တစ်ချိန်က ပြင်ဦးလွင် စာပန်းအိမ်…. Guide ဆရာဘဝ
တစ်ရက်တစ်ရက် သူများတွေရေးထားတာတွေကို ဖတ်နေရင်းနဲ့ လက်က ယားသလိုလိုတော့ရှိလာသားဗျ.. မြန်မာစာကို ကောင်းကောင်းမရေးတတ်ပြန်တော့လည်း ရေးရမှာကို ဝန့်သလိုလိုတော့ရှိသား.. ကဲဟယ်.. ဝါသနာကို တားမရ ဆီးမရ ဖြစ်နေလို့ စာတစ်ပုဒ်ကိုရေးတော့မယ်ဆိုတော့လည်း ကိုယ့်ဖာသာကြီးကြီးကျယ်ကျယ်ချမှတ်ထားတဲ့ ခံယူချက်တွေကြောင့် ကိုယ်ရေးချင်ရာ လျှောက်ရေးထားတဲ့ Zawgyi Font တွေကို မျက်စိအညောင်းခံ၊ ပိုက်ဆံအကုန်ခံပြီး ဖတ်တဲ့သူတွေကိုလည်း အားနာတာကြောင့် ဘာမှ မရေးဖြစ်ဘဲ ဝေဖန်ရေးနဲ့ လေကန်ရေးသာ လျှောက်လုပ်နေရာကနေ ဒီနေ့တော့ Post တစ်ခုကို ထပ်တင်ဖြစ်ပါပြီ။ စဉ်းစားမိသမျှထဲမှာ အဝေးကြီးရောက်နေလို့ပဲလားမသိ၊ ချရေးစရာ ကုန်ကြမ်းမရ ဖြစ်နေရာကနေ ဒီနေ့မှ စိတ်ကူးတစ်ခုရသွားတယ်။ အဝေးကြီးကိုကြည့်နေမိတော့ အနီးလေးမှာ ရှိနေတာတွေကို မမြင်မိဘူးဖြစ်သွားတယ်။ ကျွန်တော့်ဘဝထဲက အမှတ်တရ အဖြစ်လေးတွေပဲ ရေးတော့မယ်လို့ စိတ်ကူးရသွားမိတာပါ။ ခုတော့ ကျွန်တော့်အသက် ၁၆ နှစ်အရွယ်ကနေ စရတော့မှာပဲပေါ့…။
အဲဒီအရွယ်မှာ ဆယ်တန်းအောင်ပြီးကာစ မယောင်မလည် ဘာလုပ်လို့ ဘာကိုင်ရမယ်မသိတဲ့အချိန်မှာ အဒေါ်ဝမ်းကွဲရဲ့ ယောကျာ်း၊ ဒေါက်တာကျော်ဇောက ဘော်ဒါဆောင်ဖွင့်ထားတယ်ဆိုတဲ့သတင်းအရ ပြင်ဦးလွင် စာပန်းအိမ် ဘော်ဒါဆောင်မှာ Guide ဆရာ လုပ်ဖြစ်ခဲ့တယ်လေ။ Tea တစ်ခွက် ၈ ကျပ်၊ London တစ်လိပ် ၅ ကျပ်ခေတ်မှာ တစ်လကို ၃၀၀ဝ နဲ့ နေ/စား ငြိမ်းအလုပ်ကြီးကို လုပ်ဖြစ်ခဲ့တာပေါ့။ ကျွန်တော် အလုပ်တာဝန်ကျရာနေရာကတော့ Fresher ကျောင်းသားတွေထဲမှာ ဆိုးလှပါပေ့ဆိုတဲ့ ကျောင်းသားတွေ စုထားတဲ့ ပိတောက် ဆောင်မှာ ခြောက်တောက်တောက် Guide ဆရာ တစ်ယောက်နဲ့ တူတူပေါ့။ အင်းးးးးး ဘယ်လိုများ ထိန်းကြောင်းခဲ့လဲမေးခဲ့ရင် ဘယ်လိုမှ မထိန်းကြောင်းခဲ့ဘူးလို့ ဖြေရမှာပဲ။ သူတို့တွေက သင်တန်းခန်းမမှာသာဆိုးတာ၊ သူတို့နဲ့ ရွယ်တူ ကျွန်တော်တို့ကိုကျတော့ ဆရာ ဆိုတဲ့အသိစိတ်လေးရှိသားဗျ။ ပြောသမျှ အကုန်နားထောင်တာလား။
ကိုယ်ကိုယ်တိုင်က ဒီမတိုင်ခင်က စိုက်ခင်းကထွက်တဲ့ ကိုက်လံတို့၊ အလေ့ကျပေါက်တဲ့ မုန်ညှင်းစိမ်းတို့၊ သျှမ်းခေါက်ဆွဲ တစ်ပွဲ ၁၅ ကျပ်တန်တောင် မှန်အောင် မစားနိုင်ခဲ့တဲ့ တောင်ပေါ်သားဆိုတော့ သူတို့ကို မိဘတွေက ခေါက်ဆွဲခြောက်တွေ၊ Coffee Mix အထုပ်တွေ ပါကင်လိုက်ဝယ်ပေးတာ၊ လိုအပ်တာထက် ပိုလျှံနေအောင် ထောက်ပံ့ပေးနေတာတွေကို မြင်ရတိုင်း ငါ့တုန်းကကွာ….. လို့ အစချီပြီး ပြောပြလိုက်တိုင်း ပါးစပ်အဟောင်းသားနဲ့ငေးပြီး နားထောင်နေတတ်တဲ့ကျောင်းသားတွေကို စာကျက်ချင်စိတ်၊ ကျိုးစားချင်စိတ်ရှိလာအောင် ကိုယ်ကိုယ်တိုင်တောင် မသိလိုက်ဘဲနဲ့ စည်းရုံးသိမ်းသွင်းနိုင်ခဲ့တယ်ဆိုတာ ဒီအရွယ်ရောက်မှ နားလည်သဘောပေါက်လာမိတယ်ဗျ။
တစ်နေ့တာမှာ ကျွန်တော့်လုပ်ငန်းစတင်တာက စိတ်မကျေနပ်စရာ၊ ဒေါသထွက်စရာနဲ့ စတင်ရတယ်လို့ပဲ ဆိုရမလားဘဲ။ ခေါင်းလောင်းကို အိပ်ယာဘေးမှာချပြီး မနက် ၄း၃ဝ တာနဲ့ အိပ်ယာထ၊ ခေါင်းလောင်းတီးပြီး ကျောင်းသားတွေကိုနှိုးရတာလေ။ နေ့စဉ်လိုလိုပါပဲ.. ခေါင်းလောင်းထဲက ခေါင်းလောင်းအဆံမပါတဲ့ (အသံမမြည်တဲ့ခေါင်းလောင်းကြီးကို) အသံမထွက်ထွက်အောင် အံကြီးကိုကြိတ်၊ ခုတင်စောင်းနဲ့ အသံမြည်အောင်ထုရတာလဲ နေ့တိုင်းလိုလိုပါပဲ။ ညတိုင်း အဲဒီခေါင်းလောင်းဆံလေး ရှိ/မရှိ ကို သေချာစစ်ပြီးမှ အိပ်လဲ မနက်ကျ မရှိတော့တာ ထုံးစံလိုလိုတောင် ဖြစ်နေတာ။ ကျောင်းသားတွေက မနက်ဆို ကွေးကောင်းတုန်းအချိန်မထချင်တာနဲ့ပဲ ညကတည်းက ဖြုတ် ဖြုတ်သိမ်းထားတာ။
ကျွန်တော်ကလဲ သိတယ်မလား၊ သူတို့ရဲ့ ဆရာလုပ်နေတဲ့သူဆိုတော့ ခေါင်းလောင်းထိုးလို့ ငြင်ငြင်သာသာ မထချင်ရင်လဲ သိကြသေးတာပေါ့ဆိုပြီး တစ်ယောက်ချင်းစီ ခြေထောက်ကို လိုက်လှုပ်နှိုးတာပေါ့။ အံမယ်… ဒါတောင် တစ်ချို့ကျောင်းသားကရှိသေး။ မျက်လုံးဖွင့်လာပြီးပြောတာက… “ဆရာလေး.. ကျွန်တော်အိပ်ပျော်နေတယ်နော်.. မနိုးသေးဘူးတဲ့” အဲလို၊ အဲလို ကြုံရပုံများတော့။
မကြာခဏ ကြုံဆုံနေကျအတိုင်း ကြို/ပို့ ကားကြီးကိုစောင့်နေရင်း အချိန်တန်လို့မလာရင် ကျောင်းသားတွေ(၂)ယောက်တစ်တွဲတန်းစီ၊ နှင်းမှုန်တွေ ဖွေးဖွေးလှုပ်နေတဲ့ လမ်းမကြီးမှာ ပျော်ပျော်ပါးပါး စာသင်ခန်းမဆောင်ရှိရာ သပြေဆောင်ကို လမ်းလျှောက်သွားရင်း လမ်းမှာ သဇင်ဆောင်က ကျောင်းသူတွေက သူတို့ရဲ့ ကျောင်းကားပေါ်ကနေ လှောင်အော်ခံသွားရတဲ့ နေ့တွေကိုလဲ ပြန်သတိရလာမိပြန်ရော..။
ကျောင်းသားတွေ စာသင်ခန်းပို့ပြီးတာနဲ့ ကျွန်တော့် Duty ချိန်မတိုင်ခင်မှာ ပြင်ဦးလွင် ကန်တော်လေးအရောက် သက်လုံကောင်းအောင်လို့ဆိုပြီး အပြေးလေ့ကျင့်၊ လေကောင်းလေသန့်ရှူပြီးတာနဲ့ အပြန်မှာတော့ ရကက(၅) ရုံးရှေ့Tea ဆိုင်မှာ လန်ဒန်တစ်ပွဲနဲ့ မောသမျှ အမောဖြေတော့တာပဲ။ အဲလို 😀
ညဘက်ဆို ဒေါက်ကျော်က အဆောင်ကို နေ့တိုင်းလာပြီး ကျောင်းသားတွေ ကျန်းမာရေးလာစစ်တိုင်း ကျွန်တော့်မှာ ချောင်းဆိုးပျောက်ဆေးတောင်းရတာလဲ မနည်းပါဘူး။ အဲဒီကတည်းက သောက်လာလိုက်တဲ့ဆေးလိပ်၊ ခုထိကို မပြတ်နိုင်တော့တာတော့ အမှတ်တရပါပဲ။
ကျောင်းသားတွေကို အပါတ်စဉ် Sunday တိုင်း Out-pass ပေးထားတာ တစ်ရက်ကျတော့ ကျွန်တော့်ကိုပါ သူတို့က လိုက်ခဲ့ပါဆွဲခေါ်တာနဲ့ ယောင်ချာချာလိုက်သွားရပြန်သေးတယ်။ လမ်းမှာ သူတို့က ဘာစိတ်ကူးပေါက်တယ်မသိ။ အရောင်းစာရေးမချောချောလေးတွေရှိတဲ့ Store ဆိုင်ကို သွားချင်လို့ ဒီအတိုင်းတော့မသွားချင်ဘူး၊ တစ်ခုခုလုပ်ကြမယ်ဆိုပြီး တစ်ယောက်က လက်ကို ကွေးကောက်နေအောင်လျှောက်၊ တစ်ယောက်က ပါးတစ်ဖက်ကို ရွဲ့စောင်း၊ တစ်ယောက်က… အစရှိသဖြင့်ပေါ့။ ကျွန်တော့်ကိုပါ ဒီအတိုင်းမနေနဲ့ဆိုလို့ သူတို့နဲ့ရောယောင်ပြီး ဆိုင်ထဲဝင်တော့ ခြေထောက်တစ်ဖက်ပါ ဒရွတ်တိုက် လျှောက်ပြလိုက်ရသေးတယ်။ စာရေးမလေးတွေခမျာ စေတနာတွေယိုဖိတ်လို့ပေါ့။ သနားပါတယ်… မသန်မစွမ်းလေးတွေပါဆိုပြီးလေ.. အံမယ်.. သူတို့က ဒါတောင်မကျေနပ်သေးဘူး.. မိတ်တောင်ဆက်ပေးလိုက်သေးတယ်.. ဒါကျွန်တော်တို့ရဲ့ လေးစားစရာကောင်းတဲ့ ဆရာလေးပါဆိုပြီး ပါးတစ်ခြမ်း ရွဲ့ပြနေတဲ့ကျောင်းသားက မိတ်ဆက်ပေးလိုက်သေးတယ်.. ကျွန်တော့်မှာတော့ မချိသွားဖြဲနဲ့ နေဦး.. အဆောင်ရောက်မှတွေ့မယ်ဆိုတဲ့ မျက်လုံးမျိုးနဲ့ သတိပေးလိုက်ရသေးတယ်… အဲဒီကတည်းက နယ်ခံဖြစ်တဲ့ ကျွန်တော့်မှာ အဲဒီ Store ဆိုင်ကို မရောက်တော့တာ ခုထိပဲပေါ့။ ဖြစ်ပုံများပြောပါတယ်။
ဒီလိုနဲ့ နေ့စဉ်ဖြတ်သန်းလာခဲ့ရင်းနဲ့ ကျွန်တော်လဲ အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကြောင့် အဲဒီအဆောင်က ထွက်လာပြီး ပြင်ဦးလွင် မြို့မတစ်ဆင့်မြင့် ရုပ်ရှင်ရုံ (အဆင့်မြင့်ရုပ်ရှင်ရုံမဟုတ်ပါ)မှာ ရုပ်ရှင်ပြစက်မောင်းဘဝ ဖြစ်ခဲ့ပြန်ပါလေရော….
(ဘဝအတွေ့အကြုံတွေထဲက ရယ်မောစရာတွေကို ဘဝအမောတွေပြေနိုင်စေရန်ရည်ရွယ်လို့ ရေးသားလိုက်ပါတယ်..
တုန့်ပြန်မှုအပေါ်မူတည်ပြီး လက်အငြိမ်မနေနိုင်တဲ့အခါမှာ နောက်ထပ် အတွေ့အကြုံတွေအကြောင်း ဆက်လက်ရေးသား လျှောက်တင်ဦးမယ့်အကြောင်း သတိပေးအပ်ပါသည် 😀 )
20 comments
nigimi77
April 8, 2011 at 2:21 am
ဆက်ရေးပါ။ ဖတ်ချင်ပါတယ်။ အဲလို မသန်မစွမ်း ပုံစံလုပ်ပြီး သူတပါးကို နောက်ပြောင်ရတာ ကျုပ် အလွန်
သဘောကျတဲ့ ဦးဏှောက် ဖောက်စားနည်း ပါပဲ။ အခု အသက် အရွယ် အထိလဲ ကြုံရင် ကြုံသလို
အလုပ်က အပြန် ညဖက် Bus စီးရင် နေကာ မျက်မှန် အနက်ရောင် တပ်ပြီး စမ်းတဝါးဝါးနဲ ့ ကားထဲဝင်လိုက်ရင်
ထိုင်စရာ အတွက် မပူရပြန်ဘူးဗျ….။ အခွင့်အရေးယူတာတော့ မဟုတ်ပါဘူး…။
ရံဖန်ရံခါ ပျော်ရွှင်မှု အတွက် နောက်ပြောင်ကြည့်တာပါ။ သူတပါး နစ်နာစေလောက်တဲ့ နောက်ပြောင်မှုမျိုးလို ့
တော့ မထင်မိပါဘူး။
ဆူး
April 8, 2011 at 5:52 am
စာပန်းအိမ် မှာ မှတ်ချက်ရေးတဲ့ ဆရာကို ဂေါ်နီအိတ် စွတ်ပြီး ဝိုင်းသမ နဲ့ ခေတ် ကို မှီလား။
ရှူံးနိမ့်မှုများနဲ့.. လူ
April 8, 2011 at 12:21 pm
အဲဒီသတင်းကို မကြားမိလိုက်ပါဘူး။ ကျွန်တော်မရှိတော့တာလဲ ဖြစ်နိုင်သလို တစ်ခြားအဆောင်တစ်ခုခုမှာ ဖြစ်သွားတာလဲ ဖြစ်ပါလိမ့်မယ်။ ပြောရရင် ဆူးလဲ စာပန်းအိမ်အကြောင်း သိနေသလိုလိုပဲ…
လင်းဝေကျော်
April 8, 2011 at 7:29 am
သက်လုံကောင်းအောင် အပြေးကျင့်ပြီး လန်ဒန်နဲ့ နှပ်သတဲ့လား ကိုယ့်လူ…
ဆူး
April 8, 2011 at 1:43 pm
တနေ့က ဆူး ရဲ့ သူငယ်ချင်း တယောက် သူ ၁ဝတန်း တုန်းက ကိစ္စလေးတွေကို ပြောပြသွားတာပါ.. တိုက်တိုက် ဆိုင်ဆိုင် ဒီစာလေး ဖတ်မိသွားလို့ပါ..
အဲဒီ မှာ မှတ်ချက် ရေးတင်ခံရရင် ၂ချက် ဆိုလား.. ကြိမ်ဒဏ် ထိရင် ၁လ နောက် နေမှ ဒဏ်ရာ ပျောက်တယ်လို့ ပြောတယ်။ ဒေါက်တာ ကျော်ဇော က ရိုက်ရတယ်တဲ့.. ရိုက်ပြီးရင် စိတ်မကောင်းလို့ မျက်ရည်တွေ အနောက်မှာ ခိုးပြီး သွားသုတ်တယ်တဲ့.. စသဖြင့်ပေါ့.. ဆူး ရဲ့ သူငယ်ချင်းက ၉ရ တုန်းက ၁ဝတန်း တက်တာ ဖြစ်လိမ့်မယ်။
ရှူံးနိမ့်မှုများနဲ့.. လူ
April 8, 2011 at 1:57 pm
ဒေါက်ကျော်က စတင်တည်ထောင်စဉ်က ကျောင်းသားတွေကို ရိုက်ရပါတယ်။ နောက်တော့ သူ့အစား တစ်ခြားသူတွေက ရိုက်ပါတယ်။ နောက်ကွယ်မှာ သွားပြီး မျက်ရည်သုတ်ရတယ်ဆိုတာတော့ တစ်ကယ်ပါပဲ။
ဒီနေရာမှာ ကြုံတုန်းလေး သူ့အကြောင်း ထပ်ပြောပြချင်ပါတယ်။ သူက အရပ် ၅ ပေ ၆ လက်မလောက်၊ ပိန်ပိန်သေးသေးလေးပါ။ သူ့အလုပ်ချိန်တွေက ကျွန်တော်ရှိခဲ့စဉ်အခါတုန်းကဆို စာပန်းအိမ်ဆိုတာ ပြင်ဦးလွင်မှာ စိုးစံကို အမှီလိုက်နေဆဲကာလပေါ့။ ခုလောက် နာမည်မကြီးသေးပါ။
ဒေါက်ကျော်ဟာ မနက် ၆းဝဝ လောက်လို့ထင်ပါတယ်(အမှတ်မှားနေလို့ပါ) စာဝင်သင်ပါတယ်။ ပြီးရင် သူ့မိဘတွေအိမ်မှာ ဖွင့်ထားတဲ့ဆေးခန်းကို သွားထိုင်ပါတယ်။ အဲဒီကရတဲ့ငွေကို မိဘတွေကို ပေးတယ်လို့လဲ ကြားပါတယ်။ နောက် အဆောင်ကိုပြန်လာပြီး စာသင်ချိန်တွေ စာဝင်သင်ပါတယ်။ ပြီးရင် ညနေ ဆေးခန်းသွားထိုင်ပါတယ်။ ညဘက် ဆေးခန်းပိတ်ပြီးရင် ၁ဝးဝဝ လောက်ဖြစ်မယ်ထင်ပါတယ် စာပန်းအိမ်မှ ပင်မဆောင်အပါအဝင် အခြား အဆောင်ခွဲ ၈ ဆောင်ကို လှည့်ပါတ်ပြီး သူကိုယ်တိုင် ကျောင်းသားတွေရဲ့ ကျန်းမာရေးကို လိုက်လံ စစ်ဆေးပါတယ်။ အားလုံးပြီးသွားလို့ သူ အိမ်ကို ပုံမှန်ပြန်ရောက်ချိန်မှာတော့ ည ၁၂း၃၀၊ ၁းဝဝ ပုံမှန်ဖြစ်နေပါတယ်။
အဲလောက်ထိ ကျောင်းသားတွေအပေါ်မှာရော၊ မိဘတွေအပေါ်မှာရော ကောင်းစေချင်စိတ်အပြည့်အဝရှိခဲ့တဲ့သူပါ။ ခုတော့လည်း ကျွန်တော် ပြင်ဦးလွင်က ထွက်ခွာလာခဲ့တာ ဆယ်စုနှစ် တစ်စုကျော်ကြာပြီမို့ ဘာသတင်းမှ ထပ်မကြားတော့တာ စိတ်မကောင်းပါဘူး။
အခွင့်အခါသင့်ရင်တော့ ပြင်ဦးလွင်မြေကို ပြန်အခြေချခြင်သားလား..
ဆူး
April 8, 2011 at 2:51 pm
ဆူး ရဲ့ သူငယ်ချင်း ပြောတာက အဲဒီ တုန်းက.. မှတ်ချက် ရေးတဲ့ ဆရာ နာမည် တော့ မေ့သွားပြီ.. သူပြောတော့ ပြောတယ်။ အမြင်ကတ်လို့ ဆိုပြီး fresher welcome လုပ်တဲ့နေ့ ဆူညံနေတဲ့ အချိန်မှာ အဲဒီ ဆရာ အိမ်သာ ဝင်တာ.. အိမ်သာက အထွက်မှာ ဆေးလိပ်ခိုးသောက်လို့ အိမ်သာ နားမှာ သွားထိုင်နေတာ ဆိုတော့ အဆင်သင့် ဆောင်ထားတဲ့ ဂေါ်နီ ကို ရုတ်တရက် ချုပ်ပြီး အိတ်စွပ်လိုက်ပြီး ဒုတ်နဲ့ သမ တယ်လို့ ပြောတယ်။ တဆောင်လုံး သမ တာ.. မျက်နှာကို ဖူးယောင်သွားတာဘဲတဲ့။ သူပြော သိပ်မကြာသေးတော့ အမှတ်ရနေလို့.. အဲဒီ ၉ရ လောက်တုန်းက ဆရာဖြစ်ပြီလား။
ရှူံးနိမ့်မှုများနဲ့.. လူ
April 8, 2011 at 11:54 pm
ကျောင်းသားပဲ ရှိပါသေးတယ်ခင်ဗျား.. အဲဒီသတင်းကိုတော့ မကြားခဲ့ရိုးအမှန်ပါ။
nigimi77
April 8, 2011 at 7:50 pm
ဓါးနဲ ့ ထိုးမသွားတာ ကျောင်းသားတွေ တော်တော် စိတ်ကောင်းရှိတယ် ပြောရမယ်။
ခွေးတောင် ချောင်ပိတ်ရိုက်ရင် သခင်တောင် ပြန်ကိုက်သေးတာ မြန်မာပြည်က ဆရာတွေ (အချို ့)
လူမှုစိတ်ပညာ သင်ကြား သင့်တယ်။
ရှူံးနိမ့်မှုများနဲ့.. လူ
April 9, 2011 at 12:00 am
ရှေးယခင်က ပညာသင်ကြားပေးသော ဆရာများက ငတ်လို့လုပ်စားတာမဟုတ်ဘဲ တတ်လို့လုပ်စားတာဆိုတော့ ဆရာဂုဏ်ပြည့်ဝပြီးသားမို့ လူမှုစိတ်ပညာကို သင်ကြားရန်မလိုခဲ့ပါ။ ယနေ့ခေတ်မှာတော့ လိုအပ်နေပြီလို့ ထင်မိပါကြောင်း… ဓါးနဲ့ ထိုး/မထိုးကတော့ မြန်မာနိုင်ငံမှာ အဲဒီလောက်ထိ သူတော်ကောင်းတရားမပျက်သေးတဲ့အတွက် အလားတူဖြစ်ရပ်မျိုးတွေ ရှေးယခင်က မဖြစ်ခဲ့သလို လက်ရှိအချိန်မှာလဲ ဖြစ်တယ်လို့ မကြားမိသေးပါဘူးခင်ဗျာ.. နောင်များမှာ ကောသလမင်းကြီးအိမ်မက်တွေ ပြည့်စုံသွားတဲ့အခါကျရင်တော့ မသိဘူးပေါ့.. ယခုလို စိတ်ဝင်တစား လိုက်လံဝေဖန်ပေးလို့ ကျေးဇူးတင်ရင်းနဲ့ ပြီးခဲ့တာတွေ သင်ပုန်းချေကြပါစို့ဗျာ… မြသန်းစံသီချင်းလေးလိုပေါ့.. ချစ်ခြင်းတရားနဲ့ ပြည်ထောင်စု ဆိုပြီးတော့လေ
bigcat
April 9, 2011 at 5:43 am
ဟိုးတလောကပဲ မြစ်ကြီးနားအထက်တန်းကျောင်းမှာ ကျောင်းအုပ်ကြီးကို ဆေးစွဲနေတဲ့ ကျောင်းသားက ဓါးနဲ့ထိုးလို့ ဆေးရုံရောက်သွားတဲ့ သတင်း အင်တာနက်မှာ ဖတ်လိုက်ရသေးတယ်။ ကျနော်ငယ်ငယ်ကလည်း ရန်ကုန်မြို့က အထက်တန်းကျောင်းကြီးတကျောင်းမှာ ကျောင်အုပ်ဆရာမကြီးကို ကျောင်းထုတ်ခံရတဲ့ ကျောင်းသာက မကျနပ်လို့ ဓါးနဲ့ထိုးပါသေးတယ်။
ကျနော်တို့ခေတ်နဲ့ အစောပိုင်းနောင်တော်ကြီးမားခေတ်မှာ ဆယ်တန်းစာမေးပွဲ ခိုးချတာကို ဖမ်းတဲ့ဆရာမတွေနဲ့ ကျောင်းသားတွေ ဖိုက်တင်ပလေးတာလည်း ခဏခဏကြားဖူးတယ်ဗျို့….
တညင်သား
April 9, 2011 at 12:29 am
၉ရ မှာ ဆရာ မဖြစ်သေးဘူး ပြင်ဦးလွင်က ထွက်လာတာလဲ ဆယ်စု နှစ်ကျော်ပြီ ဆိုတော့တနှစ်လောက်ပဲ လုပ်ဖြစ်မှာပေါ့… အဲဒီလို အလုပ်ကြောင်းလေးတွေ ရေးတော့ ဗဟုသုတ ရပါတယ်.. ဆက်ရေးပါ..
nigimi77
April 9, 2011 at 9:56 am
ကျုပ် အမေက အထက်တန်းကျောင်းက သချာင်္ဆရာမပေါ့။
သူလဲ တတ်လို ့ ဆရာလုပ်သူ အမျိုးအစားထဲကပဲ။
ကျောင်းသားတွေကို ကျူရှင်မပေးပဲ အိမ်မှာ အခမဲ့ သင်ပေးတဲ့ အပြင် ထမင်းပါ ကျွေးသေးတယ်။
ကျောင်းသားတွေက အတော် ချစ်ကြတယ်။ စာသင်တာ စိတ်ရှည်တဲ့ အပြင် တော်ရုံ ထိုင်းတဲ့သူတောင်မှ
ချက်ချင်း သဘောပေါက် နားလည်လွယ်တယ် ဆိုပဲ။ ဆဲဆို ကြိမ်းမောင်း ရိုက်နှက်ခြင်းလဲ လုံးဝမရှိဘူး ဆိုပြီး ကျောင်းမှာ နာမည်ကြီး သပေါ့ဗျာ။
တပည့်နဲ ့ သားသမီးကို ခွဲထားတယ်ထင်ပါ့။ ကျုပ်ကိုတော့ ရိုက်လိုက်တာ ဆိုတာ ရိုက်တဲ့ အမေက လက်ညောင်း
လို ့ နား နားပြီး ရိုက်ခဲ့ရတယ်။ ပိတ်ရက်ဆို ဟင်းသီးဟင်းရွက်သင်ရင်းနဲ ့ စာသင်တာ အခန် ့မသင့်ရင် ပုဂံပြားပျံ တွေ ဓါးပျံတွေနဲ ့ ကြုံခဲ့ရတာ။
ရလာဒ်ကတော့ ကျုပ် သချာင်္ ပညာရပ်ကို အလွန်မုန်းတီးခဲ့တယ်။
akswe
April 9, 2011 at 7:03 pm
ကို nigimi77 ရဲ.ပိုစ်.တွေ ကော်မန်.တွေ အမြဲဖတ်နေပါတယ်
ရေးတဲ.အာဘော်ကိုရင်းနှီးနေလို. ရင်ထဲမှာ ပေါ်လာတဲ.မေးခွန်းလေးတစ်ခုခွင်.ပြုပါ
အဲဒီလောက် တော်ပြီး စည်းကမ်းကြီးတဲ.ဆိုဆုံးမမှု တွေ ကြားထဲကြီးပြင်းလာ တဲ.
ကို nigimi77 က ဘာဖြစ်လို.ဒီလောက် ကြမ်း ရ တာလဲ ။ ကလေးဘဝ အဖိနှိပ်ခံရတာများလို.
ဒါမှမဟုတ် အရမ်းအလိုလိုက်ခံရလို.အသက်ကြီးတဲ.အထိ (aggressive)ဖြစ်ပြီး
အရာရာကို ဆန်.ကျင်မယ်ဆိုတဲ.
စိတ်များ မသိစိတ်မှာ ရှိနေလေမလား…
စာရေးကောင်းပြီး အတွေးဆန်းတွေ၊တစ်ပါးသူတွေ စိတ်ဝင်စား လှုပ်ရှားသွားအောင်
ခပ် မာမာ ခပ်တင်းတင်း ရေးဟန် ဖော်ပြဟန် တေ၊ွ ကိုယ်မကြိုက်ရင်ပြောမှာပဲဆိုတဲ.တဇွတ်ထိုးစိတ်နဲ.ဝေဖန်ရဲတဲ.သတ္တိ၊ ကိုယ်.အပေါ်ကျရောက်လာတဲ. ဝေဖန်မှုကို တုန်.ပြန်ပုံ အဲဒါတွေကို အပေါ်က ရေးထားတာ နဲ.စပ်ဆက် တွေးမိလို.ပါ။ တူညီတဲ.ပုံစံမျိုးနဲ. ကျွန်တော်လည်းကြီးပြင်းခဲ.ရတာပါ ။ကျွန်တော်ကျတော.ရှက်တတ် ကြောက်တတ်သွားတယ်(သရဲဘောနဲတာနဲ. လူတောမတိုးရဲတာမဟုတ်ပါ)ဒါပေမယ်. ကျွန်တော်.မေမေကို
အရမ်းကျေးဇူးတင်တယ် အဲဒီလို အတီးမခံခဲ.ရရင် ဒီဘဝတောင် ရောက်မှာမဟုတ်ဘူး။
(ထင်မြင်မိတာကို ရေးလိုက် တဲ. အတွက် မှားနေရင်ကျွန်တော.အမှားပါ)
bigcat
April 9, 2011 at 10:26 pm
သေရည်တန်ခိုးပေါ့ဗျာ…အရှိန်ဘယ်လောက်ပြင်းသလဲဆို သူစာဖတ်ပြီးရင် ရီတီတီလေးဖြစ်သွားတယ်။ 😀
kopauk mandalay
April 9, 2011 at 12:00 pm
အခုလိုဘဝအတွေ့အကြုံလေးတွေကို ဖတ်ရတာအလွန်ကောင်းပါတယ်။
ကျောင်းသားဘဝဆိုတာကတော့ စိတ်ပင်ပန်းမှု့ကလွတ်အောင်ပျော်စရာတွေရှာကြံစဉ်းစားပြီး
အချင်းချင်းဂျောက်ချ သူငယ်ချင်းချင်းချောက်တွန်း ဆရာ ဆရာမကို ဟာသလုပ် အုပ်ချုပ်သူကို ဒုက္ခပေး
ဒါတွေဟာ စိတ်ယုတ်မာမွေးလို့ မဟုတ်ပါဘူး။
ပျော်စေချင်တာ သက်သက်ပါဘဲ။
ကျောင်းသားဘဝက တော့ ပျော်စရာအကောင်းဆုံးပါဘဲ။
unclegyi1974
April 9, 2011 at 4:08 pm
ဆရာကလည်းပညာပြ
ကျောင်းသားကလည်းပညာပြ
နောက်ဆုံးရှုံးသွားတာဘယ်သူပါလိမ့်
nigimi77
April 9, 2011 at 8:40 pm
akswe
သေချာတာကတော့ ကလေး ဘဝက ဖိနှိပ်ခံခဲ့ရတာကြောင့်ပဲ ထင်တယ်။ မိသားစုထဲမှာ အရိုက်ခံရဆုံး
လူကိုပြပါဆိုရင်တော့ ကျုပ်ပါပဲ။ အဖေကလဲ ရိုက်တယ် အမေကလဲ ရိုက်တယ် အကို အကြီးဆုံးကလဲရိုက်တယ်။
မိသားစု ဘယ်ကို သွားသွား ချန်ထားခံရတာလဲ ကျုပ်ပဲ။ အိမ်မှာ တစ်ယောက်ထဲ ကျန်ခဲ့တိုင်း ဘာကြောင့်လဲ
ဆိုတဲ့…လဲ ပေါင်းများစွာနဲ ့ ကြီးပြင်းခဲ့တာတော့ မှတ်မိတယ်။ ဒါပေမဲ့ သူတို ့ကို အခု အချိန်မှာ ကျေးဇူးတင်တယ်။ အဖေ နဲ ့ အမေဟာ လွတ်လပ်စွာ တွေးခေါ်ခွင့် ယုံကြည်ကိုးကွယ်ခွင့်ကို အားပေးခဲ့တယ်။
ငယ်စဉ်တုန်းက ဆန် ့ကျင်ဖက်ဆန်နေတဲ့ သားတစ်ယောက်ကို အရင်ခေတ် မိဘ အများစုရဲ ့ အုပ်ချုပ်မှုပုံစံ
အတိုင်း ဆုပေး ဒဏ်ပေး လုပ်ခဲ့တယ်ထင်တယ်။ အရွယ်ရောက်လာတဲ့ အခါ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်
ဖို ့လိုအပ်တယ်လို ့ သူတို ့ စဉ်းစားခဲ့မှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် မိဘက လမ်းကြောင်းလိုက်တာက ၅ဝ ရာခိုင်နှုံး
ကိုယ့်လမ်းကိုယ် ရွေးချယ်လိုက်တာက ၅ဝ ရာခိုင်နှုံးနဲ ့ လက်ရှိ ပုံစံဖြစ်လာတယ်လို ့ သတ်မှတ်ရမယ်။
ဆက်ရေးရင် သူတပါးရေးတဲ့ Post မှာ ကိုယ်ရေးကိုယ်တာ ရင်ဖွင့် သလို ဖြစ်နေမှာစိုးလို ့ ဒီလောက်ပဲပြောတာ
ကောင်းမယ်။
ရှူံးနိမ့်မှုများနဲ့.. လူ
April 9, 2011 at 8:58 pm
ဘာမှ မဖြစ်ပါဘူးဗျာ.. ကျွန်တော်တို့လဲ အတွေ့အကြုံရတာပေါ့.. ကိုယ်ပိုင် Post တစ်ခုတင်ချင်တယ်ဆိုရင်တော့ တစ်မျိုးပေါ့.. ကျွန်တော့်ငယ်ဘဝ ဖြတ်သန်းခဲ့ပုံကလဲ တမူထူးပါတယ်.. အဆင်ပြေရင် ရေးတင်ပါဦးမယ်
char too lan
April 10, 2011 at 6:02 am
ဆယ်တန်းအဆောင်နေတုန်းကတော့ ဆရာတွေနဲ့ ဓာတ်ခဲသရဲခေါ်တာခုထိမမေ့သေးဘူး
Loser တို့လိုဆရာနှစ်ယောက်နဲ့ ကျောင်းသားတစ်ယောက် ဓာတ်ခဲသုံးလုံးစီကိုင်ပီး ငုတ်တုတ်လေးတွေထိုင်ခိုင်းထားတာ ပီးတော့ သူတို့ပုဆိုးတွေကို ခေါင်းထိပ်ကနေ နောက်သုံးယောက်ကစုပီးကိုင်ထားြ`ကတယ် ဘေးပတ်ဝန်းကျင်မှာလူတွေစုပီး တိတ်ဆိတ်နေပီ ပုဆိုးခြုံထဲကသုံးယောက်ကလဲ နဲနဲတော့ကြောက်နေကြတယ် သရဲခေါ်မယ်ဆိုတဲ့ တခြားတစ်ယောက်က အဆောင်အောက်ဆင်းပီး ဝါးရုံတွေနား ဝါးတုတ်နဲ့ လျှောက်ရိုက်နေတယ် ခဏကြာတော့ အဆောင်ပေါ်ပြေးတက်လာပီး “ရပီဆွဲဖွင့်လိုက်” လို့ အသံကျယ်ကြီးအော်လိုက်တော့ ပုဆိုးကိုင်ထားတဲ့ ကောင်တွေကပုဆိုးကိုဆွဲခွာပီး ပြတင်းပေါက်ကနေလွှင့်ပစ်လိုက်ကြတယ်…..
အထဲကသုံးယောက်က ငုတ်တုတ်လေးတွေ ဓာတ်ခဲလေးတွေကိုလဲ ခပ်တင်းတင်းဆုပ်ကိုင်ထားကြတယ် တစ်ယောက်မှအတွင်းခံမပါဘူး ကျောင်းသားတွေကော ဆရာတွေပါဝိုင်းရီကြတော့မှ ဟိုဟိုဒီဒီထပြေးပီး ဟိုဆွဲဒီဆွဲလုပ်ကြတာ အာကြီးရီတယ် ည ၁းဝဝ လောက်ကြီး တော်တာ်ဆူညံသွားတယ် ………. 🙂 🙂