ညီလေးရေ အနာဂတ်ရဲ့လမ်းတွေအပေါ် “ရန်လိုရွံမုန်းခြင်းစကား”တွေ ပစ်မချပါနဲ့ – Stop the Hate Newsletter – Vol II

kaiAugust 31, 20233min21890

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်ပြီး တစ်လနီးပါးအကြာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၂၇ရက်နေ့မှာ ကျနော်ဟာရန်ကုန်မြို့၊ကမာရွက်မြို့နယ်၊ ဆင်ရေတွင်းမှတ်တိုင်နားက ဂမုန်းပွင့် ဈေးဝယ်စင်တာအနီးမှာ သတင်းယူနေရင်း အဖမ်းခံခဲ့ရပြီး အင်းစိန်ထောင်ထဲမှာ လေးလကြာနေထိုင်ခဲ့ရပါတယ်။ ထောင်ကပြန်ထွက်လာပြီးနောက်ပိုင်း ကျနော်ဟာ လွတ်မြောက်နယ်မြေတစ်ခုဖြစ်တဲ့ ကရင်ပြည်နယ်ထဲက လေးကေ့ကော်လို့ခေါ်တဲ့ ‌ KNU နယ်မြေထဲမှာ ခိုလှုံခဲ့ပါတယ်။

ကျနော်ကို အာဏာသိမ်းတပ်သား‌ တွေ သေနတ်နဲ့ ထိုးချိန်ပြီးဖမ်းဆီးဖို့ကြိုးစားချိန်မှာ ကျနော်က
“သတင်းထောက်ပါ။သတင်းထောက်ပါ”
လို့ ‌ယမ်းခိုးယမ်းငွေ့တွေ အူနေတဲ့ကြားထဲကနေ အော်ပြောပါသေးတယ်။အဲ့ဒီအချိန်မှာ သေနတ်ပစ်သံတွေကျနော်ကြားနေရပါတယ်။

အဲ့ဒီ ကိုးယောက်‌လောက်ရှိတဲ့အထဲက တပ်ကြပ်ကြီးတစ်ယောက်က
“သတင်းထောက်လည်းဖမ်းကွာ၊ မင်းထွက်ပြေးလို့ကတော့ ပစ်မှာနော်။ ဒီမှာတွေ့လားသေနတ်”
ဆိုပြီး ကျနော့် ဘယ်ဘတ်ရင်ဘတ်အပေါ် သေနတ်ထောက်ပြီး ပြောပါတယ်။

အဲ့ဒီတော့ ကျနော်ဘာဖြစ်လည်း။
ကြောက်ရွံစိုးထိတ်စိတ်နဲ့ အဲ့ဒီအာဏာသိမ်းတပ်သားတွေကို အမှုန့်ကြိတ်ချင်လောက်အောင် ရွံ့ရှာမုန်းတီးစိတ်ဖြစ်ခဲ့ပါတယ်။
ကျနော့်စိတ်ထဲမှာ မတရားဖမ်းးဆီးခံရတယ်ဆိုတဲ့စိတ်ဟာ တငွေ့ငွေ့လောင်ကျွမ်းနေခဲ့ချိန် ဖြစ်ခဲ့ပါတယ်။ ထောင်ထဲရောက်ခဲ့ချိန် တရားရုံးထွက်မှာလည်း အချူပ်ကားစောင့် ရဲတပ်သားတစ်ယောက်က အပေါ့သွားဖို့ ခွင့်တောင်းတော့ “ဒီမှာတွေ့လား ဂျီသရီး၊ ထွက်ပြေးလို့ကတော့ ပစ်မှာ” ဆိုတဲ့ ခြိမ်းခြောက်မှုကို ထပ်ကြုံခဲ့ရတယ်။
ပြောရရင် အဲ့ဒီအချိန်က ကျနော်ကိုယ်တိုင်နဲ့ ကျနော့်ပတ်ဝန်းကျင်ဟာ ရန်လိုရွံမုန်းခြင်းတရားတွေနဲ့ ပြည့်လျှံနေသလိုပါပဲ။

ဒီလိုနဲ့ ကျနော်ဟာ ကရင်ပြည်နယ်ထဲကလွတ်မြောက်နယ်မြေတစ်ခုဆီ ခိုလှုံပုန်းအောင်းဖို့ ထွက်လာခဲ့ပါတယ်။
လေးကေ့ကော်မှာ ခိုလှုံနေစဉ်ကာလအတွင်း knuတာဝန်ရှိသူတွေရဲ့နွေးထွေးတဲ့ဆက်ဆံရေးကိုရရှိခဲ့သလို အချို့သောသူတွေရဲ့ အမြင်မကြည်လင်မှုတွေကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။ကျနော့်ထက်စောပြီး လေးကေ့ကော်‌ရောက်နေကြတဲ့ လူအချို့ဟာလူမျိုးရေးအကြောင်းပြပြီး ခြိမ်းခြောက်ကြတာပါ။
သူတို့ရဲ့ပြောစကား‌တွေအရ အရင်က ကရင်နယ်မြေထဲရောက်လာတဲ့ဗမာတွေကို ကရင်တွေက သတ်ပစ်တာတို့၊ ဗမာတွေဆိုကရင်က သိပ်မုန်းတာတို့၊စတာတွေပြောပြီး ဟိုဒီမသွားမလာရဲအောင် ခြိမ်းခြောက်ပြောဆိုကြတာပါ။

“ဗမာနဲ့ ကရင်က ဘာကွာလို့လဲ။ အတူတူပဲ။ကရင်ကလည်း ကရင်မှကရင်။ကရင်ကမှတော်တာဆိုပြီး ဟိုးကတည်းက လူကြီးတွေကမြှောက်ထားကြတာ။ တစ်ယောက်နဲ့တစ်ယောက်ရန်လိုရွံမုန်းစကားပြောတာတွေက မကောင်းဘူး။နှစ်ပေါင်းများစွာ အမုန်းတွေနဲ့ နေထိုင်ခဲ့ကြပြီးပြီ။ပြီးပြီလေ ဒါတွေက။ အခုက ဗမာတွေလည်း နားလည်မှုရှိလာပြီ။ ကိုယ်တိုင်လည်း မြင်နေတွေ့နေရပြီပဲ။ ဒီမှာရောက်ရင်အားလုံး အတူတူပဲ။ဒီအချိန်မှာ စည်းစည်းလုံးလုံးနေကြတာ အကောင်းဆုံးပဲ”
ဒါက အာဏာသိမ်းစစ်တပ်အပေါ် လူငယ်မျိုးဆက်သစ်တွေရဲ့ မုန်းတီးရွံ့ရှာမှုတွေအကြောင်းစကားစပ်မိရာကနေ လေးကေ့ကော်ဥက္ကဠကြီးက ပြောတဲ့စကားပါ။

ဒီလိုလူမျိုးရေးအမှန်းတရားတွေဟာ မြန်မာနိုင်ငံမှာ အမြစ်တွယ်လာခဲ့တာ ရှေးဘုရင်ခေတ်တွေကနေ ဒီနေ့အထိပါပဲ။
ဗမာလူမျိုးကြီးဝါဒကို ကိုင်ဆွဲထားတဲ့ မြန်မာစစ်တပ်ဟာ တိုင်းရင်းသားညီအစ်ကိုအချင်းချင်းကြားထဲမှာ လူမျိုးရေး၊ဘာသာရေး ဝါဒဖြန့်မှိုင်းတိုက်မှုတွေနဲ့ အမုန်းတရားမီးတောက်ကို ပိုမိုကြီးမားကျယ်ပြန့်စေခဲ့ပါတယ်။
တကယ်တော့ အမုန်းတရားစိတ်ကနေလာတဲ့ တုန့်ပြန်မှုဟာ ကမ္ဘာ့စစ်မီးတွေတောက်တဲ့အထိ ပြင်းထန်တတ်ပါတယ်။ဟစ်တလာဟာ ဂျူးလူမျိုးတွေကို မုန်းတီးရာကနေ နေရှင်နယ်ဆိုရှယ်လစ်ဆိုတဲ့ အမျိုးသားရေးဝါဒကိုထူထောင်ပြီး သူအာဏာရရှိလာချိန်မှာ ဂျူးလူမျိုးတွေကို သန်းချီပြီး သုတ်သင်ခဲ့ပါတယ်။‌‌ကျူတွန်နွယ်ဝင် ဂျာမန်တွေဟာ ဥရောပမှာ အခြားလူမျိုးတွေထက် ပိုမိုမြင့်မြက်တာကြောင့် ဥရောပကို ဂျာမန်တွေသာ ဦးဆောင်သင့်တယ်ဆိုတဲ့ အယူအဆကို ဆုပ်ကိုင်ခဲ့သူပါ။ဂျူးလူမျိုးတွေအပေါ် အမုန်းစိတ်အင်မတန်ကြီးထွားခဲ့သလို ရန်လိုရွံမုန်းစကားတွေလည်းပြောခဲ့တဲ့အဒေါ့ဟစ်တလာဟာ အမုန်းစိတ်နဲ့ပဲ ဂျူးလူမျိုးတွေကို လူမျိုးတုန်းသတ်ဖြတ်ခဲ့တာပါ။

ရန်လိုရွံမုန်းစကားတွေနဲ့ အမုန်းစိတ်ဟာ ကူးစက်လွယ်ပါတယ်။ ကျနော်တို့ဟာ ကျနော်တို့မုန်းတဲ့လူတစ်ယောက်အကြောင်းကို အခြားသူတွေဆီမျှဝေပြီး အဲ့ဒီလူကို အခြားသူတွေကပါ လိုက်ပါမုန်းတီးပေးဖို့၊ စကားမတုန့်ပြန်ဖို့၊ မသိဟန်ဆောင်နေဖို့ တိုက်တွန်းတတ်ကြပါတယ်။အဲ့ဒီလိုကြိမ်ဖန်များစွာ တိုက်တွန်းလာတဲ့အခါ ကျနော်တို့ကို ယုံကြည်တဲ့၊ခင်မင်တဲ့ မိတ်ဆွေတွေဟာ ကျနော်မုန်းနေတဲ့သူအကြောင်း ဘာတစ်ခုမှ မသိပါဘဲနဲ့ အဲ့ဒီလူကို မုန်းတီးသွားတော့တာပါပဲ။
အဲ့ဒီမုန်းတီးမှုတွေဝင်လာပြီဆိုရင်တော့ ကျနော်တို့ ပတ်ဝန်းကျင်နဲ့ ကျနော်တို့ လူအဖွဲ့အစည်းအတွက် ဆိုးကျိုး‌တွေ ကြုံတွေခံစားရလာနိုင်ပါတယ်။

သိပ်မကြာသေးမီနှစ်အတွင်းက အမေရိကပြည်ထောင်စု၊ မင်နီယာပိုလစ်မှာ ဂျော့ဖရွိုက်ဆိုတဲ့ လူမည်းတစ်ဦးကို ရဲက ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပါတယ်။ အဲ့ဒီအမှုဟာ လူသတ်မှုဖြစ်စဉ်ကနေလူမျိုးရေးဆူပူအုံကြွမှုအသွင်ကို တမဟုတ်ချင်းပြန့်နှံ့သွားသလို လူမည်းတွေဟာဆန္ဒပြတာ‌တွေ၊အဆောက်အဦတွေ၊ကားတွေဖျက်ဆီးမီးရှို့ပြီး ဖောက်ထွင်းလုယက်တာတွေဟာ အစီစဉ်အလိုက်ပေါ်ပေါက်လာခဲ့ပါတော့တယ်။လူဖြူရဲတွေဟာ လူမည်းတွေအပေါ် ပစ်မှတ်ထားပြီး သာမန်အမှုအခင်းတွေမှာတောင် လွန်လွန်ကျူးကျူး တုန့်ပြန်တာကြောင့် ဂျော့ဖရိုက်အတွက် လက်စားချေဖို့ လူမဲအသိုင်းအဝိုင်း‌ဟာရန်လိုရွံမုန်းစကားတွေ လက်ဆင့်ကမ်းခဲ့ကြပြီး အဲ့ဒီကနေတဆင့် လူဖြူ၊လူမည်း အမုန်းမီး တောက်လောင်ခဲ့တာပါ။
နောက်ဆုံးတော့ အမေရိကအစိုးရရဲ့ တာဝန်ယူကိုင်တွယ်ဖြေရှင်းမှုနဲ့ အပြစ်ကျူးလွန်သူရဲအရာရှိကို အရေးယူအပြစ်ပေးမှုတွေအပါအဝင် ရဲဝန်ထမ်းတွေရဲ့ တောင်းပန်မှုတွေနဲ့ နိုင်ငံအတွင်းတောမီးလို အချိန်ခဏလေးအတွင်း ပြန့်နှံ့ရောက်ရှိသွားခဲ့တဲ့ ရန်လိုရွံမုန်းမီးတောက်ဟာ ငြိမ်းသွားခဲ့ပါတယ်။
ဒါတွေက ဥပမာပါ။ ရန်လိုရွံမုန်းစကားတွေကြောင့် လောင်တဲ့မီးတွေ၊အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရတဲ့သာဓကတွေ ရှေ့မှာ အများကြီးရှိပါတယ်။

ဒီနေ့ကမ္ဘာကြီးမှာ လူလူချင်း ရန်လိုရွံမုန်းစကားတွေမဆိုကြဖို့အတွက် နိုင်ငံအစိုးရတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ NGO၊INGO စတဲ့ အဖွဲ့အစည်းတွေဟာ စည်းရုံးပြောဆို ဆွေးနွေးမှုတွေ၊ အကြံပေးတိုက်တွန်းချက်တွေနဲ့ အသင်းအဖွဲ့အလိုက် လှုပ်ရှားဆောင်ရွက်တာတွေကို အထူးအလေးပေးပြီး ကျယ်ကျယ်ပြန့်ပြန့်ပြန့်လုပ်ဆောင်လာနေပါတယ်။ ဒါက ဘာကို ဖော်ပြသလဲဆိုရင်၊ ရန်လိုရွံမုန်းစကားတွေရဲ့ လူ့အဖွဲ့အစည်းအပေါ်သက်ရောက်မှုကို သိရှိနားလည်ခဲ့ကြလိုပဲဖြစ်ပါတယ်။

သိုပေမဲ့လည်း လူသားတွေရဲ့ ဗီဇသဘာဝအတိုင်း အမုန်းတရားနဲ့အမြင်မကြည်လင်သလို စူးစူးရဲရဲ ကြည့်တာတွေ၊ ရန်လိုရွံမုန်းစကားကိုမှ ပြောလိုက်ချင်သူတွေလည်း ရှိနေဆဲပါပဲ။

လေးကေ့ကော်ကနေ ထိုင်းနိုင်ငံထဲ ၀င်လာတဲ့အချိန်မှာ အာဏာသိမ်းတပ်ရဲ့ စစ်ဆေးရေးဂိတ်တစ်ခုဖြစ်တဲ့ ဝေါလေဂိတ်အရောက်မှာ ကျနော်တို့စီးလာတဲ့ ကားကို အာဏာသိမ်းတပ်က တားဆီးစစ်ဆေးပါတယ်။အဲ့ဒီက တာဝန်ကျ စစ်တပ်အရာရှိတစ်ယောက်ဟာ ကားဒရိုင်ဘာကို အော်ဟစ်ငေါက်ငမ်းပြီးမေးမြန်းစစ်ဆေးတာတွေလုပ်သလို ကျနော်နဲ့အတူလိုက်ပါလာသူနှစ်ဦးကိုလည်း ရိုင်းပြစွာ ပြောဆိုဆက်ဆံခဲ့ကြပါတယ်။ အဲ့ဒီအချိန်က ကျနော့်စိတ်ထဲမှာ ကြောက်ရွံမှုနဲ့အတူ မုန်းတီးစိတ်ကဝင်လာပါတယ်။သတင်းသမားတစ်ယောက်အနေနဲ့ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး သတင်းယူနေတဲ့ ကျနော့်ကို ဖမ်းဆီးထောင်ချခဲ့တာတွေ၊ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို အနိုင်ကျင့် နှိပ်စက်တာတွေ၊ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူတွေကို သေနတ်နဲ့ပစ်သတ်တာစတာတွေကို ပြန်မြင်ယောင်တွေးမိစေပြီး အဲ့ဒီအရာရှိကို ကိုယ်ထိလက်ရောက်တုန့်ပြန်ဖို့ အထိ ကြောက်စိတ်နဲ့ယှဉ်တဲ့ အမုန်းတရားစိတ်ကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါပေမဲ့လည်း ကျနော်တို့ သည်းခံနိုင်ခဲ့ကြတာကြောင့်ရယ်၊ ဖြေရှင်းချက်ကောင်းမွန်ခဲ့တာကြောင့်ရယ်ကြောင့် ရှေ့ဆက်ခရီးတက်နိုင်ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံထဲရောက်တဲ့အချိန်မှာလည်း လူမျိုးရေးခွဲခြားမှုတွေကို ကြုံခဲ့ရတာပါပဲ။ မြန်မာမုန်းတီးရေးအယူအဆရှိတဲ့ ထိုင်းဆံသဆရာ လူလတ်ပိုင်းတစ်ယောက်ဟာ မြန်မာဆို ဆံပင်မညှပ်ပေးဘူးလို့ ခါးခါးသီးငြင်းပယ်ပြီး ကျနော့်ကို ဆိုင်ထဲပေးမဝင်ပါဘူး။ အပြင်မှာထိုင်စောင့်ခိုင်းပါတယ်။ အထဲမှာ ဆံပင်လာညှပ်သူတစ်ယောက်မှ မရှိပါဘူး။ ကျနော့်နောက်မှ ရောက်လာတဲ့ ထိုင်းအမျိုးသားတစ်ဦးကို အရင်ခေါ်ညှပ်ပေးပြီးတော့ ကျွန်တော့ကို ဗမာလို မတတ်တတတ်နဲ့‌ပြောပါတယ်။
“ဗမှား၊ဗမှား no” ဆိုပြီး ဆံပင်မညှပ်ပေးနိုင်ကြောင်း လက်ဟန်ခြေဟန်နဲ့ ပြန်ခိုင်းတာပါ။
ကျနော် စိတ်မကောင်းဖြစ်ရပေမဲ့ မတတ်နိုင်။ လာလမ်းအတိုင်းလှည့်ပြန်လာရုံသာပေါ့။ကျနော်ရင်ထဲက ဒီခံစားချက် ဘယ်သူကများ နားလည်နိုင်မှာမို့လဲ။

ကျနော်စဉ်းစားကြည့်တယ်။ ကမ္ဘာပေါ်မှာ တစ်နေ့နေ့ ရန်လိုရွံမုန်းစကားပြောတဲ့သူတွေတဲ့ အပြောခံရတဲ့သူတွေ ဘယ်လောက်များရှိမလဲပေါ့။ ပြီးတော့ သူတို့ဘယ်လို တုန့်ပြန်ခဲ့ကြပါသလဲ။ကျနော်သိချင်နေမိတယ်။ လူတွေဟာ လူတစ်ယောက်ရဲ့ အပြင်ပန်းသဏ္ဌန်နဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေအပေါ် တခဏအချိန်အတွင်းမှာ ကြည့်ရှု့အကဲခတ်ပြီး ဘယ်လိုပြောဆိုဆက်ဆံရမယ်လို့ ဆုံးဖြတ်တတ်ကြပါတယ်။
အကယ်လို့ အဲ့ဒီလို အမူအကျင့်တွေရှိနေပြီ ဒါမှမဟုတ် အဲ့လိုအတွေးမျိုးဝင်လာပြီဆိုရင် ချက်ချင်းမောင်းထုတ်ပစ်လိုက်သင့်ပါတယ်။
အကောင်းဆုံးကတော့ လူတစ်ယောက်ကိုတစ်ယောက် အထင်သေးစိတ်နဲ့ ရန်လိုရွံမုန်းစကားတွေ မပြောဆိုလိုက်မိဖို့ပါပဲ။
တစ်ချို့သော အပြောခံရသူတွေဟာ ကြမ်းကြမ်းတမ်းတမ်းပြန်လည်ပြောဆို တုန့်ပြန်မှုကနေ နောက်ဆွဲအနေနဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ၊ ပဋိပက္ခတွေကို ခေါ်ဆောင်လာတတ်လို့ပါပဲ။ဒီအတွက် ရန်လိုရွံမုန်းစကားတွေအစား အခြားနှစ်သက်လက်ခံဖွယ် စကားနဲ့ပြောဆိုဖို့ တိုက်တွန်းချင်ပါတယ်။

ကျနော် အမေရိကပြည်ထောင်စုကိုရောက်တော့ အမေရိကအစိုးရက ပြောင်းခိုသူတွေအတွက်ပေးတဲ့ EBT လို့ခေါ်တဲ့ အစားအသောက်အတွက် အကန့်အသတ်နဲ့ဝယ်ယူလို့ရတဲ့ ကတ်နဲ့ ဈေးဝယ်စင်တာတွေမှာ လိုက်ဝယ်ရပါတယ်။ ဈေးဝယ်စင်တာ အများစုက EBT ကတ်မသုံးတတ်တဲ့ ကျနော့်ကို ကူညီလမ်းညွှန်ပေးကြသလို အချို့ဈေးဝယ်စင်တာတွေမှာတော့ ကတ်ကို ဖင်နဲ့ခေါင်းနဲ့မှား ပြီး စက်ထဲထည့်တာတို့၊ ကတ်ကို စက်က လက်မခံလို့ အချိန်ကြန့်ကြာနေတာမျိုးတွေမှာ ငွေရှင်းကောင်တာက အမေရိကန်- မက်ဆီကန် အမျိုးသမီးရဲ့ မျက်နှာဟာ အလိုမကျမှုနဲ့ ကျနော့်အပေါ် အထင်သေသလို ကြည့်ရှု့တာကိုခံရသလို နောက်မှာ တန်းစီစောင့်နေရတဲ့ လူဖြူအမျိုးသမီးရဲ့ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ အမူအယာကို ကျ‌နော်သတိထားမိလိုက်တာကြောင့် “Sorry” ဆိုတဲ့စကားတစ်လုံးကို အလိုအလျှောက်ပြောထွက်မိသွားသလို ပါလာတဲ့ ငွေသားကို ထုတ်ရှင်းပြီး နေရာက အမြန်ထွက်လာခဲ့ရဖူးတယ်။
သို့ပေမဲ့ ကျနော်တွေ့ခဲ့ရတဲ့ အဲ့ဒီလူတွေဟာ သူတို့နှုတ်ကနေ ရန်လိုရွံမုန်းစကားတစ်ခွန်းမှ ထွက်ကျမလာခဲ့ကြပါဘူး။ဒီအ‌ခြေအနေက ဘယ့်သူ့ကိုမှ မထိခိုက်မနစ်နာစေခဲ့ပါဘူး။
သူတို့ ဘာရလိုက်လဲ ကျနော်မသိပေမဲ့ကျနော့်အတွက် အနည်းငယ်သော စိတ်ရှုပ်ထွေးမှုကို ခံစားခဲ့ရပါတယ်။

ကျနော် ရောက်ခါစကာလမှာ အမေရိကန်တွေရဲ့ လှုနေမှုစနစ်နဲ့ ပတ်ဝန်းကျင်အနေအထားကို မသိသေးတာကြောင့် အမေရိကန်တွေရဲ့ လှုပ်ရှားသွားလာ၊နေထိုင်‌ပြောဆိုပုံတွေကို လေ့လာနေခဲ့ပါတယ်။ဆိုရရင် ရန်လိုရွံမုန်းစကားတွေနဲ့ ထပ်မကြုံတွေ့ချင်သလို ရှောင်ရှားနိုင်ဖို့အတွက်လို့ပဲ ဆိုရမှာပါ။
ဒါပေမဲ့လည်း ကံအကြောင်းမလှစွာနဲ့ လွတ်လပ်ပွင့်လင်းတဲ့ အမေရိကမြေမှာရန်လိုရွံမုန်းစကားမဟုတ်ပေမဲ့ မတူညီတဲ့ ပုံစံတစ်မျိုးနဲ့ တိုက်ဆိုင်စွာ ကြုံခဲ့ရပါသေးတယ်။

‘အမေရိကန်ပြည်ထောင်စုဟာ လူမျိုး၊လူမျိုးစု၊ကိုးကွယ်ယုံကြည်တဲ့ဘာသာ၊မူရင်းနိုင်ငံစတာတွေအပေါ် မခွဲခြားဘဲ လူတိုင်းလွတ်လပ်မှုအရသာကို ခံစားနိုင်ဖို့အတွက် ကျ(ကျွန်)နော်တို့တိုင်းပြည်ရဲ့ အဓိကတန်ဖိုးတွေဖြစ်တဲ့ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ လူတိုင်းအတွက်တူညီတဲ့အခွှင့်အရေး စတဲ့တန်ဘိုး(ဖိုး)တွေကို အစဉ်ထိန်းသိမ်းသွားဖို့ သဓ္ဓိဌာန်ချထားတဲ့ တိုင်းပြည်ဖြစ်ပါတယ်’

ဒါက ကျနော် လော့အိန်ဂျလိလေဆိပ်ကို ရောက်ရောက်ချင်းမှာ ကျနော့်ကိုလာကြိုတဲ့ အမေရိကအစိုးရအရာရှိတစ်ဦးကမ်းပေးလာတဲ့ မြန်မာဘာသာစကားနဲ့ ရေးထားတဲ့ နှုတ်ခွန်းဆက်စကားထဲက ကောက်နှုတ်ချက်တစ်ချို့ပါ။

အခုတော့ ကျနော်အမေရိကပြည်ထောင်စုကို ရောက်ပါပြီ။

အမေရိကားဟာ ရန်လိုရွံမုန်းစကားတွေ မပြောဆိုကြဖို့နဲ့ မပြန့်ပွားစေရေးအတွက် အထူးအားစိုက်ပြီး ဦးဆောင်ဦးရွက်ပြုတဲ့ ဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့ နိုင်ငံပါ။ ကမ္ဘာအသိုက်အဝန်းကြားမှာလည်း ရန်လိုရွံမုန်းစကားမပြောခြင်း လူ့ကျင့်ဝတ်အဖြစ် လိုက်နာဆောင်ရွက်ဖို့ ကြိုးပမ်းတိုက်တွန်နေတဲ့နိုင်ငံလည်းဖြစ်ပါတယ်။

သိုပေမယ့်လည်း လူသားတွေရှိနေသရွေ့ လူ့အဖွဲ့အစည်းအတွင်းမှာ မိမိပတ်ဝန်းကျင်မှာ ရန်လိုရွံမုန်းစကားတွေကို ပြောဆိုတဲ့သူတွေ ရှိနေအုံးမှာဖြစ်သလို အဲ့ဒီရန်လိုရွံမုန်းစကားတွေကိုပဲ တန်ဆာဆင်၊ အလှပြင်ဖီးလိမ်းပြီး လေပြေလေးနဲ့ ပြောတတ်တဲ့ သူတွေလည်း ရှိနေမှာ အသေအခြာပါပဲ။

ဆိုတော့ ဒီမိုကရေစီစနစ်နဲ့အတူ ယှဉ်တွဲပါလာတဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်မှာ ရန်လိုရွံမုန်းစကားတွေကို မပြောဖို့၊ မသုံးစွဲကြဖို့နဲ့ အခြားသူတွေကို စကားလုံးတွေနဲ့ ထိုးနှက်တိုက်ခိုက်တာ၊နာကျင်စေတာမျိုးတွေမလုပ်ကြဖို့ဟာ လူအသိုင်းအဝိုင်းနဲ့ လူ့ပတ်ဝန်းကျင်တစ်ခုလုံးက မိမိကိုယ်ကိုယ် မိမိတာဝန်ယူ စောင့်ထိန်းဖို့ လိုအပ်တယ်ဆိုတာပါပဲ။

ဒါမှသာ အချိန်တစ်ခုရောက်တဲ့အချိန်မှာ ရန်လိုရွံမုန်းစကားပြောဆိုခြင်းဟာ မပြုလုပ်သင့်တဲ့အရာအဖြစ်၊ရန်လိုရွံမုန်းစကားဟာ ဆိုးကျိုးတွေကို သယ်ဆောင်လာတာကို တဖြည်းဖြည်း သိနားလည်လာပြီး ‌ဆင်ခြင်အသိနဲ့အတူ ရန်လိုရွံမုန်းစကားပြောဆိုမှု လျော့နည်းလာတဲ့ လူသားကမ္ဘာ၊ လူသားပတ်ဝန်းကျင်ကောင်း တစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

International Refugee and Immigration Service က တာဝန်ရှိသူတဦးဖြစ်တဲ့ Esmeralda Amaral က “ဒီနှစ်ထဲမှာ ကျမတို့ အေဂျင်စီမှာ မြန်မာနိုင်ငံကကနေဒုက္ခသည်အဖြစ် ကိုဗညားဦးတစ်ယောက်တည်းသာ ရှိတယ်လို့ ကျမယုံတယ်။ မြန်မာပြည်က ဒုက္ခသည်တွေ အများကြီး ကျမတို့ လက်ခံ မရရှိပါဘူး။
ဒုက္ခသည်တွေအနေနဲ့ သူတို့ဘမှာ တုန်လှုပ်စရာအဖြစ်အပျက်တွေ ရှိဖူးသူတိုင်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှု(Post traumatic stress disordef- PTSD) ကိုတွေ့ကြုံခံစားရနိုင်တယ်လို့ ကျမထင်တယ်။ ကြုံတွေ့ခံစားလာရတဲ့ အခက်အခဲအခြေအနေတွေ အနည်းနဲ့ အများရှိကြပေမဲ့ အထူးသဖြင့် မလုံခြုံဘူးလို့ သူတို့ခံစားရတဲ့အခါ ဒီလို စိတ်ပိုင်းဆိုင်ရာထိခိုက်မှုမျိုးတွေ အစပျိုးလာနိုင်ပါတယ်။ ဒါက ကျမရဲ့ ကိုယ်ပိုင်အမြင်ပါ” လို့ မြန်မာပြည်က ပြောင်းရွှေ့လာသောပြောင်းခိုသူများရဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအပေါ် သူ့ရဲ့အမြင်ကိုပြောပါတယ်။

တကယ်တော့ ရန်လိုရွံမုန်းစကားတွေ၊ အမုန်းစိတ်တွေဟာ ကျနော့်တို့ လူသားတွေအတွက် အဖျက်စွမ်းအားပြင်းတဲ့ အဆိပ်တွေပါပဲ။

ရန်လိုရွံမုန်းစကားတွေကို အမေရိကပြည်ထောင်စုအပါအဝင် ဘယ်နေရာမှာမှ ကျနော်မလိုချင်ပါဘူး။ ကျနော်ကိုယ်တိုင်လည်း ရန်လိုရွံမုန်းစကားတွေပြောမထွက်အောင် အသိသတိနဲ့ လူ့ကျင့်ဝတ်တစ်ခုအဖြစ် စောင့်ထိန်းလိုက်နာနိုင်ဖို့ ကြိုးစားသွားရမှာပါ။

အဆုံးသတ်အနေနဲ့ပြောရရင်
နောင်လာမဲ့ လူ့အဖွဲ့အစည်းလျှောက်မဲ့လမ်းမှာ ကျနော်တို့ဟာ ရန်လိုရွံမုန်းစကားတွေ ပစ်ချမထားခဲ့ဖို့ လိုပါတယ်။ ကျနော်တို့ ဒါကို လုပ်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။ ။