Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြို့မရုပ်ရှင်ရုံက ပြစက်မောင်းဘဝ

စဆရ ႀကီးApril 19, 20111min74228

အမှန်တော့ ဒီနေ့ဘာကိုမှ ရေးချင်စိတ်ကို မရှိပါ… အကြောင်းရင်းမှာတော့ ကျွန်တော့်မဒမ်လောင်းလျာလေးကို မြန်မာပြည်တစ်ခွင် ပြဲပြဲစင်အောင် လျှောက်လည်နေသော အမှတ်တရပုံများ သူမ၏ Facebook တွင် တွေ့လိုက်ရသောကြောင့်တည်း…

ဘာမှမဖြစ်ပါ.. အရာရာမှာ ရှူံးနိမ့်ပြီးသားမို့ နောက်ထပ်ရှူံးနိမ့်သော်လည်း လက်ရှိနာမည်ကို ထပ်မံ ကင်ပွန်းတပ်ရန်မလိုပါ.. ဒါ ဘဝပါ.. အငဲသီချင်းလိုပေါ့ “လက်ခံလိုက်မယ်”

လေရှည်မနေတော့ပါဘူး… ဖတ်သူရှိ၊ ဖတ်သူမရှိ ကိုယ်တိုင်ရေး ကိုယ့်ဘဝဇာတ်ကြောင်းလေး ဆက်ပါဦးမည်။ ရုပ်ရှင်ရုံဖွင့်ပွဲပြီး နောက်ပိုင်းပေါ့……

(၁)

ကျွန်တော်နှင့် ဦးဝင်းမောင်မှာ ဆေးလိ်ပ်ကြိုက်တတ်သူများ အားလျော်စွာ နှစ်ယောက်ပေါင်းပြီး ကြယ်နီတစ်စည်းကို မပြတ်တမ်း ဝယ်ထားရလေ၏။ ကြုံတုန်း ပြောပြပါရစေ။ ပြင်ဦးလွင် ကြယ်နီဆေးပေါ့လိပ်မှာ တုတ်တုတ်တိုတိုနှင့် အတော်ပင် ပြင်းထန်လှပေ၏။ (တစ်မျိုးမတွေးစေလိုပါ၊ ဆေးစပ်ကို ဆိုလိုရင်းဖြစ်ပါ၏) ရန်ကုန်ရောက်တုန်းရောက်ခိုက် ကြယ်နီကို မပြတ်နိုင်သော သကောင့်သား ကျွန်တော်မှာ ဝယ်သောက်ကြည့်ရာတွင် ရန်ကုန်ကြယ်နီမှာ ရှည်၏၊ သွယ်၏၊ သို့သော် ထိထိရောက်ရောက်မရှိပါ (စကားချပ် – သောက်သုံးရှူရှိုက်ကြည့်သော အရသာဖြစ်ပေ၏)

ဆက်ပါမည်။ ကျွန်တော်များ ရုပ်ရှင်ပြစက်မောင်းသမားဘဝမှာ လွန်စွာမှပင် ခက်ခဲကြမ်းတမ်းလှသော ခရောင်းတောကြီးကို ဖိနပ်မပါ နေပူကြဲတဲကြီးတွင် သောက်စရာရေတစ်စက်မှ မရှိပါဘဲ လျှောက်လှမ်းနေသော ခရီးသွားတစ်ယောက်ဟု ထိုစဉ်အခါ(၁၆ နှစ်သားဘဝက) ထင်မှတ်မိခဲ့လေသည်။

နေ့တစ်နေ့တာကို နံနက် ၁၁းဝဝ ခန့်တွင် စက်ခန်းတွင်းရှိ လှဲလျောင်းရာ ကြမ်းပြင်ထက်မှ နိုးထခြင်းဖြင့် စတင်သည်ဟုဆိုလျှင် မှားမည်မထင်အံ့။ ပျင်းရိငြီးငွေ့စွာ စတင်ပြီးနောက် ချစ်တီးပိုင်ရုံဖြစ်သည့် အားလျော်စွာကတစ်ကြောင်း၊ ယနေ့ ကုလားကားပြမည်က ဖြစ်သည့်တစ်ကြောင်းကြောင့် India သီချင်းခွေကို စက်ထဲထည့်ပြီး လူခေါ်သည့်အနေဖြင့် သီချင်းဖွင့်ရလေသည်။ ထို့နောက်တွင်မှ မျက်နှာသစ်၊ ရေမိုးချိုးပြီး ပြစက်ခန်းရှိရာ ၃ ထပ်မြောက်သို့ ပြန်တက်လာလေသည်။ ထို့နောက်တွင် ဦးဝင်းမောင်အား လာပို့ထားသည့်ထမင်းချိုင့်အားဖွင့်၊ ကျွန်တော့်အား လာရောက်ပို့ထားသည့် ထမင်းချိုင့်အားဖွင့်ပြီး နေ့လည်စာ စားသုံးပြီးနောက် ကြယ်နီ တစ်လိပ်စီဖြင့် ထမင်းလုံးစီရင်း ရောက်တတ်ရာရာ ပြောဆိုကြသည်မှာ နေ့တိုင်းပင်။

ထိုအချိန်များကို အမှတ်ရလှပါသည်။ ကျွန်ုပ်တို့ ရုပ်ရှင်ရုံတွင် မြန်မာ ဝန်ထမ်းများ များပြားစွာရှိပါသော်လည်း၊ ကျွန်တော်နှင့် ကျောင်းနေဖက်များပင် ဖြစ်ပါသော်လည်း ၎င်းတို့မှာ ကျွန်တော်နှင့် ထမင်းအတူစားလိုရင်း အလျဉ်းမရှိလှပါ။ လက်မှတ်ရောင်းကောင်မလေးများနှင့်သာ စကားလက်ဆုံဖွဲ့ မျက်နှာချင်းဆိုင် စားသုံးကြလိုချည်းသာ ဖြစ်ပေသည်။ ထို့ကြောင့် ကျွန်တော့်မှာ အသက် ၆ဝ ကျော် အဖိုးကြီးနှင့်သာ စကားဖောင်ဖွဲ့ရင်း နှစ်ဦးသား နေ့စဉ်စားသုံးရမြဲပင်။

၁၁း၄၅ ရှိပါပြီ။ တစ်နေ့တာအတွက် လုပ်ငန်းစတင်ပါတော့မည်။ မိမိ၏ စက်တွင်းသို့ ကာဗွန်ချောင်းများကို တပ်ပြီး ကားထုပ်များကို ရစ်ဘီးများအတွင်းသို့ အစီအစဉ်တကျတပ်ပြီးသည့်နောက် မရပ်မနားတမ်း ဇာတ်ကားတစ်ကားစာ ပြထုပ် အနည်းဆုံး ၂၅ ထုပ်ခန့်ကို မိမိတို့၏ ချောင်းကြည့်ပေါက်များမှတစ်ဆင့် မရပ်မနားတမ်းကြည့်ပြီး အလင်းအမှောင်၊ အသံအနိမ့်အမြင့်ကို နားထောင်ရင်း ဂရုတစိုက်လုပ်ကိုင်ရပါသည်။

မီးအလင်းအမှောင်ဟုဆိုရာတွင် ရုပ်ရှင်ပြစက်အကြောင်းမသိသေးသူများ ဗဟုသုတအလို့ငှာ လင်းပါမည်။ စက်အတွင်းတွင် ဘာမျှမရှိပါ။ ၎င်းအတွင်း ကာဗွန်ချောင်း Positive (အဖို)နှစ်ချောင်းကို လျှပ်စစ် ဖြတ်စီးစေပြီး အချင်းချင်း တိုက်ခိုက်ကြရာမှ ထွက်ပေါ်လာသော အလင်းရောင်ကို အလင်းပြန်ပြားမှတစ်ဆင့် မှန်ဘီလူးဇောက်ထိုး၊ ထို့နောက် ဖလင်ပြား၊ ထို့နောက် မှန်ဘီလူးအတည့်ကို ဖြတ်စေခြင်းဖြင့် အများသူငါ ကြည့်ရှူသော ရုပ်ရှင်ပိတ်ကားပြင်ထက်သို့ အရုပ်များ သက်ဝင်လှုပ်ရှားစေခြင်းဖြစ်ပါသည်။ ထိုကာဗွန်ချောင်းများ လောင်မြိုက်ကုန်ဆုံးပြီးတိုသွားသောအခါ အလိုလို ရွေ့လျားစေရန် မော်တာဖြင့် ရွှေ့ပေးရပါသည်။ သို့သော် ကျွန်ုပ်၏ အဆင့်မြင့်ဟုခေါ်တွင်သော တစ်ဆင့်မြှင့်ရုပ်ရှင်ရုံကြီးမှာ ထိုမော်တာဖိုးကို မတတ်နိုင်သောကြောင့် Manually သာ ရွှေ့ပေးနေရသောကြောင့် ပြစက်မောင်းများ၏ ပညာစွမ်းမှာ အရေးပါလှသည်။ ကာဗွန်(၂)ချောင်း သိပ်ဝေးသွားပြန်လျင်လည်း ပိတ်ကားထက်တွင် မည်းသွားမည်ဖြစ်ပြီး သိပ်နီးလွန်းသောအခါတွင်လည်း အဖြူထည်သက်သက်သာ မြင်ရမည်ဖြစ်လေသည်။ စက်များမှာကား ကျွန်ုပ်၏ဆရာ ဦးဝင်းမောင်ထက်ပင် ဝါကြီးလေရတကား ဂရုစိုက်ရလွန်း၏။ ထိုအချိန် ရန်ကုန်မင်္ဂလာရုပ်ရှင်ရုံတွင် စတင်အသုံးပြုနေသော ဇီနွန်မီးသီးမျိုးသာ အသုံးပြုမည်ဆိုလျင် မည်မျှ သက်သာလေမည်နည်း။

ကားထုပ်တစ်ထုပ်ပြီးတိုင်း နောက်တစ်ကျော့အတွက် ဖလင်ပြားကို ဘယ်ဘက် လက်ခလည်နှင့် လက်မကြားတွင်ညှပ်၊ လက်ညှိုးဖြင့် ဖလင်ပြားကိုထိထားရင်းညာဘက်မှ ရစ်လုံးလက်ကိုင်ကို လှည့်ရသည့်အခါများတွင် ဖလင်ပြားအစွန်းများမှ လက်ခလယ်နှင့် လက်မအားပွတ်တိုက်သွားသည့်အခါ ပူလောင်မှုနှင့် နာကျင်မှုကို ခံစားရသော်ငြား ဒါကပဲ အလုပ်ပင်ဖြစ်ပေသည်မလား၊ အောင့်အည်းသည်းခံရပေ၏။ မျှစ်သာ ဖြစ်သေးသော ကျွန်ုပ်မှာ ဝါးမဖြစ်သေးသောကြောင့် နာတတ်လေသည် (ကြော်ငြာ :D)။ ထို့နောက်တွင်တော့ မိမိစက်တွင် နောက်ကားထုပ်တစ်ခုအား အစီအစဉ်တကျ ညှပ်၊ တပ်ရင်း ပိတ်ကားပြင်၏ ညာဘက်ထောင့်မှ အဝိုင်းလေး ပထမပေါ်လာချိန်တွင် စက်ကိုစမောင်း၊ နောက်ထပ်အဝိုင်းလေးပေါ်လာချိန်တွင် Shutter အား ချိန်ကိုက်ဖွင့်လိုက်ရသည်။ ထိုအချိန်တွင်မတော့ ဦးဝင်းမောင်စက်သည်လည်း Shutter ပိတ်ပြီးသားဖြစ်လေသည်။ မီးအလင်းအမှောင်ချိန်ညှိပြီးသောအခါ ဦးဝင်းမောင်၏ သက်ပြင်းချသံကို ကြားရလေသည်။ သူသည်လည်း စိတ်ပေါ့သွားလေပြီ။ ကြယ်နီတစ်လိပ်ကို မီးညှိရင်း ကျွန်တော့်အား ထိုးပေးလေ၏။

(၂)

ည ၂း၄၅ ရှိလေပြီ… ရုပ်ရှင်ကြည့်ပရိသတ်ကြိုးတိုးကြဲတဲသည်လည်း အသီးသီးထွက်ခွာသွားကြပြီးသကာလ၊ လက်မှတ်ရောင်း ကောင်မလေးများအား သက်ဆိုင်သူကိုယ်စီက လိုက်ပို့ပြီးနောက် ရုပ်ရှင်ရုံတွင်းတွင် သန့်ရှင်းရေးမိသားစုနှင့် ပြစက်မောင်း ကျွန်ုပ်တို့(၂)ဦးသာ အသက်ရှင်လျက်သားကျန်လေသည်။ အရာရာသည် တိတ်ဆိတ်နေသည်။ ကိုယ့်လေလည်သံကိုပင် ကိုယ်ပြန်ကြောက်ရမည့် အနေအထားပင်။ တစ်မြို့လုံးသည်ကား အေးမြသော ရာသီဥတုအောက်တွင် မိမိချစ်ခင်ကြင်နာသူများ၏ နွေးထွေးစွာပိုက်ထွေးမှုများအကြား ဂွမ်းစောင်ထူထူများကြားတွင် နှစ်ခြိုက်စွာ အိပ်မောကျနေမည်ဟု မဆီမဆိုင်တွေးမိလေသည်။ ထိုစဉ်ကတည်းက မျှော်မှန်းခဲ့သည့် ကြင်နာသူအား ပိုက်ထွေးခွင့်ဘဝ၊ ခုတိုင်အောင် ဝေးလွန်းလှပေစွ။

ယခုမှစပြီး ချွေးပျံအောင် အလုပ်လုပ်ရပါတော့မည်။ စက်များအားပိတ်ပြီးနောက် တစ်စစီဖြုတ်၊ မှန်ဘီလူးများအား တိုက်ချွတ်ဆေးကြော၊ စက်ခန်းအတွင်းရှိ ကြမ်းပြင်အား ဖုန်စုပ်စက်ဖြင့် လိုက်လံရှင်းလင်း၊ ကားထုပ်များအား နေသားတကျ စီကာစဉ်ကာ ထားပြီးသောအခါ နံနက် ၄း၃ဝ ခန့်ပင်ရှိလေပြီဖြစ်သည်။

ထို့နောက်တွင်မတော့ ဦးဝင်းမောင်နှင့်ကျွန်တော်နှစ်ယောက်သား စက်ခန်းတံခါးကို သော့ပိတ်ပြီး အနွေးထည်ကိုယ်စီဖြင့် တိတ်ဆိတ်ငြိမ်သက်နေသော ပြင်ဦးလွင် လမ်းမကြီးထက်သို့ထွက်လာကြပြီး ဈေးကြီးနှင့် မျက်စောင်းထိုးတွင်ရှိသော Tea ဆိုင်အရောက် ချီတက်ခဲ့ကြသည်။ ဝမ်းဗိုက်အတွင်းမှ ပိုးမျိုး ၈ဝ က အသံပေးနေကြပြီ မဟုတ်ပါလား။

“စင်္ကာပူနှစ်ခွက်၊ မလိုင် ၂ ပွဲ ဟေ့”

ဆိုင်အတွင်းခြေချလိုက်သည်နှင့် ကျယ်လောင်သောအသံကို စတင်ကြားလိုက်ရသည်။ ရှင်းပါမည်။ စင်္ကာပူကို ထိုစဉ်ကတည်းက အရည်ဖျော်သောက်သုံးလာသော လူစွမ်းကောင်းဟု မထင်စေလိုပါ။ ထိုအမည်ကို ဘယ်သူက စပေးခဲ့မှန်းလည်းမသိပါ။ ကျွန်တော်သိသည်မှာ အဖန်ရည်ကျကျတွင် သကြား(၂)ဇွန်းထည့်မွှေပြီး လာချပေးသော Tea တစ်ခွက်ဟုသာ သိပါသည်။ မလိုင်ဆိုသည်မှာ နွားနို့ကို မီးပြင်းပြင်းဖြင့် ကျိုလိုက်သောအခါ အပေါ်ယံမျက်နှာပြင်တွင် အကျောတင်းလာသော အဖတ်ကလေးများကို ဆယ်ယူထားသည်ကို မလိုင်ဟုခေါ်ပါသည်။ ကျိုပါများလျင် နွားနို့မှာ ရေအဖြစ်သာကျန်တော့သောကြောင့် ဆိုင်တိုင်းမရပါ။ မှတ်မှတ်ရရ ရန်ကုန်တွင် ရောင်းသည်ဟု မတွေ့ဖူးပါ။ နွားနို့စစ်စစ်မရသောကြောင့် ဖြစ်ပါလိမ့်မည်။ မလိုင်အား ၎င်းအတိုင်းစားပါက ဆိမ့်သော်လည်း မချိုသောကြောင့် သကြားအနည်းငယ်နှင့် စားရပါသည်။ ဒိုးလုံးသီချင်းကို ယူသုံးရမည်ဆိုလျင် ကျွန်တော်သိပ်ကြိုက်သော နံလဲနံ၊ ပြားလဲ ပြားနေသော နံပြားလေးနှင့် တို့ကာ၊ တို့ကာဖြင့် အရသာခံ စားသုံးခြင်း ဖြစ်ပေတော့သည်။ ခုမှ အမှတ်ရမိပါသည်။ ဪ… နံပြားတောင် မစားရတာ ကြာပါရော့လား(ဟယ် ဟုတ်သေးပါဘူး) မလိုင်နံပြားတောင် မစားရတာ ကြာလှပေါ့( ဒီလိုလေးမှ ဟုတ်သွားတယ်)။

(၃)

ပူလောင်လွန်းလှသော ဝမ်းတစ်ထွာအားဖြည့်တင်းပြီးနောက် ဈေးအတွင်းသို့ နံနက်စောစော လာရောက်ခင်းကျင်းရောင်းချကြသူအပေါင်း၊ ဖြူဖြူမဲမဲ ပုပုရွရွ၊ အနုအလှမှန်သမျှတို့အား မျက်လုံးတို့၏ အာသီသပြေစေခြင်းအလို့ငှာ အစာကျွေးပြီးသည့်နောက် တစ်နေ့တာ အိပ်စက်အနားယူရာ ပြစက်ခန်း(၃)ထပ်မြောက်သို့ ပြန်လည်ချီတက်လာကြပြီး စောင်အားခြုံလိုက်သည့် တစ်ခဏတွင်ပဲ ဝမ်းကလေးလံလှသည်ကတစ်ကြောင်း၊ အလေးလံဆုံးသော မျက်လုံးများက တားမရနိုင်တော့သည်ကတစ်ကြောင်းတို့ကြောင့် အစာကျွေးခဲ့သည့်မျက်လုံးမှ ကြိုက်နှစ်သက်ရာတစ်ဦးကို အတွေးဖြင့် အသာအယာထွေးဖက်၊ ဖက်လုံးကြီးကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ရင်း အသိစိတ်နှင့် မသိစိတ်တို့ ရန်ဖြစ်ကြရင်း.. ရန်ဖြစ်ကြရင်းနှင့်.. ကျွန်ုပ်၊ ရှူံးနိမ့်မှုများနဲ့.. လူသည်ကား ကဘာလောကကြီးနှင့် ခဏတာ အဆက်ပြတ်သွားလေတော့သတည်း။ ။

(လေသံမှာ ရှေးဆန်နေကြမည်ဖြစ်သော်လည်း ယခုအတိုင်းသာ ရေးတတ်ပါသောကြောင့် သည်းခံတော်မူကြပါကုန်)
ဖတ်ရှုသူ၊ ပင်တိုင်စာရေးသူများထံမှ ဝေဖန်အကြံပြုချက်ကို ကြားလိုလွန်းလှပါသည်။

28 comments

  • eros

    April 20, 2011 at 2:48 am

    ပထမ အပိုဒ်ကို ဝေဖန်သုံးသပ်ရသော် ကိုယ့်ကိုယ် ကို ဒီလောက်ထိလဲ ရှုံးနိမ့်သူလို့ မခံယူပါနဲ့ဗျာ။ ခင်ဗျားလို အဖြစ်တူသူတွေ ရှိပါသေးတယ်။

    ဆယ်တန်းအောင်ပြီးကာစ ကိုယ်ကိုတိုင် ရုန်းကန်ရတဲ့ လူငယ်လေးတွေရဲ့ ဘဝကို ထင်ဟပ်စေပါတယ်။ စကားလုံးတွေက ရှေးမဆန်ပါဘူးဗျ။ အခုခေတ်တော်တော်များများ အရင်က ရုပ်ရှင်ပြစက်တွေရဲ့ ဗဟုသုတ လဲရပါပေ့ဗျာ။ နောက်တခုက နောက်ဆုံးပွဲက တော်တော်နောက်ကျတယ်ဗျနော်။

    ပူလောင်လွန်းလှသော ဝမ်းတစ်ထွာအားဖြည့်တင်းပြီးနောက် ဈေးအတွင်းသို့ နံနက်စောစော လာရောက်ခင်းကျင်းရောင်းချကြသူအပေါင်း၊ ဖြူဖြူမဲမဲ ပုပုရွရွ၊ အနုအလှမှန်သမျှတို့အား

    ဆိုတော့ ဂေါ်ရခါးမလေးတွေ၊ နို့ကုလားမလေးတွေ ပါ ပါတယ်ပေါ့နော် ဟဲဟဲ။

    ပိုစ့်ကို ဝေဖန်ရရင်တော့ စကားလုံးထိမိ၏။ ရသမြောက်၏။ အဖြစ်အပျက်အားမျက်စိထဲတွင် ကွက်ကွက်ကွင်းကွင်း မြင်ရ၏။ ကောင်း၏။ ဆက်ရေးပါဦး ဒါမျိုးတွေ။

    နှစ်သစ်မှာ ယခုချိန်ကစပြီး အောင်မြင်မှုများပိုင်ဆိုင်နိုင်ပါစေ။

    • ကျေးဇူးတင်ပါတယ်ဗျို့ ခုလို မှတ်ချက်ပြုပေးတာ။ နောက်ဆုံးပွဲက ၁၂းဝဝ ဆိုရင် အဲဒီအချိန်မှ ပြီးတယ်လေ။ ဒါကြောင့်နောက်ကျရတာပါ။ ပေးတဲ့ဆုနဲ့ ပြည့်ရင်တော့ အကောင်းသားပေါ့ဗျာ။

  • Foreign Resident

    April 20, 2011 at 3:27 am

    Your writing is really good.
    Bravo mate !!1

  • manawphyulay

    April 20, 2011 at 3:28 am

    ဪ ရှုံးနိမ့်မှုက ခုမှမဟုတ်ပဲ အရင်ထဲက ရှုံးနိမ့်မှုတွေနဲ့ ပြည့်နှက်နေခဲ့တာပဲ။ ဘယ်လိုပဲဖြစ်ဖြစ်လေ ရှုံးနိမ့်မှုပြီးရင် အောင်မြင်မှုဆိုတာ လာစမြဲမို့ ခုတော့ အောင်မြင်နေပြီလို့ မနောတော့ မြင်ယောင်နေမိတယ်။

  • MaMa

    April 20, 2011 at 3:49 am

    သူတောင်းစားက သူ့သားကို ပြောတယ် ငါ့သား မင်းဒါ့ထက်ဆိုးစရာ မရှိတော့ဘူး တဲ့လေ။ ရှုံးနိမ့်မှုများနှင့်….လူ လည်း စာလုံးပေါင်း မှန်အောင်ပေါင်းပြီး နောင် ဒါ့ထက် ဆိုးစရာ မရှိတော့ပဲ အောင်မြင်မှုများနဲ့သာ ကြုံတွေ့ရပါစေ။ (စာလုံးပေါင်း သတ်ပုံကျမ်းကို http://myanmarwords.pikay.org/ မှာ ကြည့်နိုင်ပါတယ်ကွယ်။)

    • ဟုတ်ကဲ့ပါ၊ ကျွန်တော်လဲ အတတ်နိုင်ဆုံးတော့ မှန်အောင်ပေါင်းပါတယ်။ ဖြစ်နေတာက ကိုယ်စိတ်ရှိသလောက် ရေးချင်နေတာကို စာလုံးဆင့်တွေက ကျွန်တော့်ကွန်ပျူတာမှာ Win 7, 64 bit ဖြစ်နေတာကြောင့် သုံးမရပါ။ ဒါကြောင့် စာလုံးတွေကို ရှောင်ရေးနေရတာ။ မတတ်သာတဲ့ စကားလုံးတွေကိုတော့ ဖတ်တဲ့သူတွေ သဘောပေါက်အောင် ရသလိုပဲရေးနေရတဲ့အတွက် Win 7 မှာ စာလုံးဆင့်ရိုက်လို့ရတဲ့ ဇော်ဂျီင်္လေးရှိရင် ရှယ်ပေးကြပါဦးလို့။

      • eros

        April 20, 2011 at 2:27 pm

        Win 7, Ultimate သုံးနေတော့မသိဘူး။ ရှိမှာပါ။ Font နာမည်က zawgyi 1 မဟုတ်ပဲ Zawgyi One ဆိုပြီးတော့ဗျ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 20, 2011 at 6:27 am

    မမဂို
    သိပ်ချစ်နေမိဘီဗျာ

    • eros

      April 20, 2011 at 6:53 am

      ဘာဖြစ်တာလဲဗျ။ အဘပု

  • eros

    April 20, 2011 at 7:04 am

    ဟေ့လူ၊ ခင်ဗျားရဲ့ ရှုံးနိမ့်မှုများတဲ့လူ ကို အောင်မြင်မှုများနဲ့လူ လို့ ပြောင်းလိုက်ဗျာ။ ခင်ဗျား အောင်မြင်တော့မှာဗျ။ ခင်ဗျားလဲ ဝင်မန်းဦးလေဗျာ။

  • kai

    April 20, 2011 at 7:41 am

    စပီကာလုပ်တဲ့… ကမ္ဘာကျော်ကုမ္ပဏီတခုကိုရောက်တုံးက အဲဒီကအင်ဂျင်နီယာတယောက်ကပြောဖူးတယ်..။
    အကောင်းဆုံးစပီကာဆိုတာ ..ဘယ်လိုလဲသိလားတဲ့..။
    အသံတခုကို … အပြင်မှာသဘာဝအတိုင်း ..အသံတကယ်ထွက်နေသလိုထုတ်ပေးနိုင်တဲ့ စပီကာတဲ့…။

    အခုစာလည်း ဖတ်ကြည့်ပြီး… အပြင်မှာဖြစ်ပျက်နေတာကို ဘေးကဝင်ခံစားရပ်ကြည့်နေသလိုပါပဲ..။ မြန်မာပြည်ရဲ့.. တခြားတခြားသော ကော်လာပြာဘဝတွေကိုပါ ထင်ဟတ်ပေါ်လွင်စေတာပါပဲ…။
    အရေးအသား တော်တော်ညက်ပါတယ်..။
    ကောင်းတယ်ပဲဆိုပါစို့နော….။

    စကားမစပ်ဗျာ..
    ကျုပ်နားလည်သလောက်… စင်္ကာပူဆိုပြီး…လက်ဖက်ရည်ဆိုင်မှာ မှာရင်…. ကော်ဖီနဲ့လက်ဖက်ရည် ရောထားတာ..လာတာ..။
    စင်္ကာပူနိုင်ငံမှာ.. အုပ်ချုပ်တဲ့အစိုးရပိုင်းထဲ.. ကုလားနဲ့တရုတ်ရောနေတာကနေ လာတယ်ထင်တာပဲ..။
    အဲဒီခေတ်က..ကုလားနာမည်နဲ့သမ္မတရယ်..တရုတ်နာမယ်နဲ့..ဝန်ကြီးချုပ်ရယ်အုပ်ချုပ်တာကိုး..။

    • ခုတိုင်အောင်လဲ စင်္ကာပူက မပြောင်းလဲသေးပါဘူး
      ဖျော်ပေးပုံကွာတာကတော့ မြို့မတူတာရယ်၊ အချိန်ကာလ မတူတာရယ်ကြောင့် ဖြစ်မယ်ထင်ပါတယ်ကိုခိုင်
      တော်တော်လေးလဲ ကြာလှပြီမလားလေ.. ဆယ်စုနှစ်တစ်ခုစာတောင် ကျော်နေပြီ

  • KoNyeinChan

    April 20, 2011 at 8:34 am

    ကိုင်း… ရှူံးနိမ့်မှုများနဲ့.. လူ ရေ..
    အောင်မြင်ချင်ရင်တော့ ခင်ဗျားရဲ ့နာမည်ကိုပါပြောင်းသင့်တယ်ဗျာ.. ကိုယ်တိုင်လည်း ကြိုးစားနေတယ်ဆိုတာ ယုံကြည်ပါတယ်…
    Post လေးက ဖတ်လို ့ကောင်းတယ်..
    ဒါနဲ ့.. (ကျွန်တော့်မဒမ်လောင်းလျာလေး) လို ့ဆိုရာမှာ ကျွန်တော့်အထင်တော့ ခင်ဗျားအနေနဲ ့သူမသိငါပိုး၊ချောင်းကြည့်ပြုံးပြန် အဆင့်လောက်ကိုမဆိုသင့်ဘူး.. ပိုးတဲ့သူချင်းအတူတူ တခြားသူနောက်ပါသွားတယ်ဆိုတာက အဲ့ဒီလူဆီမှာ ခင်ဗျားထက်ပိုသာတဲ့ အရည်အချင်း(ကောင်မလေးအမြင်) ရှိနေလို ့ပါဘဲ။
    နောက်ပြီး အဲ့ဒီကောင်မလေးဟာ သူ ့ကိုပိုးပန်းတဲ့သူနဲ ့မြန်မာပြည်အနှံ ့သွားတယ်ဆိုတော့ကာ.. ပိုးပန်းအဆင့်လောက်နဲ ့လက်မထပ်ခင်စပ်ကြား ဒီလိုနေပုံကိုကြည့်ခြင်းအားဖြင့်….. (သဘောပေါက်တော့ဗျာ)
    နောက်ထပ်ပြောလိုက်ဦးမယ်.. နောက်နောင်ကြုံလာမယ့်ကောင်မလေးတွေကိုလည်း ပြုံးပြရုံအဆင့်လောက်နဲ ့ (ကျွန်တော့်မဒမ်လောင်းလျာလေး) လို ့ထပ်မဆိုနဲ ့တော့ဗျာ… ဟား.. ဟား 😀 😀 😀

    • eros

      April 20, 2011 at 10:11 am

      ကိုငြိမ်းချမ်း သူ့ရှေ့ကပိုစ့် ကို ဖတ်ာကည့်ပေးပါဗျာ။

    • eros

      April 20, 2011 at 10:11 am

      ကိုငြိမ်းချမ်း သူ့ရှေ့ကရေးထားတဲ့ ပိုစ့် ကို ဖတ်ကြည့်ပေးပါဗျာ။

      • ဟုတ်ပါတယ်… eros ပြောသလိုပဲ ပြန်ဖတ်ကြည့်တာ ကောင်းမယ်ထင်ပါတယ်။ ရှင်းရင် ရှုပ်နေဦးမှာမို့ပါ
        ကျွန်တော်ရေးသားရာမှာ တစ်ခုကျ ကျန်ခဲ့တာက အဲဒီခရီးစဉ်မှာ သူ့အမေရယ်၊ သူ့ညီမ(၂)ယောက်ရယ်ပါ ပါရှိကြောင်းနဲ့ စိတ်ပူရန်မရှိကြောင်းပါ ထပ်လောင်းပြောလိုပါတယ်။ စိတ်ထဲမှာ ခုနေပေမယ့် ယုံကြည်ပေးလိုက်တာပဲ အေးချမ်းပါတယ်လေ။

  • padonmar

    April 20, 2011 at 12:11 pm

    ရေးတာကောင်းပါတယ်၊အကောင်းဆုံ့းကတော့ မလိုင်နံပြားပါဘဲ၊ ရန်ကုန်မှာစားချင်ရင်တော့ ရွှေမြို့တော် ချစ်တီးဆိုင်မှာရတယ်၊
    ပြင်ဦးလွင်တော့မှီမယ်မထင်ဘူး၊

  • ဆူး

    April 20, 2011 at 1:01 pm

    နောက်တခါ အပြုံးချိုချိုနဲ့ စောင့်နေမဲ့ ကောင်မလေး အကြောင်း လုပ်ပါအုန်း။

  • KoNyeinChan

    April 20, 2011 at 1:51 pm

    Sorry ဗျို ့ကိုယ့်လူတို ့ရေ… အလျင် Post ကိုမဖတ်ဖြစ်ခဲ့လို ့ပါ။ စ, ချင်ဇောနဲ ့ မန်းမိတာဗျျို ့ 😀 😀
    နောက်တခါ အောင်မြင်ပါစေဗျာ.. နည်းလိုအပ်ရင် မိုက်ကယ်ဂျော်နီအောင်ပု နဲ ့nigimi77 တို ့ဆီမှာမေးကြည့် 😀

  • eros

    April 20, 2011 at 2:46 pm

    ပူလောင်လွန်းလှသော ဝမ်းတစ်ထွာအားဖြည့်တင်းပြီးနောက် ဈေးအတွင်းသို့ နံနက်စောစော လာရောက်ခင်းကျင်းရောင်းချကြသူအပေါင်း၊ ဖြူဖြူမဲမဲ ပုပုရွရွ၊ အနုအလှမှန်သမျှတို့အား

    ဆိုတော့ ဂေါ်ရခါးမလေးတွေ၊ နို့ကုလားမလေးတွေ ပါ ပါတယ်ပေါ့နော် ဟဲဟဲ။

    ဒီကိစ္စလည်း ရှင်းဦး။

  • KoNyeinChan

    April 20, 2011 at 3:47 pm

    ခင်ဗျားအသဲကွဲ အဖော်ရပြီ… (((Snowy @ ရင်ထဲက ဒဏ်ရာတစ်ခု)))
    😀

  • bigcat

    April 21, 2011 at 1:26 am

    အသိတယောက် သူ့အမျိုးသမီးက ဘုရားဖူးထွက်ချင်တယ်ဆိုလို့ ပိုက်ပိုက်ပို့လိုက်တယ်။ ဒင်းကလည်း လိမ်တာမဟုတ်ပါဘူး။ တကယ် ဘုရားဖူးသွားပါတယ် ဒါပေမဲ့ ဘဲကလေးတပွေနဲ့ပါ။ ကျုပ်အသိခင်မျာ ဓားမလည်းဆုံး ဖွတ်လည်းဆုံးပါ။ ရွာထဲက အရှုံးသမားနှစ်ယောက်ထက် သူကပိုရှုံးပါတယ်။

  • kai

    April 21, 2011 at 9:58 am

    ကျုပ်သိတာက ပိုဆိုးတယ်..။
    ဂျပန်မှာ အလုပ်အရမ်းလုပ်တဲ့တယောက်က… ရန်ကုန်မှာ ကျန်ခဲ့တဲ့ ချစ်သူကို လစဉ်ကို ပုံမှန်ငွေလွဲပေးတာ..။
    ပြန်လာရင် လက်ထပ်..တူတူနေဖို့ဆိုပြီး …အိမ်ပါဝယ်တယ်..။ ကားလည်းဝယ်တယ်..။

    အဲဒီလိုနဲ့..သွားလိုက်တာ.. ၅နှစ်လောက်ကြာမှ..ဗြုန်းဆို.. ရန်ကုန်ကသူ့ချစ်သူက ..တခြားတယောက်နဲ့ယူသွားပြီး အဆက်ဖြတ်လိုက်ပါလေရော..
    အိမ်ရော..ကားရော..ငွေတွေရော..အကုန်ဆုံးလေသတည်းပေါ့.။

    နိုင်ငံခြားမှာ နေကြတဲ့.. ကိုရင်တွေသတိထားကြနော.. အဲဒါမျိုးတွေ တယောက်မကဘူး..တွေ့ဘူးတာ..။ 🙁

  • ဆူး

    April 21, 2011 at 12:46 pm

    သစ္စာရှိတဲ့ လူ နည်းသွားပြီ။
    နိုင်ငံခြားမှာ ရှိတဲ့ ကိုရင်တွေကလည်း သူမှသူ သစ္စာရှိမယ် ဆိုတာ မရှိသလောက်ပါဘဲ။
    သစ္စာ ဆိုတာ လူနဲ့ တိုက်ရိုက် အချိုးကျတယ်။

  • unclegyi1974

    April 21, 2011 at 4:39 pm

    ကိုရင်သစ္စာ
    ထွေးညို
    ဘကြီးမှုံ
    မှတ်မိတယ်မဟုတ်လား

  • etone

    April 22, 2011 at 6:39 am

    ရေးထားတာလေးက ကောင်းလိုက်တာ … ။
    ဒါနဲ့ မသိမသာ ကြော်ငြာဝင်သွားပါလားနော် … တစ်နေရာစာ ကိုယ်ဦးထားတယ်တဲ့လား ။

  • hmee

    April 22, 2011 at 11:39 am

    စာအရေးအသား ကောင်းလိုက်တာ။ မျက်လုံးထဲမှာ မြင်ယောင်လာအောင် ရေးနိုင်ပါပေတယ်။

Leave a Reply