ဗိုလ်ချုပ်အောင်ဆန်း ၉၅ နှစ်ပြည့် အမှတ်တရ သမီးဒေါ်အောင်ဆန်းစုကြည်ရေးသော ဆောင်းပါး

manawphyulayFebruary 9, 20111min950

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ဟာ ပြည်ထောင်စုနေ့အတူ ၁၃ ရက်နေ့က ကျွန်တော်တို့ ရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ၉၆ နှစ်ပြည့် မွေးနေ့ ဖြစ်တဲ့ အတွက်ကြောင့် ထိုနေ့တွေကို အမှတ်တရ အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၅ နှစ်ပြည့် အမှတ်တရ အဖြစ် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှ ရေးသားထားသော ဆောင်းပါးလေးတစ်ပုဒ်ကို စာဖတ်သူများအတွက် အမှတ်တရ အနေနဲ့ ပြန်လည် မျှဝေ ပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးကိုတော့ တစ်ချိန်တုန်းက အွန်လိုင်းမှာ ဖတ်လိုက်ရတော့ နှစ်သတ်မိလို့ Word File အနေနဲ့ သိမ်းယူထားလိုက်မိပါတယ်။ ထိုအတွက်ကြောင့် ယခုလို အွန်လိုင်းမှာ ပြန်လည်ဖော်ပြ ပေးတဲ့အခါမှာ မူရင်းက အွန်လိုင်းမှာ ဘယ်သူ ရေးသား တင်ထားတယ်ဆိုတာ မမှတ်မိတော့ သိအတွက် မူရင်း ရေးသား ဖော်ပြသူကို Credit မပေးနိုင်ခြင်း ဖြစ်တာကို ဒီနေရာကနေမှ တောင်းပန်အပ်ပါသည်ခင်ဗျ။

*************

ကျမ မှတ်မိနိုင်သော အရွယ်မရောက်မီကပင် ကျမ၏ ဖခင် ကွယ်လွန်သွားပါသည်။ ထို့ကြောင့် “ဖေဖေဟာ ဘယ်လိုလူစားမျိုးပါလိမ့်” ဟူသော သိချင်စိတ်ဖြင့် ဖခင်၏ဘဝလုပ်ဆောင်ချက်များနှင့် ပတ်သက်သော စာပေ အထောက်အထားများကို ကျမ စတင်စုဆောင်း လေ့လာဖတ်ရှုခြင်းပင် ဖြစ်ပါသည်။ အောက်တွင် ဖော်ပြပါ အတ္ထုပ္ပတ္တိစာတမ်းကို ရေးသားရာ၌ ပုံနှိပ်ထုတ်ဝေခြင်း အထောက်အထားများကို အဓိကအခြေခံထားပါသည်။ အကြောင်းအရာနှစ်ရပ်နှင့် ပတ်သက်၍သာလျှင် ကျမတို့မိသားစုနှင့် ဖေဖေ့အား ကောင်းစွာသိကျွမ်းခဲ့သူများ ထံမှ သိရှိရသော အချက်အလက်များအပေါ်တွင် အတော်အသင့် အခြေခံထားပါသည်။

သွေးသားနီးကပ်စွာ တော်စပ်သူတဦး၏ အတ္ထုပ္ပတ္တိကိုရေးရသည်မှာ မလွယ်ကူပါ။ ဓမ္မဓိဌာန်ကျကျရေးနိုင်မည် မဟုတ်ဟု အစွပ်စွဲခံရနိုင်ပါသည်။ တကယ်တမ်းတွင်လည်း အတ္ထုပ္ပတ္တိရေးသူတို့သည် မိမိတို့ ရှာဖွေစုဆောင်းရ ရှိသော အထောက်အထားများဖြင့် မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ဉာဏ်ကို ပုံစံသွင်းပေးခဲ့သော အဖြစ်အပျက်၊ အတွေ့အကြုံများ၏ ဩဇာသက်ရောက်မှုမှ ကင်းလွတ်နိုင်မည်မဟုတ်ပါ။ ကျမအနေဖြင့် ကျမဖခင်၏ ရုပ်ပုံလွှာ ကို ကျမမြင်သည့်အတိုင်း မှန်ကန်စွာ ပေါ်လွင်စေရန် ကြိုးပမ်းရေးသားထားပါသည်ဟုသာ ပြောနိုင်ပါသည်။

* * * * * *

အောင်ဆန်းကို မြန်မာနိုင်ငံ အညာဒေသရှိ နတ်မောက်မြို့ကလေး၌ ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တွင် ဖွားမြင်ပါသည်။ မန္တလေးမြို့တော်ရှိ မြန်မာဘုရင်အုပ်ချုပ်ရေးစနစ်ကို ပျက်သုန်းစေပြီး မြန်မာတနိုင်ငံလုံး ဗြိတိသျှအုပ်ချုပ်ရေးလက်အောက်သို့ ကျဆင်းစေခဲ့သော တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး နှစ်ပေါင်း (၃၀) အကြာတွင် ဖြစ်ပါသည်။ နတ်မောက်နယ်သူနယ်သားများသည် မြန်မာဘုရင်များ၏ အမှုကိုထမ်းဆောင်သည့် အစဉ်အလာရှိသူများဖြစ်၏။

အောင်ဆန်း၏ မိခင်မျိုးရိုးထဲတွင် ရာထူးကြီး မင်းမှုထမ်းအချို့ ပါဝင်ခဲ့ပါသည်။ ဖခင်ဖြစ်သူ ဦးဖာသည် လယ် သမားမျိုးရိုးမှဖြစ်ပြီး လောကီရေးရာတွင် လိမ္မာရေးခြားမရှိ၊ စကားမပြော တုံဏှိဘာဝေ နေတတ်သူတဦး ဖြစ် ပါသည်။ ဉာဏ်ရည်ကောင်း၍ စာပေဖက်တွင် ထူးချွန်သော်လည်း စကားနည်းလွန်းသဖြင့် ဦးဖာသည် မိမိ၏ အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်သော ရှေ့နေအလုပ်၌ အောင်မြင်ခြင်းမရှိခဲ့ပါ။ ထို့ကြောင့် ထက်မြက်သွက် လက်လှသော မိခင်ဒေါ်စုသာလျှင် မိသားစုစားဝတ်နေရေးကို အဓိကတာဝန်ယူရပါသည်။

ဒေါ်စု၏ ဦးလေးတော်သူသည် ဗြိတိသျှတို့ကို ရှေးဦးစွာ တော်လှန်ဆန့်ကျင်ခဲ့သော မြန်မာအုပ်စုတစုကို ခေါင်း ဆောင်ခဲ့ပါသည်။ နောက်ဆုံး၌ “ဗိုလ်လရောင်” ခေါ် “ဦးမင်းရောင်” အား ဗြိတိသျှတို့က ဖမ်းဆီးသတ်ဖြတ် လိုက်ပါသည်။ “ကုလားတို့ ကျွန်မခံ” ဟူသော စိတ်ထားရှိခဲ့သည့် ထိုရဲရဲတောက် မျိုးချစ်ပုဂ္ဂိုလ်ကြီးကား အောင်ဆန်း မိသားစုနှင့် နယ်သူနယ်သားများ ဂုဏ်ယူစံထား အားကျဖွယ်ရာ ဖြစ်လာပါသည်။
ညီအကိုမောင်နှမ (၆) ဦး (ကလေးဘဝကပင် ကွယ်လွန်ကြသူများအပါအဝင်ဆိုလျှင် မွေးချင်း – ၉ ဦး) အနက် အထွေးဆုံးဖြစ်သူ အောင်ဆန်းသည် သူကိုယ်တိုင်ရေးခဲ့သော မှတ်တမ်းအရ ညစ်ပတ်ချူချာ အစားကြူး၍ လုံး ဝနှစ်လိုဖွယ်မဟုတ်သော ကလေးတဦးဖြစ်ပါသည်။ စကားပြောလည်း နောက်ကျလှသဖြင့် မိသားစုက ‘စွန့်အ’ နေသလားဟူ၍ပင် ပူပင်ခဲ့ရ၏။ သို့သော် အောင်ဆန်းကလေးသည် ပရိယာယ်မရှိခြင်း၊ အလွန်ရိုးသားဖြောင့် မတ်ခြင်း၊ ဆင်းရဲသူများအား သနားကြင်နာတတ်ခြင်း စသော ချစ်စဖွယ်စိတ်ဓာတ်များဖြင့် ပြည့်စုံသည်ဟု သူ့ အား ငယ်စဉ်က ကောင်းစွာသိခဲ့သူများနှင့်သူ့မိသားစုဝင်များက ကောက်ချက်ချကြပါသည်။

အောင်ဆန်းမိသားစုမှာ ဉာဏ်ရည်ကောင်းပြီး ပညာဖက်တွင် ထွန်းပေါက်သူများအဖြစ် နာမည်ကောင်းရထား ပါသည်။ အောင်ဆန်း၏ အကို (၃) ဦးမှာ အသက်ငယ်ငယ်လေးတွင် ကျောင်းစတက်ကြ၏။ သို့သော် အောင်ဆန်းမှာမူ အမေပါတက်မှ ကျောင်းတက်မည်ဆိုကာ ကတ်ဖဲ့နေ၏။ စိတ်ဓာတ်ကြံ့ခိုင်လှပါသည်ဟု ဆိုရမည် ဖြစ်သော ဒေါ်စုသည် သားထွေးလေးကို အလွန်ညှာတာလေ့ရှိပြီး သူ့စိတ်ပါမှသာ ကျောင်းတက်ပါစေတော့ဟု အလိုလိုက်ထားခဲ့၏။

သို့ဖြင့် (၈) နှစ်သားအရွယ်ရောက်သောအခါမှ အောင်ဆန်း ကျောင်းတက်ရန် ဆုံးဖြတ်ပါတော့သည်။ အကိုဖြစ် သူ အောင်သန်း ရှင်သာမဏေဘောင်သို့ ဝင်သောအခါ၌ ဘုန်းကြီးကျောင်းနေ သံဃာတို့ဘဝကို သဘောကျ၍ ပေလား၊ ရှင်လောင်းများစီးသည့် ကကြိုးတန်ဆာ ဆင်ရင်ထားသော မြင်းဖြူလေးကို သဘောကျ၍လားမသိ၊ အောင်ဆန်းက သူလည်း ရှင်ပြုချင်ပါသည်ဟု ဆိုလာပါတော့သည်။ လိမ္မာပါးနပ်သော အမေက အခွင့်ကောင်း ကို ချက်ချင်းယူ၍ ရှင်မပြုမီ စာရေးစာဖတ်တတ်ရန် လိုမည်ဟု ထောက်ပြလိုက်ပါသည်။

ကျောင်းစတက်သည်ဆိုသည်နှင့် အောင်ဆန်းသည် ထူးချွန်သော ကျောင်းသားတဦးဖြစ်ကြောင်း ပေါ်လွင်လာ ပါသည်။ စာကြိုးစား၍ စည်းကမ်းရိုသေပြီး အတန်းထဲတွင် အစဉ်ထိပ်တန်းက ရှိနေခဲ့ပါသည်။ အောင်ဆန်း၏ ပထမကျောင်းမှာ နတ်မောက် ဦးသောဘိတ ဘုန်းတော်ကြီးကျောင်းပင်ဖြစ်ပါသည်။ လောကုတ္တရာပညာသာ မက ခေတ်သစ်ပညာရပ်အချို့ကိုပါ သင်ကြားပေးသော ထိုစဉ်အခေါ် လောကဓာတ်ကျောင်းမျိုးဖြစ်ပါသည်။ သို့သော် နတ်မောက်ကျောင်းတွင် အင်္ဂလိပ်စာ သင်ကြားပေးခြင်းမရှိပေ။

ထိုအချိန်က အထက်တန်းပညာသင်ကြားရာ၌ လိုအပ်ချက်တခုဖြစ်သော အင်္ဂလိပ်စာကို အကိုကြီးများက သင် ထားပြီးဖြစ်သည့်အတိုင်း အောင်ဆန်းကလည်း တတ်အောင်သင်မည်ဟု စိတ်ပိုင်းဖြတ်ထားလိုက်၏။ သို့ဖြင့် အောင်ဆန်းလည်း ရေနံချောင်း အမျိုးသားကျောင်းသို့ အသက် (၁၃) နှစ်အရွယ်၌ ပြောင်းသွားပါသည်။ သား ထွေးလေးကို အိမ်မှ ခွဲခွာမသွားစေလိုသော ဒေါ်စုထံမှ ရေနံချောင်းကျောင်းတက်ခွင့်ရရန် အောင်ဆန်း အစာ ငတ်ခံဆန္ဒပြပွဲလေးတခုကို ဆင်နွှဲခဲ့ရပါသေးသည်။

ရေနံချောင်းရောက်သောအခါ ကျောင်းတွင် ဆရာတဦးအဖြစ် အလုပ်လုပ်နေသော အကိုကြီး ဦးဘဝင်း၏ ထိန်းကျောင်းစောင့်ရှောက်မှုအောက်တွင် နေခဲ့ရသည်မှာ အောင်ဆန်းအတွက် လွန်စွာမှ ကံကောင်းပါသည်။ ဦးဘဝင်းသည် ညီငယ်လေး၏ ပညာရေး၊ စားဝတ်နေရေး၊ အထွေထွေကောင်းမွန်တိုးတက်ရေးတို့ကို စည်း ကမ်းရှိရှိ၊ ဆင်ဆင်ခြင်ခြင် အထူးဂရုစိုက်ခဲ့၏။ ညီဖြစ်သူကလည်း ပညာရေးဖက်တွင် အားကောင်းကြောင်း ဆက်လက်ပြသကာ အသက် (၁၅) နှစ်အရွယ်၌ သတ္တမတန်းစာမေးပွဲတွင် ဗုဒ္ဓဘာသာစာသင်ကျောင်းများနှင့် အမျိုးသားကျောင်းများ၌ ပထမစွဲသူများအား ချီးမြှင့်သော ဦးရွှေဘို ရွှေတံဆိပ်နှင့် ပညာသင်ထောက်ပံ့ကြေး ဆုကို ရရှိခဲ့၏။

အမျိုးသားကျောင်းများမှာ ၁၉၂ဝ ခုနှစ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေဆန့်ကျင်သပိတ်မှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။ ထိုအက်ဥပဒေသည် အခွင့်ထူးခံ လူနည်းစုလေးကိုသာ အထက်တန်းပညာ သင်ကြားခွင့်ပေးရန် ရည်ရွယ်သည်ဟု ဆန့်ကျင်သူများကယူဆခဲ့ပါသည်။ အမျိုးသားကျောင်းများသည် မြန်မာလူငယ်တို့အား သူတို့ ၏ ကိုလိုနီလက်အောက်ခံ ဘဝအခြေအနေကို နိုင်ငံရေးအသိတရားအရ ခံစားနားလည်စေပြီး၊ ထိုဘဝမှ လွတ် မြောက်လိုစိတ်များ အသည်းနှလုံးအတွင်းမှ ဖြစ်ပေါ်လာရန်ကျိုချက်ပေးလိုက်သော နေရာများသဖွယ်ဖြစ်ပါသည်။

မိမိ၏နိုင်ငံကို လူမျိုးခြားတို့အုပ်ချုပ်မှုအောက်မှ လွတ်မြောက်အောင် ဆောင်ရွက်လိုသောဆန္ဒသည် ရေနံ ချောင်းအမျိုးသားကျောင်း မတက်မီကာလကပင် အောင်ဆန်း၏ စိတ်တွင် ကိန်းအောင်းနေခဲ့ပုံရပါသည်။ က လေးဘဝက ဗြိတိသျှတို့အား ပုန်ကန်မောင်းထုတ်ရန် နည်းအမျိုးမျိုးကို ကြံစည်စဉ်းစားခဲ့ပုံ၊ တခါတရံ ပြဒါးရှင် လုံးကဲ့သို့သော တန်ခိုးသိဒ္ဓိရှင်ပစ္စည်းများ အကူအညီဖြင့် မြန်မာပြည်လွတ်မြောက်ရေးကိုရယူရန် စိတ်ကူးယဉ် ခဲ့ပုံအကြောင်းကို သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိဆောင်းပါးတွင် ရေးသားထားပါသည်။

အမျိုးသားကျောင်း၌ နေစဉ်အတွင်း နိုင်ငံရေးလောက၌ နာမည်ကြီးသော ပုဂ္ဂိုလ်များ၏ မိန့်ခွန်းများကို စိတ်ဝင် စားလာပြီး စကားရည်လုပွဲများတွင်လည်း ပါဝင်ဆင်နွှဲခဲ့၏။ သူ၏ ဟောပုံပြောပုံမှာ အားတက်စရာမဟုတ်သော် လည်း ကိုင်တွယ်ရမည့် အကြောင်းအရာနှင့်ပတ်သက်၍ သေချာစေ့စပ်စွာ ပြင်ဆင်ထားခြင်း၊ ယုံကြည်ချက် အပြည့်အဝရှိခြင်းတို့ကြောင့် အဟောကောင်း၊ အပြောကောင်းဟူ၍ နာမည်ရခဲ့၏။

ကျောင်းဂျာနယ် စာတည်းအဖြစ်လည်းဆောင်ရွက်ခဲ့၏။ ထိုကဲ့သို့ စာသင်ခန်းပြင်ပလုပ်ငန်းများတွင် ပါဝင်သော် လည်း တယောက်တည်း အတွေးနယ်ထဲ နစ်မြုပ်နေတတ်ခြင်း၊ နေပုံထိုင်ပုံထောင့်မကျိုးခြင်းတို့ကြောင့် အောင် ဆန်းကို လူ့ဂွစာ လူထူးလူဆန်းအဖြစ် ကျောင်းနေဖက်များက မြင်ကြပါသည်။ ၁၉၃၂ ခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ၌ မြန်မာစာ၊ ပါဠိဘာသာဂုဏ်ထူးများဖြင့် “အေ” အဆင့်မှ အောင်မြင်ကာ ရန်ကုန်တက္ကသိုလ်သို့ ပညာဆက်သင်ရန် ရာက်သွားပါသည်။

အောင်ဆန်း ရန်ကုန်တက္ကသိုလ်သို့ ရောက်လာသည့်နှစ်သည်ကား ဆရာစံသူပုန်ကို ဗြိတိသျအစိုးရက ချေမှုန်း ကာ ခေါင်းဆောင်များကို သေဒဏ်ပေးခဲ့ပြီး တနှစ်ကြာကာလကပင်ဖြစ်ပါသည်။ တောင်သူလယ်သမားများ ခံစားနေရသော အတိဒုက္ခများမှ ပေါ်ပေါက်လာရသော ပုန်ကန်မှုကို ဗြိတိသျအစိုးရက ရှင်ဘုရင်ဖြစ်လိုသော အယူသည်းသူတယောက် ဦးဆောင်သည့် တောသူတောင်သား ပုန်ကန်မှုမျှသာဖြစ်သည်ဟု သေးသိမ်စေရန် နှိမ်၍ဖော်ပြခဲ့ပါသည်။ သို့သော်လည်း မြန်မာများအနေဖြင့် ကိုယ်ထိလက်ရောက် ပါဝင်ဆင်နွှဲခဲ့သူ မများပြား သော်လည်း ထိုပုန်ကန်မှုအပေါ် အတော်ပင် ဂရုဏာထားကြပါသည်။ ဆရာစံကို စွဲဆောင်နိုင်စွမ်းရှိသူတဦးအဖြစ် မမြင်သူများကပင် သူပုန်တို့၏ မျိုးချစ်စိတ်နှင့် သတ္တိပြောင်မြောက်မှုကြောင့် စိတ်လှုပ်ရှားတက်ကြွခဲ့ရပြီး အစိုးရ၏ ရက်စက်ကြမ်းတမ်း တုံ့ပြန်မှုများကြောင့် အရေးနိမ့်သွားရသော သူပုန်တို့ကိုများစွာ သနားကြင်နာခဲ့ကြ၏။

ဗြိတိသျှအုပ်ချုပ်မှု အစောပိုင်းကာလတွင် ကျင့်သုံးသော ငြိမ်ဝပ်အေးချမ်းရေးလမ်းစဉ်မှာ အတော်အတန် အောင်မြင်မှုရှိခဲ့သော်လည်း လူမျိုးခြားကြီးစိုးမှုကို မြန်မာများက ကျေနပ်စွာ လက်ခံခြင်းမရှိပါ။ ကိုလိုနီအစိုးရ ပိုမိုခိုင်မြဲလာသည်နှင့် အုပ်ချုပ်သူလူမျိုးခြားတို့၏ ပလွှားမောက်မာသော အမူအကျင့်များနှင့် တိုင်းပြည်အတွက် စစ်မှန်သောကောင်းကျိုးကိစ္စရပ်တို့ကို လျစ်လျူရှုမှုများသည် တိုင်းသူပြည်သားတို့၏ မနှစ်သက် မကျေနပ်စိတ် များကို ဆွပေးသကဲ့သို့ ဖြစ်လာပါသည်။

ပထမဦးစွာပေါ်ထွန်းခဲ့သော အမျိုးသားရေးရာ အဖွဲ့အစည်းများသည် ဗုဒ္ဓဘာသာနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု တည်တံ့ခိုင်မြဲရန်နှင့် သန့်ရှင်းစင်ကြယ်ရန်ကိုသာ ဆောင်ရွက်ကြသည်။ သို့သော် ခေတ်ပညာတတ် မြန်မာလူ ငယ်အရေအတွက် များပြားလာသည်နှင့်အမျှ နိုင်ငံရေးရည်မှန်းချက်များပါ ပေါ်ပေါက်လာပါသည်။ ၁၉၀၆ ခုနှစ် တွင် တည်ထောင်သော ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဝိုင်အမ်ဘီအေ)သည် နိုင်ငံရေးရာများကို စတင် ကိုင်တွယ်သော အဖွဲ့အစည်းဖြစ်ပြီး ရန်ကုန်တက္ကသိုလ်သပိတ်ကို အောင်မြင်စွာစည်းရုံးလှုံ့ဆော်ခဲ့ပါသည်။

မျိုးသားလှုပ်ရှားမှု အရှိန်အဟုန်ရလာသောအခါ ‘ဝိုင်အမ်ဘီအေ’ သည် ၁၉၂ဝ ခုနှစ်၌ ‘ဂျီစီဘီအေ’ အသွင် သို့ ကူးပြောင်းသွားပါသည်။ ပထမဦးဆုံး ပေါ်ပေါက်လာသော အမျိုးသားမဟာမိတ်အဖွဲ့ဟု ခေါ်နိုင်ပါသည်။ မြန်မာ့အမျိုးသားရေးရာလှုပ်ရှားမှုကို တိုက်ရည်ခိုက်ရည်သွင်းပေးလိုက်သော ပုဂ္ဂိုလ်မှာ ဆရာတော်ဦးဥတ္တမ ဖြစ်သည်။ ဆရာတော်၏ စိတ်အားထက်သန်သော လွတ်လပ်ရေးတောင်းဆိုမှုတို့ကြောင့် နိုင်ငံတဝှမ်းတွင် မျိုး ချစ်စိတ်ဓာတ်ပြင်းပြစွာ တက်ကြွလာပါသည်။ သို့သော်လည်း စုပေါင်းညီညာသော လွတ်လပ်ရေးလှုပ်ရှားမှု ပေါ်ပေါက်စေမည့် အင်အားများမှာ နိုင်ငံရေးအကွဲအပြားများကြောင့် လွင့်စင်သွားရ၏။

၁၉၂၂ ခုနှစ်တွင် (၂၁) ဦးပါတီသည် ဂျီစီဘီအေမှ ခွဲထွက်သွားပြီးနောက်တွင် ထပ်မံကွဲကြပြန်သဖြင့် ၁၉၂ဝ ခု နှစ်များ ကုန်ဆုံးခါနီးတွင် အဖွဲ့အစည်း (၃) ဖွဲ့ ဖြစ်သွားပါတော့သည်။ ၁၉၃ဝ ခုနှစ်များ၏ အစပိုင်းကာလတွင်မူ ဗြိတိသျှအုပ်ချုပ်မှုအောက်တွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ပူးတွဲထားသင့်၊ မထားသင့် ဟူသော “ခွဲရေး-တွဲရေး” ကိစ္စအပေါ် မြန်မာနိုင်ငံရေးသမားများ စိတ်ဝင်စားစွာ အငြင်းပွားကြသည်ကို တွေ့ရပါသည်။

ထိုနိုင်ငံရေးသမားများအနက် အချို့မှာ ဆရာစံသူပုန်တို့အား ဗြိတိသျှအစိုးရက ခုံရုံးတင်စစ်ဆေးရာ၌ သူပုန် များဘက်မှ ခုခံကာကွယ်ပေးခဲ့သဖြင့် ထင်ပေါ်ကျော်ကြားလာသူများဖြစ်ပါသည်။ တချိန်တည်းမှာပင် ငြိမ်၍ ခေါင်းငုံ့ခံသည့်ကာလမှာလည်း ဆုံးခန်းသို့ ဦးတည်လာကာ ထိုးနှက်တိုက်ခိုက်ခြင်း သဘောဆောင်သော နည်းဗျူဟာများသုံးစွဲရန် တွန့်ဆုတ်လိမ့်မည်မဟုတ်သော အမျိုးသားရေးစိတ်ဓာတ်ရှိသည့် မျိုးဆက်သစ်များ လည်း နိုင်ငံရေးဇာတ်ခုံပေါ်သို့ ရောက်ရှိလာပါသည်။

အသက် (၁၈) နှစ်အရွယ် အောင်ဆန်းသည် ခပ်ရိုင်းရိုင်း အညာသားကလေးပင်ဖြစ်ပါသည်။ မိမိတို့ကိုယ်မိမိတို့ လူ့မလိုင်ဟု အထင်ရောက်နေကြပြီး ကြော့ရှင်းဝံ့ကြွားစွာ ဝတ်ဆင်နေထိုင်ကြသော ရန်ကုန်တက္ကသိုလ် ကျောင်းသားများ အသိုင်းအဝိုင်းတွင် မျက်နှာထားရှုသိုးသိုးနှင့် အဝတ်အစား ပိုသီပတ်သီဝတ်ဆင်သော အောင်ဆန်းသည် အံမဝင်ဂွင်မကျ ဖြစ်နေ၏။ ထို့အပြင် သူ့ထက်သိမ်မွေ့ပါးနပ်သော ကျောင်းနေဖက်များ၏ ဝေဖန်နောက် ပြောင်မှုကိုလည်း ဂရုမစိုက်ကြောင်း စောစီးစွာပေါ်လွင်စေခဲ့၏။
အောင်ဆန်း တက္ကသိုလ်ရောက်စ ပထမနှစ်ပတ်တွင် ကျောင်းသားသမဂ္ဂမှ စကားရည်လုပွဲတရပ် ကျင်းပပါ သည်။ ထိုစကားရည်လုပွဲအပြီး၌ အောင်ဆန်းသည် ပရိသတ်အကြားမှထကာ သူ့အကို အောင်သန်း တင်သွင်း သော “ဘုန်းတော်ကြီးများ နိုင်ငံရေးမလုပ်သင့်”ဟူသည့် အဆိုကို ထောက်ခံလိုက်ပါသည်။ ဤသည်မှာ မိသားစု သွေးစည်းရေး သဘောဆောင်သည့် အပြုအမူမဟုတ်ပါ။ ယုံကြည်ချက်အရ လုပ်ဆောင်လိုက်ခြင်း ဖြစ်ပါ သည်။

အောင်ဆန်း အင်္ဂလိပ်စကားပြောရာတွင် အသံထွက် အမှားမှားအယွင်းယွင်း ကို့ယို့ကားရား ချောမွေ့ပြေပြစ် ခြင်း မရှိသောကြောင့် သူ့စကားများမှာ နားမလည်နိုင်သလောက်ပင်ဖြစ်၏။ ပရိသတ်က ပြောင်လှောင်သရော် အော်ဟစ်ကြသဖြင့် အကိုဖြစ်သူ အတော်ပင်အနေရခက်သွား၏။ အောင်ဆန်းကမူ ကြောက်ရွံ့၍ အသံပျောက် သွားခြင်းမရှိ။ ကဲ့ရဲ့သံများ၊ မြန်မာစကားနှင့်သာပြောရန် ရိုင်းရိုင်းစိုင်းစိုင်း အော်ဟစ်သံများကို လျစ်လျူရှုကာ အဆင့်အတန်းမမီသော သူ့အင်္ဂလိပ်စကားကို ပါဠိအသုံးအနှုန်းများဖြင့် ဖြည့်စွက်၍ သူပြောလိုရာအားလုံးကို ပြီးဆုံးအောင် ဆက်လက်ပြောဆိုသွားပါသည်။

ထိုပထမစကားရည်လုပွဲ အဖြစ်အပျက်သည် နောင်အတွက် အစဉ်အလာတရပ် ချမှတ်ပေးလိုက်သကဲ့သို့ ဖြစ် သွားပါသည်။ ပရိသတ်က ကဲ့ရဲ့ရှုတ်ချနေသည့်ကြားကပင် သူပြောလိုရာကို အင်္ဂလိပ်စကားနှင့်ပြောခြင်း၊ သုန် သုန်မှုန်မှုန် နေတတ်ခြင်းတို့ကြောင့် သူသည် အူကြောင်ကြောင်နိုင်သော အရူးတယောက်ဟူ၍ပင် နာမည်ရခဲ့ ၏။

သို့သော် အောင်ဆန်းသည် အဝေဖန်ခံရမည်ကို ကြောက်ရွံ့ပြီး သူလုပ်ကိုင်ရန် ဆုံးဖြတ်ထားသောကိစ္စများကို မလုပ်ဘဲနေမည့် လူမျိုးမဟုတ်ပါ။ ခေတ်ပြိုင်ကမ္ဘာတွင် အင်္ဂလိပ်စကား အရေးပါပုံကို သိရှိနားလည်သဖြင့် အင်္ဂ လိပ်စကားကို ပိုင်ပိုင်နိုင်နိုင်သုံးစွဲနိုင်ရန် သူ ကြိုးစား၏။ အင်္ဂလိပ်စာအုပ်များကို သဲကြီးမဲကြီးဖတ်ခြင်း၊ အခြား သူများ ပြောပုံဆိုပုံကို နားထောင်လေ့လာခြင်း၊ အင်္ဂလိပ်စာသင်ကျောင်းတွင် ပညာဆည်းပူးခဲ့သူ မိတ်ဆွေရင်း တဦးထံမှ အကူအညီယူခြင်း စသည်တို့ဖြင့် ဘုန်းကြီးကျောင်းထွက် အညာသားတဦးအတွက် ထူးခြားလောက် သော အင်္ဂလိပ်စကားကျင်လည်မှုကို သူရရှိလာ၏။

ထိုပထမစကားရည်လုပွဲတွင် အောင်ဆန်း ထောက်ခံခဲ့သောအဆိုမှာ သူ၏ ရေရှည်ယုံကြည်ချက်တရပ်အား ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်ကို သတိမူသင့်ပါသည်။ ထိုယုံကြည်ချက်မှာ သံဃာတော်များ နိုင်ငံရေးတွင် ဝင် ရောက်လုပ်ကိုင်ခြင်း မပြုသင့်ကြောင်းပင်ဖြစ်ပါသည်။ မကွယ်လွန်မီ တနှစ်ကျော်ခန့်က ပြောကြားခဲ့သော ရွှေ တိဂုံစေတီတော် အလယ်ပစ္စယံညီလာခံမိန့်ခွန်း၌ “ဘာသာရေးနှင့် နိုင်ငံရေးကို ရောစပ်ပါမူ ဘာသာရေး၏ သဘောတရားကို ဆန့်ကျင်ရာရောက်ပေ၏”ဟု ပြောခဲ့၏။ ရဟန်သံဃာများအား “အရှင်ဘုရားတို့က သာသ နာတော်ရောင် ထွန်းပြောင်အောင် အားထုတ်တော်မူကြပါ – ကမ္ဘာသူကမ္ဘာသားတို့ မေတ္တာတရားပွားများ၍ သမစိတ္တနှင့် ညီရင်းအကို မောင်ရင်းနှမကဲ့သို့ နေနိုင်ကြပါလိမ့်မည် — ဤကဲ့သို့ဆောင်ရွက်မှုသည် သာသနာ ဖက်ကသာကြည့်၍ မြင့်မြတ်သည်မဟုတ်ပါ၊ တပည့်တော်တို့၏ နိုင်ငံနှင့် လူမျိုးအတွက် အမြင့်မြတ်ဆုံးသော နိုင်ငံရေးကို ဆောင်ရွက်ရာရောက်ပါသည်ဘုရား” စသဖြင့် လျှောက်ထားခဲ့ပါသည်။

အများက နိုင်ငံသတ္တဝါ ပကတိအဖြစ်ဖြင့်မြင်ကြသော အောင်ဆန်းမှာ စင်စစ်တွင် ဘာသာရေး၌ လေးနက်စွာ တသက်လုံး စိတ်ဝင်စားသူပင် ဖြစ်ပါသည်။ ရေနံချောင်း၌ ကျောင်းတက်နေစဉ် ဖခင်ကွယ်လွန်သွားသဖြင့် ဝမ်းနည်းကြေကွဲကာ ရဟန်းဘောင်ဝင်ရန်ပင် စိတ်ကူးခဲ့ပါသည်။ တက္ကသိုလ်ရောက်စအချိန်ကလည်း အီတလီ လူမျိုး ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးလောကနန္ဒကို ကြည်ညိုလေးစားလှသဖြင့် ဆရာတော်နှင့် အတူလိုက်ပြီး သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရန် မိခင်ထံ အခွင့်တောင်းဖူး၏။ အခွင့်ကား မရခဲ့ပေ။ သို့သော် လော ကုတ္တရာကိစ္စများကို အောင်ဆန်း ဆက်လက်၍ ဂရုတစိုက်အလေးထားပါသည်။

နိုင်ငံရေးလောကထဲသို့ ခြေစုံပစ်ဝင်ပြီးနောက်ပိုင်း၌ပင် သူနှင့် အရင်းနှီးဆုံး မိတ်ဆွေတဦးအား သူ၏ “သစ္စာတရားနှင့် လုံးဝအပြစ်ကင်းစင်မှု ရှာပုံတော်ဘဝခရီး” အကြောင်းနှင့် ကာယကံ၊ ဝစီကံ၊ မနောကံအရ ရိုးဖြောင့်နိုင် ရန် သတိပြုကြိုးပမ်းနေကြောင်းတို့ကို စာရေး၍ ရှင်းပြဖူးပါသည်။ ခေတ်လူငယ် စိတ်ပိုင်းဆိုင်ရာ အသိတရား ခေါင်းပါးနေသည်ကို စိုးရိမ်မိကြောင်း၊ လောကဒဏ်လှိုင်းများကို ကြံ့ကြံ့ခိုင် ရင်ဆိုင်တွန်းလှန်နိုင်စွမ်းမရှိပါက ထိုအသိတရားများ လုံးဝကွယ်ပျောက်ပြီး စိတ်ဓာတ်ဗလ မွဲပြာကျသောအဖြစ်သို့ ရောက်ရှိသွားမည်ကို စိုးရိမ်ပူ ပန်မိကြောင်း စသဖြင့်လည်း ရေးသားထားပါသည်။

ကျောင်းသားနိုင်ငံရေးနှင့် သခင်များ

ကိုအောင်ဆန်း ကျောင်းသားနိုင်ငံရေးတွင် ပါဝင်မှုမှာ အစ၌ ခပ်ဖြေးဖြေး မှန်မှန်သာဖြစ်သော်လည်း ၁၉၃၅ ခုနှစ်နောက်ပိုင်း၌ အရှိန်အဟုန် မြင့်မားလာ၏။ ထိုအချိန်တွင် သူသည် ကိုနု၊ ကိုလှဖေ (နောင် ဗိုလ်လင်္ကျာ)၊ ကိုသိန်းဖေ၊ ကိုကျော်ငြိမ်း၊ ကိုရာရှစ်ကဲ့သို့သော ပုဂ္ဂိုလ်များနှင့်အတူ စတင်လုပ်ကိုင်နေပြီး မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုတွင် ထင်ရှားလာမည့် ထိုလူငယ်များနှင့် အောင်ဆန်းတို့ လက်တွဲကာ ကျောင်းသားများ အတော်ပင် ဂရုပြုရမည့် နိုင်ငံရေးအင်အားစုတစုဖြစ်လာအောင် စည်းရုံးပါသည်။

ကိုအောင်ဆန်းတို့လူစုသည် အာဏာပိုင်အလိုတော်ရိများ လွှမ်းမိုးထားသော တက္ကသိုလ်ကျောင်းသားသမဂ္ဂကို ထိုးထွင်းဝင်ရောက်နိုင်ရန် ကြိုးပမ်းခြင်းဖြင့် စတင်လှုပ်ရှား၏။ ပထမတွင် အောင်မြင်မှုသိပ်မရှိခဲ့ပေ။ ၎င်းးတို့အ ထဲမှ ကိုကျော်ငြိမ်းနှင့် ကိုသိန်းဖေတို့သာ သမဂ္ဂအမှုဆောင်များအဖြစ် အရွေးချယ်ခံရသည်။ သို့သော် နောက် ပိုင်းတွင် ထက်သန်သော အမျိုးသားရေးစိတ်ဓာတ်နှင့် ဇွဲလုံ့လတို့၏ အကျိုးအမြတ်များ ထွန်းကားလာ၏။ တက္က သိုလ်ကျောင်းသားများ၏ စိတ်နေစိတ်ထားလည်း ပြောင်းလာ၏။ လှုပ်ရှားတက်ကြွသော ပြည်ချစ်စိတ်လွှမ်းမိုး လာ၏။ ၁၉၃၅-၃၆ စာသင်နှစ်အတွင်း ကျောင်းသားသမဂ္ဂအမှုဆောင် ရွေးကောက်ပွဲတွင် အဓိကနေရာအား လုံး အမျိုးသားရေးစိတ်ဓာတ် ထက်သန်သောလူငယ်များက ရရှိသွားကြ၏။ ကိုအောင်ဆန်းသည် အမှုဆောင် အဖွဲ့ဝင်တဦးအဖြစ် အရွေးခံရပြီး သမဂ္ဂမဂ္ဂဇင်း၏ အယ်ဒီတာလည်း ဖြစ်လာပါသည်။

သမဂ္ဂမဂ္ဂဇင်း “အိုးဝေ”တွင် “ငရဲခွေးကြီး လွတ်နေပြီ”ဟူသော ဆောင်းပါးကို ထည့်သွင်းခဲ့ခြင်းသည် ကျယ် ပြန့်စွာထိရောက်မှုရှိခဲ့သည့် ၁၉၃၆ ခုနှစ် တက္ကသိုလ်ကျောင်းသားသပိတ်ကို သွယ်ဝိုက်သောနည်းဖြင့် လှုံ့ဆော် ပေးခြင်းပင် ဖြစ်ပါသည်။ ဤဆောင်းပါးသည် တက္ကသိုလ်အရာရှိတဦးအား ပုတ်ခတ်တိုက်ခိုက် ရေးသားထား ခြင်းဖြစ်သည်ဟု အာဏာပိုင်များက ယူဆကာ ဆောင်းပါးရှင်အမည်ကို ဖော်ထုတ်ရန် အယ်ဒီတာ ကိုအောင် ဆန်းအား တောင်းဆိုလာတော့၏။

ကိုအောင်ဆန်းကလည်း ယင်းကဲ့သို့ဖော်ထုတ်ခြင်းသည် သတင်းစာဆရာကျင့်ဝတ်နှင့် ကိုက်ညီမည်မဟုတ်ဟု ဆိုကာ ငြင်းဆန်လိုက်၏။ အာဏာပိုင်များက ယခုကဲ့သို့ ငြင်းဆန်မှုကို အခွင့်ကောင်းယူပြီး ကိုအောင်ဆန်းအား ကျောင်းမှထုတ်ပယ်လိုက်တော့၏။ မကြာသေးမီကပင် ကိုနုသည်လည်း ကျောင်းအုပ်ကြီးအား ပစ်ပစ်ခါခါ ဝေ ဖန်မှုဖြင့် ကျောင်းထုတ်ခံခဲ့ရသောကြောင့် ကျောင်းသားများထဲတွင် မကျေနပ်မှု၊ ဒေါသထွက်မှု ပို၍များပြားလာ လေသည်။ သို့ဖြင့် သပိတ်မှောက်ရန် ဆုံးဖြတ်ကြပါတော့သည်။

တက္ကသိုလ်စာမေးပွဲများစစ်ချိန် ဖြစ်လေရာ ဤဆုံးဖြတ်ချက်မှာ အထူးလေးနက်သည့် ကိစ္စတရပ်ဖြစ်ပါသည်။ သပိတ်သတင်းမှာ ချက်ချင်းပင် ဟိုလေးတကျော်ဖြစ်သွားလေသည်။ သတင်းစာများနှင့်တကွ တနိုင်ငံလုံးက သပိတ်မှောက်ကျောင်းသားများကို ကြင်နာစွာ ထောက်ခံကြပါသည်။ ဤကဲ့သို့ အများထောက်ခံမှုကို ရယူနိုင် ခြင်း၊ လေးစားလောက်အောင် စီမံကွပ်ကဲနိုင်ခြင်း၊ စည်းကမ်းရှိခြင်း စသည်တို့ကြောင့် ကျောင်းသားများ၏ လုပ်ရည်ကိုင်ရည်နှင့် ကျောင်းသားအင်အား၏ တန်ခိုးအာနိသင်ကို လူကြီးပိုင်း နိုင်ငံရေးသမားများ အသိအ မှတ်ပြုလာကြရသည်။ အစိုးရအနေဖြင့်လည်း သပိတ်မှောက်သူများ၏ မကျေနပ်ချက်များကို လေးနက်စွာ မ စဉ်းစား၍ မဖြစ်တော့ပါ။ နောက်ဆုံး၌ နိုင်လူမင်းထက်ပြုတတ်သော ကျောင်းအုပ်ကြီးမှာ အငြိမ်းစားယူလိုက်ရ ၏။ တက္ကသိုလ်အက်ဥပဒေတွင် ကျောင်းသားများထည့်သွင်းလိုသော ပြင်ဆင်ချက်များကို လေ့လာရန် ကော်မ တီတရပ်ကိုလည်း ဖွဲ့စည်းလိုက်ရပြီး အရေးမပါလှသော တောင်းဆိုချက်များကိုမူ လိုက်လျောလိုက်လေသည်။

လူငယ်အမျိုးသားရေးဝါဒီများ၏ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုတွင် အရေးကြီးသည့် မှတ်တိုင်တတိုင်ဖြစ်သော ၁၉၃၆ ခုနှစ်သပိတ်ကြောင့် ကိုအောင်ဆန်းသည်လည်း ကျောင်းသားခေါင်းဆောင်တဦးအဖြစ် လူသိများလာ ပါသည်။ သူ့ဂုဏ်သိက္ခာလည်း အရှိန်မှန်မှန်မြင့်မားလာပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် သပိတ် မှောက်ပြီးနောက် တည်ထောင်ခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂတို့၏ အမှုဆောင်အဖွဲ့များ တွင်လည်း တဆင့်ထက်တဆင့် ပိုမိုအရေးပါသော အမှုဆောင်နေရာများတွင် တာဝန်ထမ်းဆောင်ရ၏။

၁၉၃၈ ခုနှစ်တွင် သမဂ္ဂနှစ်ရပ်စလုံး၏ ဥက္ကဋ္ဌဖြစ်လာပါသည်။ ထိုအချိန်၌ ကိုအောင်ဆန်း တက္ကသိုလ်မှ ဝိဇ္စာဘွဲ့ ရပြီး၍ ဥပဒေဝိဇ္စာတန်းတွင် တက်ရောက်နေ၏။ ထိုကဲ့သို့ ဥပဒေတန်းဆက်တက်နေခြင်းမှာ တက္ကသိုလ်တွင် ဆက်လက်နေထိုင်လှုပ်ရှားနိုင်ခွင့်ရရှိရန်ဟူသော အကြောင်းလည်း ပါဝင်ပါသည်။ ဖြောင့်မတ်တည်ကြည်ခြင်း၊ ဇွဲလုံ့လကြီးခြင်း၊ အလုပ်လုပ်နိုင်စွမ်းရှိခြင်း စသည်တို့ကြောင့် ကိုအောင်ဆန်းအနေဖြင့် လေးစားခြင်းခံရသော် လည်း အခြားကျောင်းသားခေါင်းဆောင်များကဲ့သို့ ယဉ်ကျေးသိမ်မွေ့၍ ဆက်ဆံရေးပြေပြစ်ခြင်းမရှိသော လူ့ဂွ စာတဦးပင် ဖြစ်ပါသည်။

သုန်သုန်မှုန်မှုန်နေတတ်ခြင်း၊ မသပ်ရပ်ခြင်း၊ စိတ်မပါလျှင် သူတပါး အနေရကြပ်လောက်အောင် တုံဏှိဘာဝေ နေတတ်ခြင်း၊ စိတ်ပါပြန်တော့လည်း သူတပါး မခံနိုင်လောက်အောင် စကားဖောင်ဖွဲ့ခြင်းနှင့် အခြားထောင့်မ ကျိုးသော အမူအကျင့်တို့ကြောင့် ကိုအောင်ဆန်း မကြာခဏ အဝေဖန်ခံရပါသည်။ သူကိုယ်တိုင်လည်း “ရံဖန် ရံခါ လူ့ယဉ်ကျေးများနှင့် အသားမကျခဲ့ချေ၊ မျက်စေ့နောက် မြင်ပြင်းကပ်လာသည်။ ထိုအခါ လူ့ယဉ်ကျေးများ နှင့် ငါ လူရိုင်းဟု ဇာတိခွဲပစ်ချင်သည့် စိတ်များရှိလာသည်” ဟု ရေးသားခဲ့ဖူး၏။ သို့သော် လူရိုင်းများကို အောင် ဆန်းမြင်ပုံမှာ စိတ်ကူးယဉ်ဆန်၏။ ရိုးဖြောင့်တည်ကြည်၊ ကျန်းမာသန်စွမ်းပြီး၊ လွတ်လပ်ချမ်းသာစွာ နေထိုင်သူ များဟု သူက အမွှန်းတင်ထားခြင်းပင်ဖြစ်ပါသည်။

၁၉၃၈ ခုနှစ်တွင် ကိုအောင်ဆန်းသည် ၁၉၃ဝ ခုနှစ် ကုလား-ဗမာအဓိကရုဏ်းမှ မြစ်ဖျားခံသော ဒို့ဗမာအစည်း အရုံးထဲသို့ ဝင်ရောက်လှုပ်ရှားနိုင်ရန် တက္ကသိုလ်မှ ထွက်လိုက်ပါသည်။ ထိုအစည်းအရုံးသည် အမျိုးသားရေး စိတ်ဓာတ်ပြင်းပြ၍ နုပျိုတက်ကြွသည့် အခြေခံလက္ခဏာရှိပြီး အစည်းအရုံးခေါင်းဆောင်များသည် သက်ကြီး နိုင်ငံရေးသမားများနှင့်မတူ တမူထူးခြားကြပါသည်။ မျိုးချစ်အရေးတော်ပုံ၌ ဘဝကိုမြှုပ်နှံရန် အာသီသပြင်းထန် နေသော ခေတ်သစ်ပညာတတ်လူငယ်များက ထိုသက်ကြီးနိုင်ငံရေးသမားများသည် ရဲသင့်သည်လောက်မရဲ၊ မြန်မာဆန်သင့်သည်လောက်မဆန်၊ အခြေခံမှ ပြောင်းလွဲမှုများလုပ်ရန် ဆန္ဒရှိသင့်သည်လောက်မရှိ၊ ငယ်ရွယ် သင့်သလောက်လည်း မငယ်ရွယ်ဟု ယူဆကြပါသည်။

ဒို့ဗမာအစည်းအရုံးဝင်များကို လူတိုင်းက ကြိက်ကြသည်တော့မဟုတ်ပါ။ အချို့က သူတို့ကို ကလေကချေ ပြ ဿနာရှာနေသော လူမိုက်လူဆိုးလေးများဟူ၍ အထင်သေးပြီး၊ အမည်ရှေ့တွင် ‘သခင်’တပ်၍ ခေါ်ဝေါ်ခြင်းကို ကြီးကျယ်သည်၊ မလုပ်သင့်မလုပ်ထိုက်ဟု ဝေဖန်ကြပါသည်။ ဗြိတိသျှအုပ်ချုပ်ရေးသမားများကို လက်အောက် ခံဖြစ်နေသော ဗမာတို့က ‘သခင်’ ဟု ခေါ်လေ့ခေါ်ထရှိရာ၊ ဗမာများသည် ကျွန်မျိုးမဟုတ် ကိုယ့်ကိုကိုယ် အုပ် စိုးနိုင်သည့် မွေးရာပါအခွင့်အရေးရှိသူများဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း ရဲရဲတင်းတင်း ဖေါ်ပြသည့်အနေ နှင့် အစည်းအရုံးဝင်များက ‘သခင်’ ဘွဲ့ကို သုံးစွဲခြင်း ဖြစ်ပါသည်။

အတွင်းသဘောထား မတိုက်ဆိုင်မှုများကြောင့် ဒို့ဗမာအစည်းအရုံး နှစ်ခြမ်းကွဲသွားပါသည်။ သခင်အများစုပါ ဝင်သည့် အပိုင်းကို ခေါင်းဆောင်သူမှာ မြန်မာ့စာပေနှင့် နိုင်ငံရေးလောကတွင် အထင်ကရပုဂ္ဂိုလ်ကြီးဖြစ်ပြီး မူလက အစည်းအရုံး၏ နာယကဖြစ်သော ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဖြစ်ပါသည်။ ကိုအောင်ဆန်းလည်း သခင်ကိုယ်တော်မှိုင်း ဦးဆောင်သည့် ဒို့ဗမာအစည်းအရုံးဝင်တဦး ဖြစ်လာပါသည်။ ‘မှိုင်းသခင်’ များအနက် ကိုနု၊ ကိုလှဖေနှင့် ကိုသိန်းဖေတို့အပြင် ကျောင်းသားခေါင်းဆောင်များ မဟုတ်ခဲ့သော်လည်း မြန်မာ့နိုင်ငံရေး တွင် ထင်ရှားအရေးပါလာမည့် သခင်သန်းထွန်းနှင့် သခင်စိုးတို့လည်းပါဝင်ပါသည်။ မကြာမီ သခင်အောင်ဆန်း သည် ဒို့ဗမာအစည်းအရုံး အထွေထွေအတွင်းရေးမှူး ဖြစ်လာပြီးနောက် အစည်းအရုံး၏ ကြေညာစာတမ်းကို စီ ရင်ရေးသားခဲ့ပါသည်။
၁၉၃၈-၁၉၃၉ ခုနှစ်များတွင် ‘၁၃၀ဝ ပြည့် အရေးတော်ပုံ’ ဟု အမည်တွင်မည့် အရေးအခင်းများ ဖြစ်ပေါ်ခဲ့ပါ သည်။ ရေနံမြေအလုပ်သမားများ ချီတက်ပွဲ၊ တောင်သူလယ်သမားများ ချီတက်ပွဲ၊ ရဲ၏ နံပါတ်တုတ်ဒဏ်ဖြင့် ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရသော ကျောင်းသားဆန္ဒပြပွဲ၊ ထိုဖြစ်ရပ်ကြောင့် ပေါ်ပေါက်ရသော နိုင်ငံအဝှမ်း ကျောင်းသားသပိတ်များ၊ ဗမာတို့နှင့် အိန္ဒိယအနွယ် မူဆလင်များအကြား ဖြစ်ပွားခဲ့သော အဓိကရုဏ်း၊ အလုပ် သမားများသပိတ်၊ ရဲ၏ လက်ချက်ဖြင့် အာဇာနည် (၁၇) ဦး ကျဆုံးခဲ့သော မန္တလေးဆန္ဒပြပွဲ၊ ဒေါက်တာဘမော် အစိုးရ ပြုတ်ကျသွားခြင်း စသည်တို့ တသီတတန်းကြီး ဖြစ်ပေါ်ခဲ့ပါသည်။

ဤအရေးအခင်းများကြောင့် နိုင်ငံအတွင်း မကြုံစဖူး မငြိမ်မသက် ဆူဆူပွက်ပွက်ဖြစ်လာပြီး အမျိုးသားရေးလှုပ် ရှားမှုများ အရှိန်အဟုန်ပြင်းထန်လာသည်။ သို့သော် ဤမျှစိတ်လှုပ်ရှားဖွယ်ဖြစ်ရပ်များ အကြားကပင် မြန်မာ့ နိုင်ငံရေး၏ ကပ်ကြီးနှစ်ပါးဖြစ်သော ဂိုဏ်းဂဏဝါဒနှင့် မနာလိုမုန်းတီးရေးဝါဒတို့၏ ဆိုးဝါးသော အရှိန်ဩဇာများ လွှမ်းမိုးလာ၏။ အုပ်စုတအုပ်စု၊ လူတဦးချင်းတို့အနေနှင့် မိမိတို့သာလျှင် အထိ ရောက်ဆုံး၊ မျိုးချစ်စိတ်အထက်သန်ဆုံး၊ အတော်ဆုံးဟူ၍ ဂုဏ်တု၊ ဂုဏ်ပြိုင်လုပ်လိုသော စိတ်ရူး များဝင်ကာ အပြန်အလှန် စွပ်စွဲပုတ်ခတ်မှုများ၊ ခါးသီးမှုများ ပျံ့နှံ့လာလေသည်။

ဂိုဏ်းဂဏစိတ်နှင့် မနာလိုဝန်တိုစိတ်များမှ ကင်းရှင်းသည်ဟု အများက သတ်မှတ်ထားသော လူနည်းစုလေး တွင် သခင်အောင်ဆန်း ပါဝင်၏။ သူသည် လက်ဝဲဝါဒများဘက်သို့ယိမ်း၍ ၁၉၃၉ ခုနှစ်တွင် ပေါ်ပေါက်လာ သော အချို့က မာ့က်ဆ်ဝါဒ လေ့လာရေးအုပ်စုဟူ၍လည်းကောင်း၊ အချို့က ပထမဦးဆုံး မြန်မာကွန်မြူနစ်က လပ်စည်းဟူ၍လည်းကောင်း ခေါ်ဝေါ်သည့်အုပ်စုကို တည်ထောင်ခဲ့သူတဦးဖြစ်ပြီး၊ ထိုအုပ်စု၏ အထွေထွေအ တွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့၏။ သို့သော် သခင်အောင်ဆန်းသည် ကွန်မြူနစ်ဝါဒကိုသော်လည်း ကောင်း၊ အခြားတင်းကြပ်သော ဝါဒများကိုသော်လည်းကောင်း၊ မဆင်မခြင် အစွန်းရောက်အမြင်ဖြင့် ယုံကြည် လက်ခံခြင်းမရှိခဲ့ပါ။ ကျယ်ဝန်းထွေပြားသော ဆိုရှယ်လစ်သီအိုရီ အယူအဆအမျိုးမျိုးအနက် သူ့အားဆွဲဆောင် နိုင်သော သဘောတရားများ အတော်အတန်ရှိခဲ့ပါသည်။ သို့သော် သူ၏ အဓိကရည်မှန်းချက်မှာ သူ့တိုင်းပြည် အတွက် လွတ်လပ်ရေးနှင့် စည်းလုံးညီညွတ်ရေး စွမ်းဆောင်ပေးနိုင်မည့် အတွေးအခေါ်များ၊ နည်းဗျူဟာများ ကို လေ့လာသုံးစွဲရန်သာဖြစ်ပါသည်။

၁၉၃၉ ခုနှစ် ဥရောပတိုက်တွင် ဒုတိယကမ္ဘာစစ်မီး စတင်လောင်ကျွမ်းပြီး များမကြာမီ ‘ကိုလိုနီဝါဒအခက်၊ လွတ်လပ်ရေးအချက်’ ဟုမြင်ကာ ‘ထွက်ရပ်ဂိုဏ်းကြီး’ တည်ထောင်နိုင်ရန် သခင်အောင်ဆန်း ကူညီပေးခဲ့ပါ သည်။ ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီ၊ ဒို့ဗမာအစည်းအရုံး၊ ကျောင်းသားများနှင့် ပုဂ္ဂလိကနိုင်ငံရေးသ မားများ စုပေါင်းဖွဲ့စည်းလိုက်သော ထို ‘ထွက်ရပ်ဂိုဏ်းကြီး’ သည် သခင်အောင်ဆန်း၏ တီထွင်မှုဖြစ်သည်ဟု သခင်နုက သတ်မှတ်ခဲ့၏။ ‘ထွက်ရပ်ဂိုဏ်းကြီး’ ၏ ပြည်သူလူထုကို တိုက်တွန်းဆော်ဩချက်မှာ စစ်ပြီးသည်နှင့် လွတ်လပ်ရေးပေးရန်သဘောတူသော ကတိရမှသာလျှင် ဗြိတိသျစစ်ရေးကြိုးပမ်းချက်များကို ကူညီပံ့ပိုးရမည်။ ဗြိတိသျှအစိုးရအနေနှင့် ထိုကဲ့သို့ကတိကြေညာချက်မပြုပါက စစ်ရေးကြိုးပမ်းချက်များကို အင်တိုက်အားတိုက် ဆန့်ကျင်ရမည်။ တုံ့ပြန်သည့်အနေနှင့် ဗြိတိသျှအစိုးရသည် အမျိုးသားရေးလှုပ်ရှားနေသူအများအပြားကို ဖမ်း ဆီးလိုက်ပါသည်။ ၁၉၄ဝ ခုနှစ် ကုန်ဆုံးချိန်၌ သခင်ခေါင်းဆောင် အမြောက်အမြားနှင့် ဒေါက်တာဘမော်တို့မှာ ထောင်ထဲရောက်နေကြပေပြီ။ သခင်အောင်ဆန်းကို ဖမ်းဆီးရန် ဝရန်းအမိန့်ထုတ်ခဲ့သော်လည်း အချိန်မီသတိ ပေးချက်ရသဖြင့် သူသည် ခြေရာဖျောက်ကာ တိမ်းရှောင်သွားနိုင်ခဲ့သည်။

5019677.jpg

ဂျပန်နှင့် မဟာမိတ်ဖွဲ့ခြင်း

သခင်အောင်ဆန်းသည် လက်နက်ကိုင်တိုက်ပွဲဆင်နွှဲရန် လိုအပ်ကောင်းလိုအပ်မည်ဟု ယူဆခဲ့သည်မှာ ကာ လအတန်ကြာကပင် ဖြစ်ပါသည်။ ကလေးဘဝက တိုက်ခိုက်တော်လှန်ရန် စိတ်ကူးယဉ်အိပ်မက်ခဲ့သော်လည်း လွတ်လပ်ရေးကို အခြေခံဥပဒေဘောင်အတွင်းမှ နိုင်ငံရေးနည်းဖြင့် ရယူနိုင်မည့် အလားအလာကို အစဉ်တ စိုက် ပယ်ထားခဲ့သူမဟုတ်ပါ။ တက္ကသိုလ်ကျောင်းသားဘဝက အစိုးရဝန်ထမ်း (ထိုစဉ်က အိုင်စီအက်၊ ဘီစီ အက်) စာမေးပွဲဖြေဆိုကာ ၎င်းတို့၏ပညာရှင်ပီသစွာ နိုင်ငံရေးလုပ်ကိုင်မှုနှင့် မျိုးချစ်စိတ်ထက်သန်မှုတို့ကြောင့် သူကိုယ်တိုင်လေးစားသော အိန္ဒိယနိုင်ငံရေးသမားအချို့၏ နမူနာအတိုင်း လုပ်ကိုင်ရန်ကိုလည်း သခင်အောင် ဆန်း စဉ်းစားခဲ့ဖူး၏။ အများသိ ကျောင်းသားခေါင်းဆောင်တဦး ဖြစ်လာပြီးနောက်ပိုင်း၌ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာပါမောက္ခအား ပေးပို့သော စာတစောင်တွင် သူသည် ‘ငြိမ်းချမ်းသော တော်လှန်ရေးသမား’ သာ ဖြစ်သည်ဟု ရေးသားခဲ့ကြောင်း ကြားသိရပါသည်။ သို့သော်လည်း မြန်မာနိုင်ငံအတွင်း အရေးအခင်းများ၏ ဒီ ရေလှိုင်းသည် သူ့အား သဘောထားပြောင်းလဲစေခဲ့သည်။ ၁၉၄ဝ ခုနှစ်က သူ၏ တွေးခေါ်ပုံကို အောက်ပါအ တိုင်း ရှင်းပြထားပါသည်။

“ကျနော်တဦးချင်းအနေနှင့်ကား ကျနော်တို့၏ အရေးတော်ပုံအတွက် ကမ္ဘာ့ဝါဒဖြန့်မှုနှင့် ကမ္ဘာ့အကူအညီလို သည်မှာ မှန်သော်လည်း အဓိကလုပ်ငန်းမှာ ပြည်တွင်းတွင်သာရှိသည်။ အဓိကလုပ်ငန်းမှာ အမျိုးသားရေး တိုက်ပွဲအတွက် ပြည်သူလူထုကို စည်းရုံးရန်ဖြစ်သည်ဟု ယူဆခဲ့သည်။ ကျနော့်မှာလည်း အကြမ်းဖျဉ်းအစီအ စဉ်တခုရှိခဲ့သည်။ ၎င်းအစီအစဉ်မှာ ဗြိတိသျှနယ်ချဲ့စနစ်ကို တပြည်လုံးတွင် ဆန့်ကျင်ရန်၊ ဤလှုပ်ရှားမှုကို ကမ္ဘာ့အခြေအနေ ဗမာ့အခြေအနေနှင့်အညီ တဆတဆတိုးချဲ့ရန်၊ မြို့နေအလုပ်သမား တောနေအလုပ်သ မားတို့၏ ဒေသအလိုက်သပိတ်များမှစ၍ အထွေထွေသပိတ်များ၊ အခွန်အခပေးရေးသပိတ်များအထိ တိုးချဲ့ ဆင်နွှဲရန်၊ တက်ကြွလာသော ဝါဒဖြန့်ချိမှုများဖြစ်သည့် လူထုဆန္ဒပြပွဲများ ချီတက်ပွဲများမှစ၍ ပြည်သူတို့၏ အာ ဏာဖီဆန်ရေးတိုက်ပွဲအထိ ဆက်လက်ဆင်နွှဲရန်၊ စီးပွားရေးအရတွင်လည်း ဗြိတိသျှကုန်ပစ္စည်းများကို သပိတ် မှောက်ရာမှစ၍ လူထုနှင့်ချီ၍ အခွန်မပေးရေးတိုက်ပွဲအထိ ဆင်နွှဲရန် စစ်ဖက်အုပ်ချုပ်ရေးဖက်နှင့် ပုလိပ်ဖက် ကင်းစခန်းများ ဆက်သွယ်ရေးလမ်းကြောင်းများကို ပြောက်ကျားနည်းနှင့် ဝင်ရောက်တိုက်ခိုက်၍ ဗမာပြည်အ တွင်း ဗြိတိသျှအုပ်ချုပ်မှုစနစ်ကို လုံးဝသွက်ချာပါဒလိုက်သည်အထိ တိုက်ပွဲဆင်နွှဲရန်၊ ထိုအခါ ကမ္ဘာဖြစ်ပေါ်တိုး တက်မှုနှင့် တပြိုင်နက် နောက်ဆုံးပိတ်အာဏာသိမ်းပွဲကို ဆင်နွှဲရန် အစီအစဉ်ပင်ဖြစ်သည်။ ဗြိတိသျှအစိုးရ၏ လက်နက်ကိုင်တပ်များ၊ အထူးသဖြင့် ဗြိတိသျှလူမျိုးမဟုတ်သော တပ်များသည် ကျနော်တို့ဘက်သို့ ကူး ပြောင်းလာကြလိမ့်မည်ဟုလည်း ကျနော်တွက်ခဲ့သည်။ ဤအစီအစဉ်တွင် ဂျပန်များ ဝင်ရောက်တိုက်ခိုက်မှုကို လည်း မှန်းဆခဲ့သည်။ သို့သော် ဤနေရာတွင် ကျနော်မှာ ရှင်းလင်းသောအမြင် မရှိခဲ့ပေ။ ထိုအခါက ကျနော် တို့အထဲမှ မည်သူမျှ ရှင်းရှင်းလင်းလင်းမရှိခဲ့။ သို့သော် ယခုဖြစ်ပျက်ပြီးသွားသည့်အခါတွင်ကား လူအချို့အနေ နှင့် ကျန်လူများထက်ပို၍ သိမြင်ခဲ့ဟန် ဟန်ဆောင်ကောင်း ဆောင်ကြမည်။)”

အထက်ပါအကြံအစည်များမှာ သူ၏ “ကြီးမားသောအစီအစဉ်” သာဖြစ်ကြောင်း သခင်အောင်ဆန်း ဝန်ခံခဲ့ပါ သည်။ သူ၏ ရဲဘော်ရဲဘက်များတွင် ထိုစီမံကိန်းကို ထောက်ခံသူ မများလှပါ။ ထိုကဲ့သို့မထောက်ခံခြင်းမှာ သ ခင်အောင်ဆန်းအမြင်အရ “ကျနော်တို့မှာ ဓနရှင်ပေါက်စ ဇာတိရှိသူများဖြစ်ရာ စဉ်းစားရာ ပြောဆိုရာတွင် ရဲ ရင့်သလောက်၊ ပြတ်သားသော ဆောင်ရွက်ချက်ကိုလုပ်ရာ၌ တွန့်ဆုတ်လေ့ရှိကြလေသည်။ ပြည်သူလူထုကို နှိုးဆွရမည့်လုပ်ငန်း ကြာရှည်ခက်ခဲမည်ကိုလည်း စိတ်မရှည်ကြပေ။ ကျနော်တို့အများစုမှာ လူထုတိုက်ပွဲအ ကြောင်း ပြောဟောကြသော်လည်း လူထုတိုက်ပွဲ အကျိုးအာနိသင်ကို သဘောမပေါက်ကြ” စသည်တို့ကြောင့် ပင် ဖြစ်ပါသည်။ သို့သော် သခင်အောင်ဆန်းသည် အမျိုးသားရေးဝါဒီများ ပြောက်ကျားတိုက်ပွဲဆင်နွှဲနိုင်ရန် လက်နက်များရှိရန်လိုသည်ဟူသော ထင်မြင်ချက်ကို အခိုင်အမာ ဆက်လက်ဆုပ်ကိုင်ထားပါသည်။ နောက်ဆုံး တွင် ၎င်းတို့အနက်မှ တဦးဦး မြန်မာပြည်ပြင်ပသို့သွားပြီး အကူအညီ၊ အထောက်အပံ့နှင့် လက်နက်များရှာရန် ဆုံးဖြတ်လိုက်ပါသည်။ “ထိုအခါက ကျနော်တဦးတည်းသာ မြေအောက်၌ နေနေရသောကြောင့် ထိုသို့သွားရန် ကျနော့်ကိုရွေးချယ်ခဲ့ကြလေသည်” ဟု သခင်အောင်ဆန်း မှတ်တမ်းတင်ခဲ့ပါသည်။

၁၉၄ဝ ခုနှစ် ဩဂုတ်လတွင် သခင်အောင်ဆန်းနှင့် သခင်လှမြိင် (နောင်အခါ ဗိုလ်ရန်အောင်ဟုထင်ရှားသူ)တို့ မြန်မာပြည်မှ ဟိုင်လီအမည်ရှိ သင်္ဘောနှင့် ထွက်ခွာခဲ့ရာ တရုတ်နိုင်ငံ အမွိုင်မြို့ရှိ ‘အပြည်ပြည်ဆိုင်ရာဒေသ’ ဖြစ်သော ကူလန်စုသို့ ရောက်သွားကြပါသည်။ ထိုနေရာ၌ သူတို့နှစ်ဦး လအနည်းငယ်မျှ သောင်တင်နေပြီး တ ရုတ်ကွန်မြူနစ်များနှင့် ဆက်သွယ်ရန် ကြိးစားချက်များလည်း အောင်မြင်ခြင်းမရှိခဲ့ပါ။ တရုတ်ကွန်မြူနစ်များနှင့် အဆက်အသွယ် မလုပ်နိုင်ခဲ့သော်လည်း ဂျပန်ကိုယ်စားလှယ်တဦး သူတို့အား ချဉ်းကပ်ပြီး ဂျပန်တပ်မတော် အရာရှိတဦးဖြစ်သူ ဗိုလ်မှူးကြီးစူဇူကီကေအီဂျီနှင့်တွေ့ရန် တိုကျိုသို့ လေယာဉ်နှင့်ပို့လိုက်ပါသည်။ ထိုဗိုလ်မှူးကြီး သည် နောင်အခါ၌ ‘မြန်မာပြည်လွတ်လပ်ရေးကို ကူညီရန်နှင့် တရုတ်မြန်မာလမ်းမကြီးကို ပိတ်ဆို့ရန်’ ရည် ရွယ်ချက်များနှင့် တည်ထောင်သော မီနာမီကီကန် လျှို့ဝှက်အသင်း၏ ခေါင်းဆောင်အဖြစ် ထင်ရှားမည့်သူဖြစ် ပါသည်။

မြန်မာနိုင်ငံရေးသမားများနှင့် ဂျပန်တို့အကြားအဆက်အသွယ်ရှိခြင်းမှာ အသစ်အဆန်းမဟုတ်ချေ။ ဒေါက်တာ ဘမော်နေရာ၌ ဝန်ကြီးချုပ်ဖြစ်လာသော ဦးစောသည် ဂျပန်ထောက်ပံ့မှုကြောင့် ချမ်းသာကြွယ်ဝလာသူဟူ၍ နာမည်ထွက်ခဲ့ပါသည်။ ဒေါက်တာဘမော်ကိုယ်တိုင်လည်း ‘ထွက်ရပ်ဂိုဏ်း’ အတွက် ဂျပန်တို့ထံမှ အကူအညီ ရှာခဲ့ပါသည်။ ဒေါက်တာဘမော်၏ အစိုးရအတွင်း ဝန်ကြီးတဦးဖြစ်ခဲ့သော ဝါရင့်နိုင်ငံရေးသမားကြီး ဒေါက်တာ သိမ်းမောင်ကမူ ဂျပန်သို့ အလည်အပတ်သွားရောက်ခဲ့ပြီး ဂျပန်-ဗမာ ချစ်ကြည်ရေးအသင်းကို ရှေ့ဆောင် တည်ထောင်ခဲ့ပါသည်။ ၁၉၄ဝ ခုနှစ်လယ်တွင် ဗိုလ်မှူးကြီးစူဇူကီး မြန်မာပြည်သို့ အလည်ရောက်စဉ်က ဒေါက် တာသိမ်းမောင်နှင့် တွေ့ခဲ့၏။ ဤတွေ့ဆုံဆက်သွယ်မှုမှတဆင့် ဂျပန်များက အမွိုင်ရောက် သခင်နှစ်ဦးအား ရှာဖွေတွေ့ရှိနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

‘ထွက်ရပ်ဂိုဏ်း’ ဝင်များအနက် ဂျပန်အကူအညီ လက်ခံသင့်၊ မခံသင့်နှင့်ပတ်သက်၍ စိတ်သဘောထားကွဲပြား မှုများ ရှိနေခဲ့ပါသည်။ ကွန်မြူနစ်များ(၎င်းတို့အနက်အထင်ရှားဆုံးမှာ သခင်စိုး၊ သခင်ဗဟိန်း၊ သခင်သန်းထွန်း နှင့် သခင်သိန်းဖေ) က အထူးသဖြင့် ဖက်ဆစ်ဂျပန်နှင့် ပူးပေါင်းဆောင်ရွက်ရေးကို ဆန့်ကျင်ကြသည်။ သခင် အောင်ဆန်းကတော့ အကူအညီကို ရသည့်နေရာမှယူပြီး အခြေအနေများ မည်ကဲ့သို့ ပြောင်းလဲဖြစ်ပေါ်လာ မည်ကို စောင့်ကြည့်သင့်သည်ဟု လက်တွေ့အကျိုးဖြစ်မည့် နည်းလမ်းအမြင် အယူအဆကို စွဲကိုင်ခဲ့၏။ သို့ သော် သူ၏ စကားအတိုင်းဆိုရလျှင် သူသည် ဂျပန်တို့နှင့် ပူးပေါင်းခြင်းကြောင့် နောင်ဖြစ်ပေါ်လာမည့် အကျိုး ဆက်များကို အသေအချာ ရှင်းရှင်းလင်းလင်းတွက်ဆခဲ့ပုံမပေါ်။

တိုကျိုတွင် သခင်အောင်ဆန်းနှင့် ဗိုလ်မှူးကြီးစူဇူကီးတို့နှစ်ဦး နားလည်မှုယူနိုင်ခဲ့ကြ၏။ သို့သော် နှစ်ဦးနှစ်ဖက် လုံးတွင် ထိန်ချန်ထားသော သဘောမတွေ့မှုလေးများ ရှိခဲ့ပုံရပါသည်။ ဗိုလ်မှူးကြီးစူဇူကီးသည် သခင်အောင် ဆန်း၏ ဖြောင့်မတ်တည်ကြည်မှုနှင့် မျိုးချစ်စိတ်တို့ကို လေးစားသော်လည်း ‘သူ၏ နိုင်ငံရေးအတွေးအခေါ်များ မရင့်ကျက်လှသေး’ ဟု ထင်မြင်၏။ ဤဝေဖန်ချက်သည် ထိုစဉ်ကအနေအထားအရ ဓမ္မဓိဠာန်မကျဟု မဆိုနိုင် ပါ။ သခင်အောင်ဆန်း ကိုယ်တိုင်ရေးခဲ့သည်မှာ သူနှင့် သူ့ရဲဘော်ရဲဘက်တို့ ဂျပန်များအား မြန်မာနိုင်ငံကို ဝင် ရောက်သိမ်းပိုက်ရန် ဖိတ်ခေါ်သကဲ့သို့ ဖြစ်ရသည်မှာ “ဖက်ဆစ်စနစ်ကို လိုလား၍မဟုတ်၊ ကျနော်တို့၏ လူပါး မဝမှုကြောင့်၊ ဓနရှင်ပေါက်စ စိုးရိမ်မှုကြောင့်တို့သာ ဖြစ်လေသည်။”

သူသည် ဂျပန်ပြည်သို့အသွား၌ စိုးရိမ်ကြောင့်ကြစိတ်များ ဖြစ်ပေါ်ခဲ့သည်။ ရောက်သွားသောအခါ သူစိုးရိမ်ခဲ့ သလောက် မဆိုးလှသဖြင့် စိတ်သက်သာရာရသော်လည်း စိတ်မချဖွယ်၊ မနှစ်သက်ဖွယ် ကိစ္စလေးများ ကျန် လျက်ရှိနေပါသည်။ ဂျပန်လူမျိုးတို့၏ မျိုးချစ်စိတ်၊ သန့်ပြန့်စွာနေထိုင်ပုံနှင့် ကိုယ့်အလိုကိုယ်မလိုက်၊ ခြိုးခြိုးခြံခြံ နေနိုင်သော အရည်အချင်းတို့ကို သခင်အောင်ဆန်း လေးစားသော်လည်း ၎င်းတို့၏ စစ်ဝါဒီဆန်သော သဘော ထားအချို့၏ ရိုင်းစိုင်းကြမ်းကြုုတ်မှုကို သူ မနှစ်မြို့သည့်အပြင် ဂျပန်များ အမျိုးသမီးတို့အပေါ်ဆက်ဆံပုံမှာ သူ့ အမြင်တွင် အံ့ဩထိတ်လန့်ဖွယ်ရာ ဖြစ်နေ၏။

၁၉၄၁ ခုနှစ် ဖေဖော်ဝါရီလတွင် သခင်အောင်ဆန်းသည် တရုတ်သင်္ဘောသားအသွင်ဖြင့် မြန်မာပြည်သို့ ပြန် ရောက်လာလေသည်။ သူမှတဆင့် ဂျပန်တို့ကမ်းလှမ်းလိုက်သည့် သဘောတူညီချက်အရ၊ တော်လှန်ပုန်ကန် ရန် လက်နက်များနှင့် ငွေကြေးထောက်ပံ့မည်ဟု မြန်မာတို့က နားလည်ခဲ့၏။ ထို့ပြင် လက်ရွေးစင်လူငယ်တစု ကို စစ်သင်တန်းပေးမည်။ ထိုလူငယ်များကို မြန်မာနိုင်ငံမှ ခိုးထုတ်သွားရန် လိုပေမည်။ သခင်အောင်ဆန်း မြန် မာပြည်၌ ကြာမြင့်စွာမနေပါ။ ဂျပန်သို့ သခင်လှဖေနှင့် အခြားလူငယ်သုံးဦးတို့နှင့်အတူ ပြန်သွားပါသည်။ ထို အုပ်စုမှာ ‘ရဲဘော်သုံးကျိပ်’ ၏ ရှေ့ပြေးတပ်ဦး ဖြစ်ပါသည်။ နောင် ဗမာ့လွတ်လပ်ရေးတပ်မတော်၏ မဏ္ဍိုင်သ ဖွယ်ဖြစ်လာမည့် ဤရဲဘော်သုံးကျိပ်ဝင် ပုဂ္ဂိုလ်များကိုရွေးချယ်ရာ၌ အလွယ်တကူလိုက်ပါနိုင်မှုနှင့် သခင်ပါတီ အတွင်းရှိ ဂိုဏ်းဂဏအသီးသီးက ကျေနပ်လက်ခံနိုင်မှုတို့အပေါ် မူတည်ခဲ့သဖြင့် အကျဉ်းကျခံနေရသော အ မျိုးသားရေးခေါင်းဆောင်များ မပါဖြစ်သည့်အပြင် နောင် အချင်းချင်းအကြား စိတ်ဝမ်းကွဲစေမည့် မျိုးစေ့ကို ပျိုး လိုက်သကဲ့သို့လည်း ဖြစ်သွားပါသည်။

ရဲဘော်သုံးကျိပ်သည် ဟိုင်နန်ကျွန်း၌ ပင်ပန်းကြီးစွာ စစ်ပညာသင်ယူရပါသည်။ ၎င်းတို့အနက် သခင်အောင် ဆန်း၊ သခင်လှဖေ (ဗိုလ်လင်္ကျာ)၊ သခင်အောင်သန်း(ဗိုလ်စင်္ကြာ)နှင့် သခင်ထွန်းအုပ်တို့ကို စစ်ဌာနဦးစီးကွပ် ကဲရေးနှင့် အုပ်ချုပ်ရေးတို့ကို အထူးလေ့လာရန် ရွေးချယ်လိုက်ပါသည်။ သခင်ပါတီ အုပ်စုတစုကို ကိုယ်စားပြု သော သခင်ထွန်းအုပ်အား နိုင်ငံရေးခေါင်းဆောင်တင်မြှောက်လိုက်၏။ သို့သော်လည်း သခင်အောင်ဆန်း သည် ရဲဘော်သုံးကျိပ်၏ ခေါင်းဆောင်အဖြစ် ထင်ထင်ရှားရှား ပေါ်ထွက်လာသည်။ ဗမာ့လွတ်လပ်ရေးတပ်မ တော် ဖွဲ့သောအခါ၌လည်း တပ်မတော်၏ ပြိုင်ဘက်မရှိခေါင်းဆောင် ဖြစ်လာလေသည်။ သခင်အောင်ဆန်း သည် ကိုယ်ခန္ဓာညှက်ပြီး အားကောင်းသန်မာလှခြင်းမရှိသော်လည်း တိုက်ရေးခိုက်ရေးကျွမ်းကျင်ကာ သတ္တိရှိ ၍ အပင်ပန်းခံနိုင်သော စစ်သားတဦးဖြစ်လာ၏။

သူ့အား လူမှုဆက်ဆံရေးညံ့ဖျင်းသည်ဟု စွပ်စွဲချက်များရှိခဲ့သော်လည်း ရဲဘော်များ ကိုယ်ပင်ပန်း၊ စိတ်ပင်ပန်း ဖြစ်နေချိန်များတွင် စိတ်ဓာတ်ပြန်လည်တက်ကြွလာစေရန် အားပေးခြင်း၊ အငယ်ဆုံးရဲဘော်များကို အထူးဂရု စိုက်ခြင်း၊ စစ်သင်တန်းသားဘဝ၏ ကရိကထများကြောင့်လည်းကောင်း၊ ဂျပန်များကြောင့်လည်းကောင်း၊ နာ ကျည်းစိတ်များ ဆူပွက်လာချိန်တွင် စိတ်လိုက်မာန်ပါမလုပ်ရန် အကြံပေးတိုက်တွန်းခြင်း စသည်တို့ကို သူ စွမ်း ဆောင်နိုင်ခဲ့သည်။ လူငယ်စစ်သင်တန်းသားများသည် ဂျပန်နည်းပြဆရာအချို့ကို လေးစားချစ်ခင်ကြသော် လည်း၊ ဂျပန်စိတ်နေသဘောထားအချို့ကိုမူ များစွာမနှစ်မြို့ရကား ၁၉၄၁ ခုနှစ်ကုန်ပိုင်း မြန်မာပြည်တွင်းသို့ မချီတက်မီကပင် ဗမာနှင့် ဂျပန်တို့အကြား ကတောက်ကဆဖြစ်မှုများ စတင်ပေါ်ပေါက်ခဲ့သည်။

ဟိုင်နန်သင်တန်းကျောင်းဆင်းများ၊ ထိုင်းနိုင်ငံနေ မြန်မာများနှင့် မီနာမီအဖွဲ့ဝင်များပါဝင်သော ဗမာ့လွတ်လပ် ရေးတပ်မတော်ကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာလတွင် ဘန်ကောက်မြို့၌ တရားဝင်ဖွဲ့စည်းလိုက်၏။ စူဇူကီးသည် ဗိုလ်ချုပ်ကြီးရာထူးဖြင့် တပ်မတော်အကြီးအကဲဖြစ်လာပြီး အောင်ဆန်းသည် ဗိုလ်ချုပ်ရာထူးနှင့် စစ်ဦးစီးချုပ် ဖြစ်လာပါသည်။ အပျံသင်စ တပ်မတော်အဖွဲ့ဝင်များသည် သစ္စာရေသောက်ပြီး အရာရှိများက သူရဲကောင်း ဆန်သော ပါဠိအမည်များကို ခံယူကြပါသည်။ စူဇူကီးသည် ဗိုလ်မိုးကြိုးဖြစ်လာပြီး၊ အောင်ဆန်းသည် ဗိုလ်တေ ဇ ဖြစ်လာသည်။ မိမိတို့အမည်သစ်များနှင့် ထင်ရှားလာမည့် ရဲဘော်သုံးကျိပ်ဝင်များအနက် ဗိုလ်လင်္ကျာ၊ ဗိုလ် စင်္ကြာ၊ ဗိုလ်ဇေယျ၊ ဗိုလ်နေဝင်း၊ ဗိုလ်ရန်နိုင်၊ ဗိုလ်ကျော်ဇော စသည်တို့ ပါဝင်ပါသည်။ ‘ဗိုလ်ချုပ်တေဇ’ ကမူ ကျောင်းသားခေါင်းဆောင်နှင့် သခင်ခေါင်းဆောင်အဖြစ် တိုင်းပြည်ကသိခဲ့သော အောင်ဆန်းအမည်ကိုသာ ပြန်လည်သုံးစွဲကာ ‘ဗိုလ်ချုပ်အောင်ဆန်း’ ဟူ၍ ပြည်သူတို့ အမြတ်တနိုးထားသော အာဇာနည်သူရဲကောင်းအ ဖြစ် ထင်ပေါ်လာပါသည်။

ဗမာ့လွတ်လပ်ရေးတပ်မတော် ဂျပန်များနှင့် ရင်ဘောင်တန်း၍ မြန်မာပြည်တွင်းသို့ ချီတက်လာခြင်းသည် မြန် မာများအတွက် ဂုဏ်ယူဖွယ် ပျော်ရွှင်ဖွယ်ဖြစ်ပါသည်။ ကျဆင်းနေသော မိမိတို့၏အမျိုးသားဂုဏ်သိက္ခာကို ပြန် လည်မြှင့်တင်ပေးလိုက်သကဲ့သို့ ဖြစ်သွားပါသည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းနှင့်သူ၏ ရဲဘော်ရဲဘက်အချို့ က ရှေ့တွင်ပြဿနာများရှိမည်ကို သိနှင့်ကြပြီ။ ဘန်ကောက်မှာ ရှိနေစဉ်ကပင် မြန်မာပြည်တွင်းသို့ ဂျပန်များ ဝင်လာသောအခါ နိုင်ငံအတွင်းရှိ အမျိုးသားရေးခေါင်းဆောင်များ၏ စီမံလုပ်ဆောင်ချက်ဖြင့် လွတ်လပ်ရေး ကြေညာပြီး နိုင်ငံ၌ ရင်ဆိုင်ရမည့် အခြေအနေကို စီစဉ်ရန် ကြိုးစားခဲ့ကြောင်း ဗိုလ်ချုပ်အောင်ဆန်း မှတ်တမ်း တင်ခဲ့၏။ ထိုကဲ့သို့ မဆောင်ရွက်နိုင်ပါက ပြည်သူလူထုကို စည်းရုံးလှုံ့ဆော်ကာ မြေအောက်တော်လှန်ရေး စ တင်ထားခြင်းဖြင့် ကျူးကျော်ဝင်ရောက်လာသူများ ခြေကုပ်မရနိုင်အောင် အခြေအနေဖန်တီးရန် ဖြစ်၏။ သို့ သော် မြန်မာနိုင်ငံမှာ ကမောက်ကမဖြစ်နေပြီး နိုင်ငံရေးသမားအများစုလည်း ထောင်သွင်းအကျဉ်းချခံဘဝ ရောက်နေကြရာ အစီအစဉ်နှစ်ခုလုံး လက်တွေ့ကျကျ အကောင်အထည်ဖော်ရန် မဖြစ်နိုင်ပါ။ ဂျပန်များလည်း မြန်မာပြည်ကို ဝင်ရောက်သိမ်းပိုက်လိုက်ပါသည်။

ဂျပန်ခေတ်ကား အထင်အမြင်ကြီးခဲ့သမျှ ပြိုကွဲရပြီး မသေချမရေရာမှုများနှင့် ဒုက္ခပေါင်းစုံဖြစ်နေသော ကာလ ဖြစ်ပါသည်။ ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရမည်ဟု မျှော်မှန်းခဲ့သူများသည် အာရှတိုက်သားချင်း၏ ဖနောင့် အောက်သာ ရောက်ရကြောင်း သိလာသောအခါ အကြေကွဲကြီး ကြေကွဲခဲ့ရ၏။ အများက လွတ်လပ်ရေးပေး မည့် ကယ်တင်ရှင်များအဖြစ် ကြိုဆိုခဲ့သော နိပွန်စစ်သားများသည် လူကြိုက်မများသော ဗြိတိသျှတို့ထက်ပင် ဆိုးဝါးသည်ကို တွေ့ရတော့၏။ တနေ့တခြား စက်ဆုပ်ဖွယ်ရာဖြစ်ရပ်များ တိုးပွားလာလေသည်။ ‘ကင်ပေအိ’ (စစ်ပုလိပ်) ဟူသော အမည်သည် ကြောက်မက်ဖွယ်ရာ ဝေါဟာရဖြစ်လာသည်။ လူများ အစအနမကျန် ပျောက်သွားခြင်း၊ အနှိပ်စက်အညှင်းဆဲခံရခြင်း၊ ချွေးတပ်ဆွဲခံရခြင်း စသည်တို့မှာ နိစ္စဓူဝကိစ္စမျှသာဖြစ်သော လောကကြီးတွင် နေတတ်အောင်နေကြရလေသည်။

ထို့အပြင် မဟာမိတ်လေတပ်၊ ဂျပန်လေတပ်တို့၏ ဗုံးကြဲဒဏ်၊ စစ်တွင်းရိက္ခာရှားပါးမှုဒဏ်၊ ထောက်လှမ်းရေး သတင်းပေးများဒဏ်၊ စိတ်ဓာတ်နှင့် ယဉ်ကျေးမှုအရ ဖီလာဆန့်ကျင်နေသူများအကြား ဖြစ်ပွားသော ပဋိပက္ခ များ၊ ဘာသာစကားမတူသူတို့အကြား ဖြစ်တတ်သောအထင်အမြင်လွဲမှုများ စသည်ဖြင့် ဒုက္ခအပေါင်းကိုလည်း ထပ်လောင်းခံရပါသေးသည်။ မြန်မာပြည်ရောက် ဂျပန်များအနက် တရားမျှတရေး၊ လူသားချင်းစာနာရေး စိတ်ဓာတ်များအရ ကျင့်ကြံနေထိုင်သူများ ရှိကြသော်လည်း ၎င်းတို့၏ ကောင်းမွန်သော ဆောင်ရွက်ချက်များ သည် စစ်ဝါဒီများ၏ လူမျိုးခွဲခြားရေးစနစ်ကြောင့် အချည်းအနှီးဖြစ်ရပါသည်။

မိမိတို့ကတိသစ္စာ တည်ကြည်နိုင်ရန် မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးသင့်သည်ဟု ယုံကြည်သော မီနာမီကီ ကန် အဖွဲ့ဝင်များသည် ဖြစ်ပေါ်လာသောအခြေအနေများကြောင့် စိတ်မချမ်းမြေ့ဟန်တူပါသည်။ ၁၉၄၂ ခုနှစ်၊ ရန်ကုန်မြို့ကို ဂျပန်တပ်များသိမ်းပြီးသည်နှင့် ဗိုလ်မိုးကြိုးသည် ဗဟိုအစိုးရတည်ထောင်ကာ သခင်ထွန်းအုပ်ကို ဦးစီးဦးဆောင်ခန့်လိုက်ပါသည်။ ထိုအစိုးရ ကြာကြာမခံပါ။ ဂျပန်တပ်များ တိုင်းပြည်ကို ဆက်လက်သိမ်းပိုက် သည်နှင့်အမျှ ဂျပန်စစ်အုပ်ချုပ်ရေး ကျယ်ကျယ်ပြန့်ပြန့် လွှမ်းမိုးလာကာ မြန်မာနိုင်ငံကို စစ်ရှုံးနယ်မြေတခုကဲ့ သို့ ကိုင်တွယ်လာလေသည်။

ဗမာ့လွတ်လပ်ရေးတပ်မတော်၏ အနေအထားသည်လည်း မရေမရာနှင့် အားကျဖွယ်ရာ လုံးဝမရှိပေ။ တပ်မ တော်သည် ချီတက်လာရာ လမ်းတလျှောက် စိတ်အားထက်သန်စွာ ဝင်လာသူများနှင့် ဖောင်းပွနေ၏။ ထိုစစ် သားသစ်များကို ထိရောက်သည့် တိုက်ရည်ခိုက်ရည်ရှိသော တပ်များဖြစ်လာစေရန် စနစ်တကျ၊ စည်းကမ်းရှိရှိ လေ့ကျင့်ပေးရပေဦးမည်။ ဗိုလ်ချုပ်အောင်ဆန်းကား မိမိတပ်များကို အမိန့်ပေးအုပ်ချုပ်ပိုင်ခွင့်မရှိ။ သူသည် ဗိုလ်မိုးကြိုး၏ လက်ထောက်အရာရှိများအနက် အဆင့်မြင့်ဆုံးမျှသာဖြစ်၏။ ဗိုလ်မိုးကြိုးကိုယ်တိုင်လည်း မြန်မာ ပြည်၏ အနာဂတ်အရေးများတွင် သူနှင့် ဗမာ့လွတ်လပ်ရေးတပ်မတော်တို့ မည်သည့်အခန်းကဏ္ဍက ပါဝင်ရ မည်ဟူသော ကိစ္စနှင့်ပတ်သက်၍ စစ်အုပ်ချုပ်ရေးဆိုင်ရာများနှင့် ပြဿနာတက်နေပုံရ၏။

ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏ရဲဘော်ရဲဘက်များကမူ ဗမာ့လွတ်လပ်ရေးတပ်မတော်သည် မြန်မာအရာရှိများ လက်အောက်တွင်သာ ရှိသင့်သည်ဟု ယူဆကြသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ဗိုလ်လင်္ကျာက သူ၊ ဗိုလ်ချုပ် အောင်ဆန်းနှင့် အခြားရဲဘော်သုံးကျိပ်ဝင်အချို့ ဗိုလ်မိုးကြိုးနှင့်ရင်ဆိုင်ခဲ့စဉ်က ဇာတ်ဆန်ဆန် အဖြစ်အပျက် အကြောင်းကိုရေးသားခဲ့ဖူး၏။ ရင်ဆိုင်မှု၏ရလဒ်ကား ဗိုလ်ချုပ်အောင်ဆန်းကို ဗမာ့လွတ်လပ်ရေးတပ်မတော် ၏ သေနာပတိချုပ်အဖြစ်၎င်း၊ ဗိုလ်လင်္ကျာကို စစ်ဦးစီးအဖြစ်၎င်း ခန့်အပ်လိုက်ခြင်းဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် သူ၏အနေအထားနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံအခြေအနေနှင့် ပတ် သက်၍လည်းကောင်း စိတ်ကူးယဉ်ပြီး ထင်ယောင်ထင်မှားမဖြစ်ခဲ့ပါ။ လွတ်လပ်ရေးရုန်းကန်မှုကား ဆုံးခန်း တိုင်ရန် များစွာလိုသေးသည်ကို သူသိနားလည်သည့်အလျောက် တပ်မတော်တောင့်တင်းခိုင်မာရန်နှင့် စည်း ကမ်းရှိရန်ကို အာရုံစိုက်ခဲ့၏။ ဗမာ့တပ်မတော်ကို ပါတီနိုင်ငံရေးမှ ကင်းကင်းရှင်းရှင်းနေရန်နှင့် အရပ်သားအုပ် ချုပ်ရေးဖက်တွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်ကိုလည်း သူကြိုးပမ်းခဲ့၏။ သို့သော်လည်း နိုင်ငံရေးသမားများ ကို ဗဟိုမဏ္ဍိုင်ပြုကာ ဖွဲ့စည်းခဲ့သော တပ်မတော်အနေနှင့် နိုင်ငံရေးနှင့် ကင်းကင်းရှင်းရှင်း နေနိုင်ဖို့ရန်မှာ အ ချိန်များစွာမှ နှောင်းသွားပြီဖြစ်ကြောင်း သူ ဧကန်သိရှိခဲ့မည်ဖြစ်သည်။

၁၉၄၂ ခုနှစ် ဇူလိုင်လတွင် ဗိုလ်မိုးကြိုး မြန်မာပြည်မှ ထွက်ခွာသွားပါသည်။ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဗမာ့ကာကွယ်ရေးတပ်မတော်အဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပြီး အောင်ဆန်းသည် ဗိုလ်မှူးကြီးရာထူးနှင့် စစ် သေနာပတိဖြစ်လာပါသည်။ သို့သော်လည်း အသစ်ဖွဲ့စည်းလိုက်သော တပ်မတော်၏ အဆင့်ဆင့်၌ ဂျပန်’အ ကြံပေးအရာရှိ’များ တွဲခန့်အပ်ထားပြီး မြန်မာအရာရှိများ၏ လက်တွေ့အာဏာများကို တင်းကျပ်စွာ ကန့်သတ် ချုပ်ချယ်ထားပါသည်။ ဩဂုတ်လတွင် ဂျပန်တပ်များ၏ သေနာပတိချုပ် ဗိုလ်ချုပ်ကြီးအီဒါသည် မြန်မာ့အုပ်ချုပ် ရေးကို တရားဝင်အတည်ပြုလိုက်ကာ ဒေါက်တာဘမော်အား နိုင်ငံတော်အကြီးအကဲအဖြစ် ခန့်အပ်လိုက်ပါ သည်။ အပေါ်ယံအားဖြင့် မြန်မာအစိုးရအာဏာသည် မြန်မာပြည်သူပြည်သားတို့လက်သို့ ကူးပြောင်းသွား သည်ဟု မြင်နိုင်သော်လည်း စင်စစ်မှာတော့ ဂျပန်အုပ်ချုပ်ရေး ခြေကုပ်ရသွားခြင်းပင်ဖြစ်ပါသည်။

ဖက်ဆစ်တော်လှန်ရေး

ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏ ရဲဘော်ရဲဘက်များသည် ဗမာ့လွတ်လပ်ရေးတပ်မတော်နှင့် ချီတက်လာရာတွင် ပင်ပန်းဆင်းရဲဒဏ် အတော်ကြီးပင် ခံခဲ့ရ၏။ အများအပြားသည် ငှက်ဖျားရောဂါစွဲကပ်၍လည်းကောင်း၊ ခြေ ကုန်လက်ပန်းဖြစ်၍လည်းကောင်း ဆေးရုံတက်ရကြ၏။ ဗိုလ်ချုပ်နှင့် အပေါင်းဖော်အချို့လည်း ရန်ကုန်ဆေးရုံ ကြီးသို့ ရောက်လာလေသည်။ ထိုဆေးရုံကို မိမိတို့အလုပ်တာဝန်အပေါ် အထူးသစ္စာထားသော ဆရာဝန်၊ ဆ ရာမတစုက အခက်အခဲများစွာကြားမှ စီမံဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မျက်နှာ ထားတည်လွန်း တင်းလွန်းပြီး အရောတဝင် မနေတတ်သူဟူ၍ အများက သိနေကြပါသည်။ ထို့အပြင် သူရဲ ကောင်းတဦးအဖြစ် တနေ့တခြား နာမည်ထွက်လာနေရာ သူနာပြုဆရာမငယ်များသည် သူ့အနားကပ်ရမည် ကိုပင် ကြောက်ရွံ့နေကြပါသည်။

သို့သော် ဆရာမကြီးဖြစ်သူ မခင်ကြည်ကိုယ်တိုင် ဗိုလ်ချုပ်အား ပြုစုရပါသည်။ မခင်ကြည်သည် စွဲမက်ဖွယ်ရာ ရုပ်ရည်နှင့် ချစ်စဖွယ်အမူအယာရှိပြီး မိမိ၏ သူနာပြုလုပ်ငန်းကို စေတနာပြည့်ဝစွာဖြင့် အထူးတာဝန်သိသိ ဆောင်ရွက်ခြင်းကြောင့် လူနာများနှင့် လုပ်ဖော်ကိုင်ဖက်များက လေးစားချစ်ခင်ကြပါသည်။ ဆရာမ မခင် ကြည်သည် ဗိုလ်ချုပ်ကို ပြုစုရာ၌ တင်းသင့်သည့်နေရာတွင် တင်းသော်လည်း ယုယကြည်သာစွာ စိတ်ရှည်စွာ ဆက်ဆံပါသည်။ အလွန်ကြောက်မက်ဖွယ်ကောင်းပါသည်ဟူသော စစ်သေနာပတိကြီးလည်း အစွဲကြီးစွဲသွား ပါတော့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ရှက်တတ်၍လည်းကောင်း၊ သူ၏ ဘဝရည်မှန်းချက်အပေါ် တာဝန် သိစိတ်ပြင်းထန်၍လည်းကောင်း အမျိုးသမီးများနှင့် ခပ်ခွာခွာနေခဲ့၏။

အကျင့်သီလနှင့်ပတ်သက်၍ တင်းတင်းကြပ်ကြပ် တွေးခေါ်သူတဦးဖြစ်ရကား တိုကျိုမြို့၌ စူဇူကီးက အမျိုးသ မီး အလိုရှိပါက စီစဉ်ပေးမည်ဟု ကမ်းလှမ်းသော်လည်း ဗိုလ်ချုပ် အံ့ဩတုန်လှုပ်သွားပါသည်။ စူဇူကီးအနေနှင့် ဂျပန်ယဉ်ကျေးမှုအရ ဧည့်ဝတ်ကျေစေရန် ပြောခဲ့ပုံရပါသည်။ သို့သော် ဗိုလ်ချုပ်ကတော့ သူ့အား ‘အကျင့်စာ ရိတ္တ ပျက်ပြားယုတ်ညံ့သွားအောင် ကြိုးစားနေလေရော့လား’ ဟု သံသယစိတ်ဝင်ခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်း သည် သူ့စိတ်ကိုသူ ကောင်းစွာသိသည့်အပြင် ပွင့်လင်းပြတ်သားစွာ လုပ်တတ်သူလည်း ဖြစ်ပါသည်။ သို့ဖြင့် ရှည်ရှည်ဝေးဝေး လူပျိုလှည့်ခြင်းမျိုး မလုပ်နေဘဲ ၁၉၄၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် ဆရာမ မခင် ကြည်နှင့် လက်ထပ်ထိမ်းမြားလိုက်ပါသည်။

“ဒေါ်ခင်ကြည်သည် အောင်ဆန်းကို လက်ထပ်ရာ၌ လူပုဂ္ဂိုလ်တဦးကိုသာ လက်ထပ်လိုက်သည်မဟုတ်၊ ကံအ ကြောင်းတရားတရပ်ကိုပါ လက်ထပ်လိုက်ခြင်းဖြစ်သည်” ဟု အပြောရှိခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းက လည်း သူ၏ ဘဝကြင်ဖော်အနေနှင့် ရှိအပ်သောသတ္တိနှင့် နွေးထွေးသော မေတ္တာတို့ကို ပိုင်ဆိုင်နိုင်ရုံသာမက သူကွယ်လွန်သွားပြီးနောက် သူ၏ စံတင်ထားမှုများကို ဂုဏ်သရေရှိရှိ၊ ကြံ့ကြံ့ခိုင်ခိုင် ထိန်းသိမ်းသွားမည့် အ မျိုးသမီးတဦးကို လက်ထပ်လိုက်ခြင်းဖြစ်ပါသည်။ ဗိုလ်ချုပ်တို့၏ အိမ်ထောင်ရေးကား သာယာအောင်မြင်ပါ သည်။

သူတို့လေးစားမြတ်နိုးလှသော လူငယ်ဗိုလ်ချုပ် အိမ်ထောင်ပြုသွားသဖြင့် ကနဦးတွင် စိတ်မချမ်းသာဖြစ်ခဲ့ သော ရဲဘော်များလည်း လျင်မြန်စွာပင် သဘောတူကျေနပ်လာလေသည်။ အိမ်ထောင်သည်ဖြစ်လာပြီး နောက် ဗိုလ်ချုပ်အောင်ဆန်း၏ နူးညံ့ပျော့ပြောင်းသော အသွင်လက္ခဏာများ ပိုမိုတောက်ပြောင်လာသည်။ သူ သည်ခင်ပွန်းသည်တဦးအနေနှင့်လည်းကောင်း၊ ဖခင်တဦးအနေနှင့်လည်းကောင်း ကြင်နာယုယတတ်၏။ သူ ၏ ခက်ခဲ အန္တရာယ်များသောဘဝကို အတူရင်ဆိုင်ရန် စွမ်းရည်၊ နားလည်မှုတို့နှင့်ပြည့်စုံသော ဘဝကြင်ဖော် သူ၏အနား၌ ရှိနေခြင်းသည် အရေးကြီးသောလုပ်ငန်းများဆောင်ရွက်ရာ၌ သူ့ကို အားပြည့်စေသည်ဟု ယုံမှား သံသယရှိဖွယ် မဟုတ်ချေ။
၁၉၄၃ ခုနှစ် မတ်လတွင် အောင်ဆန်းအား ဗိုလ်ချုပ်အဆင့်သို့ တိုးမြှင့်ခန့်အပ်လိုက်ပြီး ဂျပန်ဘုရင်မင်းမြတ်ထံ မှ ဘွဲ့တံဆိပ်ရယူရန် ဂျပန်သို့ဖိတ်ကြားပါသည်။ တိုကျိုသို့သွားသောအဖွဲ့ကို ဒေါက်တာဘမော်ဦးဆောင်ပြီး ထို အဖွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းအပြင် ဒေါက်တာသိမ်းမောင်နှင့် သခင်မြတို့ပါဝင်ပါသည်။ ဇန်နဝါရီလအတွင်း က ဂျပန်ဝန်ကြီးချုပ်တိုဂျိုသည် မြန်မာနိုင်ငံ မကြာမီလွတ်လပ်ရေးရတော့မည်ဟု ကြေညာထားပြီးဖြစ်ပါသည်။ မြန်မာအဖွဲ့ပြန်လာသောအခါ သဘောတူညီချက်စာတမ်းတစောင် သယ်ယူလာခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ခပ်ပြတ်ပြတ်စကားအသုံးအနှုန်းအရ စာတမ်းပါအကြောင်းအရာများမှာ “မြန်မာနိုင်ငံ သည် ၁၉၄၃ ခုနှစ် ဩဂုတ်လ (၁) ရက်နေ့တွင် လွတ်လပ်ရေးရမည်ဖြစ်ပြီး ကျွန်ုပ်တို့တွေ စာချုပ်အချို့ကို ချုပ် ဆိုရန် စသဖြင့်” ဖြစ်ပါသည်။ စာတမ်းကို အလွန်အမင်း အရေးထားခြင်း မရှိခဲ့ပါ။ အစီအစဉ်အတိုင်း ဩဂုတ်လ (၁) ရက်နေ့တွင် မြန်မာပြည်ကို လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်လည်းကောင်း၊ “မဟာ အရှေ့အာရှသာတူညီမျှ ကြီးပွားရေးနယ်မြေ”၏ တန်းတူညီတူအဖွဲ့ဝင်နိုင်ငံအဖြစ်လည်းကောင်း ကြေညာလိုက် ပါသည်။

ဒေါက်တာဘမော်အား အဓိပတိဟူသောဘွဲ့နှင့် နိုင်ငံခေါင်းဆောင် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ပြီး ဗိုလ်ချုပ် အောင်ဆန်းကား စစ်ဝန်ကြီးဖြစ်လာပါသည်။ မြန်မာ့အမျိုးသားတပ်မတော်ဟု အမည်သစ်ပြောင်းထားသော ဗမာ့တပ်မတော် ထိရောက်မှုမရှိစေရန် ဂျပန်တို့ နည်းပရိယာယ်မျိုးစုံ သုံးစွဲပါတော့သည်။ ပထမတွင် တပ်များ ကို နိုင်ငံအဝှမ်းဖြန့်ကြဲထားသည်။ ထို့နောက် နေရာအချို့တွင် စုပြုံထားပြန်သည်။ စစ်ဝန်ကြီးဌာနနှင့် တပ်များ အကြား ဆက်သွယ်ရေးခက်ခဲစေရန် ဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းကား မတုန်မလှုပ်။ ဂျပန်တွေအကြံပေးသမျှကို သဘောတူလိုက်ကာ သူ့ထင်မြင်ချက်များ ကို လူသိမပေးဘဲ သူ့အစီအစဉ်နှင့်သူ ဆက်လုပ်သွားပါသည်။ တိုကျိုမှ ပြန်ရောက်လာချိန်လောက်တွင် ဗိုလ် ချုပ်အောင်ဆန်းသည် ဗိုလ်လင်္ကျာ၊ ဗိုလ်ဇေယျ၊ ဗိုလ်နေဝင်းနှင့် ဗိုလ်ကျော်ဇောတို့အပါအဝင် သူ၏ အရာရှိအ ချို့ကိုခေါ်၍ တော်လှန်ရေးစတင်ရန်အချိန်ကို တိုင်ပင်ဆွေးနွေးပါသည်။ အရာရှိများက အခြေအနေ ပိုမိုစိတ် ချရသည်အထိ စောင့်ဆိုင်းရန် အကြံပေးပါသည်။ တဖန် သခင်သန်းထွန်းနှင့်တိုင်ပင်ရာ ၎င်းကလည်း တော် လှန်ရေးစရန် အချိန်မတန်သေးဟုတင်ပြသဖြင့် ဗိုလ်ချုပ်လည်း စိတ်ပါလက်ပါမရှိလှသော်လည်း စောင့်ဆိုင်း ရန် သဘောတူလိုက်ပါသည်။

အခြားကွန်မြူနစ်များ၊ အထူးသဖြင့် သခင်စိုးနှင့် သခင်သိန်းဖေတို့သည် ဗြိတိသျှတို့ ဆုတ်ခွာသွားသဖြင့် သူတို့ ထောင်မှလွတ်သည့် အချိန်မတိုင်ခင်ကပင် ဂျပန်တော်လှန်ရေးတရားဟောခဲ့၏။ ဂျပန်တပ်များ ချီတက်လာ သည်နှင့် သူတို့နှစ်ဦး တောခိုသွားပါသည်။ သခင်သိန်းဖေသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်နေဝင်းတို့ကို ရွှေဘို၌ ခဏတွေ့ပြီး ဗြိတိသျှတပ်များနှင့် အဆက်အသွယ်ရရေး ကြိုးပမ်းရန် အိန္ဒိယသို့ ထွက်ခွာသွားပါသည်။

၁၉၄၃ ခုနှစ် နိုဝင်ဘာလရောက်ချိန်တွင် တော်လှန်ရေးအစီအစဉ်များ အတော်ပင်ခရီးရောက်နေပြီဖြစ်ရကား မြန်မာနိုင်ငံတောတောင်များထဲတွင် ပြောက်ကျားတပ်များဖွဲ့စည်းရန် ကြိုးစားနေသော ဗိုလ်မှူးစီဂရင်း ခေါ် ဗြိ တိသျှတပ်မတော်အရာရှိသည် ‘ဗမာ့ကာကွယ်ရေးတပ်မတော်မှ အောင်ဆန်းဆိုသူသည် အခါအခွင့်ကြုံလာ လျှင် သူ၏တပ်များနှင့် ဂျပန်ကို ပြန်တိုက်ရန်စီစဉ်နေသည်’ ဟု အိန္ဒိယသို့ သတင်းပို့ခဲ့ပါသည်။ လောလော ဆယ် တွင်မူ တော်လှန်ရေးအစီအစဉ်များ ပြီးစီးသည်အထိ ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်တို့၏ သံသယစိတ် များ ပျောက်ကွယ်သွားစေရန် အားထုတ်ရပါသည်။ သို့သော်လည်း သူသည် လက်ရှိလွတ်လပ်ရေးသည် အတု အယောင်မျှသာဖြစ်ကြောင်း၊ စစ်မှန်သောလွတ်လပ်ရေးရရှိရန် ရုန်းကန်ရမည်ဖြစ်ကြောင်းကို သူ၏မိန့်ခွန်းများ တွင် ပြည်သူတို့အား အသိပေးခဲ့၏။

၁၉၄၂ ခုနှစ်ကုန်ပိုင်းတွင် ကရင်များနှင့် ဗမာ့လွတ်လပ်ရေးတပ်မတော်အတွင်းမှ တာဝန်မဲ့သူတို့အကြား ပေါ် ပေါက်ခဲ့သော ပဋိပက္ခတို့မှစ၍ သွေးထွက်သံယိုမှုနှင့် လူမျိုးရေးအဓိကရုဏ်းများ ဖြစ်ပွားလာသည်။ ဗိုလ်ချုပ် အောင်ဆန်းသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားများအကြား ဆက်ဆံရေးကောင်းမွန်မှုကို အထူးအလေးပေးခဲ့ ၏။ ထိုကဲ့သို့ ဆက်ဆံရေးကောင်းမှသာလျှင် နိုင်ငံစည်းလုံးညီညွတ်မည်ဖြစ်ကြောင်း သူ ကောင်းစွာသဘော ပေါက်ခဲ့၏။ စူဇူကီးအတွက် သခင်အောင်ဆန်းရေးဆွဲခဲ့သော ‘မြန်မာနိုင်ငံ စီမံကိန်း’တွင် ‘ယခုအခါ၌ ဗြိတိသျှ ပယောဂကြောင့် လူများစုဖြစ်သော ဗမာတို့နှင့် ရခိုင်၊ ရှမ်း စသော တောင်ပေါ်တိုင်းရင်းသားများအကြားတွင် တည်ရှိနေသော ကွာဟချက်များ ကျဉ်းမြောင်းသွားစေပြီး အားလုံးတန်းတူညီမျှရှိသော နိုင်ငံထူထောင်ရန်’ လို အပ်ကြောင်းကို လေးအနက်ဖော်ပြခဲ့ပါသည်။

ကရင်-ဗမာအဓိကရုဏ်းသည် သူ့အား များစွာဒေါမနဿဖြစ်စေပါသည်။ ၁၉၄၃ ခုနှစ်နောက်ပိုင်းတွင် ဗိုလ်ချုပ် အောင်ဆန်း၊ သခင်သန်းထွန်းနှင့် ဗိုလ်လင်္ကျာတို့သည် ဤလူမျိုးစုနှစ်စုအကြား ငြိမ်းချမ်းရေးနှင့် နားလည်မှုရ ရှိစေရန် အပန်းတကြီး ဆောင်ရွက်ခဲ့ပါသည်။ ၎င်းတို့၏ စုပေါင်းကြိုးပမ်းမှုမှ သီးပွင့်လာသော အကျိုးကား က ရင်ခေါင်းဆောင်များ မြန်မာခေါင်းဆောင်တို့အား ယုံကြည်စိတ်ချလာခြင်းနှင့် မြန်မာ့တပ်မတော်အတွင်း ကရင် တပ်ရင်းတခု ဖွဲ့စည်းလိုက်ခြင်းဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း အစောတလျင် ကိုင်တွယ်ရန်လိုနေသော နောက်ကိစ္စတရပ်မှာ ကွန်မြူနစ်များနှင့် ပြည် သူ့အရေးတော်ပုံပါတီအတွင်းမှ ဆိုရှယ်လစ်များအကြား တနေ့တခြား ကြီးထွားနေသော အာဃာတများပင် ဖြစ်ပါသည်။ ကွန်မြူနစ်ခေါင်းဆောင်များမှာ ဂျပန်ခေတ်တလျှောက်လုံး တောခိုနေခဲ့သော သခင်စိုး၊ သစ် တောနှင့် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဖြစ်နေသော သခင်သန်းထွန်းနှင့် သခင်ဗဟိန်းတို့ ဖြစ်ကြပါသည်။ ဦး ကျော်ငြိမ်းနှင့် ဦးဘဆွေတို့သည်ကား ထင်ရှားသော ဆိုရှယ်လစ်ခေါင်းဆောင်နှစ်ဦး ဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် နှစ်ဖက်ခေါင်းဆောင်များအကြား ပြေလည်စေရန် အထူးကြိုးပမ်းခဲ့ပါသည်။ စေ့စပ် ဖြန်ဖြေရေးကို အမြန်ဆုံးဆောင်ရွက်ရန်လိုအပ်နေခြင်းမှာ နိုင်ငံရေးသဘောထားကွဲလွဲမှုများသည် တပ်မတော် ထဲသို့ စိမ့်ဝင်နေကာ ရဲဘော်များ၏ ညီညွတ်ရေးနှင့် တော်လှန်ရေး၏ အောင်မြင်ရေးတို့ကို ခြိမ်းခြောက်နေ၍ ဖြစ်ပါသည်။ ထို့အပြင် သခင်စိုးသည် ဖက်ဆစ်ဆန့်ကျင်ရေးစည်းရုံးဆော်ဩရာတွင် တပ်မတော်ကို ထိခိုက်နစ် နာစေသော ဝါဒဖြန့်ချိရေး ပြုလုပ်နေသဖြင့် တပ်အတွင်း မကျေနပ်မှုများ ဖြစ်ရုံသာမက ဗိုလ်ချုပ်အောင်ဆန်း လည်း ဒေါသထွက်ရပါသည်။

လပေါင်းများစွာ သဘောထားချင်းဖလှယ်ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် သခင်စိုး၊ သခင်သန်းထွန်း၊ သ ခင်ဗဟိန်းတို့နှင့် ၁၉၄၄ ခုနှစ် ဩဂုတ်လတွင် ရက်အနည်းငယ်ကြာ လျှို့ဝှက်စည်းဝေးပါသည်။ ဗိုလ်ချုပ်အောင် ဆန်း၏ ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ တည်ထောင်ရန်အဆိုကို ဆွေးနွေးကြပြီး အဖွဲ့၏ ကြေညာစာတမ်းနှင့် စု ပေါင်းဆောင်ရွက်ရမည့် စီမံကိန်းတရပ်ကို သဘောတူအတည်ပြုလုပ်ပါသည်။ များမကြာမီ ကွန်မြူနစ်ခေါင်း ဆောင်များနှင့် ပြည်သူ့အရေးတော်ပုံပါတီခေါင်းဆောင်များ အတူစည်းဝေးရန်စီစဉ်လိုက်ပြီး၊ ထိုအစည်းအဝေး ၌ ဗိုလ်ချုပ်အောင်ဆန်းသည် “ဖက်ဆစ်ဓါးပြများကို တိုက်ထုတ်ကြလော့” ခေါင်းစဉ်ပါ ကြေညာစာတမ်းကိုဖတ် ကာ တော်လှန်ရေးကို တရားဝင်အကောင်အထည်ဖော်လိုက်ပါသည်။

အဖွဲ့၌ သခင်စိုးသည် နိုင်ငံရေးခေါင်းဆောင်ဖြစ်ပြီး သခင်သန်းထွန်းသည် အထွေထွေအတွင်းရေးမှူးတာဝန်နှင့် မဟာမိတ်များနှင့်ဆက်သွယ်ရေး တာဝန်တို့ကိုယူကာ ဗိုလ်ချုပ်အောင်ဆန်းသည် စစ်ရေးခေါင်းဆောင်ဖြစ်ပါ သည်။ ထိုအချိန်၌ လူငယ်တပ်မတော်အရာရှိအချို့သည် စတင်လှုပ်ရှားရန် ဇောကြီးကာ သခင်ခေါင်းဆောင် အချို့နှင့် တပ်မတော်အဆင့်မြင့်အရာရှိအချို့တို့ကိုသာ တိုင်ပင်လေ့ရှိသော ဗိုလ်ချုပ်၏ ဆိတ်ဆိတ်နေမှု ကြောင့် မချင့်မရဲဖြစ်နေကြပါသည်။ ၎င်းတို့သည် တော်လှန်ရေးတရပ်ကို မိမိတို့ဖာသာစတင်ရန် ကြံစည်ကြပါ သည်။ ဤကိစ္စကို ဗိုလ်ချုပ်အောင်ဆန်း သိသွားသောအခါ ၎င်းတို့အား ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့၏ လှုပ်ရှားမှု ထဲ၌ တိကျသော အခန်းကဏ္ဍများ စီစဉ်ပေးခြင်းဖြင့် အခြေအနေကို ပြေလည်စေခဲ့ပါသည်။ အတွင်းအင်အားစု များ၏ ညီညွတ်မှုရယူပြီးနောက် တော်လှန်ရေးအစီအစဉ် အပြီးသတ်နိုင်ရန် မဟာမိတ်တပ်များနှင့် မည်ကဲ့သို့ သော သဘောတူညီမှုများ ရနိုင်မည်ကိုသာ သိရှိရန်လိုပါတော့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အပေါင်းအဖော်များသည် ပြည်ပအကူအညီ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဂျပန်ကို တော်လှန်ရန် ဆုံးဖြတ်ချက်ချပြီးဖြစ်သော်လည်း အောင်မြင်မှုများ ပို၍ပို၍ရနေသော မဟာမိတ်တပ်များနှင့် ပူး ပေါင်းဆောင်ရွက်ခြင်းဖြင့် လက်တွေ့အကျိုးအမြတ်များ ရရှိနိုင်မည်ဖြစ်ကြောင်း ထင်ရှားလာပါသည်။ အမှန်မှာ နိုင်ငံအဝှမ်း မြန်မာတပ်များ ဂျပန်တို့ကို စတင်တော်လှန်သော ၁၉၄၅ ခုနှစ် မတ်လ ၂ရ ရက်နေ့ရောက်သည့် တိုင် ဗြိတိသျှတို့နှင့် ရှင်းလင်းသောသဘောတူညီချက် မရရှိသေးပေ။ ထိုနေ့မတိုင်မီ (၁၀) ရက်အလိုက ဗိုလ် ချုပ်အောင်ဆန်းသည် ရန်ကုန်မြို့၌ စစ်ရေးပြအခမ်းအနားတရပ်တွင် ပါဝင်ပြီးနောက် သူ၏ တပ်များနှင့် အတူ စစ်လေ့ကျင့်ခန်းဆင်းရန်ဟု အကြောင်းပြကာ မြို့တော်မှ ထွက်ခွာခဲ့ပါသည်။

ဗိုလ်ချုပ်ကြီးစလင်း၏ တပ်မ (၁၄) သည် ဧရာဝတီမြစ်ကို မန္တလေးမြောက်ပိုင်းမှ ဖြတ်ကူးနေပြီး၊ သခင်သန်း ထွန်းသည် ဗြိတိသျှတပ်မတော်အရာရှိတဦးနှင့်ဆုံရန် တောင်ငူသို့ ထွက်ခွာသွားပေပြီ။ များမကြာမီ တော်လှန် ရေးရေစီးကြောင်းကား တဟုန်တည်း စီးဆင်းလာပေတော့သည်။ မေလ (၁၅) ရက်နေ့တွင် ဗိုလ်ချုပ်အောင် ဆန်းသည် လက်ထောက်အရာရှိတဦးနှင့်အတူ စလင်းနှင့်တွေ့ဆုံရန် ၎င်း၏ဌာနချုပ်သို့ ရောက်သွား၏။

တွေ့ဆုံရာတွင် ဗိုလ်ချုပ်အောင်ဆန်းသည် မိမိကိုယ်မိမိ မြန်မာနိုင်ငံယာယီအစိုးရ၏ကိုယ်စားလှယ်အဖြစ် မိတ် ဆက်ပြီး၊ မဟာမိတ်စစ်ဦးစီးတဦးအဖြစ် အသိအမှတ်ပြုရန် ရဲရဲတင်းတင်း တောင်းဆိုလိုက်ပါသည်။ ဗြိတိသျှ ဗိုလ်ချုပ်ကြီးထံမှ လိုက်လျောမှုအများဆုံးရရှိနိုင်ရန် တဖက်ကကြိးစားလျက် တဖက်ကလည်း လက်တွေ့ကျကျ တွေးမြင်တတ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ မိမိနှင့်ဆက်ဆံသူများ စိတ်ခွေ့ရလောက်အောင် ရိုး သားဖြောင့်မတ်ကြောင်းတို့ကို ဗိုလ်ချုပ်အောင်ဆန်း ပြသခဲ့ရာ စလင်း၏ နှစ်သက်သဘောကျမှုနှင့် လေးစားမှု တို့ကို ရရှိခဲ့၏။

စလင်း၏စကားအရ “သူနှင့်ပတ်သက်၍ ကျနော် မှတ်မှတ်ရရကြီး သတိပြုမိသည်ကတော့ သူ၏ရိုးသားဖြောင့် မတ်မှုဖြစ်ပါသည်။ သူသည် အာသွက်လျာသွက် အကြိုက်လိုက် အာမခံချက်ပေးခြင်းမျိုးမရှိ။ လွယ်လွယ်နှင့် ကတိမပေး။ သို့သော် တခုခုလုပ်ပါမည်ဟုသဘောတူခဲ့လျှင်တော့ စကားတည်မည့်သူဟု ကျနော်မြင်ပါသည်။” ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်ကြီးစလင်းတို့ တွေ့ဆုံပြီးနောက် မြန်မာတပ်များနှင့် ဗြိတိသျှတပ်များ ပူးတွဲ၍ ဂျပန်တို့ကို တိုက်လေရာ ဂျပန်တပ်များ အလျင်အမြန် ပြိုကွဲသွားပါသည်။ ဇွန်လ (၁၅) ရက်နေ့တွင် ရန်ကုန်မြို့ အောင်ပွဲစစ်ချီအခမ်းအနားများ ကျင်းပရာ၌ ဗြိတိသျှအင်ပိုင်ယာတပ်များ၊ မဟာမိတ်တပ်များနှင့်အတူ မြန်မာ့ တပ်မတော်ကလည်း ပါဝင်ခဲ့ပါသည်။ ဂျပန်တော်လှန်ရေးကား ပြီးဆုံးသွားပေသည်။

အမျိုးသားရေးလှုပ်ရှားနေသောမြန်မာများသည် တူညီသောရည်မှန်းချက်အောင်မြင်စေရန် ဝါဒရေးရာမတိုက် ဆိုင်မှုများနှင့် ပုဂ္ဂိုလ်ရေးဆန်သော သဘောထားများကို ဘေးဖယ်ခဲ့သော ဂုဏ်ယူဖွယ်အကောင်းဆုံး အချိန် ကာလဖြစ်ပါသည်။ ၁၉၄၅ ခုနှစ် ဩဂုတ်လတွင် ကျယ်ပြန့်သော လူမှုရေးနှင့် နိုင်ငံရေးအင်အားစုများကို ကိုယ် စားပြုသော ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများပါဝင်နိုင်ရန် ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ကို တိုးချဲ့ဖွဲ့စည်းပြီး ‘ဖက် ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ်’ (ဖဆပလ) ဟူ၍ အမည်သစ်ပေးလိုက်ပါသည်။

ဗြိတိသျှနှင့် စေ့စပ်ဆွေးနွေးခြင်း

ဂျပန်တို့ကို မဟာမိတ်များနှင့်ပေါင်း၍တိုက်ခိုက်ရန် ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့၏ကမ်းလှမ်းချက်ကို ဗြိတိသျှတို့ လက်ခံခဲ့ခြင်းမှာ အရှေ့တောင်အာရှမဟာမိတ်တပ်များ၏ စစ်ဦးစီးချုပ် လော့ဒ်မောင့်ဘက်တင်၏ နိုင်ငံရေးပါး နပ်အမျှော်အမြင်ရှိမှုတို့ကြောင့် ဖြစ်ပါသည်။ ၁၉၄၂ ခုနှစ် မြန်မာနိုင်ငံမှ ဗြိတိသျှတို့ ဆုတ်ခွာပြီးနောက် အိန္ဒိယ တွင် အဝေးရောက်အစိုးရရုံးစိုက်ခဲ့ပါသည်။ ထိုအစိုးရကိုလွှမ်းမိုးနေသော အရာရှိများသည် အမျိုးသားရေးစိတ် ပြင်းထန်သောလူငယ်များက ၎င်းတို့၏ ဩဇာကို စိန်ခေါ်ခြင်းနှင့် ၎င်းတို့၏အုပ်ချုပ်ရေး ဝရုန်းသုန်းကားဖြစ်စေ ရန် လှုပ်ရှားခဲ့သည်ကို ခံခဲ့ရသူများဖြစ်ပေသည်။ ဤအရာရှိများသည် ဖဆပလနှင့်ပူးပေါင်းဆောင်ရွက်မှုမှန်သ မျှကို လုံးဝဆန့်ကျင်၍ ဗြိတိသျှတို့ မြန်မာနိုင်ငံကို ပြန်လည်သိမ်းပိုက်ပြီးစ စစ်အုပ်ချုပ်ရေးကာလအတွင်း ဖဆပ လကို မတရားသင်းကြေညာကာ ဗိုလ်ချုပ်အောင်ဆန်းကို နိုင်ငံတော်သစ္စာဖောက်အဖြစ် ဖမ်းဆီးရန် လိုလားကြ ပါသည်။

ပိုမို၍ အဓိဌာန်ကျစွာရှုမြင်နိုင်သော အနေအထားတွင်ရှိနေသော မောင့်ဘက်တင်ကမူ မြန်မာနိုင်ငံကိစ္စများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရာတွင် မြန်မာလူထုကြီးက မိမိတို့လွတ်မြောက်ရေးကို ဆောင်ကြဉ်းပေးခဲ့သူဟူ၍ အသိ အမှတ်ပြုထားသော ပုဂ္ဂိုလ်၏ ပူးပေါင်းဆောင်ရွက်မှုကို ရယူရန် လိုအပ်မည်ကို နားလည်သည်။ လူထု၏ စိတ် နေသဘောထားနှင့် ကင်းကွာနေသော စစ်အုပ်ချုပ်ရေးခေါင်းဆောင် အရပ်သားအရာရှိ၏နေရာတွင် လျင်မြန် စွာပင် ဝါရင့်တပ်မတော်အရာရှိတဦးဖြစ်သူ ဗိုလ်ချုပ်ရန်စ်အား ခန့်အပ်လိုက်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း ဖြေရှင်းရသော လတ်တလော ပြဿနာတရပ်မှာ ဗမာ့မျိုးချစ်တပ်မတော်ဟု အမည် ပြောင်းထားသော မြန်မာ့တပ်မတော်၏ အနာဂတ်အရေးဖြစ်ပါသည်။ တပ်များကို ကျွေးမွေးရေးနှင့် လက်နက် တပ်ဆင်ပေးရေး လုပ်ငန်းများသည် လွန်စွာမှ ခက်ခဲနေ၏။ မဟာမိတ်တို့ စစ်အောင်ပွဲခံပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းသည် မောင့်ဘက်တင်နှင့် တွေ့ဆုံဆွေးနွေး၍ ဗမာ့မျိုးချစ်တပ်မတော်ဝင်များသည် မိမိတို့ဆန္ဒအ လျောက် ဗြိတိသျှလက်အောက်ရှိ မြန်မာ့တပ်မတော်ထဲသို့ ဝင်လိုက ဝင်နိုင်စေရန် သဘောတူလိုက်ပါသည်။

ဤသဘောတူညီချက်၏ အသေးစိတ်အချက်များကို ၁၉၄၅ ခုနှစ် စက်တင်ဘာလတွင် မဟာမိတ်စစ်ဦးစီးဌာန နှင့် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လင်္ကျာ၊ သခင်သန်းထွန်းတို့ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တို့ ကန္ဒီအ စည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြသည်။ ကန္ဒီသို့အသွား ကိုယ်စားလှယ်အဖွဲ့ဝင်အချို့ ကာလကတ္တားမြို့တွင် ခေတ္တခ ဏရပ်စဉ် သခင်သိန်းဖေနှင့်တွေ့ဆုံပြီး ဗိုလ်ချုပ်အောင်ဆန်း၏ အနာဂတ်အရေးကို ဆွေးနွေးကြ၏။ သဘော ထားအမြင်တခုအရ လာမည့်နိုင်ငံရေးတိုက်ပွဲတွင် ဗိုလ်ချုပ်ပါဝင်ရန် လိုအပ်သည်။ “သူသည်သာ အမျိုးသား ရေးအင်အားစုအပေါင်းကို ညီညွတ်သော တပ်ဦးတရပ်ဖြစ်လာစေရန် စွမ်းဆောင်ပြီး ခေါင်းဆောင်မှုပေးနိုင် မည့် တဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။”

သခင်သိန်းဖေမှအပ အခြားကွန်မြူနစ်များတင်ပြသော အခြားအမြင်တခုအရ ဗိုလ်ချုပ်သည် နိုင်ငံရေးခေါင်း ဆောင်တဦးရှိသင့်သော အရည်အချင်းပေါင်းစုံမရှိ၊ လူမှုဆက်ဆံရေး ညံ့ဖျင်းနေပြီး နိုင်ငံရေးနည်းပရိယာယ်မ ကျွမ်းကျင်၊ ထို့ကြောင့် နိုင်ငံရေးစွန့်လွှတ်ပြီး တပ်မတော်ထဲတွင်သာ နေသင့်သည်။ “နောက်ဆုံးတိုက်ပွဲကြီး” တွင် အင်အားစုအားလုံး၏ စည်းလုံးညီညွတ်ရေးရရှိစေရန် မြန်မာနိုင်ငံလိုအပ်နေသော အမျိုးသားခေါင်းဆောင် သည် ဗိုလ်ချုပ်အောင်ဆန်းသာလျှင် ဖြစ်ကြောင်းကို ခိုင်ခိုင်မာမာ ယုံကြည်သော ဗိုလ်လင်္ကျာက ကွန်မြူနစ်တို့ အကြံပေးချက်ကို အဓိပ္ပာယ်ဖွင့်ပုံရာ၌ “နိုင်ငံရေးနယ်ပယ်ကို သူတို့သာလွှမ်းမိုးထားလို၍ ဗိုလ်ချုပ်ကို ဘေးဖယ် ထားပြီး သူတို့အလိုရှိသောအခါမှ ဗိုလ်ချုပ်အနေနှင့် သွယ်ဝိုက်သောနည်းများနှင့် အထောက်အကူပေးရန်ဖြစ် သည်။”

ဗိုလ်ချုပ်အောင်ဆန်းသည် နှစ်ဖက်သဘောထားများကို နားထောင်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်ချလိုက်သည်။ တပ်မတော်မှထွက်၍ နိုင်ငံရေးရှေ့တန်းမှ လွတ်လပ်ရေးတိုက်ပွဲကို အစွမ်းကုန်ဆင်နွှဲတော့မည်။ ၁၉၄၅ ခုနှစ် နှင့် ၁၉၄ရ ခုနှစ်များအတွင်း ဗိုလ်ချုပ်အောင်ဆန်းသည် အင်အားကြီးသော ခေါင်းဆောင်တဦးအဖြစ်လည်း ကောင်း၊ လူထု၏ ယုံကြည်မှုနှင့် မေတ္တာကိုရရှိသော လုပ်ရည်ကိုင်ရည်ရှိ နိုင်ငံရေးသမားတဦးအနေနှင့်လည်း ကောင်း ထင်ပေါ်လာ၏။ ၎င်းအား စစ်တပ်အတွင်းသာ နေစေလိုသောသူတို့၏ ဝေဖန်ချက်များမှာ ခိုင်လုံမှုမရှိ ကြောင်းကို အတိအလင်းပြနိုင်ခဲ့၏။

၁၉၄၅ ခုနှစ် မေလတွင် ဗြိတိသျှအစိုးရသည် စက္ကူဖြူစီမံကိန်းဖြင့် မြန်မာနိုင်ငံ အနာဂတ်အပေါ်ထားသော ၎င်း တို့၏ အခြေခံမူဝါဒကို ကြေညာလိုက်ပါသည်။ ထိုစီမံကိန်းအရ ဘုရင်ခံသည် နိုင်ငံကို သုံးနှစ်ကြာတိုက်ရိုက် အုပ်ချုပ်ပြီး ကာလအားလျော်စွာ ရွေးကောက်ပွဲများကျင်းပခြင်း၊ မြန်မာကောင်စီနှင့် ဥပဒေပြုအဖွဲ့တို့တည် ထောင်ခြင်းတို့ကို ဆောင်ရွက်သွားမည်။ ဤအချက်များသည် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံအက်ဥပဒေပါ အချက် အလက်များထက် သာလွန်တိုးတက်ခြင်းသဘောကို မဆောင်ပါ။ ကောင်စီနှင့် ဥပဒေပြုအဖွဲ့ ပြန်လည်တည် ထောင်ပြီးမှ ရှေ့တဆင့်တိုး၍ မြန်မာနိုင်ငံကို ဒိုမီနီယန်အဆင့်ရစေမည့် အခြေခံဖွဲ့စည်းပုံဥပဒေကို ပါတီပေါင်းစုံ က ရေးဆွဲရန်ဖြစ်ပါသည်။ သို့သော် တောင်တန်းနှင့် နယ်စပ်ဒေသများသည် ပြည်မနှင့် ပေါင်းစည်းလိုကြောင်း တိတိကျကျ မဖော်ပြလျှင် သီးခြားဒေသများကို ဤစီမံကိန်း၌မထည့်ဘဲ ထားမည်ဖြစ်ပါသည်။

စက္ကူဖြူစီမံကိန်းပါ အချက်အလက်များ လုံးဝလက်ခံနိုင်ဖွယ် မရှိကြောင်းကို စစ်အုပ်ချုပ်ရေး မပြီးဆုံးမီကပင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်သန်းထွန်းတို့သည် မြန်မာပြည်ကို ပြန်လာမည်ဖြစ်သော ဘုရင်ခံ ဆာရက်ဂျီ နဲလ်ဒေါ်မန်ဆမစ်အား ရှင်းလင်းစွာအသိပေးပြီးဖြစ်ပါသည်။ ဖဆပလခေါင်းဆောင်များသည် ၎င်းတို့ပါတီသာ နိုင်ငံကိုကိုယ်စားပြုသောကြောင့် ၎င်းတို့သည်သာ စစ်အုပ်ချုပ်ရေးကို အစားထိုးရန် ယာယီအမျိုးသားအစိုးရ တရပ် ဖွဲ့ခွင့်ရှိသင့်ကြောင်း တင်ပြခဲ့ပါသည်။

ဒေါ်မန်ဆမစ်သည် စိတ်စေတနာကောင်း မရှိသူမဟုတ်ပါ။ သို့သော် သူ့အားဝိုင်းရံနေသော ဝန်ထမ်းအရာရှိ များနည်းတူ စစ်ပြီးခေတ်မြန်မာနိုင်ငံ၏ ရှုပ်ထွေးပွေလီအပြောင်းအလဲမြန်လှသော နိုင်ငံရေးဥတုကို နားမလည် နိုင်ချေ။ ဖဆပလအဖွဲ့ချုပ်သည် မြန်မာပြည်သူအများစု၏ ထောက်ခံမှုရရှိထားသည်ဟူသောအချက်ကို ဒေါ်မန် ဆမစ် ယုံကြည်လက်ခံရန် အခက်အခဲတွေ့နေပြီး ထိုအချိန်၌ မြန်မာနိုင်ငံတွင် အရေးပါဆုံးပုဂ္ဂိုလ်သည် ဗိုလ် ချုပ်အောင်ဆန်းဖြစ်ကြောင်းကို သူမမြင်၍မဖြစ်သော်လည်း ထိုအချက်ကိုလည်း လက်ခံရန် ဝန်လေးနေ၏။

ထို့အပြင် စစ်တွင်းကာလတလျှောက် မိမိ၏ အစိုးရအပေါ် သစ္စာစောင့်ခဲ့သော ဝါရင့်မြန်မာနိုင်ငံရေးသမားကြီး များကို ချီးမြှင့်လိုသော အံ့ဖွယ်ရာမဟုတ်သည့် ဆန္ဒသည် သူ၏ နားလည်မှုကို ချို့ယွင်းစေပါသည်။ ဝါရင့်နိုင်ငံ ရေးသမားများ၏ ကဏ္ဍ ခေတ်သစ်မြန်မာနိုင်ငံ၌ မရှိတော့ပြီဟူသောအချက်ကို သူမမြင်နိုင်၍သော်လည်း ကောင်း၊ မမြင်လို၍သော်လည်းကောင်း ဖြစ်နိုင်ပါသည်။ ဗြိတိသျှအင်ပိုင်ယာ ပြိုပျက်ခြင်းကို လက်မခံနိုင်ဟူ သော ချာချီ၏ ဧကရာဇ် စိတ်ဓာတ်ပြင်းပြသည့် ခံယူချက်သည် မြန်မာနိုင်ငံကို အထောက်အကူမပြုခဲ့ပါ။ ချာချီ အား ဝန်ကြီးချုပ်နေရာ၌ဆက်ခံသူ အတ္တလီကလည်း မြန်မာနိုင်ငံအတွင်းရှိ အယူအဆ၊ သဘောထားအသွယ် သွယ်ကို အကဲဖြတ်ရန် အခက်အခဲတွေ့နေရာ တိကျသော မူဝါဒတရပ်ချမှတ်ရန် နှေးကွေးခဲ့၏။

၁၉၄၅ ခုနှစ် အောက်တိုဘာလတွင် ဒေါ်မန်ဆမစ် ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာသောအခါ အရပ်သားအ စိုးရ ပြန်လည်ဖွဲ့စည်းလိုက်ခြင်းဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေးတိုက်ပွဲ ပြီးဆုံးပြီဖြစ်ကြောင်းကို အလေးအနက် ပြသလိုက်ပါသည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလတို့၏ သဘောထားကား ထိုကဲ့သို့ မဟုတ်ပါ။ ၎င်းတို့လိုလားသော လွတ်လပ်ရေးကို ၎င်းတို့တောင်းဆိုချက်များနှင့်အညီ ဗြိတိသျှအစိုးရက ပေးရန်ပျက်ကွက် ပါက လက်နက်ကိုင်တိုက်ပွဲ ထပ်မံဆင်နွှဲရမည့် အလားအလာကို ၎င်းတို့ မပယ်ချထားပါ။

ပထမဦးဆုံးတိုက်ပွဲကား ဘုရင်ခံကောင်စီဖွဲ့စည်းရေးကိစ္စနှင့် ပတ်သက်ပါသည်။ ဖဆပလသည် ရာထူးနေရာ (၁၁) နေရာအနက် (၇) နေရာတွင် ၎င်းတို့အမည်တင်သွင်းသော ပုဂ္ဂိုလ်များကို ခန့်အပ်ရန် အတင်းအကျပ် တောင်းဆို၏။ ထို့အပြင် ဘုရင်ခံကောင်စီကို ၎င်းတို့မူလကတောင်းဆိုခဲ့သော ယာယီအမျိုးသားအစိုးရပုံစံ ဖြစ် စေမည့် အခြားလိုအပ်ချက်များကိုပါ တွဲ၍တောင်းဆိုလိုက်ပါသည်။ မျှော်လင့်ထားသည့်အတိုင်း ဗြိတိသျှအစိုး ရသည် တောင်းဆိုချက်များကို ငြင်းပယ်လိုက်ပါသည်။

ထို့နောက် ဒေါ်မန်ဆမစ်သည် ကောင်စီနှင့် ဥပဒေအဖွဲ့ဝင်များအဖြစ် အလယ်အလတ်လမ်းစဉ်သမားများဟု မိ မိယုံကြည်သူတို့ကို ခန့်အပ်လိုက်ပါသည်။ သို့သော် ထိုပုဂ္ဂိုလ်များအနက် ကပ်ပါးရပ်ပါး မင်းမြှောင်များ၊ အမျိုး သားရေးသစ္စာဖောက် ကိုယ်ကျိုးရှာသမားများဟု မြန်မာအများက ယူဆထားသူအချို့လည်း ပါဝင်နေပါသည်။ ၁၉၄၆ ခုနှစ် ဇန်နဝါရီလတွင် အများသဘောတူ တညီတညွတ်တည်းထောက်ခံမှုဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို ဖဆပလဥက္ကဌ တင်မြှောက်လိုက်ပါသည်။ ကန္ဒီသဘောတူညီမှု ရှိထားပါသော်လည်း မြန်မာ့တပ်မတော်အ တွင်း ဝင်ရောက်အမှုထမ်းခြင်းမရှိသော ဗမာ့မျိုးချစ်တပ်မတော်သား အများအပြား ကျန်နေပါသည်။ ဗိုလ်ချုပ် အောင်ဆန်းသည် စစ်မှုထမ်းဟောင်းများနှင့် အသစ်ဝင်လာသူများကိုပေါင်းကာ သူ့ပြည်သူ့ရဲဘော်အဖွဲ့ကို တည်ထောင်လိုက်ပါသည်။

ပြည်သူ့ရဲဘော်အဖွဲ့တပ်သားများသည် ယူနီဖောင်းဝတ်ဆင်ကာ ပွင့်ပွင့်လင်းလင်းပင် စစ်လေ့ကျင့်ရေးများ ပြု လုပ်ပါသည်။ ပြည်သူ့ရဲဘော်အဖွဲ့သည် တရားဝင်အားဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် နေသော လူမှုရေးအဖွဲ့အစည်းတရပ်သာ ဖြစ်သော်လည်း ဖဆပလ၏ လက်ရုံးတပ်ဖြစ်လာနိုင်သော အခြေခံ အရည်အချင်းများ ရှိနေသောကြောင့် အစိုးရအတွက် စိတ်မအေးဖွယ်ဖြစ်နေပါသည်။ ဗိုလ်ချုပ်အောင်ဆန်း သည် ဘုရင်ခံ၏ မကျေနပ်ချက်များကို သိမ်မွေ့စွာ တုံ့ပြန်လိုက်ပါသည်။ ကြေညာချက်တရပ်တွင် တပ်ဖွဲ့၏ ရည်ရွယ်ချက်များကိုဖော်ပြကာ ၎င်းတို့အနက် တချက်မှာ “သူခိုးဓားပြ စသော ရာဇဝတ်မှုများ ပပျောက်ရန်နှင့် ရပ်ရွာငြိမ်ဝပ်ပိပြားရေးအတွက် သက်ဆိုင်ရာအစိုးရအဖွဲ့ဝင်များ၊ အခြားအဖွဲ့အစည်း၊ တိုင်းသူပြည်သားများနှင့် ပူးပေါင်းဆောင်ရွက်၍ ပြည်သူ့ကာကွယ်ရေးအတွက် ကူညီစောင့်ရှောက်ပေးရန်” ဖြစ်ပါသည်။

ဒေါ်မန်ဆမစ်လည်း မည်သို့အဓိပ္ပာယ်ကောက်ရမည် မသိဖြစ်နေပါသည်။ ဘုရင်ခံသည် ဗိုလ်ချုပ်အောင်ဆန်း နှင့် ဖဆပလတို့ကိုကိုင်တွယ်ရာ၌ မနိုင်မနင်းဖြစ်နေ၏။ မြန်မာခေါင်းဆောင်နှင့်ပတ်သက်၍ သူ စိတ်မပိုင်းဖြတ် နိုင်။ လှိုက်လှိုက်လှဲလှဲ ချီးကျူးသည့်အခါများရှိသကဲ့သို့ ဇဝေဇဝါ၊ သံသယစိတ်များ လွှမ်းမိုးသည့်အခါများ လည်းရှိပြီး နာရီချိန်သီးပမာ အတွေးနှစ်ဖက်အကြား စိတ်မတည်မငြိမ် ဖြစ်နေ၏။ ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးရယူရာ၌ ပြည်သူလူထုခံနေရဆဲ အတိဒုက္ခများကို ပိုမိုဆိုးဝါးစေမည့် လက်နက်ကိုင်တိုက်ပွဲကို မ လိုလားကြောင်းအရိပ်အမြွက်ပြပါသည်။ တချိန်တည်းတွင် မြန်မာ့လွတ်လပ်ရေးရရန်အတွက် လိုအပ်မည်ဆိုပါ က အကြမ်းဖက်နည်းများသုံးရန်ကို တွန့်ဆုတ်နေမည်မဟုတ်ကြောင်းကိုလည်း ထင်ရှားစေသည်။ လူထုစည်း ဝေးပွဲကြီးများတွင်လည်းကောင်း၊ ဆန္ဒပြချီတက်နေစဉ် ပုလိပ်လက်ချက်ဖြင့် ကျဆုံးခဲ့သော တောင်သူလယ်သ မားများ၏ ဈာပနကဲ့သို့သော စိတ်လှုပ်ရှားဖွယ်အခမ်းအနားများတွင်လည်းကောင်း ဗိုလ်ချုပ်အောင်ဆန်းသည် ဗြိတိသျှအုပ်ချုပ်ရေး၏ မူဝါဒများကိုရှုတ်ချပြီး လွတ်လပ်ရေးအတွက် တတိုင်းပြည်လုံး ဆထက်ထမ်းပိုး ကြိုး စားဆောင်ရွက်ရန် နှိုးဆော်နေလျက်ကပင် လူအုပ်ကြီးများငြိမ်သက်စည်းကမ်းရှိစေရန် ထိန်းသိမ်းထားနိုင် ကြောင်းပြသခဲ့၏။

သို့သော်လည်း ဒေါ်မန်ဆမစ်နှင့် သူ၏ အကြံပေးပုဂ္ဂိုလ်တို့သည် ပြဿနာများကို အေးချမ်းစွာ ဖြေရှင်းနိုင်ရန် ဗိုလ်ချုပ်အောင်ဆန်း၏ ပူးပေါင်းဆောင်ရွက်မှုလိုအပ်သည်ကို လက်ခံရန် ဝန်လေးနေကြ၏။ ဖဆပလ၏ အင် အားကိုစမ်းရန် အခြားပါတီအဖွဲ့အစည်းများ တည်ထောင်၍ ရ၊ မရ စဉ်းစားကြသည်။ ဤကဲ့သို့ အားစမ်းရန် စိတ်သန်သော နိုင်ငံရေးသမားများကား ရှိပါသည်။ အင်္ဂလိပ်စာရေးဆရာကြီးတဦး ဘုရင်ခံကောင်စီဝင်များနှင့် ပတ်သက်၍ ရေးသကဲ့သို့ ထိုနိုင်ငံရေးသမားများနှင့် ပတ်သက်၍လည်း ရေးနိုင်သည်မှာ ၎င်းတို့နှင့် ဖဆပလ အကြား ကွာခြားချက်များသည် လွတ်လပ်ရေးမူဝါဒများအပေါ် အခြေခံသည်ထက် အာဏာရရှိရေးပြိုင်ဆိုင်မှု အပေါ်တွင်သာ အခြေခံပါသည်။ ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်း အမျိုးသားခေါင်းဆောင်အဖြစ် ထင်ပေါ်ကျော် ကြားလာခြင်းနှင့် သူ့အား ပြည်သူတို့က ကိုးကွယ်သည်ဟုပင် ပြောရလောက်မတတ် ချစ်ခင်ကြည်ညိုခြင်းတို့ ကြောင့် အချို့အသိုင်းအဝိုင်းများတွင် မနာလိုမုန်းတီးစိတ်များ ပြင်းပြနေပါသည်။

ဒေါ်မန်ဆမစ်သည် ဖဆပလကို စိန်ခေါ်နိုင်သော အင်အားစုများ ပေါ်ပေါက်လာနိုင်မည့် အလားအလာများကို သုံးသပ်နေပြီး သူ၏ အကြံပေးပုဂ္ဂိုလ်အချို့က ဗိုလ်ချုပ်အောင်ဆန်းအား နိုင်ငံတော်ပုန်ကန်မှု စွဲချက်ဖြင့် ဖမ်း ဆီးရန် နားပူနားဆာတိုက်နေစဉ် ဘုရင်ခံကောင်စီဝင်ဖြစ်နေသော သခင်ထွန်းအုပ်သည် ဗိုလ်ချုပ်ကို လူသတ် မှုနှင့် စွဲချက်တင်လိုက်ပါသည်။ ဗမာ့လွတ်လပ်ရေးတပ်မတော် ချီတက်လာစဉ်က ရွာသူကြီးတဦးအား ဗြိတိသျှ အလိုတော်ရိလုပ်ငန်းများဆောင်ရွက်မှု၊ ဖိနှိပ်ရက်စက်မှုနှင့် အဂတိလိုက်စားမှု စွဲချက်များတင်ကာ စစ်ခုံရုံးဖွင့်၍ စစ်ဆေးခဲ့ပါသည်။ စစ်ခုံရုံးမှချမှတ်လိုက်သော သေဒဏ်အပြစ်ကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဆောင်ရွက် ခဲ့ပါသည်။

ဤအမှုနှင့် ဗိုလ်ချုပ်အောင်ဆန်းကို ရုံးတင်စစ်ဆေးမည်ဆိုပါက သခင်ထွန်းအုပ်သည် ဖြစ်ရပ်လုံးစုံကို တွေ့မြင် ခဲ့သဖြင့် သက်သေထွက်ဆိုပေးမည်ဟု ကမ်းလှမ်းလိုက်၏။ ဗိုလ်ချုပ်အောင်ဆန်းကို ချက်ချင်းဖမ်းဆီးသင့်၊ မ ဖမ်းဆီးသင့်နှင့်ပတ်သက်၍ အစိုးရအဖွဲ့အတွင်း ဝိဝါဒကွဲပြားနေ၏။ အရပ်သားဗြိတိသျှအရာရှိအချို့က ဖမ်းဆီး ရေးတိုက်တွန်းကြသည်။ ဤကဲ့သို့ဆောင်ရွက်ခြင်းဖြင့် အခြေအနေများ ပိုမို၍ ရှင်းလင်းသွားစေမည်၊ ထကြွပုန် ကန်မှု ဖြစ်ပေါ်စေမည့် အလားအလာကိုလည်း ဖယ်ရှားနိုင်မည်။ ဗိုလ်ချုပ်အောင်ဆန်းကို လူထုက မကြာမီ မေ့ ပျောက်သွားမည်ဖြစ်သဖြင့် ပြဿနာများစွာလည်း ရှိမည်မဟုတ်ဟု ထောက်ပြကြသည်။

ဤအချက်များကို ရဲမင်းကြီးက သဘောမတူပါ။ စစ်အတွင်းပြစ်မှုများနှင့်ပတ်သက်၍ အထွေထွေလွတ်ငြိမ်းချမ်း သာခွင့် ပေးရန်ရှိနေကြောင်း၊ ဖဆပလနှင့် ပြည်သူ့ရဲဘော်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူကို ဖမ်းဆီးခြင်းသည် ပုန်ကန်တော်လှန်မှုကို တားဆီးသည်ထက်၊ ထကြွရန်လှုံ့ဆော်လိုက်သကဲ့သို့သာ ဖြစ်သွားနိုင်ကြောင်း တင်ပြ ပါသည်။ မြန်မာနိုင်ငံ စစ်ဌာနချုပ်သေနာပတိကလည်း ရဲမင်းကြီး၏အမြင်ကို ထောက်ခံကာ ဗိုလ်ချုပ်အောင် ဆန်းသည် အသိတရားနှင့် ပြည့်စုံသူဖြစ်သဖြင့် ပုန်ကန်ထကြွမှုတရပ်ကို စတင်မည်သူဟု မထင်ကြောင်း တင် ပြပါသည်။ ထို့အပြင် သခင်ထွန်းအုပ်၏ ပြောကြားချက်များအပေါ် မူတည်၍ ဆောင်ရွက်သင့်မသင့်ကလည်း ဆင်ခြင်ဖွယ်ရာဖြစ်နေ၏။

၎င်း၏ ရည်ရွယ်ချက်များသည် သံသယမကင်းဖွယ်ဖြစ်သည့်အပြင် ဂျပန်ခေတ်အတွင်း တာဝန်ဝတ္တရားမရှိပါ ဘဲနှင့် ၎င်းဆောင်ရွက်ခဲ့သော ကြမ်းတမ်းသည့် လုပ်ရပ်များအကြောင်းကို ဂုဏ်ဝင့်စွာ ရေးသားထုတ်ဝေထား သော စာအုပ်ကလည်း ရှိနေသေးသည်။ ဒေါ်မန်ဆမစ်သည် သခင်ထွန်းအုပ်၏ စွပ်စွဲချက်များကို ဗိုလ်ချုပ် အောင်ဆန်းနှင့် ဆွေးနွေးရန် ဆုံးဖြတ်လိုက်၏။ ဗိုလ်ချုပ်အောင်ဆန်းသည် ဤအမှုနှင့်ပတ်သက်၍ လုံးဝတာ ဝန်ယူကာ စစ်ခုံရုံးတွေ့ရှိချက်အရ သေဒဏ်အပြစ်ပေးခဲ့ရကြောင်း ရှင်းပြပါသည်။ ဘုရင်ခံလည်း တဖန် မဝေခွဲ နိုင် ဖြစ်ရပြန်သည်။ တဖက်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဖြောင့်မတ်မှုနှင့် စိတ်သတိ္တတို့ကို များစွာလေးစားမိ ၏။ တဖက်တွင်ကား သူ့အုပ်ချုပ်ရေး၏ အဓိကအတိုက်အခံဖြစ်နေသူကို လူသတ်မှုစွဲချက်တင်ကာ ဖယ်ရှားနိုင် လိုက်ပါက နိုင်ငံရေးအကျိုးအမြတ် မည်မျှထုတ်နိုင်မည်ကိုလည်း တွေးမိ၏။

ဤကိစ္စနှင့်ပတ်သက်၍ ဝှိုက်ဟော(လန်ဒန်)အစိုးရက မိမိတို့သာဆုံးဖြတ်ရန် အာဏာရှိသည်ဟု ကန့်သတ် ချက်ထားခြင်းမှာ ကံကောင်းသည်ဟူ၍ပင် ပြောရမည်ကဲ့သို့ဖြစ်ပါသည်။ ၁၉၄၆ ခုနှစ် ဧပြီလ၊ ဒေါ်မန်ဆမစ် စင်္ကာပူသို့ အလည်အပတ်ရောက်စဉ် ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဆီးရန် ညွှန်ကြားသော သံကြိုးစာရောက် လာ၏။ ဘုရင်ခံလည်း ညွှန်ကြားချက်အရ ဆောင်ရွက်ရန် ချက်ချင်းပင် ရန်ကုန်သို့ ပြန်ခဲ့၏။ ဝရမ်းမထုတ်မီ လေးတွင် အမိန့်ပယ်ဖျက်လိုက်ကြောင်း သံကြိုးနောက်တစောင် ရောက်လာလေသည်။ ဤကိစ္စသည် အုပ်ချုပ် ရေး၏ မရေရာလှသောဩဇာကို ပိုမို၍ ယိုယွင်းလာစေသည်။ အုပ်ချုပ်သူများ၏ ခြေလှမ်းအားလုံးကို ဖဆပလ သည် အစိုးရဌာနများအတွင်းရှိ ၎င်းတို့အား ထောက်ခံသူများထံမှတဆင့် သိနေ၏။

ဗြိတိသျှတို့သည် ဗိုလ်ချုပ်ကို ဖယ်ရှားလိုသော်လည်း မထိဝံ့ဟူသောသတင်းသည် ပြန့်နှံ့သွား၏။ ဒေါ်မန်ဆမစ် လည်း အခြေအနေကို ထိန်းသိမ်းနိုင်ရန် ကြိုးစားပါသည်။ စက္ကူဖြူစီမံကိန်းကို လက်တွေ့အကောင်အထည်ဖော် ၍ရမည်မဟုတ်ကြောင်း လန်ဒန်အစိုးရကို ဝန်ခံအသိပေးပြီး ဖဆပလ လက်ခံနိုင်မည့် ကမ်းလှမ်းချက်အသစ် များကို တင်ပြလေသည်။ သို့သော် အချိန်ကား နှောင်းခဲ့လေပြီ။ ၁၉၄၆ ခုနှစ် ဇွန်လတွင် ပူပင်သောကများနေ သော ဘုရင်ခံကြီး ဝမ်းကိုက်ရောဂါစွဲကပ်သောကြောင့် အင်္ဂလန်သို့ ပြန်ရပါသည်။ ဇူလိုင်လမတိုင်မီ အတ္တလီ သည် ဒေါ်မန်ဆမစ်နေရာတွင် ဗိုလ်ချုပ်ရန်ဆ့်ကို ခန့်အပ်ရန် ဆုံးဖြတ်လိုက်၏။ ရန်ဆ့်အား ရွေးချယ်ခြင်းကား သင့်လျော်လှပါသည်။ သူသည် စစ်အုပ်ချုပ်ရေး အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်စဉ်က မြန်မာပြည်အ ခြေအနေကို ကောင်းစွာသိနိုင်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ဖဆပလခေါင်းဆောင်များနှင့် သင့်မြတ်သူ ဖြစ်၏။

လွတ်လပ်ရေးကြိုးပမ်းမှု

ဘုရင်ခံပြောင်းလဲခြင်းသည် ဖဆပလ၏ မူဝါဒများ ပြောင်းလဲခြင်းမဟုတ်သော်လည်း ဗြိတိသျှအစိုးရ၏ ချဉ်း ကပ်ပုံချဉ်းကပ်နည်း ပြောင်းလဲခြင်းကို ဖော်ပြလိုက်သဖြင့် လွတ်လပ်ရေးတိုက်ပွဲတွင် နိုင်ငံရေးအခန်းကဏ္ဍအ သစ်တရပ် ဖွင့်လိုက်ခြင်းဖြစ်ပါသည်။ ဘုရင်ခံကောင်စီဟောင်းကို ပယ်ဖျက်လိုက်ပြီး၊ ၁၉၄၆ ခုနှစ် စက်တင်ဘာ လတွင် ဦးအောင်ဆန်းသည် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီး တာဝန်များယူကာ ဘုရင်ခံ၏ ကောင်စီအ သစ်တွင် ဒုတိယဥက္ကဌ ဖြစ်လာပါသည်။ ကောင်စီဝင် (၁၁) ဦးအနက် ဦးအောင်ဆန်းအပြင် ဖဆပလအဖွဲ့ဝင် (၅) ဦး ပါရှိလေသည်။ ကောင်စီဝင်များသည် စုပေါင်းတာဝန်ယူကြရ၏။ အမည်အားဖြင့် ဘုရင်ခံ၏ အကြံပေး အဖွဲ့မျှသာဖြစ်သော်လည်း လက်တွေ့အားဖြင့် ကောင်စီသည် ကြာမြင့်စွာကပင် တောင်းဆိုခဲ့သော ယာယီအ မျိုးသားအစိုးရပင်ဖြစ်ပါသည်။

ဦးအောင်ဆန်းသည် ဤဖြစ်ပေါ်ချက်အသစ်များကို သတိရှိရှိနှင့် အကောင်းဖက်က ရှုမြင်ပါသည်။ တရားဝင် တည်ဆဲဖြစ်နေသေးသော စက္ကူဖြူစီမံကိန်းကို ဆန့်ကျင်ကန့်ကွက်သည့် လူထုစည်းဝေးပွဲကြီးတွင် တိုက်ပွဲဆုံး ခန်းတိုင်မရောက်သေးကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ သူ ရာထူးနေရာ လက်ခံခဲ့ခြင်းကြောင့် ပြဿနာ အားလုံး ပြေလည်သွားပြီဟု မယူဆသင့်ကြောင်းနှင့် နောင်ဆောင်ရွက်ရန် အလုပ်တာဝန် များစွာရှိသေး ကြောင်း လူထုအား ဦးအောင်ဆန်းက သတိပေးလိုက်ပါသည်။ ပြည်သူလူထု၏ ထောက်ခံအားပေးမှုသည် သူ နှင့် ဖဆပလအတွက် မည်မျအရေးကြီးကြောင်း ပြောကြားပြီးနောက် လူထုနှစ်သက်မြတ်နိုးသော ရိုးသားပွင့် လင်းမှုဖြင့် ကိုယ်ရေးကိုယ်တာကိစ္စနှင့်ပတ်သက်၍ အောက်ပါအတိုင်း မှတ်ချက်ချလိုက်ပါသည်။

“နောက်ဆုံး ကျုပ်အကြောင်းကို ခင်ဗျားတို့ကို နည်းနည်းပြောချင်တယ်။ အခုအခါ ကျုပ်ဟာ (ပတ်ဗလစ်မှာ ပေါ်ပြူလာဖြစ်နေတဲ့သူပဲ)။ ဒါပေမယ့် ကျုပ်ဟာ ဘုရားလည်းမဟုတ်၊ မှော်ဆရာ မျက်လှည့်ဆရာလည်း မ ဟုတ်၊ လူပဲ။ နတ်လည်းမဟုတ်၊ လူလောက်ပဲ အစွမ်းရှိမှာပဲ။ ကျုပ်အသက်ဟာ အင်မတန်မှ ငယ်တယ်။ ကျုပ် အခုထမ်းရတဲ့ တာဝန်ဟာလည်း တတိုင်းပြည်လုံးရဲ့တာဝန်ကို ရှေ့ဆုံးက ထမ်းနေရတယ်။ ကျုပ်ကိုယ်ကို ဒီ တာဝန်တွေ ထမ်းနိုင်အောင် အရည်အချင်းပြည့်စုံတယ်လို့ မယူဆဘူး။ ပြီးတော့ ကျုပ် စိတ်တိုတတ်တယ်ဆို တာလည်း လူအများ သိကြတာပဲ။ ဒါ ကျုပ် နဂိုပဲ။ အလုပ်ရှုပ်ပြီး အနှောင့်အယှက်များရင် စိတ်တိုတတ်တယ်။ ဒါကို ပြုပြင်နိုင်သျှ ပြုပြင်ဖို့ ကြိုးစားမယ်။ သို့သော်လည်း ခင်ဗျားတို့လည်း စိတ်ရှည်ရှည်ထားပြီး ကနေ့ပြတဲ့ အင်အားမျိုးထက် ဆထက်ထမ်းပိုး တိုးအောင်လုပ်ပြီး ကျုပ်တို့က ခင်ဗျားတို့အတွက် လုပ်တဲ့နေရာမှာ အားပေး မယ်ဆိုရင် ကျုပ်တို့လိုချင်တဲ့ လွတ်လပ်ရေး၊ လူထုကောင်းစားရေးတွေကို ရအောင်ပိုလုပ်နိုင်မယ်။ ပိုအကျိုးရှိ မှာပဲ။ ဒါကြောင့် လူထုတွေကို ဆက်တောင့်ထားကြပါအုံးလို့ဆိုတာ ထပ်ပြောခဲ့ချင်တယ်။”

ပြည်သူလူထုသည် ဦးအောင်ဆန်းနောက်မှ မားမားမတ်မတ်ရပ်၍ တောင့်ထားသော်လည်း သူ့ကို အတိုက်အခံ လုပ်မှု မရှိတော့ မဟုတ်ပါ။ ဖဆပလ၏ အင်အားကို ပြင်ပမှ စိန်ခေါ်သော နိုင်ငံရေးပါတီများထက် ဖဆပလအ တွင်းမှ ပြဿနာများ ပို၍ပေါ်ပေါက်ခဲ့ပါသည်။ တသီးပုဂ္ဂလ သစ္စာဖောက်သွားသူ အနည်းငယ်မျှသာရှိသော် လည်း ကွန်မြူနစ်များသည် ဖဆပလအဖွဲ့ချုပ်နောက်မှ ညီညွတ်စွာရှိသယောင်နှင့် မိမိတို့ပါတီအားကောင်းရေး အတွက် ဆောင်ရွက်နေကြပါသည်။

ပုဂ္ဂိုလ်ရေးနှင့် ဝါဒရေးအယူအဆ မတိုက်ဆိုင်မှုကြောင့် ၁၉၄၆ ခုနှစ် မတ်လတွင် သခင်စိုး၏ ‘အလံနီ’ ကွန်မြူ နစ်များနှင့် သခင်သန်းထွန်း၊ သခင်သိန်းဖေတို့ခေါင်းဆောင်သော ‘အလံဖြူ’ ကွန်မြူနစ်များဟူ၍ ကွန်မြူနစ်ပါ တီ နှစ်ခြမ်းကွဲသွားခဲ့ပါသည်။ အလံနီကွန်မြူနစ်များသည် အကြမ်းဖက်မှုဝါဒများ စွဲကိုင်ခြင်းကြောင့် ၎င်းတို့အား ဇူလိုင်လတွင် မတရားအသင်းအဖြစ် ကြေညာလိုက်ပါသည်။ သခင်သန်းထွန်းသည် ဖဆပလ၏ အထွေထွေအ တွင်းရေးမှူး ဖြစ်လာပြီး သခင်သိန်းဖေသည် ကောင်စီဝင်တဦး ဖြစ်လာပါသည်။ သို့သော်လည်း ‘သိန်း၊ သန်း’ ကွန်မြူနစ်တို့သည် ‘ရန်စ်’ မရောက်မီက စတင်ခဲ့သော အထွေထွေသပိတ် ပြီးငြိမ်းသွားစေရန် ကောင်စီ၏ ဒု- ဥက္ကဌအနေနှင့် ဦးအောင်ဆန်း၏ စေ့စပ်ရေးဆောင်ရွက်ချက်များကို အနှောင့်အယှက်ပေးခဲ့၏။ အထွေထွေသ ပိတ်ပြီးငြိမ်းရေး ဆောင်ရွက်ချက်များ ပျက်ပြားစေရန် ကြိးပမ်းမှုမှာ အောင်မြင်ခြင်းမရှိခဲ့ချေ။ သို့သော် ဤကြိုး ပမ်းမှုသည် ဦးအောင်ဆန်းနှင့် ဖဆပလတို့၏ ဩဇာပြိုပျက်စေရန် အတန်ကြာကပင် စတင်ခဲ့သော စည်းရုံးလှုံ့ ဆော်ရေးလုပ်ငန်းများ၏ တစိတ်တပိုင်းသာဖြစ်ပါသည်။

အခြေအနေကို မဖြေရှင်း၍ မရတော့ပါ။ ဆိုရှယ်လစ် ဦးကျော်ငြိမ်းကို သခင်သန်းထွန်းနေရာ၌ အထွေထွေအ တွင်းရေးမှူး ခန့်အပ်လိုက်ပြီး အောက်တိုဘာလတွင် ကွန်မြူနစ်များကို ဖဆပလအတွင်းမှ ထုတ်ပယ်လိုက်ပါ သည်။ ဤလုပ်ရပ်ကို နောက်လအတွင်း ကျင်းပသော အဖွဲ့ချုပ်၏ အထွေထွေညီလာခံ၌ အတည်ပြုလိုက်ပါ သည်။ ထုတ်ပယ်ရခြင်း၏ အကြောင်းများကို ရှင်းပြသော မိန့်ခွန်း၌ ဦးအောင်ဆန်းသည် ကွန်မြူနစ်တို့အား တိုင်းပြည်၏ ညီညွတ်မှုပျက်ပြားစေရန် ကြိုးပမ်းသည်။ မိမိတို့၏ပါတီရေးကို မြန်မာ့လွတ်လပ်ရေးထက် အလေး ပေးသည်။ မြန်မာ့အခြေအနေနှင့် သင့်လျော်၊ မသင့်လျော်ကို မဆင်ခြင်ဘဲ အိန္ဒိယကွန်မြူနစ်ပါတီ၏ ညွှန်ကြား ချက်များကို မျက်စေ့စုံပိတ်၍ လိုက်နာသည် စသဖြင့် ရှုတ်ချပါသည်။

အမှုဆောင်ကောင်စီမှ နှုတ်ထွက်လိုက်သော သခင်သိန်းဖေက ဦးအောင်ဆန်းနှင့် သူ၏ လုပ်ဖော်ကိုင်ဖက် များအား တော်လှန်ရေးသမားထက် ပြုပြင်ရေးသမားဆန်သည်၊ ၎င်းတို့သည် ဗြိတိသျှ၏ လှည့်ဖြားမှုကို အညံ့ ခံခဲ့ပြီး ဘုရင်ခံနှင့် ဆက်ဆံရာ၌ ပျော့လွန်းသည်၊ အဝေဖန်လည်း မခံနိုင်ဟု ပြောဆိုပါသည်။ ဖဆပလနှင့် ကွန် မြူနစ်တို့ လမ်းခွဲသွားကြသော်လည်း လက်ဝဲညီညွတ်မှုကို အထူးလိုလားသော ဦးအောင်ဆန်းသည် မာက်စ်ဆို ရှယ်လစ်ဝါဒနှင့် ကွန်မြူနစ်ပါတီဝင်အချို့အပေါ် သံယောဇဉ်မကုန်ပါ။ အလံနီကွန်မြူနစ်များနှင့် အလံဖြူကွန် မြူနစ်များအကြား စေ့စပ်ဖြန်ဖြေရန် သူ ကြိုးစားခဲ့ပါသည်။ သိန်း၊ သန်း ကွန်မြူနစ်များကို ဖဆပလအတွင်းမှ ဖယ်ထုတ်ပြီးနောက် ပြည်သူ့ရဲဘော်နှင့် ဆိုရှယ်လစ်တို့ကို ပေါင်းစည်းပြီး မက်စ်အဖွဲ့ချုပ်တည်ထောင်ရန် ဦး အောင်ဆန်း စဉ်းစားခဲ့သည်ဟု အဆိုရှိပါသည်။

အမှုဆောင်ကောင်စီအသစ်သည် သခင်စိုးကွန်မြူနစ်များအပေါ် ချမှတ်ထားသော ပိတ်ပင်ချက်ကို ပယ်ဖျက် ပေးလိုက်ပါသည်။ သို့သော် အလံနီကွန်မြူနစ်များသည် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို တရားသေ ဆုပ်ကိုင်ထားသဖြင့် ၁၉၄ရ ခု ဇန်နဝါရီလတွင် ၎င်းတို့အား တဖန် မတရားအသင်းကြေညာရပြန်သည်။ အဖြူ၊ အနီမရွေး ကွန်မြူနစ်အများအပြား အထူးသဖြင့် ပြည်သူ့ရဲဘော်ဟောင်းများသည် ဦးအောင်ဆန်းကို ဆက် လက်၍ ကြည်ညိုလေးစားကြပါသည်။ သူ့အနေနှင့်လည်း ကွယ်လွန်သွားသည့်တိုင် ပြန်လည်ပေါင်းစည်းရေး ကို လုံးလုံးလျားလျား ပစ်ပယ်ခဲ့ခြင်း ရှိဟန်မတူပါ။ သို့သော် သူသည် မြန်မာနိုင်ငံလွတ်လပ်ရေးနှင့် ညီညွတ်ရေး ထက်ပိုပြီး မည်သည့်ဝါဒကိုမှ ဦးစားမပေးခဲ့ပါ။

၁၉၄၆ ခုနှစ် ဒီဇင်ဘာလတွင် ဖဆပလသည် အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံတည်ထောင်ရေးအတွက် လိုအပ်သောကိစ္စများ ဆွေးနွေးရန် ဗြိတိသျှအစိုးရ၏ ဖိတ်ကြားချက်ကို လက်ခံလိုက်ပါသည်။ နှစ်ဦးပိုင်းတွင် လန်ဒန်သို့ ထွက်ခွာသွားသောကိုယ်စားလှယ်အဖွဲ့ကို ဦးအောင်ဆန်း ဦးဆောင်၍ အဖွဲ့ထဲတွင် အမှုဆောင် ကောင်စီဝင်များ၊ နိုင်ငံရေးသမားများနှင့် အရပ်သားအစိုးရဝန်ထမ်းများ ပါရှိပါသည်။

ဒေလီမြို့၌ ရပ်နားစဉ် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဦးအောင်ဆန်းက လုံးဝလွတ်လပ်ရေးကိုသာ လိုလားကြောင်း၊ ဒိုမီနီယန်အဆင့်အတန်း လက်ခံရေးကို ထည့်သွင်းစဉ်းစားမည် မဟုတ်သဖြင့် မေးစရာပင် မ လိုကြောင်းပြောကြားခဲ့ပါသည်။ သတင်းစာဆရာတို့၏ မေးခွန်းတရပ်ကို ဖြေကြားရာ၌ မြန်မာတို့၏ တောင်းဆို ချက်များကို ကျေနပ်ဖွယ်ရာလိုက်လျောခြင်း မရှိပါက အကြမ်းဖက်နည်းကိုဖြစ်စေ၊ အကြမ်းမဖက်သောနည်း ကိုဖြစ်စေ၊ နည်းနှစ်မျိုးလုံးကိုဖြစ်စေ၊ စဉ်းစားရန် လုံးဝတွန့်ဆုတ်မည်မဟုတ်ဟု ပြောခဲ့၏။ နိဂုံးချုပ်အနေနှင့် အ ကောင်းဆုံးကို မျှော်လင့်ထားသော်လည်း အဆိုးဆုံးအတွက်လည်း အဆင်သင့်ပြင်ထားကြောင်း ပြောသွားပါ သည်။ ဤကား မြန်မာနိုင်ငံမှ မထွက်ခွာမီ နှစ်သစ်ကူးမိန့်ခွန်းထဲတွင် အသေးစိတ်ပြောခဲ့သော အချက်အလက် တို့ထက် ပိုမိုခြင်းမရှိပါ။

ထိုမိန့်ခွန်းတွင် ပွင့်ပွင့်လင်းလင်း ဖော်ပြခဲ့သည်မှာ ဗြိတိသျှတို့သည် အေးချမ်းစွာ ဖြေရှင်းရေးကို လိုလားသည် ဟု သူ ယုံကြည်လိုကြောင်း၊ သူကိုယ်တိုင်လည်း အေးဆေးသော နည်းများကိုသာ ပို၍နှစ်သက်ကြောင်း၊ သို့ သော်လည်း လိုအပ်သည့် သဘောတူညီချက်များ မရပါက လူထုအနေနှင့် တရားဥပဒေပြင်ပမှ လွတ်လပ်ရေး တိုက်ပွဲဝင်ရန် အဆင်သင့်ပြင်ထားရမည်ဖြစ်ကြောင်း စသဖြင့် ဖြစ်ပါသည်။ အမှန်မှာ ဦးအောင်ဆန်းနှင့် ဖဆ ပလသည် ဗြိတိသျတို့နှင့် ဆွေးနွေးပွဲများ မအောင်မြင်ပါက ဖြစ်ပျက်လာမည့် အခြေအနေအတွက် ပြင်ဆင်မှုအ နေနှင့် လက်နက်များစုဆောင်းပြီး၊ ပြည်သူ့ရဲဘော်တပ်ဖွဲ့များကို အသင့်အနေအထားတွင် ရှိနေစေရန် စီစဉ်ပြီး ဖြစ်ပါသည်။

“အောင်ဆန်း-အတ္တလီ သဘောတူညီချက်” ထွက်ပေါ်စေခဲ့သော ဆွေးနွေးပွဲများအတွင်း ဦးအောင်ဆန်း၏ ကဏ္ဍနှင့်ပတ်သက်၍ ပုဂ္ဂလိကအမှုဆောင်ဝင်တဦးဖြစ်သူ ဦးတင်ထွဋ်က အောက်ပါအတိုင်းရေးသားခဲ့ပါသည်။ ပြည်သူ့လွှတ်တော်ရွေးကော်ပွဲမကျင်းပမီနှင့် အခြေခံဥပဒေသစ် မရေးဆွဲသေးမီ မြန်မာနိုင်ငံ၏ အစိုးရတာဝန် ဝတ္တရားတို့ကို မြန်မာအစိုးရထံသို့ လက်တွေ့အရလည်းကောင်း၊ ဥပဒေသဘောအရလည်းကောင်း၊ ချက်ချင်း လွှဲပြောင်းပေးရန်ကို သူက အားထုတ်ခဲ့ပါသည်။ ဥပဒေသဘောအရ လွှဲပြောင်းပေးခြင်းကို သူက မရယူနိုင်ခဲ့ သော်လည်း လက်တွေ့အားဖြင့် လွှဲပြောင်းပေးခြင်းကိုကား အနှစ်သာရအားဖြင့် နှစ်ဖက်သဘောတူညီမှုအပေါ် မူတည်၍ ရယူနိုင်ခဲ့ပါသည်။

ဤအနေအထားကို သူ၏ နိုင်ငံရေးအတိုက်အခံတို့က သူခေါင်းဆောင်ခဲ့သော ကိုယ်စားလှယ်အဖွဲ့၏ ရှုံးနိမ့်မှု ကဲ့သို့ဖြစ်စေရန် ကောက်ကွေ့ပွေလီစွာ အဓိပ္ပာယ်ဖွင့်လိုက ဖွင့်နိုင်ပါသည်။ သူသည် အနည်းဆုံး လိုအပ်ချက် များ တောင်းဆိုရာ၌ ခိုင်မာ၏။ ထိုသို့ခိုင်မာခြင်းကြောင့် တော်လှန်ရေးဖြစ်ပေါ်လာနိုင်သည်ဟု သူသိသဖြင့် တာဝန်မှာကြီးလေးလှ၏။ နိုင်ငံရေးပညာရှိတဦးပီသစွာ မြန်မာပြည်သူပြည်သားများ၏ လိုလားချက်တို့ကို အ နှစ်သာရအားဖြင့် ပေးသည်ကို သူလက်ခံခဲ့၏။ လိုလားချက်ကား လွတ်လပ်ရေးသို့ ရှင်းလင်းတိုတောင်းသော လမ်းမှ ချီတက်နိုင်ရန်နှင့် မိမိတို့တိုင်းပြည်၏ လက်တွေ့အစိုးရတာဝန်များကို ချက်ချင်းရရှိရန်တို့ဖြစ်ပါသည်။

နှစ်ဖက်အလိုကျ သဘောတူညီချက်ကို လက်ခံပြီးနောက် ဤသဘောတူညီချက်၏ အဓိပ္ပာယ်သက်မှုကို လူထု အား ရိုးရိုးရှင်းရှင်းတင်ပြ၍ လိုအပ်ချက်များ ဖြစ်မြောက်စေရန် ခေါင်းဆောင်မှုပေးခဲ့၏။ သူ၏ ခေါင်းဆောင်မှု နောက်မှ လိုက်ပါက တနှစ်အတွင်း လုံးဝလွတ်လပ်ရေးရစေရမည်ဟု ရဲရင့်စွာ ကတိပေးခဲ့၏။ ဤကား ပေါ့ပေါ့ ဆဆ ကတိမျိုး မဟုတ်ပါ။ သူ၏ နိုင်ငံရေးလုပ်ငန်း၊ သူ၏ ဂုဏ်သိက္ခာနှင့် သူ၏ ဘဝတို့ကိုရင်း၍ ပေးလိုက် သော၊ ခံယူချက်အပေါ် အခြေခံသော ကတိမျိုးဖြစ်ပါသည်။ ဤသို့ဆောင်ရွက်ခြင်းဖြင့် သူ၏ ခေါင်းဆောင်ပီသ မှုကို အပြည့်အဝ သက်သေပြလိုက်ပါသည်။

သဘောတူညီချက်ကို လက်မှတ်ထိုးရန် ငြင်းဆိုခဲ့သော ကိုယ်စားလှယ်အဖွဲ့ဝင်နှစ်ဦးကား ဝန်ကြီးချုပ်ဟောင်း ဦးစောနှင့် ၁၉၃၈ ခုနှစ် ဒို့ဗမာအစည်းအရုံး နှစ်ခြမ်းကွဲပြီးနောက် အနည်းစုသခင်များကို သခင်ထွန်းအုပ်နှင့်အ တူ ခေါင်းဆောင်ခဲ့သော သခင်ဗစိန်တို့ဖြစ်ပါသည်။ မြန်မာပြည်သို့ ပြန်ရောက်သောအခါ ဦးစောနှင့် သခင်ဗစိန် သည် ဒေါက်တာဘမော်နှင့် ဝန်ကြီးချုပ်ဟောင်း နောက်တဦးဖြစ်သူ ဆာပေါ်ထွန်းတို့နှင့်ပေါင်းကာ အမျိုးသား အတိုက်အခံတပ်ဦး တည်ထောင်၍ ဦးအောင်ဆန်းသည် ရာထူးတည်မြဲရေးအတွက် နယ်ချဲ့တို့ဘက်သို့ ကူး ပြောင်းသွားပြီဟု ပြောလေသည်။

နိုင်ငံရေးအတိုက်အခံတို့၏ စွပ်စွဲချက်များကြောင့် ဦးအောင်ဆန်း ထူးထူးခြားခြား စိတ်အနှောင့်အယှက်မဖြစ်ခဲ့ ပါ။ တိုင်းရင်းသားလူမျိုးစုများနှင့် ဆွေးနွေးစေ့စပ်ရေးကိုသာ ဇောက်ချ၍ လုပ်ပါတော့သည်။ ဤကိစ္စကို ဖြေ ရှင်းရန် လန်ဒန်သွားကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်ပြန်ရောက်ပြီး ရက်ပိုင်းအတွင်းပင် ပင်လုံ၌ ညီလာခံခေါ် ရေး စီစဉ်ထားပြီးဖြစ်ပါသည်။ ညီလာခံ၏ ရလဒ်ဖြစ်သော ပင်လုံစာချုပ်အရ “ကြားဖြတ်မြန်မာအစိုးရနှင့် ချက် ချင်းပူး ပေါင်းလိုက်ခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမိုလျင်မြန်စွာ ရရှိလိမ့်မည်” ဟူ၍ အသိအမှတ်ပြုလိုက်ပါသည်။
5019698.gif

ပင်လုံညီလာခံကား စစ်အတွင်းက တိုင်းရင်းသားများအကြား သင့်မြတ်ကြည်ဖြူရေးအတွက် သခင်များကြိုး ပမ်းချက်များနှင့် အစပျိုးခဲ့သော ဦးအောင်ဆန်း၏ မြန်မာနိုင်ငံအတွင်းရှိ လူမျိုးစုပေါင်းစုံ စည်းလုံးညီညွတ်ရေး ဦးတည်သော လုပ်ငန်းစဉ်၏ အထွတ်အထိပ်ပင်ဖြစ်ပါသည်။ တဖန် ဦးတင်ထွဋ်၏ စကားအရပြောရလျှင် ဆွေး နွေးစေ့စပ်ရေးနယ်ပယ်တွင် သူ(ဦးအောင်ဆန်း) အောင်မြင်မှုများ ရရှိခဲ့ခြင်းမှာ သူ၏ မသွယ်မဝိုက်ပွင့်လင်းမှု နှင့် ပုဂ္ဂလိကအရည်အသွေးတို့ကြောင့် ဖြစ်ပါသည်။ ထိုနယ်ပယ်တွင် သူ၏ အကြီးမားဆုံးဆောင်ရွက်ချက်ကား တောင်တန်းဒေသ တိုင်းရင်းသားများနှင့် အခြားလူငယ်စုများ၏ လုံးဝဥဿုံ စိတ်ချယုံကြည်မှုကို ရယူနိုင်ခြင်း ဖြစ်ပါသည်။

ပင်လုံညီလာခံ ပြီးလျှင်ပြီးချင်း ဧပြီလတွင် ကျင်းပမည်ဖြစ်သော ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဖဆပလကိုယ်စား ဦးအောင်ဆန်းသည် ပင်ပန်းကြီးစွာ နိုင်ငံအနှံ့ စည်းရုံးရေးခရီးထွက်ခဲ့ပါသည်။ မြန်မာနိုင်ငံ ပြည်သူလူထုနှင့် (၃၂) နှစ် မျှသာရှိသေးသော သူတို့၏ နုပျိုရွယ်ခေါင်းဆောင်အကြား မကြံစဖူး ထူးခြားသော ဆက်ဆံရေးအနေအထားမျိုး ပေါ်ပေါက်ခဲ့ပါသည်။ ဦးအောင်ဆန်းသွားလေရာ လူအုပ်ကြီးများသည် ‘ငါတို့ဗိုလ် ချုပ်’ ကို မြင်လိုဇော၊ နားထောင်လိုဇော၊ သွေးစည်းခိုင်မာမှုကို ပြသလိုဇောတို့နှင့် ဖုံကိုမမှု၊ နေပူကိုမရွံ့၊ လာ ရောက်အားပေးကြပါသည်။ ‘ဗိုလ်ချုပ်’ ဟူသော ဝေါဟာရမှာ မူလတွင် သူ၏ တပ်မတော်ရာထူးကို ရည်ညွှန်း ခြင်းအမှုသာဖြစ်သော်လည်း နောင်တွင် သူ့အပေါ်ထားရှိသော ချစ်ခင်လေးစားမှုကို ရောင်ပြန်ဟပ်လာသော ဝေါဟာရဖြစ်လာ၏။

ဦးအောင်ဆန်းကား နားထောင်ကောင်းအောင် အပြောအဟောပြေပြစ်သူတဦး မဟုတ်ပါ။ သူ၏ မိန့်ခွန်းများ သည် ငြီးငွေ့ဖွယ် အတတ်ပညာရေးရာကိစ္စများနှင့် လွှမ်းမိုးနေသည်လည်း ဖြစ်နိုင်၏။ ဟိုအကြောင်းရောက် ဒီ အကြောင်းရောက်နှင့် လိုက်ရခက်သည်လည်း ဖြစ်နိုင်၏။ လွန်စွာရှည်လျားသည်လည်း ဖြစ်နိုင်၏။ သို့သော် လည်း လူထုသည် ငြိမ်သက်အေးဆေးစွာ နားထောင်ပြီး သူ့စိတ်သန္တာန်ကိုလိုက်ကာ သူ၏ တုံးတိတိနိုင်သော ဆုံးမသတိပေးချက်တို့ကို သဘောကျနှစ်သက်သကဲ့သို့ ကြားရခက်လှသော သူ၏ ရယ်ရွှင်ဖွယ်စကားလေး များကိုလည်း သဘောကျနှစ်သက်ကြပါသည်။

ဦးအောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေးနှင့် စည်းလုံးညီညွတ်ရေးပြဿနာများကို ဖြေရှင်းပေးနိုင်မည့် အ တွေးအခေါ်များနှင့် နည်းဗျူဟာများကို အစဉ်တစိုက်ရှာဖွေနေသူဖြစ်၏။ ဤလုပ်ငန်းတွင် လူထုကို သူနှင့်အတူ ပါဝင်ရန်ခေါ်ဆောင်နိုင်ခဲ့သည်။ ကာလဒေသအခြေအနေများအရ လိုအပ်ပါကစိတ်ပြောင်းလဲရန် သူမကြောက် ရွံ့ပါ။ သူ၏ ယူဆချက်များနှင့် ရည်ရွယ်ချက်များကို လူထုအား ပွင့်ပွင့်လင်းလင်း ရှင်းပြပြီး ၎င်းတို့၏ ထောက်ခံ မှုကို တောင်းဆိုပါသည်။ သို့သော်လည်း လွယ်လင့်တကူ အောင်မြင်မှုများနှင့် စိတ်ကူးယဉ်အိပ်မက်လောက များ အကောင်အထည်ဖော်လာမည်ဟူ၍ လက်လွတ်စပယ် ကတိပြုချက်များ မပေးချေ။ သူ့တိုင်းပြည်အပေါ် တည်ကြည်ဖြောင့်မတ်စွာ ပြုကျင့်သွားမည်၊ မြန်မာ့လွတ်လပ်ရေးနှင့် စည်းလုံးညီညွတ်ရေးအတွက် အစွမ်းကုန် ဆောင်ရွက်သွားမည်၊ လူထု၏ ညီညွတ်မှုအင်အားသာ သူနှင့် ဖဆပလနောက်၌ တည်ရှိနေမည်ဆိုပါက လွတ် လပ်ရေးနှင့် စည်းလုံးညီညွတ်ရေးဟူသော နှစ်ပွင့်ဆိုင်ပန်းတိုင်သို့ ဦးဆောင်ခေါ်သွားနိုင်မည်ဟူ၍သာ ကတိပြု ခဲ့၏။

မြန်မာနိုင်ငံ ပြည်သူလူထုလည်း ရွေးကောက်ပွဲတွင် ဖဆပလကိုယ်စားလှယ်ပေါင်း မြောက်မြားစွာကို ရွေးချယ် တင်မြှောက်လိုက်ခြင်းဖြင့် ဦးအောင်ဆန်း၏ နှိုးဆော်ချက်တို့ကို တုံ့ပြန်လိုက်၏။ ပုဂ္ဂလိကကိုယ်စားလှယ်များ နှင့် ကွန်မြူနစ်ကိုယ်စားလှယ်များ လက်တဆုပ်စာလောက်သာ ရွေးချယ်ခြင်းခံခဲ့ရပါသည်။ ‘စော၊ စိန်၊ မော်’ အုပ်စုကား မိမိတို့သေချာပေါက်ရှုံးမည်ကို သိထားကြသဖြင့် ရွေးကောက်ပွဲများကို သပိတ်မှောက်ခဲ့၏။ ဖဆပ လသည် မသင့်တော်သော ဖိအားပေးမှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲချက်များနှင့် ရင်ဆိုင်ခဲ့ရ၏။ သို့သော် ရွေး ကောက်ပွဲဆိုင်ရာ ခုံရုံးများ၏ တွေ့ရှိချက်များအရ ရွေးကောက်ပွဲရလဒ်များသည် လူထု၏ဆန္ဒကို အမှန်အတိုင်း ရောင်ပြန်ဟပ်ခဲ့ပါသည်။ ဦးအောင်ဆန်း၏ ဘဝနောက်ဆုံးအပိုင်းတွင် သူသည် နေ့စဉ်နှင့်အမျှ နိုင်ငံရေးရင့် ကျက်မှုနှင့် နိုင်ငံအုပ်ချုပ်ရေး ကျင်လည်မှုတို့တွင် တိုးတက်လာသည်ကို မြင်နိုင်ပါသည်။ နိုင်ငံတော်တည် ဆောက်ရေး ကိစ္စရပ်များကို ရင်ဆိုင်ရာ၌ သူ၏ ပင်ကိုယ်အရည်အသွေးများနှင့် တာဝန်သိစိတ်ဓာတ်တို့ ကွန့် မြူးလာ၏။ ဤကာလအတွင်း၌ တချိန်ကဆန့်ကျင်ဘက်ဖြစ်ခဲ့သော ဗြိတိသျှများစွာတို့၏ လေးစားမှုကို ရယူနိုင် ခဲ့သည်။ ထိုပုဂ္ဂိုလ်များအနက် တဦးက အောက်ပါအတိုင်း ရေးသားခဲ့ပါသည်။

အောင်ဆန်း၏ နိုင်ငံရေးပညာရှင်အရည်အချင်းများ တိုးတက်ကြွယ်ဝလာခြင်းသည် သူ၏ ပင်ကိုယ်စရိုက်ကား ဖြစ်ပေါ်လာသော အခြေအနေများအရ ကြီးထွားလာနိုင်စွမ်းရှိကြောင်းကို ပြသပါသည်။ သူ့ဘဝ၏ နောက်ဆုံး (၁၀) လတွင် သူသည် လက်တွေ့အားဖြင့် ဝန်ကြီးချုပ်အနေအထား၌ ရှိခဲ့ပါသည်။ ထိုကာလအတွင်း၌ သူသည် သူ့နိုင်ငံ မည်မျကျယ်ဝန်း၍ လူမျိုးပေါင်း မည်မျှစုံပြီး ပြဿနာများ မည်မျှရှုပ်ထွေးပွေလီလှသည်တို့ကို စ၍ ဂဃ နဏ သဘောပေါက်ခဲ့ပါသည်။ အလုပ်များလွန်းလှသဖြင့် သူ၏ ကျန်းမာရေးထိခိုက်လာသည့်အပြင် ရံဖန်ရံခါ အလုပ်မနိုင်မနင်း ဖြစ်ခဲ့ပါသည်။ သို့သော် သူကား ယောင်္ကျားကောင်းပီသစွာ ဤဖြစ်ရပ်ကို ဝန်ခံသဖြင့် သူနှင့် နေ့စဉ် ထိတွေ့နေသော ဗြိတိသျှအုပ်ချုပ်ရေးအရာရှိများ၏ လေးစားမှုကို ရရှိခဲ့ပါသည်။ သူ့အား လုပ်ကြံသတ် ဖြတ်ခြင်းသည် နောင်ဖြစ်ထွန်းလာမည့် ဥပဒေမဲ့ကာလများတွင် သူ့နောက်လိုက်များကို စည်းကမ်းထိန်းသိမ်း ရန် စွမ်းဆောင်နိုင်သည့် တဦးတည်းသောပုဂ္ဂိုလ်ကို သူ့တိုင်းပြည် ဆုံးရှုံးရခြင်းပင်ဖြစ်ပါသည်။

ဇွန်လအစောပိုင်းတွင် ဦးအောင်ဆန်းသည် တိုင်းပြည်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စီစဉ်ရန် ရန်ကုန်မြို့ ပြည်လမ်းရှိ ‘ဆိုရန်တိုဗီလာ’ အဆောက်အဦးတွင် စည်းဝေးပွဲများ ဆက်တိုက်ကျင်းပပါသည်။ ညီ လာခံအဖွင့်မိန့်ခွန်းတွင် ဦးအောင်ဆန်းသည် အစောတလျင် လိုအပ်နေသော လုပ်ငန်းများကို မီးမောင်းထိုးပြ ပြီး လက်တွေ့ကျ၍ လှေနံဓားထစ်မဟုတ်သော အစီအစဉ်များလိုအပ်ကြောင်းကို အလေးပေးပြောသွားပါသည်။ လောဘကြီးလွန်းသော စီမံကိန်းများ မပြုလုပ်မိရန်နှင့် မည်သည့်ကိစ္စများ ပထမဦးဆုံး ဆောင်ရွက်ရန်လိုသည် ကို ဆုံးဖြတ်ရန် အရေးကြီးကြောင်းကိုလည်းပြောသွားပါသည်။ ထို့အပြင် တိုင်းသူပြည်သားတို့ လက်အတွင်း သို့ အချုပ်အခြာအာဏာ ပြန်၍ရောက်နေရကား တိုင်းပြည်တွင်ဖြစ်ပေါ်သမျှ အနိဌာရုံများအတွက် နယ်ချဲ့စနစ် ကို အပြစ်တင်တိုက်ခိုက်ခြင်းဖြင့် အချိန်နှင့်အင်အားတို့ကို အလဟဿမဖြုန်းကြရန် သတိပေးသွားပါသည်။

နယ်ချဲ့စနစ်ကို တိုက်ဖျက်ရန်သုံးခဲ့သော လက်နက်များသည် လွတ်လပ်သော နိုင်ငံတခုကို တည်တံ့ခိုင်မြဲ၍ တိုးတက်စေရန်အတွက် သင့်လျော်သော ကိရိယာများဖြစ်သည်ဟု အစဉ်အမြဲ မတွက်ဆနိုင်ကြောင်း သူ ပြည့် ပြည့်ဝဝ နားလည်ပါသည်။ ဦးအောင်ဆန်းသည် မြန်မာနိုင်ငံအနေနှင့် နိုင်ငံတကာမိသားစု အသိုင်းအဝိုင်းတွင် မှန်ကန်သောနေရာမှ ပါဝင်ဆောင်ရွက်နိုင်မည့် အနာဂတ်ကာလကိုမျှော်မှန်းကာ စစ်မှန်သော အမျိုးသားရေး သည် နိုင်ငံတကာအရေးကို အထောက်အကူပြုရမည်ဖြစ်ကြောင်း သူ မြင်ပါသည်။ ဦးအောင်ဆန်း၏အမြင် သည် သွေးထွက်အောင်မှန်သဖြင့် အချို့လူများ မခံသာသော စကားမျိုးကိုပြောရန်မတွန့်ဆုတ်ပါ။ ၁၉၄ရ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် ပြောကြားခဲ့သော သူ၏ နောက်ဆုံးမိန့်ခွန်းတွင် ပြည်သူတို့အား မိမိတို့၏ ချို့ယွင်း ချက်များကို ပြုပြင်ရန်၊ စည်းကမ်းရှိရန်၊ ဇွဲဝိရိယကြီးရန်နှင့် အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ရန် စသဖြင့် ဆော်ဩခဲ့ပြီး လွတ်လပ်ရေး၏ အကျိုးအရသာများ ပြည့်ဝစွာ မခံစားနိုင်မီ နှစ်ပေါင်းများစွာ ရုန်းကန်ကြိုးစားရ ဦးမည်ဖြစ်ကြောင်းကိုလည်း သတိပေးခဲ့၏။

ဖြောင့်မတ်တည်ကြည်ပြီး မိမိကိုယ်ကို ဆန်းစစ်နိုင်စွမ်းရှိသူပီပီ ဦးအောင်ဆန်းသည် သူ၏ အားနည်းချက်များ ကို ပြုပြင်ရန်လိုကြောင်းကိုလည်း မိတ်ဆွေများအား ဝန်ခံခဲ့ပါသည်။ ကျောင်းသားတော်လှန်ရေးသမား လူငယ် တယောက်တွင် သည်းခံခွင့်လွှတ်နိုင်သော အပြစ်အနာများသည် နိုင်ငံ၏အထင်ကရ ခေါင်းဆောင်တွင်မူကား လက်ခံခွင့်လွှတ်ဖွယ် မဟုတ်ပေ။ အချောကိုင်ရန်လိုနေသော အမူအကျင့်များ ရှိနေသေး၏။ အဆင်မပြေလှ သော ဒေါသကြီးတတ်ခြင်းကို ထိန်းချုပ်ရပေဦးမည်။ လူမှုဆက်ဆံရေးတွင်လည်း မည်မျှပင် ငြီးငွေ့ဖွယ်ဖြစ်စေ လောကဝတ်ပျူငှာစေရန် လေ့ကျင့်ရပေဦးမည်။

အာဏာလွှဲပြောင်းရေး အစီအစဉ်များကို လျင်မြန်စွာ တဆင့်ပြီးတဆင့် တိုးတက်၍ အကောင်အထည်ဖော်နိုင် ခဲ့ပါသည်။ မေလတွင် ကျင်းပသော ညီလာခံ၌ ဖဆပလအဖွဲ့ချုပ်သည် မိမိတို့၏ လွတ်လပ်ရေးနှင့်ပတ်သက် သော မူဝါဒကို ချမှတ်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံဟူ၍ ခေါ်တွင်မည့် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ၏ အခြေခံဖွဲ့စည်းပုံ ဥပဒေမူကြမ်းကို ရေးဆွဲရန် ကော်မတီကိုလည်း ဖွဲ့စည်းလိုက်ပါသည်။ ခက်ခဲ ဆင်းရဲစွာ လုံးပမ်းခဲ့ရသော ပန်းတိုင် လက်တကမ်းမျှသာ ရှိတော့သည်ဖြစ်၍ ဦးအောင်ဆန်းသည် တင်းမာမှု များလျော့ကာ ပိုမို၍ ပျော့ပြောင်းချိုသာလာ၏။ သူ၏ တပ်များကို ဂျပန်တော်လှန်ရေးတွင် ဦးဆောင်ခဲ့စဉ်က အံကြီးတခဲခဲနှင့် တွေ့မြင်ရသော လူငယ်စစ်သေနာပတိချုပ်၏ ပုံပန်းသဏ္ဍာန်နှင့်ကား သိသိသာသာ ခြားနား လာပါသည်။ သူ၏ အတွင်းအပြင်သည် ကြည်လင်တည်ငြိမ်၍ သောကကင်းစင်သကဲ့သို့ ဖြစ်နေပါသည်။ သို့ သော်လည်း ပင်ပန်းနွမ်းနယ်ခြင်းသည်လည်း နက်ရှိုင်းလှပါသည်။ လွတ်လပ်ရေးရပြီးနောက် နိုင်ငံရေးမှ အနား ယူကာ မိသားစုကိစ္စများ၊ စာပေရေးသားခြင်းကိစ္စများကိုသာ အချိန်ပြည့်ပေး၍ လုပ်ဆောင်လိုလားကြောင်း ထုတ်ဖော်ပြောခဲ့ပါသည်။

သို့သော်လည်း ဤဆန္ဒကား မပြည့်ဝခဲ့ပါ။ ဇူလိုင်လ (၁၉) ရက်နေ့ အမှုဆောင်ကောင်စီ အစည်းအဝေးထိုင်နေ စဉ် အစောင့်အကြပ်များမရှိသော စည်းဝေးခန်းထဲသို့ ယူနီဖောင်းဝတ်လူတစု တွန်းဝင်လာ၍ စက်သေနတ် များနှင့်ပစ်ခတ်ရာ ဦးအောင်ဆန်း၊ သူ၏အကိုကြီး ဦးဘဝင်း အပါအဝင် ကောင်စီဝင် (၆) ဦး၊ အထက်တန်းအုပ် ချုပ်ရေးအရာရှိတဦးနှင့် ကိုယ်ရံတော်လေးတဦးကျဆုံးခဲ့ရပါသည်။ လူသတ်သမားများ ထွက်ပြေးလွတ်မြောက် သွားခဲ့သော်လည်း၊ ၎င်းတို့အား ဦးစောနေအိမ်သို့ ခြေရာခံလိုက်နိုင်ခဲ့ပါသည်။ ဝန်ကြီးချုပ်ဟောင်းသည် အကြံ ကြီးသူတယောက်ဖြစ်ပြီး ‘ကောင်လေးတယောက်ပါပဲ’ ဟူ၍ သူ သတ်မှတ်လေ့ရှိသော ဦးအောင်ဆန်း နိုင်ငံ့ ခေါင်းဆောင်အဆင့်သို့ တရှိန်ထိုးတက်သွားသည်ကို လက်မခံနိုင်ခဲ့ပေ။

မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် လန်ဒန်သို့ ထွက်ခွာမသွားမီ လအနည်းငယ်အလိုလောက်တွင် ကာကီဝတ်စုံ ဝတ်ဆင်ထားသူများက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဦးစောမျက်စေ့တွင် ဒဏ်ရာရခဲ့ပါသည်။ ဦးစောသည် ဤ ကိစ္စတွင် ဦးအောင်ဆန်း၏ ပြည်သူ့ရဲဘော်တပ်ဖွဲ့ဝင်များ၌ တာဝန်ရှိသည်ဟု ယူဆကာ ကလဲ့စားချေခြင်းဖြစ် သည်ဟု အချို့ကခန့်မှန်းကြပါသည်။ သို့သော်နိုင်ငံတော်လုပ်ကြံမှုနှင့်ပတ်သက်၍ စစ်ဆေးတွေ့ရှိချက်များအရ အလုပ်အမှုဆောင်ကောင်စီတခုလုံးအား သုတ်သင်ချေမှုန်းရန် ညွှန်ကြားခဲ့ခြင်း ဖြစ်ပါသည်။ ဦးအောင်ဆန်းနှင့် လုပ်ဖော်ကိုင်ဖက်များကို ရှင်းလင်းသုတ်သင်လိုက်ခြင်းဖြင့် သူသာ မြန်မာနိုင်ငံအစိုးရခေါင်းဆောင် ဖြစ်လာ မည်ဟူသော ထူးဆန်းသည့် ယုံကြည်ချက်ဖြင့် လုပ်ကြံမှုကြီးကို ဦးစော စီစဉ်ခဲ့ဟန်တူပါသည်။ ဦးစောအပေါ် ရာဇဝတ်ပြစ်မှုများ ကျူးလွန်ရန် အားပေးကူညီမှုအတွက် အပြစ်ရှိကြောင်း စီရင်ဆုံးဖြတ်ပြီး သေဒဏ်ချမှတ် လိုက်ပါသည်။

ဦးအောင်ဆန်း ကွယ်လွန်အနိစ္စရောက်သွားသော်လည်း သူ၏ ဘဝကိုပေး၍ ကြိုးပမ်းခဲ့ရသော လွတ်လပ်ရေး ကိုသာ မြန်မာနိုင်ငံ ရရှိခဲ့ပါသည်။ အသက်ရှင်ကျန်ခဲ့သော ဖဆပလဝင်များအနက် အဆင့်မြင့်ဆုံးဖြစ်သော ဦးနုသည် စေ့စပ်ဆွေးနွေးရေးများကို ဆုံးခန်းတိုင် ဆက်လက်ဆောင်ရွက်သွားပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို မွေးဖွားခဲ့ပါသည်။

နိဂုံးခေတ်သစ် မြန်မာနိုင်ငံသမိုင်း သုတေသီတဦးဖြစ်သူ အမေရိကန်ပညာရှင် ဖရင့်၊အင်၊ထရေဂါ ရေးသားခဲ့ သော အောက်ပါ စကားကောက်နုတ်ချက်ကို ဤနေရာ၌ ဖော်ပြက သင့်တော်မည်ထင်ပါသည်။ မဟာလူသား တဦး၏ လုပ်ဆောင်ချက်များအနေဖြင့်သာ ဖြစ်ရပ်စဉ်ကို တင်ပြခြင်းသည် သမိုင်းကို လွဲမှားစွာ မြင်ခြင်းဖြစ်ပါ သည်။ ဤစာအုပ်တွင်လည်း ထိုကဲ့သို့ တင်ပြခြင်းမျိုး အတိုင်းအတာတခုအထိ ပါဝင်ခဲ့ပါလျှင် ထိုအတိုင်းအ တာအထိ လွဲမှားသောအမြင်ရှိခဲ့သည်ဟု ဆိုနိုင်ပါသည်။ သို့သော်လည်း ထိုစဉ်က မြန်မာပြည်အခြေအနေအရ သခင်များ နိုင်ငံရေးရာထူးနေရာ ရရှိခဲ့ချိန်မှစ၍ လွတ်လပ်ရေးအရုဏ်တက်ချိန်ဖြစ်သော ၁၉၄၈ ခုနှစ် ဇန်နဝါ ရီလတိုင် (၁၂) နှစ်ကာလအတွင်း စွမ်းဆောင်နိုင်မှုများကို ဖြစ်ရပ်စဉ်အလုံးစုံအပေါ် လွှမ်းခြုံခဲ့သော အောင် ဆန်း၏ ခေါင်းဆောင်မှုရှုထောင့်မှ စိစစ်ခြင်းကား မှန်ကန်သင့်လျော်သည်ဟု ထင်မိပါသည်။

အခြားတဖက်မှကြည့်လျှင်လည်း အထက်ဖော်ပြပါ သဘောတရားကား မှန်ကန်ပါသည်။ မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှု နောက်ခံကားကို အခြေပြု၍သာ ဦးအောင်ဆန်း၏ ဘဝကို လေ့လာနိုင်မည်ဖြစ်ပါသည်။ ထိုကဲ့သို့ ချဉ်းကပ်နည်းသည် သူ၏ ကိုယ်ရေးကိုယ်တာအပိုင်းကို လျစ်လျူရှုရာရောက်နိုင်ပါသည်။ သို့သော် သူ့အသက် (၂၀) ကျော်ကျော် ကျောင်းသားနိုင်ငံရေးလောကထဲ ဝင်ခဲ့စဉ်ကစ၍ သူ၏ ဘဝနှင့် လွတ်လပ်ရေးကြိုးပမ်းမှု သည် ခွဲခြား၍မရလောက်အောင် ရောထွေးဆက်နွယ်နေသည့်အပြင် ဦးအောင်ဆန်းကား သူ၏ အဇ္ဈတ္တသန္တန် နှင့် ကွာခြားသော ဗဟိဒ္ဓအသွင်ကို လူထုရှေ့မှောက် ဘန်းပြသူမျိုး မဟုတ်ခဲ့ပါ။ သူ၏ ရုပ်ပုံလွှာတခုလုံးကို ခြုံ၍ ကြည့်ပါက မြင့်မားသောရည်မှန်းချက်၊ ခိုင်မာပြတ်သားသော စိတ်ဓာတ်တို့ဖြင့် သူ၏နိုင်ငံ လွတ်လပ်ရေးရစေ ရန် ခေါင်းဆောင်မှုပေးခဲ့သော သိက္ခာသမာဓိ ကြီးမားသည့် လူငယ်တဦးကို မြင်ရပေမည်။

သူ၏ နိုင်ငံရေးအတိုက်အခံများနှင့် သူ၏ နိုင်ငံကို အုပ်ချုပ်နေသော နိုင်ငံခြားသားများကို တိုက်ခိုက်ခဲ့သဖြင့် သူ့အား သစ္စာဖောက်ဟု မြင်ခဲ့သူတို့က ဦးအောင်ဆန်းသည် ထင်ပေါ်ကျော်ကြားမှုလိုလားသဖြင့် အကြင်နာ ကင်းသည်၊ ဆင်ခြင်တုံတရား ခေါင်းပါးသည်၊ နှစ်ဖက်ချွန်လုပ်တတ်သည်ဟု စွပ်စွဲခဲ့ကြ၏။ ထိုကဲ့သို့သော စွပ်စွဲ ချက်များကို သူ၏ လုပ်ဆောင်ချက်မှတ်တမ်းအပေါ် အခြေပြု၍ အကဲဖြတ်နိုင်ပါသည်။ အခြားသူများ ပိုမို၍ ကောင်းမွန်သော ခေါင်းဆောင်မှုပေးနိုင်သည်ဟု သူ ယုံကြည်သ၍ နောက်လိုက်နေရာမှ တာဝန်ကို စေတနာ ပြည့်ဝစွာထမ်းဆောင်ခဲ့ပါသည်။ သူတဦးတည်းသာ တိုင်းပြည်ကို ညီညွတ်မှုပေးကာ လွတ်လပ်ရေးပန်းတိုင်သို့ ရောက်ရန် ခေါင်းဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း ထင်ရှားလာသောအခါမှ သူသည် ဗဟိုမဏ္ဍိုင်နေရာကို ယူ ခဲ့ပါသည်။

ကျောင်းသားဘဝကပင် သူ၏ ရင်းနှီးသော နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့သူ ဦးကျော်ငြိမ်းက မည်သူကမှ ဗိုလ်ချုပ်အောင်ဆန်းအား ခေါင်းဆောင်နေရာကို ပေးခဲ့သည်မဟုတ်ဘဲ သူ၏ လုပ်ရည်ကိုင်ရည် ကြွယ်ဝမှု ကြောင့် ခေါင်းဆောင်နေရာကို ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။ ဦးအောင်ဆန်းသည် သုန်မှုန်ခြင်းနှင့် စိတ်လှုပ်ရှားသဖြင့် ပေါက်ကွဲခြင်းများ ရှိခဲ့သော်လည်း လွတ်လပ်ရေးလှုပ်ရှားမှုအကျိုးငှာ စုပေါင်းဆုံးဖြတ်ချက် များ ချရာတွင် သူ၏ ပုဂ္ဂိုလ်ရေးရာခံစားချက်များနှင့် အလိုဆန္ဒတို့ကို မည်သောအခါမျှ အသားမပေးခဲ့ချေ။ လွတ်လပ်ရေးတိုက်ပွဲအဆင့်ဆင့်၌ သူသည် ရင်းနှီးသော နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များနှင့် တိုင်ပင်ဆောင် ရွက်၍ တရားမှန်ဝေဖန်ချက်များကို လက်ခံကာ အသင့်တော်ဆုံးဖြစ်မည်ထင်ပါက တာဝန်များကို လွှဲပြောင်းခွဲ ဝေပေးပါသည်။

သို့သော် ကိုယ်ကျိုးရှာသမားများ၊ တာဝန်မဲ့လုပ်ရပ်များနှင့် လွတ်လပ်ရေးကြိုးပမ်းမှုကို ထိပါးနိုင်မည့် အလုပ် ပျက်ကွက်မှုများကို သည်းမခံပါ။ သူသည် တရားမျှတမှုနှင့် ဒီမိုကရေစီဝါဒတို့ကို ယုံကြည်လက်ခံကာ သူ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်အရလုပ်ပါက ပိုမို၍ကောင်းမွန်မည်ဖြစ်သောအချိန်အခါများ၌ပင် လုပ်ဖော်ကိုင်ဖက်များ ၏ အလိုကျ ဆောင်ရွက်ခဲ့သည်လည်းရှိခဲ့၏။ အမှုဆောင်ကောင်စီခေါင်းဆောင်အနေနှင့် သူ၏အမြင်ကို အခြား သူများလက်ခံစေရန် အပေါ်စီးနှင့် ဆောင်ရွက်ခဲ့ခြင်းမရှိခဲ့ပါ။ အားလုံးက လွတ်လပ်၊ ပွင့်လင်း၊ ပြည့်စုံစွာ ဆွေး နွေးပြီးမှ ဆုံးဖြတ်ချက်ချကြပါသည်။

သူကိုယ်တိုင် ပွင့်လင်းစွာ ဝန်ခံခဲ့သည့်အတိုင်း သူသည် အမှားအယွင်း ကင်းသူမဟုတ်ပါ။ သို့သော် သူ၏ စိတ် ရည်ဉာဏ်ရည်ကား အစဉ်သဖြင့် ကြီးထွားတိုးတက်နိုင်စွမ်းရှိခဲ့ပါသည်။ ဦးအောင်ဆန်းသည် အစွန်းရောက် တယူသန်သမားများကို စွဲဆောင်နိုင်စွမ်းထက် မိမိတို့ ယုံကြည်လေးစားသော ခေါင်းဆောင်အောက်တွင် စိတ် ငြိမ်းအေး ကိုယ်ချမ်းသာစွာဖြင့် မိမိတို့ဘဝကို နှင်လိုသော သာမန်ပြည်သူတို့ကို စွဲဆောင်နိုင်စွမ်းရှိခဲ့ပါသည်။ ပြည်သူတို့သည် ၎င်းတို့မျှော်မှန်းထားသော ခေါင်းဆောင်ကောင်း အရည်အသွေးများ ဦးအောင်ဆန်း၌ ရှိသည် ဟု မြင်ခဲ့၏။ သူကား ကိုယ်ကျိုးထက် နိုင်ငံ့အကျိုးကို ဦးစားပေးခဲ့သည်။ သူ၏အာဏာ အထွတ်အထိပ် ရောက် နေသည့် အချိန်တွင်ပင် ဆင်းဆင်းရဲရဲ ဟန်ပန်မရှိ နေထိုင်ခဲ့သည်။

ခေါင်းဆောင်တို့၏ အထူးအခွင့်အရေးများကို မမက်မောဘဲ ခေါင်းဆောင်မှုတာဝန်များကို လက်ခံခဲ့သည်။ ထို့ အပြင် သူသည် နိုင်ငံရေးပါးနပ်လိမ္မာမှုနှင့် နိုင်ငံအုပ်ချုပ်ရေးကျွမ်းကျင်မှုစွမ်းအားကြီးသော်လည်း သူ၏အတွင်း သဘောထား၏ နက်ရှိုင်းလှသော ရိုးသားမှုကား မည်သောအခါမျှ တိမ်ကောသွားခြင်း မရှိခဲ့ပါ။ မြန်မာနိုင်ငံ ပြည်သူလူထုအတွက် ဦးအောင်ဆန်းသည် မိမိတို့ လိုလားတောင့်တနေချိန်တွင် နိုင်ငံ၏ ဂုဏ်သိက္ခာကို ဆယ် ရန် ပေါ်ပေါက်လာခဲ့သူဖြစ်ပါသည်။ သူ၏ ဘဝသည် ပြည်သူတို့ စိတ်အားတက်ကြွ အတုယူဖွယ်ရာဖြစ်သကဲ့သို့ သူ့အား သတိရလွမ်းဆွတ်ခြင်းသည် ပြည်သူတို့၏ နိုင်ငံရေးအသိစိတ်ကို လမ်းမလွဲစေရန် ထိန်းကွပ်မှုအဖြစ် တည်ရှိလျက်နေပါသည်။

မိုးကောင်ကင်ဆိုက်မှ ကူးယူဖော်ပြပါသည်။