စာမေးပွဲစစ်ဆေးတာ ကောင်းလား၊မကောင်းဘူးလား

Zaw TunSeptember 9, 20101min1311

လက်ရှိမြန်မာနိုင်ငံ၏ပညာရေးစနစ်တွင် စာမေးပွဲသည် ကျောင်းသားကျောင်းသူများ၏ သတ်မှတ် သင်တန်းကာလအတွင်း သင်ကြားခဲ့သည့်အရာများကို သိရှိမှတ်သား နားလည်နိုင်ခြင်း ရှိမရှိဆိုသည်ကို အကဲဖြတ်စစ်ဆေးသည့်နည်းလမ်းတခုအဖြစ်သတ်မှတ်ကာ အတန်းတင်ပေးခြင်း၊ အောင်မြင်မှု အသိအမှတ်ပြုခြင်းတို့ကို ကျင့်သုံးနေသည့် နည်းလမ်းတခုဖြစ်ပါတယ်။

ယခု မိမိတင်ပြဆွေးနွေးလိုသည်မှာ အထက်ပါ စာမေးပွဲစစ်ဆေးခြင်းနည်းလမ်းသည် ကျောင်းသား တစ်ယောက်၏ အမှန်တကယ်တတ်မြောက်မှုကို မှန်ကန်စွာအကဲဖြတ်နိုင်မှုရှိမရှိကို လေ့လာ သုံးသပ်သင့်ကြောင်း ကိုပင်ဖြစ်ပါတယ်။

အကယ်၍ စာသင်နှစ်တစ်နှစ်တာသင်ကြားပြီးစီးတိုင်းသာ စာမေးပွဲစစ်ဆေးမှုမရှိခဲ့ဘူးဆိုရင် ကလေးတွေအနေနဲ့ စာမေးပွဲတွေပေါ်မှာပဲ အလေးထားနေတာမျိုးမရှိတော့တဲ့အတွက် သူတို့ သင်နေရတဲ့ ဘာသာထဲက အကြောင်းအရာတွေကို စာမေးပွဲအတွက်ပဲမဟုတ်ဘဲ ပိုစိတ်ပါဝင်စားစွာ သင်ယူတာမျိုးဖြစ်လာနိုင်တယ်လို့ တွေးတောမိသလို တချိန်တည်းမှာပဲ စာမေးပွဲစစ်ဆေးမှု မရှိခြင်းကြောင့် မိမိတို့သင်ယူရမည့်အကြောင်းအရာများအပေါ် အလေးထားအာရုံစိုက်လေ့လာမှု မရှိတာတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။

စာမေးပွဲဆိုတဲ့ပေတံတစ်ခုတည်းကိုပဲအားထားပြီး ကျောင်းသားတွေရဲ့ အရည်အချင်းကို သတ်မှတ်မယ်ဆိုရင်တော့ ကျောင်းသားအများစုဟာ စာမေးပွဲအောင်ဖို့ပဲ စာကျက်ကြတာ မျိုးဖြစ်လာမှာမလွဲတဲ့အတွက် သူတို့ဟာ မိမိတို့သင်ယူလေ့လာရတဲ့သင်ခန်းစာများအပေါ်မှာ သေချာနားလည်သဘောပေါက်အောင် လေ့လာခြင်းမျိုးမရှိတော့ပဲ စာမေးပွဲမှာအမှတ်ကောင်းရရုံ၊ အောင်မြင်နိုင်ရုံသာလေ့လာတဲ့ အပေါ်ယံသင်ယူခြင်းမျိုး(Surface Learning)နဲ့ပဲ သင်ယူနေကြမှာပဲ ဖြစ်ပါတယ်။ စာမေးပွဲဆိုတာတွေဟာ ကျောင်းသားတွေကို သင်ယူနေရတဲ့အချက်အလက်တွေအပေါ် သေချာ လေ့လာ တွေးခေါ်ဆက်စပ်နိုင်ပြီး နက်ရှိုင်းတဲ့သင်ယူခြင်း (deep learning) မျိုးရနိုင်ဖို့ အတားအဆီးတခုလိုမျိုးဖြစ်နေတာကတော့ ငြင်းလို့မရတဲ့အချက်တခုဖြစ်ပါတယ် ။ ဘာလို့လဲဆိုတော့ ကျောင်းသားတွေဟာ စာမေးပွဲမှာပါနိုင်မယ့်အချက်အလက်တွေကိုပဲ အလွတ်ကျက်မှတ်တာတို့၊ စာမေးပွဲမှာလာနိုင်မယ့်မေးခွန်းပုံစံမျိုးတွေကိုပဲ လေ့လာမှတ်သားတာတို့ စသည်ဖြင့် စာမေးပွဲမှာ အမှတ်ကောင်းဖို့အတွက်ပဲ အလေးထားလုပ်လာကြပါတယ် ။ သူတို့သင်ယူနေရတဲ့ဘာသာရပ်တွေကို သေချာ လေ့လာ ဆန်းစစ် တွေးခေါ်နေခဲ့ရင် အချိန်တွေကုန်ပြီး စာမေးပွဲမှာမေးတဲ့မေးခွန်းမျိုးတွေကို မဖြေလိုက်နိုင်မှာ စိုးရိမ်လာကြပါတယ်။ စာမေးပွဲရမှတ်တွေကလည်းသူတို့ရဲ့အရည်အချင်းတခုအဖြစ် ယခုအချိန်ထိ လက်ခံသတ်မှတ်နေရသေးတာဖြစ်နေလို့ပဲဖြစ်ပါတယ်။

ဒီလိုဆိုရင် စာမေးပွဲဆိုတာမရှိခဲ့ရင် ကောင်းသလားလို့ မေးခွန်းထုတ်ကြည့်လိုက် ပြန်တော့လည်း စာမေးပွဲဆိုတာ မရှိရင်လည်းမဖြစ်ပြန်ပါဘူး။ အဲဒီလိုစစ်ဆေးမှုမျိုးမရှိခဲ့ရင်  သင်ကြား နေရတဲ့ ဘာသာရပ်တိုင်းမှာ စိတ်ဝင်စားမှုမရှိနိုင်တဲ့ကျောင်းသားတွေဟာ သူတို့စိတ်မပါတဲ့ ဘာသာရပ်တွေမှာ ပေါ့ပေါ့ဖြစ်သွားပြီး ကြိုးစားသင်ယူတာမျိုး လုပ်တော့မှာမဟုတ်ပါဖူး။ ဒါဆိုရင်လည်း ကျောင်းသားတွေကို လုံလောက်တဲ့ အသိပညာအရည်အချင်းတွေကို ပြည့်စုံစွာ ရရှိ စေနိုင်တော့မှာမဟုတ်ပါဘူး။ နေရာတိုင်းမှာ ကျောင်းသားတွေ ဘာတွေကို သင်ယူမှတ်သားနိုင်ခဲ့သလဲ ဆိုတာကို ပြန်လည် စစ်ဆေးဖို့အတွက် စစ်ဆေးနိုင်တဲ့ စံမီပေတံတခု မရှိမဖြစ်လိုအပ်ပါတယ် ။

ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတခုကိုတင်ပြလိုပါတယ်။      Edward L. Deci (Professor of psychology at the University of Rochester) ရေးတဲ့ “Why we do what we do – Understanding Self-Motivation” စာအုပ်ထဲမှာဖော်ပြချက်အရ မူလတန်းကလေးတချို့ကို အဖွဲ့နှစ်ဖွဲ့ခွဲပြီး သူတိုရဲ့ ပြဌာန်းစာအုပ်ထဲက စာပိုဒ်နှစ်ပိုဒ်ကိုဖတ်ခိုင်းပါတယ် ။ အဖွဲ့တစ်ဖွဲ့ကို သူတို့ ဖတ်တဲ့စာပိုဒ်နှစ်ပိုဒ်ထဲကအကြောင်းအရာတွေကို စာမေးပွဲစစ်ဆေးမယ်လို့ပြောပြီး၊ ကျန်အဖွဲ့ကိုတော့ စစ်ဆေးမှုလုပ်မယ်ဆိုတာမပြောဘဲ ဖတ်ရုံပဲဖတ်ခိုင်းလိုက်တာမျိုးပါ။ အဲဒီစမ်းသပ်မှုရဲ့ တွေ့ရှိချက် ကတော့ – –

 စာမေးပွဲစစ်ခံရမယ်လို့ ပြောထားမခံခဲ့ရတဲ့အဖွဲ့က ကလေးတွေဟာ သူတို့ဖတ်ထားခဲ့တဲ့ စာပိုဒ်နဲ့ပတ်သက်တဲ့အချက်အလက်တွေကို စာမေးပွဲစစ်ခံရမယ်လို့ ပြောထားခံခဲ့ရတဲ့ အဖွဲ့က ကလေးတွေထက် ပိုမိုနားလည်နိုင်ခဲ့ပါတယ် ။

  စစ်ဆေးခံရမယ်လို့ ပြောထားခံခဲ့ရတဲ့အဖွဲ့ကကလေးတွေဟာ သူတို့ဖတ်တဲ့အချက်အလက်တွေကို ပိုမိုအလွတ်ကျက်မှတ်နိုင်ခဲ့ပါတယ် ။

 အဲဒီစမ်းသပ်ချက်အပြီး တစ်ပတ်အကြာမှာ အဲဒီနှစ်ဖွဲ့ကကလေးတွေကို သူတို့ဖတ်ခဲ့တဲ့ စာပိုဒ်တွေထဲကအကြောင်းအရာတွေကို ပြန်စစ်ဆေးတဲ့အခါ စစ်ဆေးခံရမယ်လို့ ပြောထား မခံခဲ့ရတဲ့အဖွဲ့က ကလေးတွေဟာ အကြောင်းအရာတွေကို ပိုမိုဖြေဆိုနိုင်ခဲ့ပါတယ် ။

ဒီစမ်းသပ်တွေ့ရှိချက်တွေအရ ကျောင်းသားတွေဟာ အစစ်ဆေးခံရမယ်ဆိုတာကိုသိခဲ့ရင် အချက်အလက်တွေကို စာမေးပွဲအတွက် အလွတ်ကျက်မှတ်တတ်လေ့ရှိပြီး သေချာ နားလည်မှုလျော့နည်းကြကြောင်း ၊ ကျောင်းသားတွေဟာ အစစ်ဆေးခံပြီးသွားရင် (စာမေးပွဲ ပြီးဆုံးသွားရင်) အလွတ်ကျက်မှတ်ထားတဲ့အချက်အလက်တွေကို ခေါင်းထဲက ထုတ်ပြီးသား ဖြစ်သွားကြကြောင်းကို ရေးသားဖော်ပြထားတာကိုတွေ့ရပါတယ်။  

ဒီနေရာမှာ မိမိအနေနဲ့ ထင်မြင်ယူဆမိတာကတော့ စာမေးပွဲစစ်ပြီးတိုင်း အမှတ်စာရင်းပဲ ထုတ်ပေးတာထက် ကျောင်သားတယောက်စီကို ဘယ်နေရာမှာဘယ်လို လိုအပ်ချက်တွေ ရှိနေတယ်ဆိုတာမျိုး ပြန်လည်ပြောပြရှင်းလင်းဆွေးနွေးသင့်တယ်လို့ ထင်မြင်ယူဆမိပါတယ်။  အဲဒီအတွက်လည်း ပညာရေးဆိုင်ရာတိုင်းတာစစ်ဆေးမှုကို စာမေးပွဲဆိုတဲ့အရာ တခုတည်းကို အလေးထားသုံးသပ်တဲ့အခြေအနေမျိုးတွေကနေ ပိုမိုကောင်းမွန်ပြည့်စုံစေတဲ့ စစ်ဆေးမှု နည်းလမ်းတွေကို တွေ့ရှိအောင်  လိုအပ်တဲ့အပြောင်းအလဲတွေကို စမ်းသပ်တာမျိုး ပြုလုပ်ပြီး  ရလဒ်ကိုသုံးသပ်ပြီး ပြန်ညှိယူရတာတွေလုပ်ဖို့လည်း အရေးပါတယ်လို့ထင်မြင်ယူဆမိပါကြောင်း။

နောက်ဆုံးအနေနဲ့ မိမိအထက်တန်းကျောင်းသားဘဝက ဆရာတယောက်ပြောခဲ့တဲ့ စကားလေးနဲ့ နိဂုံးချုပ်လိုက်ပါတယ်။ ဆရာပြောခဲ့တာကတော့ “ကျောင်းသားတွေ တစ်နှစ်လုံး သင်ခဲ့တဲ့အကြောင်းအရာတွေကို (၃) နာရီဆိုတဲ့အချိန်လေးမှာ စစ်ဆေးပြီး သူ့ရဲ့အရည်အချင်းလို့ သတ်မှတ်လိုက်တာ ပြည့်စုံမှုမရှိဘူး။ ဒါပေမယ့်လည်း အဲဒီစာမေးပွဲဆိုထာထက်ကောင်းတဲ့ စစ်ဆေးတဲ့နည်းလမ်းကိုလည်း ခုထိမတွေ့သေးတော့ ဒီစာမေးပွဲကိုပဲ အရည်အချင်းစစ်ဆေးမှု တခုအဖြစ် လက်ခံကျင့်သုံးနေရတယ်” ဆိုပြီးပြောခဲ့တာပါ။

One comment

  • bigcat

    September 12, 2010 at 2:21 am

    မြန်မာနိုင်ငံမှာ ဆရာတယောက် ရတဲ့လစာ၊ ခံစားခွင့်၊ မွမ်းမံသင်တန်း အရည်အသွေး နဲ့ ကျောင်းသား ခုနှစ်ဆယ်ရှစ်ဆယ်လောက် ပျမ်းမျှရှိတဲ့ စာသင်ခန်းတွေက ဘယ်လိုနည်းနဲ့သာ စခန်းသွားနိုင်သလဲ ဆိုတဲ့အဖြေကို ပြနေတယ် ထင်ပါတယ်။ တပ်ချုပ်ကြီးမြေး ကိုယ်တော်လေး ဖိုးလပြည့် တက်ခဲ့တဲ့ကျောင်း ဆိုရင်တော့ မပြောတတ်ပေါင်ဗျာ။

Leave a Reply