“မြန်မာဂဇက် အယ်ဒီတာ့သင်ပုန်း – သြဂုတ် ၂၀၂၃”

kaiAugust 25, 20234min7360

သြဂုတ်လသည် သမိုင်းဝင်ရှစ်လေးလုံးအရေးတော်ပုံကြီး၏ ကျောက်စိမ်းရတု-၃၅နှစ်ပါတ်လည်လဖြစ်ပါသည်။

မြန်မာ့သမိုင်းကို ကြည့်လျှင် စုက္ကတေးမင်း၏ “ညီသားနောင်မယ်”စကားအကြောင်းပြု သတ်ဖြတ်အာဏာလုခဲ့သော ပထမမြန်မာနိုင်ငံတော်တည်ထောင်သည့် အနော်ရထာမင်းမှသည် ယခုအထိ လက်နက်အင်အားအားကိုးဖြင့် အာဏာသိမ်းသည့် ဓလေ့ဖြင့်သာသွားနေသည်ကိုတွေ့ရမည်။

သက်ဦးဆံပိုင်ဘုရင်ရာထူးအား လွန်စွာကြီးမြတ်အာဏာစွမ်းထက်လွန်းပုံ ဆွဲတင်ထားရကား လူတိုင်းလိုချင်သောအိပ်မက်နေရာရယ်ပါ။ သမိုင်းလာ ဘုရင်ဘုန်းတော်ဘွဲ့တို့မှာ “ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော ဧကရာဇ်မင်းမြတ် ရွှေနန်းရှင်အရှင်ဘုရား၊ အသက်ဦးဆံပိုင်အရှင် ရွှေနန်းရွှေပြာသာဒ်သခင် ဆင်ဖြူဆင်နီတို့၏သခင်အရှင် ဘဝရှင်မင်းတရားကြီးဘုရား” ဟူသတတ်။

ထိုမျှ ကြီးမြတ်သောနေရာသည် အင်အားပါဝါရှိသည်နှင့် လုယူသိမ်းပိုက်ရန်လည်းလွယ်လွန်းလှ၏။ ဘုရင်ကိုသတ်လျှင် ဘုရင်ဖြစ်နိုင်သည်။ ဘုရင်နေရာရသည်နှင့် သစ္စာခံသူများအသီးသီးပေါ်လာကြကာ လူသားအချင်းချင်း လွန်စွာချီးမြှောက်ကိုးကွယ် လိုက်ရကား ထိုသူသည် သက်ဦးဆံပိုင်ရေမြေ့သနင်း ဖြစ်သွားသတည်း။

စစ်အင်အား စည်းလုံးစုဆောင်းပြီး တထီးတနန်းတည်ထောင် ဘုရင်တက်လုပ်နိုင်သည်လည်းရှိ၏။ မြန်မာနောက်ဆုံးကုန်းဘောင်မင်းဆက်ဟူသည် မုဆိုးဖိုရွာသူကြီးဦးအောင်ဇေယျမှ နန်းထောင် အလောင်းဘုရားဘွဲ့ခံ ဘုရင်လုပ်ခြင်းမှ စခဲ့သည်မဟုတ်ပါလော။ ရွေးကောက်တင်မြှောက်ခြင်း မျိုးရိုးစဥ်ဆက်လိုက်ခြင်းမရှိ/မင်းဆီမင်းသွေးမလို။ ရဲလျှင်မင်းဖြစ်၏။ ဘုရင်လည်းရူးနိုင်သည်။ ၂၀ရာစုတွင်လည်း ဗိုလ်ချုပ်အောင်ဆန်းကိုသတ်၊ ဦးနုဆီကသိမ်း၊ မူးကြီးစောမောင်ကိုအရူးလုပ်၊ သိမ်းသည်ကိုထိန်းသည်ပြောတို့ဖြင့် ၂၁ရာစုအထိ မြန်မာ့သမိုင်းဘီးသည် သဏ္ဋန်တူ ပုံမှန်လေးလည်နေလေသည်။

သမိုင်းကို ပြောင်းပြန်ဖြုတ်ထုတ်တပ်၍ မူလတည်ဆောက်မှုလျှို့ဝှက်ချက် အပြစ်အနာကို Reverse engineering လုပ်ရှာကြည့်ပါအံ့။

‘အနန္တော အနန္တငါးပါး”

အနန္တော အနန္တငါးပါးဟူသည် ဘုရားဟောမဟုတ်ပေ။ ပဋိကတ်သုံးပုံ – နိကာယ် သုတ္တန်တွင်မပါ။ ထိုသို့ သုံး၍မကုန် ဆပ်၍မခန်းဖြစ်အောင် ကျေးဇူးကိုဖန်တီးသွပ်သွင်းခဲ့သူတို့မှာ ရှေးဆြာကြီးများဖြစ်ပုံရသည်။

ရတနာသုံးပါးကို မှီ၍ ဆရာများက ဘုရားနှင့်တဂိုဏ်းထဲဝင်လိုရကား မည်သူမှငြင်းပယ်နိုင်စွမ်းငှါမတတ်သာသော မိဘကိုပါ တွဲထည့်၍ အနန္တော အနန္တငါးပါးဟုဖန်တီးလိုက်ခြင်းဖြစ်ပါသည်။

ရှေးထိုခေတ်အခါက မြန်မာတို့တွင် ဘုန်းတော်ကြီးသင်ပညာရေးစနစ်မှလွဲ၍ စနစ်တကျလွှမ်းခြုံပညာရေးစနစ်/သင်ရိူးဟူ၍ မရှိရကား ဆရာဆိုသမျှ မငြင်းသာ။

အင်္ဂလိပ်ကိုလိုနီဘဝရောက်ပြီးနောက် အင်္ဂလိပ်တို့သည် နယ်နမိတ်အတိအကျသတ်မှတ်ထားသည့် ပိုင်နက်မြေနှင့် အစိုးရရုံးစနစ် စစ်တပ်ဖွဲ့စည်းပုံအပါအဝင် ဘဏ္ဏာရေး ပညာရေး ကျန်းမာရေးတို့ကို နိုင်ငံတော်အဖြစ်ရောက်အောင် စနစ်တကျ ပြုလုပ်ခဲ့ကြသည်။ အစပထမ ပညာရေးစနစ်မှာ ခရစ်ယန်သာသနာပြုဘုရားကျောင်းများမှစပေရာ ခရစ်ရှန်တို့သည် လူသားအချင်းချင်းဦးညွှတ်ကိုးကွယ်ခြင်းမပြုရသဖြင့် မြန်မာတို့၏ အနန္တော အနန္တငါးပါးတို့လျှော့ပါးသွားဟန်ရှိသည်။

လွတ်လပ်ရေးနှင့်အတူ အမျိုးဘာသာသာသနာ ဘုရင်ရူးစိတ်နှင့် အနန္တောအနန္တတို့ပြန်ခေါင်းထောင်လာပါသည်။

လူလူချင်း ဆွဲစားသွားသည်မှာ အနန္တ ကျေးဇူးရှင်ဆိုကာ ကျေးဇူးကို ပဏာမထား ယူနစ်စံနှုန်းအတိုင်းအတာထားသည့်ဓလေ့ဖြစ်လေ၏။ ကျေးဇူးရှိမှ ကျေးစွတ်သည်။ ကျေးဇူးဆပ်။ ကျေးဇူးကန်း။ ကျေးဇူးခံကျေးဇူးစား စသသည့်တို့ဖြင့် ကျေးဇူးကို ပမာဏဖြင့်ထင်ဟတ်ပြသည်။ အနောက်နိုင်ငံများ၏ Thank you တွင်ထိုသို့ ပမာဏမရှိ။

ထိုမှသည် အနန္တော အနန္တငါးပါးဟူ၍ သက်ရှိပုထုဇဥ်လူသားတို့ပါဝင်နေသော ကျေးဇူးတော်ကို ဆပ်၍မကုန် သုံး၍မခန်းဇတ်လမ်းရောက်သတည်း။ ရှင်းပါအံ့။ အနန္တကျေးဇူးဂုဏ်ရှင်ငါးပါးတွင် ဘုရား(ဗုဒ္ဒ)၊ တရား(ဓမ္မ)၊ သံဃာ(ဘုန်းကြီး/ရဟန်း)၊ မိဘ(မာတာပိတု)၊ ဆရာ(အာစရိယ) ဟူ၍ ပါဝင်ပေရာ ထိုအထဲတွင် သာမန်ပုထုဇဥ်လူသားဖြစ်နေနိုင်သူ ဘုန်းကြီး၊ မိဘနှင့်ဆရာတို့ပါဝင်သည်။

မူလ”ဂုဏ်”ဆိုသည်တွင် “ဂုဏ – အထင်အရှားပြခြင်း”အဓိပ္ပါယ်ရှိသဖြင့် ဆိုင်ရာလူပုဂ္ဂိုလ်နှင့်တိုက်ရိုက်သက်ဆိုင်ရာဖြစ်သော်ငြား “ကျေးဇူး”တွဲထည့်ခြင်းဖြင့် အများ/အခြားသူတဦးနှင့်သက်ဆိုင်ခြင်းသို့ရောက်၏။ “ကျေးဇူး”ဟူသည် အနက်အားဖြင့် “တဦးက တခြားတဦးအပေါ်တွင်ပြုသော အကျိုးကောင်းမှု၊ ကောင်းကျိုး”ကို ခေါ်ပေသည်။ ကျေးဇူးကို အနန္တ-အဆုံးမရှိနှင့်တွဲလိုက်ရကား အဆုံးမရှိဆပ်ရမည်ဖြစ်သော ပမာဏသို့ရောက်ပါလေသတည်း။

ဘုရားဟောဟူ၍ ခင်ပွန်းကြီးဆယ်ပါး ထုတ်ပြစောတကတက်စရာရှိသည်။သို့သော် ..

ခင်ပွန်းကြီးဆယ်ပါးဟူ၍လည်း သင်္ဂါယနာတင်ကျမ်းဂန်များတွင် မလာ။ သုတ် အဋ္ဌကထာ ဋီကာတို့တွင် တိုက်ရိုက်မရှိချေ၊ တေမိယသုတ်မှ မိတ္တကို ခင်ပွန်းဟု ဘာသာပြန်ကာဖေါ်ပြနေခြင်းများသာဖြစ်ပါ၏။

ရတနာသုံးပါး(ဘုရားတရားနှင့်သံဃာ)နှင့်သာ လွန်စွာလုံလောက်နေပါပြီ။

သို့တိုင်အောင် ဘုရားနှင့်တရားမှလွဲ၍ ပုထုဇဉ်ဖြစ်နေနိုင်သော သံဃာကို သင်္ကန်းရုံလွှမ်းယုံဖြင့်အသိအမှတ်ပြုရမည်လော ဝေဖန်စရာတို့ရှိပါသေး၏။ ဤအာဘော်တွင် အထူးမပြုလို ထားခဲ့ပါဦးမည်။

“အာစရိယဂုဏ်တော အနန္တော”

ဆရာဟူသည် ပညာသင်ကြားခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူသာဖြစ်၍ တပည့်တို့သည် သူ၏အလုပ်ရှင်ပင်ဖြစ်ပေသည်။

စော်ကားလိုရင်းမရှိ၊ အဖြစ်မှန်မြင်၍ အမှန်တရားသစ္စာကိုကိုင်စွဲကာ အပြန်အလှန်လေးစားသမှုဖြင့် ထိုထိုသူ၏ အမှုဆောင်တာအလိုက်တုံ့ပြန်ဆက်ဆံရန်သာဖြစ်ပါ၏။ အာစရိယဂုဏ်ဟူသည် လူ့အဖွဲ့အစည်းတွင်ရှိသင့်ပါသည်။ ထို့အတူ နိင်ငံရေးသမားဂုဏ် ငွေကြေးပညာရှင်ဂုဏ် ဟက်ကာဂုဏ် ဂုဏ်ကိုယ်စီရှိကြ ရှိသင့်လှသည်။

အနန္တော အနန္တငါးပါးတွင်းမှအာစရိယကို ဘုရားနှင့်တဂိုဏ်းထဲထိုးသွင်းလိုက်ခြင်းဖြင့် လူတန်းအလွှာကိုခွဲပစ်လိုက်ခြင်းရယ်သာ။

နှိမ့်ချခြင်းကို မြန်မာ့ယဥ်ကျေးမှုအဖြစ် ဂုဏ်ယူစရာကားရှိနိုင်၏၊ မိမိကိုယ်ကို နှိမ့်ချလွန်းရင်း ကမ္ဘာ့အလယ် နိမ့်ကျလှသောတိုင်းပြည်နှင့်လူမျိုးဖြစ်နေပေပြီ။ ထပ်၍နှိမ့်ချကြပါလျှင် အနန္တော အနန္တငါးပါးတွင် စစ်သားတို့တပါးတိုးထည့်၍ ၆ပါးအဖြစ်သတ်မှတ်ခံရကာ ရှိခိုးပူဇော်ဖူးမျှော်မာန်လျှော့ကန်တော့နေကြရမည့် ဘဝသို့ရောက်ကြပေလတ္တံ့။ တော်သင့်ပါပြီ။

မဆလခေတ် ပညာသင်ကြားရေးဝန်ထမ်း/ဆရာတို့ကို ထိုက်သင့်သော ဝန်ဆောင်မှု လစာကြေးငွေမပေးနိုင်သဖြင့် ဆရာကို နာသုံးနာဆိုကာ ပြန်ဖမ်းချုပ်ထားသေးသည်။ စေတနာ၊ဝါသနာ၊အနစ်နာပါတဲ့၊ လောကဓမ္မတာအရ အသက်မွေးဝမ်းကြောင်းအလုပ်တခုလုပ်ရာဝယ် ဆရာနှင့်သူ့မိသားစုသည် နာစား၍ ရပ်တည်အသက်မရှင်နိုင်ပါ။ တနည်းအားဖြင့် နာသုံးနာနှင့်ဆရာသည် (အိမ်ထောင်ရှိသော်)တာဝန်မကျေသူ မိဘသာလျှင်ဖြစ်ပေလိမ့်။

“သက်ရှိလူသားသို့ ပူဇော်ပွဲများ”

ယဥ်ကျေးမှုမျက်နှာဖုံးတပ်ကာ ပြုလုပ်ကြသော အာစရိယပူဇော်ပွဲများဟူ၍ရှိသေး၏၊ ကမ္ဘာ့ဘာသာကြီးအများစုမှာ လူလူခြင်းကိုးကွယ်ဉီးညွှတ် ပူဇော်ကန်တော့မှုကိုတားမြစ်သည်။ လူဦးရေ၏၇၀ရာခိုင်နှုန်းကျော်သာဗုဒ္ဓဘာသာဝင်ရှိသောနိုင်ငံတွင် ထိုသို့ လူလူချင်း ပူဇော်ကန်တော့ပွဲ ကျင်းပခြင်းသည် အခြားသာသနာဝင်များကို ခွဲခြားဆက်ဆံခြင်းရယ်သာ။

ဤသို့ဖြင့် ဂိုဏ်းဖွဲ့လာဘ်လာဘထိုးခြင်းတမျိုးသာလျှင်ဖြစ်နေပြီး ထိုမှသည် ပညာရေးစနစ်အား ဖျက်ဆီးမှုဖက်ရောက်သွားကြပေလိမ့်။

ကျောင်းသား၏ စာသင်ခန်းဆိုင်ရာ ကျောင်းဆိုင်ရာ အရည်အသွေး အမှတ် အဆင့်ဆုံးဖြတ်နိုင်ခွင့်ကို ကိုင်ထား/ဆုံးဖြတ်ခွင့်ရှိသော ဆရာ(သို့)အစိုးရဝန်ထမ်း(သို့)ပုဂ္ဂလိကဝန်ထမ်းမှ အဆိုပါကန်တော့ခံပွဲများသို့တက်ရောက်ခြင်းအား Ethics ဆိုင်ရာဆရာကျင့်ဝတ်နှင့်ညီသည်ဟု ဆုံးဖြတ်ကြမည်ကားမဟုတ်။

တကျောင်းထဲ တတန်းထဲပညာသင်သားများ အကြောင်းရှာပြယုဂ်ထား တွေ့ဆုံပွဲလုပ်လိုပါလျှင် ဆရာအခြေမပြုပဲ သီးသန့်ကျေညာလုပ်သင့်သလို ထိုအတွက် ပညာရေးစနစ်ထဲတွင် ကျောင်းသားချင်းနောင်တွေ့ဆုံခွင့်ရနိုင်မည့် အခွင့်အလန်းများဖေါ်ထားသင့်သည်။ အလယ်တန်းမှသည် တက္ကသိုလ်အထိ စာသင်သားအခြေပြု Formal, Homecoming, Grad Night, Prom, Alumni တို့သည် မြန်မာပညာရေးတွင် ရှိသင့်သည်များပါ။ ချို့ငှဲ့သော ဆရာဟောင်းများအား ပြန်ကြည့်စောင်မလိုပါလျှင် ရန်ပုံငွေထောင် အဖွဲ့အစည်းဖွဲ့ စနစ်တကျလုပ်သင့်ပါသည်။

“အစွန်းကိုရှောင်တာ မဇ္စျိမပဋိပဒါ”

သို့ဆိုပါလျှင် ဆရာတို့ကို လခစားဟူ၍ အပေါ်စီးဆက်ဆံ အနိုင်ကျင့်ကြမည်လော။ မြန်မာတို့အတွက် ဤမေးခွန်းအမြဲထွက်ပေါ်လာသည်။ အဘယ့်ကြောင့်ဆိုသော် ဓလေ့အရ အစွန်းနှစ်ဖက်စီဖမ်း တွေးကြသောကြောင့်ဖြစ်၏။ မြန်မာတို့သည် အဖြူမဟုတ်လျှင် အမဲဟု အစွန်းတန်းယူဆတတ်ကြသည်။ ကြားထဲမှ ရောင်စုံသက်တံ့ကိုမေ့ထားလေ့ရှိသူများပါ။ မဇ္စျိမပဋိပဒါဟူသည် အလယ်အလတ်လမ်းမဟုတ်ချေ။ အစွန်းနှစ်ပါးကို ဖယ်ရှောင်ခြင်းဖြစ်ပါ၏။

အောက်တိုဘာ ၅ရက်နေ့သည် ကမ္ဘာ့ဆရာများနေ့ (World Teacher’s Day)ဖြစ်သည်။ အမေရိကား၏ကျောင်းများတွင်လည်း National Teacher Appreciation Day ဟူ၍ မေလ၏ ပထမပါတ် အင်္ဂါနေ့ရှိသည်။ ဆရာများကို အသိအမှတ်ပြုကြ လက်ဆောင်ပေးကမ်းကြသည်ဖြစ်ပါ၏။ ဆရာသည် ဆရာအလုပ်လုပ်နေသမျှ ကျောင်းသား/တပည့်များကလည်း ကျေးဇူးဟူ၍ ပမာဏထားဆပ်ရန်လည်းအကြောင်းမရှိ ဆရာအဖြစ်ကို အသိအမှတ်ပြုကြ ချစ်ကြသည်သာ။ ကျေးဇူးဟူသော အပေးအယူယူနစ်မပါ ဆရာ/တပည့်ရိုးသားပွင့်လင်းစွာ ချစ်ကြသင့်သည်သာ။

ဆရာနှင့်တပည့်ဆက်ဆံရေးတွင် အနန္တကျေးဇူးရှင်နေရာ ယူထားသော ဆရာတို့အတွက် ခိုင်မာသောနေရာရှာမတွေ့။ သာမန်ရှေးရိုးစွဲ ဓလေ့သာလျှင်ဖြစ်ပြီး ကြောင်းကျိုးဆီလျှော်မှုမရှိပေ။

အနောက်နိုင်ငံများကဲ့သို့ ဆရာ/တပည့် တန်းတူထားဆွေးနွေးပညာသင်ကြားကြပါမူ များစွာသော အကျိုးတို့ထွက်လာနိုင်စရာရှိကောင်းသည်၊ ကျေးဇူးခံကျေးဇူးစားဟူသည် လူသားဖြစ်တည်မှုကို အဆင့်ခွဲသတ်မှတ်လိုက်ခြင်းသာ။

ကျေးဇူးကို အနန္တ (အဆုံးမရှိ)ကောက်တပ်လိုက်ပါမူ ပွဲပြတ်သတည်း။

အမေရိကားတွင် မိဘ၊ဆရာကို အနိုင်ကျင့်စော်ကားသူများကိုတွေ့ရမည်မဟုတ်ချေ၊ ဥပဒေဖြစ် ထိရောက်စွာထိမ်းထားကာ သက်ကြီးကိုနှုတ်ကိုယ်အားဖြင့် စော်ကားမှုသည် ရာဇဝတ်မှုဖြစ်သည်။ မိဘ ဆရာတို့၏ဂုဏ်ကို အပြန်အလှန်လေးစားသမှုဖြင့် သာမန်လူမည်သူမျှ မကျူး၊၊ မြန်မာနိုင်ငံတွင် အနန္တော‌ အနန္တလျှက်မှ မိဘကိုစော်ကားသည် သားသမီး၊အိမ်ထောင်ဖက်ကိုလက်ပါသည်၊ ဆရာကို ရုန့်ရင်းကြမ်းတမ်းစွာ ဆက်ဆံသည်တို့ဟူသည် မထူးဆန်းသကဲ့သို့ပါ။မြန်မာတို့သည် အနန္တောအနန္တ ကျေးဇူးရှင်နေရာမှ ဆရာကိုဖြေလျှော့လိုရင်းဖြင့် လူတို့ကို ဂုဏ်အလိုက်ဆရာကောက်တပ်ကြကုန်၏။ ပန်းချီဆရာ၊ ဆိုက်ကားဆရာ ကားဆရာမှသည် ကြားဆရာ မြင်ဆရာ ရှိရှိသမျှ ဆရာချည်းတည်း။ လူ့ဆိုက်ကိုစိတ္တဇအရ ပြန်ကန်နေခြင်းဟူလို။

“ယဉ်ကျေးမှုတော်လှန်ရေး”

ကျေးဇူး အနန္တောအားဖြင့် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း မိဘ၊ဆရာစသဖြင့်သက်ကြီး၊ဝါကြီးပုဂ္ဂိုလ်များ ပိုမိုမြင့်မားသောလူမှုရေး အာဏာပိုရှိသော အဆင့်အတန်းများသို့ရောက်ရှိကုန်သည်။

အနန္တော အနန္တငါးပါးဟူသည် သက်ရှိလူသားအချင်းချင်း ခွင့်တူညီမျှမူကိုခွဲခြား အာဏာရှင်မွေးထုတ်ခြင်း၏ မူလအမြုတေဓလေ့ရယ်ပါ။ လူသားအချင်းချင်း ရှိခိုးပူဇော်မှုဖြစ်စေသဖြင့် အခြားဘာသာဝင်များပါဝင်ခွင့်မရ တရား၏ “ဧဟိပဿိကဂုဏ်တော်”ကိုဆန့်ကျင်နေသည့် ဗုဒ္ဓသာသနာပြုခြင်းအတွက် ဆွဲချလည်းဖြစ်ပါ၏။

မြန်မာမျိုးဆက်အဆင့်ဆင့်တို့ အာဏာရှင်စနစ်ကို တော်လှန်ခဲ့ကြသော်ငြား မအောင်မြင်နိုင်ဖြစ်နေလေသည်။ ထိုးဖေါက်အောင်မြင်သွားသူများမှာလည်း အဆိုပါကိုးကွယ်ခံ အသိုင်းအဝိုင်းသို့ရောက်သည်နှင့် သည်ပုတ်ထဲမှပဲဖြစ်ကြကာ သမိုင်းဘီး၏ဒေါက်တိုင်များဖြစ်ကြကုန်၏။ ယခု နွေဦးတော်လှန်ရေးသည် မျိုးဆက်သစ် GenYနှင့် GenZတို့၏ ရုန်းကန်ခြင်းအလှည့်ပါ။ ဤမြေ ဤလေ ဤနိုင်ငံတော်အတွက် နောက်ဆုံးရုန်းကန်မှုဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ မျိုးဆက်သစ်တို့သည် အင်တာနက်အစွမ်းဖြင့် ဆိုရှယ်မီဒီယာများမှနေ၍ ဒိဗ္ဗစက္ကု နတ်အာရုံတို့ရကာ ကမ္ဘာ့ယဥ်ကျေးမှုများ နိုင်ငံရေးစနစ်များ ဘာသာရေးအယူများကို ဆရာမလို အာစရိယဂုဏ် အနန္တမပါ သိနိုင်သင်နိုင်ကြပါပြီ။

တိုးတက်ပြီးသော တိုးတက်လာနေသော နိုင်ငံကြီးများကဲ့သို့ ဖြစ်လိုပါသလား။ ထိုထိုလူမျိုး နိုင်ငံသားတို့၏ ဓလေ့ အကျင့် ပညာရေးတို့မှစကြရမည်။ ချိုင်းနားနိုင်ငံသည်ပင် ကွန်မြူနစ်အမည်ခံကာ အရင်းရှင်များကိုမွေးထုတ် အနောက်နိုင်ငံ၏ပညာရေးကို တိုက်ရိုက်သင်ယူကာ စခဲ့ရင်းတည်မြဲခိုင်မာ ကမ္ဘာ့စူပါပါဝါသို့တက်လှမ်းလာနေသည်မဟုတ်ပါလော။ သူ့ရှေ့တွင် ဂျပန်ရှိခဲ့သည်။

၁၉၄၇ ခု၊ ဇူလိုင်လ ၁၃ ရက်နေ့၊ ရန်ကုန် မြို့တော်ခန်းမ၌ ကျင်းပသော ပြည်သူ့အစည်းအဝေးကြီးတွင် ပြောကြားသော ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်းအရကောက်ပြောရလျှင် “ကျနော်တို့ ဒီတိုင်းပြည်မှာ လွတ်လပ်တဲ့ အခါမှာလဲ ယိုးဒယားပြည်လို ဖြစ်ချင်သလား။ တူရကီပြည်လို ဖြစ်ချင်သလား။ အိုင်ယာလန်ပြည်လို ဖြစ်ချင်သလား။ ယူနိုက်တက်စတိတ် အမေရိကားလို ဖြစ်ချင်သလား။ အင်္ဂလိပ်ပြည်လို ဖြစ်ချင်သလား။ ဆိုဗီယက် ယူနီယံလို ဖြစ်ချင်သလား။ “ဟူ၍သာ။

ဖြစ်ချင်လျှင် အာဏာရှင် အင်အားသာသူနေရာယူ/အာဏာယူစနစ်ကို အရင်ဆုံးချေဖျက်ကြရမည်။ ရှေးဓလေ့အရ လူသားအချင်းချင်း အသာ ပစားပေးထားခြင်းကို ပယ်ချရမည်။

တော်လှန်ကြရမည်မှာ မှားယွင်းသော အိုနွမ်းဟောင်းမြေ့နေသည် ခေတ်/စနစ်တို့နှင့်မညီသည့် ဘာသာရေးမျက်မှာဖုံးတပ် ယဥ်ကျေးမှုဓလေ့တို့ ဖြစ်သည်။ ခေါင်းစဥ်မှာ ယဥ်ကျေးမှုတော်လှန်ရေးဖြစ်သည်။ သမိုင်းဘီးတို့အထပ်ထပ်မလည်စေရန်နှင့် အဆိုပါ သံသရာမှရုန်းထွက်နိုင်ကြပါရန် မြန်မာ့ယဥ်ကျေးမှုတော်လှန်ရေးခေါ်ပါသတည်း။

တော်လှန်ရေးကို တဦးစီက သင့်အိမ်တွင်းမှ စကြပါလေ။