”ဤ”ကို ခပ်လွယ်လွယ်–ကျွဲချင်သူတွေ များလွန်းတော့လည်း…

alinsettJanuary 11, 20171min4388

“ဤ”ကို ခပ်လွယ်လွယ်…
ကျွဲချင်သူတွေ…များလွန်းတော့လည်း…

———————————————————————————–
“Good driving ! Ko Thura”
အဲဒီ စကားဟာ ကျွန်တော် ကားမောင်းနေစဉ် မကြာခဏ ကြားရလေ့ရှိတဲ့ စကား ဖြစ်ပြီး
အဲဒီ စကားကို မကြာခဏ ပြောလေ့ရှိသူကတော့ ကျွန်တော် အလုပ် လုပ်ကိုင်ရာ ရုံးမှာ အရေးပါ အရာရောက်သော/
ရာထူးကြီးသော ပရောဂျက် ဒါရိုက်တာ/ အင်္ဂလိပ် အမျိုးသမီးကြီး ဖြစ်ပါတယ်။

အဲဒီ ချီးကျူးစကားကို ကျွန်တော် ကားမောင်းနေစဉ် သူမက အနောက်ခန်းမှာ ထိုင် လိုက်ပါရင်း ပြောလေ့ရှိတာပါ။
အမှန်တော့ အသက် ၅ဝ ကျော်ပြီ ဖြစ်သော အဲဒီ အမျိုးသမီးကြီးဟာ အလွန်တရာ စိတ်တို ဒေါသ ဖြစ်လွယ်သော…
အလွန်တရာ ဂမူးရှူးထိုး ပြောဆို လုပ်ကိုင်တတ်သော စိတ်-ထက်သူ ဖြစ်ပါတယ်။ သူမဆီက အဲလိုချီးကျူးစကားကို မကြာခဏ ကြားရလေ့ရှိတဲ့အခါ
ဘာပဲဖြစ်ဖြစ် ကျွန်တော် ကိုယ့်ကိုယ်ကို ကိုယ် ဂုဏ်ယူပါတယ်။

သူမရဲ့ ဒေါသ အစား သူမ ကျေနပ်နှစ်သက်စွာ ပြောသော ချီးကျူးစကားကို ကြားရတယ် ဆိုတာ ဘယ်လောက် ဂုဏ်ယူစရာ
ကောင်းလိုက်သလဲ။

“ဂွတ်ဒရွိင်းဗင်း ခိုထူရ”
(သူမက ကျွန်တော့်နာမည်ကို ကိုသူရ လို့ ပီအောင် မခေါ်နိုင်ဘဲ “ခိုထူရ”လို့သာ အသံထွက်လေ့ရှိပါတယ်)
အဲဒီလို သူမ မကြာခဏ ချီးကျူးရတာကလည်း အကြောင်း ရှိတယ်။

ကျွန်တော်က ဘဝပေးအခြေအနေအရ ကားမောင်းသမား အဖြစ် အသက်မွေးနေရသေးပေမဲ့ အခြား ကားသမား(တချို့)တွေလို
စည်းကမ်းမဲ့ ပရမ်းပတာ မောင်းနှင်မှုမျိုး လုံးဝ မလုပ်။ ကိုယ်မောင်းနှင်ရာကို နောက်ကနေ ထိုင် လိုက်ရမယ့် သူတွေ သက်တောင့်သက်သာ
ရှိဖို့ထိ ထည့်တွေးပြီး ကားကို ငြိမ်နေအောင် မောင်းမိသူ။

ဟိုကျော် ဒီခွနဲ့ ဂမူးရှူးထိုး မောင်းနှင်ကြတဲ့ ကားသမားများကို ကျွန်တော့်ရဲ့ အန်တီကြီး တွေ့ဖူးခဲ့ပြီ။ ကျွန်တော် ဒီရုံးကို မရောက်ခင်ကတည်းက
ကားသမားအတော်များများကို မကြိုက် မနှစ်သက်လို့ သူမက ထုတ်ပယ်ခဲ့ပြီ။ ကျွန်တော့်ကိုတော့ သူမက တစ်လလောက် လေ့လာကြည့်ပြီးတဲ့နောက်…
ကျွန်တော် မောင်းတာ အဆင်ပြေကြောင်း ပြောပြီး ဆွဲခေါ်ထားတာ ဒီနေ့ထိ။
———————————————————————————–
(ဒီအပိုဒ်က စကားမစပ် ထည့်ပြောတာပါ)

ကျွန်တော် သတိထားမိတာတွေ ရှိတယ်။ ကျွန်တော် Taxi လည်း မောင်းဖူးတယ်။ အခြား ကုမ္ပဏီကားတွေလည်း မောင်းဖူးတယ်။
ကားပေါ် တက်လာသမျှထဲမှာ မြန်မာနိုင်ငံသား တော်တော်များများကတော့ ကားပေါ် ထိုင်လိုက်ပါချိန်မှာ ဟိုငေးဒီငေးသာ။

နိုင်ငံခြားသားတွေကတော့ ကားပေါ်မှာ ထိုင်ပြီး လိုက်ပါချိန်ဟာလည်း သူတို့ရဲ့ အလုပ်ချိန် ဖြစ်နေသလားပဲ။ သူတို့က ကားစီးရင်း
အိတ်ဆောင် ကွန်ပြူတာလေးတွေ ဖွင့်ပြီး အလုပ်ကိစ္စတွေ လုပ်လျက် လိုက်ပါတယ်။ ကွန်ပြူတာ မဖွင့်ဖူးဆိုလျှင်တောင်မှ သူတို့ ဖုန်းလေးတွေကို
ထုတ်ပြီး FB တို့ ဘာတို့ မသုံးဘဲ ၊ အီးမေးလ်တွေ ဘာတွေ စစ်တန်တာစစ်၊ စာပြန်ပို့တန်တာ ပို့၊ စသည်ဖြင့် နိုင်ငံခြားသားတွေက အချိန်ကို အကျိုးရှိရှိ အသုံးချပြီး ကားစီးတယ်။
ကျွန်တော့် ပရောဂျက်ဒါရိုက်တာ အန်တီကြီးကတော့ ကားစီးရင်း ဘာမှ လုပ်စရာ မရှိဘူး…အားလပ်နေပြီဆိုရင်တောင် စာအုပ်တစ်အုပ် ထုတ်ဖတ်တယ်။
များသောအားဖြင့် သူမ ကားစီးရင်း အားလပ်ချိန် ထုတ်ဖတ်တဲ့ စာအုပ်ကတော့ မြန်မာစကားပြော စာအုပ်ဖြစ်ပါတယ်။ စာအုပ်ဖတ်ရင်းနဲ့ ကျွန်တော်ဆီမှ
ဘယ်ဟာကို မြန်မာလို ဘယ်လို အသံထွက်လဲ စသည်ဖြင့် ပြောဆို လေ့လာတယ်။ သူတို့ကို ကျွန်တော် အားကျတယ်။
———————————————————————————–

(ကိုယ့်ကိုယ်ကို ကိုယ် ဟုတ်လှပြီ ထင်ထားတာပေါ့)

 

ကျွန်တော်က နိုင်ငံခြားသား တော်တော်များများကို ဝန်ဆောင်မှု ပေးဖူးတယ်။

ကျွန်တော် အမြီးအမောက်မတည့်စွာနဲ့
အင်္ဂလိပ်စကားပြောတာ အင်မတန် ညံ့ဖျင်းလှပေမဲ့ အဲသည် အားနည်းချက်ကို နိုင်ငံခြားသားတွေက စိတ်အနှောင့်အယှက် မဖြစ်ဘဲ
ကျွန်တော့် ကားမောင်းခြင်း အနုပညာကို သဘောကျပြီး ကျွန်တော်နဲ့ ထိတွေ့ ဆက်ဆံမြဲ ဖြစ်ပါတယ်။

ကျွန်တော့် ကားပေါ်မှာ ပါလာတဲ့ နိုင်ငံခြားသားတွေက ကားစီးရင်း ကွန်ပြူတာ သုံးခြင်း၊ ဖုန်းနဲ့ အလုပ်ကိစ္စ လုပ်ခြင်းများ အနှောင့်အယှက်
မဖြစ်အောင် ကျွန်တော်က ကားကို ငြိမ်နေအောင် မောင်းတယ်။

သူတို့ ကျွန်တော့်ကြောင့် ယိမ်းယိုင် ပြိုလဲ မသွားစေရ။ ပြီးတော့ ဘရိတ်ကို ဆောင့်နင်းလို့
အရှေ့ကို ယိုင်ပြီး ဟပ်ထိုးငိုက်ကျသွားခြင်း၊ လီဗာကို ဆောင့်နင်းပြီး ထွက်တာကြောင့် လူက အနောက်ကို လန်ကျသွားခြင်းမျိုး လုံးဝ မဖြစ်စေရ၊
ကားမောင်းနေစဉ် ဟိုးအရှေ့ခပ်လှမ်းလှမ်းထိ ကြိုတင် ကြည့်ထားပြီး အရှိန် လျှော့သင့်လို့ လျှော့ရင် ရုတ်တရက် ဘရိတ်ဆောင့်နင်းစရာ မလိုအောင်
ကြိုတင် ပြင်ဆင်တယ်။

နိုင်ငံခြားသားများ မြန်မြန်သွားစရာ ကြုံလာပြီဆိုရင်တော့ လမ်း ရှင်းရင် ရှင်းသလို အရှိန် မြှင့်ပြီး မောင်းပေးလိုက်တယ်။
မလိုအပ်ဘဲနဲ့တော့ ကမူးရှူးထိုး ကျော်ခွပြီး မမောင်းရေးချ မမောင်း။

အဲသည်လို နိုင်ငံခြားသားတွေ အကြိုက် လိုက်မောင်းတတ်သော ကျွန်တော်…. သင်ခန်းစာ တစ်ခု ရလိုက်တယ်။

———————————————————————————————————————-

(ဗမာ စီးရင် ”ဗမာလို” မောင်းရမယ်ဆိုတာ မတွေးမိတော့ အပြောခံရရော)

တစ်ရက်… ကျွန်တော့် အားလပ်ရက်မှာ အပိုဝင်ငွေရအောင် တခြား ကားတစ်စီးကို လိုက်မောင်းပေးမိရာက စတယ်။
အဲဒီနေ့ကတော့ နိုင်ငံခြားသားတွေကို ဝန်ဆောင်မှု ပေးရတာ မဟုတ်ဘဲ မြန်မာလူမျိုးတစ်ယောက်ကို လိုရာ ပို့ပေးရခြင်း ဖြစ်နေတယ်။

နိုင်ငံခြားသားအကြိုက် (နိုင်ငံကြီးသား ပီသစွာပေါ့လေ) မောင်းလေ့ရှိသော ကျွန်တော်… ခြေထောက်တွေ လက်တွေက
အကျင့်ပါနေကျအတိုင်း ပုံမှန် မောင်းတယ်။ ကျွန်တော် မောင်းတာကို ဘေးက လိုက်ပါ စီးနင်းသော ရွေဗမာက သဘောမကျ။

တက်စီသမားတွေကို လက်ညှိုးထိုးပြပြီး သူတို့ မောင်းသလို ကျော်တက်ပြီး ဘာလို့ မမောင်းသလဲတဲ့။ တက်စီသမားတွေက
ကိုယ်သွားရာ လမ်း ပိတ်နေရင် တန်းမစီဘဲ လမ်းပြောင်းပြန် ကျော်တက်ပြီး ဟိုးးးထိပ်နားရောက်မှ လမ်းထဲ အတင်း ပြန်တိုးဝင်တာ။
အချိန်ပေးပြီး စည်းကမ်းတကျ တန်းစီ နေတဲ့ ကားတွေကို လုံးဝ အားမနာဘဲ… လမ်းပြောင်းပြန် ကျော်ခွပြီး တိုးဝင်ခြင်းမျိုး ကျွန်တော်တော့
ဘယ်လိုမှ မလုပ်ချင်။

ကိုယ်က အဲ့လို တန်းမစီချင်ဘဲ လမ်းပြောင်းပြန် ကျော်တက်ပြီ ဆိုကတည်းက လမ်းမှန် လာတဲ့ ကားတွေနဲ့ မျက်နှာချင်းဆိုင်
ကြုံပြီး မတော်တဆမှု ဖြစ်ရင်လည်း ကိုယ်ပဲ လျော်ရမယ်။ ယာဉ်ထိန်းရဲနဲ့ တွေ့ရင်လည်း ကိုယ့်စည်းကမ်းဖောက်ဖျက်မှုအတွက် ကိုယ်ပဲ ဒဏ်ရိုက်
ခံရမယ်။ မဖြစ်လျှင် ဘာမှ မဖြစ်။ ဖြစ်လာလျှင်တော့ ရှင်းပေရော့ပဲ။ ရှင်းရပြီဆိုရင် အချိန်တွေ ပိုမကြာဘူးလား။ အလုပ်တွေ ပျက်ပြီး ပိုမနစ်နာဘူးလား။

ဒါကို ပြောပြတယ်။ သို့သော် ရွှေဗမာက …အဲဒီလို(တက်စီသမားတွေလို) ကျွန်တော် လိုက် မမောင်းတာဟာ…
ကားမောင်း မကျွမ်းကျင်လို့ပေါ့…တဲ့ ။ ဖြစ်ရလေ….ဟုတ်လားဟေ။

——————————————

(ဘယ်ဟာ အမှန် ဘယ်ဟာအမှား)

စည်းကမ်း ဖောက်ပြီး အတင်း ကျော်တက်၊ အတင်းတိုးဝင် ၊ တန်းမစီဘဲ ဂမူးရှူးထိုး မောင်းတာကိုမှ ကျွမ်းကျင်တယ် ခေါ်သလား။

ကျွန်တော်ဖြင့် … ယာဉ်ထိန်းရဲနဲ့ တစ်ခါမှ မပတ်သက်ဖူးတာရယ်… ယာဉ်စည်းကမ်း လမ်းစည်းကမ်းအတိုင်း (၂)နှစ်လောက် မောင်းနေခဲ့လို့
ဘာတိုက်မှု ခိုက်မှုမှ မဖြစ်ခဲ့တာရယ်၊ ကားပါကင်ထိုးရင် ရှေ့တိုး နောက်ငင်တွေ အကြာကြီး လုပ်မနေရဘဲ တစ်ချက်ထဲနဲ့ ဝင်အောင် ထိုးနိုင်တာရယ်… ၊
နိုင်ငံခြားသားတွေကတောင် ချီးကျူးခံရတာရယ်..စသည်ဖြင့်ကို ကျွန်တော်က ကျွန်တော့်ကိုယ်ကျွန်တော် ကားမောင်း ကျွမ်းပြီ ထင်တာ။ အခုမှပဲ
ကျွန်တော် ကားမောင်း မကျွမ်းကျင်သေးမှန်း သိတော့တယ်။

ဒါဖြင့် ကားမောင်း မကျွမ်းကျင်တဲ့လူတစ်ယောက်က ရန်ကုန်မြို့ထဲမှာ ဘာတိုက်မှု ခိုက်မှုမှ မဖြစ်ဘဲ (၂)နှစ်နီးပါး သွားလာ မောင်းနှင်နေလို့
ရသလား။ ဆန်းကြယ်ပေစွ။

ကားမောင်း မကျွမ်းကျင်တဲ့ လူတစ်ယောက် မောင်းတဲ့ ကားနောက်ကနေ ရန်ကုန်-မန္တလေး အမြန်လမ်းကို မရေတွက်နိုင်အောင်
ခေါက်တုံ့ခေါက်ပြန် နိုင်ငံခြားသာတွေက လိုက်ရဲကြသတဲ့လား။ ဆန်းကြယ်လိုက်တာ။

ကားမောင်း မကျွမ်းကျင်တဲ့ လူတစ်ယောက် မောင်းတဲ့ ကားကို… တောင်တက်လမ်းတွေရော… ရှုပ်ထွေးလှပါရဲ့ဆိုတဲ့ နယ်လမ်းတွေရော
အခေါက်ပေါင်းများစွာ လိုက်ပြီး စီးနင်းကြတဲ့ နိုင်ငံခြားသားတွေ… သူတို့ အသက်ကို သူတို့ မနှမြောလို့လား။

နောက်ပြီးတော့ ကားမောင်းမကျွမ်းကျင်ဘူးဆိုတဲ့-ကျွန်တော် မောင်းတဲ့ ကားကို နယ်ဝေးရော မြို့တွင်းပါ စိတ်ချလက်ချ လိုက်ပါပြီး
စီးနင်းနေတဲ့ နိုင်ငံခြားသားတွေက ကမ္ဘာ့နဲ့ ယှဉ်ပြီး အလုပ်တွေ လုပ်နေတဲ့ နိုင်ငံခြားသားတွေပါ….

သေမထူးနေမထူး လမ်းဘေးကောင်တွေ မဟုတ်ပါဘူး။

အဲလောက် အလုပ်ကြီး အကိုင်ကြီး လုပ်နေတဲ့နိုင်ငံခြားသားတွေ၊ မိနစ်တိုင်းကို တန်ဖိုးရှိရှိ အသုံးချနေတဲ့ နိုင်ငံခြားသားတွေဟာ ကားမောင်း မကျွမ်းကျင်တဲ့
ကျွန်တော့်လက်ထဲ သူတို့အသက်တွေကို ဘာလို့များ ယုံယုံကြည်ကြည့် ထည့်ပေးထားပါလိမ့်။ တော်တော်တော့ ဆန်းတယ်နော်။

တစ်ခေါက်တုန်းကများဆို… နယ်ဘက်တွေဆီ ခရီးထွက်ကြရင်း ညစာ အတူစားကြတယ်။ နိုင်ငံခြားသားတွေနဲ့ တဝိုင်းထဲ ထိုင်ရင်း …
သူတို့နဲ့ အတူ ဘီယာ လိုက်သောက်ရတယ်။ ကားမောင်းရဦးမှာမို့ ကျွန်တော် မသောက်ပါဘူးလို့ ပြောတာတောင် မရ၊ အတင်း တိုက်တာကြောင့် …
တစ်ပုလင်း သောက်လိုက်ရတယ်။ အတူတူ ချီးယား..လုပ်တယ်။ ပြီးတော့ နေပြည်တော်လမ်းပေါ်ကနေ ခရီးဆက်တယ်။

ဘီယာသောက်ထားတဲ့ ကျွန်တော် မောင်းတဲ့ကားကို အေးအေးလူလူပဲ- ရုံးက ရာထူးကြီးပေ့ဆိုတဲ့ နိုင်ငံခြားသားတွေက လိုက် စီးကြတယ်။
အိုးးးး သူတို့… ကျွန်တော့်လို ငချွတ်ကလေးရဲ့ လက်ထဲ သူတို့ အသက်ကို ထည့်ပေးထားတာ မကြောက်ဘူးလားမသိ။

—————————————————————————————-
(ဤကို ခပ်လွယ်လွယ်. . .ကျွဲချင်သူတွေ များတော့လည်း)

ပြောချင်တာက ကျွန်တော် သိလိုက်တာ တစ်ခု ရှိပါတယ်။ ကျွန်တော်တို့တတွေဟာ ဒီနိုင်ငံမှာမွေး၊ ဒီနိုင်ငံမှာ ကြီးပြင်းလာခဲ့ကြရာမှာ
လူမှန်း သိတတ်စကတည်းက နှစ်ပေါင်းများစွာ စည်းကမ်းမဲ့ခဲ့သော အသိုင်းအဝန်းကြီးထဲ နေသားတကျ ကြီးပြင်းလာခဲ့ကြရတယ်။

ကျွန်တော်တို့ဟာ ကွမ်းတံတွေးတွေ ပေပွနေတဲ့ လမ်းတွေပေါ်မှာ၊ လူကူးမျဉ်းကြားမှာတောင် ရပ်ပေးရမှန်း မသိတဲ့ ကားတွေကြားထဲ
အတင်းကာရော ပြေးလွှားနေခဲ့ရတယ်။ မီးနီ ဖြတ်မောင်းတာတွေ ၊ လမ်းပြောင်းပြန် ကျော်တက်လာတဲ့ ကားတွေကြောင့် သေမဲ့ဘေးနဲ့ နီးနီးလေးမှာပဲ
ရှင်သန်ခဲ့ရတယ်။ ငါ့လက်ကလွတ် ဗြွတ်ဆိုပြီး ပစ်ချသွားတဲ့ အမှိုက်တွေကို နင်းဖြတ်ပြီး စည်းကမ်းတော်တော်များများကို ဖောက်မိမှန်း မသိတော့ပဲ
အတူတကွ ဖောက်ပြန်ရင်း ကြီးပြင်းခဲ့ကြတယ်။

အများ သောက်နေတဲ့ မိုးခါးရေကြီးကို အချိန်ကြာကြာ သောက်နေကျ ဖြစ်သွားတဲ့အခါမှာ ….
စည်းကမ်းဖောက်မှုဆိုတဲ့ မိုးခါးရေကြီးဟာလည်း မိုးခါးရေ လို့တောင် ထင်မြင်ယူဆနိုင်ဖို့ ခဲယဉ်းသွားပြီး … လုပ်ရိုးလုပ်စဉ် လုပ်နေကျ အလုပ်လေးတွေ
ဖြစ်သွားတယ်။ မိုးခါးရေတဲ့ ရိုးရိုးရေ. . .မခွဲခြားတတ်တော့ဘူးထင်ရဲ့။

စည်းကမ်းဆိုတာ လိုက်နာရကောင်းမှန်း မသိနိုင်လောက်တဲ့အထိ အသိ/အတွေးအခေါ် ချွတ်ယွင်းခဲ့ကြတယ်။
စည်းကမ်း တကျ နေထိုင် သွားလာတာကမှ အန္တရာယ်ကင်းကြောင်း၊ ဂုဏ်သိက္ခာ ရှိကြောင်းကိုတောင် ထည့် မစဉ်းစားမိတော့တဲ့အထိ
စည်းကမ်းမဲ့ခြင်းနဲ့ အသားကျနေခဲ့တယ်။

အဲဒီနောက်တော့ … လမ်းပေါ်မှာ မောင်းနေတဲ့ ယာဉ်-အစီး ၁၀ဝ မှာ ၉ဝ လောက်က စည်းမဲ့ကမ်းမဲ့ မရှက်မကြောက် ထင်တိုင်းကြဲနေတာကို နေ့စဉ်
မြင်ရ/ကြုံရဖန်များနေတဲ့အခါ…. စည်းနဲ့ ကမ်းနဲ့ ဘေးဘီဝန်းကျင်ကို အနှောက်အယှက် မဖြစ်စေဘဲ စနစ်တကျ မောင်းနှင်နေတဲ့ ၁ဝ စီးလောက်ကိုတောင်
ဟို အစီး ၉ဝ လို မကျွမ်းကျင်ပါလား…လို့ တွေးထင်ကုန်တယ်။

အမှားဟာ အင်အားကြီးလွန်းတော့ မှန်သယောင်ယောင်တောင် ထင်ရတယ်ပေါ့။ ဤကို အလွယ် ကျွဲချင်နေသူတွေ များလွန်းတော့လည်း …

”ဤဟာ ဤပဲ ဖြစ်ရမယ်” ဆိုသူတွေကို …
”ဤကို ခပ်လွယ်လွယ် ကျွဲချင်သူတွေ”က ဝိုင်းပြီး အပြစ်တင်လိုက်ကြဖို့လည်း ဝန်မလေးတော့ဘူး။

———————————————————————————-

(ဒီပုံစံနဲ့ ရှေ့ဆက်ရဦးမှာ. . .ရင်လေးစရာ ကောင်းပါလေ့)

တိုင်းပြည်တစ်ပြည် တိုးတက် ကောင်းစားဖို့ဆိုတာ … အစိုးရရဲ့ တာဝန်ချည်းပဲလို့တော့ တွေးထားလို့ မရဘူး မဟုတ်လား။

အစိုးရက မီးနီ မဖြတ်နဲ့လို့ စည်းကမ်း ထုတ်ရင်… မီးနီဖြတ်မောင်းတာဟာ အန္တရာယ်များလို့ စည်းကမ်းသတ်မှတ်ပေးထားတာ ဖြစ်ကြောင်း …
ပြည်သူက လိုက်နာဖို့ အသိ ရှိနေရမှာ မဟုတ်လား။ အဲ့လောက် အခြေခံ အသိလေးနဲ့တော့ အစိုးရရဲ့ ဦးဆောင်မှုကို ကူသင့်တယ် မဟုတ်ဘူးလား။

မြန်မာပြည်ဟာ အဲဒီလို အခြေခံ အသိတရားလေးတွေကိုတောင် ချောင်ထိုးထားတယ်။

ညသန်းခေါင်မို့…/ လမ်းကြီး ရှင်းနေလို့… /
ယာဉ်ထိန်းရဲလည်း မရှိလို့…ဆိုပြီး မီးနီကို မစောင့်ဘဲ ဖြတ်ချင်တိုင်း ဖြတ်မောင်းချင်သူတွေ နေတဲ့တိုင်းပြည် ဖြစ်နေပါတယ်။

ကိုယ့်ဘက်လမ်းကြောက ပိတ်နေပြီး ဟိုဘက်လမ်းကြောက ရှင်းနေတဲ့အခါ… တန်းစီရမှာကို စိတ်မရှည်ဘဲ လမ်းပြောင်းပြန်ထဲ ကျော်ခွပြီး၊
ပြီးစလွယ် သွားတတ်တဲ့ စိတ်အခံတွေနဲ့ လူတော်တော်များများ သွားလာလှုပ်ရှားနေတဲ့ တိုင်းပြည် ဖြစ်ပါတယ်။

စည်းကမ်းဆိုတာကို လိုက်နာရကောင်းမှန်း မသိလောက်အောင် စည်းကမ်းမဲ့ခြင်းနဲ့ အသားကျနေတဲ့ တိုင်းပြည်လည်း ဖြစ်ပါတယ်။

အဟမ်းးးးးးးး
ဒါတွေ ဒါတွေကြောင့်. . .

ဒီလို ဒီလို ဖြစ်နေတဲ့ တိုင်းပြည်ကို စင်္ကာပူလို စည်းကမ်းပြည့်ဝသော၊ စနစ်ကျသော တိုင်းပြည် ဖြစ်အောင် လုပ်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဦးဆောင်ပေးနေတဲ့
ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုးတွေကို … ကျွန်တော် အားနာမိပါကြောင်း။

ပြီးတော့ သူတို့ ဘယ်လောက် ဦးဆောင်/ဦးဆောင် … တက်ညီလက်ညီ လိုက်ပါ ပြောင်းလဲချင်စိတ် ခိုင်ခိုင်မာမာ မရှိသေးတဲ့
အသိုင်းအဝိုင်းကြီးကို ဆွဲ ခေါ်ရင်း “အမောဆို့ဦးမှာ” သေချာနေတာမို့…. ဒေါ်အောင်ဆန်းစုကြည်ကို သနားလည်း သနားမိပါကြောင်းးးးး။
(စာကြွင်း)မနေနိုင်မထိုင်နိုင် လက်ယားပြီး ဒီလိုစာမျိုး ချရေးမိတဲ့အတွက်လည်း ကိုယ့်လက်ကိုကိုယ် ခုတ်ဖြတ်ရကောင်းမလား တွေးနေပါကြောင်းးးး။

နောက်ဆုံးအစာပိတ် ပြောချင်တာကတော့ ကျွန်တော်ရေးတဲ့ အခု စာမူကို ဖတ်ပြီး ”ဒါမျိုး မရေးသင့်ဘူးကွ”ဆိုပြီး မကျေမနပ် တွေးမိရင်
ကျွန်တော် ဒီစာကို မရေးခဲ့ဘူးလို့ပဲ သဘောထားပေးပါ။
သဘောကျတယ်ဆိုရင်တော့ ကျွန်တော် ရေးခဲ့တယ်လို့ မှတ်ပေးစေလိုပါကြောင်း။ ။

——————————————————————————-

သင့်အေးရိပ်
ဇန်နဝါရီ ၁၁ ရက်၊၂၀၁၇

 

 

 

 

 

8 comments

  • အမှားဟာ အင်အားကြီးလွန်းတော့ မှန်သယောင်ယောင်တောင် ထင်ရတယ်ပေါ့။
    ဒါကြောင့် လမ်းဘေးဈေးသယ်တွေ မူလနေရာပြန်ရောင်းရရေး ဆန္ဒတွေဘာတွေပြကြသပေါ့ :))

    • Thint Aye Yeik

      January 13, 2017 at 8:24 am

      အဲ့လို ဖြစ်နေတာ အမှန်ပဲ ဦးကြီးရေ

  • ဂျစ်စူ

    January 12, 2017 at 10:30 pm

    ဘာအကျင့်လဲတော့ မသိဘူး
    ကိုယ်စီးတဲ့ကားကြီးက ကျော်ခွ ပြောင်းပြန်မောင်း မီးနီဖြတ် ခေါင်းထိုးထည့် ဖင်ယမ်း ဆရာကျီး တစ်စီးလောက် ဆိုပြီး ဆင်းမဲ့မှတ်တိုင် မြန်မြန်ရောက်သွားရင် အရမ်းတဘောကျတာဘဲ 〷◠‿◠〷

    • Thint Aye Yeik

      January 13, 2017 at 8:23 am

      တချို့ ဘတ်စ်တွေ တက်စီတွေ အဲ့လို ဖြစ်နေတာ
      ခီညားတို့လို
      အမှန်အကန်စားသုံးသူ ပြိတ်သက်ကြီးတွေ ရှိနေလို့ပဲကိုးးး

      :k:

  • ဇီဇီ

    January 18, 2017 at 2:37 pm

    ဒီ စာမူ အရမ်းသဘောကျ

    two thumbs UP!

    🙂

    • Thint Aye Yeik

      January 18, 2017 at 2:48 pm

      အနော် ကားမောင်းတာ စီးကြည့်မလား မမဂျီး?
      အနော်က Transporter မင်းသားလို
      ကားကို တစောင်းဖြစ်အောင်
      ညာဘက် ရှေးဘီး ညာဘက်နောက်ဘီး
      ၂ဘီးထဲ တခြမ်းစောင်း ထောင်ပြီး မောင်းပြချင်တာ။

      မွန်မွန်တို့ သဂျားတို့ စီးတုန်းက မောင်းပြမလို့ကို
      အဲ့ဟာလေးတွေက နိဘာသာ တစ်ယောက်ထဲကျမှ အဲ့လိုမောင်းဆိုပြီး ဆင်းပြေးကြလို့။

      တစ်ယောက်ထဲကျတော့လည်း အဲ့လို မောင်းရမှာ ပျင်းလို့ ဘေးက ဘယ်သူ ထိုင်လိုက်မလဲဆိုပြီး ရှာနေတာ
      ခုမှပဲ တွေ့တော့တယ်။

      မမဂျီး ရန်ကုန်ရောက်ရင် ကားနဲ့ လာကြိုမယ် သပ်လား
      :k:

      • ဇီဇီ

        January 18, 2017 at 2:58 pm

        ဒါပဲနော်။
        ဂဒိနော်။
        မမဂျီးက လိုင်းကားမစီးဘူး သလားး

        :k:

        • Thint Aye Yeik

          January 18, 2017 at 3:50 pm

          လေဆိပ်ကနေအထွက် ပြည်လမ်းပေါ် ရောက်တာနဲ့ ထွမ်စပေါ်တာမင်းသားလို ကားကို တခြမ်းစောင်းပြမှာနော်
          :k:

Leave a Reply