ကျွန်တော် အရမ်းကြိုက်တဲ့ Post တစ်ခုပါ… ခံစားကြည့်ကြပါဦး။

introApril 6, 20101min1373

အမေရိကန် ကယ်ရီဖိုးနီးယားက ကျွန်းမှာ American Eagle လို့ခေါ်တဲ့ လင်းယုန်ငှက်တစ်မျိုး ရှိခဲ့တယ်။ အဲဒီငှက်ကို လူတစ်ချို့က ဈေးကြီးပေးပြီး ဝယ်ယူကြတဲ့အတွက် ဒေသခံတွေ အလုအယက် ဖမ်းဆီးခဲ့ကြတယ်။
ဒီလိုနဲ့ တဖြေးဖြေး ကျွန်းပေါ်က လင်းယုန်ငှက်တွေ မျိုးတုံးလာခဲ့တယ်။ နောက်ဆုံး ငှက်တွေရဲ့ အရိပ်အယောင်တောင် မတွေ့တော့တဲ့အတွက် လူတွေက ဒီလင်းယုန်ငှက်တွေ ကမာ္ဘပေါ်မှာ လုံးဝမရှိတော့ဘူးလို့ ထင်ခဲ့ကြတယ်။

အမေရိကန် လင်းယုန်ငှက်က ဘယ်လိုငှက်မျိုးလဲ?
အရွယ်ရောက် လင်းယုန်ငှက်တစ်ကောင်ရဲ့ ကိုယ်အလေးချိန်က ကီလို၂ဝအထိ ရှိနိုင်ပြီး ဖြန့်ထားတဲ့အတောင်ပံက ၃မီတာအထိရှိတဲ့ ငှက်ကြီးမျိုးဖြစ်တယ်။
အမေရိကန်လင်းယုန်က ရေပြင်ပေါ်ပျံဝဲရင်း ရုတ်တရက်ထိုးဆင်းပြီး ပင်လယ်ဖျံတစ်ကောင်ကို အလွယ်တကူ ကုတ်ယူနိုင်တဲ့ ငှက်မျိုးဖြစ်တယ်။ ဒီလိုငှက်မျိုး မျိုးတုံးသွားတဲ့အတွက် လူတွေနှမြောနောင်တ ရခဲ့ကြတယ်။ အမေရိကန် လင်းယုန်ငှက်တွေကို ကမာ္ဘပေါ်မှာ ဘယ်တော့မှတွေ့နိုင်တော့မှာ မဟုတ်ဘူးလို့ လူတွေထင်နေချိန်မှာ ဒီငှက်မျိုးကို အထူးလေ့လာ သုတေသနပြုနေတဲ့ အမေရိကန်လူမျိုး Ah. Steven ဆိုသူက တောင်အမေရိကားမှာရှိတဲ့ Andes တောင်တန်းရဲ့ ဂူတစ်ခုမှာ ဒီငှက်တွေကို ရှာဖွေတွေ့ရှိခဲ့တယ်။

ကျယ်ပြန့်တဲ့နေရာ၊ ပင်လယ်ရေပြင်တွေပေါ်မှာ ကျက်စားတတ်တဲ့ လင်းယုန်ငှက်က ဒီလိုကျဉ်းမြောင်းသေးငယ်တဲ့ ဂူထဲမှာ ရှင်သန်နိုင်ခဲ့မယ်လို့ လူတွေတစ်ခါမှ တွေးထင်မထားခဲ့မိကြဘူး။
ဂူထဲမှာ ထိုးထိုးထောင်ထောင် ထိုးထွက်နေတဲ့ ကျောက်ချွန်းတွေရှိတာကို Ah. Steven သတိထားခဲ့မိတယ်။ အဲဒီအပြင် ဂူနံရံတစ်ခုနဲ့တစ်ခုကြား အကွာအဝေးဟာလည်း ဝ.၅ ပေပဲရှိခဲ့တယ်။ အကျဉ်းဆုံးနေရာက နံရံနှစ်ခု ထပ်လုနီးနီးပါပဲ။ တစ်ချို့ကျောက်တွေက ဓါးသွားလို ထက်မြက်ပါးလွှာပြီး တစ်ချို့က သံချောင်းလို ချွန်ထက်နေခဲ့တယ်။
ဒီလိုနေရာမျိုးမှာ ကိုယ်ထည်ကြီးမားတဲ့ လင်းယုန်ငှက်မဆိုထားနဲ့ စာကလေးတောင် ရှင်သန်ဖို့ရာ မလွယ်ကူလှပါဘူး။ အမေရိကန် လင်းယုန်ငှက်တွေ ဘယ်လိုရှင်သန်ခဲ့သလဲ? ပညာရှင်တွေ ဉာဏ်မီအောင် မတွေးတောနိုင်ခဲ့ကြဘူး။

Steven က အဆင့်မြင့်နည်းပညာနဲ့ ဂူထဲက လင်းယုန်ငှက်တစ်ကောင်ကို ဖမ်းဆီးခဲ့တယ်။ အဲဒီနောက် ငှက်ကို သစ်ဆူးသစ်ခက်တွေနဲ့ ပတ်လည်ဝိုင်းလှောင်ထားပြီး သံဆူးကြိုးနဲ့ ဝ.၅ပေသာ ကျယ်ဝန်းတဲ့ ထွက်ပေါက်တစ်ခု လုပ်ခဲ့တယ်။ အဲဒီနောက် အပေါက်ကနေ လင်းယုန်ငှက် ဘယ်လိုပျံထွက်မလဲ ဆိုတာကို စူးစမ်းခဲ့တယ်။
လင်းယုန်ငှက်ဟာ လှောင်အိမ်ထဲကနေ လွတ်လိုက်တယ်ဆိုရင်ပဲ လျှပ်တစ်ပြက်အတွင်း ဝ.၅ပေသာရှိတဲ့ အပေါက်ကနေ ပျံထွက်သွားခဲ့တယ်။ မြန်လွန်းလို့ ဘယ်လိုပျံထွက်သွားမှန်းတောင် မတွေ့ခဲ့ကြရဘူး။ ဒါပေမယ့် Steven က သွင်းထားတဲ့ အခွေကတစ်ဆင့် အနှေးပြကွက်နဲ့ အဖြေကိုရှာခဲ့ပါတယ်။ အပေါက်သေးသေးကနေ ပျံထွက်ချိန် တခဏအတွင်းမှာ လင်းယုန်ငှက်က သူ့အတောင်နှစ်ဖက်ကို ဗိုက်နားကပ်ထားပြီး ခြေနှစ်ချောင်းကို အမြီးနဲ့တစ်ဖြောင့်ထဲ ကပ်ထားလိုက်တယ်။ ခေါင်းနဲ့လည်ပင်းကို မျဉ်းတစ်ဖြောင့် အနေအထားမှာထားပြီး ကြီးမားတဲ့ခန္ဓာကိုယ်ကို ကြိုးတစ်ချောင်းလို့ ပျော့ပျောင်းပစ်လိုက်တယ်။ လူတွေ မတွေးတောမိအောင် သူ့ရဲ့ အပြုအမှုက ပေါ့ပါးလွယ်ကူခဲ့တယ်။

လင်းယုန်ငှက်ကို Steven လေ့လာစူးစမ်းနေတုန်း ငှက်ကိုယ်ပေါ်မှာ အဖုအပိန့် အသားမာတွေနဲ့ ပြည့်နေတာကို သတိထားမိခဲ့တယ်။ အဲဒီအသားမာတွေက ကျောက်တုံးတွေနဲ့ ပွတ်တိုက်သွားနိုင်လောက်တဲ့အထိ မာကျောနေခဲ့တယ်။ တစ်ချိန်က လူတွေရဲ့အဖမ်းအဆီးရန်က ရှောင်နိုင်ဖို့ လင်းယုန်ငှက်တွေဟာ ဂူထဲပုန်းအောင်းခဲ့တယ်။ ဂူထဲမှာ အသက်ဆက်နိုင်ဖို့၊ သေးငယ်တဲ့ဂူနံရံကြားမှာ ပျံသန်းနိုင်ဖို့ ကြီးမားတဲ့ခန္ဓာကိုယ်ကို အပွန်းပဲ့ခံ၊ အပွတ်တိုက်ခံပြီး ပြောင်းလဲခဲ့တယ်။ ကိုယ်ပေါ်က အသားမာတွေနဲ့ ကျောက်နံရံရဲ့ ပွတ်တိုက်ဒဏ်ကို ကာကွယ်ပြီး မျဉ်းတစ်ကြောင်းလို ပျော့ပျောင်းအောင် ကျင့်ခဲ့တယ်။
လူတွေရဲ့ ဖမ်းဆီးပစ်ခတ်ဒဏ်ကို အမေရိကန် လင်းယုန်ငှက်တွေ ရှောင်လွဲမရနိုင်ခဲ့ဘူး။ ကျဉ်းမြောင်းတဲ့ ဂူတွေကို သူတို့မပြောင်းလဲနိုင်ခဲ့ဘူး။ ဒါပေမယ့် သူတို့ကိုယ်သူတို့ ပြောင်းလဲခဲ့ပြီး ရှင်သန်ဖို့ ကြိုးစားခဲ့ကြတယ်။

လူရယ်လို့ဖြစ်လာတဲ့ ကျွန်တော်တို့မှာလည်း ကုန်းထလို့မရ၊ ကိုယ်ကိုစောင်းလှည့်လို့ မရအောင် အဖက်ဖက်ကထိုးနှက်တဲ့ အခက်အခဲမျိုးစုံ ရှိတတ်ကြတယ်။ အဲဒီအခက်အခဲတွေ ကျော်လွှားဖို့၊ ဆက်လက်ရှင်သန်နိုင်ဖို့ ကျွန်တော်တို့က အမေရိကန် လင်းယုန်ငှက်လို ပြုမှုရလိမ့်မယ်။ ကိုယ်ကို ကျုံ့နိုင်သမျှကျုံ့ပြီး ကျယ်ပြန့်တဲ့ ရှင်သန်မှုကို (ဆက်လက်ရှင်သန်ဖို့) ရှာရလိမ့်မယ်။ ကိုယ်ကိုကျုံ့နိုင်ဖို့ရာ မလွယ်ကူလှဘူး။ ထိခိုက်ဒဏ်ရာရတဲ့အခါလည်း ရှိမယ်။ မျက်ရည်ကျတဲ့အချိန်လည်း ရှိမယ်။ ဒါပေမယ့် အဲဒီနာကျင် ထိခိုက်ဒဏ်ကို ခံနိုင်တဲ့လူတွေကမှ သေးငယ်တဲ့အပေါက် (အခက်အခဲ)ကို ဖြတ်ကျော်ပြီး ကျယ်ပြန့်တဲ့ကောင်းကင်ကို တွေ့ရမှာဖြစ်တယ်။
မွေးဖွားရာအရပ်၊ မိဘနဲ့ မိသားစုတွေကို ကျွန်တော်တို့ ရွေးခြယ်ခွင့် မရှိခဲ့ဘူး။ ဖြစ်ခဲ့တဲ့ ဘဝကံကြမ္မာကို ကျွန်တော်တို့ ပြောင်းလဲခွင့် မရခဲ့ဘူး။ ဘယ်လိုအခက်အခဲလဲ၊ ဘယ်လောက်ထိ ထိခိုက်နိုင်သလဲ ဆိုတာကို ကျွန်တော်တို့ ကြိုမသိခဲ့ဘူး။ ဒါကြောင့် အတိတ်ကဖြစ်ခဲ့သမျှကို ကျိန်ဆဲ၊ အပြစ်မတင်ဘဲ လက်ခံ၊ သည်းခံခဲ့ရတယ်။ ဒါပေမယ့် ရှေ့ဆက်ဖြစ်လာနိုင်မယ့် အခြေအနေမှာ ကျွန်တော်တို့ရွေးဖို့ နည်းလမ်းရခဲ့တယ်။ တနည်းပြောရရင် လဲကျရာမှ ပြန်ထဖို့၊ ဒုတိယအကြိမ်ရှင်သန်ဖို့ နည်းရခဲ့တယ်။ ပြောသလို လုပ်ဖို့ရာမလွယ်ဘူးလို့ တစ်ချို့ကပြောကြတယ်။ ဒါပေမယ့် ကိုယ်ကိုစောင်းလှည့်ဖို့၊ ကုန်းထဖို့ရာ လွယ်ကူပါတယ်။ မှန်ကန်တဲ့နည်းလမ်းနဲ့ ဖြစ်လာတဲ့ပြဿနာကို ဖြေရှင်းရုံပါပဲ။

မှန်ကန်တဲ့နည်းလမ်းဆိုတာ ဘာလဲ?
ကိုယ့်ကိုလဲကျရာက ပြန်ထရပ်စေတဲ့၊ ထပ်မလဲစေတဲ့ နည်းပဲဖြစ်တယ်။ ဒီလိုအခြေအနေမျိုးကို ကျွန်တော်တို့လို သာမန်လူတွေလုပ်နိုင်၊ သင်ယူနိုင်တဲ့ အနေအထားနှစ်မျိုးရှိခဲ့တယ်။ အဲဒီနှစ်မျိုးက “မေ့လျော့”တာနဲ့ “လျစ်လျူရှု” တာပဲဖြစ်တယ်။ အသက် (၂ဝ)မတိုင်ခင် လျစ်လျူရှု (ဥပေက္ခာပြု) တတ်ရမယ်။
လျစ်လျူရှုတတ်ဖို့ သင်ရလိမ့်မယ်။ လျစ်လျူရှုုတာ သူရဲဘောကြောင်လို့ မဟုတ်ဘဲ ရှင်သန်ဖို့ နည်းလမ်းသာဖြစ်တယ်။ အထူးသဖြင့် အားငယ်ချိန်၊ ဘေးရန်က မကာကွယ်နိုင်ခင်မှာဖြစ်တယ်။ တကယ်လို့ ကိုယ်ဟာမွဲတေနေတယ်ဆိုရင် ဆင်းရဲသားလို့ ကဲ့ရဲ့လှောင်ပြောင်လာတဲ့ လူတစ်ချို့ကို လျစ်လျူရှုတတ်ရမယ်။ တကယ်လို့ သာမန်လူတန်းစားက မွေးဖွားလာတဲ့ကိုယ့်ကို အထင်သေး၊ မောက်မာပြတဲ့ လူတွေကို လျစ်လျူရှုတတ်ရမယ်။ တကယ်လို့ ကိုယ့်မှာဘာကျောထောက်နောက်ခံမှ မရှိဘူး၊ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ မရှိဘူးဆိုရင် လိုတရနေတဲ့ လူတွေကို လျစ်လျူရှုတတ်ရမယ်။ တကယ်လို့ လူတစ်ယောက်က ကိုယ်နဲ့တိုက်ရိုက် အကျိုးမပတ်သက်ခဲ့ရင် သူရဲ့ကိုယ်ကျင့်တရား၊ သူ့တန်ဖိုးကို လျစ်လျူရှုတတ်ရမယ်။
လျစ်လျူရှုတာက တစ်ခြားလူကို ခွင့်လွတ်ခြင်း တစ်မျိုး၊ ကိုယ့်အတွက် လွတ်မြောက်ခြင်းတစ်မျိုးဖြစ်တယ်။
လျစ်လျူရှုတာက ကိုယ့်ဖိအားကို ဖြည်လျော့စေတယ်။ လွယ်လွယ်ကူကူ ရှင်သန်စေတယ်။ ကိုယ်လုပ်ချင်တာကို စိတ်ဝင်တစား၊ အာရုံစိုက်လုပ်နိုင်စေတယ်။ အခက်အခဲကို လျစ်လျူရှုတာက ကိုယ့်ကို အင်အားတွေဖြည့်တာနဲ့ အတူတူဖြစ်တယ်။
လျစ်လျူရှုတယ်ဆိုတာ အားအင်တစ်ခုကို ကိုယ်မွေးဖွားလိုက်သလို ကိုယ့်ကိုယ်ဖိထားတဲ့ ဝန်တစ်ခုကို ခွါချလိုက်တာနဲ့တူတယ်။ ကိုယ်မရခဲ့တဲ့ မျှတမှုကို လျစ်လျူရှုတာက ကိုယ်အတွက် နောက်အခွင့်အရေး တစ်ခုကို ရယူလိုက်တာနဲ့တူတယ်။ နောက်တစ်ခုက မေ့လျော့တာဖြစ်တယ်။ ကိုယ်သည်းမခံနိုင်တဲ့ အရာကို မေ့လိုက်တာက ကိုယ့်အတွက် အလွယ်ကူဆုံး စိတ်ထွက်ပေါက်ဖြစ်တယ်။ အမှားနဲ့စခဲ့တာကို မေ့လိုက်တာက အမှန်နဲ့ပြီးဆုံးဖို့အတွက် ဖြစ်တယ်။ တစ်ချိန်က မိုက်မိုက်ကန်းကန်း ရွေးခြယ်ခဲ့တာကို မေ့လိုက်တာက နောက်တစ်ချိန် ရှင်းရှင်းလင်းလင်းနဲ့ ပိုင်ဆိုင်ဖို့အတွက်ဖြစ်တယ်။

တကယ်တော့ လူ့ဘဝမှာ လျစ်လျူရှုတာနဲ့ မေ့လျော့တာက ရင်ထဲမှာဖြစ်နေတဲ့ အစိုင်အခဲ၊ စိတ်ဖိအားတွေကို ကုသပေးတဲ့ အကောင်းဆုံးနည်းဖြစ်တယ်။ စိတ်တည်ငြိမ်၊ ပေါ့ပါးလွယ်ကူစေတယ်။ လျစ်လျူရှုနဲ့ မေ့လျော့ဆိုတာ သူရဲဘောကြောင်တာ မဟုတ်ဘူး။ ပန်းတိုင်ကိုရောက်ဖို့ ရှေ့ဆက်လျှောက်မယ့်လမ်းအတွက် အားအင်တွေဖြစ်တယ်။

မူရင်းရေးသားသူ – Zhang Le Wen (張禮文) 忽略的智慧 《講義雜誌》2009年4月號 ၂ဝဝ၉ ဧပြီလထုတ် အွန်လိုင်းမဂ္ဂဇင်းက ဖြစ်ပါတယ်။ နိုင်းနိုင်းစနေ ဘာသာပြန်သည်။

3 comments

  • susunosuki

    April 16, 2010 at 3:36 pm

    အင်္ဂလိပ်စကားပုံလိုပေါ့

    “အကျိုးခံတာထက်စာရင် ကွေးညွှတ်ပေးတာပိုကောင်းပါတယ် ”
    အဲသလိုပေါ့

  • char too lan

    August 20, 2010 at 10:55 am

    အရမ်းကောင်းပါတယ် ဒီ post ဖတ်လိုက်ရတာ
    အသက် ၃နှစ်စာလောက် သင်ခန်းစာရသွားတယ်
    ကျေးဇူးတင်ပါတယ်ဗျာ

  • sususan

    August 20, 2010 at 1:01 pm

    လျစ်လျူရှုတာတကယ်ကောင်းတယ်..ကိုယ်ပြောလို့မရခဲ့ရင်
    အဲ့လိုလေးပဲနေလိုက်တော့တယ်…

Leave a Reply