ရှယ်တိုင်းလည်းမကောင်း Sharing

ရှယ်တံခါး

ရှယ်တံခါး

မြန်မာပြည်က ထွက်လာတော့ လက်ရှိနေထိုင်ရာ တိုင်းပြည်ရဲ့ နယ်မြို့တမြို့ကို အရင် ရောက်ပါတယ်။ နယ်မြို့ဆိုတော့ များသောအားဖြင့်က ဒေသခံ သူတို့လူမျိုးတွေကြီးပါပဲ။ ရောက်ပြီး မကြာခင် သူငယ်ချင်းရဲ့ အကူအညီနဲ့ အိုင်ဒီကဒ်ကို မြို့ထဲက အစိုးရရုံးတရုံးမှာ သွားလုပ်ပါတယ်။ ပထမအကြိမ် သွားတုံးက ရုံးချိန်မမှီ လိုက်တာမို့ နောက်တခါကျတော့ သူငယ်ချင်းကို ရုံးရှေ့မှာ ကား ရပ်ခိုင်းပြီး ကျွန်နော့်က အရင်သွား တန်းစီတယ်။ သူကတော့ ကားပတ်ကင်နေရာ သွားရှာပါတယ်။ နယ်မြို့တွေက အစိုးရရုံးတွေက အဆောက်အဦးကြီးတွေပါ။ သူတို့ လူမျိုးတွေကလည်း လူဝံလောက် ရှိတဲ့ အကောင်ကြီးတွေဆိုတော့ ရုံးထဲဝင်တဲ့ ပင်မတံခါးကြီး တွေကလည်း အကြီးကြီးတွေပဲပေါ့။ တံခါး အမျိုးအစားက အင်္ဂလိပ်လို့ ရီဗွော့ဗွင်းလ်ဒိုး (revolving door) လို့ခေါ်တဲ့ ဆုံလည်တံခါးကြီး တွေပါ။ မမြင်ဘူးသူတွေ မျက်စိထဲ ခံစားလို့ရအောင် ပုံပါတခါထဲ တင်ပေးထားပါတယ်။ တံခါးနားမှာ အငြိမ်းစား အရွယ် အဖွားကြီးတယောက် လက်ပွေ့အိတ်ကြီးနဲ့တွေ့လို့ နိုင်ငံကြီးသား ပီသစွာနဲ့ သူ့ကိုအရင် ဝင်ခွင့်ပေးလိုက် ပါတယ်။ သူကလည်း သိုင်းကျူုးတို့ ယူအာဗဲရီးကိုင်းတို့ ပြောလို့ ကျွန်နော်ကလည်း အားကျမခံ ယူအာဝဲလ်ကမ်းတို့ အစ်တ်အစ်မိုင်ပလက်စ်ရှာတို့ဆိုပြီး ပြန်ဘိုလို မှုတ်တာပေါ့။ အဲဒီအထိ အခြေအနေက ဟုတ်နေတာပါပဲ။
သူလည်းဝင်သွာရော ကျွန်နော်လည်း နောက်က လိုက်ဝင်တာပေါ့။ ဖြစ်ချင်တော့ ကျွန်နော် တောသားက သူဝင်သွားတဲ့ တံခါးရွက်ထဲ လိုက်ဝင်သွားတာကိုး။ အဲဒီတော့ တံခါးရွက် နှစ်ခုကြားထဲမှာ သူနဲ့ကျွန်နော်နဲ့ ဂျိမ်းတုပ် ဂျိမ်းတုပ် ဖြစ်ကြတာပေါ့။ တံခါးရွက်ကြားက နေရာက ကျွန်နော့်အမြင်မှာ (အဲဒီတုန်းကပေါ့လေ) အကျယ်ကြီးပါ။ ရန်ကုန်က ကားစပယ်ရာတွေ ပြောသလိုဆိုရင် ကလို့တောင် ရနိုင်ပါတယ်။ ဒီတော့ ကျွန်နော်လည်း သူ့နောက်က လိုက်ဝင်သွားမိတာပေါ့။ ဆုံလည်းတံခါး ဆိုတာ ဝင်သွားသူရဲ့လက်နဲ့ တံခါးမှန်ဘောင်ကို တွန်းပြီး လူကလိုက်ဝင် သွားရတာပါ။ အဲဒီမှာ ကျွန်နော်တို့ နှစ်ယောက်က ကျပ်ပြီး ရှေ့ကသူတွန်းလည်း နောက်ကကျနော်နဲ့ တံခါးက ခံနေတော့ ကက်စက်တိပ် ညပ်သလို ဂတ်ဂတ် ဂတ်ဂတ်နဲ့ ဖြစ်နေကြတာပေါ့။ အပြင်လည်းရောက်ရော ဘွားတော်က ကျွန်နော် သဘောထားကြီစွာနဲ့ ရှေ့ကသွားခွင့် ပေးခဲ့တာမှ မထောက်၊ ရေရေလည်လည် ကောပါလေရောဗျာ။ တော်ပါသေးရဲ့ နယ်မြို့ဖြစ်တော့ လူလည်းသိပ်မရှုပ်လို့၊ နို့မို့ရင် လူတွေကြားထဲမှာ အရှက်ကွဲလိုက်မဲ့ ဖြစ်ခြင်း။ ကိစ္စလည်းပြီးလို့ အောက်ပြန်ဆင်းတော့ တထိတ်ထိတ်နဲ့ အင်း..ဘွားတော်နဲ့များ ပြန်တွေ့ အုံးမလားပေါ့။ နောက်တော့ သေချာပြန်စဉ်းစား ကြည့်မိတယ်။ ဘာကြောင့် ငါဒီလောက်တောင် တုံးရ သလဲလို့။ မြန်မာပြည်မှာတုန်းကလည်း ထူထူအအ မဟုတ်ခဲ့။ သူတို့လူမျိုးတွေနဲ့လည်း အဆက်အဆံ ဆိုတာလည်း အထိုက်အလျောက် ရှိခဲ့ဘူးတာပဲ။ ရုံးပြင်ကန္ဒား ကိစ္စတွေ ဆိုတာလည်း ရင်းနှီးပြီးသား။ ဆုံလည်တံခါးမျိုးကို အရင်က မကြုံခဲ့ဘူးပေမဲ့ ခမ်းနားထည်ဝါတဲ့ အဆောက်အဦးတွေ ဟိုတယ်တွေ ဆိုတာ စိမ်းနေခဲ့တာမှ မဟုတ်ခဲ့တာ။
အခုအချိန် ညဏ်မှီသလောက် စဉ်းစားမိတာကတော့ ဆင်းရဲခေါင်းပါးတဲ့ တိုင်းပြည်မှာ လူလား မြောက်ခဲ့ရလို့ လို့ထင်ပါတယ်။ ဟိုးငယ်စဉ်ဘဝကထဲက မွေးချင်းတွေနဲ့ စားစရာ ကစားစရာတွေကို မျှဝေခဲ့ရတယ်။ ကျောင်းတက်တော့လည်း ခုံနဲ့စာရေးစားပွဲက မလောက်မငှ၊ ကြီးလာလို့ အပြင်ကျူရှင် တက်ပြန်တော့လည်း သုံးလေးယောက်ထိုင်ရမဲ့ ခုံတန်းရှည်မှာ ငါးယောက် ခြောက်ယောက် ပြွတ်သိပ်၊ ဟိုသွားဒီသွား ဘတ်စ်ကား စီးပြန်ရင်လည်း ခြေတရပ်စာနေရာကို ရှယ်ရတာ ငါးပိသိပ်ငါးချဉ်သိပ်၊ ပိုက်ဆံပိုပေးပြီး ခေါင်းခန်းက စီးပြန်တော့လည်း နှစ်ယောက်ပဲ စီးရမဲ့ခေါင်းခန်းမှာ သုံးယောက်တောင်၊ အစိုးရရုံးတွေသွား လိုက်ပြန်တော့လည်း ရှိတဲ့နေရာကို မျှနေကြတာ ကော်ရစ်ဒါ စင်္ကြန်လမ်းပေါ် မှာတောင် ရုံးခန်းတွေဖွဲ့လို့၊ ဆေးရုံတွေမှာလည်း ထိုနည်း၎င်း၊ လ္ဘက်ရည်ဆိုင် ထိုင်ပြန်တော့လည်း လက်သန်းလောက် ဖန်ခွက်လေးနဲ့ မစို့မပို့၊ လမ်းဘေးဆိုင်က ထိုင်ဖို့ပေးတဲ့ ခွေးခြေတွေကလည်း ဖင်တခြမ်းစာသာသာ။ စသဖြင့် အရာရာတိုင်း လိုလိုကို မျှဝေသုံးစွဲရမယ်ဆိုတဲ့ ကန့်သတ်ချက် တွေနဲ့ နေသားကျပြီး ချောင်ချောင်လည်လည် ပတ်ဝန်းကျင်နဲ့ ဗြုန်းကနဲလည်း တွေ့ရော လုပ်မိလုပ်ရာ လုပ်နေကြအတိုင်း ဆက်လုပ်မိတာပါပဲ။
နောင်နှစ်ပေါင်း နဲနဲကြာတော့ အလားတူဖြစ်ရပ်မျိုးကို ထပ်ကြံပြန်ပါတယ်။ ဒီတခါ ကိုယ်က ပွဲကြည့် ပရိတ်သတ်ပါ။ ဘဏ်မှာငွေသွင်းဖို့ လိုင်းထဲမှာ တန်းစီနေတုန်း ဂျူးလူမျိုး ရဟူဒီဘာသာရေး ကျောင်းသားငယ်နှစ်ဦးကို ကျွန်နော့်လို တံခါးကြားထဲမှာ အဖွားကြီးနဲ့ ဖြစ်သလို နှစ်ပါးသွားဇာတ်က နေတာတွေ့ပါတယ်။ တွေ့သူအပေါင်းက ပြုံးစိစိနဲ့ပေါ့။ ကျွန်နော်လည်း ရောက်ကာစ ကိုယ့်အဖြစ် အပျက်ကို ပြန်တွေးမိပါတယ်။ ဒါလည်း သံသရာတမျိုးပဲပေါ့။ အဲဒီ ကျောင်းသားလေး နှစ်ယောက်ရဲ့ လေယူလေသိမ်း အသံကို ကြည့်ရတာ သူတို့တိုင်းပြည်ကနေ ရောက်လာတာ ကြာသေးပုံမရ။ ဒါပေမဲ့ သူတို့ အစ္စရေးနိုင်ငံဆိုတာ မြန်မာပြည်လို သိပ်ဆင်းရဲတာမှ မဟုတ်တာ၊ စဉ်းစားရမိသလောက်တော့ သူတို့ကို သင်ကြားထားတဲ့ ကျင့်ဝတ်တွေနဲ့များ ဆိုင်လေမလားမသိဘူး။ မဖြုန်းတီးရ၊ မျှဝေသုံးစွဲရမယ် ဘာညာသာတကာပေါ့။ သူတို့လည်း ငါ့လိုပဲ လုပ်နေကြအတိုင်း လုပ်ခဲ့ကြပုံရတယ်။ ရုတ်တရက် ကြည့်ရင် တူသယောင်ယောင် ရှိပေမဲ့ ပကတိရည်ရွယ်ချက်ချင်းက တခြားစီပါ (အကယ်၍ သူတို့သာ ထင်သလို ဟုတ်ခဲ့ရင် ပေါ့လေ)။ ကျွန်နော့်အဖြစ်က ခေါင်းပါးဆင်းရဲခဲ့လို့ အထုံပါသွားပြီး သုံးရမှန်းကို မသိခဲ့တာ။ သူတို့ကျတော့ အပိုမဖြုန်းရ၊ မျှဝေခံစားရမယ်ဆိုတဲ့ မြင့်မြတ်စင်ကြယ်တဲ့ ကျင့်ဝတ်ကို လိုက်နာခဲ့တာ ဖြစ်နိုင်ပါတယ်။ မဟုတ်ရင်လည်း ဘုန်းတော်ကြီးများက သူတို့ကို ရှုပ်ထွေးပွေလီတဲ့ လူ့လောကနဲ့ အဆက်ပြတ် ကင်းရှင်းအောင် လုပ်ထားလို့ ခေတ်နဲ့မျက်ခြေပြတ် နေကြသလားလဲ မသိတော့ပါဘူး။

4 comments

  • kai

    October 23, 2010 at 7:05 am

    အဲဒီရှယ်တခါးကြီးတွေရဲ့အားသာချက်က…
    အတွင်းကလေအပြင်ကို လွယ်လွယ်မရောက်တာမို ့အင်နာဂျီဆေ့ဗ်ဖြစ်တာတို့..။
    အဝင်အထွက်တပြိုင်ထဲလူအများကြီးလုပ်နိုင်တာတို့..သူခိုးဓမြတွေရုတ်တရက်ထွက်ပြေးဖို့ခက်တာတို့…ဖြစ်တယ်သိရပါတယ်..။

    တချို ့အလိုအလျှောက်လည်တာတွေများဆို လက်နဲ့မထိရ၊ မတွန်းရတောင် သတိပေးစာကပ်ထားသေးတယ်..။
    ယောင်လို့များလက်နဲ့မထိနဲ့ ဆင်ဆာကအလုပ်လုပ်ပြီး…ကန့်လန့်ကြီးထစ်နေရော..။
    ဆိုတော့..
    ယူအက်စ်မှ… မှတ်သားစရာများတခုပေါ့..။
    ဆက်ရေးပါဗျာ..။ နောင်ဆိုမြန်မာတွေ..အပြင်ထွက်လာတာများတော့မှာ…
    ဗဟုသုတပေါ့..။

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 23, 2010 at 7:38 am

    ( နောင်ဆိုမြန်မာတွေ..အပြင်ထွက်လာတာများတော့မှာ…)
    တညိုးရီး

    • kai

      October 23, 2010 at 7:43 am

      ၁၉၈၈နောက်ပိုင်း မြန်မာတွေအပြင်ထွက်တာ… သန်းနဲ့ချီတယ်လေဗျာ..။
      မြန်မာ့ရာဇဝင်မှာ..အများဆုံး..အပြင်ထွက်ကြတာပဲ..။ ထွက်ပြေးကြတယ်ဆို…. ပိုမှန်မလားပဲနော..။

      အခုလည်း… ထွက်ကြဦးးးးးမှာ…။
      ဆွေမျိုးတွေအပြင်မှာများလာလို့… အဆက်အသွယ်နဲ့ယူပြီးထွက်တာပြောတာပါနော..။ တခြား..အတွေးမခေါင်နဲ့..နော်…နော်..။

  • naywoonni

    October 23, 2010 at 10:07 am

    ဟုတ်ပါတယ်
    ဒီမှာနေတဲ့သူတွေလည်းဗဟုသုတရတာပေါ့
    ဆက်လက်ဖတ်ရှုနေပါ့မယ်

Leave a Reply