၁၃၇၃ နှစ်သစ်သန္နိဋ္ဌာန်(NEW YEAR RESOLUTION)

True AnswerApril 18, 20111min1217

၁) နှစ်သစ်တိုင်းအတွက် အလိုအပ်ဆုံး (သို့)
၁၃၇၃ နှစ်သစ်သန္နိဋ္ဌာန်(NEW YEAR RESOLUTION)

ရာသီအလီလီ ၊ နှစ်တွေအလီလီပြောင်းခဲ့ပါပြီ။ ယခုဆိုလျှင် မြန်မာနှစ်သစ် ၁၃၇၂ မှ ၁၃၇၃ သို့ စတင် ချည်းနှင်းဝင်ရောက်လေပြီ။

အသက်တွေပြောင်း၊ နှစ်တွေပြောင်းလာပေမယ့် ကျွန်တော်တို့ရဲ့ ဘဝနဲ့ ပတ်သက်ပြီး နားလည်မှု၊ သဘောထား ကတော့ ပြောင်းလဲဖြစ်ပေါ်လာခြင်းမရှိသေးပါဘူး။

ကျိန်းသေသည်ကတော့ ကျွန်တော်တို့ မနှစ်ကတွေးနေခဲ့သည့်အတွေးများနှင့် ယင်းအတွေးများကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှုများ သည် ယခုနှစ်သစ်မှာဖြစ်နေသည့် အတွေးများ ခံစားမှုများနှင့် သိပ်ပြီး ကွာဟမှုမရှိခြင်းပင်ဖြစ်သည်။ အရင်အတိုင်းပဲ ဟု ဆို၍ ရနိုင်ကောင်းသည်။ ဤအတိုင်းဆိုလျှင် မနှစ်ကထက် ထူးပြီး ပြောင်းလဲမှုမရှိ ဖြစ်နေပြီ ဆိုသည်မှာ ကျိန်းသေသလောက် ဖြစ်သည်။

ပြီးခဲ့သည့် နှစ်ဟောင်းတွင် တကယ်စိတ်အေးချမ်းသာ ပျော်ရွှင်ခဲ့ရဲ ့လားဟု မေးလျှင် ထွက်ပေါ်လာ မည့်အဖြေက လူတိုင်း သိပ်မကွာဟု ထင်မိပါသည်။

လာမည့်ယခုနှစ်တွင်လည်း အကယ်၍ ဒီအတိုင်းဆက်သွားလျှင် ဒီအဖြေကိုပင် ဆက်၍ ပေးနေလိမ့်အုံးမည်ဖြစ်သည်။ လူသည် စိတ်ထားနှင့်တန်သည့်ဘဝကို ရသည် ဟု ပညာရှိများကဆိုသည်။ စိတ်နှင့်ဘဝသည် တိုက်ရိုက်အချိုးကျသည်။ စိတ်ထား (သို့) မှန်ကန်တဲ့နားလည်မှု (သို့) တရားအသိဉာဏ်ကို ယခုထက်ပိုပြီး မပြောင်းလဲနိုင်ခဲ့ပါက ဘဝကို ပြောင်းလဲနိုင်မည်မဟုတ်ဟု ဆိုလိုရင်းဖြစ်သည်။ ထို့အတွက် ယခုလာမည့်နှစ်တွင် အပြောင်းအလဲများဖြစ်စေရန် စိတ်ထားကို (သို့) မှန်ကန်တဲ့နားလည်မှု (သို့) တရားအသိဉာဏ်ကို ယခုထက်ပိုပြီး စတင်ပြီး ပြောင်းလဲပစ်ဖို့ အထူးလိုအပ်နေပြီဖြစ်ကြောင်း ကောက်ချက်တစ်ခု မိမိဖာသာ ဇွတ်အတင်းချဖြစ်လိုက်သည်။

ဟုတ်ပါသည်…

နှစ်ဟောင်းတစ်ခုမှ နှစ်သစ်သို့ကူးပြောင်းလိုက်သဖြင့် ရောက်လာမည့်နှစ်သစ်တွင် အစစအရာရာ အကောင်းဆုံးများဖြင့် အလျှံပယ်ပြည့်စုံနေပြီး လိုတိုင်းတ စိတ်တိုင်းကျ ဖြစ်ရတော့မည်ဟု လူအများစုက မျှော်လင့်တောင့်တတတ်ကြသည်။ ထိုသို့တောင့်တမျှော်လင့်ခြင်းသည် စိတ်ပညာရှုထောင့်ကကြည့်လျှင် ကောင်းသည်ဟု ဆိုနိုင်သော်လည်း အသိတရားကြီးကြီးဖြင့် ဖြစ်နိုင်ချေများအပေါ် ဆင်ခြင်စဉ်းစားကြည့်တတ်မည်ဆိုပါက ၄င်မျှော်လင့်ချက်များသည် ပုံပြင်တစ်ပုဒ်ထဲကလို လကိုရောက်ဖို့ လှေကားဆောက်ရင်း ပျော်ရွှင်နေကြသူများပမာ ဖြစ်နေလေတော့သည်။ မြတ်စွာဘုရားတရားတော်အရဆိုလျှင် ”အကြောင်းကောင်းမှ အကျိုးကောင်းနိုင်မည်” ဖြစ်သည်။ ထိုအဆိုကို မည်သူစောဒကတက် ငြင်းလိုပါသနည်း။ သိုးဆောင်းစကားပုံ၌လည်း “You will get what you deserve” ဆိုသော စကားက ရှိနေပြီးဖြစ်သည်။

ကျော်လွန်ဖြတ်သန်းပြီးသွားခဲ့သော နှစ်အချိန်ပေါင်းများစွာကို ကောင်းစွာအသုံးချနိုင်ခဲ့သူမှသာ ပျော်ရွှင်ဖွယ်နှစ်သစ်ဟူသည် ဖြစ်ကောင်းဖြစ်လာနိုင်ဖွယ်ရှိသည်။ ထိုစကားရာနှုန်းပြည့်မှန်ကန်ဖို့ရန်တွင်တောင်မှ ကာယကံရှင်၏ လာမည့်နှစ်သစ်အတွင်းပြုလုပ်မည့် အလုပ်ကံများပေါ်တွင် အများကြီး ခိုမှီနေသေးသည်။

အခြားတစ်ဘက်မှ ပြန်စဉ်းစားကြည့်လျှင်လည်း အကယ်၍ ရှေးယခင်ကုန်ဆုံးခဲ့ပြီးသော နှစ်များက အကြောင်းကောင်းများ မလုပ်နိုင်ခဲ့သေးလျှင်တောင်မှ ယခုလာမည့်နှစ်အတွင်း အကြောင်းကောင်းများကို ကြိုးစားလုပ်ဆောင်သွားနိုင်ခဲ့လျှင်လည်း အဆိုးထဲမှ အကောင်း ဖြစ်လာနိုင်ပြီး အဖက်ဆယ်နိုင်မည်ဖြစ်သည်။ နောက်တော့မကျသေးဟု ဆို၍ရနိုင်ကောင်းသည်။

နှစ်သစ်တစ်ခု၏ ပထမဆုံးရက် အိပ်ရာမှ နိုးထခြင်းသည် နှစ်ဟောင်းတုန်းကနေ့ရက်များ အတိုင်းပင်ဖြစ်သည်။ နိုးနိုးချင်း ဝင်နေကျအတွေးများသာဝင်လာသည်။ အိပ်ရာမှ ထထချင်း လုပ်နေကျအတိုင်း အလုပ်များသာ လုပ်ဖြစ်သည်။ မနက်စာကလည်း စားနေကျအတိုင်းပဲစားဖြစ်သည်။ နောက် သွားနေကျလမ်းအတိုင်းဘဲ သွားနေကျနေရာကို သွားသည်။ တွေ့နေကျလူတွေနှင့်တွေ့သည်။ ပြန်လာနေကျ အချိန်မှာ အိမ်ကိုပြန်ရောက်သည်။ တကယ်တော့ ဒီနှစ်သစ်ဆိုတာ အရင်နှစ်နှင့် ဘာမှလည်း မကွာဟု စိတ်ထဲတွေးမိသည်။

တကယ်တမ်းပြောရရင်တော့ ယခု နှစ်သစ် အတွက်သာ မကပဲ …..နှစ်သစ်တိုင်းအတွက်…(ဘဝတစ်ခုလုံးအတွက်) ကျွန်ုပ်မှာလည်း အရေးကြီးဆုံးသော သန္နိဋ္ဌာန်..ဆုံးဖြတ်ချက်-အစီအစဉ် (Every New Year Resolution) က ရှိနေနှင့်ပြီးဖြစ်ပါသည်။

၂) သန္နိဌါန်များ…..ကျရှုံးမှုများ နှင့် ….အောင်မြင်မှုများ

ကျွန်ုပ်တို့သည် ငယ်ရွယ်စဉ်ကျောင်းသား ဘဝကတည်း က ဒီနှစ်ဘာဖြစ်အောင်လုပ်မည်….နောက် နှစ်ဘာလုပ်မည်… စသည်ဖြင့် ကျွန်ုပ်တို့ စီစဉ် စိတ်ကူးလုပ်ဆောင်ခဲ့ကြဖူးလေသည်။ ထို့နောက် စီးပွားရှာသောအရွယ် တွင်လည်းကောင်း၊ လူမှုရေးလုပ်ဆောင်မှုများတွင်လည်းကောင်း တခြားသောကိစ္စများ ဆောင်ရွက်ရာတွင်လည်းကောင်း သန္နိဋ္ဌာန်များ …အစီအစဉ်များ ရေးဆွဲ ကာ လုပ်ဆောင်ကြလေသည်။

မဆုံးနိုင်သော အစီအစဉ် သန္နိဋ္ဌာန်များ …ချကာ လုပ်ဆောင်ရာတွင် ကျရှုံးသူများ ရှိသလို ….အောင်မြင်သွားကြသူများလည်း ရှိကြပါမည်။

ငါးတွေလည်းကူးခတ်ရင်း…ငှက်တွေလည်း ပျံသန်းရင်း သေဆုံးသွားကြသလို…
လူတွေလည်း ကြံရင်း ဖန်ရင်း….မိမိယုံကြည်ရာ ကို ရည်မှန်းချက် သန္နိဋ္ဌာန် အတိုင်း အဖန်ဖန်ကြိုးစားရင်း…. သေဆုံးသွားကြပါသည်။

..သန္နိဋ္ဌာန်အတိုင်း အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သူများလည်း ဘဝအတွက်အလုပ်များပြီးဆုံးသွားသည် မရှိပဲ သန္နိဋ္ဌာန်နောက်တစ်ခု တစ်ခုပြီးတစ်ခု..ချမှတ်ကာ…လုပ်ဆောင်လိုက်…အဆင်ပြေလိုက်…နှင့် အဟုတ်ကြီး ဟုတ်နေသူများလည်း ရှိနေပေသည်။

၃) ထားဖူးခဲ့သော၊ ပျက်ပြယ်ခဲ့ဖူးသော ….

ကျွန်ုပ်တို့သည် တစ်ခုခုဖြစ်ဖို့၊ တစ်ဦးဦးဖြစ်ဖို့၊ ဘာဖြစ်ဖို့၊ ညာဖြစ်ဖို့၊ ဘယ်လိုလုပ်ဖို့၊ ညာလိုလုပ်ဖို့ စသည်ဖြင့် ရည်မှန်းချက်များ သန္နိဋ္ဌာန်များ ချဖူး၊…ထားဖူး၊ လုပ်ဖူး၊ ရယူဖူး၊ ပျက်ပြယ်ခဲ့ဖူးလေပြီး

ဘာသာရေးသမားဖြစ်စေ၊ စီးပွားရေးသမားပဲဖြစ်စေ၊ နိုင်ငံရေးသမားဖြစ်စေ၊ လူမှုရေးသမားဖြစ်စေ၊ သုတေသနသမားဖြစ်စေ၊ ဒုစရိုက်သမားဖြစ်စေ ကျွန်ုပ်တို့အားလုံးဟာ ရည်မှန်းချက်ထား၍ ဆုံးဖြတ်ချက်အတိုင်း အင်တိုက်အားတိုက် ကိုယ်ရောစိတ်ပါ လုပ်ဆောင်ရန် ကျွန်ုပ်တို့ လေ့လာဖူး၊ နာကြားဖူး၊ သင်ယူခဲ့ဖူးကြပါသည်။

၄) မကြားဖူးသေးသော ရည်မှန်းချက် (အဟုတ်ထင်ငြိတွယ်မှု ကင်းစေဖို့သာ)

ဒါပေမယ့် ဘာသာရေးသမားဖြစ်စေ၊ စီးပွားရေးသမားပဲဖြစ်စေ၊ နိုင်ငံရေးသမားဖြစ်စေ၊ လူမှုရေးသမားဖြစ်စေ၊ ပညာရေး သုတေသနသမားဖြစ်စေ၊ …… (တစ်ခုခုဖြစ်ဖို့၊ တစ်ဦးဦးဖြစ်ဖို့၊ ဘာဖြစ်ဖို့၊ ညာဖြစ်ဖို့ ) ဆိုသည့် သန္နိဋ္ဌာန် ရည်မှန်းချက်များ ကိုလည်းကောင်း၊ ထိုရည်မှန်းချက်များ လုပ်ဆောင်နေမှုကိုလည်းကောင်း၊ ထိုထိုရည်မှန်းချက်များ အောင်မြင်မှု(သို့) ကျရှုံးမှုကိုလည်းကောင်း အဟုတ်ထင်ငြိတွယ်မှု ကင်းကင်းနှင့် လုပ်ရုံသက်သက်လုပ်တတ်ဖို့ သည်သာ တကယ့်ကို အရေးကြီးဆုံးဖြစ်ကြောင်း ကိုတော့ ကျွန်ုပ်တို့ ကြားတောင်မကြားဖူးကြပါချေ။

အနုပညာနယ်၊ စာပေနယ်၊ စီးပွားရေးနယ်၊ လူမှုရေးနယ်၊ နိုင်ငံရေးနယ် စသည့် ဟိုအပူ၊ ဒီအပူ၊ ဟိုအာရုံ၊ ဒီအာရုံ အာရုံနယ်ပယ်များတွင် မနေပဲ တရားအာရုံသို့ တချိန်ချိန်ပြောင်းသင့်ကြောင်း ကျွန်ုပ်တို့ ဗုဒ္ဓဘာသာများ သဘောပေါက်ကြပါသည်။

(တရားအာရုံဆိုတော့လည်း ကျွန်ုပ်တို့ သည် နားလည်သည်မှာ တည်ငြိမ်နေသောတစ်ခုခု (သို့) လှုပ်ရှားနေသောတစ်ခုခု …ဝေဒနာဖြစ်စေ၊ ထွက်သက်ဝင်သက်ဖြစ်စေ၊ ပိန်မှုဖောင်းမှုဖြစ်စေ၊ အလင်းနိမိတ်ဖြစ်စေ၊ စကားလုံးဖြစ်စေ၊ အဓိပ္ပါယ်ဖြစ်စေ စသည့် အာရုံတစ်ခုခုတွင် စိတ်ကို စူးစိုက်နေနိုင်ရန်ကြိုးစားခြင်းလောက်ဖြင့်သာ နားလည်မှု လမ်းဆုံးသွားပါသည်။)

.ကျွန်တော်အတွက်တော့ –
စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးစသည့် ဟိုအပူ၊ ဒီအပူ၊ ဟိုအာရုံ၊ ဒီအာရုံ အာရုံများကို ရော……
တရားအာရုံဆိုသည့် တည်ငြိမ်နေသောတစ်ခုခု (သို့) လှုပ်ရှားနေသောတစ်ခုခု …ဝေဒနာဖြစ်စေ၊ ထွက်သက်ဝင်သက်ဖြစ်စေ၊ ပိန်မှုဖောင်းမှုဖြစ်စေ၊ အလင်းနိမိတ်၊ စကားလုံးများ ၊ အသံများကို ဖြစ်စေ၊ တွေ့ကြုံရသမျှ အကောင်းအဆိုးများကို ဖြစ်စေ…အဟုတ်ထင် ငြိတွယ်မှု ကင်းရေးကိုသာ ကျွန်တော် ရဲ့ New year Resolution အဖြစ် ထားရှိကြောင်းပါ။

၅) မပြောင်းလဲသော ပြောင်းလဲခြင်းများလား

ကျွန်ုပ်တို့ ဗုဒ္ဓဘာသာများအပါအဝင် ၊ spiritual ကို အလေးအနက်ထားသော ဗုဒ္ဓဘာသာဝင်အများစု၏ ကြီးမားသော Life Resolution မှာ အချိန်တစ်ခုရောက်လျှင် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးစသည့် ဟိုအပူ၊ ဒီအပူ၊ ဟိုအာရုံ၊ ဒီအာရုံ အာရုံများမှ တရားအာရုံဆိုသည့် ဘုန်းကြီးဘဝ၊ သီလရှင်ဘဝ (သို့) သူတော်စင်ဘဝ..ယောဂီတစ်ယောက်ဘဝ အဖြစ်သို့ ပြောင်းလဲပစ်ရန် ဖြစ်ပါသည်။

မိမိ တွေ့ကြုံရသမျှ …..
“အောင်မြင်မှုဖြစ်ဖြစ်..ကျရှုံးမှုဖြစ်ဖြစ်၊”…..
“အပူအာရုံဖြစ်ဖြစ်…အအေးအာရုံဖြစ်ဖြစ်၊”
“စာရေးရသောဘဝဖြစ်ဖြစ်…စာမရေးပဲနေနိုင်သောဘဝဖြစ်ဖြစ်”၊
“ရောဂါခံစားနေရသောဘဝဖြစ်ဖြစ်…ကျန်းမာနေသောဘဝဖြစ်ဖြစ်၊”
“သုခဝေဒနာဖြစ်ဖြစ်…ဒုက္ခဝေဒနာဖြစ်ဖြစ်၊”
“ဆူညံသောအာရုံဖြစ်ဖြစ်….တိတ်ဆိတ်သောအာရုံဖြစ်ဖြစ်၊”
“ပြေးလွှားနေသောဘဝဖြစ်ဖြစ်….တည်ငြိမ်နေသောဘဝဖြစ်ဖြစ်၊”
“ခမ်းနားသောအိမ်မှာနေသောဘဝဖြစ်ဖြစ်…သစ်တစ်ပင်အောက်မှာနေသောဘဝဖြစ်ဖြစ်”၊
“လွင့်ပါးနေသောစိတ်ဖြစ်ဖြစ်… တည်ငြိမ်နေသောစိတ်ဖြစ်ဖြစ်၊”
“တစုံတခုသောအာရုံ..(ခံစားမှု)ကို နှစ်သက်သောစိတ်ဖြစ်ဖြစ်…..မနှစ်မြို့သောစိတ်ဖြစ်ဖြစ်”
ဒါတွေက အဓိက မဟုတ်ပဲ ….ဒါတွေကို တကယ့်အနှစ်သာရပဲဆိုပြီး ……
အဟုတ်ထင်ငြိတွယ်နေမှု ကင်းဖို့ အရေးသည်သာ ကျွန်ုပ်တို့ ထားသင့်သော နှစ်သစ် အတွက် resolution ဖြစ်သလို နှစ်သစ်တိုင်းအတွက် spiritual resolution ဖြစ်ပါသည်။

ဒီလိုပြောလို့ လောကီ ရည်မှန်းချက်တွေ ဖျက်ပစ်ရမယ်…လို့ မဆိုလိုပါဘူးခင်ဗျား။
ကျွန်ုပ်တို့ လူသားများအတွက် တခြားသော စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး သနိ္နဌါန်များ၊ ရည်မှန်းချက်များ ထားရှိရပါမယ်။
ဒါတွေဟာ ဘဝအတွက် သုံးရုံသက်သက်သက်ရမည့် ဟာတွေ ပါ.. ။
အဟုတ်ထင်ကာ တွယ်နေရမှာမဟုတ်သလို၊ ပစ်ပယ်ရမှာလည်း မဟုတ်ပါ။

သို့ရာတွင် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး ရည်မှန်းချက်များ အပေါ်မှာ လည်းကောင်း၊ ရရှိလာမယ့် … ဖြစ်ပေါ်လာမယ့် အရှုံးအမြတ် အပေါ်တွင်လည်းကောင်း …….အဟုတ်ထင်ငြိတွယ်မှုကင်းရေး (သို့)…..ရည်မှန်းချက်များကို (တစ်ဦးဦး-တစ်ခုခု)ကို ကိုယ်စားမပြုပဲ လုပ်ရုံသက်သက် လုပ်တတ်ဖို့ သည်သာ အဓိက အရေးကြီးဆုံးအဖြစ် ဖြစ်ကြောင်း ကို တော့ နားလည် သိရှိသူ အလွန်ရှားမည်ထင်ပါသည်။

ထိုရည်မှန်းချက်မျိုး ကို ထားရှိဖို့နေနေသာသာ ဘာကြောင့် ထားရတယ်ဆိုတာ ကြားဖူးဖို့ …နားလည်ဖို့ပင် ခက်မည်ထင်ပါသည်။

ဒီနေရာမှာ ဒီရည်မှန်းချက်ကို ဘာကြောင့် ထားရတယ်ဆိုတာ မပြောတော့ပါ။


၆) ဘာပြောင်းလဲချင်တာလဲ ၊ ဘာဖြစ်လို့လဲ..

ကျွန်ုပ်တို့ ဘာဖြစ်ဖို့ …ညာဖြစ်ဖို့၊
ဒီနယ်ပယ်ကနေ…..ဟိုနယ်ပယ်သို့၊
.ဘယ်ဘဝကနေ…ညာဘဝသို့၊
ဒီအခြေအနေကနေ ….ဟိုအခြေအနေဖြစ်သွားဖို့၊
ဘယ်လိုပုဂ္ဂိုလ်မျိုးကနေ …ညာလိုပုဂ္ဂိုလ်မျိုးဖြစ်ဖို့ ၊
ဒီလို လုပ်ဆောင်မှုကနေ..ဟိုလိုလုပ်ဆောင်သွားဖို့၊
တစ်ခုခုလုပ်နေတဲ့ဘဝကနေ….အနားယူတော့ဖို့၊ (သို့) ဘာမှမလုပ်ရာကနေ…တစ်ခုခုလုပ်ဖို့၊ ဘယ်လိုချမ်းသာမှုကနေ….ညာလိုချမ်းသာမှုဖြစ်ဖို့ …
ဘယ်လို ဆိုးရွားတဲ့အခြေအနေကနေ ကောင်းမွန်တဲ့အခြေအနေဖြစ်ဖို့ စတာတွေကို အဓိက ရည်မှန်းချက်ထား လုပ်ဆောင်ခဲ့ဖူးသလို ရည်မှန်းချက်များပြည့်ဝခဲ့ဖူး…(သို့) ရည်မှန်းချက်များပျက်ပြယ် စိတ်ညစ်ခဲ့ဖူးလေပြီ။
……သို့သော် ကျွန်ုပ်တို့ ရည်မှန်းချက်ပြည့်ဝမှုများကိုလည်း ယခုတိုင် အဟုတ်ထင် မက်မောဆဲ၊
ရည်မှန်းချက်များ ပျက်ပြယ်သွားမှာကိုလည်း ယခုတိုင် အဟုတ်ထင် ထိတ်လန့်နေဆဲ။

၇) ခြားနားချက်

ဘာဖြစ် ညာဖြစ်ဆိုတဲ့၊ ဘာ ဘဝ ညာဘဝဆိုတဲ့၊ ဒီအခြေအနေ ဟိုအခြေအနေဆိုတဲ့၊ ဘာချမ်းသာ..ညာချမ်းသာဆိုတဲ့ တစ်ခုခုသော ဒီရည်မှန်းချက်တွေ..တနည်းအားဖြင့် ကာယ-ဝစီ-မနောနဲ့ ပတ်သက်တဲ့ ခံစားမှုတွေ-ဆင်းရဲ-ချမ်းသာအောင်မြင်မှုတွေကို အဟုတ်ထင်ပြီး ကြိုးစားနေမှု…
နှင့်
-ကာယ- ဝစီ-မနောနဲ့ ပတ်သက်တဲ့ ခံစားမှုတွေ-ဆင်းရဲ-ချမ်းသာအောင်မြင်မှုတွေ….
ဘာဖြစ် ညာဖြစ်ဆိုတာတွေကို
အဟုတ်ထင်ငြိတွယ်မှု ကင်းကင်း နှင့် လုပ်စရာတွေကို လုပ်ရုံသက်သက် လုပ်တတ်ဖို့ ရည်မှန်းချက်ထားလုပ်ဆာင်ခြင်း တို့ ရဲ့ ဘာကွာခြားသလဲဆိုတာကို
ရည်ရွယ်ချက် ပြောင်းကြည့်သူ ၊ ပြောင်းကြည့်ရန်ကြိုးစားကြည့်သူမှ သာ နားလည်နိုင်ပေမည်။

ကျွန်ုပ်၏ resolution ရည်မှန်းချက်ပြည့်မပြည့်တော့ မသေချာသေးပေမယ့်။ ကျွန်ုပ်ရည်မှန်းချက်ကို နားမလည်သူတချို့တို့ ရှိမှာသေချာနေပေသည်.။

ကျွန်ုပ်နှင့် ရည်မှန်းချက်တူသူ ရှိမရှိ မသေချာပေမယ့်
ကျွန်ုပ်ရည်မှန်းချက်ကို ဘယ်လိုပြည့်အောင် လုပ်ရမလဲဆိုတဲ့ နည်းလမ်းကိုတော့ သိလိုသူ အလွန်ရှားမှာ သေချာပေသည်။
မည်သို့ပင်ဖြစ်စေ…ကျွန်ုပ်ရည်မှန်းချက် နှစ်သစ်အတွက် resolution လို့ပဲပြောပြော နှစ်သစ်တိုင်းအတွက် life resolution လို့ပဲ ဆိုဆို ဒီ resolution ဟာ ကျွန်ုပ်အတွက် အချိန် အကန့်အသတ်မဲ့ သော တစိုက်မတ်မတ် ကြိုးစားရန်လိုသော (ကျွန်တော့်အတွက်တော့) အကြီးကျယ်ဆုံးသော ရည်မှန်းချက်ပဲ ဖြစ်ပါတော့သည်။

Bonus

ကျွန်ုပ်၏ 2011 resolution or life resolution ကို နားလည်ရန်အတွက်
သင့်ကို အကူအညီပေးမည့် စကားလုံးတချို့ …

၁) သူတပါး အပြစ်ကို ရှာဖွေ စိစစ်နေမှု ထက်
ကိုယ့်စိတ် ကိုယ်စစ် ဖို့ က ပိုမို အရေးကြီးပါ၏…
ကိုယ့်စိတ် ကိုယ်စစ်ဖို့ထက်.. ပိုမိုအရေးကြီးသည်မှာ..
ကိုယ့်စိတ်၊ သူတပါးစိတ်အဖြစ် ခွဲခြားသတ်မှတ်နေမှု၊
ငါ့ရည်မှန်းချက်၊ ငါ့ဆုံးဖြတ်ချက်၊
ငါ့စိတ်၊ သူ့စိတ်၊ တစ်ဦးဦးပိုင်စိတ် အဖြစ် အဟုတ်ထင်ငြိတွယ်နေမှု
အထင်မှားနေမှု (အဝိဇ္ဇာ-သမုဒယသစ္စာ) ပဲ ဖြစ်နေခြင်း ကို
မမေ့ဖို့ – သတိရနေဖို့ – သတိထားနေဖို့ပါ ….

၂) ဝေဒနာ နဲ့ ငါ မရောဖို့ အရေးကြီးပါ၏.
ကိုယ်နာ သော်လည်း စိတ်မနာ ပဲ နေနိုင်ဖို့ လိုအပ်ကြောင်း –
ကျွန်ုပ် သိနားလည်ခဲ့ပြီး ပါပြီ။
နားလည်ဖို့ ထပ်မံ လိုအပ်နေသည်မှာ ….
ကိုယ်နာကျင်မှု-ဝေဒနာကို လည်းကောင်း
စိတ်နာကျင်မှု-စိတ်ခံစားမှု-ဝေဒနာတို့ကိုလည်းကောင်း
ခံစားနေရသောငါ (သို့) မခံစားရသောငါ အဖြစ် ကိုလည်းကောင်း
-တကယ့်အရှိပဲ ဆိုပြီး (တကယ့်အဟုတ်ဆိုပြီး) အထင်မှားနေမှု၊
-အတည်ယူနေမှု၊
-အဟုတ်ထင်ငြိတွယ်နေမှု
ပဲ တကယ်ဖြစ်နေတာ ကို မမေ့ဖို့
အမြဲမပြတ် သတိထား-သတိရနေဖို့ ပါ ….

၃) ဝင်လေ-ထွက်လေ (သို့) ပိန်မှု-ဖောင်းမှု စသည်ဖြင့် ရုပ် တစ်ခုခု သည်လည်းကောင်း..
မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ ကြံတွေးစိတ် စသည့် စိတ် တို့သည်လည်းကောင်း၊
အကောင်းအဆိုး ခံစားချက် ၊ စသည်ဖြင့် ဝေဒနာ တစ်ခုခု တို့သည်လည်းကောင်း ဖြစ်ပြီး ပျက်ပျက်နေသောကြောင့် အတည်ယူလို့ မရပါ။

ဒါကြောင့်….တရားခံက ရုပ်တွေ၊ စိတ်တွေ၊ ဝေဒနာတွေ ဆိုတဲ့ တစ်ခုခုတွေ မဟုတ်ဘဲ..
ဒီ-ရုပ်တွေ၊ စိတ်တွေ၊ ဝေဒနာတွေ၊ တစ်ခုခုတွေ ကို အချိန်တစ်ခုကြာ တကယ် ရှိနေ၊ တကယ်ဖြစ်နေတာ ဟူ၍ အထင်မှားအောင် ဖန်တီးပြုလုပ်နေမှု (အဝိဇ္ဇာ၊သင်္ခါရ)ပဲ တကယ့်တရားခံအစစ် ဖြစ်တယ်ဆိုတာ နှလုံးသားထဲက ခြွင်းချက်မရှိ နားလည်ထောက်ခံ .သွားနိုင်ဖို့ပါ……..

မိတ်ဆွေအပေါင်းတို့ နှစ်သစ်မှာ အားလုံးပဲ စိတ်နှလုံး အေးမြကြပါစေ။

(မှတ်ချက် ။ http://www.vimuttisukha.com/ ကိုဝိမုတ္တိသုခ ဆောင်းပါး ကို ကိုးကားလျှက် တင်ပြခြင်း ဖြစ်ပါသည်)

7 comments

  • naywoonni

    April 18, 2011 at 9:02 am

    ကောင်းကျိုးအထွေထွေနဲ့ ချွန်စေမြစေသော်…..
    ဒေါင်းအိုးဝေရယ်လို့ တွန်စေကစေသော်………။

  • bigcat

    April 19, 2011 at 1:49 am

    ကိုစိုးဝင်ထွဋ်ရေ… ခင်ဗျားမှာ ဆရာရွှေဥဒေါင်းရဲ့ ဒိဋ္ဌေဒိဋ္ဌိမေတံ စာအုပ်အီးဖိုင်ရှိရင် catnosaur@yahoo.com ကိုပို့ပေးရန် မေတ္တာရပ်ခံပါသည်။ ကျနော်ဖေ့ဘွတ်အကောင့်မသုံး၍ ဒေါင်းလုပ်မရဖြစ်နေလို့ပါ။ နောက်ပြီး ဆူနာမီဆရာတော်ကို မေးသောမေးခွန်း အသံဖိုင်လင့်ကိုလည်း သိလိုပါသည်။ အင်တာနက်တွင် နားထောင်ကြည့်ရာ အသံတက်မလာသောကြောင့်ဖြစ်ပါသည်။

  • True Answer

    April 19, 2011 at 1:55 am

    ဟုတ်ကဲ့ ကို BIG CAT

    ဆရာကြီးရွှေဥဒေါင်းစာအုပ်
    ကျွန်တော် အီမေးလ်နဲ့ ပို့ပေးလိုက်ပါ့မယ်။

    ဆူနာမီဆရာတော်မေးဖြေ အသံဖိုင် လင့်လေးပါ
    ပထမပိုင်း http://www.mediafire.com/?ymhixdwnjow
    ဒုတိယပိုင်း http://www.mediafire.com/?mnfnzzmz15i

    • bigcat

      April 19, 2011 at 4:39 am

      ကျေးဇူးအထူးတင်ပါသည်။ ဆရာတော်နဲ့ မချစ်မြတ်နိုးတို့ တရားဖလှယ်သော အသံဖိုင်လင့်ခ်ကိုပါ အပန်းမကြီးလျှင် လိုချင်ပါသည်။

  • bigcat

    April 23, 2011 at 6:23 am

    ကျေးဇူးပါဗျို့။ ကျနော်အခုတော့ ဆူနာမီဆရာတော် တရားတွေကို နေ့တိုင်းနာဖြစ်နေပါတယ်။ ကိုစိုးဝင်းထွဋ်ကို လွန်စွာကျေးဇူးတင်ရှိပါသည်။ ကံကြုံလျှင်တော့ တနေ့ဆုံမည် မျှော်လင့်ပါသည်။

Leave a Reply