပြောရဲတယ်။ မောင်ကာကြီး ဖတ်ဖူးသမျှကဗျာတွေအားလုံးထဲမှာ ဒီကဗျာရဲ့ တင်စားမှုက အလွန်တရာမှကို လွန့်လွန်လွန်းတဲ့ တင်စားမှုတွေဖြစ်မယ်။ ဒါကြောင့်လဲ မောင်ကာကြီးကကြိုက်တာ။ တစ်ခါက ဒီကဗျာကို သူငယ်ချင်းတစ်ယောက်ကို ဖတ်ခိုင်းကြည့်တော့ သူကပြောတယ်။ တစ်ကယ်သာ ဒီကဗျာက လင်ရှိမယားတစ်ယောက်ကို ရည်ရွယ်ပြီး ရေးခဲ့တာဆိုရင် သေချာတယ် သူ့လင်က စာဆိုကို သတ်ပြစ်ချင်စိတ်ပေါက်မှာပဲတဲ့။ ဒါ့ကြောင့်ပဲ ဦးသာအိုကြီး အမျက်ချောင်းချောင်း ထွက်သွားတာရှိမှာပေါ့။
ဆက်ပြီးရေးချင်တဲ့ ကဗျာလေးတွေရှိနေသေးပေမယ့် စာရှည်သွားမှာစိုးလို့ ဒီကဗျာလေးနဲ့ပဲ အဆုံးသတ်ပါရစေ။ ဒီစာလေးနဲ့ပဲ ရတနာပုံခေတ် စာဆိုအကျော်အမော်ဖြစ်တဲ့ စလေဦးပုညအား ဂုဏ်ပြုပူဇော်ပါတယ်။ ပြီးတော့ ဦးပုညရဲ့အကြောင်းကို နားဝင်အောင် ရှင်းပြပေးခဲ့တဲ့ အထူးသဖြင့် မောင်ကာကြီးကို မြန်မာကဗျာတွေ စာတွေကို စိတ်ဝင်စား တန်ဖိုးထားတတ်လာအောင် သင်ပြပေးတဲ့ မောင်ကာကြီးရဲ့ ဆရာ၊ ဆရာကြီး ဦးမြင့်ဆွေကို ဂါရဝပြုပါတယ်။ တစ်ကယ်တော့ မောင်ကာကြီးလို ဗရုတ်သုတ်ခ ကောင်လေးတစ်ယောက် ယခုလို ကဗျာတွေ စာတွေရေးချင်လာအောင် နည်းပေးလမ်းပြပေးခဲ့တာ ဆရာကြီးပါ။ ဒါကြောင့်မို့ ဆရာဦးမြင့်ဆွေ ပြောပြ အဓိပ္ပါယ်ဖွင့်ဆိုပြခဲ့တဲ့ ဒီကဗျာလေးတွေနဲ့ မောင်ကာကြီး ကျေးဇူးဆပ်ပါရစေ။
ကဲပြီးပြီ ပြီးပြီနဲ့ ပြီးမပြီးနိုင်ဘူးလို့ ဖြစ်နေတော့မယ်။ ဒီတော့ ဒီမှာတင်ပဲ နိဂုံးချုပ်ပါပြီ။ အဲ့ နိဂုံးချုပ်ကိုတော့ ရေသည်ပြဇာတ်ထဲက စာတစ်ပိုဒ်နဲ့ပဲ ချုပ်ပါရစေဗျို့။ ။ လွန်တာရှိရင် ဝန္ဒာမိပါ။
“အလှချင်းနတ်ဖက်၊ တိုင်း၍ရက်တဲ့ ပက္ကလာ၊ မိုးရွာသည်နှင့် အခန့်သင့်၊ အခွင့်ဆီဆိုင်၊ အတိုင်အလှည့်၊ အစပ်ဖြင့်တဲ့လှပေါ့၊ ဂျင်ပဲ့ချင်းပေါက်ကြစို့၊ နောက်မဆုတ်တမ်း၊ သည်ယနေ့တွင့်ဖြင့်၊ ဘီလူးတွေ့လက်ရသိမ်းလို့၊ အစိမ်းဖမ်းဖမ်းတော့မည်၊ ပတ်ကြမ်းတီး၊ ပွဲပြီးစေကြစို့ငဲ့လေ အမိရယ်”
အနုပညာသည် အနုပညာအတွက်သာ ဖြစ်သည်
Courage
— — —
ပန်းစပယ်
နန်းလယ်မပေါ်ခိုက်ဟာမို့
အလိုက်တော်တန်သင့်ရုံပ
ခံပွင့်ကိုကုံး။
နန်းရဝေ
မန်းမြေမှာ စပယ်လှိုင်တော့
ခံပန်းခိုင် ယာယီရွေ့တယ်
တောလေ့ရွာသုံး
— — —
လေးမောင့်စံကျောင်း
မုလေးရုံတောအစ
ဒေါနလမ်းမြေညီ
လျှောကျစမ်း ရေသင်းကြည်တယ်
ရွှေနှင်းဆီကန်ချောင်း
လွမ်းမတတ် စကားဝါငငူမှာ
နံ့သာဖြူလေးမောင့်စံ ကျောင်း။
စပယ်ချပ် သရဖီချောင်မှာ
ခွာညိုတောင် ခိုအောင်း၏
မွှေးနံ့သာစုပေါင်းလို့
နုညောင်စောင်းထက်မှာ
ပဒုမ္မာကြာသင်္ကန်းငယ်နှင့်
ခါဆင်မြန်း တောမွေ့ပျော်ရာ။
ပန်းသော်က တံတိုင်းကာသည်
ဇီဇဝါ မုခ် ခြားလို့
တံခါးက ချယားကြိုင်
သင်းတဲ့ ဂနိုင်
ယုဇန မဟာမြိုင်မှာ
ကမ္ဘာတိုင်မှီးမယ်ပလေး။
— — —
မွတ်မွတ်ကလေးလှတယ်လို့၊
ရွရွကလေးယဉ်တဲ့မေ။
ညက်ညက်သာချောတော့၊
မနောကြည်ကြည်တင့်၊
ကျမ်းနှင့်မသွေ။
မြင်မြင်သူမြင်တဲ့ခိုက်၊
ကြိုက်လို့ပဲသေသေ၊
ယဉ်ပေစွကြော့ကြော့ဆုံး။
လှလှရဲ့ လှခေါင်၊
မြိတ်လွတ်ကယ်ပြေယောင်နှင့်၊
ပိတုန်းရောင်ကေကေနွဲ့ကို၊
ပန်းထည့်လို့ထုံး။ ။
— — —
ကောင်းခြောက်ဆယ်လေးရပ်နှင့်
သွေးထပ်ထပ် ရုပ်ညီ
ရှေးနိပါတ် ထုတ်မှီသည်
ဖုဿတီ ထွတ်(ထွဋ်)ထား
ဗိမ္မာနတ် ကိန္နရီလို
တသိင်္ဂီ ယိုးတော့မမှား။
ဥမ္မာဒ ရုစာ(ဇာ)မယ်လို
နုရှာတယ် အသား
ကုမုနွယ် နုတ်ဖျားက
ပတ္တမြား သဖွယ်
ကြယ်ဥက္ကာ ညဉ့်ရောင်မီးလိုပ
ခင့် မောင်ကြီး ထင်လိုက်လှတယ်။
မြင့်ဆောင်ထီး ညောင်လယ်မှာ
ရှုစဘွယ် ပဝင်းလို့
လမင်းထက် နှစ်လေးသာ
ဧမြလိုက်တာ
မြင်ရသူ ဖေသက်သာတယ်
ရွှေမျက်နှာ ကြည်လွန်းလို့လေး။ ။
ဦးပုည
18 comments
မြစပဲရိုး
March 7, 2015 at 6:00 am
ဒီ ကဗျာ လဲ ကောင်းကောင်း သိပါ့ မောင်ကာကြီး ရေ့။
{ ကောက်လျင်ကြီးဆန်၊ နီတာလံနှင့်၊ ငါးသန်သေးနုတ်၊ ရေလုံပြုပ်} ဆိုတာ ကို ဒေါ်လေးလဲ အဲဒီလို စားချင်ခဲ့တာပေါ့။
ဖတ်သူ ရဲ့ စိတ်ကို ပါအောင် ဆွဲယူနိုင်တဲ့ ကဗျာစာဆို ရဲ့ မှော်အတတ်တွေ နေမှာပါ။
ဒါကြောင့် “ မွတ်မွတ်ကလေးလှတယ်လို့ ရွရွကလေးယဉ်တဲ့မေ” တို့ “ကိန္နရီမယ်လေးအလား” တို့ ဘာတို့ အလှဘွဲ့ တွေ တော့ ယုံပါဘူး ကွယ်။
လူဆိုတာကိုယ်ထင် ကုတင်ခြေလေးချောင်း ဟာကို။
တစ်ယောက် မှာ လှ တယ် ထင်ပေမဲ့ နောက်တစ်ယောက် မှာ လှချင်မှ လှမှာလေ။ lol:-))
ကဗျာ တွေထဲ “ပန်းစပယ်” ကို သိတယ်။
“လေးမောင့်စံကျောင်း” ကို မသိဘူး။
” မောင်ကြီးကိုတစ္ဆေကိုက်လိမ့်မယ်၊ မင်းလိုက်ခဲ့အုန်း” ဆိုတာတော့လဲ ဖတ်ဖူးတယ်။
Courage
March 8, 2015 at 6:47 am
စလေဆရာကြီးရဲ့ စာပေအလင်္ကာတွေပေါ့ ဒေါ်လေးမြရေ့
manawphyulay
March 7, 2015 at 10:45 am
ဒါတွေ ဖတ်မိတော့ ၁ဝ တန်း ငယ်ဘဝကို ပြန်လည် သတိရ မှတ်မိသွားတယ်။ ဘယ်လောက်ပဲ ကြာကြာ ရေသည်ပြဇာတ်တို့ ပန်းစပယ်၊ လေးမောင့်စံကျောင်း အားလုံးကို မှတ်မိရင်းနဲ့ ဟုတ်သည်ချင်ချင်း စာတွေမှာ ပြန်မှတ်မိလာတယ်။
Courage
March 8, 2015 at 6:52 am
မြင်းစိုင်းဟူသည် ရွှေပြည် ရွှေပြည် 🙂
naywoon ni
March 7, 2015 at 11:32 am
ကျုပ်က ရေသည်ပြဇာတ်ကို မမှီလိုက်ဖူး ။ ဒါပေမဲ့ ဦးပုည ကိုတော့ဖတ်ဖြစ်ပါတယ် ။ ကြိုက်လည်းကြိုက်ပါရဲ့ ။ ဝီလျံ ရှိတ်စပီးယား နဲ့ ခေတ်ပြိုင်တွေဆိုပဲ ။
Courage
March 8, 2015 at 6:35 am
နှောင်းခေတ်စာဆိုတွေက မြန်မာပြည်ရဲ့ ရှိတ်စပီးယားလို့ဆိုပေမယ့် ခေတ်ပြိုင်တော့မဟုတ်ဘူးဗျ။ ဘာလို့ဆို ရှိတ်စပီးယားက ၁၆၁၆မှာ အနိစ္စရောက်ပြီး ဦးပုညက ၁၈၁၂မှာမှ မွေးတာဆိုတော့ အင်း… လူဝင်စားတော့ဖြစ်နိုင်တယ် ဦးနီရ။
Alinsett@Maung Thura
March 7, 2015 at 7:00 pm
ဆံထုံးတော်ကြီး၊ တမာသီး ဆိုတဲ့ စကားလုံးကို သုံးသွားတဲ့ ဦးပုဟာ…မော်ဒန်ဝါဒီ စာပေသမားတစ်ဦးဖြစ်ပါသည်။
ဆံထုံးတော်ကြီး ဟု…. အစချီလိုက်ခြင်းသည်… တော်တော်ကြီးမားမည့် ဆံထုံးဟု ထင်ရမလို ဖြစ်ပြီးမှ….တမာသီး…ဆိုသော စကားလုံးဖြင့်…ကြီးမားခြင်းကို ဆန့်ကျင်ဘက် သေးငယ်ခြင်းဆီ ဆွဲချ ပြလိုက်ခြင်းဖြစ်သည်။
မော်ဒန်ဝါဒ အယူအဆများအရ… ထိုအချင်းအရာသည်… အချိုးဖျက်ခြင်း ဖြစ်သည်။
အချိုးဖျက်ခြင်းနည်းစနစ်ကို မော်ဒန်ခေတ်ဦးမှာ အသုံးများခဲ့ပါသည်။ ရှိနှင့်ပြီးသား စံ /အများလက်ခံထားသော နှုံးများကို စံသွေ ဖောက်လွှဲဖောက်ပြန် ဆွဲချပြလိုက်ခြင်းအဖြစ် အသုံးများပါသည်။
ဆံထုံးတော်ကြီး တမာသီး ဆိုသော စကားလုံးမှာ ပါဝင်သော အချိုးဖျက်ခြင်းသည်….
မြေပြင်တွင် ကူးခတ်ခြင်း…
သို့မဟုတ် … ကောင်းကင်တွင် လမ်းလျှောက်ခြင်း… စသည်ဖြင့်..မော်ဒန်ဝတ္ထုတိုများတွင် တွေ့ရတတ်သော စကားလုံးများနှင့် မခြားနားချေ။
.မော်ဒန်အချိုူးအကွေ့တစ်ခုမှာ..ပျော်မွေ့သာယာဖူးပါသော…ဆရာပုညအား…ဦးညွတ်ပါ၏။
Courage
March 8, 2015 at 6:40 am
ကျွန်တော်က ဝါသနာအရသာစာရေးမိနေပေမယ့် စာပေသဘောတရားတွေနဲ့တော့ အတော်အလှမ်းဝေးတယ်ဗျ။ အခုလို စာပေသဘောတရားရေးရာတွေကို ရှင်းပြပေးလို့ ကျေးဇူးပါ
ခင်ဇော်
March 8, 2015 at 1:29 pm
ကိုကာကြီး ရေးတာ ရှင်းတာ ဖတ်လို့ကောင်းလိုက်တာ။
လေးမောင့်စံကျောင်းကို ဖတ်ပြီး အဲဒီလိုပန်းတွေ အလှဆင်ထားတဲ့ ဝန်းခြံလေး လိုချင်တာ။
:k:
Courage
March 8, 2015 at 3:25 pm
အရမ်းကို သာကယလှပတဲ့ ခြံလေးဖြစ်မှာပေါ့
kai
March 8, 2015 at 5:45 pm
ကဗျာထဲ.. စပယ်ပန်းကို.. နန်းသုံးသဘောရေးသွားသမို့.. သိရတာလေးဝမ်းသာမိတယ်..။
အရင်က.. သဇင်ပန်းကို..တော်ဝင်ပန်းလို့မှတ်ထားတာရှိတာကိုး…
ဆိုတော့…
အနောက်နိုင်ငံတွေက.. အနံ့ပြုစုဖို့အတွက်.. ပန်းဆီတွေထုတ်ရောင်းတာမှာ.. စပယ်(ဂျက်စမင်)ဈေးက.. တခြားပန်းဆီတွေထက်ယှဉ်ရင်.. ဈေးပိုကြီးသဗျ..။
Courage
March 9, 2015 at 1:28 am
ဟုတ်တယ်ဗျ
လက်ဖက်ခြောက်မှာဆိုရင်တောင် အခြားပန်းနံ့လက်ဖက်ခြောက်ထက် စပယ်ရနံ့က လူကြိုက်အတော် များသလိုပဲ။
kai
March 9, 2015 at 3:33 pm
ထိုင်းက. သူတို့ဆီကထွက်တဲ့.. ဆန်တောင်.. (ဘာမဆိုင်ညာမဆိုင်.. ) Jasmine Rice တဲ့လေ…
ယူအက်စ်မှာ.. ပေါက်လိုက်သမျှ.. မနာလိုချင်စရာ…။ :k:
ဂျက်စမင်း… စပယ်.. ပေါ်ပြူလာဖြစ်ပုံပြောပါတယ်.။
မြန်မာတွေ အဆီထုတ်ရောင်း… သင့်…။
Mr. MarGa
March 9, 2015 at 12:09 am
လေးမောင့်စံကျောင်းကို စာတစ်ပုဒ်တောင်ရေးဖူးရဲ့
သူ့ကဗျာတွေထဲ အမှတ်အတေးထားမိတာ လေးမောင့်စံကျောင်း နဲ့ သိကြားလိမ်
လေးမောင့်စံကျောင်း က အဖွဲ့ကိုကြိုက်တာ သိကြားလိမ် က အသုံးအနှုန်းကိုကြိုက်တာ 🙂
Courage
March 9, 2015 at 1:33 am
သိကြားလိမ်မှာဆို စကားလုံးရော အဓိပ္ပါယ်ရောက တော်တော်ကျစ်လစ်သလိုပဲ။ ကျွန်တော်ဆို သူ့ထဲက အသုံးတွေကို သိအောင် တော်တော်ကြိုးစားလိုက်ရတယ် လေးမာဃရဲ့။ 🙂
Mr. MarGa
March 9, 2015 at 2:30 pm
ပေါင်းထည့်လိုက်မဗျာ
သိကြားလိမ် မပါလို့ :mrgreenn:
Mike
March 9, 2015 at 11:16 am
.ရှေးကဗျာတွေ ဖေါ်ထုတ်တင်ပြရုံမဟုတ် စကားပြေပါပြန်ပြတဲ့အတွက် ကျေးဇူးပါ
Courage
March 9, 2015 at 1:25 pm
ဟုတ်ကဲ့။ ကျေးဇူးပါ။ ဆက်ပြီးလဲ ကြိုးစားပါဦးမယ်