etone နဲ့ သင်္ကြန် ပုံပြင်

etoneApril 20, 20111min15011

ဒီနှစ် သင်္ကြန်တော့ ပူပြင်းပြီး ပျင်းခြောက်ခြောက်ဖြစ်မယ် အထင်နဲ့
နားနားနေနေကြည့်ဖို့ အခွေတွေ စုပြီး အိမ်တွင်းအောင်းခဲ့ပြန်တယ်… ။
မနက်စောစော ထပြီး ရေမပက်ခင် ဈေးဝယ်ထွက်ရတာကလည်း အလုပ်တခုလိုဖြစ်နေပေမဲ့
… မဝယ်ရင် ငတ်ကိန်းဆိုတော့လည်း မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့ လေးတိလေးတွဲ
အိပ်ရာထခဲ့ရပြန်တာပေါ့… ။ အချိုးမကျတဲ့ ပွယောင်းယောင်း ညအိပ်အင်္က ျီကို
လဲပြီးတော့ ဈေးခြင်းကိုင်ပြီး ထွက်လာခဲ့တယ်… ။ အိမ်နားက ကလေးတွေများ
သောင်းကျန်းတာ လွန်ပါဘိ … ဘယ်အချိန်ကတည်းက လမ်းပေါ်ရောက်နေမှန်းမသိဘူး
ရေပုံး ကိုယ်စီနဲ့ … ။ ကလေးတွေ ကျမနား ရောက်လာချိန် နာရီကိုကြည့်တော့
ခြောက်နာရီ ကျော်ပဲ ရှိသေးတာမို့ … ဒီအချိန်ရေပက်ရင် ဖမ်းမယ်လို့
ရွှီးလွှတ်လိုက်တယ်… ကလေးတွေလည်း ခေါင်းလေးတွေက ုတ်ပြီး ဒါဆို ဘယ်အချိန်
ရေစပက်ရမှာလဲ အန်တီတဲ့ … ။ စောစောစီးစီး ဒေါကီးရပြန်တယ်လေ … အန်တီတဲ့လား
… မမဆို ဟုတ်တုတ်တုတ်… သူတို့နဲ့ ကျမက အန်တီအရွယ်ကွာတာမှ မဟုတ်ပဲ … ။
အင်းလေ… ကျမရဲ့ ဖရိုဖရဲ အိပ်ယာထတဲ့ ရုပ်သွင်က သူတို့ အမြင်မှာ နဂိုထက်
ပိုရင့်ထော်နေတော့လည်း  ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ အန်တီခေါ်ခံရတာပါပဲ… ။
ကလေးတွေကို 7နာရီ မကျော်ခင်ရေပက်လို့ မရကြောင်း လျှောက်ပြောခဲ့ပါတယ်…
သူတို့လည်း … အဟုတ်မှတ်ပြီး … လမ်းဘေးက အုတ်ခုံပေါ်မှာ 7နာရီပြန်ဖို့
ထိုင်စောင့်ရန် ထွက်ခွာသွားခဲ့ပါပြီ… သူတို့ ကျောပြင်ကိုကြည့်ပြီးမှပဲ …
ရွှီးလိုက်တာ ရေမဆိုတော့ဘူး ဆိုပြီး ပျော်သွားမိခဲ့တယ်… ။  ဈေးကို
လမ်းလျှောက်သွားလျှင် ကျမအနားယူချိန်တွေထဲက ပွန်းတီးကုန်မှာမို့ စီးနေကြ
ဆိုက် ဂျဲရိုးလေးကိုငှားပြီး ဈေးကို အမြန်ပြေး… စားချင်တာလေးတွေ ဝယ်၊
အသီးလေးတွေဝယ်ပြီး ပြန်လာခဲ့ပါတယ်… နောက်သင်္ကြန်ရက်တွေမှာလည်း
အဲ့ဒီလိုပါပဲ … ရေပက်မခံချင်လို့ စောစောပဲ ဈေးဝယ်ထွက်ပါတယ်…
ကျမအကျင့်ကလည်း ဒီနေ့ဝယ်ရတာကိုမှ လတ်လတ်ဆတ်ဆတ်လို့ စိတ်စွဲတတ်တယ်… ။
တကယ်က ဘယ်ဟာဖြစ်ဖြစ်ကိုယ် မဝယ်ဖြစ်လို့ ဈေးသည်လက်ထဲကျန်ပြီး နောက်နေ့
ထပ်ရောင်းတာလည်း ဖြစ်နိုင်တာပါပဲ… ။ ကျမကိုက ဂွတီးဂွကျ လူသားမို့
စိတ်တိုင်းကျပဲ မနက်တိုင်း ဈေးဝယ်ထွက်ပါတယ်… ။ သင်္ကြန်မှာ
ပူပြင်းလွန်းလို့ မဏ္ဍပ်လည်း မထိုင်ဖြစ်တာနဲ့ … ရေစိုမခံတော့ဘူး စိတ်ကူးနဲ့
မနက်ပိုင်းတိုင် ဈေးဝယ်ထွက်ရာ … နောက်ဆုံးနေ့တောင် ရောက်ခဲ့ပြန်ပြ ီပေါ့
… ။ အရင်လိုပဲ စီးတော် ဆိုက်ဂျဲရိုး ငှားပြီး တက်ထိုင်တုန်းရှိသေး
တကိုယ်လုံး အေးစက်တောင့်တင်းသွား တဲ့ အထိတွေ့ ကြောင့်
ရေလောင်းခံရပြီဆိုတာ သိလိုက်ပါတယ်… ။ ရေလောင်းခံရတာ ခေါင်းကနေပါ… ။
ကျမလည်း တော်တော်တင်းသွားတယ် .. ဘယ်အလေနတောက စောစောစီးစီး
ရေလာလောင်းလဲပေါ့.. .ခုနကတောင် ရေလောင်းမဲ့လူ မတွေ့တာ… ဘယ်သူများဖြစ်မလဲ
လှည့်ကြည့်တော့ … မဲမဲပြာပြာ အသားရောင် ၊  ကွမ်းတွေဝါးလို့
ညစ်ညမ်းနေတဲ့သွားတွေနဲ့ … စပ်ဖြဲဖြဲ ရယ် နေတဲ့သူက ရေလောင်းတဲ့ လူပေါ့… ။
ဘယ်သူများထင်သလဲ… ငှားစီးနေကြ ဆိုက်ဂျဲဂိုး ဂိတ်ကပေါ့ … ။ UPG
ဆေးပုံးကြီးနဲ့ လောင်းခံရမှတော့ တကိုယ်လုံး ရွှဲပြီမို့
ဈေးဆက်မသွားချင်တော့တာနဲ့ … အစောကြီး လက်သရမ်းတယ် ၊ တော်တော် အားနေတဲ့
ကောင်လို့ ရန်တွေ့ပြီးပဲ … အိမ်ပြန် အခန်းအောင်းနေခဲ့ပါတော့တယ်… ။
ဈေးဝယ်ထားတာ မရှိလို့ … ချက်စရာလည်း စိတ်ကြိုက်မတွေ့တော့… ရေခဲသေတ္တာထဲက
အေးခဲနေတဲ့ ကိုလာဗူး တဗူးတွေ့တာနဲ့ …. မနက်စာ ဘရိတ်ဖက်စ်ကို
ကိုလာဗူးနဲ့ရှင်းမယ် အလုပ် … ဗူး ဖွင့်လို့ မရပြန်ပါဘူး… ။
အေးခဲနေတာကိုး… (ကံကောင်းတာက အေးခဲပြီး ကွဲမထွက်တာပါ… ငတ်ရတဲ့အထဲ
အေးခဲပြီး ကွဲထွက်ကုန်လျှင် ကျမသန့်ရှင်းရေးပြန်လုပ်ရမှာနဲ့ ဒေါသထွက်လို့
သေမှာပါပဲ … ) ငတ်ကံကြုံတော့လည်း မထူးတော့ပြီမို့ … ကိုလာဗူး ခဲနေတာ
အရေပျော်အောင် ရေခွက်ထဲ စိမ်ပြီး လက်ကလေးနဲ့
ဟိုလှိမ့်ဒီလှိမ့်လုပ်နေပါတော့

တယ်… ။ ကြက်ဥလေး ဘာလေး
ကြော်စားမလားကြည့်တော့ …  တလုံးထဲသော လက်ကျန်ကြက်ဥလေး
တွေ့ပါတယ်…ဒါဖြစ်ဖြစ် ကြော်စားလည်း အစာပြေတာပေါ့… တွေးရင်း… ဒယ်အိုးထဲ
ဆီထည့် မီးပူအောင် စောင့်နေတုန်း အိမ်က ကြောင်လေး မည်းမည်း
ပွတ်သီးပွတ်သတ် လုပ်ပြီး ကြက်ဥ အစိမ်းသောက်ချင်တော့….. ကျမကပဲ အငတ်ခံပြီး
ဆီမပူခင် ဒယ်အိုးပြန်ချကာ ကြက်ဥကိုကြောင်လေးကိုပဲ
အစိမ်းခွဲကျွေးလိုက်ပါတော့တယ်… ။ ကျမရဲ့ သင်္ကြန် ရက်တွေထဲမှာ ယခုနှစ်က
အတော့်ကို အကျဉ်းတန်ခဲ့ပြန်တယ်… တယောက်ထည်းသော ဆိုက်ဂျဲရိုးမောင်းတဲ့
လူရဲ့ ရေလောင်းခြင်း ခံခဲ့ရပြီး တနေ့လုံး အငတ်နေခဲ့ရတဲ့ 2011ရဲ့ သင်္ကြန်
အတတ်နေ့ကိုတော့ စိတ်အလိုမကျမှုတွေနဲ့ အတူ မေ့တော့မှာ မဟုတ်တော့ဘူးလေ…..။
နောက်နှစ်တွေကျရင်တော့ သင်္ခန်းစာရပါပြီ… သင်္ကြန်မတိုင်ခင်
အပြီးဈေးဝယ်ထားလိုက်တော့မယ်…. ။ 


☺ ♥ ♫ ♣ ☻ ♠ ♪☺ ♥ ♫ ♣ ☻ ♠ ♪

11 comments

  • bigcat

    April 21, 2011 at 1:36 am

    ကိုယ့်ကိုရေလောင်းသူကို ရေပြန်မလောင်းဘဲ လေပြန်လောင်းတာ ဖြစ်သင့်သလား စဉ်းစားစဉ်းစား……

    • etone

      April 21, 2011 at 3:41 am

      လေလောင်းယုံတင် ဘယ်ကမလဲ နားရင်းပါ နှစ်ချက်လောက်အုပ်ပစ်ခဲ့ချင်တာ … ဘယ်နှယ့် …. ပုံပြင်ဆန်ဆန် ချစ်သူက ရေလောင်းတယ် ဆို ကြားကောင်းသေးတယ်… ဘယ်သူပက်တဲ့ ရေမှ မစိုပဲ… ဆိုက်ကားသမား ပက်တဲ့ ရေပဲ ဆိုခဲ့တဲ့ နှစ်က စိတ်နာစရာ ကောင်းလွန်းလို့ပါ… ။

      • bigbird

        April 21, 2011 at 2:22 pm

        ဆိုက်ကားသမားပက်တဲ့ရေက တန်ဖိုးမရှိလို့လား..ဒါမှမဟုတ် ဆိုက်ကားသမားတွေက အောက်တန်းစားတွေမို့ဆိုပြီး သူတို့ပက်တဲ့သင်္ကြန်ရေကိုမခံချင်တာလား…ဒါမှမဟုတ် အဆင့်အတန်းခွဲခြားတာလား….ဒါမှမဟုတ် မအီတုံးက မာနကြီးတာလား..ဒါမှမဟုတ်…..
        (ဆိုက်ကားသမားလဲ လူထဲကလူသားတစ်ယောက်ပါပဲကွယ်)

      • etone

        April 22, 2011 at 1:58 am

        ဆိုက်ကားသမားကို အထင်သေးလို့ မဟုတ်ဘူး ။ အောက်တန်းစားဆိုပြီး နိမ့်ချ အဆင့်တန်းခွဲတာလည်း မဟုတ်ရပါဘူး ။ မနက်စောစော ရေမစိုချင်လို့ ဈေးထသွားပါတယ်ဆိုမှ … သူများက မလောင်းပဲ သူက လောင်းလို့ စိတ်တိုတာရယ်… ပထမဆုံးရေပက်တဲ့လူက ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ လူစိမ်းဖြစ်နေတာရယ် ၊ မထင်မှတ်ထားတဲ့လူဖြစ်နေတာရယ်၊ ခေါင်းကနေ အလောင်းခံလိုက်ရလို့ ရုပ်ပျက်သွားတာရယ် ကြောင့် အတော် တင်းခဲ့တာ… ။ အသားထဲက လောက်ထွက်သလို ဆတ်ဆတ်ခါအောင် ဒေါသထွက်ခဲ့တာ ဟီးဟီး ရယ်တော့ရယ်ရတယ် ။

  • juttue.gyi

    April 21, 2011 at 11:10 am

    အစ်မအီတုံ တကယ်တန်းကျတော့ ဆိုက်ကါးသမားကို ကျေးဇူးတောင်တင်ရအုန်းမှာ ဘာဖြစ်လို့လဲဆိုတော့ ဆိုက်ကါးသမားသာ မပတ်ရင် အစ်မအီတုံ ဒီနှစ်ရေတောင် ဆိုလိုက်မှာမဟုတ်ဘူး။ (အကောင်းဘက်ကတွေးပါ)

  • juttue.gyi

    April 21, 2011 at 11:11 am

    အစ်မအီတုံ တကယ်တန်းကျတော့ ဆိုက်ကါးသမားကို ကျေးဇူးတောင်တင်ရအုန်းမှာ ဘာဖြစ်လို့လဲဆိုတော့ ဆိုက်ကါးသမားသာ မပတ်ရင် အစ်မအီတုံ ဒီနှစ်ရေတောင် စိုလိုက်မှာမဟုတ်ဘူး။ (အကောင်းဘက်ကတွေးပါ)

    • kai

      April 21, 2011 at 7:12 pm

      အံမာ.. ဒို့ရွာသူကိုများအထင်သေးလို့..
      ဒီနှစ်ရေစိုချင်ရင်…သူ့ကိုကို ကိုသာ.. တချက်အချက်ပြလိုက်..။တကိုယ်လုံး သင်္ကြန်ရေရွဲရွဲစိုသွားအောင်… ခေါင်းကနေကိုင်ပြီး ..ရေထဲနှစ်ပေးဦးမှာ… ဦးမှာ…။ 🙂

      • eros

        April 22, 2011 at 3:23 am

        အဲဒါ ရေပတ်တာမဟုတ်ဘူး အတေတတ်နေဒါ။

  • kopauk mandalay

    April 21, 2011 at 4:12 pm

    ရေစိုမှာစိုးသမို့ အိမ်ထဲမှာခိုတဲ့
    အီးတုံးပျို။
    ကလေးတွေကို အတည်ပေါက်ချောက်
    ဟောက်စားလုပ်တာရခဲ့ပေမယ့်
    ရေခဲရေလောင်းဘို့ ချောင်းနေတဲ့ ဆိုက်ဂျဲရိုးဆရာနဲ့တွေ့တော့
    တုံမမမှာ ရေတွေစို၊
    သင်္ကြန်ဆိုတာတောင်သတိမရလောက်အောင်
    စိတ်တွေတို၊
    ဈေးမဝယ်ဘဲအိမ်ပြန်မိတော့
    စားစရာ ဘာမှမရှိ နတ္ထိဆိုပြန်တော့
    ထမင်းငတ် ဗိုက်ကဆာတော့ စိတ်ပိုတို၊

    အဲတော့လဲ ဖတ်ရသူ ရွာထဲကလူတွေမတော့
    သူပြောတဲ့
    (2011ရဲ့ သင်္ကြန်
    အတတ်နေ့ကိုတော့ )
    ဒီတသက်မမေ့ဘူးမှတ်……………..
    ဒတ် ဒတ် ဓါတ်……………….

  • manawphyulay

    April 22, 2011 at 3:12 am

    ဒီလိုမှန်းသိ ရိပ်သာသွားဖို့ လာခေါ်ပါတယ် ညီမလေးရာ…

  • eros

    April 22, 2011 at 3:21 am

    သင်္ကြန်အိမ်မှာနေတယ်၊ ဂိမ်းဆော့တယ်၊ စာဖတ်တယ်၊ ပိုစ့်တင်ဖို့ စာရေးတယ်။ အကြပ်နေ့ မနက်ကတော့ ရပ်ကွက်လမ်းထဲက ကလေးတွေရှေ့ လမ်းသလားလိုက်တယ်။ ကလေးတွေက ကားလမ်းမနဲ့ နီးပေမယ့် သိတဲ့ အတိုင်း မိဘတွေက စိုးရိမ်လို့ လမ်းမပေးမထွက်ဘူး။ လမ်းထဲမှာက လူသွားလူလာနည်းတော့ ကလေးတွေ ပတ်ချင်ပေမယ့် ပတ်လို့မရ ဘူး။ eros ငယ်ငယ်ကလည်း အဲဒီလို ကြုံခဲ့ဘူးတယ်။ ဒါနဲ့ ကလေးတွေကို ကိုယ်ချင်းစာ သနားတာရယ်၊ကိုယ်ကလည်း ရိုးရာမပျက် သင်္ကြန်ရေတနှစ်တခါ ရွှဲရွှဲစိုကောင်းတယ်အန္တရာယ်ကင်းတယ် ဆိုပြီး လမ်းထဲက ကလေးတွေရှေ့ လမ်းသလားလိုက်တယ်။ရွှဲရွှဲစိုရော။ ဒီကြားထဲကလေးလေး တယောက်က ခေါင်းကလောင်းချင်တာ သူလောင်းရအောင် ခြေလေးကွေး၊ ခါးလေးညွှတ်၊ ခေါင်းပါငုံ့ ပေးလိုက်တယ်။ ကလေးလေး တော်တော်ပျော်သွားတဲ့ပုံပဲ။

    သင်္ကြန်ရေဆိုတာ ……….. အန္တရာယ်ကင်းတယ် …………. ပတ်စမ်းခင်ရယ်……… မြို့မမြို့မ အတူနွှဲပျော်မယ်…………….

    နောင်နှစ်ကိုလည်း………. ဆီးလို့ကြိုကွယ် မောင်ကြီးလာပါမယ်…………….. လာပါမယ်…………
    ပြန်ပါဦးမယ်ပြန်ဦးမယ်………… နှုတ်ခွန်းဆက်ပါတယ်………. ဟေး……………

Leave a Reply