ဒိုင်ယာလော့ခ်နှင့် မြန်မာပြည်
ဒိုင်ယာလော့ခ်နှင့် မြန်မာပြည်
ပြည်တွင်းရေး ပဋိပက္ခ (intra-state conflict) တွေမှာ ဖြစ်ဖြစ်၊ နိုင်ငံအချင်းချင်းအကြားမှာ ဖြစ်ပွားတဲ့ ပဋိပက္ခ (inter-state conflict) တွေမှာပဲဖြစ်ဖြစ် ဒိုင်ယာလော့ခ်ဆိုတဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းကို ပဋိပက္ခဖြေရှင်းရေးနည်းလမ်း တခုအနေနဲ့ အသုံးပြုလေ့ရှိကြပါတယ်။ နိုင်ငံရေးအယူအဆကွဲပြားမှု၊ လူမျိုးရေး ကွဲပြားမှု၊ ဘာသာရေး အယူဝါဒ ကွဲပြားမှု စတာတွေကနေ ပဋိပက္ခတွေ ဖြစ်ပွားလာတဲ့အခါ တဘက်နဲ့တဘက် ရန်သူလို သဘောထားလာကြတဲ့ ပဋိပက္ခ ဝန်းကျင်အတွင်းမှာ တူညီတဲ့ ဘုံသဘောထားတွေ ရှာဖွေဖို့နဲ့ ကွဲပြားခြားနားမှုတွေအကြား ညှိနှိုင်းဆွေးနွေး အဖြေရှာဖို့ ဒိုင်ယာလော့ခ်တွေ ပြုလုပ်ကြရပါတယ်။ ဒိုင်ယာလော့ခ်တွေ ပြုလုပ်ရင်းနဲ့ ပဋိပက္ခဖြစ်ပွားရတဲ့ အခြေခံ အကြောင်းရင်းတွေထဲက လိုအပ်ချက် (needs) တွေနဲ့ အကျိုးစီးပွား (interests) တွေကို ဖော်ထုတ်ပြီး ပဋိပက္ခမဟုတ်တဲ့ တခြား ဘယ်လိုနည်းနဲ့ ဒါတွေကို ဖြေရှင်းနိုင်မလဲဆိုတာကို ရှုထောင့်သစ်တွေကနေ သုံးသပ်ပြီး ဆွေးနွေးအဖြေရှာကြပါတယ်။ မြန်မာနိုင်ငံလို နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေ ရှိနေတဲ့ နိုင်ငံတနိုင်ငံအတွက် ဒိုင်ယာလော့ခ်တွေဟာ မဖြစ်မနေ လိုအပ်ချက်ပါပဲ။
မြန်မာ့နိုင်ငံနှင့် ပဋိပက္ခ အမွေဆိုးများ
မြန်မာနိုင်ငံဟာ ပဋိပက္ခ အမွေဆိုးတွေ ဆက်ဆံထားတဲ့ နိုင်ငံလေးတခုဖြစ်ပါတယ်။ သက်ဦးဆံပိုင် ဘုရင်စနစ်နဲ့ လူမျိုးကြီးဝါဒ အမွေဆိုးတွေကြောင့် မျိုးဆက်တွေ တဆက်ပြီးတဆက် လက်ဆင့်ကမ်း သယ်ဆောင်လာကြတဲ့ လူမျိုးရေး ပဋိပက္ခတွေ မြန်မာနိုင်ငံမှာ ရှိနေပါတယ်။ ပဒေသရာဇ်စနစ် အမွေဆိုးတွေကြောင့် လူမျိုးစုတခုနဲ့တခုအကြား နယ်မြေလုရာကနေ စတင်လာတဲ့ ပဋိပက္ခတွေလဲ ရှိပါတယ်။ ကိုလိုနီနယ်ချဲ့စနစ် အမွေဆိုးတွေကြောင့် တောင်ပေါ်မြေပြန့် နယ်မြေပေါ်မှာ အခြေခံပြီး ဖြစ်ပွားလာတဲ့ ပဋိပက္ခတွေလဲ ရှိပါတယ်။ ကမာ္ဘစစ်မှာ ကြားညပ်ခဲ့တဲ့ အတွေ့အကြုံကြောင့် ဘက်လိုက်ရင်း ကွဲပြားမှုကနေ စတင်လာတဲ့ လူမျိုးရေးပဋိပက္ခတွေ ရှိနေပါတယ်။ စစ်အေး တိုက်ပွဲနဲ့အတူ ကြီးထွားလာခဲ့တဲ့ အတွေးအခေါ်ရေးရာ ပဋိပက္ခတွေလဲ ရှိပါတယ်။ နိုင်ငံကြီးတွေရဲ့ နောက်ကွယ်က စွက်ဖက်မှုတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ လွှမ်းမိုးမှုတွေကနေ ပေါ်ထွက်လာတဲ့ ပဋိပက္ခတွေလဲ ရှိပါတယ်။ ဘိန်းကုန်ကူးမှုကနေ ကျယ်ပြန့်လာခဲ့တဲ့ စီးပွားရေးအားပြိုင်မှု၊ နိုင်ငံရေး ကြိုးကိုင်ချယ်လှယ်မှုဆိုင်ရာ ပဋိပက္ခတွေလဲ ရှိပါတယ်။
ဒီပဋိပက္ခတွေကို စစ်အာဏာရှင်စနစ်ရဲ့ အမွေဆိုးတွေက မီးလောင်ရာ လေပင့် လုပ်ခဲ့ပြန်ပါတယ်။ လက်နက်ကိုင် တော်လှန်ရေးနယ်မြေက ပြည်သူလူထုတွေကို နှိပ်စက်သတ်ဖြတ်ခြင်း၊ ရွာမီးရှို့ခြင်း၊ အတင်းအကြပ်ပြောင်းရွှေ့နေရာချခြင်း စတာတွေကို ပြုလုပ်ခဲ့ကြတဲ့အတွက် တိုင်းရင်းသားလူမျိုးတွေ အကြားက ပဋိပက္ခတွေက ပိုပြီးကြီးထွားလာခဲ့ပါတယ်။ စစ်အင်အားတိုးချဲ့ခြင်း၊ သံတမန်ရေးရာ လုပ်ထုံးလုပ်နည်းများ ဖောက်ဖျက်ခြင်း၊ မူးယစ်ဆေးဝါး ကုန်ကူးမှုအား နောက်ကွယ်မှ ထောက်ခံအားပေးခြင်း စတာတွေကြောင့် အိမ်နီးချင်းနိုင်ငံများနဲ့ ပဋိပက္ခတွေကလဲ ကြီးထွားလာခဲ့ပါတယ်။ အတွေးအခေါ်ရေးရာမှာလဲ တိတိပပမရှိပဲ လည်သူစားစတမ်းလုပ်နေတာကြောင့် နိုင်ငံကြီးတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး အားပြိုင်မှုအကြားမှာ မြန်မာနိုင်ငံက ကြားညပ်နေရပြန်ပါတယ်။ ဘာသာရေးပဋိပက္ခကို နိုင်ငံရေးပဋိပက္ခ ဖြေရှင်းနည်း တခုအနေနဲ့ အသုံးချတာကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေကလဲ ပေါ်ထွက်နေပါတယ်။
ဒီလိုပဋိပက္ခပေါင်းစုံ အမြစ်တွယ်ပျံ့နှံ့နေတဲ့ နိုင်ငံတနိုင်ငံဟာ ကမ္ဘာဖွံ့ဖြိုးမှု နောက်အကျဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေတာ အဆန်းတော့ မဟုတ်ပါ။ ဖွံ့ဖြိုးတိုးတက်ရေးရှုထောင့်ကို အခြေခံပြီး သုံးသပ်သူတွေက နိုင်ငံရေးတည်ငြိမ်မှုကို အလေးမထားပဲ ဖွံ့ဖြိုးတိုးတက်ရေးကိုပဲ ဦးစားပေးရမယ်လို့ ဆိုတတ်ကြပါတယ်။ ဒီအဆိုဟာ မှားယွင်းပါတယ်။ နိုင်ငံရေးတည်ငြိမ်မှုရအောင် ကြိုးစားနေချိန်မှာ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားမပေးသင့်ဟု မဆိုလိုပါ။ တပြိုင်တည်း ဖွံ့ဖြိုးတိုးတက်ရေးကိုလဲ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ သို့ပေမယ့် နိုင်ငံရေးတည်ငြိမ်မှုကိုတော့ ရေရှည်အကျိုးစီးပွား တရပ်အနေနဲ့ မလွဲမသွေ ဦးစားပေးရမှာပါ။ ဖွံ့ဖြိုးတိုးတက်ရေး ပရောဂျက်ငယ်လေးတွေအတွက် ထောက်ပံ့ကြေးငွေ အနည်းငယ်ကို အသာထားဦး။ တကမာ္ဘလုံးက ချေးငွေတွေ၊ အလှူငွေတွေအားလုံး မြန်မာနိုင်ငံကို စုပြုံရောက်ခဲ့ရင်တောင် လာဘ်ပေးလာဘ်ယူမှု၊ အလွဲသုံးစားမှု ဗဟိုဘဏ်မှ ထိရောက်သော monetary policy, fiscal policy မူဝါဒများ မချမှတ်နိုင်မှု၊ ဘိန်းကုန်ကူးသမားများအား စစ်လက်နက်ပစ္စည်းများ ဝယ်ယူသည့် ငွေများကို ခေတ္တစိုက်ခိုင်းထားပြီး နိုင်ငံတော်မှ ပြန်လည်ပေးချေသည့်နည်းလမ်းဖြင့် ငွေမည်းငွေဖြူပြောင်းမှု စသည်များဖြင့် မတည်မငြိမ်ဖြစ်နေသော ငွေကြေးဈေးကွက်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကျဉ်းပေးနိုင်မှာ မဟုတ်ပါ။
တကယ်တော့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အန်ဂျီအိုအသွင်နဲ့ လုပ်ဆောင်နိုင်မှုဟာ အမှောင်ထဲမှာ ဖယောင်းတိုင် ထွန်းပေးတာနဲ့ တူပါတယ်။ ဒီဖယောင်းတိုင် အလင်းရောင်လေးတွေဟာ နိုင်ငံရေး မတည်ငြိမ်မှုဆိုတဲ့ လေနဲ့တွေ့တဲ့အခါ အကြိမ်ကြိမ် မီးငြိမ်းသွားတတ်ပါတယ်။ မီးမငြိမ်းရင်လဲ ဖယောင်းတိုင် အလင်းရောင်ဖြစ်တဲ့အတွက် ကျယ်ပြန့်တဲ့၊ ရေရှည်ခံတဲ့ အလင်းရောင်ကို မပေးနိုင်ပါဘူး။ ဒါကြောင့် နိုင်ငံရေးတည်ငြိမ်မှုရှိရေးဆိုတဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံကြီးတွေ တည်ဆောက်ပြီး အလင်းရောင် ပေးနိုင်ဖို့လိုပါတယ်။ ဒီလိုလုပ်ဆောင်မှုဟာ ဖယောင်းတိုင်ထုတ်လုပ်တာ၊ မီးညှိပေးတာ လောက်တော့ လွယ်မှာ မဟုတ်ပါဘူး။ မြန်မြန်ဆန်ဆန်ပြီးမှာလဲ မဟုတ်ပါဘူး။ ဒါကို အကြောင်းမရှိ အကြောင်းရှာပြီး အန်ဂျီအိုလုပ်သူတွေနဲ့ တော်လှန်ရေးသမားတွေ အကြား သူသာတယ်၊ ငါသာတယ်နဲ့ အငြင်းပွားနေလို့လဲ မရပါဘူး။
မြန်မာ့နိုင်ငံရေးမှာ လူမျိုးရေးပဋိပက္ခ၊ အတွေးအခေါ်ရေးရာ ပဋိပက္ခတွေအပြင် ဒီလို ကယ်တင်ရှင် ပဋိပက္ခတွေကလဲ ရှိနေပါသေးတယ်။ စစ်တပ်ကလဲ ပြည်တွင်းစစ်၊ ကျူးကျော်စစ်တွေကို ဆင်နွှဲခဲ့တဲ့ သမိုင်းအစဉ်အလာကို ပြပြီး တိုင်းပြည်ရဲ့ ကယ်တင်ရှင်လို့ ယူဆပါတယ်။ တော်လှန်ရေးသမားတွေကလဲ တော်လှန်ရေးဖြတ်သန်းမှု အစဉ်အလာကို ပြပြီး တိုင်းပြည်ကြီးကို မဖြစ်မနေ ကယ်တင်ရတော့မယ့် ကယ်တင်ရှင်လို့ သတ်မှတ်ကြပါတယ်။ civil society အားကောင်းအောင် ချဲ့ထွင်ရမယ့် အန်ဂျီအို လုပ်သူတွေကလဲ လူထုလူတန်းစားတွေအကြားမှာ ကူညီဆောင်ရွက်ပေးရင်း တိုင်းပြည်ရဲ့ အနာဂတ်ကံကြမ္မာကို ဆုံးဖြတ်ပေးရတော့မယ့် လူတွေကို သူတို့ဘာသူတို့ ထင်လာကြပြန်ပါတယ်။ တကယ်တမ်းကျတော့ မြန်မာပြည်အနာဂတ်ကို လူတဦးတယောက်တည်း၊ တဖွဲ့တည်းက မဆုံးဖြတ်ပေးနိုင်ပါဘူး။ မြန်မာနိုင်ငံရဲ့ ကယ်တင်ရှင်အစစ်အမှန်ဟာ နိုင်ငံရေးတည်ငြိမ်မှု ပါပဲ။ နိုင်ငံရေးတည်ငြိမ်မှုရှိမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိထိရောက်ရောက် အကောင်အထည် ဖော်လို့ရပါတယ်။ လူနေမှုအဆင့်အတန်း မြင့်မားအောင် ပြုလုပ်လို့ရပါတယ်။ တိုင်းပြည်ရဲ့ ပညာရေး၊ ကျန်းမာရေး အဆင့်အတန်းကို ပြည့်ပြည့်ဝဝ မြှင့်တင်လို့ရပါတယ်။
ဒီလိုနိုင်ငံရေးတည်ငြိမ်မှု ပန်းတိုင်အတွက် အရေးကြီးဆုံးအချက်က အမျိုးသားညီညွတ်ရေး (National Unity) ပါပဲ။ ဒီ အမျိုးသားညီညွတ်ရေးကိုလဲ အမျိုးသားပြန်လည်သင့်မြတ်ရေး (National Reconciliation) ကိုဖော်ဆောင်ပြီးမှ တည်ဆောက်ယူလို့ ရပါတယ်။ အဲဒီအမျိုးသား ပြန်လည်သင့်မြတ်ရေးကိုလဲ ဒိုင်ယာလော့ခ်နည်းလမ်းကို အသုံးပြုပြီး ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေ၊ ဒီမိုကရေစီတော်လှန်ရေးအင်အားစုတွေနဲ့ စစ်တပ်အကြားမှာ တွေ့ဆုံဆွေးနွေးပွဲလေးတွေကအစ ညီလာခံကြီးတွေ အထိ အဆင့်ဆင့်ကို ဖြတ်သန်းကြရဦးမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ တိုင်းရင်းသားလူမျိုးစုဆိုတာမှာလဲ လူမျိုးစုတခုချင်းမှာတင် ဒေသခံခေါင်းဆောင်၊ လက်နက်ကိုင်တော်လှန်ပြီး အပစ်ရပ်ထားတဲ့ အဖွဲ့အစည်းခေါင်းဆောင်၊ လက်နက်ကိုင်တော်လှန်နေဆဲ ခေါင်းဆောင်၊ ပြည်ပအခြေချခေါင်းဆောင်၊ ၉ဝ ရွေးကောက်ပွဲ ရွေးကောက်ခံ ကိုယ်စားလှယ် (ပြည်တွင်း၊ ပြည်ပ) တွေဆိုပြီး ခေါင်းဆောင်တွေ အများအပြားရှိပါတယ်။ ဒီမိုကရေစီ တော်လှန်ရေး အင်အားစုတွေမှာလဲ မြေပေါ်ပါတီ၊ မြေအောက်ပါတီ၊ ပြည်ပရောက်အဖွဲ့အစည်းတွေဆိုပြီး အမျိုးမျိုး ကွဲပြားနေပါတယ်။ စစ်တပ်ဆိုတာမှာလဲ ဘောင်းဘီဝတ်စစ်အုပ်စု၊ ဘောင်းဘီချွတ်စစ်အုပ်စု စတာတွေအပြင် hardliners ဂိုဏ်း၊ softliners ဂိုဏ်း စတာတွေကလဲ ရှိပါသေးတယ်။ စစ်တပ်ကို အတွေးအခေါ်နဲ့ လုပ်နည်းလုပ်ဟန်အရ ဝန်းရံပေးထားတဲ့ အရပ်သားပညာသည် အုပ်စု စတာတွေကလဲ ရှိပါသေးတယ်။ ဒီလိုကွဲပြားနေတဲ့ အစုအဖွဲ့တွေအကြားမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ တွေ့ဆုံဆွေးနွေးပွဲလေးတွေကနေ ညီလာခံကြီးတွေအထိ မဖြစ်လာမချင်း အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဖော်ဆောင်လို့ မရပါဘူး။
နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲမှုတွေအတွက် လှုပ်ရှားဆောင်ရွက်ကြရာမှာ ပြည်ပအခြေစိုက်အဖွဲ့နဲ့ ပြည်တွင်း အခြေစိုက်အဖွဲ့တွေဟာ ချိတ်ဆက်လို့ပဲရပါတယ်။ ပေါင်းစည်းလို့ မရပါဘူး။ မြေပေါ်အဖွဲ့ အစည်းတွေနဲ့ မြေအောက်အဖွဲ့အစည်းတွေလဲ ဒီအတိုင်းပါပဲ။ ချိတ်ဆက်ပြီး ဟန်ချက်ညီ လှုပ်ရှားလို့ပဲရပါတယ်။ ပေါင်းစည်းလို့ မရပါဘူး။ ဒါကြောင့် ပြည်ပမှာလုပ်တဲ့ တွေ့ဆုံဆွေးနွေးပွဲ၊ လက်နက်ကိုင် တော်လှန်ရေးနယ်မြေမှာလုပ်တဲ့ တွေ့ဆုံဆွေးနွေးပွဲ၊ ပြည်တွင်းမှာမြေပေါ်အဖွဲ့တွေ လုပ်တဲ့ တွေ့ဆုံဆွေးနွေးပွဲ၊ ပြည်တွင်းမှာ မြေအောက်အဖွဲ့တွေလုပ်တဲ့ တွေ့ဆုံဆွေးနွေးပွဲ၊ လူမျိုးစုတွေအကြားက ဆွေးနွေးပွဲ၊ လူမျိုးစုတွေနဲ့ စစ်တပ်အကြားက ဆွေးနွေးပွဲ၊ စစ်တပ်နဲ့ နီးစပ်ရာ တိုင်းရင်းသား ခေါင်းဆောင်တွေအကြားက ဆွေးနွေးပွဲ၊ တော်လှန်ရေးအင်အားစုတွေအကြားက ဆွေးနွေးပွဲ၊ တော်လှန်ရေးနဲ့ လူမျိုးစုခေါင်းဆောင်တွေအကြားက ဆွေးနွေးပွဲ စတဲ့ ဆွေးနွေးပွဲတွေအားလုံးဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်စဉ် (National Reconciliation Process) ထဲက ကြိုးပမ်းမှု အဆင့်ဆင့်တွေပဲ ဖြစ်ပြီး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အုတ်မြစ်ချနိုင်တဲ့ Highly Inclusive Dialogue ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီလို ဒိုင်ယာလော့ခ်မျိုး ဖြစ်ပေါ်လာဖို့ ဆိုတာကလဲ အသွင်ကူးပြောင်းကာလ ကြားဖြတ်အစိုးရ (Interim Government) အသွင်တမျိုးမျိုး မပေါ်ထွက်လာပဲနဲ့ ဖြစ်နိုင်ချေ မရှိပါဘူး။ ဒိုင်ယာလော့ခ်ကို စဉ်းစားရင် ဒီအချက်ကို အလေးအနက် စဉ်းစားဖို့ လိုအပ်ပါတယ်။
ဒိုင်ယာလော့ခ်နှင့် အသွင်ကူးပြောင်းကာလ ကြားဖြတ်အစိုးရ
ဒိုင်ယာလော့ခ်နဲ့ ပတ်သက်ရင် တောင်အာဖရိကနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုက နာမည်ကြီးလှပါတယ်။ လူအများရဲ့ နှုတ်ဖျားမှာ မင်ဒဲလားနဲ့ ဒိုင်ယာလော့ခ်က ရေပန်းစားလှပါတယ်။ အမှန်တကယ် တောင်အာဖရိကရဲ့ နိုင်ငံရေးသမိုင်းကို ပြောင်းလဲပေးလိုက်တဲ့ အချက်ကြီး တချက်ကတော့ လူအများကြားမှာ ရေပန်းမစားလှပါဘူး။ အဲဒါကတော့ ၁၉၈ဝ နှောင်းပိုင်းကာလမှာ တောင်အာဖရိကနိုင်ငံရဲ့ ပဋိပက္ခအဆင့်ဟာ နှစ်ဘက်စလုံးက မရှုံးမနိုင်တော့တဲ့ အခြေအနေ (mutually hurtling stage) ကို ရောက်နေခဲ့ပြီဆိုတာပါပဲ။ တောင်အာဖရိကအစိုးရအနေနဲ့ အာဏာကိုသာ ဆုပ်ကိုင်ထားနိုင်ပေမယ့် ပြည်ပတရားဝင်မှုကို လုံးဝမရနိုင်တော့တဲ့အခြေအနေပါ။ ဒီမိုကရေစီ အရေးဘက်မှာက ပြည်တွင်းပြည်ပ ထောက်ခံအားပေးမှုကို ရနေပေမယ့် အစိုးရကို ဖြုတ်ချနိုင်မယ့် အဆုံးသတ်အခွင့်အလမ်း မရှိနိုင်တော့တဲ့ အခြေအနေပါ။
ဒါကို တောင်အာဖရိက အစိုးရဖက်က မဟာဗျူဟာလေ့လာရေးကျွမ်းကျင်သူတွေကလဲ သတိထားမိကြသလို၊ အတိုက်အခံတွေကလဲ တွက်ချက်မိကြပါတယ်။ နှစ်ဦးနှစ်ဘက် ထိပ်တိုက်ရင်ဆိုင်နေတာထက်စာရင် တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ကို စဉ်းစားလာကြတယ်။ ဒိုင်ယာလော့ခ်လမ်းကြောင်းပေါ်ကို နှစ်ဘက်စလုံးက စစ်မှန်တဲ့ အတွေးအခေါ်နဲ့ တက်လာကြတာပါ။ ဒီလိုတက်လာတဲ့အခါမှာလဲ de Klerk အစိုးရက အသွင်ကူးပြောင်းမှုဆိုင်ရာ ကြားဖြတ်အစိုးရ အသွင်လေးမျိုးထဲက တမျိုးဖြစ်တဲ့ incumbent-led caretaker government အသွင်ကို ယူပြီးမှ မင်ဒဲလားနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ စလုပ်ခဲ့တာပါ။ ပြီးတော့မှ ငြိမ်းချမ်းရေးစာချုပ်ကို ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေအကြား လက်မှတ်ထိုးကြပြီး၊ နောက်တဆင့်အနေနဲ့ ဒီမိုကရက်တစ်ညီလာခံကို ကျင်းပနိုင်ခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလဲ ၂၀၀၈ ခုနှစ်မှာ အိမ်စောင့်အစိုးရက ဦးဆောင်ပြီးမှ နိုင်ငံရေးပါတီ ၁၉ ခုနဲ့ ဒိုင်ယာလော့ခ် ပေါ်ထွက်လာခဲ့တာပါ။
အီရတ်အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်စဉ်မှာလဲ ကမ္ဘာ့ကုလသမဂ္ဂက ဦးဆောင်ပြီး ဖွဲ့စည်းပေးတဲ့ international interim government ရဲ့ အခန်းကဏ္ဍက အရေးပါခဲ့ပါတယ်။ ဆိုမာလီးယားနိုင်ငံမှာလဲ ၁၉၉၁ ခုနှစ်မှာ Siad Barre regime ပြိုလဲသွားတဲ့အခါ အတိုက်အခံတွေက ဦးဆောင်တဲ့ကြားဖြတ်အစိုးရ opposition-led provisional government ကို ဖွဲ့စည်းပြီး၊ နောက်ခြောက်လအကြာမှာ reconciliation meeting ကို ခေါ်ခဲ့ကြပါတယ်။ ဒီလိုခေါ်ဆိုမှုမှာတောင် Highly inclusive dialogue မဖြစ်ခဲ့တဲ့အတွက် နောက်ထပ်ကြားဖြတ်အစိုးရတွေ ထပ်ပေါ်လာပြီး နိုင်ငံခွဲထွက်ရေးတောင်းဆိုမှုတွေ၊ အာဏာရှင် ဟောင်းရဲ့ နောက်လိုက်တွေ ပုန်ကန်မှုတွေ ကနေ state collapse အထိ ဖြစ်ခဲ့ဖူးပါတယ်။ ဆယ့်တနှစ်ကျော်ကြာ ပြည်တွင်းစစ်ဖြစ်ပွားခဲ့တဲ့ Burundi နိုင်ငံမှာလဲ ၂၀၀ရ ခုနှစ်မှာ လူမျိုးစုတွေအကြား ပါဝါခွဲဝေယူတဲ့ ကြားဖြတ်အစိုးရ (power-sharing interim government) ပေါ်ထွက်လာပြီးမှ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဒိုင်ယာလော့ခ်တွေ ပြုလုပ်လာကြပါတယ်။
ဒါကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်စဉ်ကို အကောင်အထည်ဖော်တဲ့အခါမှာ တွေ့ဆုံ ဆွေးနွေးပွဲတွေ၊ ညီလာခံတွေ ထောင်သောင်းချီပြီး လိုအပ်တာမှန်ပေမယ့် အုတ်မြစ်ကို တကယ်ချနိုင်မယ့် Highly inclusive Dialogue ဖြစ်လာဖို့အတွက်ကတော့ အတိုက်အခံဦးဆောင်တဲ့ ကြားဖြတ်အစိုးရ (opposition-led provisional government)၊ ပါဝါခွဲဝေယူသော ကြားဖြတ်အစိုးရ (power-sharing interim government) နိုင်ငံတကာကြားဖြတ်အစိုးရ (international interim government) နဲ့ အာဏာရှင်ဦးဆောင် အိမ်စောင့်အစိုးရ (incumbent-led caretaker government) စတဲ့ အသွင်ကူးပြောင်းကာလ ကြားဖြတ်အစိုးရ အသွင်တမျိုးမျိုး ပေါ်ထွက်လာရေးဟာ လိုအပ်ချက်တရပ်ပဲ ဖြစ်ပါတယ်။ ဒီအချက်ဟာ အလွန်အရေးကြီးပါတယ်။ ဒီအချက်ကို အာရုံမစိုက်ရင် ဒိုင်ယာလော့ခ် ပေါ်ထွက်လာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ တွန်းအား (leverage) နဲ့ ပတ်သက်တဲ့ မဟာဗျူဟာ ရွေးချယ်မှုတွေမှာ မှားယွင်းစေနိုင်ပါတယ်။ political deadlock ဖြစ်စေနိုင်ပါတယ်။
ဒိုင်ယာလော့ခ်နှင့် တွန်းအား (leverage)
တွန်းအားဆိုတာမှာ အကြမ်းဖျင်းအားဖြင့် normative leverage, coercive leverage နဲ့ walk-away leverage ဆိုပြီး သုံးမျိုးရှိပါတယ်။ normative leverage ဆိုတာက ကမာ္ဘတဝှမ်းမှာ လူအများလက်ခံထားကြတဲ့ လူမှုရေးစံနှုန်းတွေ (social norms)၊ သိပ္ပံနည်းကျစံနှုန်းတွေ (scientific norms) ကို အသုံးပြုဖြင့် ဒိုင်ယာလော့ခ်ဖြစ်လာအောင် တွန်းအားပေးတာပါ။ ဥပမာ– နိုင်ငံတနိုင်ငံရဲ့ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားအောင် ကြိုးပမ်းဆောင်ရွက်ရေးဟာ နိုင်ငံတော်အစိုးရရဲ့ တာဝန်တရပ်ပါ။ ဒီတာဝန်ကို ထိရောက်အောင် အားစိုက်ဆောင်ရွက်မှု မရှိဘူးဆိုရင် ဒီအချက်ကို နိုင်ငံတကာအသိုင်းအဝိုင်းက သိလာအောင် တော်လှန်ရေးသမားတွေက မီးမောင်းထိုးပြကြရပါတယ်။ တိုးတက်မှု နှောင့်နှေးစေတဲ့ ပြဿနာအကြောင်းရင်း အခြေခံ (root causes) တွေကို ဖော်ထုတ်ပြီး ဒီလိုပြဿနာတွေကို collaborative problem solving ချဉ်းကပ်နည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာပြီး ဝိုင်းဝန်းဖြေရှင်းကြဖို့ နိုင်ငံတကာက ထောက်ခံအားပေးမှုအတွက် ကင်ပိန်းတွေ လုပ်ကြရပါတယ်။
ဒါဟာ normative leverage strategy ကို အသုံးပြုခြင်းပါပဲ။ လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူသားတို့ရဲ့ အခြေခံလိုအပ်ချက်များ ပြည့်စုံရေး၊ တရားမျှတမှုရှိရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး စတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ ချမှတ်ထားတဲ့ စံနှုန်းတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ သံတမန်ရေးရာ ပိတ်ဆို့အရေးယူမှု၊ စီးပွားရေး ပိတ်ဆို့အရေးယူမှုစတဲ့ အရေးယူမှု သဏ္ဍာန်တွေ အများအပြား ရှိတဲ့အတွက် ဒီ normative leverage strategy ကို အသုံးပြုမှုဟာ ထိရောက်မှုလေးတွေ ရှိပါတယ်။ သို့ပေမယ့် ဘယ်အတိုင်းအတာအထိ ထိရောက်နိုင်မလဲ ဆိုတာမှာကတော့ အသွင်ကူးပြောင်းကာလမှာ ဘယ်လိုကြားဖြတ်အစိုးရ ပေါ်ပေါက်လာရေးကို ဦးတည်မျှော်လင့်သလဲ၊ မျှော်လင့်ချက်အတိုင်း ဖြစ်နိုင်ချေရှိမရှိ ဆိုတာပေါ်မှာ မူတည်ပါတယ်။
အသွင်ကူးပြောင်းကာလမှာ နိုင်ငံတကာအစိုးရတွေက လူသားချင်းစာနာမှုဖြင့် ဝင်ရောက်ကျူးကျော်မှု (Humanitarian Intervention) ကနေ ပေါ်ထွက်လာတဲ့ ကြားဖြတ်အစိုးရ (International interim-government) ကို ဦးတည် မျှော်လင့်တယ်ဆိုရင် normative leverage strategy တခုတည်းပဲ ကျင့်သုံးဖို့ သင့်လျော်ပါတယ်။ အာဏာရှင်နဲ့ တော်လှန်ရေးသမားတွေအကြားက တိုက်ပွဲဗဟိုချက်မက နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်ပါတယ်။ နိုင်ငံတကာကင်ပိန်းကိုပဲ အရှိန်မြှင့် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံနဲ့ နိုင်ငံရေးပထဝီဝင် အနေအထားအရ ဒီမဟာဗျူဟာ တခုတည်းပဲ ကျင့်သုံးရင် နောင်နှစ်ပေါင်း ငါးဆယ်၊ တရာအထိ အောင်မြင်ဖို့ မလွယ်ကူပါဘူး။
စစ်အေးတိုက်ပွဲပြီးဆုံးသွားခဲ့ပေမယ့် အနောက်အုပ်စုနဲ့ တရုတ်နိုင်ငံတို့အကြားက စစ်ရေး၊ စီးပွားရေး အင်အားချိန်ခွင်လျှာ ညှိမှုတွေက ၂၁ ရာစုကာလမှာ ကျယ်ကျယ်ပြန့်ပြန့် ထင်ရှားနေပါပြီ။ မြန်မာနိုင်ငံဟာ တရုတ်ပြည်ရဲ့ စစ်ရေး အချက်အချာဒေသဖြစ်သလို၊ အိန္ဒိယသမုဒ္ဒရာ စိုးမိုးရေး ဆိုင်ရာ maritime strategy တခုဖြစ်တဲ့ ပုလဲသွယ်စီမံချက် (String of Pearls) ထဲမှာ ပါဝင်နေတဲ့ နိုင်ငံတခုဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တရုတ်နိုင်ငံရဲ့ စွမ်းအင်လုံခြုံရေး (energy security) အတွက် အမေရိကန်ရေတပ်ထိန်းချုပ်နယ်မြေမှာရှိတဲ့ မလက္ကာရေလက်ကြားကို ရှောင်ကွင်းပြီး တရုတ်ပြည်၊ ယူနန်နယ်ထဲအရောက် ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ ပို့ပေးနိုင်မယ့် ပိုက်လိုင်းက မြန်မာနိုင်ငံကို မလွဲမသွေ ဖြတ်ကို ဖြတ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်ဟာ တရုတ်ပြည်အတွက် စစ်ရေး၊ စီးပွားရေး မဟာဗျူဟာတန်ဖိုး (strategic value) မြင့်မားနေတဲ့ နိုင်ငံတခုပါ။ ဒီနိုင်ငံထဲကို အနောက်အုပ်စုဦးဆောင်တဲ့ နိုင်ငံတကာစစ်တပ်တွေ ရောက်လာမယ့် အခြေအနေကို တရုတ်ပြည်ဟာ ဘယ်လိုအခြေအနေမျိုးမှာမှ ခွင့်ပြုမှာ မဟုတ်ပါဘူး။ အနောက်အုပ်စုနိုင်ငံတွေအနေနဲ့ကလဲ တရုတ်နဲ့ စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်ပြီး မြန်မာ့ဒီမိုကရေစီအရေးကို ဝင်ရောက်ကူညီမှု လုပ်မယ့် အခြေအနေတွေ မရှိသေးပါဘူး။ ဖြစ်လာခဲ့ရင်လဲ ကိုးရီးယားစစ်ပွဲလို proxy war ပဲ ဖြစ်လာပြီး၊ မြန်မာပြည် စစ်မြေပြင်ဖြစ်သွားမှာပါ။ ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာပြည်ကို လူသားချင်းစာနာမှုနဲ့ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုကို မျှော်လင့်ပြီး ချမှတ်တဲ့ normative leverage strategy ဟာ လက်တွေ့ကျတဲ့ နိုင်ငံရေး မဟာဗျူဟာ ဖြစ်လာမှာ မဟုတ်ပါဘူး။
နောက်ထပ် ကြားဖြတ်အစိုးရအသွင်တမျိုးဖြစ်တဲ့ အာဏာရှင်က အသွင်ကူးပြောင်းဖို့ ဦးဆောင်ဖွဲ့စည်းတဲ့ အိမ်စောင့်အစိုးရ (incumbent-led caretaker government) ကို ဦးတည်ပြီး မဟာဗျူဟာ ချမှတ်တဲ့ အခါမှာတော့ normative leverage strategy ကိုသာမက coercive leverage strategy ကိုပါ အသုံးပြုဖို့ လိုအပ်ပါတယ်။ coercive leverage strategy ကို အသုံးပြုမှုမှာ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်တွေ ပါဝင်လာပါတယ်။ normative leverage strategy ကို အသုံးပြုမှုကနေ ပေါ်ထွက်လာတဲ့ နိုင်ငံတကာဖိအားနဲ့ ပြည်တွင်းက ပြည်သူလူထုရဲ့ mass rolling actions တွေကို ပေါင်းစပ်ပြီး အာဏာရှင်တွေကို မဖြစ်မနေ ဒိုင်ယာလော့ခ် လုပ်အားအောင် တွန်းအားပေးမှုဖြစ်ပါတယ်။ အာဏာရှင်တွေရဲ့ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားရင် ပေးဆပ်ရမှု (costs of staying in power) ကို ကြီးထွားလာအောင် လုပ်ပြီး၊ အသွင်ကူးပြောင်းလိုတဲ့ အိမ်စောင့်အစိုးရအသွင်ဆောင်လာအောင် လုပ်ဆောင်မှုဖြစ်ပါတယ်။ ဒီလို normative leverage နဲ့ coercive leverage ကို ပေါင်းစပ်အသုံးပြုမှုကလဲ ထိရောက်မှုတွေရှိပါတယ်။
သို့ပေမယ့် ဘယ်အတိုင်းအတာအထိ ထိရောက်မလဲ ဆိုတာကတော့ အာဏာရှင်တွေရဲ့ Strategic Doctrine အပေါ်မှာ မူတည်ပါတယ်။ မြန်မာစစ်အုပ်စု အဆက်ဆက်တို့ရဲ့ အတိုက်အခံနိုင်ငံရေးလောကအပေါ်မှာ ချမှတ်ကျင့်သုံးခဲ့တဲ့ Strategic Doctrine က ချေမှုန်းရေးကို အခြေခံတဲ့ containment ပေါ်လစီ ဖြစ်ပါတယ်။ ဒီပေါ်လစီက တွေ့ဆုံဆွေးနွေးရေး နဲ့ အပေးအယူပြုလုပ်ညှိနှိုင်းရေး ကိုအခြေခံတဲ့ appeasement ပေါ်လစီနဲ့ အမြစ်ပြတ်ချေမှုန်းရေးကို အခြေခံတဲ့ rollback ပေါ်လစီကြားမှာရှိတဲ့ ပေါ်လစီဖြစ်ပါတယ်။ အတိုက်အခံတွေကို ချေမှုန်းတာ မှန်ပေမယ့် အမြတ်ပြတ်ချေမှုန်းရေးအထိ ဆက်မလုပ်ပဲ တစတစ အင်အားချိနဲ့လာစေပြီး အတိုင်းအတာတခုမှာပင် ရပ်နေလိုက်ခြင်းမျိုးဖြစ်ပါတယ်။ ပြီးတော့မှ ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေးဆိုတာကို သူတို့ ချမှတ်ထားတဲ့ စည်းကမ်းဘောင်တွေအတွင်းက ပြုလုပ်ပြီး ပါဝင်သွားတဲ့ အတိုက်အခံများကို နိုင်ငံရေးအရ သင်းကွပ်ခြင်းကို ဆက်လက်ပြုလုပ်လေ့ရှိပါတယ်။ သူတို့ စည်းဘောင်အတွင်းကို မဝင်လာတဲ့ အတိုက်အခံတွေကို rollback ပေါ်လစီသုံးပြီး အပြုတ်တိုက်ရေး ဆက်လုပ်လေ့ရှိပါတယ်။ မြန်မာ့နိုင်ငံရေးသမို်င်းမှာ ဒီလို ဖြစ်စဉ်တွေ အများအပြား ရှိခဲ့ပြီး ဖြစ်ပါတယ်။
ဥပမာဆိုရရင် မြန်မာပြည်စစ်အာဏာရှင်စနစ်ကို အုတ်မြစ်ချပေးစ ကာလလို့ ဆိုနိုင်တဲ့ ၁၉၅၅–၅၆ ခုနှစ်၊ နိုင်ငံရေးအခင်းအကျင်းတွေ မှာတုန်းက ဖဆပလအစိုးရဟာ ပျူစောထီးစီမံကိန်းနဲ့ တော်လှန်ရေးသမားတွေကို နှိမ်နင်းဖို့လုပ်သလို၊ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ထုတ်ပြန်ပြီး အတိုက်အခံအင်အားစုများ အင်အားချိလာစေရေးကိုလဲ ပြုလုပ်ခဲ့ပါတယ်။ တော်လှန်ရေးအတိုက်အခံအင်အားစုကြီးဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ၅၅ လမ်းစဉ်နဲ့ အတိုက်အခံနိုင်ငံရေးအင်အားစုတွေရဲ့ ပမညတ တပ်ပေါင်းစုကြီး ပေါ်ထွက်လာပြီး၊ ငြိမ်းချမ်းရေးအသံတွေ ပေါ်ထွက်နေချိန်မှာ အောင်မာဃစစ်ဆင်ရေးကို ဆင်နွှဲပြီး ချေမှုန်းရေးတွေ ပြုလုပ်ခဲ့ပါတယ်။ တော်လှန်ရေးအင်အားစုရဲ့ တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်တွေကို ပုတ်ထုတ်ပြီး စစ်ရေးကို အရှိန်မြှင့်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးတံခါးတွေကို ပိတ်ပစ်ခဲ့ပါတယ်။ containment ပေါ်လစီကနေ နောက်ပြန်ဆုတ်ပြီး appeasement ပေါ်လစီနဲ့ တွေ့ဆုံဆွေးနွေးရေး စားပွဲပေါ် တက်လာတဲ့ လုပ်နည်းလုပ်ဟန်တွေကို မြန်မာပြည်စစ်အာဏာရှင်စနစ် အုတ်မြစ်ချစ အဲဒီခေတ်ကာလကနေ ယနေ့မျက်မှောက်အချိန်ကာလအထိ မတွေ့ရသေးပါဘူး။ ရှစ်လေးလုံးအရေးတော်ပုံကာလ၊ ၉ဝ ရွေးကောက်ပွဲအလွန်ကာလ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်ရပ်စဲမှုများ၊ အမျိုးသားညီလာခံ၊ လမ်းပြမြေပုံခုနစ်ချက်၊ ၂၀၀ရ ရွှေဝါရောင်တော်လှန်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၁ဝ ရွေးကောက်ပွဲ စတဲ့ စစ်အုပ်စုရဲ့ နိုင်ငံရေး ဖြတ်သန်းမှုခြေလှမ်းတိုင်းမှာ containment ပေါ်လစီသဘောတရားတွေကို အခြေခံထားပါတယ်။ ဒီခြေလှမ်းတွေအရ စစ်အုပ်စုဟာ ခြေလှမ်းတွေကို နောက်ပြန်ဆုတ်ပြီး၊ အာဏာရှင်က အသွင်ကူးပြောင်းဖို့ ဦးဆောင်ဖွဲ့စည်းတဲ့ အိမ်စောင့်အစိုးရ (incumbent-led caretaker government) အသွင်နဲ့ ဒိုင်ယာလော့ခ် လုပ်လာဖို့ဆိုတာ ဖြစ်နိုင်ချေ ရာခိုင်နှုန်း တော်တော်နည်းပါတယ်။
အဲဒီလိုဆိုရင် တိုင်းပြည်အတွက် အရေးကြီးတဲ့ Highly inclusive Dialogue ဖြစ်လာအောင် ဦးတည်လှုပ်ရှားရမယ့် ကြားဖြတ်အစိုးရသဏ္ဍာန်က နှစ်မျိုးပဲ ကျန်ပါတယ်။ အတိုက်အခံများက ဦးဆောင်သော ကြားဖြတ်အစိုးရ (opposition-led provisional government) နဲ့ ပါဝါခွဲဝေယူသော ကြားဖြတ်အစိုးရ (power-share interim government) တို့ပဲ ဖြစ်ပါတယ်။ အသွင်ကူးပြောင်းမှုကာလမှာ ဒီလိုအစိုးရတွေ ပေါ်ထွက်လာရေးက normative leverage strategy, coercive leverage strategy တွေကို ကြားဖြတ်အစိုးရတရပ် ပေါ်ထွက်လာရေးအထိ ဦးတည်ပြီး စီမံချက်ရေးဆွဲ အကောင်အထည်ဖော်နိုင်မှု လိုအပ်ပါတယ်။ ဒီအခြေအနေမှာ တိုက်ပွဲရဲ့ ဗဟိုချက်မ ဟာ ပြည်တွင်းတော်လှန်ရေး အင်အားစုတွေဆီမှာ ဖြစ်ပါတယ်။ နိုင်ငံတကာကင်ပိန်းတွေ ဘယ်လောက်ပဲ လုပ်လုပ် ပြည်တွင်းတော်လှန်ရေး အင်အားစုတွေက အားမကောင်းရင် မအောင်မြင် နိုင်ပါဘူး။ ဒီအတွက် ဘက်ပေါင်းစုံက ကြိုတင်ပြင်ဆင်မှုတွေ လိုအပ်ပါတယ်။ မြေပေါ်မြေအောက် ချိတ်ဆက်မှုတွေ လိုပါ တယ်။ တပ်မတော်တွင်းက လူထုဘက်တော်သား တပ်မှူး၊ တပ်သားများကို လျှို့ဝှက် စည်းရုံးချိတ်ဆက်မှုတွေ လိုပါတယ်။ ရန်သူရဲ့ နိုင်ငံရေး ခြေလှမ်းအမှားတွေကို တွက်ချက်ပြီး ဖွင့်ချဖို့ လိုပါတယ်။
အရေးကြီးဆုံးက အချိန်မကျခင်မှာ ရန်သူ့သတ်ကွင်းထဲ မဝင်မိအောင် ခြေလှမ်းတွေကို သတိနဲ့ ဆင်ခြင်တတ်ဖို့ လိုပါတယ်။ အင်အားပြနိုင်တိုင်း ရန်သူကို မအောင်မြင်နိုင်ပါဘူး။ မလိုအပ်ပဲ ကိုယ့်အင်အားကို ထုတ်နှုတ်ပြီး၊ အင်အားပြဖို့ ကြိုးစားရင် သတ်ကွင်းထဲမှာ ဖြစ်နေတဲ့အခါ အလဟဿ ပြုန်းတီးနိုင်ပါတယ်။ နိုင်ငံရေးစစ်ပွဲမှာဖြစ်ဖြစ်၊ စစ်ရေးအရ စစ်ပွဲမှာဖြစ်ဖြစ် ထိုးစစ်ဆင်တဲ့အခါ ကွပ်ကဲမှု ဆိုတာ လိုအပ်ပါတယ်။ စတင်မယ့် ရ– ရက် ကို ခန့်မှန်းချေလေးပဲ ဖြစ်ဖြစ် တဘက်ရန်သူကို အသိမပေးရပါ။ မီဒီယာ သတင်းမုဆိုးတွေ ထောင်ပေါင်းများစွာ ရှိနေတဲ့ ကမာ္ဘ့ဒီမိုကရေစီ နိုင်ငံကြီးတွေမှာတောင် ရှိသမျှ စစ်ရေး၊ နိုင်ငံရေး သတင်းအချက်အလက်မှန်သမျှ မီဒီယာကို သတင်းမထုတ်ပြန်ပါ။ လှုံ့ဆော်တာနဲ့ စီမံချက်နဲ့ကို ကွဲပြားဖို့ လိုအပ်ပါတယ်။ မီဒီယာက မီဒီယာသမား အလုပ်လုပ်ပါတယ်။ နိုင်ငံရေးသမားက နိုင်ငံရေးသမားအလုပ် လုပ်ရပါမယ်။ စောင့်စည်းရမယ့် ကျင့်ဝတ်တွေ မတူညီပါဘူး။ ဒါတွေကို မရောစပ်မိဖို့ အရေးကြီးပါတယ်။ နိုင်ငံရေးပါတီ၊ အဖွဲ့အစည်း တိုင်းမှာ mass media နဲ့ ဆက်ဆံတဲ့ protocol တွေ ရှိဖို့ လိုပါတယ်။ အကယ်၍ ရန်သူ့ထောက်လှမ်းရေးများမှ အသံလွှင့် မီဒီယာများတွင်ပါသည့် ပြည်တွင်းလှုပ်ရှားမှု သတင်းများကို နားထောင်ပြီး၊ အတိုက်အခံ ဘလော့များတွင် တင်ထားသော လှုပ်ရှားမှုဓာတ်ပုံများ၊ ဗွီဒီယိုများမှတဆင့် တော်လှန်ရေးသမားများကို ခြေရာခံ ဖမ်းဆီးမိသွားပါက ရန်သူတော်၍လား၊ မိမိညံ့၍လားဆိုတာ မေးစရာပင် လိုမည် မဟုတ်ပါ။
ဒီလို normative leverage strategy, coercive leverage strategy တွေကို ပေါင်းစပ်အသုံးပြုပြီး အတိုက်အခံတွေ ဦးဆောင်တဲ့ ကြားဖြတ်အစိုးရ (သို့မဟုတ်) လူထုနှင့် ပူးပေါင်းလာသော တပ်မှူးများနဲ့ ပါဝါရှယ်ယာကြားဖြတ်အစိုးရ ပေါ်ထွက်လာရေးအတွက် ဦးတည်လှုပ်ရှားတာကို တချို့က ဒိုင်ယာလော့ခ်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို သွေဖည်တာလို့ ယူဆကြပါတယ်။ လက်တွေ့မှာ မဟုတ်ပါဘူး။ တွန်းအား (leverage) နဲ့ ပတ်သက်တဲ့ မဟာဗျူဟာတွေထဲမှာ walk-away leverage strategy ဆိုတာလဲ ရှိပါသေးတယ်။ ဒါကို နိုင်ငံရေးပညာရှင်တွေက best alternative to a negotiated agreement (BATNA) လို့ ခေါ်ဝေါ်သုံးစွဲပါတယ်။ တွေ့ဆုံဆွေးနွေးရေး မဟုတ်တဲ့ အခြားအကောင်းဆုံး ရွေးချယ်မှုနည်းလမ်းကို ခေါ်ဆိုတာပါ။ ဒါကလဲ ဒိုင်ယာလော့ခ်တွေ ပေါ်ထွက်လာရေးအတွက် တွန်းအားတခုပါပဲ။ ဒီတွန်းအားက တိုင်းပြည်ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အာဏာရှင်တွေကလဲ ဒီလိုတွန်းအားမျိုးကို ပြန်ပြီး အသုံးပြုတတ်လို့ပါပဲ။
ပြည်တွင်းရေး ပဋိပက္ခတွေမှာ အာဏာရှင်တွေအတွက် စေ့စပ်ဆွေးနွေးရေး မဟုတ်တဲ့ BATNA ကတော့ political liberalization အတွေးအခေါ်ကို အခြေခံတဲ့ အာဏာရှင်ရွေးကောက်ပွဲ (authoritarian election) များ ကျင်းပခြင်းနဲ့ အာဏာရှင် ရုပ်သေးအစိုးရ တရပ် ပေါ်ပေါက်လာရေးဖြစ်ပြီး၊ အတိုက်အခံတွေအတွက် စေ့စပ်ဆွေးနွေးရေးမဟုတ်တဲ့ BATNA ကတော့ Initial Transition အတွေးအခေါ်ကို အခြေခံတဲ့ လူထုတိုက်ပွဲ၊ လက်နက်ကိုင် တိုက်ပွဲများမှ တဆင့် ပြည်သူ့အစိုးရ (ဝါ) ကြားဖြတ်အစိုးရ တရပ် ပေါ်ပေါ်လာရေး ဖြစ်ပါတယ်။ အာဏာရှင်တွေဘက်က ဒီလိုတွန်းအားကို သုံးပြီး ၊ ရွေးကောက်ခံအာဏာရှင်စနစ်ရဲ့ ယောင်ပြတွေ့ဆုံဆွေးနွေးပွဲတခုကို အတုအယောင်ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အာဏာရှင်ရုပ်သေးအစိုးရကို အသုံးချပြီး ကမ်းလှမ်းခေါ်ယူတတ်တာတွေ ရှိပါတယ်။ ဒီလို ကမ်းလှမ်းမှုတွေဟာ အစစ်အမှန် တွေ့ဆုံဆွေးနွေးပွဲမဟုတ်ပဲ အာဏာရှင်စိတ်တိုင်းကျ conditions တွေ ချမှတ်လုပ်မှာ ဖြစ်တဲ့အတွက် ပါဝင်ရေး လုပ်မလုပ်ကို အလွန်သတိကြီးကြီးနဲ့ စဉ်းစားဆုံးဖြတ်ကြရမယ့် နိုင်ငံရေးအချိုးအကွေ့ဖြစ်ပါတယ်။ တကယ်လို့ အာဏာရှင်ဘက်က စေ့စပ်ဆွေးနွေးရေးကို ရှောင်ရှားနိုင်မယ့် BATNA ကို အကောင်အထည် ဖော်နေချိန်အထိ အတိုက်အခံတွေဘက်မှာ BATNA မရှိပဲ စေ့စပ်ဆွေးနွေးရေးကိုပဲ တောင်းဆိုနေခဲ့ရင်တော့ အာဏာရှင်အလိုကျ ဒိုင်ယာလော့ခ် ပေါ်ထွက်လာမှာ အသေအချာပါပဲ။
ဒီလိုနိုင်ငံရေးအချိုးအကွေ့ကို လက်မခံနိုင်ပဲ စစ်မှန်တဲ့ ဒိုင်ယာလော့ခ်ပေါ်ထွက်လာရေးကို ဦးတည်ဆောင်ရွက်လိုရင်တော့ အတိုက်အခံတွေဘက်မှာ အတိုက်အခံဦးဆောင်ကြားဖြတ်အစိုးရ (သို့) ပါဝါရှယ်ယာကြားဖြတ်အစိုးရပေါ်ထွက်ရေးအတွက် တော်လှန်ရေး BATNA ရှိနေဖို့ လိုအပ်လာပါပြီ။ အဲဒီကနေတဆင့် တော်လှန်ရေးနဲ့တက်လာတဲ့ ကြားဖြတ်အစိုးရသစ်ဟာ ဒိုင်ယာလော့ခ်ခေါ်ယူပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းပေါ်ကို တက်လှမ်းရမှာ ဖြစ်ပါတယ်။ ဒါက walk-away leverage strategy ကို အသုံးပြုမှုပြီး ဒိုင်ယာလော့ခ်ဖြစ်လာအောင် ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးနှင့် ဒိုင်ယာလော့ခ် အလားအလာ
လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေကို သုံးသပ်ကြည့်ရင် သုံးပွင့်ဆိုင်ဒိုင်ယာလော့ခ်နှစ်ခုနဲ့ နှစ်ပွင့်ဆိုင်ဒိုင်ယာလော့ခ်တခု ပေါ်ထွက်လာနိုင်ပါတယ်။ စစ်အုပ်စုက သူတို့စိတ်တိုင်းကျရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကိုင်စွဲပြီး၊ ရွေးကောက်ပွဲကျင်းပထားပြီး ဖြစ်ပါတယ်။ ရွေးကောက်ပွဲအနိုင်ရပါတီကလဲ စစ်အုပ်စုက နှစ်ပေါင်းများစွာ လက်သပ်မွေးကြိုးဆွဲထားခဲ့တဲ့ လက်ကိုင်ဒုတ်အဖွဲ့အစည်းကို အသွင်ပြောင်းထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရအဖွဲ့မှာ စစ်အုပ်စုရဲ့ တိုက်ရိုက်အုပ်ချုပ်ခံ တပ်မတော်သားရာခိုင်နှုန်း ၂၅ ရာခိုင်နှုန်းပါဝင်ပြီး၊ သွယ်ဝိုက်ကြိုးဆွဲရာခိုင်နှုန်းကလဲ ကျန် ၇၅ ရာခိုင်နှုန်းရဲ့ လေးပုံသုံးပုံ ဖြစ်ပါတယ်။ နိုင်ငံရေးအခြေအနေမှာ စစ်အုပ်စုရဲ့ စိတ်တိုင်းကျမဖြစ်ခဲ့ရင် တရားဝင် စစ်အာဏာသိမ်းဖို့ အမြုတေ စစ်ကောင်စီကလဲ လုံခြုံရေးကောင်စီအသွင်သဏ္ဍာန်နဲ့ ပါနေပြီးသား ဖြစ်ပါတယ်။ ဒီလို ရွေးကောက်ခံ အာဏာရှင်စနစ်ကို ကျင့်သုံးမယ့် အစိုးရသစ်က လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ထုတ်ပြန်ကြေငြာပြီး၊ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေကို ခွဲထုတ်ဖို့ ကြိုးပမ်းလာနိုင်ချေရှိပါတယ်။ ပြီးတဲ့အခါ အစိုးရသစ်နဲ့ စစ်အုပ်စုက ရွေးချယ်တဲ့ တိုင်းရင်းသားခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်တွေ စုပေါင်းပြီး ဒိုင်ယာလော့ခ်ပွဲ တခု ပေါ်ထွက်လာနိုင်ပါတယ်။ ဒီပွဲက စစ်အုပ်စုချမှတ်တဲ့ စည်းဘောင်အတွင်းမှာ ဖြစ်တဲ့အတွက် စစ်မှန်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဆောင်ကျဉ်းပေးနိုင်မှာ မဟုတ်ပါဘူး။
အတိုက်အခံတွေဘက်မှာလဲ နှစ်ပွင့်ဆိုင် ဒိုင်ယာလော့ခ်တခုဖြစ်တဲ့ ပင်လုံညီလာခံတခု ပေါ်ထွက်လာရေးကို ဆောင်ရွက်နေကြပါတယ်။ တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားအင်အားစုတွေ အားလုံးပါဝင်နိုင်မှာ မဟုတ်ပေမယ့် အင်အားစုများများ ပါဝင်လာအောင် ဦးဆောင်စည်းရုံးမှုရှိလာခဲ့ရင် အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်ကို အကောင်အထည် ဖော်ဆောင်မှု နှစ်ပွင့်ဆိုင်ဒိုင်ယာလော့ခ်တခု အဖြစ် တွင်ကျန်ရစ်လာမှာ ဖြစ်ပါတယ်။ ပဋိပက္ခတွေကို အဆုံးသတ်ပေးပြီး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆောင်ကျဉ်းပေးနိုင်မယ့် Highly inclusive Dialogue အတွက် အထောက်အကူပြုလာမှာ ဖြစ်ပါတယ်။ ခြေလှမ်းတိုင်းမှာ ဆင်ခြင်တုံတရားနဲ့ သတိကို လက်ကိုင်ပြုဖို့တော့ လိုအပ်ပါတယ်။
နောက်ထပ် ဒိုင်ယာလော့ခ်ကတော့ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆောင်ကျဉ်းပေးနိုင်မယ့် ဒိုင်ယာလော့ခ်ပါ။ ဒီဒိုင်ယာလော့ခ်ပေါ်ထွက်လာရေးကတော့ အတိုက်အခံတွေရဲ့ ရွေးချယ်မှုနဲ့ ပြင်ဆင်ဆောင်ရွက်တတ်မှုတွေအပေါ်မှာပဲ မူတည်ပါတယ်။ ရွေးကောက်ပွဲအလွန်ကာလနိုင်ငံရေးမှာ အတိုက်အခံတွေအတွက် ရွေးချယ်စရာ လမ်းစဉ်သုံးခုရှိပါတယ်။
(၁) ပထမတခုက စစ်အုပ်စုရဲ့ စည်းဘောင်အတွင်းကို အညံ့ခံဝင်ရေးပါ။ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်လာခဲ့ရင် အခွင့်အရေးယူပြီး၊ စစ်အုပ်စုရဲ့ ရုပ်သေးအစိုးရသစ်က ခေါ်မယ့် ဒိုင်ယာလော့ခ်မှာ ပါဝင်ခွင့်ရရေးအတွက် ကြိုးပမ်းမှုပါ။
(၂) ဒုတိယလမ်းစဉ်က အချေမှုန်းခံရေးပါ။ စစ်အုပ်စုဟာ သူတို့ရဲ့ BATNA ဖြစ်တဲ့ လမ်းပြမြေပုံခုနစ်ချက်ကို ကိုင်စွဲထားကြပြီးပါပြီ။ containment strategy ကို အသုံးပြုပြီး အတိုက်အခံများ အင်အားလျော့ရေး၊ အတွေးအခေါ်များ ဝေဝါးစေရေးကိုလဲ လုပ်ဆောင်ထားကြပါပြီ။ သူတို့စိတ်တိုင်းကျခြယ်လှယ်နိုင်မယ့် စည်းဘောင်ထဲကို တော်လှန်ရေး အင်အားစုတွေနဲ့ တိုင်းရင်းသားအင်အားစုတွေကို ကျုံးသွင်းဖို့ကိုလဲ ပြင်ဆင်ထားကြပါပြီ။ ကျုံးသွင်းလို့ မဝင်ရင် ရှေ့တဆင့်တက်ပြီး roll back strategy နဲ့ အပြုတ်တိုက်ချေမှုန်းရေးကိုလဲ စီမံနေကြပါပြီ။ ဒီအခြေအနေမှာ ကိုယ်ပိုင် BATNA မရှိပဲ ဒိုင်ယာလော့ခ်ပဲ တောင်းဆိုရင်တော့ ကျုံးသွင်းပြီး စည်းဘောင်ထဲ အတင်းသွတ်သွင်းတာ ခံရရင်ခံရ၊ ဒါမှမဟုတ် အပြုတ်တိုက် ချေမှုန်းခံရဖို့ပဲ ရှိပါတယ်။
(၃) တတိယလမ်းစဉ်က တန်ပြန်စုဖွဲ့နေရာယူပြီး၊ စနစ်တကျပြင်ဆင်မှုတွေနဲ့ တော်လှန်ရေးတရပ်ဆင်နွှဲဖို့ပါ။ ဒီတော်လှန်ရေးဟာ ကြားဖြတ်အစိုးရ (Interim Government) ပေါ်ထွက်လာရေးကို ဦးတည်တဲ့ အဆုံးသတ်တော်လှန်ရေး ဖြစ်မှကို ရပါမယ်။ စစ်အုပ်စုက တော်လှန်ရေးမပြီးခင် တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းလာချက်တွေကို လက်ခံပြီး၊ ရန်သူကို လျှော့တွက်လို့ မရပါဘူး။ စစ်အုပ်စုဟာ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးကို မလိုလားတဲ့အတွက် သူတို့ ခြယ်လှယ်နိုင်မယ့် ဒိုင်ယာလော့ခ်ကို နိုင်ငံတကာဖိအားတွေကြားက မဖြစ်မနေ အကောင်အထည်ဖော်ခဲ့ကြတာပါ။ သူတို့ဘက်မှာလဲ ရင်းနှီးခဲ့ရတဲ့ အချိန်တွေနဲ့ လက်ကိုင်ဒုတ်တွေ အားတောင့်လာအောင် ပြင်ဆင်ခဲ့ရတဲ့ ကြိုးပမ်းမှုတွေ အများကြီးပါ။ နိုင်ငံတကာက စတိတ်မင့်လေးထုတ်ပြီး ကန့်ကွက်ရုံ၊ ယူအင်က ကိုယ်စားလှယ်လေး လာတွေ့ပြီး စုံစမ်းစစ်ဆေးရုံ၊ လူအများက လမ်းပေါ်ထွက်လာရုံလောက်နဲ့ နောက်ဆုတ်ပြီး စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ် တက်လာဖို့ဆိုတာ ဖြစ်နိုင်ချေ အလွန်နည်းပါတယ်။ စစ်အုပ်စုရဲ့ ရုပ်သေးအစိုးရကို ဖြုတ်ချပြီး ပြည်သူ့အစိုးရ (ဝါ) ကြားဖြတ်အစိုးရတရပ်နဲ့ အစားထိုးနိုင်မှသာ တော်လှန်ရေးက အောင်မြင်မှာ ဖြစ်ပါတယ်။
နိဂုံး
တော်လှန်ရေးတရပ်မှာ လမ်းစဉ်တွေ အများအပြား ရှိတဲ့အနက် အတိုက်အခံတွေရဲ့ မှန်ကန်သောလမ်းစဉ် ရွေးချယ်နိုင်မှုကသာ စစ်မှန်တဲ့ ဒိုင်ယာလော့ခ် ပေါ်ထွက်လာရေးရဲ့ အောင်မြင်ရေးသော့ချက် တခု ဖြစ်ပါတယ်။ နောက်ထပ်သော့ချက်တခုကတော့ capabilities ပါပဲ။ ဘယ်လောက်ပဲ ကောင်းမွန်တဲ့ vision တွေကို ထုတ်ပြန်ကြေညာချက်တွေ ထုတ်ပြီး ကြေညာထား၊ ကြေညာထား၊ ဘယ်လောက်ပဲ မှန်ကန်တဲ့ intent တွေကို လူအများသိအောင် ပြောပြော၊ နောက်ဆုံးတော့လဲcapability မရှိရင် ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။ capability ရှိတယ်ဆိုရင်တော့ ကောက်ခါငင်ခါ ပေါ်လာတဲ့ vision, intent တွေကို ချက်ချင်း အကောင်အထည် ဖော်နိုင်ပါလိမ့်မယ်။ ဒါကြောင့်intent တွေ တကယ်ဖြစ်လာဖို့၊ capability တွေရှိလာအောင် ပြင်ဆင်တည်ဆောက်ရင်း မြနမ် ာပြည်မှာ စစ်မှန်တဲ့ဒိုင်ယာလော့ခ်ပေါ်ထွက်လာရေးကို ဦးတည်ကြိုးပမ်းသင့်ကြပါကြောင်း တိုက်တွန်းရေးသားအပ်ပါတယ်။
ခင်မမမျိုး (၂၃၊ ၁၁၊ ၂၀၁၀)