တွေးမိတိုင်း ရယ်မိတယ်……
ရွာအကြောင်း ရေးထားတာဖတ်ပြီး ကြုံခဲ့ရတဲ့ အမှတ်တရလေးတွေ ရေးချင်လာလို့ပါ။
ကျွန်တော်.ဇာတိက အညာဆိုတော့ အညာဓလေ့ထုံးစံတွေနဲ့ ကျွမ်းဝင်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုတွေလို့ ကြီးကြီးကျယ်ကျယ် ပြောမယ်ဆိုလည်း ရမယ်ထင်ပါတယ်။ ရွာဘုရားပွဲအစ၊ ရှင်ပြု၊ မင်္ဂလာဆောင်အလည်၊ နာရေးအဆုံး ရိုးရာဓလေ့တွေ အကုန်လုံး နီးပါးငယ်ငယ်ကတည်းက အမြဲလိုလို အမှတ်ထင်ထင်ရော မသိမသာရော ကြုံတွေ.နေရတာပါ။ ဒါတွေဟာ တကယ့်မှတ်သားစရာ ဓလေ့တွေဆိုတာ အသက်ကြီးလာတော့ သိလာပါတယ်။ အဲဒီအဖြစ်အပျက်တွေထဲက ဘုရားပွဲနောက်ကွယ်က အဖြစ်ကို ရွာသူရွာသားတွေကို ဗဟုသုတ အဖြစ်ပြောပြချင်လို့ပါ။
ကျွန်တော်တို့ရွာမှာ နှစ်စဉ် ဘုရားပွဲလုပ်လေ့ရှိပါတယ်။ သီနှံပေါ်ပြီး ငွေရွှင်တဲ့အချိန်ပါ ဘုရားပွဲရက်နီးပြီဆို လူကြီးတွေ အလုပ်ရှုပ်လေ့ရှိတယ် ဘယ်ဇာတ်ကိုငှားမယ် ငွေဘယ်လောက်ကုန်မယ် ဘယ်နေ့ရက်ကောင်းတယ် ရွာသူရွာသားတွေထံက ငွေဘယ်လောက်ကောက်ရမယ် ဘယ်အဖွဲ.ကို တာဝန်ပေးရမယ်နဲ့ပေါ့။ လူကြီးတွေနဲ့ အပြိုင်ရင်ခုန်နေတဲ့သူတွေလည်း ရှိပါတယ် အဲဒါကတော ့ကျွန်တော်တို့ကလေးတွေပါ။ ဘုရားပွဲ ဖြစ်ရင် ကျွန်တော်တို့လည်း အခွင့်အရေးတွေ ရမှာလေ။ အင်္ကျီအသစ်ဝတ်ခွင့်ရယ် မုန်ဖိုးများများနဲ့ ပွဲခင်းလျှောက်ခွင့် ရမယ်။ ဒီလိုနဲ့ ဘုရားပွဲရက် ရောက်လာပါပြီ။ အဲဒီနေ့ကတော့ လူကြီးတွေနဲ့အပြိုင် ကျွန်တော်တို့ ကလေးတွေ ကိုယ့်အိမ်မှာအလုပ်တွေရှပ်နေပါပြီ။ တယောက်တဆင့်နဲ့ သတင်းတွေပေးပေါ့ ဇာတ်ကားကြီးရောက်နေပြီ ဘယ်မှာ ဇာတ်စင်ဆောက်မှာ သတင်းတွေက အချိန်နဲ့အမှီ ရနေတာပါ။ ဇာတ်စင်ဆောက်ရာ ဘုန်းကြီးကျောင်းဘေး ဘောလုံးကွင်းကို သွားတဲ့ရွာလမ်းမမှာလည်း ကလေးလူကြီးခြေခြင်းလိမ် နေပါတော့တယ်။ တောရွာဆိုတော့ တနှစ်မှ တခါအားခဲထားလို. ပွဲကြည့်ဖို့ ရွာလုံးကျွတ် ရင်တွေခုန်ပေါ့။ ကျွန်တော်တို့ မောင်နှမတွေ ပွဲခင်းနေရာလုဖို့ အပျော်တွေနဲ. ဖျာစုတ်ရှာ ကြတာတခြံလုံးအနှံပါပဲ။ အဲ…ဖျာလည်းရရော ညနေပွဲကြည့်လာမည့် တခြားရွာက အမျိုးတွေ အတွက် ထမင်းဟင်းချက်နေရလို့ မအားလပ်တဲ့အမေ.ကို ဖျာမှာနာမည်ရေးပေးဖို့ ပူဆာပြန်ပါတယ်။ သင်္ဘောဆေးနဲ့ အမေက ဖျာမှာသူ.နာမည်ရေးပေးမှပဲ နားငြီးသက်သာမှာမို့ အလုပ်တွေ ထားခဲ့ပြီးကမန်းကတန်း ရေးပေးပြီး ဖျာကိုလိပ်ပေးပြီး ကြိုးချည်ပေးပါတယ်။ ကျွန်တော်တို့အရပ်မှာက ဖျာကသင်ဖြူးဖျာမဟုတ်ပါဘူး ဝါးရဲ့အပေါ်ယံကြောကို ရက်ထားတဲ့ဖျာမို့ မာတဲ့အတွက် ကလေးအားနဲ့လိပ်လို့မရပါဘူး။ အမေ့အကူအညီကပြီးပြီမို့ ခြံထဲမှာ အလုပ်ရှပ်နေတဲ့အဖေ့ဆီ သွားရပြန်ပါတယ် ကိုယ်ဦးထားတဲ့ဖျာ မရွေ့အောင်လုပ်ဖို့ အတက်ပါတဲ့ ဝါးချွန်ခိုင်းဖို့ပါ။ မတော်တဆ ထိုင်မိရင်လည်းဖင်မစူးအောင်လို့ အပေါ်ဖက်ကတုံးထားရပါသေးတယ်။ အော်ပြောဖို့မေ.နေသေးတယ် ရွာဘုရားပွဲမို. ဇာတ်ရုံတွေက ဗလာပွဲပါ ရုံပွဲမဟုတ်ပါဘူး ဒါကြောင့် နေရာလုရတာပါ။ လိုအပ်တဲ့ပစ်စည်းတွေ အကုန်ပါပြီမို့ ဖျာစုတ်ကို ခေါင်းပေါ်တင် လက်က ဝါးတက်အချွန်ကိုင်ပြီး သူ.ထက်ငါဦးအောင် ဇာတ်စင်ရှိရာ ဘောလုံးကွင်းကို ရွာလမ်းမ တလျှောက်ပြေးပါတော့တယ်။
ဘောလုံးကွင်းထဲမှာ ရွာလူကြီး ၊ဘုန်းကြီး၊ဇာတ်စင်ဆောက်ဖို့ တာဝန်ကျတဲ့ ကာလသားတွေ၊နေရာလုဖို့ စောင့်နေတဲ့ကျွန်တော်တို့ ကလေးတွေနဲ့ ဖုန်တွေဟာ ဖွေးနေတာပါပဲ။ ဇာတ်စင်ဆောက်ဖို့ ပနက်စရိုက်ပြီ ဆိုတာနဲ့ နှစ်စဉ်နေရာလုနေကျမို့ ဘယ်နေရာသည် မင်းလမ်းဖြစ်ပြီး ဘယ်နေရာကတော့ ပွဲကြည့်ဖို့ အကောင်းဆုံးဆိုတာ အတွေ့အကြုံအရ ကလေးတိုင်းကောင်းကောင်းသိပါတယ်။ နေရာအကောင်းဆုံးလို. ကို့ဘာသာ သတ်မှတ်ထားတဲ့ နေရာမှာ ဖျာစုတ်ကို ရွက်ပြီး အသင့်အနေအထားနဲ. ရပ်နေရတာပါ။ လူကြီးတွေကလည်း အားကြိုးမာန်တက် ဆောက်နေသလို ကလေးတွေကလည်း စောင့်နေတာပါ။ ဒီလိုနဲ့ ဇာတ်စင်လည်းပေါ်လာရော ဖျာကိုကြိုးဖြည် နေရာဦးတာပေါ့။ ကိုယ်က နေရာ ကောင်းရထားလို့ တခြားသူက ဖျာကိုရွှေ.ပြီး ပြန်လုမှာ စိုးရိမ်တာမို. အဖေလုပ်ပေးလိုက်တဲ့ ဝါးတက်အချွန်ကို ဖျာလေးထောင့်မှာ အုတ်ခဲနဲ့ မြေမှာကပ်ပြီး အသေရိုက်လိုက်ပါတယ်။ နေရာကောင်းကိုရထားပြီမို့ ဖျာကနေ ဘယ်မှမသွားရဲပါဘူး။ မောင်နှမတွေ တယောက်တလှည့် ဖျာကင်းစောင့်ရပါတယ်။ ထမင်စား ရေသောက် အပေါ့အပါးတောင် တလှည့်ဆီလုပ်ရတာပါ။ တနေကုန် ပွဲခင်းကနေမခွာပါဘူး။ဘယ်လောက်ခင်တဲ့ သူငယ်ချင်းပဲဖြစ်ပါစေ နေရာလုတဲ့အချိန်မှာတော့ ရန်ဖြစ်ာကတ ညနေရောက်ရော ဇာတ်စင်ကလည်း ကျွန်တော်တို့ ကလေးအပြောကတော့ လူခေါ်ဆိုင်းစတီးပါပြီ။ တခြားရွာက အမျိုးတွေကလည်း လှည်းတွေနဲ့ ပွဲကြည့်လာကြလို့ အိမ်ဝိုင်းထဲမှာ လှည်းတွေ နွားတွေ လူတွေနဲ.ပြည့်နေပါတယ်။ မိဘတွေမှာလည်း ထမင်း၊ ရေနွေးကြမ်း ပွဲခင်းက ဝယ်လာတဲ့ အကြော်စုံနဲ့ ဧည့်ခံနေရတာ မအားလပ်ပါဘူး။ ကျွန်တော်တို့ မောင်နှမ တစ်စုလည်း အလှည်ကျ အိမ်ပြန်ပြီး အဝတ်အစားလဲနဲ့ အပြိုင်အလုပ်ရှပ်နေတာပေါ့။ ဧည့်သည်တွေ စားသောက်ပြီးလို့ ပွဲခင်းထဲသွားမယ်ဆိုတဲ့ အချိန်ဟာ နေရာကောင်းရထားတဲ့သူအတွက် အလွန်မျက်နှာပွင့်တဲ့အချိန်ပါ။ ကျွန်တော်ဦးထားတဲ့ နေရာဟာ ဘယ်လောက်ကောင်းတယ် ဆိုပြီးကြွားရတာဟာ တနေ့လုံးဒုက်ခခံ ထားတာကိုတောင် မေ့ပါတယ်။ ဧည့်သည်တွေက သူတို.လှည်းပေါ်က ဖျာအကောင်းကိုလိပ်ပြီးယူတဲ့သူကယူ အဆာပြေစားဖို့ စားစရာ၊ ရေဗူးနဲ့ အနွေးထည်၊ စောင်တွေ ထည်.ထားတဲ့ခြင်းဆွဲသူဆွဲနဲ့ ပွဲခင်းဆီချီတက်ကြပါတယ်။ ကျွန်တော်တို့မိဘတွေဟာ ဘယ်တော့မှ ပွဲမကြည့်ပါဘူး ဒါပေမဲ့ ကျွန်တော်တို့မောင်နှမတွေ ပွဲခင်းနေရာဦးတာ သူတို.စိတ်ချရတဲ့သူနဲ့ဆို ပွဲကြည့်တာကို မပိတ်ပင်ပါဘူး။ ပွဲခင်းကိုသွားရာ ရွာလမ်းတလျှောက်ဟာ မှောင်ရီပျိုးလာပြီမို့ ဝိုတိုးဝါးတားဖြစ်နေပေမဲ့ ပွဲလာသူ ပွဲပြန်သူတွေရဲ့ ဓါတ်မီးရောင်ကြောင့် အလင်းမပျောက်လှပါဘူး။
ပွဲခင်းဟာလည်း ဈေးဆိုင်တွေက မီးစက်၊ ဘက်ထရီအိုး အလင်းရောင်တွေကြောင်. လင်းထိန်နေပါတော့တယ်။ တနေ့လုံး ပင်ပင်ပန်းပန်း စောင့်ရှောက်ထားရတဲ့ ဖျာနေရာကို ဧည့်သည်တွေကို ဂုဏ်ယူဝင့်ကြွားစွာပြပြီး နေရာပေးပြီးတဲ့အခါ ကိုယ့်တာဝန်ပြီးသွားပြီမို့ သူငယ်ချင်းတွေနဲ့ တပျော်တပါး မုန့်စားထွက်ပါတယ်။
ဇာတ်စင်က အပျိုတော်ထွက်တော့မှ ကို.ဖျာကိုပြန်လာပြီး အမျိုးတွေအလည် ဖျာအလည်မှာစောင်ကိုခြုံ ဟာလာဟင်းလင်းဖြစ်နေတဲ့ ကောင်းကင်ကြီးနဲ့ကြယ်တွေကို ကြည့်ရင်း ဆောင်းညအေးအေးမှာ ဆိုင်းသံသီချင်းသံတွေ နားထောင်ရင်း ကလေးပီပီ အရာအားလုံးကိုမေ့ပြီး အိပ်လိုက်ပါတော့တယ်။
12 comments
bigbird
March 17, 2011 at 2:21 pm
ကောင်းတယ်ညီလေးရေ..ဆက်ရေးပါ..ကိုငှက်ကြီးအားပေးနေမယ်။
ကိုငှက်ကြီးတို ့ငယ်ငယ်ကလဲ ဒီလိုပါပဲ။ ပွဲခင်းထဲအိပ်ပျော်ခဲ့ပေါင်းမနည်းလှဘူး။ တစ်ခါ. မှက်မှက်ရရ မိုးလင်းတဲ့အထိ ပြန်မလာသေးလို ့ အမေက လိုက်ရှာတော့ ဇာတ်စင်ပေါ်မှာအိပ်ပျော်နေလို ့
အရိုက်ခံခဲ ့ရသေးတယ်။
စာရေးတဲ့အခါ အဖြတ်အတောက်လေးတွေ သတိထားစေချင်ပါတယ်။
ဥပမာ- အော် ပြောဖို ့မေ့နေသေးတယ်။(ဩ-ပြောဖို ့မေ့နေသေးတယ်)
-အော်ပြောဖို ့မေ့နေသေးတယ်။
white
March 18, 2011 at 3:10 am
ဆက်ရေး ….ဆက်ရေး …ကောင်းတယ်
အဲဒါမှ ဆရာမ ခင်ခင်ထူး ရဲ့ “ အညာသူ အညာသား ကျွန်မ ဆွေမျိုးများ” လို နောက်တစ်အုပ်ထွက်လာမှာ..
ညိုချောချော အညာသူလေးကိုတောင် သတိရမိပါသေးတယ်
bigcat
March 18, 2011 at 4:02 am
ကြီးလာတော့ ဇာတ်မင်းသမီး အဝတ်လဲခန်း သွားချောင်းတာလည်း ရေးပါအုံး။ အားပေးနေပါတယ်။
etone
March 18, 2011 at 5:19 am
အတော် ဇွဲကောင်းတာပဲ ဟရို့ …။
တို့များ ပွဲတွေ လမ်းတွေ စိတ်မဝင်စားလို့လား မသိဘူး ။ တခါမှ မရောက်ဖူးဘူး … ရန်ကုန်မှာလဲ ကိုယ်မွေးတော့ အဲ့လို ပွဲတွေ မရှိတော့ဘူး ။ ပိတ်ကားထောင်ပြတာတော့ မှီလိုက်သေးတယ် ..။
ရွာအကြောင်းလေးတွေ သိရတာ ပျော်စရာပါပဲ … အားပေးပါတယ် ဆက်ရေးပါဦး ။
hmee
March 18, 2011 at 7:52 am
@ ကိုငှက်ကြီးရေ ကျေးဇူးပါနော်။ ကျွန်တော်က အညာသူပါ။ နာမ်စားသုံးတာက အညာသူပီပီ အကျင့်ပါနေလို့ပါ။ @ white အမလည်း ဆရာမ ခင်ခင်ထူးကို အရမ်းကြိုက်ပါတယ် သူ.စာအုပ်တွေတအုပ်မှ အလွတ်မပေးပဲ ဖတ်ပါတယ်။ ကိုယ်ကြုံခဲ့တာတွေနဲ့ ထပ်တူနီးပါးကျတယ်လို့ ခံစားရလို.ပါ။
white
March 18, 2011 at 8:06 am
ထပ်တူကျပုံတော့ မပြောနဲ့ ကိုယ့်ကိုကြည့်ရေးနေသလိုပါပဲ
ပြောရင်းနဲ့ ပဲနဲ့ ဆူးပုတ် ဟင်းချိုလေးတောင်စားချင်လာပြီ
ခင်ဇော်
December 29, 2014 at 3:47 pm
ကျနော် က ပွဲ မကြည့်ဖူးတာမို့ ဒီ အတွေ့အကြုံ စာထဲမှာပဲ ဖတ်သွားတယ်။
ရှင်းရှင်း လေးနဲ့ မြင်ယောင်တယ်။
🙂
Ma Ma
December 29, 2014 at 8:08 pm
အဲဒီစာကို ဖတ်ဖူးတယ်။
မန့်ဖူးတယ်ပဲ ထင်နေတာ။
မှီ ရေးတဲ့စာတွေက ရိုးရိုးရှင်းရှင်းလေးနဲ့ သရုပ်ပေါ်တယ်။
စဖတ်မိတဲ့ ပိုစ့်မှာတင် မှီ စာရေးကောင်းတာကို သတိထားမိတာ။
မအိပြောသလို ကောင်းကင်မှာဆွဲပြီး(မြေကြီးနဲ့လွတ်ပြီး) စိုုက်ထားတဲ့ အပင် (လိမ္မော်သီးပင်လို့ ထင်တာပဲ) ကိုလည်း အမှတ်ရမိပါသေးတယ်။ 🙂
uncle gyi
December 29, 2014 at 11:27 pm
ကျုပ်တို့လည်းဖျာဦးဖူးပါတယ်
မြို့မှာဆိုတော့ဖျာချအုတ်ခဲဖိလူစောင့်ဒါလောက်ပါ
မမှီတို့တောလိုဖျာကိုဝါးချွန်နဲ့ရိုက်ပြီး
နေရာဦးတာတော့ဒါပထမဦးဆုံး
သိရခြင်းပါဗျာ
hmee
December 30, 2014 at 12:36 pm
အခုလည်း တခါလောက်တော့ ဗလာပွဲလေး ကြည့်ချင်သား။ ဆရာမကြီး ဒေါ်အမာက ပြောဖူးတယ်။ မြန်မာမှန်ရင် ပွဲကြည့်ဖူးရမယ်တဲ့လေ။ မမရေ အဲ့ဒါ လိမ္မော်ပင်။ အစ္စရေးမှာလေ။ ဂျာဖာမြို့ဟောင်းမှာ ရှိတာ။ သမီး ကိုယ်ဝန်နဲ့ ပြန်ရခါနီးတုန်းက သွားပြီးရိုက်လာတာ။ အန်ကယ်ဂျီးရေ အဲ့လို မရိုက်ထားရင် ဖျာက နေရာရွေ့တော့ ရန်ဖြစ်ပြီး နားပန်းလုံးရရော။ 😀
မြစပဲရိုး
December 30, 2014 at 2:37 pm
မှီ ရေ
ဒီလောက် စာရေးကောင်းသူ တစ်ယောက် ရဲ့ စာ တွေ ရွာထဲ တင်မက မဂ္ဂဇင်း ထဲ တောင် ရောက်သင့်တယ်။
ဖတ်နေရင်း မျက်စိ ထဲ ကို မြင်ရော။
ကလေး တစ်သိုက် အလုပ်ရှုပ်နေ ပုံ ကို တွေးပြီး အဲဒီ ထဲ ပါချင်လိုက်တာ။
တကယ်တော့ ဒီ ကလေး တွေ က သူတို့ အတွက်ထက် သူများကြည့်ဖို့ ကို အားကျိုးမာန်တက် လုပ်ပေး နေတာ ။
အဖြူရောင် စိတ်လေး တွေ နဲ့ ချစ်ဖို့ကောင်းလိုက်တာ။
အဆက် တွေ ကို ဆက်ဖတ် လိုက်ဦးမယ်။ :))
padonmar
December 31, 2014 at 9:42 pm
ပြန်တူးဆွထားတာကိုး။ဆုပေးချင်နေမိတာ။