အချိန်မှီ ပါဝင် ဆင်နွဲကြဖို့ ဖိတ်ခေါ်လိုက်တယ်နော်….

who whoDecember 3, 20101min29913


“ ကလေးများအားလုံး…”

“ ဆရာမ”

“ ဘုရားရှိခိုးတတ်ပါသလား”

“ ရှိခိုးတတ်ပါတယ် ဆရာမ”

“ သေချာရဲ့လား”

“ သေချာပါတယ် ဆရာမ”

“ဒါဆို ရှိခိုးပြလို့ ရမလား”

“ရပါတယ် ဆရာမ”

“ကဲပါ ဆရာမနဲ့ အတူတူ ရှိခိုးကြမယ်နော်”

“ဟုတ်ကဲ့ပါ ဆရာမ”

ကလေးများအားလုံးရဲ့ ဖြေသံအပြီးမှာ ဆောင်းဘောက်မှ တီးလုံးသံလေး စကြားရပါပြီ။ ထိုတီးလုံးသံလေးနဲ့ အတူ ကလေးများ အားလုံးက မတ်တပ်ရပ်လျက် လက်အုပ်လေးတွေ ချီထားပြီးနေပါပြီ။

ထိုင်…ထိုင်..ထိုင်..” “လက်အုပ်ချီကာ ညီစွာထိုင်” “လက်ချ ဒူးချ ညီစွာချ..”  “ လက်ကို ရှေ့သို့တိုးပြီးမှ ..” “ တံတောင်ချလို့ နဖူးချ..”။ ထွက်ပေါ်လာသော ကဗျာစပ်သံလေးအတိုင်း နုတ်ကလည်းရွတ်ရင်း လူကလည်း ထပ်ကြပ်မကွာ လိုက်ပါ သရုပ်ဆောင်ရင်းဆိုတော့ တော်တော်လေး ပျော်ဖို့ ကောင်းနေ ပါတယ်။ အားလုံး ကဗျာလေးထဲက အတိုင်း တံတောင်လည်း ချပြီးပြီ ။ နဖူးလေးလည်း မြေမှာ ထိထားပြီးနေပါပြီ။ ကလေးများအားလုံးကို လှမ်းပြီး ကြည့်လိုက်တော့ အားရစရာပဲ ဖင်လေးတွေ ထောင်လို့ နဖူးလေးကို မြေမှာ ထိထားလို့…။ စိတ်မှာ ကြည်နူးပျော်ရွှင်စွာနဲ့ပဲ မပြီးသေးသော ကဗျာလေးကို ဆက်လက် ရွတ်ရင်း သရုပ်ဆောင် ရပါတယ်။

လက်၊ ခြေ၊ နဖူး၊ တတောင်၊ ဒူးပါ ငါးဦးမြေတွင်ထိရမှာ …” ဆိုနေရင်းနဲ့ လိုက်စစ်လိုက်တယ် ။ ငါးပါးလုံးမှ ထိကြရဲ့လားပေါ့။ အားလုံး ညီညီညာညာ ထိထားလျက်မို့ ဆက်ကြမယ်…“ နဖူးကြွကာ၊ တတောင်ကြွ၊ လက်နောက်ဆုပ်လို့ လက်၊ ဒူးကြွ …” အားလုံး တလှုပ် လှုပ်နဲ့ ထိထားသော ထိခြင်း ငါးပါးကို တစ်ပါးစီ ပြန်ကြွ နေကြပြီ။ ဟုတ်ပြီ ဆက်မယ်။ “ ကျနလှပ ထိုင်ပြီးကာ ၊ သုံးကြိမ်စေ့အောင် ဝတ်ချရာ…” ကဗျာရွတ်သံလေး အဆုံးမှာ ကလေးများအားလုံး တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် ဆိုပြီး ရှိခိုးနေပါပြီ။ “ သုံးပါးရတနာ ဆရာမိဘ ၊ သက်ကြီး ဝါကြီး ဝပ်တွားကြ …” လို့လည်း ဆိုလိုက်ရော ဆရာမ ရှိရာဖက်ကို ဦးတည်လို့ ရှိခိုးလိုက်ကြပြန်ပါတယ်။ “ သက်ရှည် ဆင်းလှ ချမ်းသာကြွယ် ၊ အင်အားပြည့်ဖြိုး တိုးလို့ရယ် ၊ ရှိခိုးသူဝယ် ရ အကျိုး ၊ အဲဒီလေးမျိုး ဒီလေးမျိုး၊ အဲဒီလေးမျိုး ဒီလေးမျိုး၊ အဲဒီလေးမျိုး ဒီလေးမျိုး ….” ဆိုတဲ့ သံပြိုင်ဟစ်သံနဲ့ အတူ သူတို့ရဲ့ လက်မောင်းက ရှိသမျှ ဗလလေးကို အပြိုင်ဖြစ်ညစ်ပြလျက် လက်လေးချောင်းစီ ဆန့်ထုတ်လို့ လက် လေးတွေချိုးပြီး အားရပါးရ သီဆို သရုပ်ဆောင်နေကြသော ကလေးများ အားလုံးကို ကြည့်ရင်း ကြည်နူးနေရပါပြီ။

“ ကဲ ကဲ ဟုတ်ပါပြီ ။ သိပ်တော်တာပဲ ။ အားလုံး လက်ခုပ်လေးတွေ တီးလိုက်ရအောင်နော်…” လို့လည်း ပြောလိုက်ရော …

“ ဖြောင်း… ဖြောင်း …ဖြောင်း…ဖြောင်း…” ဆိုတဲ့ လက်ခုပ် သံတွေနဲ့အတူ အားလုံးပဲ မောသွားကြပါပြီ။

“ ကဲ အားလုံး မောသွားကြပြီဆိုတော့ ဗိုက်လည်းဆာကြရောပေါ့ ..အားလုံးတန်းစီမယ်နော်…မုန့်စားကြရအောင်..”

“ ဟေး…”

တစ်ယောက် မုန့်တစ်ခုစီနဲ့ အချိုရည် တစ်ဗူးစီ ဝေပေးပြီး နောက် ခုန်ပေါက် ပြေးလွှားသွားကြသော ကလေးများရဲ့ ကျောပြင်ကို လှမ်းကြည့်ရင်း သူတို့ရဲ့ အနာဂါတ်လေးအတွက် ပီတိဖြစ်ရပါတယ်။

တကယ်တော့ ဒို့ ဗုဒ္ဓဘာသာကလေးတွေရဲ့ ဘဝဟာ သိပ်သနား စရာ ကောင်းလှပါတယ်လေ။ သူများ ဘာသာတွေမှာက ငယ်ကတည်းက ဘုရားကျောင်းတက်ရတယ် ၊ အာရဗီကျောင်း တက်ရတယ် စသဖြင့် သက်ဆိုင်ရာ ဘာသာရေး သင်တန်းကျောင်းတွေကို မိုးလင်းတာနဲ့ ပြေးကြ ရပါတယ်။ ဒါကြောင့် သူတို့တွေမှာ သူတို့ ကိုးကွယ်တဲ့ ဘုရားအပေါ် လေးစားမှု၊ မြတ်နိုးမှု ၊ တန်ဖိုးထားမှု ဆိုတာတွေကို ငယ်ကတည်းက သင်ပေးထားပြီးသားမို့ သူတို့ ဘာသာနှင့် ပတ်သက်လာရင် အားလုံးက ဝိုင်းပြီး ကာကွယ်ပေးကြ တယ်။ မားမားမတ်မတ် ရပ်တည်ပေးကြတယ်။ အမျိုး၊ ဘာသာ ၊ သာသနာ အတွက် အသေတောင် ခံနိုင်လောက်တဲ့ သတိ္တတွေ သူတို့လေးတွေမှာ သွင်းပေးထားပြီးသားပါနော်။ ဒို့ ဗုဒ္ဓဘာသာမှာတော့ ဒီလိုတွေမှ မရှိခဲ့လေတော့ ဘာသာရေး အသိတွေကလည်းနည်း ၊ ပြောပြ ပေးမယ့် သင်ပြပေးမယ့် လူကလည်းမရှိ ဆိုတော့ ဗုဒ္ဓဘာသာ ဆိုင်ရာ အခြေခံ သိသင့်တာတွေတောင် မသိပဲ ကြီးပြင်းလာရတာလေ။ အင်း… ကြီးလာတော့ လည်း ဘာမှထူးပြီး မလေ့လာကြ တာကြောင့် ကိုယ့်ဘာသာ အပေါ် တန်ဖိုးထား လေးစားမှု ကလည်း ပေါ့လျော့လာပါတယ်နော်။ ဘုရားမသိ၊ တရားမသိပဲ ကြီးပြင်းလာလေတော့ ကိုယ့်အမျိုး၊ ဘာသာ ၊ သာသနာ နဲ့ လူမျိုးအတွက် ကာကွယ်ပေးဖို့ နေနေသာသာ သူများ ဘာသာတွေရဲ့ ဆွယ်ရာကို အလွယ်တကူပဲ ပါသွားတာတွေက အထင်ကရ ပါပဲနော်။ အင်း… ကြာရင်တော့ အမျိုးပျောက်မှာ စိုးကြောက်မိပါရဲ့…ဆိုတာကို ဆရာတော်တွေ ဖက်က အချိန်မှီ ကယ်ဆယ်နိုင်ဖို့ အခုလို ယဉ်ကျေးလိမ္မာ သင်တန်းကျောင်း လေးတွေကို နွေရာသီ ကျောင်း ပိတ်ရက်တွေမှာ စနစ်တကျ ပို့ချ ဖွင့်လှစ် သင်ကြားပေးနေတာကြောင့် နောင် အနာဂါတ်အတွက် ဆက်လက် လက်ဆင့် ကမ်းသွားကြမယ့် ကလေးငယ်တွေရဲ့ ရင်ထဲမှာ ဘုရားအပေါ်၊ တရားအပေါ်၊ သံဃာအပေါ် ကြည်ညိုလေးစား တန်ဖိုးထား စိတ်ကလေးတွေကို မျိုးစေ့ချ စိုက်ပျိုးပေးနေကြရပါပြီ။ အင်း ဆရာတော်တွေရဲ့ ကျေးဇူးကား မြင်းမိုရ် တောင်တမျှ ကြီးကျယ်လှပေစွလို့ အောက်မေ့ရင်း ကိုယ်လည်း တစ်တပ် တအား ပါဝင်ခွင့်ရတာလေးကို ကျေနပ်ရပါပြီ။

အင်း…ဒီစာလေးကို ဖတ်မိကြတဲ့ လူတိုင်းလည်း အနာဂါတ် အမျိုး၊ ဘာသာ ၊ သာသနာ အကျိုး ရည်မျှော်လို့  သဲတပွင့်စာ၊ အုတ်တစ်ချပ်စာ ပဲဖြစ်ဖြစ် ပါဝင် နိုင်ကြစေဖို့ ရည်ရွယ်လျက် ဒီစာလေးနဲ့ တိုက်တွန်းနိုးဆော် လိုက်ပါရစေနော်။

13 comments

  • unclegyi1974

    December 3, 2010 at 3:14 pm

    ဘာသာရေးအတွက်ရှိသင့်တဲ့ဆောင်းပါးလေးပါ
    နောင်လဲဆက်ရေးပါအုန်း
    အားပေးနေမယ်

  • နေ ဘုန်းလျံ

    December 3, 2010 at 5:48 pm

    သားသားလဲပါမယ်

  • whowho

    December 5, 2010 at 3:12 am

    အားလုံးကို ကျေးဇူးတင်ပါတယ်။

  • naywoonni

    December 5, 2010 at 2:22 pm

    ကလေးတွေကို အချိုရည် တိုက်တာ မကောင်းဘူးတဲ့နော် အဝလွန်စေတယ်လို့ပြောတယ်
    ပြောသံကြားဖူးတာနော် ကျန်တာတွေတော့ အားလုံးကောင်းပါသည်ခင်ဗျား

  • koyinmaung

    December 5, 2010 at 3:01 pm

    အားပေးသွားပါသည်။။

  • unclegyi1974

    December 5, 2010 at 4:49 pm

    ဦးနီရေ ဆရာဝန်မကြီးတယောက်ကပြောဖူးတယ်
    မြန်မာမှာအချိုအထူးရှောင်စရာမလိုဘူးတဲ့
    သူတို့ဆီမှာအချိုစားတာမှအလွန်အကျွံစားလို့အချို
    ရှောင်ရတာတဲ့
    မြန်မာမှာအချိုစားနိုင်တဲ့ကလေးနဲ့မစားနိုင်တဲ့က
    လေးယှဉ်လိုက်ရင် မစားနိုင်တဲ့ကလေးများမှာပါ
    ဒါကြောင့်ကျွေးပါစေ မဝနိုင်ပါဘူး

  • နေ ဘုန်းလျံ

    December 6, 2010 at 2:24 am

    အန်ကယ်ကြီး အိုင်ဒီယာကောင်းတယ်..ဟဲဟဲ…

  • nwl

    December 6, 2010 at 3:02 am

    ဘာသာရေးအတွက် ရေးထားတာလေး ကောင်းပါတယ် .. အားပေးသွားပါတယ် ….

  • love empress

    December 6, 2010 at 3:56 am

    ရန်ကုန်က ကလေးတွေများတော့ ယဉ်ကျေးမှုသင်တန်းလွှတ်ဖို့မပြောနဲ့ မိုးလင်းတာနဲ့ international school သွားးရတာနဲ့ speaking တက်ရတာနဲ့ computer လေးကိုင်ရင်း game ပါဆော့တော့ ဘယ်မှာလဲသူများဘာသာလိုကလေးကိုယဉ်ကျေးအောင်ဆုံးမချိန်က မိဘတွေကိုယ်တိုင်ကတောင်ဘုရားကို နေ့တိုင်းမပြတ်ရှိခိုးဖြစ်ကြရဲ့လားမေးကြည့်ချင်ပါသေးတယ် သိသူများရှိရင်ပြောကြည့်ကြပါဦး

  • whowho

    December 6, 2010 at 4:06 am

    အင်း ဒါဆို လူကြီးများအတွက်ပါ အထူးယဉ်ကျေးလိမ္မာသင်တန်းဖွင့်ဖို့လိုအပ်လာတာပေါ့နော်။ထူးရှယ်လေ။

  • leothiri

    December 6, 2010 at 6:13 am

    သမီးကတော့ အမြဲတမ်းဆရာမရဲ့စာဖတ်ပရိသတ်ဖြစ်ချင်ပါတယ်။
    ဆရာမ နောက်လဲထပ်ရေးပါအုံးနော်။
    အားပေးနေမယ်နော်။

  • etone

    December 6, 2010 at 8:29 am

    ကိုယ်တွေငယ်ငယ်က ကျောင်းမှာ ခေါင်းလောင်းထိုးပြီး ရင် ဘုရားရှိခိုးရတယ် ..။ အဲ့ဒီတုန်းက မနက်ပိုင်းဆိုတော့ အိပ်ချင်မူးတူးလည်းဖြစ် … ဘာသာခြားက လွဲလို့ ဘုရားရှိခိုးလိုက်မလုပ်ရင် ဆရာမက ဗျင်းမှာဆိုတော့ ကြောက်ကလည်း ကြောက်နဲ့ လက်အုပ်ချီပြီးလိုက်ဆိုခဲ့ရတဲ့ …ငိုက်မြည်းတဲ့အချိန်လေးတွေကို ပြန်သတိရတယ် …။ အများနဲ့ ဘုရားရှိခိုးတာ တစ်ခုတော့ တက်လာပါတယ် … နှုတ်တိုက်ကျက်တတ်လာတာလေ ..။

Leave a Reply