တန်ဆောင်မုန်းလပြည့်နေ့
တန်ဆောင်မုန်းလသည် မြန်မာလများမှာ ရှစ်လမြောက်ဖြစ်ပြီး အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် ကျရောက်ပါတယ်။
ဒီလမှာ ကထိန်အလှူပွဲတော်၊ မသိုးသင်္ကန်းရက်လှူပွဲ၊ ပံ့သကူပစ်ပွဲ၊ ကြာသင်္ကန်းကပ်လှူပွဲ၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ ရှင်မာလဲပွဲတော်တို့ကို ကျင်းပတဲ့ တန်ဆောင်မုန်းလဆိုလည်း မမှားပါဘူးရှင်။
ကထိန်လို့ဆိုတဲ့နေရာမှာ သင်္ကန်းဖြတ်ခြင်း၊ ချုပ်ခြင်း၊ ဆိုးခြင်း၊ ခင်းခြင်း စတဲ့ ကထိန်မှုနှင့် စပ်ဆိုင်တဲ့အရာအားလုံးကို ခြုံငုံပြီး သုံးစွဲတဲ့ ဝေါဟာရတစ်မျိုးဖြစ်ပါတယ်။ ကထိန်သင်္ကန်းအလှူဟာ တစ်နှစ်မှာ တစ်လ၊ တစ်လမှာ တစ်ကြိမ်သာ အချိန်အခါနှင့် ပြုရသော ကာလဒါနဖြစ်ပါတယ်။ ကထိန်ပွဲတော်ကို ပုဂ္ဂလိက ကထိန်ပွဲ၊ ဘုံကထိန်ပွဲနှင့် ပစ္စည်းရှင်တစ်ဦးက မတည်ဦးစီးပြီး လူအများစုက ဝိုင်းဝန်းကူညီလှူဒါန်းသော ကထိန်လို့ခေါ်ဆိုပြီး ကျင်းပလေ့ရှိကြပါတယ်။ မြန်မာများရဲ့ ချစ်စရာ ဓလေ့ အလှူဒါနပြုတဲ့ပွဲလို့ ပြောလို့ရတာပေါ့။ ဒီလို လှူဒါန်းခြင်းဟာ မြို့ရွာနယ်ပယ်ဒေသအသီးသီးမှာ ပြုလုပ်လေ့ရှိကြပါတယ်။ တန်ဆောင်တိုင်ဆိုရင် တောင်ကြီးမှာ မီးပုံပျံပွဲတော်လို့ ခေါ်တဲ့ အများပြည်သူငေးရလောက်အောင် မီးပုံပျံပွဲတော်ကို ခြိမ့်ခြိမ့်သဲ ကျင်းပကြပါတယ်။ ကျွန်မတော့ တစ်ခါမှ မရောက်ဖူးသေးဘူး။ တန်ဆောင်တိုင်ရောက်တိုင်း အရမ်းသွားချင်စိတ်တော့ ဖြစ်မိပါတယ်။ ဟော ကျောက်ဆည်မြို့ကျတော့ ဆင်ကပွဲတွေ ပြုလုပ်ကြပြန်ပါတယ်။ ကျွန်မတို့ မြန်မာတွေဟာ ဘယ်လောက် ကျက်သရေမင်္ဂလာရှိတဲ့ အလှူဒါနမျိုးတွေပြုလုပ်သလဲဆိုတာသာ ကြည့်ပါတော့။ အင်း ဒါနဲ့ သင်္ကန်းအကြောင်းဆက်ပါဦးမယ်။ သင်္ကန်းအပ်နှင်းမှု၊ ချုပ်ဆိုးမှုများ ညတွင်းချင်းပြီးစေပြီး အရုဏ်မတက်မီ လှူဒါန်းနိုင်သော သင်္ကန်းကို မသိုးသင်္ကန်းလို့ ခေါ်ပါတယ်။ ပံ့သကူပစ်ပွဲမှာ သင်္ကန်း စသည့် သံဃာ့အသုံးအဆောင်ပစ္စည်းများကို တိတ်တဆိတ် စွန့်ပစ်လှူဒါန်းခြင်းဖြစ်ပါတယ်။ ပိတ်သားတွေပေါ်မှာ ရွှေရောင်စက္ကူ၊ ရွှေဝါရောင် ဖဲကြာပွင့်ကြီးများ ထိုးထားတဲ့သင်္ကန်းများကိုလည်း ကြာသင်္ကန်းလို့ ခေါ်ပြန်ပါတယ်။ ရှေးအခါကတော့ ဘုရားရှင်ကို ကပ်လှူပြီး ယခုအခါ စေတီပုထိုးများနှင့် ဘုရားရုပ်တုများမှာ ရစ်ပတ်လှူဒါန်းကြပါတယ်။
နောက်ပြီး တန်ဆောင်တို်င်မီးထွန်းပွဲတော်သည် နက္ခတ်ပွဲသဘင် မီးထွန်းပွဲသာ ဖြစ်ပါတယ်။ ရှင်မာလဲပွဲဆိုတာကလည်း ရှင်မာလဲမထေရ်က တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း ဝေဿန္တရာဇာတ်တော်ကို ဟောကြားတာကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ပွဲလို့လည်း ဆိုစမှတ်ပြုကြပါတယ်။ နောက် ကျွန်မတို့ မသိတဲ့ ပွဲတော်တွေလည်း ရှိပါသေးတယ်။ မသိတာထက် မြို့တွေမှာ မလုပ်တာလည်း ပါတာပေါ့လေ။ အဲဒါက လှော်ကားပုံပြုပြီး လှော်ကားထက်တွင် အသီးတစ်ထောင်၊ အပွင့်တစ်ထောင်၊ ထမင်းဆုပ်တစ်ထောင်၊ ဆီမီးတစ်ထောင် တင်ပြီး လှူဒါန်းကြခြင်းကြောင့် လှော်ကားပွဲတော်၊ ထောင်ပြည့်ပွဲတော်လို့ ခေါ်ကြပါတယ်တဲ့။ အင်း အခုခေတ်မှာတော့ အဲဒီပွဲတွေက ကွယ်ပျောက်လုရှိနေပြီ ထင်မြင်မိပါတယ်။
တန်ဆောင်မုန်းလပြည့်နေ့မှာ ဆေးပင်အပေါင်းတို့ကို စောင့်တဲ့နတ်တို့သည် မဲဇလီပင်စောင့်နတ်မင်းအား လာရောက်ခစားကြတယ်လို့ အစွဲပြုကာ မဲဇလီပင်သည် ဆေးပေါင်းခသည့်အပင်ဟု ယူဆကြပြီး အနာမျိုး ၉၆ ပါးကင်းရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့လေ တန်ဆောင်မုန်းလပြည့်နေ့တွေမှာ မဲဇလီဖူးသုတ်တို့ မဲဇလီဟင်းချိုတို့ စားတဲ့ဓလေ့ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ အဲ နောက်တစ်ရက်ကျတော့ သူခိုးကြီးများနေ့ဆိုပြီး ကျွန်မတို့ ငယ်တုန်းကတော့ သူများအိမ်ရှေ့က ပစ္စည်းတွေ ယူပြီး ကြည့်မရတဲ့အိမ်တွေရှေ့ကို သွားချကြပါတယ်။ ပျော်ဖို့လည်း ကောင်းတယ်ရှင့်။ အမှန်ပြောရရင် ကျွန်မတို့ မြန်မာတွေဟာ အပျော်ကော အလှူတွေကော ၁၂ လ ရာသီမှာ ၁၂ လလုံးရှိနေတာကို အံ့ဩစွာ တွေ့ရှိရပါတယ်။ အင်း ဒါနဲ့ ဘာလိုလိုနဲ့ ဆောင်းတွင်းထဲကို ဝင်မှန်းမသိ ဝင်လာနေပြန်ပြီနော်။ ကဲ အားလုံးပဲ တန်ဆောင်မုန်းလမှာ အလှူဒါနများကို ကျွန်မနဲ့အတူ ဆင်နွှဲကြရအောင်နော်။