အဆုံးနဲ့အစ – မုဒိတာလမင်း
အရှင်လေးဆိုတော့ အရှင်ကြီးတော့ မပါဘူးပေါ့၊
အဖွဲ့အနွဲ့က ကောင်းပါပေ့။ သည်မြို့လေးရဲ့ နောက်ဆုံးည ရှုခင်းအပေါ်ခံစားမှုကို ဖတ်ရသူအဖို့ ဝေမျှ ခံစားရတော့ စိတ်မကောင်းပင် ဖြစ်မိတယ်။ ကဲထားပါတော့—-
မုဒိတာလမင်း- ဝါဝင်းတဲ့ည။
လင်းရောင်ငယ်စုံဖြာလို့။ မှုန်ဗျာပါ ရောကာပြွမ်းတယ်။ ဆုံးခန်းဌာန။ ။
လင်းရောင်စုံည-လို့ ခေါင်းစဉ်တပ်ကာ ခရစ်စမတ်အကြိုညများရဲ့ အလှကို အမှတ်တရ ဆောင်းပါး လေး ရေးဖြစ်ခဲ့တယ်။ အနေကြာလာခဲ့တဲ့ မြို့လေးတစ်မြို့ရဲ့ ပကတိသဘာဝကို ရင်ထဲရှိတဲ့အတိုင်း ရေး ဖြစ်လိုက်တာ။ တကယ်တော့ မြို့လေးအကြောင်း ရေးဖြစ်တာက တကယ့်ကိုမှ နည်းနည်းလေးမျှသာ ပါ။ မြို့လေးက ဘဝတစ်သက်တာ တနေရာထဲမှာ အချိန်အကြာဆုံး နေဖြစ်တဲ့နေရာ။ မြိုံလေးနဲ့စပ်တဲ့ အမှတ်ရဖွယ်တွေ၊ မြို့လေးကနေ ပေးခဲ့တဲ့အရာတွေက အများသားမို့ မြို့လေးအကြောင်း ပြောပြရမယ် ဆိုရင် ဘယ်မှာကုန်နိုင်ပါ့မလဲ။ နွေမိုးဆောင်း ပြောင်းလဲပြီး လှနေတဲ့ ရာသီတွေ၊ တစ်ခုနဲ့တစ်ခု တု မယှဉ်သာတဲ့ ဖြစ်စဉ်တွေ၊ တစ်ဦးနဲ့တစ်ဦး မတူထူးခြားတဲ့ သူတွေနဲ့ ဆယ်စုနှစ် တစ်ခုကျော်ကျော် တွေ့ ထိဆက်ဆံ နေလာခဲ့တာ၊ နည်းတဲ့နှစ်မှ မဟုတ်တာ။
ရေးခဲ့တဲ့နည်းနည်းလေးကို ရင်းနှီးသူတွေလည်း ဖတ်နိုင်စေဖို့ အီးမေးလိပ်စာရှိသူ အချို့ထံ ပေးပို့ဖြစ် တယ်။ ခံစားရှုမြင်ပုံ မတူကွဲပြားတဲ့ တုံ့ပြန်မှုအမျိုးမျိူးကို ရခဲ့တယ်။ ဆောင်းပါးကိုဖတ်ဖြတ်တဲ့ လေးစား ရတဲ့ဆရာတော်ကြီးတစ်ပါးက အထက်က စာတိုလေးနဲ့ ကဗျာတိုလေး ပြန်ပို့ပေးလာတယ်။ သူ့ကဗျာ လေး ဖတ်မိကာမှ ကိုယ်ရေးလိုက်တဲ့စာမှာ စိတ်မကောင်းစရာ၊ ဝမ်းနည်းစရာများ ပါသွားလေသလား လို့ ပြန်လည်စဉ်းစားမိပြီး စိတ်မကောင်းဖြစ်မိရတယ်။ ကိုယ်က ကိုယ့်စာကိုဖတ်ပြီး ဘယ်သူ တစ်ဦး တစ်ယောက်ကိုမှ စိတ်မကောင်းဖြစ်ရမှာ၊ ဝမ်းနည်းရလေမှာကို မလိုလားဘူးလေ။
ဘဝဆိုတာကိုက အငိုနဲ့စ၊ အငိုနဲ့ဆုံးရတာမျိုး မဟုတ်လား။ ကြားကာလ ရှင်သန်နေဆဲ အချိန်အတွင်း မှာလည်း စားဝတ်နေရေးစတဲ့ အထွေထွေ အရေးများရယ်ကြောင့် စိတ်မအေး ဖြစ်ကြရတတ်တာမျိုး။ နောက်ပြီး ချစ်ခင်တွယ်တာရသူတွေနဲ့ ဝေးလို့ ဆွေးကြရ။ ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ ကိုယ့်မွေးရပ်မြေမှာ မနေသာတာကြောင့် တပြေတရွာမှာ နေထိုင်ကြရလို့ ဝမ်းနည်းကြေကွဲကြရလေတဲ့ ဒဏ်သင့်နှလုံး သားတွေပေါ်မှာ ဒဏ်မြှင့်သလို ဖြစ်မယ့်အရာမျိုး မဖြစ်စေချင်ပါဘူး။ ခွဲခွါနှုတ်ဆက်ခြင်းနဲ့စပ်ပြီး ကိုယ့် စာတစ်လုံးကြောင့် ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ နှလုံးသားကိုမှ ပါးလျလျ ဒဏ်လေးမျှပင် မထင်ကျန် စေချင်ဘူးလေ။
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော-ချစ်ခင်သူတွေနဲ့ ခွဲခွါရလို့ ကွဲကွာခြင်းကြောင့် ဖြစ်ရတဲ့ဆင်းရဲဟာ နာ ကျင်ခံခက်လွန်းတာကို စာနာအသိနဲ့ နားလည်မိပါတယ်။ ဒါကြောင့် ကွေကွင်းခွဲခွါ ရင်နာစရာ အ ကြောင်း ပြောရမှာမျိုးကို စိုးစဉ်းငယ်မျှပင် မလိုလားတာအမှန်ပါ။
ဆရာတော်ပို့လာတဲ့ ကဗျာတိုလေးဖတ်မိတော့ တခုခုရေးလိုစိတ် ဖြစ်မိလာတယ်။ ဆရာတော့် ကဗျာ ထဲမှာပါတဲ့ စကားလေးအချို့က ရင်မှာတခုခု ထိရှသလိုခံစားမိလို့ ကိုယ်ရေးတဲ့စာ အလွမ်းစာ ဖြစ်မှာ စိုးတာကြောင့် ရေးရ ကောင်းလေမလား၊ မရေးတာ ကောင်းမလားလို့လည်း ဒွိဟစိတ်ဖြစ်မိပါတယ်။ သို့ပေမယ့် စာရေးသူဆိုတာက ကိုယ်ရေးလိုတဲ့အကြောင်းအရာမျိုးဆိုလျင် မရေးပဲ ချိုးနှိမ်မျို သိပ်ထား ဖို့ဆိုတာက အတော်ပဲ ခက်ခဲတာ မဟုတ်လား။ ဒါကြောင့် ရေးလိုက်တဲ့စာက အလွမ်းစာ ဖြစ်ခဲ့လျင် တောင် ဝမ်းသာစိတ်ထားနဲ့ ပျော်ပျော်ပါးပါးလေး ဖတ်ပါလို့ ပြောချင်ပါတယ်။
ကိုယ်နေထိုင်ရာ အခန်းကျဉ်းကျဉ်းးလေးရဲ့ တံခါးကျဉ်းလေးကနေ အဝေးကို လှန်းမျှော်ကြည့်လိုက်ရင် ပန်းခြံငယ်တစ်ခုအတွင်းက ပေလေးငါးဆယ်ခန့်မြင့်တဲ့ Redwood သစ်ပင်ကြီးရဲ့ အဖျားပိုင်းကို လှန်း လို့ မြင်ရတယ်။ နှစ်စဉ်နှစ်တိုင်း ခရစ်စမတ်ရာသီရောက်တိုင်း ဒီ Redwood သစ်ပင်ကြီးတစ်ပင်လုံးကို ခရစ်စမတ်မီးလုံးတွေ အပြည့်ထွန်းညှိလေ့ရှိတယ်။ ကိုယ်နေထိုင်တဲ့နေရာနဲ့ သစ်ပင်ကြီးက အတန်ငယ် လှန်းပေမယ့် သစ်ပင်ဖျားက ရောင်စုံမီးတွေကိုတော့ ရှင်းရှင်းလင်းလင်းပဲ လှန်းလို့မြင်ရပါတယ်။ မှောင် ရီပျိုးစက စတင်ထွန်းညှိခဲ့တဲ့ မီးရောင်စုံတွေကို ည ၁၂ နာရီတိတိမှာ ငြိမ်းလေ့ရှိတယ်။ ခု ၁၂ နာရီ ထိုးဖို့ နီးလာပြီမို့ မကြာမီမှာ မီးရောင်စုံတွေ မြင်ကွင်းကနေ ပျောက်ကွယ်လေတော့မယ်။
တကယ်ဆို ခုလောက်ဝေးဝေးမှာရှိနေတဲ့ သစ်ပင်ထိပ်ဖျားကို အမှောင်ကြားမှာသာဆို လုံးဝမြင်နိုင် လိမ့်မယ် မဟုတ်ပေဘူး။ ခရစ်စမတ်ရောင်စုံ မီးများရဲ့ အလင်းကြောင့်သာ သစ်ပင်အဖျားကို လှန်းမြင်ရ တာ။ မီးရောင်စုံအလင်းပျောက်တာနဲ့ ဒီသစ်ပင်ကြီးလည်း ကိုယ့်မြင်ကွင်းက ပျောက်သွားပေလိမ့်မယ်။
အလင်းဆိုတာ ဘယ်လောက်အရေးကြီးတဲ့ အရာပါလဲ။ အလင်းရှိလို့သာ လောကကြီးအတွင်းမှာရှိတဲ့ အဆင်းမျိုးစုံရဲ့အလှကို ခံစားလို့ရနိုင်တာ။ အလင်းမဲ့လျင် အဆင်းတွေလည်း မဲ့သွားမှာ။ ဒါတင် ဘယ် ကပါဦးမလဲ။ အလင်းသာ တကယ်မဲ့လျင်ဖြင့် အချင်းလည်း မဲ့သွားမှာပဲလေ။ ဒါကြောင့်အလင်းဆိုတာ သိပ်အရေးကြီးတဲ့ အရာတစ်ခုပေါ့။ ကိုယ်အကြောက်ဆုံးအရာထဲမှာ အလင်းပျောက်သွားမှာက ထိပ် ဆုံးက ရှိနေတဲ့အရာပေါ့။
ဆရာတော်ရဲ့ကဗျာလေးထဲမှာ လင်းရောင်ငယ်စုံဖြာလို့-ဆိုပြီး ဖွဲ့သီတယ်။ လင်းရောင်စုံဆိုတော့ အ ရောင်စုံတဲ့အလင်းပေါ့။ အလင်းမှာက အရောင်အမျိုးမျိုးရှိတယ်လေ။ အလင်းကြောင့် အရောင်စုံလေ သလား။ အရောင်ကြောင့် အလင်းစုံလေသလား။ဘာပဲဖြစ်ဖြစ် အရောင်စုံတဲ့အလင်းဆိုတာ သေးသေး ငယ်ငယ်လေးပင် ဖြစ်ပစေဦးတော့။ ကောင်းခြင်းလက္ခဏာပဲ မဟုတ်လား။ အလင်းမဲ့ဘဝမှာ တခဏ တာမျှ နေထိုင်ရမယ်ဆိုလျင်ကိုပဲ မတွေးဝံ့စရာပါ။ အလင်းကင်းခြင်းရဲ့ နောက်ဆက်တွဲဆုိုးကျိုးတွေက အနန္တပဲ မဟုတ်လား။
ပကတိအလင်းရှိလျင်တောင် ပညာဉာဏ်ဆိုတဲ့ အလင်းကင်းလျင်ဖြင့် အလင်းမဲ့သူလို့ ဆိုတယ်မဟုတ် လား။ အန္ဓီဘူတော အယံ လောကော-လောကကြီးမှာ မျက်ကန်းတွေချည်းသာပါတဲ့။ ဝိဇ္ဇာဉာဏ် အလင်းကင်းပြီး အဝိဇ္ဇာဖုံးလွှမ်းနေတဲ့ ပုထုဇဉ်လူသားတွေကို ခေါ်ဝေါ်တဲ့ အသုံးတစ်ခု။ အများစု သတ္တဝါတွေက အမှောင်ကမ္ဘာထဲမှာ ဝဲခြာခြာ လည်နေရတာ မဟုတ်လား။
မှုန်ဗျာပါ ရောကာပြွမ်းတယ်-လို့လည်း ဆိုပါတယ်။ ခရစ်စမတ် မီးလုံးငယ်လေးတွေရဲ့ ရောင်စုံမီးတွေရဲ့ အလှက မှုန်စစလို့ ဆိုချင်တာလား။ လျှောက်လှန်းရမယ့် ဘဝလမ်းက ခုမှပဲ စသမို့ ရှေ့မှာ မသေချာ မရေရာမှုတွေ ရောပြွမ်းနေသမို့ ပူလောင်စရာ သောကတွေနဲ့ တွေ့ရဦးမှာမို့ ဗျာပါဒတွေ ဝေရဦးမယ်လို့ သတိစကား ပါးလိုလေသလားတော့ မသိဘူးပေါ့။
ဘဝသစ်တစ်ခု စတယ်ဆိုလျင် ဘဝဟောင်းက ဆုံးမှသာ ဖြစ်မှာပေါ့။ ဘဝဟောင်း မကုန်သမျှတော့ ဘယ်မှာ ဘဝသစ်ဆိုတာ ဖြစ်လာနိုင်ပါ့မလဲ။ တနေရာကနေ တနေရာကို ပြောင်းရွှေ့ရာမှာလည်း နည်းတူပဲပေါ့။ နေရာသစ်စဖို့ နေရာဟောင်းဆိုတာ ဆုံးပါမှသာ ဖြစ်မှာပေါ့။ အသစ်နဲ့အဟောင်းဆိုတာ ပြောင်းလဲခြင်းတစ်ခုရဲ့ ဆုံးခြင်းနဲ့ စခြင်းပဲလေ။
မကြာမီက ကိုယ်နေထိုင်ရာနေရာလေးမှာပဲ မိတ်ဆွေတစ်ဦး နေရပ်ပြန်မယ်ဆိုတော့ နှုတ်ဆက်ပွဲ လုပ်ကြတယ်။ ရင်းနှီးသူအချို့က အမှတ်တရစကား ဆိုကြတယ်။ နှုတ်ဆက်ပွဲမှာ သူပြန်မယ်ဆိုပေ မယ့် သူဒီမှာရှိနေစဉ် သူလုပ်ကိုင်ဆောင်ရွက်ထားခဲ့တာတွေများလို့ နေရာတကာမှာ သူ့ပုံရိပ်လွှာများ ကတော့ ထင်ကျန်နေရစ်ဦးမှာပါလို့ ကိုယ်က ပြောဖြစ်ခဲ့တယ်။ ခုတော့ ကိုယ်သွားမယ့် အလှည့်လေ။ ကိုယ့်အလှည့်မှာတော့ မိတ်ဆွေကို ကိုယ်ပြောခဲ့ဘူးသလို ကိုယ့်ပုံရိပ်လွှာလေး တစမျှ ဒီနေရာလေးမှာ ထင်ကျန် မနေရစ်စေချင်ပါဘူး။ မှုန်ဗျာပါရောပြွမ်းပြီး ယုံကြည်မှုကင်းပျောက်နေမယ့် အစက်အပြောက် ငယ်လေးတစ်ခုတလေမျှပင် ချန်ရစ်လို့ မထားခဲ့ချင်ပါဘူး။ ကျင်လည်ခဲ့ဖူးတဲ့နေရာ တစ်နေရာဟာ အောင်မြင်သူများရဲ့ ရပ်ဝန်းတစ်ခုသာ ဖြစ်စေချင်တာပါ။
ဆရာတော်ကတော့ သူ့ကဗျာတိုလေးကို “ဆုံးခန်းဌာန”-လို့ အဆုံးသတ်ထားတယ်။ သံသရာ မဆုံး သမျှတော့ အမှန်တကယ်ဆုံးတဲ့ ဆုံးခန်းဌာနဆိုတာတော့လည်း ဘယ်ဖြစ်နိုင်ဦးပါ့မလဲလေ။ တစ်ဘဝ တစ်ခန္ဓာ ဆုံးသွားလျင်လည်း ဘဝသစ် ခန္ဓာသစ်နဲ့ အဖြစ်တစ်ခုရလို့ အသစ်တစ်ခု စကြရဦးမှာပဲ မဟုတ်လား။ နည်းတူပဲပေါ့။ တဘထဲမှာပင်လျင် တစ်နေရာ အခြေမကျသမို့ အခြားတစ်နေရာမှာ အခြေချရတဲ့အခါမှာလည်း နေရာသစ်မှာ ဝေဒနာအသစ်နဲ့ အသစ်တစ်ဖန် စကြရမှာပဲပေါ့။ အသစ် အသစ်ဝေဒနာဆိုတာကတော့ ကောင်းတဲ့သုခဝေဒနာဖြစ်ကောင်းလည်း ဖြစ်မယ်။ မကောင်းတဲ့ ဒုက္ခ ဝေဒနာ ဖြစ်ကောင်းလည်းဖြစ်မယ်။ မဆိုးမကောင်း အလယ်အလတ် ဥပေက္ခာဝေဒနာ ဖြစ်ကောင်း လည်း ဖြစ်မယ်ပေါ့။ ကောင်းဆိုးလတ်ဝေဒနာ ဘာပဲလာလာ။ သင့်တင့်စွာ ခံယူတတ်မှုစိတ်ထားနဲ့ နှိုင်းဆဆင်ခြင်တတ်တဲ့ အလင်းအားရှိဖို့သာ အခရာဖြစ်မှာပါ။
မုဒိတာ ရွှေလရိပ်မှာ မှေးမှိတ်ခိုနား၊ အပူကင်းလူသားတွေ ဖြစ်ပါစေသားလို့ အဟောင်းကနေ အသစ် ကူးတဲ့ ဒီနှစ်ဦးမှာ မင်္ဂလာရှိစွာ ဆုမွန်ထူး ချွေပါတယ်။ ။
မုဒိတာလမင်း
မှတ်ချက်။ ။ အီးမေလ်းဖြင့်ပေးပို ့လာသည်ကို ပြန်လည်တင်ပေးခြင်းဖြသ်ပါသည်။
One comment
weiwei
January 2, 2011 at 10:52 am
ခံစားချက်ခြင်း အလွန်တိုက်ဆိုင်တဲ့ စာမူလေးတစ်ခုုဖြစ်ပါတယ် …
ကြုံတုန်း ကျွန်မခံစားမိတာလေးတစ်ခု ဝင်ရေးလိုက်အုန်းမယ် …
နေရာတစ်ခုကနေ တစ်ခုကိုပြောင်းခါနီးမှာ ဘာတွေကို လွမ်းမလဲလို့ စဉ်းစားမိတဲ့အခါ ထူးထူးခြားခြား သစ်ပင်တစ်ပင်ကို လွမ်းမိမယ်လို့ အဖြေထွက်လာတယ်။ အဲဒီသစ်ပင်က ကျွန်မအခန်းပြူတင်းပေါက်ကနေ လှမ်းမြင်နေရတယ်။ အိပ်ယာပေါ်ကနေလှဲနေရင်လဲ မြင်ရပါတယ်။ အဲဒီသစ်ပင်က သစ်ရွက်တွေက နွေရာသီရောက်လာရင် စိမ်းလန်းစိုပြေလာပြီး ဆောင်းဦးရာသီမှာ အဝါရောင်ပြောင်းလာပြီး ဆောင်းရာသီအစစ်ကိုရောက်လာရင် ခြောက်ပြီး အရွက်တွေ တစ်ရွက်ပြီးတစ်ရွက်ကြွေကျပါတယ်။ အရွက်ကြွေတာတွေကို ငေးကြည့်ရင်း ၉ တန်း အင်္ဂလိပ်စာထဲက (the last leaf) နောက်ဆုံးသစ်ရွက်ကို သတိရမိတယ်။ အချိန်ကာလတစ်ခုကိုလဲ သတိထားမိတယ်။ အနိစ္စကိုလဲ မြင်ရတယ်။ တစ်နေ့တစ်နေ့ အဲဒီသစ်ပင်ကို ကြည့်မိတဲ့အချိန်ပေါင်း မနဲလို့ လွမ်းချင်းလွမ်းရင် အဲဒီသစ်ပင်ကိုပဲ လွမ်းမိမယ်လို့ ထင်ပါတယ် …