နှစ်ရောင်စပ်ပုံပြင်(ဇာတ်သိမ်း)

ko sixAugust 4, 20171min37811

ကိုယ့်ဆီရောက်လာသော စာအေရေတွက်သည် ခုနှစ်စောင်တိတိ ရှိပြီ။ ခုထိ ကိုယ်မျှော်လင့်မိသော သူမ၏ နေရပ်လိပ်စာက ဘယ်စာမှာမှ မပါရှိပါ။
ကိုယ်ဝမ်းနည်းသည်ထက် ဝမ်းနည်းလာသည်။
ကြေကွဲသည်ထက် ကြေကွဲလာသည်။ မျှော်လင့်ချက်တွေသည် တစ်ကြိမ်ထက် တစ်ကြိမ် အငွေ့ပျံနှုန်း များပြားလာပါပြီ။
ကြာရင်ကော သိခွင့်ရှိပါဦးမလား။
မသေချာတော့ပါ။
သေချာသည်က ကိုယ်ရူးတော့မည်သာ ဖြစ်သည်။
±±±±±±±±±±±±±±±
အခန်း(၇)
ကိုကြီး……
ဒီစာဟာ ညီမလေးရဲ့ နောက်ဆုံးစာပါ။
ခင်မင်မှုဆိုတာကို အမြစ်ကနေတူးလှန်ပစ်ဖို့ ရေးလိုက်တဲ့စာပါ။
ဘာလို့ ဒီလို ပြောလိုက်ရတာလဲလို့မေးလာခဲ့ရင် ပြန်ဖြေစရာ ခိုင်လုံတဲ့ အကြောင်းတွေရှိလာခဲ့ပြီ ဖြစ်လို့ပါ။
ညီမလေးက မိန်းကလေးတစ်ယောက်ပါ။ မိန်းကလေးတစ်ယောက်အနေနဲ့ ယောက်ျားလေးတစ်ယောက်ဆီ ဣန္ဒြေ ၊ သိက္ခာ ၊ ကိုယ်ကျင့်တရားတွေကိုမှ မစဉ်းစားဘဲ စာတွေ ဘာလို့ ရေးပို့နေခဲ့ရသလဲဆိုတာ ပြောပြနေဖို့ လိုအပ်တော့မယ် မထင်ပါဘူး ကိုကြီးရယ်။
မနေ့က ညီမလေး စာတိုက်ကိုရောက်ခဲ့ပါတယ်။ ထုံးစံအတိုင်း ကိုကြီးရဲ့စာများ ရောက်နေမလားဆိုတဲ့စိတ်ကလေးနဲ့ပေါ့ ကိုကြီးရယ်။ မေးနေကျအတိုင်း ညီမလေးနာမည်နဲ့ စာတမ်းတစ်စောင် ရောက်မနေဘူးလားပေါ့။
အဲဒီအချိန်မှာ မျှော်လင့်နေတာက ဖြစ်မလာဘဲ မျှော်လင့်မထားတာကို သိလိုက်ရပါတယ်။ ညီမလေးမေးတာကို မဖြေဘဲ စာတိုက်ဝန်ထမ်းတစ်ဦးက စာရွက်တစ်ရွက် ထုတ်ပြလာတယ်။ ညီမလေးပို့ပို့နေတဲ့စာတွေကို လိပ်မူရှင်ဘက်က လက်ခံရရှိကြောင်း ရေးထိုးထားတဲ့ လက်မှတ်တွေတဲ့လေ။
အရမ်းကို အံ့ဩသွားမိတယ်။ ညီမလေးဖြင့် ယုံတောင်မယုံကြည်နိုင်ခဲ့ဘူး။ ဒါပေမယ့် အမှန်တရားတွေဆိုတာ ကိုကြီးရဲ့လက်မှတ်တွေက သက်သေခံနေကြတယ်လေ။
ညီမလေးက မိန်မသားပီပီ မျက်ရည်လွယ်ခဲ့ပါတယ် ကိုကြီးရယ်။
မယုံနိုင်လွန်းလို့ အဲဒိနေရာမှာတင် ငိုကြွေးမိခဲ့တယ်။ ကိုယ့်ကိုယ်လည်း နောင်တရလို့ မဆုံးတော့ဘူး။ ကိုကြီးက ဒီလိုလှည့်စားတတ်လိမ့်မယ်လို့ ထင်မထားမိခဲ့တဲ့ ညီမလေးရင်ထဲမှာ နင့်ကနဲနေအောင် ခံစားလိုက်ရပါတယ် ကိုကြီးရယ်။ အဲဒီလို ခံစားရအောင်လို့လည်း ကိုကြီး တမင်ရည်ရွယ်ခဲ့တာပဲ မဟုတ်လားဟင်……။ ဒီလိုဆိုရင်တော့ ညီမလေး ရင်တွေပွင့်ထွက်မတတ် ခံစားနေခဲ့ရပြီဖြစ်လို့ ကြိတ်ပြီး ဝမ်းသာနေပါတော့ ကိုကြီးရယ်။
နောက်ဆုံးစကားတော့ ပြောလိုက်ချင်ပါတယ်။ စာတိုက်ကြမ်းပြင်ပေါ်မှာ ကျခဲ့ရတဲ့ ညီမလေးရဲ့မျက်ရည်တွေဟာ မိန်းကလေးတစ်ယောက်အနေနဲ့ ပြောထွက်လို့မရနိုင်တဲ့ စည်းဘောင်တွေထဲကနေ လျှံတက်လာခဲ့တဲ့ မျှော်လင့်ခြင်း မိုးစက်တွေပါ ကိုကြီးရယ်……။
မသိစိတ်ကို နေရာပြောင်းရွေ့လို့မရပေမယ့် အသိစိတ်ကိုတော့ လိုအပ်သလို ပြောင်းရွေ့လို့ရပါသေးတယ်ဆိုတာ အချိန်မီသိခွင့်ရခဲ့တဲ့အတွက်တော့ ကိုကြီးကို ကျေးဇူးတင်မိပါတယ်လေ။ ဒီလောက်ပါပဲ……။
အဓိကနဲ့သာမညကို ခွဲခြားတတ်ခဲ့ပြီဖြစ်တဲ့
ဩဘွဲ့မိုး

ဟင်!
မလုပ်ပါနဲ့…မလုပ်ပါနဲ့……။ အဲဒီလိုကြီး မလုပ်လိုက်ပါနဲ့။ ကိုယ့်ကို တွင်းဆုံးကျ ခံစားနေရအောင် အဲဒီလို အဆက်အသွယ်တွေ မဖြတ်လိုက်ပါနဲ့။
ကိုယ့်မှာ …ကိုယ့်ဘက်မှာ အရာရာ အဆိုးတရားတွေ ပုံအောနေပါပြီ ညီမလေးရယ်။
ကိုယ်ဟာ ညီမလေးဆီက စာလေးတွေနဲ့ အသက်ဆက်နေရတဲ့သူပါ။ ကိုယ့်ကို ရှင်သန်ခွင့် မပေးတော့ဘူးတဲ့လား။ ကိုယ့်ကို သနားပါဦး။
ကိုယ် ဒီမှာ ဘာတွေဖြစ်နေရတယ်ဆိုတာ မြင်ကြည့်လှည့်ပါဦး။
တောင်းပန်ပါတယ်ကွာ…။ ကိုယ် ဘာမှ မမှားခဲ့ပါဘူး။ ကိုယ် ဘာအမှားမှ မလုပ်ခဲ့ရပါဘူး။ ကိုယ် လုံးဝ မရှိခဲ့ပါဘူး။ ကိုယ်လေ ညီမလေးအပေါ်မှာ အလေးအနက်ထားခဲ့တယ်ဆိုတာ မညာခဲ့ပါဘူး။
မျက်ရည်တို့သည် ကိုယ့်ပါးပြင်ပေါ်မှာ လိမ့်ဆင်းလာကြသည်။ ဘာကိုအားကိုး၍ ဘယ်လိုနည်းဖြင့် ညီမလေး ယုံအောင် ရှင်းပြရပါတော့မည် မသိတော့။
ကိုယ့်ကိုယ်ကိုလည်း အလေးအနက် မထားတတ်သူ၊ တန်ဖိုးနည်းနည်းလေးမှ မရှိသူလို ခံစားနေရသည်။
စာရွက်ကို ကိုင်ထားတဲ့လက်တွေဟာ နတ်ပူးသလို တဆတ်ဆတ်တုန်လာသည်။
ခံစားနိုင်မှု မရှိတော့တဲ့အဆုံး အနီးအနားက သံစားပွဲစောင်းကို လက်သီးဖြင့် ခပ်ပြင်းပြင်း ထိုးချပစ်လိုက်မိတော့သည်။
သွေးတို့က ရဲကနဲ။ သံစောင်းဘောင်မှာလည်း ရဲထိန်လို့။
အသိစိတ်သည် သိတစ်ချက်၊ အသိတစ်ချက်ဖြင့် နောက်ဆုံးမှာ ကိုယ်ခန္ဓာကို ထိန်းမရတော့ဘဲ မိုက်ကနဲ လဲကျသွားသည်ကိုသာ သိလိုက်ရတော့သည်။
±±±±±±±±±±±±±±
အခန်း(၈) နိဂုံ
ဒီအဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့ပြီး နောက်နှစ်ပတ်ခန့်ကြာတော့ ကိုယ်တို့အိမ်ဘေးပတ်ဝန်းကျင်က လူတွေကြားမှာ ကိုယ့်အကြောင်းတွေ ပြောဆိုနေကြတယ်။
ကိုယ့်ကို သနားစရာအရမ်းကောင်းတဲ့ ကောင်းလေးတစ်ယောက်အဖြစ်နဲ့ ပြောဆိုနေကြခြင်း ဖြစ်တယ်။
ကိုယ့်ကို အပြစ်တင် ပြောဆိုနေကြတာကိုတော့ ကိုယ် သီးခံနိုင်ပါတယ်။ ခွင့်လည်း ခွင့်လွတ်နိုင်ပါတယ်။ ခွင့်လွတ်သီးခံမပေးနိုင်တာက ကိုယ့်မိဘတွေကိုပါ ပြစ်တင်ဝေဖန်နေကြတာကိုပေါ့။
ကြည့်ပါလား။
မိဘတွေ အသုံးမကျလို့ ကလေးတစ်ယောက် ကတိမ်းကပါးဖြစ်သွားတာပဲ။ ဒဏ်ရာ ဒီအေသက်ပြင်းပြင်း ဖြစ်သွားတာကို ဆေးခန်းပြပေးကြဘူး။ ပြီးတာ့ ကိုယ့်ကို မေးခိုင်းပိုးဝင်ပြီး သေသွားခဲ့တာတဲ့။
ကိုယ့်ကို သေသွားပြီလို့ ပြောနေကြတာလေ။
ကိုယ့်ကို မညှာမတာပြောနေကြတာများ ရက်ရက်စက်စက်။
ကိုယ်တို့အိမ်မှာလည်း ကနဖျင်းဆိုတာလား၊ မဏ္ဍပ်ဆိုလား လာလုပ်ပေးနေကြတယ်။
လူတွေက ကိုယ်နဲ့ ဘာမှမပတ်သက်သူတွေမို့ ဒီလိုရက်ရက်စက်စက် ပြောဆိုနေကြတာ အပြစ်ပြောနေစရာ မရှိပေမယ့် ကိုယ့်အဖေနဲ့ အမေကပါ ပါဝင်ပြောဆိုနေကြတာတော့ ကိုယ့်ရင်ထဲမှာ လုံးလုံးမကောင်းဘူး။
နောက်ပြီး ကိုယ့်ဆီကို ညီမလေး ရေးပို့ထားတဲ့စာတွေကိုလည်း အဖေနဲ့အမေက ငိုနေရင်းက မီးရှို့ပစ်လိုက်ကြတယ်။
ဒီကိစ္စတော့ ကိုယ် လုံးလုံး သီးမခံနိုင်ဘူး။ ကနေလည်း မကျေနပ်ဘူး။ ဘာဆိုင်လို့လဲ။ သူတို့ဘာသာ ကိုယ့်ကို သေတယ်ပဲပြောပြော လုပ်ချင်တာလုပ်ကြ။ ကိုယ့်အသက်တမျှ ဒီစာလေးတွေကိုတော့ မီးမရှို့သင့်ပါဘူး။
ကိုယ်လေ မိဘတွေကို ဘယ်တုန်းကမှ ပြန်မပြောဘူးခဲ့တော့ ခုလည်း ငြိမ်နေလိုက်ရတာ။ မကျေနပ်ချက်ကတော့ ပြောမနေပါနဲ့။
ညီမလေးရယ်……။
သူတို့တွေ ဘာတွေလုပ်နေလုပ်နေပါကွာ။
ညီမလေးသိထားဖို့က ပေးထားတဲ့စာတွေကို မီးရှို့ပစ်လိုက်ရုံနဲ့ချစ်တဲ့စိတ်က ပြာကျပေးရမတဲ့မလား။ ဟုတ်တယ်နော်။
ဘယ်သူတွေ ဘယ်လိုပဲ ဖျက်နေကြပါစေ……။
ညီမလေးကို ကိုယ်အရမ်းတန်ဖိုးထား မြတ်နိုးခဲ့တယ်ဆိုတာသာ ယုံပါကွာ။
အလွမ်းဆိုတာ တွေ့ကရာဆေးမြီးတိုသောက်လိုက်ရုံနဲ့ ပျောက်ကင်းတတ်တဲ့ အမှားမျိုးမှ မဟုတ်တာ။
ကိုယ့်ကို မလွမိးခိုင်းတော့နဲ့နော် ညီမလေး။
ကိုယ် မင်းဆီကို အရောက်လာနေပါပြီ ……ခု ။

အရာရာကို တန်ဖိုးထားလေးစားလျှက်
ကိုစစ်(ရူပဗေဒ)
Friday,4 August, 2017

11 comments

  • kai

    August 5, 2017 at 3:14 pm

    ဒီအသက်ထိရောက်.. နိုင်ငံတွေပါတ်.. ရှင်သန်လာခဲ့ရသူ.. ကျုပ်အတွက်ကတော့.. အချစ်အတွက် ဘာညာကွိကွတွေဆိုတာ.. ဖတ်လို့ရတဲ့.. ဝတ္တုတိုတပုဒ်သာပါပဲ..။
    အနိစ္စရယ်တဲ့.. ဒုက္ခ..။ :k:

    • ko six

      August 6, 2017 at 12:23 am

      ဟုဟု။
      နောက်ထပ် အချစ်ဆိုတာတွေဘာတွေ မရေးတော့ပါဘူး။

      • kai

        August 6, 2017 at 10:45 am

        အမ်..
        ဘယ့်နှာ.. ကျုပ်ခံစားချက်.. ပြောတာလေ..။
        ရေးချင်တာရေးပါ..။ :i:

  • ko six

    August 6, 2017 at 10:59 am

    ဟုတ်ကဲ့ပါ သူဂျီး။ အဆင်ပြေသလိုလုပ်ပါ့မယ်။
    အချစ်နဲ့ကင်းနေတတ်သူတွေက ကိုယ်ချင်းစာစိတ် ကင်းနေတတ်သတဲ့။
    ဟီး !!!!!

  • manawphyulay

    August 7, 2017 at 2:08 pm

    အမေ နေကောင်း ငွေတစ်သောင်း အမြန်ပို့လိုက်ပါ…. ဟိဟိ

    • ko six

      August 8, 2017 at 4:13 pm

      ဟုဟု။အူတူတူဘဲ

  • သင့်အေးရိပ်

    August 7, 2017 at 4:03 pm

    ဒီမှာကျတော့ စကားပြော ရေးဟန်လေးနဲ့။ ဒီလိုရေးတော့လည်း ဖတ်ရတာ ထောင့်မနေတော့ပဲ ခပ်သွက်သွက် ဖတ်သွားလို့ ရ။ တမျိုး ကောင်းတဲ့ အရသာပေါ့။
    😆

    အလွမ်းဆိုတာ ဆေးမြီးတို သောက်လို့ မပျောက်တဲ့ အနာတရ ဆိုတာလေး ဖွဲ့ထားတာဟဖတ်မိတော့. . .
    အလွမ်းဆိုတာ စိတ်ကို ခွဲတဲ့ ဓါးတစ်လက်” လို့ ဆရာ တာရာမင်းဝေ ရေးခဲ့တာလေးလည်း သတိရမိ။
    အလွမ်းဆိုတာ သီချင်းလေးတွေ တိုးတိုး ညည်းရင်းက သွေးမထွက်တဲ့ဒဏ်ရာ ဆိုတဲ့ ဖွဲ့ဆိုမှုလေးကိုလည်း သတိရမိ။

    ချစ်ရသူတွေ မလွမ်းကြရဖို့ ချစ်တဲ့သူကို ရအောင် ယူတတ်ခြင်းအနုပညာ သင်ယူတတ်မြောက်မှ ဖြစ်မယ်
    :k:

    • ko six

      August 8, 2017 at 4:14 pm

      တွေ့ကရာဆေးမြီးတိုသောက်ပြီး ပျောက်ကင်းတတ်တဲ့ အဖျားမှ မဟုတ်တာလို့ ရေးတာ။ မွှားတွားလို့။ အဟီး

  • Shar Thet Man

    August 9, 2017 at 4:47 pm

    မိုက်တယ်

    • ko six

      August 9, 2017 at 9:12 pm

      ဒီထက်ခပ်ပြင်းပြင်းလေး ဝေဖန်စေချင်တာ အဟီး

Leave a Reply