စေတမန်

ဆူးApril 14, 20111min23528

ရုံးကိစ္စ အရေးကြီး နေတာက တကြောင်း အဖော်မရှိတာနဲ့ ညနေစောင်း မှောင်ရီပျိုးတဲ့ အချိန်တခုမှာ ကျွန်တော်နဲ့ ကိုလင်း နှစ်ယောက် နယ်မြို့ တခုကို ကားမောင်းထွက်ခဲ့တယ်။ မြို့ကနေ လွန်လို့ အဝေးပြေးလမ်းမ ရောက်တဲ့ အချိန် က တော်တော် စောင်းနေပြပါပြီ။ မှန်းခြေ ည၆နာရီ လောက် ဖြစ်မလားဘဲ နေအလင်းရောင် သိပ်မရှိချင်တော့ပါဘူး။ ကားမီး မှိန်မှိန်နဲ့ အရှေ့ကို အဝေးကြီးလည်း မမြင်ရလေတော့ ကားကို အရှိန်လျော့ မောင်းရင်း လမ်းဘေး ဝဲယာ တဖက်တချက်စီမှာ သစ်ပင် အုပ်အုပ်ဆိုင်းဆိုင်း ကားမီးလေး ထွန်းထားတဲ့ အရှိန်ကြောင့် ဘေးက သစ်ပင်တွေ မှောင်ပြပြနဲ့ မြင်နေရပါတယ်။ တမနက်လုံး အလုပ်ကိစ္စနဲ့ ရုံးမှာ မအားလပ်တဲ့ ကြားက ညနေစောင်း အရေးကြီးလို့ နယ်ဆင်းရမယ် ဆိုတော့ ပင်ပန်းတာလည်း နားချိန်မရ ရုတ်တရက် ခရီးထွက်လာတော့ ကားမောင်းရင် လူက ငိုက်ချင်လာခဲ့ပါတယ်။ တချက် ငိုက်သလို ဖြစ်တဲ့ အခိုက် အတန့်မှာ.. ကိုလင်းက ဟော့ကောင် ဟိုရှေ့မှာ အဖိုးကြီး ကားအရှိန်လျော့.. ဟေ့.. ရှောင်ရှောင်.. ဆိုတဲ့ အသံကို ကြားတဲ့ အချိန်မှာ သတိတချက်ဝင်ပြီး အဖိုးကြီးကိုတော့ ရှောင်ရင်း ကားကို ဘေးဆွဲ လိုက်ပါတယ်။ အရှိန် သိပ်မများဘူး ထင်ပေမဲ့ ဘရိတ်အုတ်လိုက်တဲ့ အခါမှာတော့ အနီး အရမ်းကပ်နေတဲ့ အတွက် မမှီမှာ စိုးလို့ ကားဘေးဆွဲ ရှောက်လိုက်ပေမဲ့ ကားက အနားမှာ ရှိတဲ့ သစ်ပင်ကြီးကို ဝင်ဆောင့်မိသွားပါတယ်။ ထိုအခိုက်အတန့်အချိန်မှ လွဲ၍ ရုံးဝန်ထမ်းလေး ကိုစိုးမိုး အနေနဲ့ ဘဝ ကနေ တခြားကမာ္ဘကို ရောက်သွားလေ သလား။

——————————————————-

ညက မှောင်မှောင် လမ်းမ လယ်ခေါင်မှာ ဘယ်လိုများ ရောက်နေသလဲ မသိဘူးဗျာ..
ဘေးက ကားတွေ တဝီဝီ ဖြတ်သန်းကြတယ် ကားတွေ ဘယ်ညာ မှာ ဖြတ်သန်းသွားနေကြရင်းနဲ့…
သဲမှန်တိုင်းလေလား မြူခိုးတွေလေလား အလုံးလိုက် လိမ့်လိမ့်နဲ့ လာနေတာ မြင်ပါတယ် ပြေးချင်တဲ့ စိတ်ဖြစ်ပေမဲ့ ဘယ်ကို ပြေးရမယ်မှန်း မသိ ယောင်တောင်တောင်နဲ့ ရပ်ကြည့်နေတုန်း အလွန်မြန်တဲ့ အရှိန်နဲ့ ထို မြူအလုံးအရင်းကြီး ကြားထဲကို ရောက်သွားပါတယ်။ အသံကလည်း မြင်းခွာသံကို ကြားနေရပါတယ်။ စူးစမ်းကြည့်လိုက်တော့ မှုံဝါးဝါးနဲ့ သေချာ ကြည့်တော့ ဘေးနားကနေ မြင်းသည်တော်တွေလို့ ထင်ရတဲ့ မြင်းစီး နေတဲ့ လူတွေ ဖြတ်နေတာ မြင်ပါတယ်။ အလွန်ထိတ်လန့် တုန်လှုပ်နေပေမဲ့ လှုပ်လည်း မလှုပ်ရဲပါဘူး။ ကြည့်နေရင်းနဲ့ ရုတ်တရက် အနီးအနားမှာ မြင်းတကောင် ရပ်သွားတာ မြင်တော့ အပေါ်ကို မော့ကြည့်လိုက်တဲ့ အခါမှာ ချပ်ဝတ်တန်ဆာ ဝတ်ထားထဲ့ လူတယောက်ကို မြင်ပါတယ်။ ဒါပေမဲ့ ထိုလူရဲ့ မျက်နှာကို လုံးဝမမြင်ပါဘူး။ စစ်သူကြီးများ ဖြစ်လေမလားတော့ မသိဘူး။ ထိုမြင်းစီးနေတဲ့ လူအုပ်ထဲမှာ ထိုလူရဲ့ ဝတ်စုံက အထူးခြားဆုံး ဆိုတော့ စစ်သူကြီး ဖြစ်ဖို့ များပါတယ်။ လက်ထဲမှာ ဓါးအရှည်ကြီး ကို ကိုင်ထားပါတယ်။ စကားလှမ်းပြောတာ သိပါတယ်။ ဘာပြောမှန်း မသိပါဘူး။ ထို စစ်သူကြီးကို ကြည့်တဲ့ အခါမှာ အမှောင်ထဲကနေ အလင်းကို လှမ်းကြည့်သလို ဖြစ်တော့ ကြာကြာ မကြည့်နိုင်အောင် မျက်စိစူးပါတယ်။ ကြောက်ရွံ့တုန်လှုပ်နေတဲ့ ကျွန်တော်ကို လက်လှမ်းပေးပြီး မြင်းကုန်းနှီးပေါ် ဆွဲတင်လိုက်ပါတယ်။ ဘာမှန်း မသိညာမှန်း မသိ မြင်းပေါ်ကို ပါသွားခဲ့ပါတယ်။

စစ်သူကြီး ရဲ့ မြင်းပေါ်မှာ ထိုင်လျက်ပါသွားရင်းနဲ့.. မြင်းရဲ့ အရှိန် အလွန်မြန်တာ သတိထားမိပါတယ်။ မြင်းအောက်ကို လှမ်းကြည့်မိတဲ့ အခါ မြင်းရဲ့အောက်မှာ မြေကြီး မမြင်ရတော့ဘဲ တိမ်ခိုးတိမ်ငွေ့တွေဘဲ မြင်နေပါတယ်။ လေထဲမှာ မြောက်တက်ပြီး ပြေးနေတယ်လို့ ထင်မိပါတယ်။ ကြောက်အားလန့်အားနဲ့ စစ်သူကြီးရဲ့ ချပ်ဝတ်တန်ဆာ ကို ဆွဲပြီး ဆုတ်ကိုင်ထားရင်း မျက်စိမှိတ်လိုက်နေရင်း ရုတ်တရက် စီးချက်မညီတော့ဘဲ မြင်းက အရှေ့ခြေနှစ်ချောင်းထောင်လိုက်တဲ့ အမူအရာကို ခံစားရတဲ့ အချိန်မှာ ကြောက်အားလန့်အားနဲ့ ပိုမို တင်းတင်းကျပ်ကျပ် ဆွဲကိုင်ထားလိုက်ပါတယ်။ မျက်စိကို ဖွင့်ကြည့်လိုက်တဲ့ အခါမှာတော့ နေရာတခုကို ရောက်နေပါပြီ။ ထိုနေရာမှာ မြင်းကို ရပ်ပြီး မြင်းပေါ်က ခုန်ဆင်းသွားပါတယ်။ ဘာလုပ်ရမှန်း မသိတာနဲ့ သူနောက်က လိုက်ပြီး ဆင်းလိုက်ပါတယ်။
ခံတပ် တခုကို ရောက်လာတာလား ဒါမှ မဟုတ် မြို့တမြို့ ရွာတရွာလေလား မသိပါဘူး။ ပတ်ဝန်းကျင်ကို ကြည့်တဲ့ အခါမှာတော့ သစ်ပင်တွေ စီစီရီရီ ရှိတဲ့ နေရာမှာ သစ်ပင် တပင်စီမှာ မီးတုတ် တချောင်းစီ ထွန်းထားပါတယ် အတွင်းအပြင် စည်းဝိုင်းတခုလို့ မြင်မိပါတယ်။ ထိုလူ မြင်းပေါ်က ဆင်းတဲ့ အခါမှာတော့ တခြား မြင်းသည်တော်တွေလည်း မြင်းပေါ်က ဆင်းပြီး မြင်းတွေကိုတော့ အတွင်းဘက်က ထွက်လာတဲ့ အပေါ်အကျီမပါ အဝတ်နံငယ်ပိုင်းသာ ဝတ်ထားတဲ့ လူတစု က ဆွဲယူသွားတာ မြင်မိပါတယ်။
ဒီလိုနဲ့ အရှေ့က လူ လမ်းလျှောက်သွားတဲ့ နောက်ကို လိုက်ရင်းနဲ့ အတွင်းဘက်မှာ ညီညီညာညာ သဲဖြူခင်းထားတဲ့ လမ်းအိအိလေးကို နင်းပြီး အရှေ့ဆုံးက သွားတဲ့ လူရဲ့ နောက်ကို ကျွှန်တော်က လိုက်.. ကျွှန်တော် နောက်ကိုတော့ မြင်းသူသည်တော်တွေ အစုလိုက်အပြုံလိုက် တန်းစီပြီး လမ်းလျှောက်လိုက်ကြတယ်။ ဘေးတဖက်တချက်မှာ မီးတွေ လင်းနေတဲ့ အိမ်ငယ်ကလေးတွေမှ လူတွေ ထွက်လာပြီး ကြိုဆိုကြပါတယ်။
စစ်ပွဲ အောင်နိုင်လာလို့ ကြိုဆိုတာများ ဖြစ်နေမလားတော့ မသိပါဘူး။ ဘာမှန်း မသိပေမဲ့ သူတို့ ပြောတဲ့ စကားသံတွေ နားထဲမှာ ဘာမှန်း မသိဘဲ ကြားနေရပါတယ်။ လမ်းလျှောက်ရင်းနဲ့ အိမ်အသေးလေးတွေ ကျော်တဲ့ အခါမှာတော့ အိမ်အကြီးကြီး တခုကို မြင်ပါတယ်။ ထို အိမ်ကြီးရဲ့ နယ်နမိတ် ခြံဝင်းကြီးထဲကို ထိုလူ ဝင်သွားတဲ့ နောက် လိုက်ဝင်သွားရန် ပြုလုပ်တဲ့ အခါမှာတော့ နောက်က လိုက်လာတွေက တားဆီးတဲ့ အတွက် အပေါက်ဝမှာ မတ်တပ်ရပ်ပြီး စောင့်နေခဲ့ပါတယ်။ ပတ်ဝန်းကျင်ကို ငေးကြည့်တဲ့ အခါမှာတော့ လက်နက်တွေ ဓါးတွေ လုပ်တဲ့ ပန်းပဲဖိုနဲ့ အတူ ထုသံ ရိုက်သံတွေလည်း ကြားပါတယ်။ ငေးကြည့်နေရင်းနဲ့ အတွင်းဘက်ကို တားဆီးခံရပေမဲ့ အတွင်းကို လာဖို့ ခေါ်တဲ့ အတွက် အတွင်းကို ဝင်ခဲ့ပါတယ်။
အတွင်းကိုဝင်သွားတဲ့ အခါမှာတော့ ခပ်မှောင်မှောင် လျှောက်လမ်းကလေးနဲ့ ဘေးတဖက်တချက်မှာ အခန်းတွေ တော့ရှိပါတယ်။ အခန်းတွေအားလုံး ပိ်တ်ထားတာ သတိထားမိတယ်။ ပိတ်ထားတဲ့ အခန်းတွေရဲ့ တံခါးတွေက တော်တော် ရှေးဆန်တဲ့ ပုံစံတွေနဲ့ အတူ ခေါင်းတလုံးစီ ချိတ်ထားတာ ရှိပါတယ်။ သမင် ခြင်္သေ့ ကျား ကျွဲ ဝက်ဝံ စသဖြင့် တွေ့ပါတယ်။ တိတ်ဆိတ်နေတဲ့ လမ်းကလေးမှာ ထို မျက်လုံးနီနီ နဲ့ အကောင်တွေ ရဲ့ ခေါင်းတွေကလည်း ထိတ်လန့် တုန်လှုပ်အောင် ပြုလုပ်နေသလား။ အရှေ့ လမ်းပြကတော့ မီးတုတ် တချောင်းကိုင်ထားပါတယ်။ မီး အလင်းရောင်နဲ့ ပတ်ဝန်းကျင်ကို မြင်ရတာ မလင်းတလင်း နံရံတွေ မှာ မီးတုတ်တွေ နဲ့ မီးထွန်းထားတာရှိပေမဲ့ အနောက်လှည့်ကြည့်လိုက်တဲ့ အခါမှာ ထိုမီးတွေကော အကောင်ခေါင်းတွေ ချိတ်ထားတဲ့ တံခါးချပ်ကြီးတွေလည်း မမြင်တော့ပါဘူး အမှောင်ထဲမှာ တယောက်တည်း လျှောက်နေသလို ဖြစ်နေပါတယ် ကြောက်စိတ်နဲ့ လမ်းပြနောက်ကို လိုက်ရင်း တနေရာမှာ ရပ်သွားပါတယ်။
လိုက်ပြီး ရပ်တဲ့ အခါမှာတော့ သူက အခန်းတခုကို ဝင်ဖို့ လက်ညိုးထိုးပြပါတယ်။ ထိုအခန်းမှာတော့ အလင်းရောင် ရှိပါတယ်။ စားသောက်ဖွယ်ရာများကို စားပွဲကြီး တခုပေါ် တင်ထားပါတယ် ဘေးနှစ်ဘက်မှာ လူသန်ကြီး နှစ်ယောက် အကျီမပါ ဗလ တောင့်တောင့် နံငယ်ပိုင်းကို ခါးမှာ ပတ်ထားတဲ့ ပုံစံနဲ့ တွေ့ပါတယ်။ ထိုလူ နှစ်ယောက်က ကြိုဆိုတဲ့ ပုံစံ ကြောင့် ရဲရဲ တင်းတင်း ဝင်သွားခဲ့ပါတယ်။ လမ်းပြက မီးတုတ်ကို အခန်းထဲက တိုင်တခုမှာ စွပ်ပေးပြီး ထားခဲ့ပါတယ်။ ဒီလိုနဲ့ လူသန်ကြီး နှစ်ယောက်က ရိုရိုသေသေ လှမ်းခေါ်ပါတယ် သူတို့ ခေါ်ရာ နောက်ကို လိုက်တဲ့ အခါမှာတော့ ရေကန်တခု ရှိပါတယ် အနံတွေ မွှေးနေအောင် စီမံထားတဲ့ အပြင် အငွေ့ကလေးတွေ တက်နေတာလည်း သတိထားမိပါတယ်။ ရေချိုးခိုင်းတဲ့ အတွက် ရေချိုးပြီး အဝတ်အစား တစုံ လာပေးပါတယ်။ ဝတ်လာတဲ့ အဝတ်အစားကို ပေးမဝတ်ဘဲ သူတို့ ဝတ်ခိုင်းတဲ့ လက်လက်တောက်ပြောင်နေတဲ့ ဝတ်စုံတခုကို ဝတ်ရင်း.. ပုံစံက ကို်ယ့်ဟာကိုတောင် မင်းညီမင်းသား နဲ့ တူသွားသလို ခံစားလိုက်ရပါတယ်။
ဗိုက်ဆာဆာ နဲ့ စားပွဲပေါ်မှာ တည့်ခင်းထားတဲ့ အစားအစာတွေကို စားသောက်ခဲ့ပါတယ်။ လူသန်ကြီး နှစ်ယောက်ကတော့ ခိုင်းမယ်ဆို အဆင်သင့် လုပ်ပေးမယ် ဆိုတဲ့ ပုံစံနဲ့ ဘေးမှာ ရပ်နေကြပါတယ်။ စားပြီး ဗိုက်လေး သွားတဲ့ အခါ တရေးအိပ်ချင်သလို ဖြစ်လာတဲ့ အတွက် လူသန်ကြီး များ လမ်းညွန်တဲ့ ကုတင် အလွန်ခမ်းနားတယ်လို့ ခံစားမိပါတယ် ထိုအိပ်ယာမှာ တရေးတမော သွားအိပ်ခဲ့ပါတယ်။
အိပ်ပျော်နေတုန်း အချိန်မှာ ရုတ်တရက် ငိုသံကြားတဲ့ အတွက် လန့်နိုးခဲပါတယ်။ မျက်စိဖွင့်ကြည့်လိုက်တော့ အမျိုးသမီး တယောက် ငိုနေတာ တွေ့ပါတယ်။
မိန်းကလေး ဘာဖြစ်လို့ ငိုနေတာလဲ..

ရှိုက်ကြီး တငင်ငင်နဲ့ ငိုနေတဲ့ အမျိုးသမီးက မေးတဲ့ အဖြေကို အားယူပြီး ဖြေဖို့ ကြိုးစားနေပါတယ်။
ဒီနေရာကို ရောက်ကတည်းက စကားပြောတာ သိပေမဲ့ အချင်းချင်း နားလည်တဲ့ စကားမဟုတ်တာတော့ သိပါတယ်။ ဒါပေမဲ့ ဒီအမျိုးသမီး ပြောတာ နားလည်ချင်မှ နားလည်မယ် ကိုယ်ပြောတတ်တဲ့ စကားနဲ့ လှမ်းမေးလိုက်ပါတယ်။
ငိုနေတာ ရပ်ပြီး စကားလှမ်းပြောပါတယ်။
အရှင်ကြီး မမှတ်မိဘူးလား။ ကျွှန်မ တို့ကို မမှတ်မိဘူးလား ဆိုတဲ့ စကားသံ ကြားတော့ အံဩသွားတယ် သူပြောတာ နားလည်နေလို့ပါဘဲ။

ဟင်.. နင်က ငါနားလည်တဲ့ စကားပြောတတ်တယ်လား။

ဟုတ်.. ဟုတ်ပါတယ်.. ဒီက လူတွေ အားလုံးက အရှင်ကြီး တချိန်က ကျိန်စာပေးပြီး ထားခဲ့တဲ့ လူသားတွေပါ မေ့များ မေ့နေတာလား။ ကျမတို့ အားလုံး အရှင်ကြီး ကျိန်စာ ရုတ်သိမ်းပေးဖို့ စောင့်နေတာ နှစ်ပေါင်း ရာချီပြီး ရှိနေပါပြီ။ ဒီအရပ်မှာ စောင့်နေရင်းနဲ့ နှစ်တွေ အတော်ကြာခဲ့ပါပြီ။ ဒုက္ခတွေလည်း ရောက်ပေါင်းမနည်းတော့ပါဘူး။ လပြည့်နေ့ ကတော့ အခု မြင်ရသလိုမျိုး အားလုံးပေါ့ပေါ့ ပါးပါး နဲ့ သက်တောင့် သက်သာ နေရပါတယ်။ ဒီနေ့ ညကို ကျော်လို့ နောက်တနေ့ ရောက်ရင် အရင်လိုဘဲ ပြန်ခံစားရအုန်းမှာပါဘဲ။

ငါ အိပ်နေတာ ခဏလေးဘဲမဟုတ်လား။

မဟုတ်ပါဘူး အရှင်ကြီး အိပ်နေတာ ပြီးခဲ့တဲ့ လပြည့်နေ့ည ပြီးကတည်းက ဒီကနေ့ လပြည့်နေ့ အထိ ဆက်တိုက် အိပ်နေတာပါ။ မအိပ်ခင်က စားခဲ့တဲ့ အစားအစာတွေ ထဲမှာ အိပ်ဆေးပါတဲ့ အတွက် အဲလောက် အချိန်အတိုင်းအတာ အထိ အိပ်ပျော်သွားတာပါ။

နင်တို့ ဘယ်လို ခံစားနေကြရတာလဲ။ ငါက ကော ဘာတွေ ကျိန်စာ တိုက်ခဲ့လို့လဲ။ ငါကို ခေါ်လာတာ ဘယ်သူလဲ စစ်သူကြီးလား ဒီက ဘုရင်လား။

လပြည့်နေ့ညက လွဲပြီး တခြားနေ့တွေညတွေ မှာတော့ အားလုံး မီးလောင်တိုက် သွင်းခံရပြီး မီးလောင်နေကြတာပါ။ ခန္ဓက အလိုလို မီးထ လောင်ပြီး မီးလောင်တဲ့ အပူရှိန်နဲ့ ပူလောင်နေကြရတာပါ။ လပြည့်နေ့ ည မီးလောင်တာ ရပ်သွားတဲ့ အချိန်မှာတော့ ဒီက ခေါင်းဆောင် တချိန်က စစ်သူကြီးပါ။ သူက ဒီက လူတွေ ကို ဦးဆောင်ပြီး မြင်းစီးပြီး အရှင်ကြီးကို လှည့်ပတ်ရှာနေတာပါ။
အရှင်ကြီး ပါလာတဲ့ အတွက် အားလုံးက ထွက်ကြိုနေကြတာပါ။

အရှင်ကြီးက တချိန်က မဏိပတ္တရိက ဆိုတဲ့ နိုင်ငံမှာ ပုတ္တရာပါလိဘုတရ ဘုရင်မင်းကြီး အနေနဲ့ အုပ်ချုပ်ခဲ့ပါတယ်။
ဒီနေရာက ပါရိဂီရိ လို့ခေါ်တဲ့ ခံတပ်ဖြစ်ပါတယ်။ စစ်သူကြီး စုန္ဒရာ ပုတိဝတ္တက ဆိုတာ အလွန် စစ်တိုက်ကောင်းပြီး တိုက်တိုင်း အောင်တဲ့ အတွက် အလွန် နာမည်ကြီးသလို အရှင်ကြီးကလည်း ယုံကြည် အားကိုးလွန်းလို့ မနာလိုတဲ့ မူးမတ်တွေရဲ့ ချောက်တွန်းတာကို ယုံပြီး ယခု ဒီနေရာ ခံတပ်မှာ အားလုံးကို မီးလောင်တိုက်သွင်းပြီး မင်းမိန့်နဲ့ ကျိန်စာတိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ငါက ဘယ်လို ကျိန်စာ တိုက်ခဲ့လို့ ဒီလောက်ခံစားနေရတာလဲ။

စစ်သူကြီး ကို အမိန့်စာ အတုနဲ့ မြင်း ၅ကောင်နဲ့ ဆွဲသတ်ပြီး ကိုယ်ကို မီးပုံရှို့ပြီး ခေါင်းနဲ့ လက်နှစ်ဖက် ခြေနှစ်ဖက်ကိုတော့ အိုးတလုံးနဲ့ စုထည့်ပြီး မြေကြီးထဲ မြုပ်ထားပါတယ် အဲဒီ အပေါ်မှာ ယခု သစ်ပင်ကြီး တပင် ပေါက်နေတယ်။ အဲဒီ သစ်ပင်ကို ကားနဲ့ တိုက်မိသွားတာပါ။ စစ်သူကြီးကို မီးရှို့ပြီး ခံတပ်ထဲမှာ နေတဲ့ လူတွေ အားလုံးကို စစ်သူကြီး အတွက် ထကြွ ပုန်ကန်တာ မဖြစ်ရလေအောင် အဲဒီ မီးထဲကို တယောက်ပြီး တယောက် တွန်းထည့်ပြီး မီးလောင်စေပြီး သေစေခဲ့တာပါ။ အဲဒီနေ့က လပြည့်ကျော် ၁ရက်နေ့ဖြစ်တဲ့ အတွက် လပြည့်ကျော် ၁ရက်နေ့က စပြီး လပြည့်မတိုင်ခင် နေ့ အထိ အဲဒီ မီးလောင်တဲ့ ဒဏ်ကို ခံစားရပါတယ်။ စစ်သူကြီးက ကျွှန်မတို့ ခံစားရတာထက် ပိုပါတယ်။ အဲဒီ ဖြစ်ရပ်တွေ ကြောင့် စစ်သူကြီးကို အရှင်ကြီး မျက်နှာ နဲ့ လက်တွေ ခြေတွေ မြင်ခဲ့မယ် မထင်ပါဘူး။

နင်တို့ ကျိန်စာကို ငါဘယ်လို လုပ်ပေးရမှာလဲ.. အဲဒီ ဒုက္ခကနေ လွတ်အောင် ကူညီပေးမယ်လေ။ ပြောပါ ရဲရဲ သာ ပြောပါ။

စစ်သူကြီးရဲ့ ခေါင်းနဲ့ ခြေလက် တွေကို အိုးထဲ မထည့်ခင်မှာ မီးရှို့ပြာချပြီး ကျိန်စာပါတဲ့ ကျောက်ပြားတချပ်နဲ့ အတူ အိုးထဲမှာ ထည့်မြုပ်ထားတာပါ။ အဲဒီ စာရေးထားပါတယ်။ အရှင်ကြီး ကိုယ်တိုင် မဖယ်ပေးသမျှ ကာလ ပတ်လုံး ကမာ္ဘတည်သ၍ ဒီအတိုင်း ခံစားရစေလို့ ရေးထားပါတယ်။ အိုးကို တူးပြီး ထို ကျောက်ပြားကို ဖယ်ပြီး အိုးထဲက ပြာတွေကိုတော့ ရေထဲ မျှောပေးရင် အားလုံး စုပေါင်းပြီး မီးလောင်နေရတာ လွတ်ပါပြီ။ ထို ကျောက်ပြားကိုတော့ မြစ်ဆိပ် တခုမှာ သွားပြစ်ပေးပါ။

ဖြစ်နိုင်ရင်တော့ ဒီက လူတွေ အတွက် ကုသိုလ်ကောင်းမှု လုပ်ပြီး အမျှဝေပေးစေချင်ပါတယ်။

အရှင်ကြီး အခု သွားရတော့မှာ မို့.. ဒီကနေ ထွက်ခွာဖို့ လုပ်ပေးမယ်။ အဝတ်လဲပြီး လိုက်ခဲ့ပါ။

ထို အမျိုးသမီး ပြောသမျှ စကားကို အာရုံ စူးစိုက်ပြီး အတွေးမရေမရာနဲ့ တွေးနေရင်းနဲ့ သူပြောတဲ့ အတိုင်း အလာတုန်းက ဝတ်ထားတဲ့ အဝတ်တွေ ပြန်လဲ ပြီး အဆောင်အအုံထဲက ထွက်တာနဲ့ ခေါင်း ခြေလက် မပါ တဲ့ စစ်သူကြီး ဝတ်စုံ သာ ရှိတဲ့ စစ်သူကြီးရဲ့ မြင်းပေါ်ကို အမြန်တက်ပြီးတော့ မြူခိုးတွေ ကြားထဲက ဖြတ်သန်းသွားရင်း နေထိုင်ရာ ပတ်ဝန်းကျင်နဲ့ နီးစပ်တဲ့ အဆောက် အအုံတွေ ကို စတင် မြင်တွေ့နေခဲ့ရပါပြီ။
ထိုအချိန်မှာ ရုတ်တရက် မြင်းပေါ်က ပြုတ်ကျသလို ခံစားချက်ဖြစ်ပြီးတော့………………….

———–

မျက်စိပွင့်ပြီး သတိရတဲ့ အခိုက်မှာတော့…
စိုးမိုး မင်းသတိရလာပြီလား။

ဟင်.. ကိုလင်း ငါဘယ်ရောက်နေတာလဲ..

င်းနဲ့ ငါ လမ်းမှာ ငိုက်ပြီး ကားရှောင်လိုက်တာလေ မှတ်မိလား.. သစ်ပင်ကြီး တပင်ကို ဝင်တိုက်ပြီး မင်းသတိလစ်သွားတာ အခုမှ သတိရတာ..

အော်…. ဆိုပြီး အတွေးကတော့ ငိုနေတဲ့ အမျိုးသမီး ပြောတဲ့ စကားများနဲ့ စစ်သူကြီးကို ပြေးမြင်မိနေပါတယ်။

ကိုလင်း ကားတိုက်တုန်းက ဘာဖြစ်သွားသေးလဲ။

ငါဘာမှ မဖြစ်ဘူး.. မင်းသာ သတိလစ်သွားတာ ၁လ နီးပါး ဖြစ်နေတာ.. ဆရာဝန်တွေကတော့ ပြန်သတိရလာပါလိမ့်မယ်လို့ ပြောတယ်။

ဒါနဲ့ ရုံးကိစ္စကော အဆင်ပြေသွားလား။

မင်းကလည်းကွာ မင်းမလုပ်နိုင်လည်း တခြားလူလုပ်လို့ရတာဘဲ အေးဆေး နားစမ်းပါကွာ….

ဒါနဲ့.. မင်းမှတ်မိလား ငါတို့ တိုက်မိတဲ့ သစ်ပင်ကြီးကို.. မှတ်မိရင် နောက်နေ့ ဆေးရုံက ဆင်းရင် တခေါက်လောက်သွားချင်တယ်။ လိုက်ခဲ့ပေး.. ငါထူးဆန်းတဲ့ ကိစ္စ တခု သတိလစ်နေတုန်း အိပ်မက် မက်တယ်။

ဘာလဲမင်းက အိပ်မက်ထဲမှာ သစ်ပင် ထဲက နတ်သမီးချောချော မင်းကို လာပြုစုတာလား…

ထိုမေးခွန်းကို မဲ့ပြုံးပြုံးပြီး မဖြေဘဲ မျက်စိ ပြန်မှိတ်ပြီး အနားယူလိုက်ပါတယ်။

——————————-
ဆေးရုံက ဆင်းပြီး ၁ဝရက် အကြာ

သတိလစ်တုန်းက မြင်တဲ့ အရာတွေကို ဟုတ်ကဲ့လား ဆိုတဲ့ အတွေးနဲ့ အတူ အလုပ်လက်ကျန်များ မအားလပ်သေးတာနဲ့ သစ်ပင်ကြီး ဆီကို မသွားခဲ့ရသေးပါဘူး။ လုပ်လက်စ အလုပ်တွေကို လုပ်နေရင်း ရုတ်တရက် အရမ်းအိပ်ချင်သလို ဖြစ်ပြီး အလုပ်စားပွဲပေါ် ခေါင်းတင်ပြီး အိပ်ပျော်သလို ဖြစ်တဲ့ အချိန်မှာ စစ်သူကြီးနဲ့ အပေါင်းအပါတွေကို အိပ်မက် အနေနဲ့ မြင်ပြီး ရုတ်တရက် ဇောချွေးတွေ ပြန်ပြီး တုန်ပြီး လန့်နိုးသွားခဲ့ပါတယ်။ ဒီလို အိပ်မက်မျိုး ခပ်ဆင်ဆင် မက်တာ ၅ခါ တောင် ရှိနေပါပကောလား……

အတွေးထဲမှာတော့ မဖြစ်ဘူး သွားကြည့်မှ ဖြစ်တော့မှာပါဘဲ ဆိုပြီး အလုပ်ကို ခွင့်ယူပြီး ကိုလင်း ကိုလည်း အဖော် အနေနဲ့ အတင်းခေါ်ပြီး ကားမောင်း ထွက်ခဲ့ပါတယ်။
လမ်းမှာတော့ သတိလစ်တုန်းက မြင်ခဲ့ တွေ့ခဲ့တာတွေကို ဖြေးဖြေးချင်း ပြောပြခဲ့ပါတယ်။
ကိုလင်း ကလည်း နားထောင်ရင်း တော်တော် အံအားသင့်နေပါတယ်။

သစ်ပင်ကြီး ဆီကို ရောက်တဲ့ အခါ ဘယ်နားက စတူးရမှန်းလည်း မသိဘူး.. သစ်ပင်ကတော့ တိုက်ခဲ့တဲ့ သစ်ပင်ဆိုတာ သေချာနေပါတယ်။ သစ်ပင်ကြီးကို လှည့်ပတ်ကြည့်နေရင်းနဲ့.. လူတယောက် ဖြတ်သွားတာ မြင်တော့.. ကိုစိုးမိုးက
အကိုကြီး ဒီနေ့ ဘာနေ့လဲ.. လပြည့်နေ့လေ..
ဆိုတဲ့ အသံကြားတော့ အရမ်းပျော်သွားတယ်။
ကိုလင်းကို လှမ်းပြောလိုက်တယ်.. ခဏစောင့် ငါတို့ ဘယ်နားတူးရမလဲ ဆိုတာ အလိုလို သိလာလိမ့်မယ်။
ဒီလိုနဲ့ ခဏစောင့်ရင်း သစ်ပင်အောက်မှာ ထိုင်ပြီး စကားပြောနေရင်းနဲ့.. ညနေစောင်းခါနီး ၄နာရီ လောက်မှာတော့.. သစ်ပင်ပေါ်ကနေ သစ်ကိုင်းခြောက် ၁ခု ပြုတ်ကျလာပါတယ်။
နှစ်ယောက်သား အတွေးကိုယ်စီနဲ့ မျက်လုံးချင်းဆုံပြီး ကြည့်လိုက်တယ်။ ပြီးတော့ ခပ်တည်တည် နဲ့ စကားဆက်ပြောနေရင်းနဲ့ ထိုနေရာမှာဘဲ ထပ်ပြီးတော့ သစ်ကိုင်းခြောက်တွေ ဆက်တိုက် တခုပြီး တခု ကျလာတာနဲ့.. ငါတို့ ဒီနေရာ တူးရအောင် ဆိုပြီး တူးလိုက်တာ.. ၄ပေ လောက် တူးလိုက်တဲ့ အခါမှာ.. တခုခု ရှိတာ တွေ့မိတယ်။ မြေကြီးကို သေချာ ဖွ ကြည့်လိုက်တဲ့ အခါမှာတော့ အိုးတလုံးကို တွေ့ပါတယ်။ အိုးကို အမြန်ဖွင့်ကြည့်တဲ့ အခါမှာတော့ ကျောက်ပြား တချပ် ကို တွေ့ပါတယ် တခြားကတော့ မြေမှုန့်တွေလိုလို ညက်ညက် ဖြစ်နေတဲ့ ပြာတွေများ လားတော့ မသိဘူး။
ပြောတဲ့ အတိုင်း ရေထဲမှာ ထို အမှုန့်တွေကို ရေထဲမှာ မျှောပေးဖို့ အနီးဆုံးမှာ ရှိတဲ့ မြစ်ကို သွားပြီး စက်လှေ ငှားပြီး ရေထဲ ချပေးလိုက်ပါတယ်။ အမှုန့်လေးတွေ ရေပေါ်မှာ ခဏ တဖြုတ် ပေါ်ပြီး ရေစီးကြောင်းနဲ့ အတူ ပါသွားပြီး ပျောက်သွားပါတယ်။ ကျောက်ပြားလေးကိုတော့ မြစ်ဆိပ်မှာ ပြစ်ချပြီး ထွက်ခွာလာခဲ့ပါတယ်။

နှစ်ယောက်သား အပြန်လမ်းမှာ တခုခုတော့ လုပ်နိုင်သွားပြီ ဆိုတဲ့ ပီတိ နဲ့ ပြန်လာခဲ့ပါတယ်။
ကိုစိုးမိုးက နောက်နေ့မှာတော့ ငါတို့ ဘုန်းကြီး ပင့်ပြီး ဆွမ်းနဲ့ သင်္ကန်းတွေ ကပ်ပြီး အမျှဝေ ရအောင်ကွာ.. ဆိုတဲ့ စကားကို ကားမောင်းရင်း ပြောတာ ကြားတဲ့ အခါမှာ လှည့်ကြည့်မိတော့ သစ်ပင်ရှေ့က ဖြတ်သွားတဲ့ နေရာလေး ဖြစ်နေတာ သတိထားမိတော့တယ်။

28 comments

  • weiwei

    April 14, 2011 at 7:37 am

    နွေခေါင်ခေါင် နေ့ခင်းဘက် အိပ်ပျော်ရင်း အိမ်မက်မက်နေတာလား .. ?

  • kai

    April 14, 2011 at 9:12 am

    ကိုယ်တိုင်ရေးတာလား..။ ဇတ်လမ်းက.. အခုခေတ်..ခေတ်စားနေတဲ့..ရုပ်ရှင်မျိုးရိုက်လို့ရတယ်..။
    ခေတ်၂ခုတော့ အနည်းဆုံးခွထားမှာပဲ..။
    လူကြိုက်များနိုင်ပါတယ်..။ 🙂

    • ဆူး

      April 14, 2011 at 1:20 pm

      ကိုယ်တိုင်ရေးတာပေါ့.. သဂျီးရဲ့.. တနေ့က အဲဒါရေးမလို့ တွေးရင် အိပ်ပျော်သွားတာ.. အိပ်မက်ထဲမှာတောင် အမှောင်ခန်းထဲက တံခါးတွေ လိုလိုဘာလိုလိုနဲ့ စိတ်ကူးရင်း စွဲသွားလို့.. အမြန်ချ ရေးလိုက်တာ။
      ဒီနေ့ မျက်စိတောင် ညောင်းတယ် စာတင်ပြီး အမှား ပြန်စစ်ဖို့ မဝေ ကို အကူအညီ တောင်းပြီး မှားတယ် ဆိုတဲ့ စာလေးတင် ပြန်ပြင်ထားရတာ။

  • KoNyeinChan

    April 14, 2011 at 9:59 am

    ပုံပြောကောင်းတဲ့ ဆူးဆူး…. 😀

  • ငှက်ကြီး

    April 14, 2011 at 12:29 pm

    အန်တီဆူးက အတွေးကောင်းလိုက်တာ…တစ်ကယ့်အဖြစ်အပျက်တော့မဟုတ်ဘူးထင်တယ်။

  • hmee

    April 14, 2011 at 12:41 pm

    ဆူးရေ ဖတ်ရင်း စာက ဆွဲခေါ်သွားတာ မျက်စိထဲမှာ သံလျှင် သွားတဲ့လမ်းကို ပြေးမြင်မိတယ်။

  • weiwei

    April 14, 2011 at 1:15 pm

    မှီက သံလျင်သွားတဲ့လမ်းဆိုတော့မှ သတိရသွားတယ် … ကျွန်မတစ်သက်မှာ တစ်ခါပဲ ကားမှောက်ဖူးတယ် .. သန်လျင်က ကျားဘုရားကုန်းနားမှာ … ကားက ဘာနဲ့မှ မတိုက်ပဲ ချော်ပြီး မြောင်းထဲ ပြုတ်ကျသွားတာ … ကံကောင်းလို့ မသေခဲ့တာ ….

  • ဆူး

    April 14, 2011 at 1:22 pm

    မဝေက ကားတိုက်တာ မြောင်းထဲ ပြုတ်ကျတာကိုးးးးးးးးးးး.. သစ်ပင် ဝင်တိုက်ရင်.. ဒန်တန်တန်.. ဆိုပြီး လာခေါ်လို့.. ဝိုင်းပြီး မမဖျား.. ဆိုပြီး ဂါရဝ ပြုတာ ခံရအုန်းမယ်။

    • eros

      April 14, 2011 at 2:20 pm

      မမက ဖျား ရသလား မဆူးရဲ့ lol.

  • ဆူး

    April 14, 2011 at 2:40 pm

    နေမကောင်း ဖြစ်မှတော့ ဖျားမှာပေါ့ ဦးလေးရဲ့.. ဒါလေးတောင် မသိဘူးလား။

  • eros

    April 14, 2011 at 3:14 pm

    အောင်မငီး တားတား ဂို ဦးယေးဒဲ့။

  • kopauk mandalay

    April 14, 2011 at 3:28 pm

    ဖတ်လို့ကတော့ ကောင်းသဗျာ။
    အရင်က ကိုပေါက်ရေးရင် ရှည်တယ်ဆိုတဲ့သူလဲ စာရေးရတာ လက်တွေ့ လာတော့ ရှည်တတ်သွားပြီ။
    နောက်ဒါမျိုးလေး ဆက်ရေးပါ
    ဒီဇာတ်လမ်းလေးကို ဆက်စဉ်းစားကြည့်လိုက်မယ်နော်
    ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက်က ရွာထဲဝင်ဇာတ်လမ်းရှာတော့ ဒီပို့စ်လေးကိုကြိုက်သွားပြီး ဝယ်ပြီးရုပ်ရှင်ရိုက်ရော
    အဲဒီကားက လူကြိုက်များပြိးပေါက်သွားရော
    အဲဒီအခါမှာ မြန်မာပြည်ရဲ့ထုံးစံအတိုင်း နာမယ်ကြီးသွားတော့
    ဆူးဆိုတဲ့ နာမယ်က သီချင်းရေးတဲ့ မန်းလေးသား တစ်ယောက်ရှိပါတယ်ဆိုပြီး
    မန်းလေးက ကိုပေါက်က ဝင်ဖွမယ်။
    အဲတော့ ဆူးမမ ကလဲ မန်းလေးဂေဇက်မှာ ကော်မင်းတွေပေး စာတွေရေးနေတာကြာပေါ့။
    မယုံရင် သူကြီးမေးကြည့် ကိုယ်တိုင်ရေးတာတွေတင်တာ။
    ဒီဇာတ်လမ်းတောင်မှ အရင်ပဌာန်းဆက်ရှိလို့ လာနိူးဆော်လို့ရေးထားတယ်။
    လေရူးသုန်သုန်(Gone with the wind) ရေးတဲ့ စာရေးဆရာမလို အိပ်မက်ထဲမှာတစ်စုံတစ်ယောက်ကလာတိုက်တွန်းသလိုကြောင့်ရေးဖြစ်တာဆိုပြီးပြန်ချေပတာပေါ့။
    ကိုပေါက်ကလဲ ပြန်ပြောတာပေါ့။
    ဆူး ဆိုတာ ကွယ်လွယ်သွားပြီဖြစ်တဲ့ လွှမ်းမိုးကို သီချင်းရေးပေးနေတဲ့နန်းရှေ့သား သူလဲကွယ်လွန်သွားပြီ.
    နာမယ်တူရှိနေလို့ ဖော်ပြပေးတာ နောက်လူ က နာမယ်ပြောင်းပေးရမယ်ဆိုပြီး
    မန်းလေးသားပြီပြီ ကြွယ်တော့ တာပေါ့
    အဲဒီမှာ ………………အားလုံးကလဲ ရွာသူလေးဆူးအတွက် ဝင်ပါကြတော့
    ဗေပုံထိပုံ ထီ ဗေပုံထိပုံ ထီ ဗေပုံ ဗေပုံ
    (ကိုပေါက်လဲ ဆူးလို အိပ်မက် မက်ကြည့်တာပါ။
    အတည်ပြောတာမဟုတ်ဘူး ဟာသနော်)

  • ဆူး

    April 14, 2011 at 3:42 pm

    အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
    ကိုပေါက် မန်း ရေးတဲ့ ပိုစ်တွေကို စာရှည်လို့ စာဖတ်ရမှာ ပျင်းလို့ မဖတ်ဘဲ နေတာ များသလို စာရှည်တယ်လို့ တီးတိုးတော့ ဝေဖန်ဘူးတယ်။
    ဝတ္တုတိုလိုမျိုးရေးဖို့ အကြံပေးတဲ့ အတိုင်း ရေးလိုက်တာပါ။
    စာဖတ်အားနည်းတဲ့ အတွက် အဖြတ်အတောက် နဲ့ အချိုးတကျ ဖြစ်ဖို့ကတော့ လွယ်မယ် မထင်သေးဘူး။ လေ့လာ ရပါအုန်းမယ်။
    ရုပ်ရှင် ဒါရိုက်တာ ဆိုလို့..
    ဟယ်ရီပေါ်တာ ဇတ်လမ်း ဝတ္တုကို စာရေးဆရာမ ကလေးကျောင်းကြိုတာ စောင့်ရင်းရေးထားတယ် ဆိုလား… ကြားဖူးတယ်။
    အခုတော့ ဇတ်လမ်းထဲမှာ သရုပ်ဆောင်တဲ့ မင်းသားလေးတောင် သူဌေးကြီး ဖြစ်နေပါပြီ။
    မမှန်းရဲပေမဲ့ စိတ်ကူးတော့ အလွတ်တန်းယဉ်ပိုင်ခွင့်ရှိပါတယ်။ အခု ပြောလို့ ရုတ်တရက် စိတ်ကူးယဉ်လိုက်သည်။

    • ငှက်ကြီး

      April 14, 2011 at 5:35 pm

      ဟယ်ရီပေါ်တာ ထက်ကို ကော့ကရိတ်ပေါ်တာက ပိုဆိုးတာပေါ့။
      လက်နက်ကြီးကြည်ဆံတွေထမ်းခိုင်းတာ…(ဟီး.ဟီး..ဘာမှလဲမဆိုင်ဘူး)

  • kopauk mandalay

    April 14, 2011 at 3:47 pm

    ဆူးမမရေ
    ဆက်ရေးပါ ဇာတ်လမ်းရှည်ရှည်လေးတွေ။
    ကိုပေါက် အဖော်ရတာပေါ့ နော်………………………………….

  • unclegyi1974

    April 14, 2011 at 4:56 pm

    အိမ်မက်ကမှန်လာတတ်တယ်နော်
    သတိထားနေပါ

  • ဆူး

    April 14, 2011 at 5:07 pm

    ဆူးက ဇတ်လမ်း ရေးဖို့ တွေးရင်း ဇတ်ကောင်နေရာမှာ လမ်းဝင်လျောက်မိတာ..
    အတွေးများရင် အဲလိုဘဲ.. စိတ်ထဲက ဖြစ်ချင်တာဆို အိပ်မက်ထဲ အထိ လိုက်ဖြစ်တတ်တယ်။ အစွဲ အလန်း တမျိုးဘဲ။ အလုပ်တခုကို လုပ်ချင်တာ မလုပ်ရသေးဘူးဆိုရင် အကြိမ်ကြိမ် စိတ်နဲ့ လုပ်နေမိတယ် လုပ်ပြီးသွားရင် အဲဒီ အတွေး မရှိတော့ဘူး။ ဒါကြောင့် တွေးမိတာနဲ့ ဆက်တိုက် ချရေးလိုက်တာပါ။

    ဇတ်လမ်းတွေကို လျောက်တွေးနေလို့.. စိတ်စွဲလွန်းပြီး အိပ်မက် ထဲ အထိ ပါသွားလို့ အတွေးတခု ဝင်မိတယ် အခုနေ သေရင်တော့ ပဟာသ ငရဲကို တန်းနေမှာဘဲလို့.. အိပ်ပျော်တယ်ဆိုတာ ၅၀% သေတာလို့ စာအုပ်တခုမှာ ဖတ်ဘူးတယ်။ ရှင်ဆန္ဒာဓိက ရဲ့ မသေခင် အစမ်းသေရအောင် ဆိုတဲ့ စာအုပ်မှာလည်း အိပ်ခါနီးတိုင်း စိတ်ကို ဖြောင့်ဖြောင့် ထားနိုင်အောင် လေ့ကျင့်ခိုင်းတာမျိုး ရေးထားတာ ဖတ်ဘူးတယ်။

  • တညင်သား

    April 14, 2011 at 5:19 pm

    အဟမ်း …. နောက်တခါ သန်လျှင်လာ ရင် သတိထားကြ… မပြောလိုက်ချင်ဘူး .. ကျွန်တော် တို့ နေရာကိုများ မကောင်းဆိုးဝါး နယ်မြေကြနေတာပဲ.. ဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    • ဆူး

      April 14, 2011 at 5:26 pm

      မခြိမ်းခြောက်ပါနဲ့.. တညင်သားရယ်…..
      ဆူး ဘယ်နားလို့ တခုမှ ရေးမထားပါဘူး။
      ဘယ်နေရာလဲ ဆိုတာ စာဖတ်သူရဲ့ အတွေးပါ။ ပုံစံကို ရေးထားတာ စာဖတ်သူက မြင်ချင်တဲ့ နေရာကို မြင်ပြီး တွေးချင်သလို တွေးကြတာပါ။ စာဖတ်သူ့ မြင်တယ် ဆိုတာလည်း နေတဲ့ နေရာ ပတ်ဝန်းကျင်နဲ့ နီးစပ်ပြီး မြင်နေကျ ပတ်ဝန်းကျင်ကို စိတ်ကူးယဉ်တာပါ။
      တနည်းအားဖြင့် သန်လျင် လို့ ဝင်ရေးတဲ့ သူတွေ အားလုံးက သန်လျင်သူတွေ ဖြစ်နေမလားဘဲနော်။ ဆွေမျိုးစပ်ကြပါစေ ကုန်သတည်းးးးးးးးးးးးး

  • တညင်သား

    April 14, 2011 at 5:57 pm

    မခြိမ်းခြောက်ပါဘူးဗျာ..ဆူးရေးမထားမှန်လဲသိပါတယ်..ဖတ်လိုက်တယ်ဆိုတဲ့သဘောရိုးနဲ့မန်းလိုက်တာနော် ..မှီ ကတော့ အညာသူ. မဝေ က သန်လျင်သူလား….

    • weiwei

      April 15, 2011 at 2:32 am

      တညင်သားက ဆွေးမျိုးလာစပ်နေပြန်ပြီ … ကျွန်မကို သန်လျင်မှာမွေးတာ … အထက်တန်းအထိ သန်လျင်မှာ နေခဲ့တာ … အခုတော့ ရန်ကုန်မှာ နေပါတယ် …

  • bigcat

    April 15, 2011 at 12:56 am

    ပင့်ဖို့ဘုန်းကြီးရှာမရရင် ရွာထဲကဘဒ္ဒန္တအောင်ပု၊ သျှင်ကြီးတပ်မ၇၇၊ အဓမ္မဝါဒီသဂျီး သုံးယောက်ကိုပင့်ဗျို့။ ဘယ်လောက်စွမ်းသလဲဆို ကျွတ်ပြီးသားတောင် နဂိုအတိုင်း ပြန်ဖြစ်သွားတယ်…

  • ဆူး

    April 15, 2011 at 2:50 am

    ဦးကြောင်ကြီးက ကပ္ပိယ လုပ်မလို့လား။

  • ဆူး

    April 15, 2011 at 9:31 am

    ဒီဇတ်လမ်းရေးဖို့ အတွေးက တနေ့က ရွှေFM က စာအုပ်စဉ် အစီအစဉ်မှာ ဆရာကြီး ဒဂုံရွှေမြှားရဲ့ ကျိမ်စာသင့် ကျောက်နားရွက် တဖက် ကို ဖတ်ပြတာ.. စကားပြောနဲ့ တီးလုံးတွေ စိတ်လှုပ်ရှားအောင် လုပ်ပြီး တင်ဆက်သွားတာ လူတောင် ဇတ်လမ်းထဲ ရောက်သွားတယ်။ အဲဒီ စာအုပ် ဇတ်လမ်းတော့ မဖတ်ဘူးပါဘူး။ ဖတ်ပြတဲ့ ဇတ်လမ်းကလည်း စိတ်ဝင်စားစရာ ကောင်းတဲ့ အခန်းလောက်ဘဲ ဖတ်ပြတာ.. စာအုပ်ရောင်းချင်လို့ ဖတ်ပြတဲ့ဟာဆိုတော့….
    နားထဲ ကြားတဲ့ တစွန်းတစ နဲ့ စိတ်ကူးရပြီး ရေးချင်ရာ လျောက်ရေးလိုက်တာ။

  • ကရင်လေး

    April 15, 2011 at 1:58 pm

    စိတ်ကူးရင်စံစံရေးထားပေမဲ့ဖတ်လို့ကောင်းပါတယ်..

  • Oo Oo

    April 15, 2011 at 2:29 pm

    ဖတ်လို့ကောင်းပါတယ်…ဆက်ရေးပါ..အားပေးတယ်

  • koaung

    December 6, 2011 at 6:33 pm

    စာအရေးအသားကောင်းလှ၏ စိတ်ဝင်စားစွာဖတ်မိပါ၏

    • ဆူး

      December 7, 2011 at 4:04 pm

      ဟိဟိ.. ဒီပိုစ်လေးက သင်္ကြန်တွင်း အိမ်မှာ ပျင်းပျင်း ရှိတာနဲ့ ရေးလိုက်တာ..
      နာမည်တောင် မေ့နေတာ အခုတွေ့မှ သတိရတယ် ဆူး ရဲ့ ဦးနှောက်တွေလည်း အခန်းပျက်နေပြီ နဲ့တူပါတယ်။ ကွန်မန်း ပေးလိုက်လို့ ပြန်တက်လာကျေးဇူးတင်ပါတယ်။

Leave a Reply