လှည်းတန်း ဒိုင်ယာရီ…။
ကျွန်တော့်ကို မွေးတာက ဧရာဝတီတိုင်း ပုသိမ်မြို့…။
ကျွန်တော် ကြီးပြင်း အရွယ်ရောက်တာက
ပဲခူးတိုင်း၊ ရန်ကုန်-ပြည်လမ်း နံဘေးက အင်းမမြို့…။
ကျွန်တော့် ဘဝ ရဲ့ အရေးအကြီးဆုံး ဖြစ်တဲ့
တိုးတက်မှု အောင်မြင်မှု ကျရှုံးမှု စတာတွေကိုတော့
လှည်းတန်းဆိုတဲ့ ရပ်ဝန်းဒေသလေးမှာ ဖြတ်သန်းခဲ့ရတာပါ။
လှည်းတန်းမှာ ကျွန်တော်ဟာ
ဂုဏ်ယူဝင့်ကြွားစရာ ကိစ္စတွေ ရှိခဲ့သလို
လှည်းတန်းမှာပဲ ကျွန်တော်ဟာ အမှားအယွင်းပေါင်းများစွာ
(မောင်မောင်အေး Dream Boat စကားငှားပြောရရင်
ကိုယ့်ပါးကိုယ် အချက်တစ်ရာလောက် ရိုက်ချင်စရာကောင်းတဲ့ ကိစ္စတွေ) ကို ကျူးလွန်မိလျက်သား ဖြစ်ခဲ့တာကြောင့်
လှည်းတန်းဟာ ကျွန်တော့်အတွက်
မမေ့နိုင်စရာ နေရာတစ်ခုလို့ ပြောချင်ပါတယ်။
———————————–
၁၉၈၈ အရေးအခင်းမဖြစ်မီ အချိန်လေးမှာ
ကျွန်တော်တို့မိသားစု ရန်ကုန်ပတ်ဝန်းကျင် ကို
ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။
ရန်ကုန်တက္ကသိုလ်ဗဟိုစာကြည့်တိုက်မှာ
အလုပ်လုပ်နေတဲ့ အစ်မ က ကျွန်တော့်ကို
အခု စိန်ဂေဟာ ဘေးက လမ်းကြားမှာ ဖွင့်ထားတဲ့
ကျားလက်နှိတ်စက် သင်တန်း ကို တက်စေခဲ့ပါတယ်။
အဲဒါ လှည်းတန်း နဲ့ ကျွန်တော်
စတင်ပတ်သက်မှု လို့ပဲ ပြောရတော့မှာပါပဲ။
အသက်ဆယ့်ရှစ်နှစ်သား အရွယ်မှာပေါ့။
၁၉၉ဝ ပြည့်လွန်နှစ်တွေ မှာတော့ ကျွန်တော်ဟာ
ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ) မှာ
ကျောင်းတက်ခွင့်ရခဲ့ပါတယ်။
အဆောင်မှူး ဆရာဦးမောင်မောင်စိုးရဲ့ စောင့်ရှောက်မှုကြောင့်
သမိုင်းဝန်းထဲက မေခ ဆောင်မှာ အခမဲ့ နေခွင့်ရခဲ့ပါတယ်။
ညနေတိုင်းဆို လှည်းတန်း ဦးထွန်းလင်းခြံလမ်းထိပ်က
ပြုံးပန်းတစ်ရာ လဖက်ရည်ဆိုင်မှာ ထိုင်ခဲ့ဖူးပါတယ်။
မောင်စိန်ဝင်း (ပုတီးကုန်း) တို့ သူငယ်ချင်းတစ်သိုက် လည်း
ညနေတိုင်းရောက်လာတတ်ပါတယ်။
ဂျင်းဘောင်းဘီ နဲ့ ရှပ်အင်္ကျ ီ ကို သပ်ယပ်စွာ
ဝတ်စားတတ်တဲ့ နိုင်ငံကျော် စာရေးဆရာဟာ
လှည်းတန်း ညနေခင်းတွေကို မပျက်မကွက်
တက်ရောက်ကြည့်ရှု ငေးမောနေတတ်ပါတယ်။
မောင်စိန်ဝင်း (ပုတီးကုန်း) က အဲဒီ အချိန်က
ဘက်ဆဲလား စာရေးဆရာဆိုတော့
ကျွန်တော့်လို တောသားက ခိုးခိုးပြီး ငေးမော
အားကျနေခဲ့ဖူးတာပေါ့။
အခု YKKO ကြေးအိုဆိုင်နဲ့ မျက်နှာချင်းဆိုင်လောက်မှာ
ဖွင့်ထားတဲ့ ရွှေနှလုံးသား လဖက်ရည် ဆိုင်မှာလည်း
ကျွန်တော် အမြဲထိုင်တတ်ပါတယ်။
နေ့လယ် နေ့ခင်းတို့ မနက်ခင်းတို့မှာပေါ့။
ညနေခင်းဆိုရင်တော့ ပြုံးပန်းတစ်ရာမှာ ပဲ အမြဲထိုင်တတ်ခဲ့ပါတယ်။
တစ်ခါတစ်လေ ဗိုက်ဆာရင် ရှမ်းတောင်တန်း မှာ
ရှမ်းခေါက်ဆွဲ အသုတ် စားနေကြ။
လှည်းတန်းမှာ ဆံပင် ညှပ်ရင် ဝင်းဆံသ မှာ အမြဲ ညှပ်ဖြစ်တယ်။
ယောက်ျား ပီပီသသ စတိုင်ကို သူတို့ အပိုင်ဆုံးလို့ကို
ကျွန်တော့်စိတ်က သတ်မှတ်ထားတာ။
ညဘက်တွေမှာ ဝင်းဆံသ ဆိုတဲ့ မြန်မာစာလုံးကို
မီးလေးတွေနဲ့ ပြေးထားတာများ ကြည့်လို့မဝနိုင်အောင်ပါပဲ။
အခု လှည်းတန်း စင်တာ ကြီးဆောက်တော့
လှည်းတန်း ရဲ့ ထရိတ်မတ်လို့ ကျွန်တော်ထင်ခဲ့တဲ့
ဝင်းဆံသ ဟာ တာမွေ အဝိုင်းကြီးထိပ်နား ကို
ပြောင်းသွားတာ အခုထိ ပြန်ပေါ်မလာတော့။
ဝင်းဆံသ နဲ့ အတူ အောင်ချမ်းသာ လမ်းထဲက
နီတိုးကြီးဆိုင်မှာလည်း တစ်ခါတစ်လေ ဆံပင်ညှပ်ခဲ့ဖူးတယ်။
သူတို့လည်း ယောက်ျား ဆံပင်ညှပ်ဆရာတွေချည့်ပါပဲ။
နီတိုး ဆိုင်က ဆံပင်မညှပ်ခင် ထိုင်စောင့်ရတာရော
ဆံပင်ညှပ်ပြီး မပြန်သေးပဲ လေပစ်ရတာရော
ဝင်းဆံသ ထက် ပို မိုက်တယ်။
တစ်ခါတစ်လေ များ ယောက်ျားကြိုက် Nc ပုံလေးတွေတောင်
သူတို့ဆီက ကြည့်ခဲ့ဖူးသေး။
ထမင်းစားခဲ့ဖူးတဲ့ ဆိုင်တွေ ကိုလည်း ပြန်အမှတ်ရမိနေပါတယ်။
အိတ်ကပ်ထဲ ငွေ နည်း တဲ့ အခါ
ဇေယျာသီရိ လမ်း ထဲက အမေ ထမင်းဆိုင် တို့
ကြမ်းပြင်မှာ စားပွဲ အဝိုင်းလေးတွေနဲ့ စားရတဲ့ တူးတူး ထမင်းဆိုင်တို့၊
ဦးဝင်းနိုင် စပီကင် သင်တန်း နားက ကြယ်ပြာထမင်းဆိုင်တို့မှာ
ပုံမှန်စားဖြစ်တယ်။
အိတ်ကပ်ဖေါင်းတဲ့အချိန်ဆို အောင်ချမ်းသာလမ်းထဲက
ဓနုဖြူ ဒေါ်စောရီ ထမင်းဆိုင် မှာ စားတဲ့အခါတွေလည်း ရှိခဲ့တာပါပဲ။
လှည်းတန်းစင်တာကြီးဆောက်တော့ ဓနုဖြူဒေါ်စောရီဆိုင်က
စံရိပ်ငြိမ် နား ကို ပြောင်းပေးလိုက်ရတာ အခုအချိန်ထိပါပဲ။
ထိုင်ဖူးတဲ့ လဖက်ရည်ဆိုင်တွေ အကြောင်းလည်း ပြောချင်သေးတယ်။
ဦးထွန်းလင်း ခြံလမ်း ထိပ်နားက ပြုံးပန်းတစ်ရာ လဖက်ရည်ဆိုင်၊
မွန်သစ်တိုက်တန်းမြေညီထပ်က ပန်းအိ လဖက်ရည်ဆိုင်၊
ဇေယျာသီရိ လမ်းထဲက ရွက်လှ လဖက်ရည်ဆိုင်၊
ဆင်ရေတွင်း မှတ်တိုင်နားက လက်စလီ လဖက်ရည်ဆိုင်၊
ကန်လမ်းထိပ်နားက ခရမ်းပြာ လဖက်ရည်ဆိုင် စသည်ဖြင့်ပေါ့။
လှည်းတန်းမီးပွိုင့် နားက အိမ ကျောက်ကျော လည်း
ကျွန်တော် တို့ အားပေးခဲ့ကြဖူးတာပါပဲ။
ကျောင်းပြီးလို့ ကုမ္ပဏီ တစ်ခုမှာ အလုပ်ဝင်တော့
ဦးထွန်းလင်းခြံလမ်းထဲမှာ အဆောင်နေဖြစ်ပါတယ်။
ဦးထွန်းလင်း ခြံလမ်းထဲမှာ မိန်းကလေး
အဆောင်တွေလည်း ရှိတော့ ဂစ်တာလာတီးတဲ့
အဖွဲ့လေးတွေ ရှိပါတယ်။
တစ်ည… ဗက်ထရန်စမေလိုဗစ် ဆိုတဲ့ သီချင်း ကို
ဆွေးဆွေးမြေ့မြေ့ ဆိုနေတဲ့ လူတစ်ယောက် ရဲ့
သီချင်းသံကို ကျွန်တော် နားဆင်ခွင့်ရခဲ့ပါတယ်။
ချက်ခြင်းပဲ ဂစ်တာဝိုင်းလေး ရှိရာကို
ကျွန်တော် ရောက်သွားခဲ့ပါတယ်။
ခုနက ဆိုတဲ့ သီချင်းက ဘာသီချင်းလဲဗျ။
ဘယ်သူဆိုတာလဲ လို့လည်း မေးလိုက်မိတယ် ထင်ပါတယ်။
သူတို့ ကျွန်တော့်ကို သေသေချာချာ ပြန်အဖြေပေးကြပါတယ်။
ရေးတာရော ဆိုတာပါ ယူမိုး တဲ့။
သီချင်းက ယူမိုးရဲ့ မထွက်သေးတဲ့ ကစားပွဲများ အခွေထဲက
သီချင်းတစ်ပုဒ်ပါတဲ့။
ယူမိုး ဆိုလို့ ပြောရဦးမယ်။
လှည်းတန်း မီးပွိုင့်နားမှာ ဟိုတုန်းက ပဉ္စသိင်္ခ ဆိုတဲ့ တေးထုတ်လုပ်ရေး
တစ်ခု ရှိခဲ့ဖူးတယ်ဗျ။
ကိုယူမိုး အခွေကို အဲဒီ တေးသံသွင်း က ဖြန့်ချိခဲ့တာပါ။
ပဉ္စသိင်္ခ ပိုင်ရှင် ဟာ နောက်ပိုင်းမှာ ကိုယ်တိုင်သီချင်းဆိုပြီး
စီးရီးတွေထုတ်ခဲ့တဲ့ ရာစု ပါပဲ။
ခုနက ဂစ်တာ ဝိုင်းလေးဆီ ပြန်သွားလိုက်ရအောင်ဗျာ။
အဲဒီ ဂစ်တာဝိုင်းမှာ ပဲ ကိုလွင်မောင်မောင် ကို လည်း
စသိခွင့်ရခဲ့ပါတယ်။
လွင်မောင်မောင် က တာရာ ရဲ့ သီချင်းတွေကို ရေးပေးနေတဲ့
သီချင်းရေးဆရာပေါ့။
ကိုယူမိုး သီချင်းတစ်ပုဒ်ကိုလည်း ထူးအိမ်သင် က ဝင်ရိုးစွန်းမီး
ဆိုတဲ့ အခွေထဲမှာ ထည့်ဆိုခဲ့ဖူးပါတယ်။
ဒါက လှည်းတန်းက ဂီတ သမား တချို့ နဲ့ ထိတွေ့ခွင့်ရခဲ့တာလေး
ပြန်ပြောပြတာပါ။
လှည်းတန်းမှာ ကျွန်တော် ကြိုက်တဲ့မုန့်ဟင်းခါး ဆိုင် တစ်ဆိုင် ရှိပါတယ်။ ထန်းတစ်ပင်လမ်းထိပ်က ဆကာကြီး မုန့်ဟင်းခါး ဆိုင်ပေါ့။
ဘီယာသောက်ရင်တော့ ဆကာကြီး မုန့်ဟင်းခါး ဆိုင် ဘေးမှာ
ဖွင့်ထားတဲ့ နယူးဆိုနီ ဘီယာ ဆိုင်မှာ သောက်ဖြစ်တယ်။
ကာရာအိုကေ လည်း ဆိုလို့ ရတယ်လေ။
လှည်းတန်း ဈေးနားမှာပဲ စတီရီယို ဖခင်ကြီး
ဒေါက်တာ ထွန်းနောင် မသေခင် သွားဆေးခန်း ဖွင့်သွားဖူးသေးတယ်။
လှည်းကလေး နဲ့ ဒိန်ချဉ် ဆိုင်ဟာလည်း လှည်းတန်း ရဲ့ ဂုဏ်ပုဒ်တစ်ခုပါပဲ။ လှည်းတန်းဈေးဘက်မှာ ဖွင့်တဲ့ ဆိုင်မှာ သိတ်မသောက်ဖြစ်ပဲ
ဦးထွန်းလင်းခြံလမ်းထိပ်က ဆိုင်ခွဲမှာပဲ သောက်ဖြစ်ပါတယ်။
အခုအထိ လည်း လှည်းကလေးနဲ့ ဒိန်ချဉ်ကို အားပေးနေတုန်းပါဗျာ။
———————————
လှည်းတန်းမှာ ကျွန်တော် ဘယ်တော့မှ မမေ့နိုင်မယ့်
ကျောင်းသားတွေရဲ့ နိုင်ငံရေးဆန္ဒပြပွဲတချို့ကိုလည်း
ကြုံတွေ့ခဲ့ရဖူးပါတယ်။
၁၉၉၆ လောက်က ဖြစ်မယ် ထင်ပါရဲ့။
RIT ကျောင်းသားကျောင်းသူတွေ ဟာ
အင်းစိန်လမ်းမကြီး တစ်လျှောက် ချီတက်လာပြီးတော့
လှည်းတန်းလမ်းဆုံ အလယ်ခေါင်တည့်တည့်လောက်မှာ
နေရာ ယူလိုက်ကြပါတယ်။
သပိတ် သပိတ် မှောက် မှောက် ဆိုတဲ့
ကျွေးကျော်သံတွေကိုလည်း အော်ဟစ်နေကြတာပေါ့။
ကျွန်တော်တို့က အဲဒီအချိန်က ဦးထွန်းလင်းခြံလမ်းထဲနေတာဆိုတော့
ထုံးစံအတိုင်း ဘေးကကြည့်တဲ့ လူအုပ်ကြီးထဲ
ဝင်ပြီး ကြည့်နေတာပေါ့။
စစ်ကားတွေ လုံထိန်းတွေ ရောက်လာပြီး လမ်းတွေ ပိတ်လိုက်ပါတယ်။
အဲဒါ ညနေခင်းလောက်မှာပါ။
ကျောင်းသား ကျောင်းသူ တွေက လမ်းဆုံ အလယ်ခေါင်တည့်တည့် လောက်မှာ ထိုင်ကြပြီး တစ်ယောက်နဲ့ တစ်ယောက် လက်ချင်း
ချိတ်ထားကြပါတယ်။
ညပိုင်း ၈ နာရီ လောက်ကျတော့ အင်အားသုံး အရေးယူတော့မယ်ပေါ့။
ဆန္ဒ ရှိတဲ့ ကျောင်းသားတွေ အိမ်ကိုပြန်နိုင်ပါတယ်ဆိုပြီး
လော်ကြီးနဲ့ ခြိမ်းခြောက်တော့တာပါပဲ။
နောက်ထပ် မီးသတ်ကား အချို့လည်း ရောက်လာပါတယ်ဗျာ။
ည ၁၁ နာရီ လောက် လို့ ထင်ပါတယ်။
အဲဒီအချိန်မှာ မီးတွေ အားလုံး ဖြတ်လိုက်ပါတယ်။
ကျောင်းသားတွေကို မီးသတ်ပိုက်တွေ နဲ့ စထိုးတော့တာပါပဲ။
အရှိန်ပြင်းတဲ့ မီးသတ်ပိုက်ရဲ့ ရေအားကြောင့်
ကျောင်းသားတွေဟာ ဘယ်လိုမှ တောင့်မခံနိုင်ပဲ
လက်ချင်းချိတ်ထားပေမယ့် လွတ်ထွက်ပြီး ကစင့်ကလျား
ဖြစ်ကုန်ပါတော့မယ်။
အဲဒီအချိန်ကျမှ လုံထိန်းတွေက ဝင်ပြီး ဖမ်းတော့တာပါပဲ။
အဲဒါကို မွန်သစ် တိုက်တန်းလျားကြီး အပေါ်ထပ်က ကြည့်နေတဲ့
လူ တွေက ဝိုင်းအော်ကြပါတယ်။
(ဟင့်အင်း…ကျွန်တော် မပါခဲ့ဘူးလို့ ထင်ပါတယ်)
ဟေ့ကောင်တွေ မင်းတို့ ကလေးတွေကို မတရားမလုပ်နဲ့။
ငါ -ိုး မသားတွေ ဆိုပြီး ဝိုင်း ဆဲကြတာပေါ့။
အဲဒီမှာပဲ လုံထိန်းတွေဟာ မွန်သစ်တိုက်တန်းလျား
အပေါ်ထပ်တွေကို လှေခါးကတစ်ဆင့် ပြေးတက်လာကြပါတော့တယ်။
ဒါပေမယ့် အပေါ်ရောက်တော့ တစ်ယောက်မှ မရှိကြတော့ပါဘူး။
အပေါ်မှာ ဖွင့်ထားတဲ့ စပီကင်သင်တန်းတို့ ကွန်ပျူတာသင်တန်းတို့ က
အထဲကို ဝင် ဝင် ဝင် ဆိုပြီး တံခါးကို အလုံပိတ်ပေးထားလိုက်တာကိုး။
အဲဒါနဲ့ လုံထိန်းတွေဟာ ဒေါပွပြီး မွန်သစ် တိုက်ရှေ့မှာ
ရပ်ထားတဲ့ ကားတွေရဲ့ မှန်တွေကို ဒုတ်တွေ နဲ့
ရိုက်ခွဲကြတော့တာပါပဲ။
မနက်ကျတော့ ကားပိုင်ရှင်တွေ ခင်ဗျာ ဘာမှ မတတ်နိုင်ရှာကြပါ။
အဲဒီ အဖြစ်အပျက် လေးကို ကျွန်တော် ဘယ်တော့မှ
မေ့တော့မှာ မဟုတ်ပါဘူး။
နောက်နေ့တွေမှာ အင်းစိန်လမ်းမကြီး ကို ပိတ်ထားလိုက်ပါတယ်။
လှည်းတန်းက ရုံးတက်ချင်သူတွေဟာ လမ်းကြိုလမ်းကြားက
ဖြတ်ပြီး ဆင်မလိုက်ကို လမ်းလျှောက်သွားပြီးမှ ကားစီးလို့ရပါတယ်။
စစ်အုပ်ချုပ်ရေး ရဲ့ ခါးသီးတဲ့ အတွေ့အကြုံ များပေါ့ခင်ဗျာ။
ကျွန်တော်ကတော့ ရောင်တော်ပြန်နဲ့ ရောလွှတ်ပြီး အဲဒီနေ့က
ရုံးမတက်ပါဘူး။ ဘယ်လောက်သတင်းအမှောင်ချထားသလဲ ဆိုရင်
လှည်းတန်းမီးပွိုင့် အလည်ခေါင်တည့်တည့် ကြီးမှာ တစ်ညနေခင်းလုံးကြီး
ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို ရန်ကုန်မြို့ထဲနေတဲ့လူတွေ လုံးဝ မသိခဲ့ကြပါဘူး။ အခုလို ဖေ့စ်ဘုတ် တွေ ရှိတဲ့ အချိန်ဆိုရင်တော့
ပွဲ ပေါ့ဗျာ။
—————————-
အခုတော့ လှည်းတန်း ဟာ ကျွန်တော် နဲ့ သူစိမ်းဆန်ဆန်။
ပြုံးပန်းတစ်ရာ လဖက်ရည်ဆိုင် လည်းမရှိတော့ပြီ။
ဦးထွန်းလင်းခြံလမ်း တစ်ခုလုံးကလည်း ဈေးတန်းကြီးကို ဖြစ်လို့။
လှည်းတန်းဈေးရှေ့နားမှာ လည်း စိန်ဂေဟာ က လူတွေ တိုးမပေါက်။
ဟိုတစ်နေ့ကမှ ဖွင့်လိုက်တဲ့ လှည်းတန်းစင်တာကြီးက
ခန့်ညားတယ်ဆိုပေမယ့်
ရှမ်းတောင်တန်းတို့၊ ပဉ္စသိင်္ခ တေးသံသွင်းတို့၊ ဝင်းဆံသ တို့၊
အဓိပတိ စတိုးတို့၊ ဂိုးရှိုး စတိုးတို့ မပါလာတော့တဲ့အခါ
လှည်းတန်းဟာ ကျွန်တော့်အတွက် သူစိမ်းဆန်ဆန်။
ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။
35 comments
ဇီဇီခင်ဇော်
September 17, 2015 at 2:11 pm

September 17, 2015 at 2:13 pm
ပို့(စ) က စာလုံးတွေက မမြင်ရလို့ ကိုဘက်
:k:
black chaw
September 17, 2015 at 2:29 pm
@ ဇီဇီခင်ဇော် ;
ဆောရီး။ ဘယ်လိုဖြစ်သွားလဲ မသိဘူး။
အခုရော မြင်ရပြီလား။
မြင်ရအောင် လုပ်ပေးပါဦးဗျာ။
kai
September 17, 2015 at 2:48 pm
ကျုပ်တော့.. ၂ခုလုံးမြင်ရသဗျ…။
လှည်းတန်းကို.. ဘာလို့.. လှည်းတန်းလို့ခေါ်သလည်းမသိ…။
ရှေးက.. ရွှေတိဂုံဘုရားဖူးလာတဲ့..လှည်းတွေတန်းစီရပ်တဲ့နေရာမို့လား.. :k:
black chaw
September 18, 2015 at 1:11 pm
@ kai ;
အဲလို တစ်ခါမှ တွေးမကြည့်မိဘူး ဗျ။
ဟိုတုန်းက လူကြီးတွေပဲ သိမယ်ထင်ပါရဲ့ဗျာ…။
nozomi
September 17, 2015 at 3:15 pm
လှည်းတန်း မှာ မနေဘူးပေမဲ့
ပဉ္စသိင်္ခ တေးသံသွင်း မှာ အခွေကူးဘူးတယ်
ဂိုးရှိုး စတိုး မှာ ဈေးဝယ်ဘူးတယ်
အဝိုင်းပတ် ပုံစံဈေးဆိုင်လေးတွေ မျက်စေ့ထဲမြင်ရင်း သတိရမိတယ်
အရင်တုန်းက အခုလောက် လူမရှုတ်ပဲ လမ်းလျှောက်လို့ ကောင်းတာလေး ပြန်လိုချင်မိသား
ဒါနဲ့ စကားအတင်းစပ်
လှည်းတန်းမှာပဲ ကျွန်တော်ဟာအမှားအယွင်းပေါင်းများစွာ ကျူးလွန်မိလျက်သား ဆိုတာ
ဟိုအဖြစ်ကို သွယ်ဝိုက် ဝန်ခံလိုက်တာလားးးး
black chaw
September 18, 2015 at 1:14 pm
@ nozomi ;
ပြန်မရနိုင်တော့ပါဘူး ကိုကိုရယ်…၊
လွမ်းနေရုံလေးပါပဲ…။
လာမယ်လေ…။
စောင့်ဖတ်ပါဗျာ…။
aye.kk
September 17, 2015 at 3:25 pm
သူစိမ်းဆန်ဆန်
ပြင်းရှတဲ့ခံစားချက်တွေ
ခံစားလာရတာနှစ်များစွာထိ
အမြစ်တွယ်နေဆဲပါဘဲ။။
black chaw
September 18, 2015 at 1:16 pm
@ aye.kk ;
တစ်သားတည်း ဖြစ်နေခဲ့ဖူးတဲ့
နေရာလေးတစ်ခု အကြောင်းကို
စမြုံ့ပြန်ကြည့်တာပါ အစ်မရယ်။
မမေ့တတ်သူတွေဟာ ရင်နာရစမြဲပါ ခင်ဗျာ…။
mgsai
September 17, 2015 at 4:19 pm
ကျွန်တော်ကတော့ ဆယ်စုနှစ်တစ်ခုစာပဲမှီလိုက်တယ်ဗျ ဦးထွန်းလင်းခြံလမ်းထဲက သရက်ပင်ကြီးတို့၊ အခုခမ်းလားရှိုးလား အဲဒီနားမှာ အရင်က ဖွင့်ခဲ့တဲ့ အသုပ်ဆိုင်တို့။ အရင်တုန်းကခြံအကျယ်ကြီးတွေနဲ့ သစ်ပင်တွေနဲ့ပေါ့
black chaw
September 18, 2015 at 1:18 pm
@ mgsai ;
ဟုတ်တာပေါ့။ ဦးထွန်းလင်းခြံလမ်းထဲမှာ
ခြံအကျယ်ကြီးတွေ ရှိခဲ့တာပေါ့။
ဆရာကြီးမင်းသုဝဏ်ခြံတို့…၊
လှစန်းယဉ် ဘောင်းဘီ ခြံတို့ စသည်ဖြင့်ပေါ့။
အခုတော့ တိုက်ကြီးတွေဆောက်ပြီး
ဆိုင်ခန်းတွေ ဖြစ်နေပြီ ဗျာ…။
ပြန်မရနိုင်တော့ပါဘူး။
pooch
September 17, 2015 at 4:44 pm
ကိုဘလက်ရဲ့ လှည်းတန်းကို အငှားခံစားပေးသွားတယ်
လွမ်းစရာလည်းကောင်း ရင်နာစရာလည်းကောင်းတယ်
စကားစပ်လို့ပြောရရင် ကျနော်အရင်နေတဲ့ အိမ်ဟောင်းရဲ့ ရပ်ကွက်လမ်းကလည်း လှည်းတန်းပဲ အဲ့လမ်းမှာ နှစ် ၂ဝ ကျော်နေခဲ့တာပေါ့
မင်းတုန်းမင်းလက်ထက်က လှည်းတွေလုပ်တဲ့အရပ်မို့တဲ့ ကျနော်တို့နဲ့ ကပ်ရပ်က သပိတ်တန်းတဲ့
black chaw
September 18, 2015 at 2:04 pm
@ pooch ;
အဲဒီ အငှား ခံစားပေးသွားတယ် ဆိုတဲ့ အသုံးအနှုန်းလေး
ကျွန်တော် အတော် သဘောကျတယ်ဗျ။
တစ်ခါက မန်းတက္ကသိုလ် ကို ဓါတ်ပုံရိုက်ပြီး ပို့စ်တင်တုန်းက
ရန်ကုန်သား အငှားလွမ်းတဲ့ မန်းတက္ကသိုလ် ဆိုပြီး
ရေးခဲ့ဖူးတယ် ထင်ပါရဲ့။
အငှား ခံစားပေးသွားတယ်ဆိုတဲ့ ကွန်းမန့်လေးအတွက်
ကျေးဇူးတင်ပါတယ်ဗျာ…။
ဦးဦးပါလေရာ
September 18, 2015 at 12:16 am
ကျုပ်တို့တုန်းကတော့
နေတာက သထုံဆောင်
အတန်းတက်တာက တောင်ငူဆောင်ဆိုတော့
လှည်းတန်းဆိုတာ ကျောင်းသားဘဝရဲ့ အစိတ်အပိုင်းတစ်ခုလို့သာ ပြောရတော့မှာပဲ..
ကိုချောပြောမှပဲ အရင်အချိန်တွေတုန်းက အပျိုရည်မပျက်သေးတဲ့ လှည်းတန်းကို
ပြန်လွမ်းနေမိသေးတော့ ……..
black chaw
September 18, 2015 at 2:07 pm
@ ဦးဦးပါလေရာ ;
ကိုပါကြီးတို့က လှည်းတန်းမှာ အမှတ်တရတွေ
ပိုရှိမှာပါဗျာ။
အဆောင်နေကျောင်းသားဘဝမှာ
မမေ့ရက်စရာ မမေ့နိုင်စရာ အမှတ်တရတွေများလွန်းတယ်ဆိုတာ
သမိုင်းဝန်းထဲ နေခဲ့ဖူးသူမို့ ကိုယ်ချင်းစာပါတယ်။
လှည်းတန်းက အခုတော့ အပျိုရည်ပျက်ခဲ့ရတဲ့အပြင်
တစ်ခုလပ် ဘဝမျိုးဖြစ်နေပါပြီဗျာ။
ကွန်းမန့်လေး အတွက် ကျေးဇူးပါ။
ဂျက်စပဲရိုး
September 18, 2015 at 5:56 am
ဂိုးရှိုး နဲ့ ဝင်းဆံသ ကို မှီလိုက်တယ်။
မှတ်မှတ်ရရ ငယ်ငယ်တုန်းက အဖေတို့နဲ့ ကပ်လိုက်ရင်း ဝင်းဆံသ မှာ ဆံပင် ညှပ်ပေးတော့
နဖူး ကို ထောင့်ကျအောင် လား မသိပါဘူး ဓား နဲ့ ရိတ်ပလိုက်တာ ဆံပင်ညှပ်ဆြာက
ကိုယ်လဲ သူ့ဟာသူ ဘာလုပ်လို့ လုပ်သွားမှန်း မသိတော့ ငြိမ်ခံလာ
အိမ်ပြန်ရောက်တော့ အမေ က တွေ့ပြီး မေး
အဲတော့မှ အစထဲက ပြောင်ပါတယ် ဆိုတဲ့ နဖူး ထပ် အရိတ်ခံ လိုက်ရပါပကော ဆိုပြီး သိ း)
black chaw
September 18, 2015 at 2:10 pm
@ ဂျက်စပဲရိုး ;
ကိုဂျက်လည်း လှည်းတန်းကို ဖြတ်သန်းခဲ့ဖူးတယ်ပေါ့…။
အရိတ်ခံရတဲ့ ဆံပင်က ပိုသတ်တယ် ကိုဂျက်ရဲ့။
Mike
September 18, 2015 at 11:06 am
.ကျုပ်လည်းလှည်းတန်းမှာ ဆံပင် ညှပ်ရင် ဝင်းဆံသ မှာ အမြဲ ညှပ်ဖြစ်တယ်။
.ဂိုးရှိုးစတိုးကတော့ကျောင်းနေဖက်သူငယ်ချင်း ကျော်ကျော်ဆိုသူရဲ့ဆိုင်ပေါ့..
.ခုတော့လပြည့်ဝန်းပလာဇာမှာထင်ရဲ့…
.ရှမ်းခေါက်ဆွဲလည်းဆွဲဖူးတယ်…သတိရစရာတွေပေါ့ဗျာ
black chaw
September 18, 2015 at 2:14 pm
@ Mike ;
ဟုတ်တယ် ဗျ။
အဲဒီ သတိရစရာလေးတွေကို ပို့စ်လေးတစ်ပုဒ်ရေးကြည့်လိုက်တဲ့
သဘောပါ။
လွမ်းတတ်ရင်တော့
ဘယ်နေရာကြည့်ကြည့်လွမ်းစရာတွေဖြစ်နေတော့တာပါပဲဗျာ။
ကွန်းမန့်လေးအတွက် ကျေးဇူးပါ ကိုမိုက်ရေ။
Crystalline
September 18, 2015 at 12:57 pm
လှည်းတန်း….. အခုချိန်မှာမသွားချင်ဆုံးနေရာ… :kwi: ကားနဲ့သွားလည်းအဆင်မပြေ.. လမ်းလျောက်ဖို့လည်းအဆင်မပြေ
အစားအသောက်ဆိုင်တွေပေါတာသိရက်.. အစားသမားကိုမဆွဲဆောင်နိုင်ဝူး.. :loll:
လူဖြစ်နောက်ကျတယ်… အခုအချိန်က..လှည်းတန်းမှမဟုတ်.. ရန်ကုန်မြို့ရဲ့ နေရာတိုင်းမထူးပါဘူး.. :((
black chaw
September 18, 2015 at 2:20 pm
@ Crystalline ;
အထွေအထူး ပြောမနေတော့ပါဘူး။
ဘီစီ ချီးမြှင့်ပေး လိုက်ပါတယ်ဗျာ။
လိုရင်း ကို တန်းရောက်သွားသော ကွန်းမန့် ဖြစ်လို့ပါ။
CharTooLan
September 21, 2015 at 5:06 pm
ဟုတ်ပ ကျနော်မသွားချင်ဆုံးနေရာလဲ လှည်းတန်းပဲ အဲ့လိုပဲ မူးနောက်ရှုပ်ပွလို့
ဒါတောင် အဲ့လိုနေရာနဲ့ မတိမ်းမယိမ်း တာမွေအဝိုင်းနားနေတာနော် 😀
ခုတောင် တာမွေလဲ အိုးရှင်းကြီးနဲ့ပွရှုပ်နေတယ် 🙁
black chaw
September 21, 2015 at 7:44 pm
@ Char Too Lan;
ဟိုတုန်း စည်ကားပြီး
အခု ရှုတ်ယှက်ခတ်နေတယ်လို ့
ပြောရမှာပါပဲ ချာတူးရေ။
အောင် မိုးသူ
September 18, 2015 at 2:13 pm
လှည်းတန်းတော့ ခဏသွားရတာပဲသဘောကျတယ် ခဏသွားတာတောင် အကြာကြီးမနေချင်ဘူး ရှုပ်ယှက်ခတ်နေလို့ ခေါင်းမူးတယ်။ အရင်တုန်းကတော့ အခုလောက်မဟုတ်ဘူး ထင်တယ်နော်။
black chaw
September 18, 2015 at 2:30 pm
@ အောင်မိုးသူ ;
အရင်တုန်းက အခုထက်ပိုတာပေါ့ ညီလေးရယ်။
အရင်တုန်းက
ခေတ်မှီ သော၊ နောက်ဆုံးပေါ် ဒီဇိုင်းဆန်းဆန်း တွေ ဝတ်စားဆင်ယင်ထားကြတဲ့
ကျောင်းသူ ကျောင်းသား လူငယ်တွေ နဲ့ စည်ကားသော နယ်မြေပေါ့။
အခုကျတော့ ဘုရားပွဲ ဈေး တန်းတစ်ခုကို ဖြတ်သန်းရသလို
ရှုတ်ယှက်ခတ်နေသော လှည်းတန်းပေါ့ကွာ။
မြစပဲရိုး
September 19, 2015 at 2:37 am
ရှင့် အစ်မကတော့ တစ်ချိန်တုန်းက လှည်းတန်းမှာ ပိုက်ဆံတောင်းတဲ့ သူ ရဲ့ ခွက် ကို ခလုတ်တိုက်မိခဲ့တာ
ဘယ်တော့မှ မေ့ပါဘူး။
အရာ အားလုံးကတော့ အချိန်နဲ့ လိုက်ပြောင်းနေကြမှာပါဘဲ။
လွမ်းစရာရှိခဲ့လိုက်တာ ကို ဘဲ ကျေနပ်လိုက်ပါ ကိုချောရာ။ :-))))
black chaw
September 19, 2015 at 10:58 am
@ မြစပဲရိုး ;
အစ်မ မခင် လတ် ရဲ ့
ကွန်းမန် ့လေးတွေ ကိုလည်း
ကျွန်တော်လွမ်း နေပါကြောင်း။
တောင်ပေါ်သား
September 19, 2015 at 1:13 pm
၁၉၈၄ ၏ ညနေများစွာ၌
လှည်းတန်း ဦးချစ် ( စေတနာရှင် ) ဆိုင် ထိပ်ဆုံးက
ညောင်ပင်ကြီးအောင်စားပွဲမှ နေ၍ ဥပဒေမေဂျာ
သီရိဆောင်သူလေးအား လာ လာငေးခဲ့သော
အင်းစိန် ဂျီတီအိုင် ကျောင်းသားတစ်ဦး ရှိခဲ့ဘူးလေသည် ၊
ရွှေဝါဖူး ဓါတ်ပုံတိုက်ဘေးမှ မိုးအလင်း လဘက်သုတ်ဆိုင်ကလေးကိုလည်း
သီရိသူလေးကဲ့သို့ပင် လွမ်းပါသည် ၊
ယခု စိ်န်ဂေဟာ၏ ဘေးလမ်း ဟိုဘက်မှ ဆရာဦးလှဆောင် ကျူရှင်ကိုလည်း သတိရပါ၏ ၊
ဆိုင်တကာ လဘက်ရည် တစ်ကျပ်ခေတ်တွင် တစ်ကျပ်တစ်မတ်ယူသော
ပန်းမြို့တော်ကိုလည်း မှတ်မိပါသည် ၊
၁၉၇၁ လှည်းတန်း ပေ ၅ဝ လမ်း ၅ လမ်းထိပ်မှာ စနေခဲ့သူမို့ လွမ်းစရာများမှာ မနည်းလှချေပါတကား ၊
black chaw
September 19, 2015 at 2:43 pm
@ တောင် ပေါ် သား ;
လှည်းတန်းကို ဖြတ်သန်းသွားကြသူတွေ
လှည်းတန်းကို ထားသွားရက်ခဲ့ကြ သူတွေ ရေ။
လှည်းတန်းက တော့
လှည်းတန်းအဖြစ်ပဲ
ဆက် ရှိ နေဆဲပါဗျာ။
htet way
September 22, 2015 at 7:34 pm
တခါတခါ ရုပ်ရှင်ထက်တောင်ရုပ်ရှင်ဆန်သေးတယ် ဆရာဘလက်
အဲ့ဒီတုန်းက ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ထိုင်တဲ့ ပြုံးပန်းတစ်ရာ
လက်ဖက်ရည်ဆိုင် ကျုပ်တို့လဲ ထိုင်တာပေါ့။ ခင်ဗျားနဲ့တောင် တခါဆုံသေး။
စကားတော့ မပြောဖြစ်ခဲ့ကြဘူး။ခုလို ခင်မင်ကြမယ်လို့လည်း မထင်မိခဲ့ဘူး။
အဲ့ဒီကာလမှာ ဆရာမောင်ညိုအေး(ပန်းတော)တို့လည်း လုံးချင်းစထွက်ကာစ။
ကျနော်ကတော့ တက္ကသိုလ်ကျောင်းသား ကဗျာရူးစာရူးလေးပေါ့။
စွဲလမ်းတဲ့ လှည်းတန်းရဲ့ တစ်နေရာပေါ့ဗျာ(ဆရာစိန်ဝတ္ထုနာမည်)
black chaw
September 22, 2015 at 9:06 pm
@ Htet Way ;
သိတ်မှတ်မိတာပေါ့ဗျာ…။
ဆရာထက်က ရုပ်မှ သိတ်မပြောင်းပဲ ကိုး…။
အဲဒီတုန်းကတော့ ဆရာထက်တို့က မောင်စိန်ဝင်း (ပုတီးကုန်း) နဲ့
တစ်ဝိုင်းတည်း ထိုင်ပြီး စကားပြောရ လဖက်ရည်သောက်ရသူတွေမို့
ကျွန်တော်တို့က ငေးမောအားကျခဲ့ရတာပေါ့…။
မောင်ငြိမ်းသူ (ကြို့ပင်ကောက်) လည်း လာတတ်တယ်လေ။
အသက်ကြီးလာတော့ ပြန်မရနိုင်တော့ချိန်တွေကို ပြန်လွမ်းကြစမြဲပါ…။
လှည်းတန်း က ရန်ကုန်တက္ကသိုလ် နယ်မြေ ဆိုတော့ ပိုလွမ်းကြတာပေါ့…။
ကွန်းမန့်လေး ဝင်ရေးပေးသွားတာ ကျေးဇူးပါ ဆရာထက်ရေ…။
naywoon ni
September 24, 2015 at 10:36 pm
အသက်တစ်ရက်ကြီးလာလေ လွမ်းရတာ တစ်ရက်စာ ပိုလာလေပေါ့ဗျာ 🙂
black chaw
September 25, 2015 at 9:57 am
@ naywoon ni ;
တိုတို နဲ ့ တုတ်တုတ်
ထိထိမိမိ ရှိလှတဲ့ ကွန်းမန် ့လေး။
Alinsett @ Maung Thura
September 25, 2015 at 1:40 am
ကိုယ် အကြောင်း ကောင်းဆိုး အတန်အတန်ကို
အဲ့လို စိတ်ဝင်တစားနဲ့ တခြားသူတွေ ဖတ်ရင်း
ဖတ်ရင်း ခံစားမှု အစုံစုုံ အဖုံဖုံ ဖြစ်အောင်
-ရေးတတ်ချင်လိုက်တာ
-လေးဘလက် တကယ့်ကို စာရေးကောင်းနေပြီ၊
black chaw
September 25, 2015 at 10:03 am
@ Alinsett @ Maung Thura ;
ဟားဟား ဒီလောက် ဟုတ်သေးပါဘူး
ညီလေးရယ်။
ဖတ်ပေးသွားတာ ကျေးဇူးပါဗျာ။