သင်္ကြန်ဆိုတဲ့သင်္ကြန်

introApril 18, 20111min1092

မြန်မာတို့ရဲ့ နှစ်သစ်ကူး သင်္ကြန်အချိန်ခါကတော့ဖြင့် လွန်မြောက်ခဲ့လေပြီ… intro တို့ သူငယ်ချင်းတစ်သိုက် ဒီနှစ်ကတော့ ငြိမ်ချက်သား ကောင်းနေသည်… ကောင်းမှာပေါ့၊ လူက စုံမှ မစုံတော့တာကိုး၊ သင်္ကြန်တွင်း ဒုလ္လဘ ရဟန်ခံတဲ့လူက ခံ၊ ခရီးထွက်တဲ့သူကထွက်၊ ကုမ္ပဏီကျေးဇူးနဲ့ ချောင်းသာ သွားတဲ့သူကသွား၊ ထုံးစံအတိုင်းကဲတဲ့သူကကဲနဲ့ သင်္ကြန်တွင်းကာကကို ကျော်ဖြတ်လာခဲ့ကြသည်…
intro တစ်ယောက်ကတော့ ဒီနှစ်သင်္ကြန် အရင်တုန်းကလိုတစ်ရက်မှ မလည်ဖြစ်လိုက်၊ ဘုန်းကြီးလဲ မဝတ်၊ ကားလဲ မလည်၊ မဏ္ဍပ်လဲ မထိုင်ဘဲ ဒီနှစ်တော့ ရပ်ကွက်ထဲမှာပဲ အေးအေးဆေးဆေး နေမယ်ဆိုပြီး စိတ်ကူးလိုက်သည်… ဒါကြောင့်လဲ ဒီနှစ်မှ ရပ်ကွက် သင်္ကြန်ကို ခံစားမိလိုက်သည်…
အရင်နှစ်တွေက ကားလည်ရင်လည်၊ မလည်ရင် မဏ္ဍပ်ထိုင်နေကျမို့ ရပ်ကွက်သင်္ကြန်ကို အခုမှ ပထမဆုံး ခံစားမိတာကတော့ အမှန်ပင်၊ သင်္ကြန်အကြတ်နေ့တုန်းက တစ်ခြားရပ်ကွက်က အဒေါ်တစ်ယောက် စတုဒီသာ ကျွေးမည်ဆိုသောကြောင့် စက်ဘီးလေးဖြင့် ဟိုငေး၊ ဒီငေးနဲ့ ထွက်လာမိသည်… လမ်းမှာတော့ ရပ်ကွက်အထာ စက်ဘီးသင်္ကြန်ကို ကြုံတွေ့လိုက်ရသည်… စက်ဘီးလေးတွေ ကိုယ်စီကိုယ်စီနဲ့ ကောင်လေးကနင်း၊ ကောင်မလေးက နောက်ကနေထိုင်လိုက် အမယ် ဟုတ်နေလိုက်တာ… လမ်းထိပ်တိုင်းလိုလို မိသားစု မဏ္ဍပ်လေးတွေ တစ်ခုနဲ့တစ်ခု အပြိုင်အဆိုင်၊ Sound Box ကိုယ်စီကိုယ်စီနဲ့ တပိုင်တနိုင်ဆင်နွှဲနေကြတဲ့ မြန်မာတို့ရဲ့ ချစ်စရာ့သင်္ကြန်၊ သင်္ကြန်ရေလေးထိလာတော့ သင်္ကြန်ပိုးလေးက ရွပိုးထိုးပြီး ပျော်ချင်၊ ကဲချင်စိတ်တွေက ထလာပြန်ရော၊ ဒါနဲ့ပဲ ခြေရှည်ပြီး ရပ်ကွက် တစ်ပတ်ကို စက်ဘီး ပတ်စီးမိသည်…
အဲသည့်မှာ တစ်ခု သတိထားမိတာက ရေပက်တဲ့ ပုံစံတွေကိုပါ၊ လူငယ်တွေက ဒီလောက်မဟုတ်ဘူး၊ ၁ဝနှစ်၊ ၁၁ နှစ်အရွယ် ကလေးတွေပေါ့… သူတို့တွေက ရေပက်တာကို ဘယ်လို သဘောထားလဲ မသိဘူး၊ ကြမ်းနိုင်သလောက် ကြမ်းအောင် ပက်ချင်ကြတယ်… တချို့ဆို မျက်နှာကြီးတွေ မဲ့ရွဲ့ပြီး ရှိသလောက် အားလေးတွေနဲ့ ပက်ကြတာ၊ လမ်းလျှောက်လာတဲ့သူဆိုရင် ကျောကော့သွားအောင် ခွက်စောင်းခုတ်ကြတာ၊ စက်ဘီးစီးလာတဲ့လူတွေဆိုရင် မျက်နှာတည့်တည့်ကို ခွက်စောင်း ခုတ်တာတွေကို တောက်လျောက် မြင်တွေ့လာရပါတယ်… တစ်ချို့ကလေးတွေ ဘေးမှာဆိုရင် သူတို့ အုပ်ထိန်းသူတွေ ရှိပါတယ်… ဒါပေမယ့် ဒီလို မပက်ကြဖို့ တားမြစ်ရမယ့် ကိစ္စကို မေ့နေတာလား၊ သတိမထားမိကြတာလား၊ ဒါမှ မဟုတ် ဒါကို အပြစ်လို့ မယူဆကြတာလား… ဖြစ်သင့်တာက ဒီအရွယ်ကလေးတွေဟာ အတုမြင်အတတ်သင်အရွယ်တွေပါ၊ နုနယ်လှတဲ့ သူတို့လေးတွေရဲ့ စိတ်ထဲမှာ ရိုင်းစိုင်း ကြမ်းတမ်းမှုတွေဟာ ဒီအရွယ်ထဲက အမြစ်တွယ်လာမှာကို လူကြီးတွေက တားဆီးသင့်ပါတယ်… ကလေးတွေ အားလုံးကို မဆိုလိုပါ၊ ဒါပေမယ့် သင်္ကြန်တုန်းကတော့ ဒီလို ကြမ်းကြမ်းတမ်းတမ်း ရေကစားကြတဲ့ ကလေးငယ်တွေ အရေအတွက်က မနည်းလှတာကိုတော့ မျက်မြင်တွေ့ခဲ့ပါတယ်…
အရင်တုန်းက သင်္ကြန်ဆိုတာ နူးနူးညံ့ညံ့နဲ့ သပြေခက်နဲ့ ရေပက်ကြတယ်လို့ ကြားခဲ့ဖူးပါတယ်… ဒါပေမယ့် ခုချိန်မှာတော့ ဒါတွေဟာ ယုံတမ်းစကားတွေလိုပါပဲ… ကျွန်တော်တို့ ပတ်ဝန်းကျင်မှာတော့ ဘယ်သူမှ သင်္ကြန်ကို ဒီလောက် သိမ်သိမ်မွေ့မွေ့ မခံစားကြတော့ပါဘူး… ခေတ်တွေ ပြောင်းလာလို့ သင်္ကြန်ရဲ့ ရေကစားတဲ့ Style ကလဲ ပြောင်းလာခဲ့ပါပြီ… ရေပြွတ်၊ ရေပိုက်၊ မီးသတ်ပိုက်၊ ခုနောက်ပိုင်းဆိုရင် Compressor ပိုက် အမျိုးမျိုး ဖြစ်လာခဲ့ပြီ၊ သင်္ကြန်ဖက်ရှင်တွေလဲ အမျိုးမျိုး ဖြစ်လာခဲ့ပြီ၊ အတို၊ အပြတ်၊ အကျပ် စသဖြင့်လဲ ဝတ်တဲ့လူတွေလဲ ဝတ်နေကြပြီ… ဒါပေမယ့် သင်္ကြန်ရဲ့ မူရင်းရသ ပျောက်ပြီး ကြမ်းတမ်းတဲ့ ရေပက်ကစားပုံတွေ ကြောင့် မလိုလားအပ်တဲ့ ထိခိုက်မှုတွေ မရှိရလေအောင် အတတ်နိုင်ဆုံး ဝိုင်းဝန်းထိန်းသိမ်းကြပါတယ်… စက်ဘီးစီးလာတဲ့ သူကို ရေပက်တာ ကြမ်းသွားလို့ စက်ဘီးမှောက်ဘီးသွားတာတို့၊ ရေပက်ခံကားပေါ်မှာ မူးနေလို့ မဟုတ်ပါဘဲနဲ့ ကားပေါ်က ပြုတ်ကျတဲ့အထိ အောင် အပျော်လွန်ပြီး ရေပက်တာတွေဟာ သင်္ကြန်အတွက်တော့ အကျည်းတန်လွန်းလှပါတယ်… ဒါကြောင့် နောင်နှစ်နောင်နှစ်တွေမှာ ဒီလိုဖြစ်ရပ်တွေနည်းလာအောင် ကိုယ်တတ်နိုင်ဘက်က ဝိုင်းဝန်း ထိန်းသိမ်းကြရင်းနဲ့ မင်္ဂလာရှိသော နှစ်သစ်များစွာကို ကြိုဆိုကြပါစို့…

2 comments

  • bigbird

    April 18, 2011 at 3:32 pm

    ကျွန်တော်လဲငယ်ငယ်တုန်းကခွက်ဇောင်းခုတ်ဖူးတယ်…သဘောကျပြီးပျော်လိုက်တာ..ကြီးလာမှ မကောင်းဘူးဆိုတာသိတယ်…

  • antimoe

    April 19, 2011 at 1:05 pm

    အိမ်အောက်ကို ငုံ့ကြည့်တဲ့ အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် လမ်းဘေးအရိပ်ခိုနေတဲ့ အမိုးဖွင့်ခရူဇာ တစ်စီးတွေ့တယ်။
    ရပ်ပြီး နှစ်ယောက်သား အကြင်နာပေးနေကြတာ။
    ကားထဲကဘော်ဒါတွေကတော့ သိချင်မှသိမယ်။
    အဲသလိုမျိုးက ရုပ်ရှင်တွေထဲမှာပဲ မြင်ဖူးတာဆိုတော့
    တော်တော့ကို အံ့ဩသွားပါတယ်။
    လူရှေ့မှာ ကျကျနန…..လို့ပြောရမလား၊ မရှက်မကြောက်လို့ပြောရမလား။
    စကားလုံးရှာမရ ဖြစ်သွားပါတယ်။
    သင်္ကြန်ဆိုတာ..ပြီးရင်..တယောက်မျက်နှာ တယောက်..ဘယ်လိုကြည့်ကြသလဲ…သိချင်လာပါတယ်။

Leave a Reply