လူကြီးဖတ်ဖို့ ကလေးပုံပြင်

Mobile HouseSeptember 22, 20101min1010

လူကြီးဖတ်ဖို့ ကလေးပုံပြင်

ဟိုး ရှေးရှေးတုန်းကပေါ့ကွယ်….. ရွာလေးတရွာမှာ မောင်ပိုဆိုတဲ့ အပိုတွေသိပ်လုပ်တတ်တဲ့ ခပ်ပိန်းပိန်း ငနဲလေးတစ်ကောင် ရှိသတဲ့ ကွယ်…. တစ်နေ့တော့ လယ်ထွန်သွားရင်း လယ်မထွန်ပဲ အပိုတွေလျှောက်လုပ်နေရင် တောအုပ်မှ ကျားတစ်ကောင်နဲ့ မိတ်ဆွေ ဖြစ်ကြသတဲ့….

တနေ့တော့ ကိုရွှေကျားက
ကျား  –  “ သယ်ရင်း မင်းရွာကို ငါအလည်လိုက်ချင်တယ် ငါ့ကိုခေါ်ကွာ ” ထိုအခါမောင်ပိုလဲ ကုန်ဈေးနှုန်းအရ ကိုရွှေကျားကို လက်မခံနိုင်သောကြောင့်
ပို  –  “ မလိုက်ပါနဲ့ကွာ လူစည်း ဘီလူစည်းဆိုတာရှိတယ်ကွ ” လိုခပ်တည်တည်ရွီးလိုက်သည်…
ကျား  –  “ငါက ဗေလုဝ မှမဟုတ်ပဲ”
ပို  –  “မင်း ဗေလုဝ ကိုသိတယ်ဟုတ်လား…”
ကျား  –  “သိတာပေါ့..ရုပ်ရှင်ရုံက ကြွက်တွေငါကိုပြောပြတာ”
ပို  –  “ဪ ဒါကြောင့်ကိုး … ငါလဲမင်းကိုဘီလူးလို့မပြောပါဘူး…ငါကမင်းကိုလူတော သိပ်မတိုးစေချင်လို့ပါ ”
ကျား  –  “ဘာ… မင်းကငါ့ကို လူတောမတိုးတဲ့ကောင်လို့ပြောတာလား ”
ပို  –  “ ဟာ … သယ်ရင်းကလဲ .. မရစ်နဲ့ကွာ မင်းကကျားပဲ လူုတော ဘယ်တိုးမလဲ…”
ကျား  –  “ဟုတ်သားပဲ… ငါက စကားပြောနေတော့ ကိုယ့်ကိုယ် ကို ကျားဆိုတာမေ့တေ့တေ့ ဖြစ်နေတယ်… ဒါပေမယ့် မင်းလဲငါတောကိုလာသေးတာပဲကွ ”
ပို  –  “လူဆိုတာသွားချင်တဲ့နေရာသွားလို့ရတယ်ကွ… ကိုယ့်ခြေထောက်ပါလို့ ကို်ယ့်ဘာသာကိုသွားတာကွာ”
ကျား  –  “ဟေ့.. သယ်ရင်းပို… မင်းအဲ့ဒီလိုပြောကြေးဆို ငါ့မှာ ခြေလေးချောင်းတောင်ပါတယ်.. ငါမင်းနှစ်ဆသွားပြမယ် ကွ…”
ထိုအခါ ခပ်ပိန်းပိန်း မောင်ပို ခေါင်းခဲသွားသည်…. —- အင်း ဒီကျား တော်တော် လည်တာပဲ မဖြစ်ဘူး ဖြဲခြောက်မှ —- ဟုတွေးရင်း
ပို  –  “ အဲ့ဒီလိုတော့မလုပ်ပါနဲ့ကွာ မင်းအတွက်အန္တရာယ်ရှိလိုပြောတာပါ…မင်းလဲကြားဖူးမှာပါ သေချင်တဲ့ကျားရွာပြောင်းဆိုတာ ”
ကျား  –  “မဟုတ်ပါဘူးကွာ ငါကြားဖူတာ သေချင်တဲ့ကျားတောပြောင်းပါ ”
ပို  –  “အဲ့ဒါပဲ မင်းတို့ စာအုပ် edition အဟောင်းတွေဖတ်ပြီး အမြင်တွေ ဟောင်းနေတာ.. အခု အသစ်ဖြစ်နေပြီ.. WHO တို့ UNICEF တို့က ထုတ်ထားတာ မင်းလဲသေချာမှတ်ထားပေါ့ကွာ မင်းအတွက်ဘေးကင်းတာပေါ့…” လို့ ကြားဖူးနားဝ ကြီးကြီးကျယ်ကျယ်များနဲ့ ကိုရွေကြားကိုဖြဲခြောက်လိုက်တော့
ကျား  –  “အေးကွာ အခုလိုသတိပေးတဲ့အတွက်ကျေးဇူးပါပဲ… ငါမင်းရွာကိုမလိုက်တော့ပါဘူး..” ဟု ကိုရွှေကျားလဲ ဘယ်လိုမှပြောမရသည့်အဆုံး လက်လျော့လိုက်သည်… စိတ်ထဲမှာတော့ — ဟေ့ကောင် ငပို မင်းမလာ စေချင်တဲ့နေရာကို ငါ ရောက်အောင်လာပြမယ်ကွ — ဟု ကြုံးဝါးနေလိုက်သည်…
တနေ့ ကိုရွှေကျား ရွာကိုအရောက်လာပြီး နွာဖမ်းဖို့ကြံတော့… ကိုရွှေကျား နှစ်ရက်လောက် အစာငတ်သွားသည်.. နောက်မှကိုရွှေကျား အမှန်ကိုသိသည်… “ဪ… သူတို့ကချစ်သူစုံတွဲလေးတွေကိုး … ဟာ ရောကုန်ပြီ … ဪ.. သူတို့က စက်မှုလယ်ယာဖြစ်သွားတာကိုး ဒါကြောင့် ငါစားစရာနွားမရှိတော့တာ ” ထိုသို့အမြင်မှန်ရပြီး ကိုရွှေကျား နွားမရှာတော့ပါ ထိုနေ့မှစပြီး Hotpot, sushi, BBQ , Dimsum… စသည်ဖြင့်အမျိုးမျိုးသော လူလုပ်အစာများကို သာ ရှာစားလေတော့သည်.. ထိုအခါလူတွေက ဒီကျားကိုဒီအတိုင်းတော့ မထားနိုင်တော့ဘူး.. ငါတို့ ကုန်ကျတာနဲ့ကာမိအောင်း ဖမ်းပြီး တရုတ်ပြည်ရောင်းစားရအောင်ဟုတိုင်ပင်ကာ ထောင်ချောက်ဆင်၍ ဖမ်းတော့ ကိုရွှေကျား မိပါပြီ… ဒန် တ တန် ဒန်…..

ထိုအခါ ကျား၏ မိတ်ဆွေ မောင်ပိုခမျာ ကိုရွှေကျား ကို သနာပြီး လွတ်ပေးလိုက်တော့ ကျားက
ကျား  –  “ဟား .. ဟား လဒူ ”
ပို  –  “အောင်မာ…. လွတ်လဲလွတ်ပေးရသေးတယ် မင်းကများငါ့ကို လဒူလို့ပြောရတယ်ရှိသေး ”
ကျား  –  “မင်း ငါ့ကိုလွတ်ပေးတော့ မင်းကိုငါစားရမှာပေ့ါ…”
ပို  –  “ဘာဆိုင်လို့တုန်း”
ကျား  –  “ဘာဆိုင်ရမှာလဲ … မင်းက မောင်ပို ငါ က ကျား … ပိုနေမြဲ ကျားနေမြဲဆိုတာ မင်းကြားဖူးမှာပေါ့”
ပို  –  “ဟင် .. ဒါလဲ မင်းကြားဖူးတယ်ဟုတ်လား ”
ကျား  –  “ငါ့အဖေအမေ က ငါ့ ကို ကျောင်းထားနိုင်ပါတယ်ကွ….”
ပို  –  “အမယ်… ကျားသင်တန်းကျောင်းရှိတယ်ပေါ့”
ကျား  –  “ဟေ့ကောင် စကားလျှောက်လွဲမနေနဲ့ မင်းကိုငါစားရမယ်. … ဒါ ရာဇဝင်ကြွေးပဲ ..ငါတိုကျားတွေ
တသက်လုံးသိက္ခာကျခဲ့သမျှ ဒီတခါ တော့မရတော့ဘူး… သေပေတော့ ”
ပို  –  “ဂလိုမလုပ်ပါနဲ့ သယ်ရင်းရယ် မင်းအကြောင်းပြချက်ခိုင်ခိုင်လုံလုံတော့ပေးအုံးပေါ့ ဒါမှ ငါအသေဖြောင့်မှာ”
ကျား  –  “တော်တော်ရှည်တဲ့ကောင်.. ဒီမှာမောင်ပို မင်းတို့ လူတွေဆိုတာ ငါတို့ကို ညှင်းပန်းတဲ့ကောင်တွေ.. မင်းတို့လှချင်ပချင်တာနဲ့ ငါတို့ အရေခွံကို အင်္ကျီလုပ်ဝတ်တယ်လေ… ဒါကြောင့် ငါတို့ ကျားမျိုးဆိုတာ ရှားပါးမျိုးဖြစ်နေပြီကွ.. ”
ပို  –  “မဟုတ်ဖူးလေ .. မင်းအရေခွံက လှတာကိုးကွ.. မင်းတို့ထွင်တဲ့ ဒီဇိုင်းကလှတော့.. မင်းလိုဝတ်ကြည့်တာပေါ့”
ကျား  –  “အပိုမပြောနဲ့မင်းတို့က ငါတို့ တိရိစာ္ဆန်တွေ အားလုံးကိုညှင်းပန်းတဲ့ ကောင်တွေ”
ပို  –  “မဟုတ်ရပါဘူးကွာ”
ကျား  –  “ဘာမဟုတ်ရမှာလဲ ဒါဆိုငါမေးတာကိုအမှန်အတိုင်းဖြေ… နွားကို မင်းတို့ဘာလုပ်လဲ”
ပို  –  “အိမ်မှာအလှမွေးတာပေါ့ကွ”
ကျား  –  “ထွီး….  မင်းတို့ပဲ ခိုင်းစားနေတာ ငါမသိဘူးများထင်လား ဝက်ကိုရောမင်းတို့ဘာလုပ်လဲ ”
ပို  –  “အိမ်မှာ တင်ကျွေးထားတာလေကွ.. သူတို့ ဝဝ လှလှလေးတွေ မင်းလဲတွေ့မှာပေါ့ ”
ကျား  –  “ထွီး… မင်းတို့ချက်စားတာငါမသိဘူများထင်လား..”
ပို  –  “သူကစားကောင်းတာကိုကွ…”
ကျား – “အေး.. ငါလိုချင်တာ ဒါပဲ ကျားတွေလဲ လူသားကြိုက်တယ်ကွ..”
ပို  –  “ဟေ့ကောင် ဒီလုပ်မလုပ်နဲ့ကွာ .. ငါ့ကို စားသင့်မစားသင့် ယုန်ပညာရှိကိုမေးရအောင်”
ကျား  –  “လူနဲ့ ကျားဖြစ်တာ ဘာလို့ ယုန်ပညာရှိကိုမေးရတာလဲ မင်းတို့လူပညာရှိလေးတောင်မရှိဘူးလား”
ပို  –  “ဟေ့ကောင် .. ငါ့တိုလူတွေကိုမစော်ကားနဲ့ ပေါင်ချိန် ရှိတယ်ကွ.. ဒါပေမယ့် ဒီအသေးအဖွဲကိစ္စတော့ သူကို မရှင်းခိုင်းတော့ဘူး ယုန်ပဲသွားမေးမယ်…”
ကျား  –  “မင်းလူလည်မလုပ်နဲ့ ယုန်ကိုမေးရင် ပိုနေမြဲ ကျားနေမြဲဆိုပြီး.. ငါ ထောင်ချောက်ထဲပြန်ရောက်သွားမှာပေါ့”
ပို  –  “မင်းလဲ ကျားလည်ပဲ ဒါဆို မင်း မဝင်နဲ့ပေါ့ တခြားတနည်းဆုံးဖြတ်ခိုင်းမှာပေါ့”
ကျား  –  “ကောင်းပြီ”

ထို့နောက် နှစ်ဦးသဘော တူ ယုန်ထံသို့သွားကာ ဖြစ်ပျက်ခဲ့သမျှကို ရှင်းပြပြီး ယုန်ထံမှ အကြံဉာဏ်တောင်းတော့ ယုန်ဆုံးဖြတ်လိုက်သည်မှာ…
ယုန်  –  “ စားသင့်တယ်… ကိုရွှေကျား ပြောတာမှန်တယ်.. ငါထောက်ခံတယ် ”
ပို  –  “မဟုတ်ဘူးလေး ယုန်ရယ် မင်းနဲ့ငါ ရန်ညိုးလဲမရှိရပါဘူး… ဘာလို့များဒီလိုဆုံးဖြတ်ရတာတုံးကွာ….”
ယုန်  –  “မင်းတို့လူတွေဟာ အင်မတန်ရက်စက်တယ်… အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား ဆိုတာမင်းတို့လူတွေကွ”
ပို  –  “မဟုတ်ပါဘူးကွာ … တခါတလေဗိုက်စာမှပါ..”
ကျား  –  “ဘာဗိုက်စာမှလဲကွ……. ကျောသား ရင်သားမခွဲ ခြားဘူးဆိုတာ မင်းတို့ပဲပြောတာ .. အကုန်စားတဲ့ကောာင်တွေ” ဟု ဆိုကာ ကျားလဲ ကြားဖူးနားဝတွေကို ထင်သလိုဝင်ပြောတော့
ပို  –  “မဟုတ်ပါဘူးကွာ… အဲ့ဒီစကားပုံက မင်းဆိုလိုသလိုမဟုတ်ပါဘူး… တရားမျှတတာကိုပြောတာ”
ကျား  –  “အဲ့ဒါပဲ .. မင်းတို့လူတွေ ခက်တာ.. စာအုပ် editon အသစ်ဝယ်ဖတ်ကြည့် ငါပြောသလိုပဲရေးထားတာ… Animal Right ကထုတ်ထားတာ ” မောင်ပို ငိုချင်လာသည် …. ကိုယ် talkie နဲ့ ကိုယ် ထိနေပြီ….ထိုအခါယုန်က
ယုန်  –  “နောက်ပြီး မင်းတို့က ယုန်မွှေးဆိုပြီး ဝတ်ချင်တော့ ငါတို့ယုန်တွေအများကြီးသေရတယ်ကွ”
ပို  –  “မင်းတို့က အကောင်သေးတာကိုး”
ယုန်  –  “အောင်မာ … ကိုယ့်ဘာသာကို အကောင်သေးတာဘာဖြစ်လဲ…  မင်းတို့မှာလဲ အရေခွံရှိတာပဲ.. ကိုယ်တုံးလုံးကျွတ်နေပါလား ”
ပို  –  “ငါတို့က အရှက်ရှိတယ်ကွ”
ယုန်  –  “ဒါဆို ငါတို့ ကအရှက်မရှိဘူးလို့ပြောတာလား”
ပို  –  “ဒါတော့ ငါလဲမသိဘူးလေ.. မင်းတို့ အင်္ကျီ ဝတ်တာငါတခါမှမမြင်ဖူးသေးဘူး…”
ယုန်  –  “အေး .. မင်းတော့ မမြင်ရတော့ဘူး.. မင်းအရေခွံကို ငါတို့ ဝတ်ပြမယ်ကွ” ဟုဆိုကာ ယုန်က မောင်ပိုကို ခုန်အုပ်လိုက်လေသည်…
ထိုအခါကျားက.. “ စိတ်ထိန်းပါဦး ကိုရွှေယုန် ရယ်.. အရေခွံတွေ ပေါက်သွားမှဖြင့်…”
ယုန်  –  “မလိုပါဘူး.. ငါကသေးသေးလေးရယ်”
ကျား  –  “မင်းမလိုပေမယ့် ငါလိုတယ်ကွ.. ငါ က ဝမ်းဆက်ဝတ်မှာ”
ယုန်  –  “ဟေ့ကောင်.. မင်းအသားစားရ ကျေနပ်ရောပေါ့….”
ကျား  –  “ဘာလို့ကျေနပ်ရမှာလဲ.. ငါတို့အရေခွံလဲ သူတို့ဝတ်တာပဲ.. ငါလဲ ပိုင်သင့်တာပေါ့”
ထိုအခါယုန်က ထုံးစံအတိုင်း ယုန်လည်ကျချင်သည် (လူမဟုတ်တော့ လူလည်ကျ၍ မရပါ)
ယုန်  –  “ဒီလိုလုပ်… မင်းနဲ့ငါ သွားပြိုင်ချိုးမယ်.. မင်းသွားကို ငါချိုးမယ်… မင်းလဲငါ့သွားကိုချိုး အရေအတွက်များများချိုးနိုင်တဲ့လူ မောင်ပိုကို ယူကြေး… တစ်ချက်ပဲ ရိုက်ပြီးချိုးရမှာနော်”
ထိုအခါ ကျားလဲ.. ငါအားသန်တာပဲ ပို ကျိုးရမှာပေါ့ ဟုတွေးကာ“ရတယ် စိန်လိုက်”
ထိုအခါယုန်ကစရိုက်သည် “ ဖျောင်း ”
ကျားသွားများကျွတ်ကျလားသည်… ဝိုင်းရေကျသည် “၁…၂…၃…၄…၅..၆…၇…ရချောင်း .. ”
ယုန်  –  “ကဲမင်းအလှည့်”
ကျားလဲရှိသမျှအားကိုစုကာ ရိုက်လိုက်သည်“ဖျောင်း” ပြီးတော့ ရေသည် “၁….၂…၃…၄…၄ချောင်း”
ယုန်  –  “ဟေ့ … ငါနိုင်ပြီ… မောင်ပိုကို ငါရပြီ …”
ကျား  –  “မဖြစ်နိုင်ဘူး မင်းသွားလေးချောင်းပဲကျွတ်တာမဖြစ်နိုင်ဘူး…မင်းပါစပ်ဖွင့်စမ်း”
ပို  –  “ငအ.. ယုန်ကို မင်းဘယ်လောက်ရိုက်ရိုက် သူသာသေသွားမယ် သွား ၄ချောင်း ထက်ပိုကျွတ်မှမဟုတ်ဘူး…သူမှ ဒါပဲရှိတဲ့ဟာ ”
ကျား  –  “ဟေ့ ယုန်စုတ် မင်းလူလည်ကျပြန်ပြီ…”
ယုန်  –  “မင်းကထူတာကိုး..”
ကျား  –  “ငါက ပိန်းပေမယ့် မင်းထက်အားသန်တယ် ငါခွင့်မပြုရင်မရဘူး ”
ထိုအခါ သူယူသင့်သည် ငါယူသင့်သည်ဟု အညင်းပွားတော့…မောင်ပို က ဆရာဝင်လုပ်ဖို့အကြံဉာဏ်ရသွားကာ…
ပို  –  “ဂလိုလုပ်ကြပါလား…..ငါတို့ ရုက္ခစို နတ်မင်းကြီးကိုမေးရအောင်”
“မေးမယ်…”ဟု ယုန်ရော ကျားပါထောက်ခံတော့…

“ရုက္ခစိုး ကြီး ရေကယ်ပါဦး ” ဟု ၃ ယောက်သားအော်ဟစ်ခေါ်လိုက်တော့…
ရု  –   “ငါဒီမှဟေ့”လို့ အသံကြားရာ ၃ယောက်လှည့်လိုက်ရာ ရုက္ခစိုးမှ ညောင်ပင်ပေါ်တွင်မဟုတ်ပဲ ကျွန်းပင်ပေါ်တွင်ဖြစ်နေသည်…
ပို  –  “ရုက္ခစိုးက ဘာလို့ ညောင်ပင်မှမနေတာတုန်း”
ရု  –   “ငဒူ ၊  ငအ၊ ငပိန်း  ကျွန်းပင်က သစ်ပိုကောင်းတယ်ကွ…အပိုတွေလုပ်မနေနဲ့မောင်ပို မေးစရာရှိတာမေး”
ထိုအခါ ဖြစ်ကြောင်းရယ်ကုန်စင် ပြောပြလိုက်သောအခါ….
ရု  –   “ကျားက ယုန်ကိုစားသင့်တယ်… ဘာဖြစ်လို့လဲဆိုတော့ ရွှေယုန်နဲ့ ရွှေကျားပုံပြင်မှာ ယုန် အနိုင်ကျင့်ထားတာရှိတယ်”
ယုန်  –  “ဟေ့ … မဆိုင်တာ ဆွဲမထည့်နဲ့”
ရု  –   “မရတော့ဘူး.. မင်းလဲ မောင်ပိုနဲ့ ကျားပုံပြင်မှာ မပါတဲ့ ရုက္ခစိုးကိုခေါ်တာကိုးကွ…. ”
ရု  –   “ကျားကို မောင်ပိုစားသင့်တယ်…”
“ ဂိန် ”  ကျားလဲ အော်မိအော်ရာအော်လိုက်မိသည် ..ပြီးမှ “မှားလို့ ”
ကျား  –  “ဘာဆိုင်လို့ မောင်ပိုက ကျားကို စားရမှာလဲ…. ”
ရု  –   “ဒီလိုကွ ကျားလဲ လူကို စားနေကျပဲ… လူလဲ ကျားအရေခွံဝတ်နေကျပဲ… အေး ဒါပေမယ့် … လူကတော့ ကျားပိုသတ်တာတော့ရှိတာပေါ့ကွာ… ဒါကထားပါ….. အဓိက…က … ကျားကြောက်လို့ ရှင်ကြီး ကိုး… ရှင်ကြီး ကျားထက်ဆိုး ..ဆိုတဲ့ စကားပုံ အရ ငါက မင်းထက်ဆိုးသလိုဖြစ်နေတော့ လူတွေက ငါကို မပူဇော်တော့ဘူးကွ…. ဒါကြောင့် မင်းကို ငါ အရင်လို အလိုမလိုက်နိုင်တော့ဘူး.. ငါကောင်းကြောင်းလူတွေကိုသိအောင်လုပ်ရမယ်….”
ပို  –  “ကျေးဇူးတင်ပါတယ် ရုက္ခစိုးမင်းကြီး”
ရု  –   “အတင်မစောနဲ့အုံး မင်းကို ယုန်ကစားသင့်တယ်ကွ”
ပို  –  “အမ် … ဘာဆိုင်လို့တုန်း….”
ရု  –   “မင်းတို့ သစ်တောပြုန်းတီးအောင်လုပ်တော့.. အထူသဖြင့် သစ်တောကိုမှီခိုတဲ့ သတ္တဝါတွေ ပိုဒုက္ခရောက်တာပေါ့ကွာ.. နောက်ပြီး မင်းတို့က ယုန်သားလဲ ရှောင်တာမှမဟုတ်တာ… သူတို့ကို မင်းတို့သတ်ခဲ့တာ နည်းမှ မနည်းပဲ…”
မောင်ပို… ကျား.. ယုန် တို သံပြိုင်ကာ အော်လိုက်သည် “မကျေနပ်ဘူး”
ရု  –   “မကျေနပ်လဲမရဘူး… ငါ့မှာ power ရှိတယ်.. မင်းတို့အမှုန့်ဖြစ်သွားမယ်… နားလည်လား” ထိုအခါသုံးကောင် သား ငြိမ်ဝပ်သွားသည်
ယုန်  –  “ဂလိုဆို ဘယ်လိုလုပ်ရမှာလဲ… သုံးကောင်းစလုံး တစ်ယောက်ကိုတစ်ယောက်သတ်ဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… တစ်ကောင်တော့ကျန်မှပေါ့”ဟုဆိုကာ ယုန်က ထုံးစံအတိုင်း လူတတ်ကြီး ဆရာကြီး ဝင်လုပ်တော့….
ရုက္ခစိုးက…. “ တော် …. ယုန်… မင်းလဲ နောင် ဆရာကြီးဝင်မလုပ်နဲ့ … ဒီပုံပြင်တွေ က မင်းစနက်အများကြီးပါတယ်..

ယုန်  –  “ဒါဆို ဘယ်လိုလုပ်မှာလဲ ခင်ဗျားက အားလုံးကိုသတ်မှာလား”
ရု  –   “ငါကသတ္တဝါတွေကိုမသတ်ဘူး… သူများ သတ်ကျွေူးမှစားတာ.. အခု ငါဆုံးဖြတ်သင့်သလောက် ဆုံးဖြတ်ပေးပြီးသွားပြီ… ကျန်တာ ငါလဲမသိတော့ဘူး….”
ပို  –  “မသိရင် ဘာလိုစောစော က အတည်ပေါက်ကြီးနဲ့ ဝင်ဖြီးရတာလဲ…”
ရု  –   “ကဲ ဒီလိုပဲ ဆုံးဖြတ်လိုက်မယ်… မောင်ပို… မင်းလဲ ပိုနေမြဲ ရွာမှာပဲနေ… သစ်တောတွေ လိုက်မခုတ်နဲ့ တိရိစာ္ဆန်တွေ ညှင်းပန်းမနိုပ်စက်နဲ့ … ကျားလဲ ကျားနေမြဲ လှောင်ချိုင့်ထဲမှာတော့မဟုတ်ဘူး.. ကျားနေမြဲ တောထဲမှာနေ… လူသားသိပ်မစားနဲ့ …. ယုန်…. မင်းလဲ ယုန်နေမြဲ တွင်းထဲမှာနေ… ဆရာဝင်ဝင်မလုပ်နဲ့ ”
ပို  –  “ဒါဆိုရုက္ခစိုမင်းကြီးလဲ ရုက္ခစိုးမင်းကြီး နေမြဲ .. ညောင်ပင်မှာနေ…”
ရု  –   “မင်းနဲ့ဘာဆိုင်လို့လဲ ”
ပို  –  “ကျွန်းပင်ဆိုတာ သဘာဝပေါက်တာရှားသွားပါပြီ… လူတွေက ခုတ်ဖို့ရည်ရွယ်ချက်နဲ့စိုက်ထားတာပါ… ဒါကြောင့်ကျွန်းပင်မှာသာ ရုက္ခစိုးမင်းကြီး နေရင် အိမ်ခဏခဏပြောင်းနေရမှာမို့ စေတနာနဲ့ပြောတာပါ ” ဟု မောင်ပို ထုံးစံအတိုင်း အပို ဝင်ပြောလိုက်သည်…
ရု  –   “အေးကွာကျေးဇူးပဲ… ဒါပေမယ့်.. မင်းတို့လဲ သိပ်တော့မခုတ်နဲ့ပေါ့ကွာ… ငါလဲ ညောင်ပင်မှာပဲနေပါတော့မယ်”ထို့ကြောင့် သဘာဝ တရားကြီးကဆုံးဖြတ်ပေးလိုက်ပါသည်… ပိုနေမြဲ.. ကျားနေမြဲ…ယုန်နေမြဲ…. ရုက္ခစိုးနေမြဲ….ပေါ့