ပုတိဖွားရဲ့ လူချမ်းသာ

padonmarFebruary 19, 20191min133513

ပုတိဖွား လူချမ်းသာ
…………………
မွေးနေ့မွေးရက်ကို မဟာဘုတ်တိုင်ထောင်လိုက်တော့ ပုတိဖွားတဲ့။
ပုတိသဘောဆိုတာ ကပ်စေးနည်းတယ်။ မှန်လိုက်လေ။
ကိုယ်ကပ်စေးနည်းတယ်ဆိုတာ ငယ်ကတည်းက ကိုယ့်ဖာသာကိုယ် သိပါတယ်။
အမေပေးလိုက်တဲ့ မုန့်ဖိုးဆို ကျောင်းမုန့်ဆိုင်တွေမှာ ဝယ်စားရိုးထုံးစံမရှိ၊ အဖေဝယ်ပေးထားတဲ့ ခွေးရုပ်ကော်စုဘူးလေးထဲ ထည့်လိုက်ဖို့ပဲ ဆန္ဒရှိတာ။
တက္ကသိုလ်တက်တဲ့ တလျှောက်လုံး canteen မှာ ဝယ်စားဖူးတဲ့ အကြိမ်က လက်ဆယ်ချောင်း မပြည့်ဘူး။

အဝတ်အစားဆိုလည်း ဈေးပေါတာပဲ ကြိုက်တတ် ဝယ်တတ်တယ်။ ဈေးကြီး အဖိုးတန်ဆိုရင် ဗေဒင်မမေးနဲ့၊ အဲဒါ သူများဝယ်ပြီး လက်ဆောင်ပေးထားတာပဲ။(လက်ဆောင်တွေရလို့ တော်သေး)
အစားအသောက်ကတော့ နဂိုတည်းက ကောင်းပေ့ဆိုတဲ့ ငါးမြင်းဗိုက်သားတို့ ဝက်သုံးထပ်သားတို့ ကြက်ပေါင်ကြော် တို့၊ Donut တို့ ဆိုတာတွေ မကြိုက်တတ်၊ငပိရည်တို့ မရမ်းသီးငပိထောင်းတို့ ချဉ်ပေါင်ကြော်၊ဘဲဥချဉ်ရည်၊သီးစုံပဲကုလားဟင်း ဆိုတာမျိုးမှ မက်မက်စက်စက်ကြိုက်တာ။

လွန်ခဲ့တဲ့ ၅နှစ်လောက်ထိ အိမ်ကကား အဆင်မပြေရင် ကိုယ် ချည်းပဲဆို ဘယ်တော့မှ တက်စီမစီးဘူး။တယောက်တည်းအတွက် တက်စီခကုန်တာ မတန်ဘူးထင်ပြီး နှမျောလို့။
အဖော်တွေပါရင်ကတော့ အဲဒီ တက်စီခကို ကိုယ်စိုက်လိုက်ဖို့ ဝန်မလေးဘူး။

ငယ်ငယ်ကတည်းက သုံးရက်တာ ဆိုလို့ စာအုပ်ဝယ်တာပဲ ရှိတယ်။ ဒါတောင် တအုပ် ၂၀ဝ တန် ဝတ္ထု အဟောင်းတွေပဲ အဟောင်းဈေးက အုပ် ၃-၄ဝ ဝယ်ဖတ်တာ။
စာအုပ်ဆိုင်တွေ သွားတဲ့အခါ ဈေးကြီးတဲ့ စာအုပ်တွေ ( ဝယ်ချင်ပေမယ့် စာအုပ်လေး ကိုင်ကြည့်လိုက် ပြန်ချလိုက်၊အထဲစာသားလေး လှန်မြည်းရင်း စာအုပ်တန်ဘိုးလေးကို အသာခိုးဖတ်၊တအုပ် ၅၀၀ဝ အထက်ဆို ကိုယ့်အတွက် ဈေးကြီးပြီလို့ သတ်မှတ်ရင်း လိုချင်စိတ်ကို ကြိတ်မှိတ်မြိုသိပ်ခဲ့ရတာ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx.

အခုချိန်ထိ အဝတ်နဲ့ အစားက ဝတ်ချင်စိတ်နဲ့ စားချင်စိတ်ကို မရှိသေးတော့ အကောင်းနဲ့ မတန်သေး၊ဆင်းရဲနေသေး။
အဝတ်ဆို ပြည်တွင်းဖြစ်ကို အားပေးပါဆိုပြီး ဈေးပေါတဲ့ ချည်လုံချည်တွေပဲ ဝတ်တာ။
အစားလည်း ထိုနည်းလည်းကောင်း။
(ဒါနတွေ မစင်ကြယ်ခဲ့လို့ ကိုယ့်တွက်ကိုယ် မသဒ္ဓါတာ လို့ ကိုယ့်ဖာသာ အမြဲပြောမိတယ်။ဆရာမကြီးကတော့ သူ့တပည့်ရင်းချာ ကို ချစ်စိတ်နဲ့ ဖြေပြောရှာပါတယ်။ ဒါနတွေ မစင်ကြယ်လို့ အကောင်းမကြိုက်တာ မဟုတ်ပါဘူး။ဒေါ်ပူလေးက မလိုင်ကြိုက်တာ အကောင်းကြိုက်တတ်တာပဲပေါ့တဲ့)
……………………………………
တခါတုန်းက ဘတ်စကားစီးအပြန် အရေပြားတွေ ယားပြီးကတည်းက တက်စီစီးဖို့ သိပ်ဝန်မလေးတော့ဘူး။ ဆေးဖိုးက ပိုများတာကိုး၊ ခါးပိုက်နှိုက်နဲ့ တွေ့ရင် တက်စီခထက် ပိုများသွားမယ်လေ။အခု Grab တက်စီဆိုပြီး ကိုယ်သွားခဲ့တဲ့ မှတ်တမ်းရှိနိုင်တဲ့ စနစ်ဖြစ်လာတော့ တက်စီခတတ်နိုင်ပါလျက်နဲ့ နှမျောလို့ ဘတ်စကားကျပ်ကျပ်တိုးစီးခြင်းဆင်းရဲက နည်းနည်းလွတ်လာပါပြီ။
(ဒါတောင် နီးနီးနားနားလည်းဖြစ်၊လူလည်းချောင်ရင် YBS ကို ပျော်ပျော်ကြီး စီးပါသေးတယ်၊တန်လို့)
…………………………….
အခုနောက်ပိုင်း လွတ်လွတ်လပ်လပ်ကြီး ဝယ်ရက် သုံးရက်လာတာကတော့ စာအုပ်ဝယ်တာပါပဲ။
စာအုပ်တွေက ပေါပေါများများလည်း ထွက်လာပါတယ်။၊အရင် ဝယ်မရတဲ့ အဟောင်းတွေလည်း ပြန်ပုံနှိပ်တော့ ဝယ်သိမ်းချင်၊အသစ်ထွက်တာတွေကလည်း စာအုပ် review တွေ ဖတ်ပြီး စာအုပ်လိုက် ကိုင်ဖတ်ချင်၊အထူးသဖြင့် တရားနဲ့ ပတ်သက်တာတွေဆို အဘိဓာန်လှန်ရှာသလို သိချင်တာရှာဖို့ သိမ်းထားချင်ပြန်ရော၊
စားဝတ်နေရေးကြောင့် ကိုယ်ပိုင်စာအုပ်စင်ကို ထုခွဲရတဲ့ စာသမားတွေတွေ့ရင်လည်း ကိုယ်ချင်းစာသနားပြီး သူ့စာအုပ်စင်လိုက် ဝယ်သိမ်းပေးထားချင်မိပြန်တယ်။
စာအုပ်အရောင်းပွဲတော်တွေကျရင် 20% discount ဆိုတာ ရပြန်တော့ ဝယ်သိမ်းထားချင်မိတဲ့ စာအုပ်ထူထူကြီးတွေက သူ့ယူပါ ၊ငါ့ယူပါ ခေါ်နေသလိုပါပဲ။
တကယ်တော့ ငယ်ငယ်ကသာ တရက်ကို ဝတ္ထုစာအုပ် ၅အုပ်နှုန်းလောက် ဖတ်နိုင်တာ၊ အခု စာဖတ်အားက အရမ်းနှေးသွားပြီ၊ စာဖတ်ချိန်ကလည်း အများကြီး နည်းသွားပြီ။ စာဖတ်ချိန်တွေကို စီးပွားရေးနဲ့ လူမှုရေးရယ်၊ အင်တာနက် FB ရယ်၊ လမ်းပေါ်မှာ ကုန်နေရတဲ့ အချိန်တွေရယ်က အစားထိုး နေရာယူသွားကြပြီ။အဲဒီထဲက ဖတ်ချင်လွန်းတဲ့ စာကို တနေ့ တခန်းလောက် ဖတ်ပြီး အာသာဖြေနေရတာ။
တခါတခါတော့ မဖတ်နိုင်ဘဲ ထပ်မဝယ်တော့ဘူးလို့ စိတ်ကူးမိပေမယ့် စာအုပ်တွေ မြင်ရင် မဝယ်ဘဲ မနေနိုင်၊တချိန်ချိန်မှာ ကိုယ်သေသွားရင်လည်း ကိုယ့်စာအုပ်တွေကို အမွေ ပေးစရာ ရွှေခယ်ရတနာ စာကြည့်တိုက်လေးရှိနေပြီ မို့လို့ အဲဒီလို စာအုပ်တွေ ဝယ်ချလိုက်ဖို့ နည်းနည်းမှ မနှမျောမိတော့။

ဝယ်လာတဲ့ စာအုပ်တွေကို အထပ်လိုက် တစိမ့်စိမ့် ကြည့်နေရတဲ့ အရသာ ၊
စာအုပ်စင်ထဲက စာအုပ်တွေကို စာရေးဆရာတူချင်း ၊အမျိုးအစားတူချင်း ရွေးချယ်စီရင်း အလယ်ကဖောက်လို့ စာပြန်မြည်းလိုက်တာ နောက်ဆုံးစာမျက်နှာထိ ရောက်သွားရတဲ့ အရသာ ၊
တခါတလေ ကိုးကားချင်တဲ့ စာလေးရှိလို့ ကိုယ့်စာအူပ်တွေ မွှေနှောက်ပြီး ရှာရင်း လိုချင်တာလေး ကွက်တိတွေ့လိုက်လို့ ပျော်ရတဲ့ အရသာ၊
ဒီအရသာတွေကို အဟောဝတ ကောင်းလေစွလို့ ကိုယ့်ဖာသာ ကျေနပ်ပြီး ပီတိ၊သုခ တွေနဲ့ ကျမ လူချမ်းသာ ဖြစ်နေပါတယ်။

13 comments

  • padonmar

    February 19, 2019 at 9:59 pm

    ရွာထဲမှာ ပုတိဖွားတွေ အများကြီး ဆိုလို့ အမှတ်တရ ရွာထဲမှာ လာတင်ပါတယ်။
    ဘွန္တော….ပုတိအပေါင်း သူတော်ကောင်းတို့
    ရွာထဲသို့ စာဖတ်ရန်ကြွတော်မူကြပါ။

  • kai

    February 20, 2019 at 6:24 am

    ဟိုးး.. တခါ အမတော်ကို စာမေးဖူးတယ်မဟုတ်လား..။
    နကျယ်ကောင်နဲ့ မြွေ ပုံပြင်လေ..။
    ဘုရားဟောလိုလို.. သုတ္တန်ပုံပြင်ထဲပါသလိုလိုထင်နေတာ..။ အမတော်တောင်ပြောသေးတယ်..။ ရာမာခရစ်ရှနာ၏ သုတ္တန်ပုံပြင်များ” မှာပါတာလားမသိဘူးတဲ့..။
    တကယ်လည်း ပါနေသလားတော့မသိ..။

    .. အခုတော့.. မူလဘယ်သူရေးလဲတွေ့ပါပြီ..။
    ဗုဒ္ဓနဲ့ခေတ်ပြိုင်လောက်ခေတ်က.. ဂရိပုံပြင်ဆရာပြောသွားတာတဲ့..။
    သူ့ပုံပြင်တွေတော်တော်များများ.. မြန်မာအဋ္ဌကထာတွေမှာ ပါကုန်တယ်လို့ထင်မိတယ်..။
    တယောက်ယောက်က.. တခုချင်းဘာသာပြန်နိုင်ရင်တော်တော်ကောင်းမယ်..။

    Aesop’s Fables, or the Aesopica, is a collection of fables credited to Aesop, a slave and storyteller believed to have lived in ancient Greece between 620 and 564 BCE. Of diverse origins, the stories associated with his name have descended to modern times through a number of sources and continue to be reinterpreted in different verbal registers and in popular as well as artistic media.
    ==
    A Wasp tormented a Snake close to death. The Snake decided to put his head under a wagon wheel in hopes to take the Wasp with him in death.

    As a last resort take your enemy with you.
    ==
    Townsend VersionTownsend version

    A wasp seated himself upon the head of a Snake and, striking him unceasingly with his stings, wounded him to death. The Snake, being in great torment and not knowing how to rid himself of his enemy, saw a wagon heavily laden with wood, and went and purposely placed his head under the wheels, saying, “At least my enemy and I shall perish together.”
    တစ်နေ့သ၌ နကျယ်တစ်ကောင် သည် ေြွမတစ်ကောင်ကို ကိုက်ခဲ၏။ သူသည် ေြွမ၏ကိုယ်ကို အချက်ပေါင်း များစွာ ကိုက်ခဲပြီးနောက် ခေါင်းပိုင်းကို မလွတ်တမ်း ကိုက်ခဲထား၏။ ေြွမလည်း အလွန်တရာ နာကျင် လှသဖြင့် အားစိုက်၍ ရုန်း၏။ နကျယ် ကောင်ကား မလွှတ်တမ်း ကိုက်မြဲသာ ကိုက်ထား၏။ နောက်ဆုံး၌ ေြွမသည် မခံမရပ်နိုင် ဖြစ်လွန်းသဖြင့် ”ငါ့အသက် သေလိုက သေစေတော့။ သင်ကိုကား သတ်ဖြစ်အောင် သတ်တော့ မည်” ဟုဆို၏။ ဆိုသည့် အတိုင်းလည်း သူသည် အနီးမှ ဖြတ်သန်း သွားသော လှည်းတစ်စီး၏ ဘီးအောက်သို့ သူ၏ ခေါင်းကို ထိုးကာ အကြိတ်ခံလိုက်လေသည်။ ခဏချင်းပင် သူနှင့် နကျယ်ကောင် နှစ်ကောင်စလုံး လှည်းဘီးအောက်၌ အသက်ပျောက်သွားလေ သတည်း။
    https://fablesofaesop.com/the-wasp-and-the-snake.html

    • padonmar

      February 20, 2019 at 10:28 pm

      အဲဒါ အီစွပ်ပုံပြင် မဟုတ်လား၊ဘာသာပြန်ပြီးသား ရှိတယ်လေ။
      ဇာတကတွေ ပုံပြင်တွေဆိုတာ လူတွေရဲ့ အဖြစ်တွေဆိုတော့ ရှည်လျားလှတဲ့ သံသရာကြီးမှာ ထပ်တူ အဖြစ်တွေလည်း အများကြီးပေါ့။ နောက်ပြီး လူတွေကြားထဲ ကူးလူးယှက်နွယ် လူမျိုးစု တခုကနေ တခုရောက် ဖြစ်နေမှာပါ။

    • kai

      February 26, 2019 at 6:47 pm

      မြန်မာဘာသာပြန် တွေ့လို့..
      ===============================
      မြန်မာနိုင်ငံတွင် ၁၈၇၃ ခုနှစ်၌ အီစွတ်ပုံပြင်များကို W.Shway Too Sandys က ဂရိဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။ `ဤစုတ်၏ ဒဏ္ဍာရီစာ´ဟူ၍ အမည်ပေးထားသည်။ အဘိဓာန်တွင် `အီဆော့ပ်´ ဟူ၍ ဘာသာပြန်ထားသည်။
      စာရေးဆရာ မင်းယုဝေက `အီစွတ်´ ဟူ၍ Aesop ကို ဘာသာပြန်ပါသည်။ ၂၀၀၂ ခုနှစ် ဇူလိုင်လထုတ် `စာအုပ်လောက´ စာစောင်၊ အောင်မေဃရေးသားသော `အီဆွတ် ပုံပြင်´ ဆောင်းပါးတွင် အီဆွတ်ဟူ၍ အသံထွက်သည်။
      Fable ၏ အဓိပ္ပာယ်ကို အဘိဓာန်က ဤသို့ အနက်ဖွင့်ပါသည်။
      `A Story ပုံပြင်။ ( usu about animals) that teaches a lesson about human behaviour တိရစ္ဆာန် စသည်ကို ဇာတ်ကောင်အဖြစ် ဖန်တီးထားသော သင်ခန်းစာယူစရာ ပုံပြင်။ Aesop’s Fables အီဆော့ပ် ပုံပြင်များ။ a legend or untrue story ဒဏ္ဍာရီ (သို့) စိတ်ကူးယဉ်ဇာတ်လမ်း။ ယုံတမ်း´ဟူ၍ အဘိဓာန်ဆရာက အနက်ဖွင့်ပါသည်။

      https://bit.ly/2EzXpIRB8.pdf

  • ဇီဇီ

    February 20, 2019 at 10:22 am

    အာတီဒုံ ရဲ့ ရွှေခယ်ရတနာလေးကို စာအုပ်လှူချင်တာတောင် အဲ့ စခန်းမရောက်နိုင်သေးဘူးး
    မိုးကုတ်ဆရာတော်ကြီး ရဲ့ တစ်ဘဝ သာသနာ စာအုပ်တော့ သိမ်းချင်သား

    • padonmar

      February 20, 2019 at 10:29 pm

      သိမ်းချင်တဲ့ စာအုပ်ဆို ဝယ်သာ ဝယ်ပလိုက်ပါကွယ်။ မသိမ်းချင်တော့ရင် ပေးစရာ လှူစရာ နေရာ အဆင်သင့်။

  • Shar Thet Man

    February 20, 2019 at 11:00 am

    ရက်စ်

    • padonmar

      February 20, 2019 at 10:31 pm

      ဟိုဖက် FB မှာ လာမန့်ကြတာ ဦးမိုက် ၊ကိုပေါက်၊ M လုလင်၊ လုံမလေး ၄ယောက် ရှိတယ်။ အခု သျှားသက်မန် ပါဆို ၅ယောက်

      • ဦးကြောင်ကြီး

        March 11, 2019 at 3:00 pm

        အနော် မတွေ့မိပါလ ခယိုနီဒုံ

  • Thint Aye Yeik

    February 20, 2019 at 12:47 pm

    ကျနော်သည်လည်း မောင်ပုတိ!
    :k:

    ”ငယ်ငယ်ကတည်းက သုံးရက်တာ ဆိုလို့ စာအုပ်ဝယ်တာပဲ ရှိတယ်။ ဒါတောင် တအုပ် ၂၀ဝ တန် ဝတ္ထု အဟောင်းတွေပဲ အဟောင်းဈေးက အုပ် ၃-၄ဝ ဝယ်ဖတ်တာ။
    စာအုပ်ဆိုင်တွေ သွားတဲ့အခါ ဈေးကြီးတဲ့ စာအုပ်တွေ ( ဝယ်ချင်ပေမယ့် စာအုပ်လေး ကိုင်ကြည့်လိုက် ပြန်ချလိုက်၊အထဲစာသားလေး လှန်မြည်းရင်း စာအုပ်တန်ဘိုးလေးကို အသာခိုးဖတ်၊တအုပ် ၅၀၀ဝ အထက်ဆို ကိုယ့်အတွက် ဈေးကြီးပြီလို့ သတ်မှတ်ရင်း လိုချင်စိတ်ကို ကြိတ်မှိတ်မြိုသိပ်ခဲ့ရတာ။”

    အဲ့စာပိုဒ်က ကျနော်နဲ့တစ်ထပ်တည်း ကျလို့
    ကျနော့်အကြောင်း ရေးထားသလိုတောင် ထင်ရ!
    :k:

    တီဒုံက ”ငယ်ငယ်က” ဆိုပေမဲ့
    ကျနော်ကတော့
    ခုထိ ရောင်းဈေး၅၀၀ဝ ကျော်တဲ့
    စာအုပ်တွေဆိုရင်
    ဝယ်နိုင်ဖို့ရာ ခုထိ ချင့်ချိန်နေရတုန်း။
    ဝင်ငွေက အရမ်းမကောင်းသေးတော့. . .။
    စုမိဆောင်းမိ အခြေတင့်လာရင်တော့
    စာအုပ်တွေ ဝယ်ချင်တဲ့ပိုးက တိုးပြီး
    ဝယ်မိ သိမ်းမိ လှူမိမယ်လို့ ယုံကြည်ထားတယ်။
    😀

    • padonmar

      February 20, 2019 at 10:33 pm

      တီဒုံလည်း စာအုပ်ဖိုးနဲ့ ဖတ်နိုင်ပါ့မလားဆိုတာ မငဲ့ဘဲ ဝယ်ဖြစ်တာ ၅နှစ် မရှိသေးဘူး။
      တနေ့တော့ ဖြစ်လာမှာပါ။ စာကြည့်တိုက်သာ ထောင်လိုက်။
      ဆက်ဆက်ပါဆို ပုတိ ၆ယောက် +တီဒုံ = ပုတိ ရယောက်

  • ဂျစ်စူ

    March 20, 2019 at 12:41 am

    ဟုတ်တယ်
    ကျော်လဲ ဘလက်တို ့ ဘလူးတို ့ စိတ်မဝင်စားဘူး
    ဘီအီးပဲ ကြိုက်ဒါ အရသာကြိုက်တာတော့ မဟုတ်ဘူး ဈေးပေါတာကိုကြိုက်တာ 😆

  • Foreign Resident

    April 1, 2019 at 8:12 am

    အရင်က ကျနော်လဲ စာအုပ်တွေစုတယ် ။
    ကျနော်ကတော့ စစ်ရေး နိုင်ငံရေး သမိုင်း စာအုပ်တွေ စုတာများတယ် ။
    အခုတော့ ဩဇီကို စာအုပ်တွေ သယ်မသွားနိုင်လို့ ရပ်လိုက်ပါပြီ ။

    PS : အဓိပတိဘွားပါ ။

Leave a Reply