နောက်တစ်နေ့ အစီအစဉ်
ရွှေလက်ကောက် တစ်တောင်ဆစ်လောက်နဲ့ ပိုက်ဆံအိတ်အိတ်ကို
ချိုင်းမှာချိတ်လို့ ဖြိုးအောင်ရှေ့မှာ ထောင်တန်တစ်ထပ်ကို
တံတွေးဆွတ်ပြီး ရေနေတဲ့ ဒေါ်ရွှေပုရဲ့လက်ကို မျက်လုံးကမခွာနိုင်ဘူးဖြစ်နေသည်။
“သုံးသောင်းနော်.. ငဖြိုး… နင့်မို့လို့ အတိုးကို တစ်ရက်….ငါးရာပဲယူတာ……….”
ဒေါ်ရွှေတုတ်ကြီးလက်ထဲမှ ငွေသုုံးသောင်း ဖြိုးအောင်လက်ထဲသို့ ရောက်လာလေသည်။
ဖြိုးအောင် ငွေသုံးသောင်းအားကြည့်ရင်း ဝမ်းသာသလိုလို ဝမ်းနည်းသလိုလိုပင်။
သည်ငွေသုံးသောင်းအတွက် ဖြိုးအောင် ဒေါ်ရွှေပုကြီးအား အကြွေးသုံးသောင်း
မပေးနိုင်တဲ့အချိန်အတွင်း တစ်ရက်ကို မတ်တိုး ငါးရာပေးရမည်ဖြစ်သည်။
ဒါက ဖြိုးအောင်တို့လိုမျိုး ဆင်ခြေဖုံးရပ်ကွက်တွင် ထုံးစံလိုဖြစ်နေသည်။ ငွေကြေးတစ်ရက်တာ
အဆင်မပြေသူများ အလောတကြီးလိုသူများ ဈေးရောင်းရန်အတွက် အရင်းလိုနေသူများသည်
မတ်တိုး (သို့မဟုတ်) နေ့သွင်းပေးရျ် ယူကြရသည်။
(မတ်တိုး – အရင်းမပေးနိုင်မချင်း… တစ်ရက်အတိုး(ယူသောငွေပမာန၏ 5 (သို့) 10 ရာခိုင်နှုန်း) ပေးသွားရမည်ဖြစ်သည်။)
(နေ့သွင်း – အရင်း နှင့် (20တိုးအား) ပေါင်းရျ် တစ်လနှင့်အကျေ ပြန်ဆပ်ရသော ချေးငွေဖြစ်သည်)
မည်သို့ပင်ဆိုစေ ဖြိုးအောင် သည်သုံးသောင်းအတွက် တစ်ရက်ကို
အတိုးငါးရာပေးသွားရမည်ဖြစ်သည်။ ငွေလက်ထဲရောက်တော့လည်း ဖြိုးအောင် ငွေကို
ငေးရျ်ကြည့်နေမိသည်။ဖြိုးအောင် မိန်းမသည် သည်ဈေးကြီးထဲရှိကုန်ခြောက်ဆိုင်တစ်ဆိုင်
တွင် အကူလုပ်သည်။ ဖြိုးအောင်က ကူလီထမ်းသည်.။ ဖြိုးအောင်တို့လင်မယားတွင်
(3)နှစ်အရွယ်သားငယ်တစ်ယောက်(5)နှစ်အရွယ်သမီးငယ်တစ်ယောက်ရှိသည်။
ဖြိုးအောင်တို့လင်မယားး တိုးချောင်ကလေးဆိုသော နေရာတွင် တဲသာသာအိမ်ကလေး
တစ်လုံးငှားနေသည်။ ဖြိုးအောင်ရော သူ့မိန်းမပါ ထိုရပ်ကွက်မှာပင် နေကြရင်း
ညားခဲ့ကြခြင်းဖြစ်သည်။ နှုတ်ခမ်းပဲ့ချင်းမီးမှုတ်လို့ဘာမှဖြစ်မလာပေမယ့် ဖြိုးအောင်တို့ဘဝတွင်
အချစ်တစ်ခုတော့ ဖြစ်တည်လာခဲ့သည်။
သူငယ်ချင်းတယ်တက်နေသောသမီးလေးနှင့်စကားတီတီတာတာ ပြောတတ်သော
ရင်သွေးများကြောင့်ပင် ဘဝအမောများ ဘယ်လောက်ပင်ပန်းပင်ပန်း ပြေခဲ့ရ
သည်။ ဈေးထဲတွင် အထုပ်အထည်မရှိသော ဖြိူးအောင်တို့လင်မယားအတွက် ဘယ်သူမှ
အာမခံပြီး ငွေမချေးရဲကြပါ။ ဒေါ်ရွှေပုကြီးမှ အလွန်ခင်မင်သောကြာင့် ချေးလိုက်ခြင်းဖြစ်သည်။
အကြွေး ဖြိုးအောင်အလွန်ကြောက်သော အရာပင်ဖြစ်သည်။
လက်ထဲငွေသုံးသောင်းကိုကိုင်ရင်းလွန်ခဲ့သည်တစ်ပတ်ခန့်က ဖြစ်သော မြင်ကွင်းများကို
ဖြိုးအောင် မြင်ယောင်လာမိသည်။
**********************
ညနေပိုင်း ဈေးထဲကပြန်ပြန်လာချင်းပဲ အသံတစ်ခုကြားလိုက် သည်။ ဖြိုးအောင်တို့ နေသောနေရာသည် တဲသာသာ အိမ်ကလေးများ စုထားသော နေရာပင်ဖြစ်သည်။
“အိမ်ကိုလာလာပြီး… တီဗွီကြည့်သွား..အမှိုက်ဖွသွားနဲ့ နောက်တစ်ခါလာမကြည့်ကြနဲ့…. ”
အိမ်နားမှ စွာကျယ်ကျယ် မိန်းမအသံဖြစ်သည်။ ဖြိုးဇင်အိမ်ရောက်သော အခါ
မိန်းမဖြစ်သူအနားတွင် သမီးမှ မျက်ရည်တစမ်းစမ်းဖြစ်နေသည်။ မိန်းမဖြစ်သူကလည်း
မျက်နှာမကောင်းပေ။
“မိဇင်…နင်ဘာဖြစ်နေတာလဲ…. သမီးကရော…”
“ဖြစ်နေကျပြသနာတွေပါ….. ဟိုတီဗွီရှိတဲ့အိမ်က မကြည့်ခိုင်းလို့ပြန်လာတာပေါ့…..”
ဖြစ်နေကျပြသနာကို ဖြိုးအောင် ဒီနေ့မှကြုံလိုက်ရလေသည်…။ သက်ပြင်းသာ အကြိမ်ကြိမ်ချမိတော့သည်။
လက်ထဲမှ သုံးသောင်းကိုကြည့်ရင်းး တွေဝေငေးမောနေမိလေသည်။ စိတ်ထဲတွင်
သည်အကြွေးဆပ်နိုင်ပါတယ်ဟုသာ တွင်တွင်လက်ခံနေမိသည်။ ငွေသုံးသောင်းနှင့်ဆို
တစ်ပတ်ရစ် 14လက်မ တီဗွီလေးတော့ရမည်ဖြစ်သည်။ တီဗွီကိုတော့ သူငယ်ချင်း
တစ်ယောက် ပြထားတာ ကြည့်ပြီးနေနှင့်ပြီ။ အပြန်ငွေပေးပြီး သယ်သွားယုံပင်။
မိဇင်ကတော့ ဖြိုးအောင်ငွေသုံးသောင်းကြည့်နေတာကို မြင်ပြီး ပျော်သလိုလို ငိုချင်သလိုလို
မျက်နှာကြီးဖြစ်နေတာ ဖြိုးအောင်မြင်ရသည်။ ဖြိုးအောင ်မိဇင်ဘက်သို့လှည့်ရျ်
ငွေသုံးသောင်းကို ခါပြသည် မျက်နှာကိုတော့ စောနကလို မျက်နှာထားလို့မဖြစ်။
မိဇင်ကတော့ သားငယ်နှင့်အိမ်ကိုပြန်နှင့်လေပြီ။ ဖြိုးအောင် တီဗွီပိုက်ရင်း အိမ်သို့လှမ်းလာမိသည်။
“သမီးရေ… သမီး သည်မှာကြည့်စမ်း…..”
“ဟေးး…..ငါ့အဖေတီဗွီဝယ်လာပီ…”
ကွေးနေအောင်ကနေသော သမီးကိုကြည့်ပြီး ဖြိုးအောင် မျက်ရည်မကျအာင်
ထိန်းထားမိသည်။ မတ်တိုးနှင့်ယူထားသော ငွေသုံးသောင်းအား အဖေ့ပုခုံးကြီး
ကျိုးသွားပါစေဟုပင် စိတ်ထဲတွင် ပြောနေမိသည်။ ညဘက် တီဗွီကို နှစ်နှစ်ခြိုက်ခြိုက်
ထိုင်ကြည့်နေသော သားနှင့်သမီးကို ကြည့်ပြီး ဖြိုးအောင ်သူ၏ပုခုံးကို ကိုင်ကြည့်နေမိသည်။
ယူထားသောအကြွေးနှင့်မတ်တိုးကို မည်သို့ဆပ်ရမည်ကို မိဇင်နှင့်ဖြိုးအောင်တိုင်ပင်
ကြည့်နေမိသည်။ လောလောဆယ်မှာ သားနှင့်သမီးကိုကြည့်ရျ် ပျော်မဆုံးပေ။
တီဗွီမှ နောက်တစ်နေ့အစီအစဉ်ပင်ပြနေလေပြီ။ သားနှင့်သမီးကတော့
တီဗွီရှေ့တွင်အိပ်ပျော်နေလေပြီ။ ဖြိုးအောင်နှင့်မိဇင် နှစ်ယောက်အိပ်မပျော်နိုင်သေး။
တီဗွီတစ်လုံးအတွက် နောက်တစ်နေ့အစီအစဉ်ကလာနေချေပြီ။ ဖြိုးအောင်တို့အတွက်
နောက်တစ်နေ့အစီအစဉ်ကို တွေးရင်းတွေးရင်း…………………………………….။
**********************
ရင်းနှင့်ရင်း၍
အောင်မိုးသူ
10 comments
မြစပဲရိုး
July 21, 2015 at 11:00 pm
ငါ့နှယ်။
တီဗီ အဟောင်းကြီး ပျက် ရင် ဒုက္ခ၊ မီတာလဲ ကုန်သေး။
တစ်ရက် ၅၀ဝ ပေးမဲ့ အစား အဲ့ဒီ တီဗီ ရှိတဲ့ အိမ် မှာ တစ်ရက် ၅ဝ ပေးပြီး ကြည့်ခိုင်းပါတော့လားဟယ်။
🙄
အောင် မိုးသူ
July 22, 2015 at 9:47 am
သူများအိမ်က ဗွီဒီယိုရုံမှ မဟုတ်တာ အရီးရဲ့
မြစပဲရိုး
July 22, 2015 at 7:04 pm
ဒါကတော့ မောင်အောင် ရယ်။
အိမ်နီးချင်းဘဲ။ အသေအချာ ပြောပြပြီး သူတို့လဲ အကျိုးရှိ၊ ကိုယ်လဲ အကျိုး ရှိ။
Win-Win ပေါ့။ :-)))
အရင်တုန်းကလဲ သူတို့ အိမ်မှာ ကလေး တွေ ကို ကြည့်ခွင့်ပြုထားပြီဘဲ။
ကိုယ့်ကလေး ကိုလဲ အမှိုက်မပွစေနဲ့ လို့ လဲ ပြောထားပါတယ် ပြောပေါ့။
တစ်ချို့ကျတော့ တစ်လွဲမာန ထားတတ်တယ်။ အဲဒါက ကိုယ့် ကို ကျဆုံး စေတတ်တယ်။
ဇီဇီခင်ဇော်
July 22, 2015 at 7:57 am
ဆင်းရဲတွင်း လွတ်ကင်းအောင် လမ်းပြဆောင်ပါမည်။
😥
သားသမီး အလို ဆိုတော့လည်း အပြစ်မဆို ရက်။
ရေးတတ်တယ်အေ။
@QUIL@
July 22, 2015 at 2:01 pm
တိုးကြောင်ကလေး လုပ်ပါကွယ်…
အောင် မိုးသူ
July 22, 2015 at 2:36 pm
ဟုတ်ကဲ့ မှားသွားလို့ပါ
Mike
July 22, 2015 at 3:28 pm
.အတိုးကများလွန်းသကွာ…တစ်ရက် ၅၀၀..တစ်လ ၁၅၀၀ဝ ကျနေပြီ..ချေးတာမှသုံးသောင်း…ဒုက္ခ
အောင် မိုးသူ
July 22, 2015 at 3:36 pm
နေ့ပြန်တိုးလေ တကယ်ရှိသဗျ
Ma Ma
July 22, 2015 at 5:34 pm
ဘယ်လိုပြောရမလဲ။
ဦးပါရဲ့ ကျိန်စာမိသော ငွေငါးသိန်းကို သွားသတိရမိတယ်။
ကိုပေါက်(မန္တလေး)
July 26, 2015 at 10:30 pm
ဒီ ငွေတိုးပေးတဲ့ကိစ္စကြီးက မရှိမကောင်းရှိမကောင်းပါဘဲ။
တကယ်ကို သေရေးရှင်ရေးလိုအပ်နေချိန်မှာ
ငွေချေးရလိုက်လို့ အသက်ရှုချောင်သွားတာမျိုးလဲရှိနိုင်တယ်။
ထပ်ယူရင်းယူရင်ကနေ အတိုးနဲ့အရင်းပေါင်းပြီး
နစ်သထက်နစ်သွားတာလဲရှိတယ်။
တကယ်တော့ အတိုးရလိုက်တာသာမြင်နိုင်တာ
ပြန်မဆပ်လို့ ဆုံးသွားတဲ့ငွေကလဲ တစ်နှစ်တစ်နှစ် နည်းမယ်မထင်ဘူးနော်။
ဒီငွေတိုးချေးတဲ့သူက ပြန်မပေးရင် တရားစွဲလို့မရ။