ဟဲလို..မေမေ
မေမေနဲ့ ဖုန်းပြောရင် ကြာတတ်လွန်းလို့ လိုရင်းကို ပြောဖို့ပဲ မှာမိတယ်။သူနေမကောင်းဘူးဆိုရင်တောင် ဆေးခန်းသွားဖို့ ကျန်းမာရေး ဂရုစိုက်ဖို့ပဲ ပြောတာခပ်များများ။အိမ်ကို တစ်နှစ်တစ်ခေါက်ပြန်ရင် နွေးနွေးထွေးထွေး ရှိကြပေမယ့် ရန်ကုန်ပြန်ရောက်ရင်တော့ သိပ်အချိန်မပေးမိ။
ဖုန်းပြောရင် မေမေပြောသမျှ အင်းလိုက်ပြီး နားထောင်ရုံကလွဲလို့ ဘာမှလည်း ပြန်မပြောဖြစ်တော့ သူစိ်မ်းဆန်တယ်လို့ ရံဖန်ရံခါ အဲလိုအတွေးတွေ ဝင်မိပေမယ့် မိဘနဲ့ သားသမီး ဒီလိုပါပဲလေလို့ ဖြေတွေးနဲ့ပဲ ရှိနေတတ်ခဲ့တယ်။တခါတလေ အလုပ်ရှုပ်ရင် မေမေ့ကို ပြန်အော်မိတာတွေလည်း ရှိခဲ့တယ်။
နောက်တော့ အားနေရင်တောင် ကျင့်သားရနေတော့ မေမေနဲ့ ဖုန်းပြောရင် ပြီးပြီးရောတွေ များလာတယ် 🙁
အရင်လကတော့ မန်းလေးမှာ ရာသီဥတု ဖောက်ပြန်တာတွေကြောင့်ရော မေမေက မိုးမိပြီးဖျားနေတာနလန်မထူသေးဘူးဆိုတာကြောင့်ရော ဖုန်းခဏခဏဆက်နေမိတယ်။
ဒီနေ့လည်း မေမေနဲ့ ဖုန်းပြောတယ်။မေမေ နေပြန်ကောင်းပြီလား မကောင်းသေးရင် ရုံးမတက်နဲ့ဦးနော် အိမ်မှာတင်ပဲ အေးအေးဆေးဆေးနေ။ဆေးမှန်မှန်သောက်ဦးလို့ မှာနေရင်းက နလန်ထခါစ ဆိုပေမယ့် သူ့သမီး ဂရုတစိ်ုက်နားထောင်နေတော ့အားတက်လာတယ်နဲ့တူတယ်။
သူနေမကောင်းတဲ့ရက်တွေမှာ တစ်နေ့တာကို ဘယ်လိုဖြတ်သန်း နေတာတွေ၊ ဖေဖေက သူ့ကို ဂရုစိုက်တာတွေ ဖွားဖွားကတော့ ဘယ်လိုဆိုပြီး ထိုင်ပြောပါလေရော။
အဲလိုတွေ တရစပ် ပြောတဲ့အချိန် ကျွန်မ ခံစားမိတာကတော့ ငယ်ငယ်က ငါလည်း ကျောင်းက ပြန်လာရင် ဆရာမက ဘာတွေ သင်လိုက်တာ၊ ကဗျာက ဒီလိုလေးရွတ်ရင်း ကရတာလို့ ပြောပြတဲ့အခါ ပြောသမျှ မငြီးငွေ့ဘဲ နားထောင်ပေးတဲ့ မေမေနဲ့ ဖေဖေအကြောင်းကို
သတိရလာတယ်။
ကျွန်မဖျားရင်အလုပ် ဘယ်လောက်ရှုပ်ရှုပ် အိပ်ပျော်တဲ့ထိ သည်းခံပြီး ဂရုစိုက်စောင့်ရှောက်ရတာတွေနဲ့ ယှဉ်တဲ့အခါ ကျွန်မ မေမေ့ကို ပစ်ထားရာရောက်နေသလိုပါပဲ။
အဲ့မှာတင် စိတ်ထဲမှာ ငါမိဘတွေကိုပြန်ကြည့်ရမယ်ဆိုတာမျိုးထက် သက်ရှိထင်ရှား ရှိနေချိန်မှာ ဂရုတစိုက်ထားသင့်တယ် ငါအလှည့် ပြန်ရောက်ပြီလို့ တွေးမိလာတယ်။
အတွေးတွေ များနေရင်းကနေ ဖုန်းပြောတဲ့ဘက် အာရုံစိုက်ရင်း မေမေက ဖေဖေသူ့ကို ဂရုစိုက်တယ်လို့ ပြောရင် ကျွန်မက ဟယ်ဟုတ်လား ဖေဖေက သိပ်ချစ်ဖို့ ကောင်းတာပဲလို့ ပြောလိုက်။နေမကောင်းပေမယ့် ဘာတော့ လုပ်နေတယ်ဆိုတာမျိုး ပြောရင် ကျွန်မက မေမေနော်နေမကောင်းတာကို ငြိမ်ငြိမ်မနေဘဲ လျှောက်လုပ်နေတယ်လို့ ဆူလိုက်နဲ့ ။Speaker ဖွင့်ပြောနေတော့ ဖေဖေက တချက်တချက် ဝင်ဝင်ပြောတယ်။အားလုံး ရယ်ရယ် မောမောနဲ့။
ငယ်ငယ်က ကျွန်မ ပြောသမျှ အတိုင်းသား ကြားရပေမယ့် ဒီအသက်ဒီအရွယ်မှာ ဖေဖေနဲ့မေမေအတွက် Speakerလိုလာပြီ။ဖေဖေနဲ့မေမေ ကျွန်မတင်တဲ့ပိုစ့်တွေကို ဖတ်ဖို့
၊ နေ့တိုင်း ဂျပန်သတင်းစာကို ရေးပို့နေတဲ့ သတင်းတွေကို နားမလည်ပေမယ့် ပီတ်ိတခုအနေနဲ့ ကြည့်ချင်ပါတယ်ဆိုတဲ့ မျက်လုံးအစုံမှာ မျက်မှန်ပါဝါတွေလည်း ထူသထပ် ထူလာကြပြီ။
ကျွန်မ လစ်လျှူရှူခဲ့တဲ့ အချိန်တွေအတွက် စိတ်မကောင်းဖြစ်မိပေမယ့် အချိန်တွေ ကျန်နေပါသေးတယ်။အခုချိန်မှာ ပြောချင်တာတွေကို ပြောရရင် ငယ်ငယ်ကနေ အခုချိန်ထိ မှားခဲ့တဲ့အမှားတွေ နားမထောင်ဘဲ ထင်ရာစိုင်းခဲ့တာအတွက် ခွင့်လွှတ်ကြပါ ဆိုတာ။
လက်ရှိအချိန်မှာ အလိုအပ်ဆုံးက သမီး ဖုန်းဆက်တဲ့အခါ ဟဲလိုလို့ ထူးမယ့် မေမေနဲ့ဖေဖေရဲ့အသံရယ်။Speakerတွေ ဖွင့်ထားရင်း အော်ကြမယ့် နေ့ရက်တွေကိုသာ အများကြီး ရှိနေပေးပါ ဆိုတာကိုပါပဲ…။
5 comments
ဦး လေး မန်း
September 4, 2016 at 8:20 am
moonpoem ရေး ထား တာ ဖတ် ပြီး အ ဖေ အ မေ တောင် လွမ်း သွား တယ်။ မိ ဘ နဲ့ သား သ မီး ဆက် ဆံ ပုံ တ စွမ်း တ စ လဲ တွေ့ ရ တယ်။ သ မီး လုပ် သူ ရဲ့ မိ ဘ အ ပေါ် တွေး မိ တဲ့ လှ ပ တဲ့ အ သိ အ မြင် လေး လဲ မြင် ရ တယ်။ မိ ဘ အ ပေါ် သိ တတ် တာ မ င်္ဂ လာ တ ပါး ပါ။ ခု လို ဘဲ မိ ဘ ပြော ချင် တာ လေး တွေ အ ချိန် ပေး ပြီး နား ထောင် နိုင် တဲ့ ဘ ဝ လေး ေတွေ ပိုင် ဆိုင် နိုင် ကြ ပါ စေ။
kotun winlatt
September 5, 2016 at 4:46 pm
မိဘကျေးဇူးကို သိတတ်နားလည်သော မွန်းပိုအမ် နှင့် မိသားစု ကျန်းမာပျော်ရွှင်ပါစေကြောင်း ဆုတောင်း မေတ္တာပို့သအပ်ပါသည်။
ကိုပေါက်(မန္တလေး)
September 5, 2016 at 9:42 pm
အတွေးလှလှ
A mar nyo
September 8, 2016 at 10:16 am
ညကျရင်အမေတို့နဲ့ဖုန်းပြောဦးမှပါ
အရင်ကကျော်စွာဦးကြီးမိုက်
September 8, 2016 at 11:53 am
.အမှန်ပါပဲ…မွန်းပိုအမ်မိဘတွေအသက်ရှည်ကြပါစေ…
.တို့မှာတော့အမေပဲရှိတော့တာမို့ တတ်နိုင်သလောက်ကရုစိုက်ပေးနေပါတယ်