မြန်မာ့ဂဇက် အယ်ဒီတာ့သင်ပုန်း – မေ ၂၀၂၃

kaiMay 24, 20234min41430

ခေတ်သစ်ကြီးတခု၏တံခါးဝသို့ အားလုံးရောက်ကြပါပြီ။

၁၈ရာစု၌ရေနွေးငွေ့အင်ဂျင်စထွင်ခြင်းမှ စက်မှုတော်လှန်ရေးစခဲ့သည်။ ၁၉ရာစုတွင် လျှပ်စစ်တွေ့ရှိခြင်းမှ လူနေမှုတဆင့်တက်ခဲ့သည်။ ၂၀ရာစု၏ ကွန်ပြူတာနှင့်အင်တာနက်မှလူသားတို့ဘဝ အဆင့်မြင့်ခုန်ခဲ့ပါ၏။ ၂၁ရာစုတွင် AI, VR, Crypto, Blockchain မည်သည်လောမသိ ယှဥ်ပြိုင်လုနေဟန်မှ AIသည်သာ လူသားတို့ကိုနတ်ပြည်အဆင့်ပို့မည် မြင်/ထင်ရပေပြီ။ AI Robot VR ပုံရိပ်ယောင်လောကနှင့် Starlink မြန်နှုန်းမြင့်ဂြိုလ်တုအင်တာနက်တို့ တွဲဖက်လိုက်က လူသားတို့ အရှင်လတ်လတ် နတ်ဘဝရောက်ကုန်ပါလိမ့်မည်။ AIကို ဥာဏ်ရည်တုဟု တိုက်ရိုက်ဘာသာပြန်သော်လည်း မူရင်းဥာဏ်စစ်/မှတ်ဥာဏ်ထက်များစွာသာလွန်လာသဖြင့် နတ်ဉာဏ်ဟုဤသူ ဘာသာပြန်ဖွင့်ဆိုဖူးပါသည်။ လူသားတို့၏လူနေမှုဘဝ အလုံးစုံပြောင်း နတ်ဥာဏ်ဖြင့် နတ်ခေတ်ရောက်ကြမည်။။

“နတ်ဥာဏ်၏ စလုံးရေ စ”

AI ကိုဆယ်စုနှစ်ချီလေ့လာဆန်းစစ်တိုးတီထွင်နေကြငြား ပေါက်ကွဲသည့်အလား မြင့်တက်လာသည့်အရှိန်အဟုန်ကို သိမြင်နိုင်သည်မှာ နိုဝင်ဘာ၃၀ ၂၀၂၂စတင်ပြီး၅ရက်အတွင်းအသုံးပြုသူ၁သန်းနှင့် ၆လအတွင်းသုံးစွဲသူသန်း၂၀၀နားရောက်သွားသည့် ChatGPT ခေါ် Chatbot မှဖြစ်၏။ ယခုအချိန်ထိ OpenAI၏ ChatGPT, Microsoft၏ Bing၊ Google၏ Bard၊ Meta၏ LLaMAနှင့် Amazon ၏ Lexတို့မှာ အမေရိကပြည်တွင်းဖြစ်များဖြစ်ကြပြီး ချိုင်းနားမှ Alibaba ၏Tongyi Qianwen, Baidu၏ Ernie Bot တို့လည်း ရှေ့ထွက်လာကြပါပြီ။ Chatbot AI သည် မေးသမျှမေးခွန်းတို့ကို အဖြေချပြပေးနိုင်သော စနစ်တခုဟုဆိုပါစို့။ သူ၏အဖြေထုတ်ယူရာမူရင်းသည် အင်တာနက်ကြီးတခုလုံးဖြစ်နိုင်သည်။ ဗြိတစ်၊ဗာတီကန်၊ယူအက်စ်ကွန်ဂရက်စာကြည့်တိုက်တို့၏ pdf ဒစ်ဂျစ်တယ်ဖိုင်များထဲမှလည်းဖြစ်နိုင်သည်။ လူတဦးချင်းစီ၏ နေ့စဥ်ဆိုရှယ်လူနေမှုဘဝ စိတ်ခံစားမှု ရသ၉ပါးများကို ဆယ်စုနှစ်ချီမှတ်တမ်းတင်ထားသော နည်းပညာ ဆိုရှယ်မီဒီယာကုမ္ပဏီကြီး သိမ်းဆည်းအချက်အလက်များမှလည်းဖြစ်နိုင်သည်။

ထိုမေး/ဖြေစနစ်ကိုအကြောင်းပြု လူသားတို့မည်မျှလုပ်နိုင်ကြမည်နည်း။

အထက်တန်းကျောင်းသားရေးထားသော အက်ဆေးကို မာစတာဘွဲ့ရအဆင့်ရေးသည်ကဲ့သို့ပြင်ဆင်နိုင်သည်။ စျေးကွက်စီးပွားရေးအတွက် အလိုရှိရာဆန်းစစ်ချက်တို့တောင်းယူနိုင်သည်။ အမှုကိစ္စအတွက် အကောင်းဆုံးရှေ့နေ၏အဖြေကိုရနိုင်သည်။ အဖြစ်အပျက်တခုအင်တာဗျူးတရပ်အတွက် အထိရောက်ဆုံး မီဒီယာရီပို့ကိုထုတ်နိုင်သည်။ ရောဂါဝေဒနာအတွက် အမှန်ဆုံးအဖြေသိနိုင်သည်။ လွယ်လွယ်ဆိုရလျှင် ယခုခေတ်၏ အခကြေးကြီး‌သော ပရိုဖက်ရှင်နယ်အလုပ်/ပညာရှင်အများစုထက် ပို၍ကောင်းသောအဖြေ ထုတ်ပေးနိုင်ပါသည်။ ဤမျှသာဟုထင်ပါသလား?အစမျှသာ။

“သညာအသိ ပညာရှိနတ်ဥာဏ်”

ထိုမျှအင်အားကောင်းသော အသိသညာပေါက်ကွဲမှုကြောင့် ကမ္ဘာနည်းပညာကုမ္ပဏီကြီးများ ဒေါ်လာဘီလီယံဆယ်ချီထည့်ရင်းနှီးမြုတ်နှံကာ ဆန်းသစ်တီထွင်ခရီးဆက်ကြပေသည်။

Google ၏ Bard သည် ChatGPT ၏အသစ်ဗားရှင်း GPT-4 တို့ကိုကျော်ဟန်ပြုလာသည်။ VR/Metaverse ‌တွင်ဒေါ်လာသန်းထောင်ချီရင်းနှီးမြုတ်နှံထားသော Meta ခေါ် FB၏မိခင်ကုမ္ပဏီကြီးသည် သူ၏ဒေတာအချက်အလက်(တိုကင်)၁.၃ထရီလီယံထည့်သွင်းလေ့ကျင့်ထားသော LLaMA chatbot ကို Opensource ခေါ်အများသုံးအဖြစ်ခွင့်ပေးကြောင်း ကျေညာလိုက်သည်။ လုပ်ရပ်သည် လူသားအများတို့အကျိုးရည်ရွယ်ဟန်ရှိငြား Apple iPhone လွှမ်းမိုးမှုကြားဖေါက်ထွက်လာသော Googleမှ Android ကို Opensourceလုပ်ခဲ့ပုံနှင့် ယှဥ်ကြည့်ကြည့်လျှင် စျေးကွက်နှင့်နည်းပညာတွင်ရှေ့ရောက်အောင် နည်းပညာကုမ္ပဏီတို့ အားစိုက်ပြိုင်လာမှုကိုမြင်သာသည်။

မှတ်ဥာဏ်သည် ဦးနှောက်မှလာသည်။ လူ့ဦး‌နှောက်ဟူသည် သိမ်းဆည်းစွမ်းရည်ကန့်သက်ချက်ရှိရာ အကြမ်းအားဖြင့် လူ့သက်တန်းနှစ်၄၅၀၏ အချက်အလက်များကိုသာ မှတ်နိုင်သိမ်းနိုင်စွမ်းရှိသည် ဆိုကြသည်။

အေအိုင်၏ မှတ်ဥာဏ်မှာ အင်တာနက်နှင့်ချိတ်ဆက်ထားရကား လူသိန်းသန်းကုဋေချီမှတ်ဥာဏ်ထက်ပင်သာလွန်နေသည် ကမ္ဘာ့ စူပါကွန်ပျုတာကြီးများ စာကြည့်တိုက်များသို့လည်း ဝင်ထွက်ယူငင်နိုင်ရာ လူသမိုင်းယဥ်ကျေးမှုအားလုံးမကပါ။ နိုင်ငံသားတဦးချင်းစီ၏ကိုယ်ရေးအချက်အလက်တို့ကို ကိုင်စွဲထားသော အစိုးရတို့လက်ထဲတွင် AI တို့မည်မျှစွမ်းရည်ရောက်မည်ကို ခန့်မှန်းနိုင်ပါလိမ့်မည်။ အကယ်၍သာအစိုးရသည် အာဏာရှင်ဖြစ်ခဲ့ပါလျှင် လူသားအနာဂတ်သည် မတွေးဝံ့စရာ။ သို့သော်လူတဦးချင်းစီက AIတခုစီရပါမူ မဟာပညာရှိကိုယ်စောင့်နတ်ရထားသည့်အလားသဏ္ဍန်ဖြစ်ပေမည်။ တဉီးထဲမှ AIစွမ်းအားကို အကန့်အသတ်မရှိရသွားပါလျှင်လည်း ဘုရားသခင်အလားဖြစ်သွားပေလိမ့်။

ဟက်ကာတို့၌လည်း တစခန်းရှိသည်။ လာမည့် သြဂုတ်လ လပ်စ်ဗေးဂတ်၌ကျင်းပမည့် DEF CON တွင် ChatGPTအပါအဝင် Chatbot တို့ကို ထွင်းဖေါက်ခြင်း ပညာပြိုင်ပွဲလည်းရှိသည်။ ကနဦးသတင်းများအရ AIသည်လည်း ဟက်ကာလက်မှမလွတ်။ မလွတ်ခြင်းနောက်တွင် အမှောင်လောကကြီးကစောင့်ကြည့်နေသည်ကိုသိသင့်ပါ၏။

လူတုပုံတူများလည်းအလွယ်လုပ်နိုင်သလို မိမိ၏ပုံတူဗီဒီယိုရိုက်ပြီးနောက် အသံသွင်း၍ အလိုရှိရာဆိုနိုင်သည့် Deepfake ခေတ်လည်းအနီးလေးပါပေ။

“ပြောမယုံ ကြုံဖူးလည်းမသေချာ”

ကိုယ်တွေ့မြင်မှယုံကြည်ကြ ဟူသည် သမိုင်းထဲ ကျန်ရစ်ခဲ့ပြီ။ မြင်ရသော ပုံများ/ဗီဒီယိုများမှာမယုံရပါ။ ယခုတဆင့်တက် AIဖန်ဆင်းသော လူရုပ်သွင်နှင့်သရုပ်ဆောင်ပြသည့်ခေတ်ရောက်လာပါမည်။ Deepfakes ခေါ်ပါသည်။ ယခုလအတွင်း အီလွန်မတ်စ်မှ လူအသွင်ရိုဘောအမျိုးသမီးအားနမ်းရှုံနေပုံများနှင့်အတူ တက်စ်လာမှ ရိုဘော့မယားတီထွင်နေသည်ဟူသော ကောလဟလထွက်လာခဲ့သည်။ AI ဖန်တီးမှုများသာဖြစ်ပါသည်။ ဖြစ်သော်ငြား ဤဖန်တီးမှုမျိုးသည် တကယ်ဖြစ်လာတော့မည့် လူ့သားဘဝယဥ်‌ကျေးမှုအသစ်ကို လှစ်ဟသလိုပါ။ သို့ဆိုလျှင် အိမ်ထောင်ဖက်တို့ မည်သို့ စခန်းသွားကြမည်နည်း။

“ပြင်ပျက်တိုးတက် ဤခုနှစ်ဂွင်အချက်”

AIအစွမ်းဖြင့် အောက်ပါ၇ဂွင်(နယ်ပယ်)တွင်ပြောင်းလဲခြင်းရှိမည်ဟု ပညာရှင်တို့ဆိုထားသည်။

စစ်တပ် – လူသားသည် စစ်နှင့်အချစ်တွင်တရားသည်ကိုသာ လုပ်သင့်/လုပ်ရပါသည်။ ထိုအတွက်ကျင့်ဝတ်တို့ရှိ၏။ အေအိုင်သည် စစ်ကိုအနိုင်ရရန်သာစဥ်းစားတွေးခေါ်၍ မဟာဗျုဟာတို့ချခဲ့ပါလျှင် တရားသောစစ်ဖြစ်နိုင်ပါ၏လော။ နည်းဗျူဟာကြောင့်သေဆုံးကြမည့် အပြစ်မဲ့ကလေး၊သက်ကြီး၊မိန်းမများအတွက် မည်သူကမည်သို့ တာဝန်ယူတာဝန်ခံမည်နည်း?

အလုပ်အကိုင်အခွင့်အလန်း – အမေရိကားနှင့်ဥရောပ၏အချိန်ပြည့်အလုပ် ၄ပုံ၁ပုံကို AIမှ အစားထိုးယူသွားလိမ့်မည်ဟု Goldman Sachsမှတွက်ချက်ပြထား၏။ AIကြောင့်အလုပ်သစ်တို့လည်း ပေါ်ထွက်လာမည်ဆိုသော်ငြား မည်သည် မည်သို့ဟူသည် AIအလိုတော်အတိုင်းဖြစ်ပေလိမ့်။

ကိုယ်ရေးကိုယ်တာလျှို့ဝှက်ရာ – လူသားတို့၏ကိုယ်ရေးကိစ္စအတွင်းရေးတို့မှာ ယခုခေတ်တွင်ကြီးစွာချိုးဖေါက်ခံရပြီးပါ။ ကွန်ဂရက်မှလည်း အရေးယူနိုင်ခြင်း ကာကွယ်ဥပဒေပြုထားခြင်း ထိရောက်စွာမရှိ။ AIအစွမ်းဖြင့် လူသားတို့၏မျက်နှာ မျက်လုံး ဒီအန်အေ လက်ဗွေတို့လည်းလွတ်ထွက်သွားမည်ဖြစ်ပေရာ Privacy သည် လုံးဝဥသုံချိုးဖောက်ခံရမည့်ခေတ် မဝေးလှပေ။

ဘက်လိုက်ဆုံးဖြတ် – အေအိုင်သည် သက်မဲ့ဖြစ်သည်။ သို့သော် သက်ရှိကဲ့သို့ ဆုံးဖြတ်စွမ်းဆောင်နိုင်သလို အစွဲနှင့်ဆုံးဖြတ်သည့်သဘောတို့လည်းရှိသည်ဟု တွေ့လာကြသည်။ ထိုသို့ဖြစ်ရန်မည်သို့တွက်ချက်လိုက်သည်မည်သူမျှ မသိသေး။ လူသား၏နေ့စဥ်နေထိုင်မှုဘဝကို algorithms ဇယားကျဖြေရှင်းနည်းဖြင့်စိစစ်လမ်းကြောင်းရှာယူပြီး ထိုသူ၏ဆုံးဖြတ်ချက်တို့ကို လိုရာလမ်းလွှဲပိုနိုင်သည်မှာသေချာသည်။ ပြီးခဲ့သော ရွေးကောက်ပွဲတို့တွင် ဆိုရှယ်မီဒီယာတို့၌ နိုင်ငံရေးဆုံးဖြတ်ချက်များကို အလိုရှိရာရောက်အောင် နှတ်ကြောင်းပေးသည့်အလုပ်မျိုးကို AIတို့ကောင်းစွာလုပ်ပြသွားခဲ့သည်။ ထိုမှတဆင့်တက် AIကိုယ်တိုင်က အစွဲထားဆုံးဖြတ်ခိုင်းလျှင်လူသားတို့မည်သို့ရပ်တည်နေရမည်နည်း။ အေအိုင်တွင်ခံစားမှုရှိလာလျှင်ကမ္ဘာသုဥ်းမည်လော။ လူကကျွန်ဖြစ်မည်လော။

ပညာရေး – လောလောဆယ်ပင် ကောလိပ်ကျောင်းသား ၃၀% ကျော်သည် ChatGPTသုံးစွဲနေကြသူများဖြစ်၏။ ကျောင်းပညာရေးတွင် ဆရာသင်/တပည့်နားထောင်၊ အပြန်အလှန်ဆွေးနွေးသင်ကြားမှုတို့သည် AIနှင့်သာ ဆက်သွားပါလျှင် သမရိုးကျပညာရေးကျဆုံးခြင်းပါ။

ဆိုင်ဘာလုံခြုံရေး – AI အားဖြင့် ဆာဗာကွန်ပြူတာ တို့ကိုလွယ်ကူစွာ ထွင်းဖောက်ခိုးယူနိုင်ပါသည်။ AI လေးကိုလည်း AIကြီးက လွှမ်းမိုးဖောက်ထွင်းနိုင်မည်လော။ တိုင်းပြည်တခု၏ လမ်းပန်းဆက်သွယ်ရေး လျှပ်စစ်ဂရစ် ငွေကြေးစနစ်များကို AI က(သို့)AI အားဖြင့်ထိမ်းချုပ်နိုင်မည်လော။

သတင်းမှားသတင်းလွှဲ – သတင်းခေတ်ကြီးဖြစ်လေရာ လျှံထွက်နေသောသတင်းများတွင် မည်သည်ကအစစ်အမှန် မည်သည်က လုပ်ကြံအတု ခွဲ၍ကားမလွယ်။ တိုင်းပြည်၏အနာဂတ်ကိုဆုံးဖြတ်ပေးရမည့် နိုင်ငံရေးသမားများအား ရွေးကောက်တင်မြောက်မှုတွင် အေအိုင်အစွမ်းဖြင့် သတင်းမှားသတင်းလွှဲများပေးပြီး ပြိုင်ဖက်ကိုဖြိုချ လိုသည့်သူကို ရွေးကောက်တင်သွားပါလျှင် မည်သို့နည်း။ မဝေးတော့ဟုထင်ပါသလား။ ရောက်လျှက်နေပါ၏။

“တက်ခေတ်နတ်ဆိုးလော”

ပါမောက္ခစတီဗင်ဟော့ကင်းက “AIတိုးတက်ဖွံ့ဖြိုးခြင်းသည် လူသားမျိုးနွယ်အဆုံးသတ်နိုင်စေရာ”ဟု ၂၀၁၈ခုနှစ်ကဆိုဖူးသည်။ “အေအိုင်အဆင့်မြှင့်ဆုံးနားမိမိရောက်လုလေ ထိတ်လန့်လာလေ”ဟု အီလွန်မတ်စ်ဆိုသည်။ OpenAI CEO ဆမ်‌မောလ့်မန်ကမူ ယခုမေလ ကွန်ဂရက်ကြားနာမှုတွင် ကွန်ဂရက်မှအေဂျင်စီဖွဲ့ အေအိုင်တို့အား လိုင်စင်ထုတ်ကြီးကြပ်ကြပ်မတ်ပေးပါရန်အကြံပေးနေသည်။

AI၏ ဂေါ့ဖားသားဖြစ်သည့် ဂျက်ဖရီဟင့်တန်လည်း ဂိုဂယ်မှအလုပ်ထွက် AI နည်းပညာ၏အန္တရာယ်ကြီးမားပုံကို သတိပေးနေသည်။

မတ်လကုန်က ကမ္ဘာ့နည်းပညာဖခင်ကြီးများ အိုင်တီကုမ္ပဏီများက စုပေါင်းအိပ်ဖွင့်ပေးစာထုတ်ကာ အေအိုင်တီထွင်ဆန်းသစ်မှုတို့ကို ၆လတာမျှရပ်နားထားပေးရန်လည်းတောင်းဆိုဖူးသည်။

ထိုသည်တို့ကြားမှ နောက်ကျသည့်ခြေထောက် သစ္စာဖောက် သဘောယူ နည်းပညာကုမ္ပဏီကြီးတိုင်းလိုလို AIကို တိုး၍သာ ရင်းနှီးမြုတ်နှံ လေ့လာတီထွင်နေကြသည်။

အပြောနှင့်အလုပ်မညီ။ မညီရဲပေ။

ယခုခေတ်တွင် လူသားတို့၏အချက်အလက် ကိုယ်ရေးကိုယ်တာများ အများဆုံးစုစည်း ပိုင်ဆိုင်ထားနိုင်သည်မှာ လက်ချိုးရေ၍ရသည့် ကုမ္ပဏီကြီးများပါ။ Teslaသည် သူ၏ကားစီးသူနှင့်ကားသွားလမ်းကြောင်းတလျှောက်ကို ဗီဒီယို/ဆင်ဆာသုံး၍ ဒေတာအသေးစိတ်မှတ်တမ်းတင်သိမ်းဆည်းထား၏။ Googleသည် သူ့အီးမေးလ်၊ မြေပုံ၊ ဓာတ်ပုံ၊ ဖုံး Cloud စသည်တို့ကိုသုံးသူ တဦးချင်းစီ၏ အိမ်နှင့်အလုပ် ဘဝနှင့်မိသားစု မှတ်တမ်းအသေးစိတ်ရှိသည်။ Meta သည် ဆိုရှယ်မီဒီယာသုံးသူတဦးချင်းစီ၏ ဆွေးနွေးဝေဖန်၊ ဓာတ်ပုံရိုက်/တင်၊ စာပေးစာယူ၊ ရက်စွဲနာရီအတိအကျ မှတ်တမ်းတို့အပြင် ပတ်လည်မိတ်ဆွေ/ဆွေမျိုးတို့နှင့်ပါဆက်စပ်သိ၏။ Apple, Amazon တို့သည်လည်း မဟာသိခြင်းကြီးများကိုယ်စီနှင့်ပါ။ သင်၏အကြောင်းသင့်ထက်ပိုသိနေကြသည့် ကုမ္ပဏီကြီးများတည်း။ ဆယ်စုနှစ်ချီလက်တွေ့ပြသချက်များအရ သူတို့ကို အတိုင်းအတာတခုထိ ယုံကြည်စိတ်ချရပါသေးသည်။ အစိုးရတို့ကလည်း ကြပ်မတ်ကြီးကြပ်လျှက်ရှိနိုင်သေးသည်။

ချိုင်းနားကဲ့သို့သော ကမ္ဘာစူပါပါဝါခေါင်းဆောင်ဖြစ်ရန်ကြိုးစားနေသည့် ကွန်မြူနစ်အစိုးရလက်တွင်း အဆိုပါဒေတာအချက်အလက်တို့ ရောက်သွားပါမူမည်သို့ဖြစ်မည်နည်း။ မည်သူမှမသိ။ အာဏာရှင်လက်ထဲတွင် AI သည်နတ်ဆိုးတပါးဖြစ်သွားနိုင်ပါသည်။ စတွေ့ဖန်တီးရှင် အမေရိကားသည် AIကို ဦးဆောင်သွားနိင်လျှင် ကမ္ဘာစူပါပါဝါနေရာမှ နောင်နှစ်တရာ ဆင်းရတော့မည်မဟုတ်။

လိုအပ်သော ဆင်ဆာ/ချစ်ပ်များအတွက်လည်း ကုန်သွယ်စီးပွားထိန်းချုပ်မှုတို့ ပြုပြီးဖြစ်ရာ အမေရိကားသည် အားလုံးထက်ရှေ့တဆင့်ရောက်နေဟန်တော့ ရှိသည်။ ချိုင်းနား၊ ဥရောပ၊ဂျပန် ကိုရီးယားသည်လည်း ငြိမ်၍တော့မနေ။ ရုရှားသမ္မတပူတင်က AIနည်းပညာခေါင်းဆောင်နိုင်သူသည် ကမ္ဘာ့အုပ်ချုပ်သူဖြစ်မည်ဟုပင် ဆိုဖူးသည်။

မြန်မာတို့သည် စစ်အာဏာရှင်အောက်တွင် တဖန်လုံးလည်လိုက်နေပြန်သည်။ သမိုင်းကြည့်လျှင် အဖြူအမည်းတီဗီခေတ်ကိုဖြတ်ကျော် ရောင်စုံတီဗီခေတ်တန်းရောက်လာခဲ့ဖူးသည်။ နည်းပညာအမှိုက်ပုံဘဝရောက်၍ DVD/Blu-ray ခေတ်တွင် VCD များနှင့်လည်း နှစ်ပါးသွားခဲ့ရဖူးသည်။ ယခု နတ်ဥာဏ်ကြီးစိုးလာမည့် တက်ခေတ်ကိုလည်း မြန်မာတို့ ခုန်ပျံကျော်လွှားအမှီလိုက်နိုင်ပါသည်။ AIကိုလေ့လာဆည်းပူးကြပါ။ Opensource အခွင့်ကိုယူသုံး၍ တီထွင်ကြပါ။

တက်ခေတ်သို့ ဖြတ်လမ်းဖြစ်ပါ၏။