“မသိခြင်း၏နောက်ကွယ်က အတ္တစိတ်”

 

(၁)

ခုတလော တစ်ယောက်နှင့်တစ်ယောက် အော်ဟစ် ဆူညံနေရသဖြင့် စိတ်ဝမ်းကွဲ စပြုနေပြီဟု တွေးမိသည်။ အေးတိအေးစက်နိုင်လာခြင်း၊ ငြူစူခြင်းများကို မြင်နေရသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်မပြောတတ်ပေ။ ကျွန်တော်သည်သာလျှင် ပါးစပ်ဖွာ၍ တွေ့သမျှ၊ မြင်သမျှ ပြောဆိုတတ်သောကြောင့်များလား။  အနေဝေးကွာလာခြင်းဟု ခံစားရမှုများ တစ်နေ့ထက် တစ်နေ့များပြားလာသည်။ သည်းခံမှုတရားပျက်၍ ကမူးရှူးတိုး ပြန်မပြောသည့်တိုင် စကားတစ်ခွန်း၏ အတိမ်အနက်ကို ကျွန်တော် သေသေချာချာ အဓိပ္ပါယ်ဖွင့်နေရသည်။ ထွက်ရှိလာသော အဖြေသည် ကျွန်တော်၏ စိတ်ကို ကျေနပ် နှစ်သိမ့်မှုမပေးနိုင်ချေ။

ကျွန်တော့်တွင် လက်ရှိ ပူးပူးကပ်ကပ် တတွဲတွဲနှင့်ရှိသော သူငယ်ချင်း လေးယောက်ရှိ၏။ နေ့တစ်နေ့၏ တစ်နေ့တာတွင် အိပ်ချိန်မှအပ ကျန်အချိန်များတွင် အမြဲလိုလိုတွေ့ဖြစ်ကြသည်။ ထမင်းလက်ဆုံစားကြသည်။ ကျွန်တော် တို့၏ တာဝန်ချိန်များတွင် မတွေ့ဖြစ်ကြသည်ကလွဲလျှင် ကျန်အချိန်များတွင် အမြဲတတွဲတွဲဖြစ်လို့နေသည်။ ထိုသို့တွေ့ဖြစ်ကြတိုင်း ငြင်းခုန်မှုများ၊ပျော်ရွှင်မှုများဖြင့် ဆူညံနေတတ်ကြ၏။ အထူးသဖြင့် နေ့လည်ထမင်းစားချိန်နှင့် ညနေထမင်းစားချိန်သည် လေလှိုင်းဂယက် အရိုက်ဆုံးဟု ပြောရမည့် အချိန်ဖြစ်သည်။ တစ်နေ့တာ၏ စိတ်အနှောင့်အယှက်ဖြစ်မှုများကို ထမင်းဝိုင်း၌ ထမင်းနှင့်အတူရော၍ နှယ်ဖတ်စားသောက်ရင်းဖြင့် ဝုန်းဒိုင်းကျဲသည့်ပမာ ရှိနေတတ်ချေ၏။

စောင်းဆိုင်းခြင်းဆိုသည်ကို အလွန်မုန်းသော ကျွန်တော်၏ ဝသီကြောင့် ဖြစ်သမျှ ပြဿနာများသည် ကျွန်တော့်ထံ၌ အခြေတည်သည်ဟုပြောလျှင် ပို၍မှန်ကန်နိုင်၏။ နုတ်သီးကောင်း လျှာပါးဖြင့် မိန်းမသားတစ်ယောက်ပမာ ပြောဆိုတတ်သော ကျွန်တော့်အကျင့်ကြောင့် ထမင်းဝိုင်းသည် စိုပြေခဲ့သည်ဟု ထင်မှတ်မှားခဲ့သည်။ အမှန်မှာ ကျွန်တော်သည် သူငယ်ချင်းများကို နားပူစေအောင် အမြဲတစေ ပြုလုပ်နေခဲ့သော အပြစ်ရှိသူသာလျှင် ဖြစ်နေခဲ့သည်။

ကျွန်တော်ကလည်း ကျွန်တော်ပင်ဖြစ်သည်။ မြင်ရ၊ကြားရ၊တွေ့ရသော စိတ်ခံစားမှုများကို စိတ်ထဲ၌ သိုဝှက်ခြင်း အလျဉ်းမရှိပဲ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သော အကျင့်ကြီးကို ပိုင်ဆိုင်ထားသည်။ မလှုပ်မယှက်၊ အေးတိအေးစက်နေတတ်သော သူများကို မြင်လျှင် အားမလို အားမရ ဖြစ်ရသည်မှာ အမြဲ။

တစ်ခါတစ်ရံ ကိုယ်ရေးကိုယ်တာ စိတ်ညှစ်စရာများရှိသည်မှလွဲ၍ အမြဲလိုလို တက်ကြွ ပျော်ရွှင်စွာနေခဲ့သည်။ လုပ်စရာရှိသည်များကို အချိန်ယူ နှေးနှေးကွေးကွေး မလုပ်တတ်။ စိတ်မြန်၊ကိုယ်မြန် ရှိတတ်သည်။ သို့စိတ်များကြောင့် ယခု ပြဿနာ အရင်းအမြစ်သည် ကျွန်တော့်ကြောင့်ဟု ပြော၍ရနိုင်ပါသည်။

ဥပမာ ထမင်းစားချိန်သည် နေ့လည် ၁၁နာရီဆိုလျှင် ထိုအချိန်၌ လူစုံတက်စုံဖြင့် ထမင်းဝိုင်းကို ပြင်ဆင်ပြီး စားချင်နေပြီ။ သူငယ်ချင်းများကို စုံစုံလင်လင် ရှိစေချင်သည်။ ထမင်းစားချိန်ဆိုသည့်အတိုင်း ထမင်းအရင် စားလိုက်ရသည့် အာသီသကို မက်မောမှုရှိသည်။ လုပ်စရာ အရေးကြီး အထွေအထူး ကိစ္စမရှိပါပဲ ယောင်တောင် မှောင်တောင်ဖြင့် လမ်းသလားနေခြင်းကို မကြိုက်ချေ။ ၁ဝ မိနစ်၊၁၅ မိနစ်ခန့် စောင့်လိုက်ရသည်ဆိုလျှင် ကျွဲမြီးတိုချင်စိတ်က ကနဦးဖြစ်ပေါ်နေပြီ။ထိုအချင်းအရာကို နုတ်ဖျား၌ ပေါက်ကွဲလွင့်စင်ရန် ကျွန်တော်က အဆင်သင့် မောင်းတင်ထားတတ်သည်။ လာပလေ့စေ ဟု ကြုံးဝါးသည်နှင့် တပြိုင်နက် ပေါက်ပေါက်ဖောက်လေ့ရှိသော အကျင့်ကြောင့် ယခု ထမင်းဝိုင်းကလေး တိတ်ဆိတ်သွားချေပြီ။

သူငယ်ချင်းများ၏ စိတ်ကို အတွင်းကျကျ မသိနိုင်သေးသော်ငြားလည်း အချို့အချို့သော တစ်ထောင့် တစ်နေရာသော စိတ်ကို ကျွန်တော် မြင်တတ်သည်။ နဂိုက စိတ်တူ ကိုယ်တူဟု အရာအားလုံး ထပ်တူမကျသည့်တိုင် ပျော်ပျော်နေတတ်ခြင်း၊ ဝါသနာတူခြင်း၊ ပွင့်လင်းစွာပြောဆိုတတ်ခြင်း စသည်တို့သည် ရာခိုင်နှုန်းပြည့်နီးပါး တူညီခဲ့ကြသည်။ အများတကာရှေ့တွင် အတွဲညီသော သူငယ်ချင်းများ ပမာ ရင်းနှီးချစ်ခင်မှု၊ နွေးထွေးမှုများ ပြသနိုင်ခဲ့ကြသည်။

(၂)

ယခု ထိုသို့မဟုတ်ချင်တော့ချေ။ မျက်စိရှေ့ရောက်လာသော သူငယ်ချင်းများ၏ အကြည့်များသည် အဘယ့်ကြောင့် အနည်းငယ်မာထန်နေရသနည်း။ ကျွန်တော်သည်သာလျှင် စိတ်အတွင်း၌ သံဝေဂရဖွယ် သင်ခန်းစားများဖြင့် သူငယ်ချင်းများ၏ စိတ်ကို အတွင်းကျကျ ဖွင့်ကြည့်ချင်နေသည်လား။ ကျွန်တော်၏ သူငယ်ချင်းများကရော ကျွန်တော်၏ စိတ်တံခါးကို ဖွင့်ကြည့်နေသည်လားဟု ကျိတ်ပုန်းဖြင့်းတွေးနေရသေးသည်။

သို့ဆိုလျှင် အတ္တတရားကြီးမားသူမှာ ကျွန်တော်သည်သာလျှင်ဖြစ်ပါစေဟု ဆုတောင်းလိုက်ချင်သည်။ အဘယ့်ကြောင့်ဆိုသော် အပြစ်လုပ်ခဲ့သူမှာ ကျွန်တော်သာလျှင် ဖြစ်ချိမ့်၏ဟု သတ်မှတ်ထား၍ပင်။

ကျွန်တော့်ကိုယ် ကျွန်တော် အထင်ကြီးစိတ်ဖြင့် လူပုံအလယ် သူငယ်ချင်းများ၏ ဟာကွက်ကို ဖိနှင်းမိ၍လော။ သူငယ်ချင်းများ မနှစ်သက်ခြင်းအမှုကို ပြုခဲ့မိ၍လော။ စေတနာဇောဖြင့် လုပ်ငန်းခွင်တွင် ဆောင်ရန်၊ရှောင်ရန်များကို နားငြီးလောက်အောင်ပြောဆိုခဲ့မိ၍လော။ သို့ဆိုပါလျှင် ကျွန်တော်၏ နုတ်ကို အပ်ချည်ဖြင့် ထိုးသီရန် ကျွန်တော့်ကိုယ် ကျွန်တော် ပြန်လည်၍ အပြစ်ပေးရပေလိမ့်မည်။ ယခင်က စကားသီဖွဲ့၍ နေ့နေ့ညည အတူရှိချိန်များသည် ခြောက်သွေ့တိတ်ဆိတ်ခြင်းအဖြစ်သို့ ကူးပြောင်းစ ပြုနေပြီ။ လူမစုံသော ထမင်းဝိုင်းအဖြစ်သို့ နေ့ချင်းညချင်း ပြောင်းလဲစ ပြုနေပြီ။

သူငယ်ချင်းများ၏ အတွင်းစိတ်၌ မကြည်မလင်ဖြစ်နေချိန်၌ အလိုက်ကန်းဆိုးမသိစွာ ပြုမူနေထိုင်ခဲ့သူုမှာ ကျွန်တော်သာလျှင် ဖြစ်နေသည်ဟု ယခုမှတွေးမိရသည်။ သူငယ်ချင်းများ ကျွန်တော်နှင့် အတူမရှိသည်နှင့် သူတို့၏ လွတ်လပ်ခွင့်ဥပဒေသများကို ကျွန်တော် ချိုးဖောက်မိသည်လား။ အတ္တတရား ကျွန်တော့်ထံ၌ ကြီးမားဖိစီးလာသည်ကို ရုတ်တရက်သိလိုက်ရချိန်သည် နောက်ကျနေပြီ။ သူငယ်ချင်းများ၏ လွတ်လပ်ခွင့်ကို ချုပ်နှောင်ဖိစီးသည် မဟုတ်သော်လည်း သည်းခံနိုင်ခြင်းမရှိသည့် ကျွန်တော်၏စိတ်ကြောင့် ချုပ်နှောင်ခြင်း သဘောသို့ရောက်ရသည်။

ယခုဆိုလျှင် ထမင်းစားချိန်မှအပ ကျွန်တော်၏ အခန်းသည် တိတ်ဆိတ်ခြင်းတို့ မင်းမူနေပြီ။ ထမင်းဝိုင်း၌ ငူငိုင်စွာ ထိုင်၍ စားသောက်နေရသည်မှာ တစ်ခါ နှစ်ခါမကတော့။ အဘယ်သို့သော အကြောင်းရင်းများကြောင့် အခန်းတွင်း၌ သီချင်းသံများ၊ စကားသံများ တိတ်ဆိတ်နေရသနည်းဟု အဖြေရှာနေသည်မှာကြာပြီ။ သူငယ်ချင်းများ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်များကို  မသိလိုက် မသိဘာသာ ထိပါးမိသည် အပြစ်ကြောင့်ဟုဆိုလျှင် အနေအထိုင်မတတ်သည့် ကျွန်တော်သည်သာလျှင် အပြစ်ရှိ၏။ သူငယ်ချင်းများ၏ အကြောင်းပြချက် တစ်စုံတစ်ရာကို သိချင်စိတ်မရှိပဲ စီး၍ အပြစ်တင်တတ်သော ကျွန်တော်သာလျှင် ငမိုက်သားဖြစ်၏။

ထမင်းဝိုင်းနောက်ကျလျှင် အားမနာ လျှာမကျိုး အော်ဟစ်ဆူပူတတ်သော ကျွန်တော့်ကြောင့်ဆိုလျှင် ပြန်လည်ပြင်ဆင်ရန် အချိန်မှီနိုင်ပါသေးသည်။

အုပ်စုဖွဲ့နေနေကျဖြစ်သော သူငယ်ချင်းများ တစ်ယောက်စ နှစ်ယောက်စ လျှော့မှန်းမသိလျှော့လာသည်ကို တွေ့ရသည့်အခါ ယောင်ချာချာနိုင်လာတော့သည်။ လူဆိုသည်က အနေနီး၍ အမြဲမြင်နေကျ လူတစ်ယောက်လျှော့သည့်အခါ မနေတတ် မထိုင်တတ် ဖြစ်တတ်ကြသည်။ ဖြေမတွေးတတ်သည့်စိတ်ကြောင့် အပြစ်မြင်စိတ်မွေးပြီး ပြောချင်ဆိုချင်ခဲ့သည်။ သူငယ်ချင်းများ၏ စိတ်ကို အတွင်းကျကျမသိပဲ ကျွန်တော်လုပ်ချင်ရာ လုပ်ခဲ့သည်။ ကျွန်တော်၏ ဝါသနာသည် စာရေးခြင်းဖြစ်သည်နှင့်အညီ ဘဝထဲက ပျော်စရာ ရွှင်စရာ ခံစားမှုများကို ရေးဖွဲ့သီကုံးတတ်သည်။ တစ်ခါက ကျွန်တော့် စိတ်ကူးဖြင့် သူငယ်ချင်း၏ နာမည်ရင်းနှင့်တကွ စိတ်ထားတစ်ချို့ကို ယူ၍ ဝတ္ထုတစ်ပုဒ် ရေးဖွဲ့မိသည်။ ထို ဝတ္ထုမရေးခင်ကတည်းက သူငယ်ချင်းက သိနေသော်လည်း တကယ်တမ်း ပြီးဆုံးသည့်အခါ မကြိုက်မနှစ်သက်ကြောင်းပြောလာသည်။ အဘယ်သို့ လုပ်ရမည်နည်း။ ကိုယ့်အတွေးနှင့် ကိုယ်ဟု ဆိုသော်လည်း သူငယ်ချင်း၏ စိတ်နေ စိတ်ထားကို မဖတ်မိခဲ့ခြင်းကြောင့် ကျွန်တော်မှားခဲ့ဖူးသည်။

ရင်ထဲ၌ မျိုသိပ်အပ်သော စကားများကို မမျိုသိပ်ခဲ့မိ၍ နွေးထွေးမှုများ ပျောက်ဆုံးခဲ့ရသည်ဟု ကျွန်တော်ထင်သည်။

(၃)

အရိပ်သုံးပါးမက ကျွန်တော် နားမလည်တတ်ခဲ့ချေ။ အကြည့်တစ်ချက်ကလေးတောင် အဓိပ္ပါယ် မဖွင့်တတ်ခဲ့သည့်အဖြစ်။ အားပေးနှစ်သိမ့်မှု လွန်ကဲခြင်းကြောင့် ငြူုစူခြင်းအပြစ်ကိုလည်း ကျွန်တော်ရနိုင်သည်။ လူတစ်ယောက်အပေါ် အားမလို အားမရဖြစ်မှု လွန်ကဲခြင်း၏ အကျိုး အပြစ်သည် ကြီးမားလေစွ။

အနည်းငယ်ထက်ပို၍ မာကြောသော ကျွန်တော်၏လေသံသည် ခတ်ထန်ခဲ့ဖူးမည်။ အမိန့်ပေးသံ ပေါက်ခဲ့ဖူးလိမ့်မည်။ မကြိုက်မနှစ်သက်သည်များကို ပွင့်လင်းရဲတင်းစွာ ပြောဆိုခဲ့ဖူးပြီ။ ပြန်လည်၍ နုတ်မရနိုင်သော ဆူးတစ်ချောင်းသဖွယ် ကျွန်တော်၏ အပြုအမူများသည် နွံ၌ နစ်ချေ၏။

တစ်ချို့က ထင်ချင်ထင်လိမ့်မည်။ အစက ရင်းနှီးပျူငှာစွာ ဆက်ဆံခဲ့ပြီးမှ နောက်ပိုင်း၌ ငြူစူစွာ ဆက်ဆံနေသည်ဟု။ စိတ်ရင်းအမှန်ဖြင့်ပြောရလျှင် စိုးရိမ်ပူပန်မှုလွန်ကဲသော၊ ကျွန်တော်နှင့် တစ်သားတည်းဟု ယူဆခဲ့မိသော စိတ်ကြောင့်သာ ဖြစ်ချေလိမ့်မည်။

အလိုမကျမှု၏ နောက်ကွယ်၌ ပြင်းထန်စူးရှသော ဝေဒနာကို ခံစားရ၏။ သံယောဇဉ်ဖြစ်တည်မှုသည် ညောင်မြစ်သဖွယ် ထိုးဖောက်ဝင်ရောက်သကဲ့သို့ရှိ၍ ရင်းတွင်းအပူသည် အထွတ်အထိပ်သို့ရောက်ရသည်။

သူငယ်ချင်းတစ်ယောက်ကပြောသည်။

“တော်ပြီ လူတွေနဲ့မပေါင်းတော့ဘူး တစ်ယောက်တည်းပဲနေတော့မယ်”ဟု။ ထိုစကားသည် ကျွန်တော့်ကို မပြောသော်ငြား ကျွန်တော်၏ ပတ်ဝန်းကျင်တွင်ပြောဆိုသောကြောင့် တိုက်ရိုက်ကြီးမပတ်သက်သော်လည်း သွယ်ဝိုက်၍ ပတ်သက်နေချေသည်။ သို့သော် ပြန်လည်၍ ခွန်းတုန့်မပြန်ဖြစ်ပေ။ မနေတတ်၊ မထိုင်တတ်၊ မပြောတတ်ခြင်း၏ အပြစ်ဟု မှတ်ယူထားလိုက်သည်။ ထိုအခါ စိတ်အနည်းငယ် အေးချမ်းသည်ဟု ထင်မိသည်။

သူငယ်ချင်းတစ်ယောက်ကလည်း ပြောသေးသည်။

“နေတတ်သလို နေလိုက်ပါ”ဟု။နေတတ်သလို နေကြည့်ရမည်ဟု ကျွန်တော့်စိတ်ကို ဆုံးမရသည်။ တစ်ယောက်တည်းနေ၍မရသည့် လူ့လောကတွင် အမှီသဟဲပြုရန် အပေါင်းမိတ်ဆွေ လိုအပ်သည်။ အသိပညာ၊ အတတ်ပညာ ဗဟုသုတများ ဖလှယ်ရင်း အပြန်အလန် အမှီသဟဲပြု၍ ကူညီကြရသည်။ မည်သို့ပင်ဖြစ်စေ ကျွန်တော့်အား အလိုမကျဖြစ်ခဲ့သည်ဟု သူငယ်ချင်းများက ဆိုခဲ့ပါလျှင် ဦးညွှတ် တောင်းပန်စကားဆိုရချေမည်။

“မိတ်ဆွေကောင်းလျှင်၊ ဆွေမျိုးမမှီ”ဟု ဆိုခဲ့ကြသည်။

တိတ်ဆိတ်ခြင်းမင်းမူနေသော ကျွန်တော့်အခန်းထဲ၌ တစ်ကိုယ်တည်း အဖြေရှာ၍ မျက်စိသူငယ် ဖြစ်နေချိန်တွင် မျက်စိရှေ့၌ အခန်း၏ နံရံမှ စာတန်း တစ်ချို့ကိုမြင်ရသည်။ ဟုတ်ပေသားဟု တွေးမိပြီး ကျွန်တော့်စိတ် ကျွန်တော်ရှက်ရသည်။ ထိုစာသားများကို ကြိုက်နှစ်သက်၍ ကိုယ်တိုင် ကွန်ပျူတာ စာစီပြီး နံရံထက်တွင် ကပ်ထားခဲ့သည် မဟုတ်ပါလား။

“အလိုတွေ ရှိနေသမျှ

အလိုက ပြည့်လိမ့်မည်မဟုတ်။

အလို မရှိတော့မှသာ

အလိုက ပြည့်လိမ့်မည်..။

အလို်တွေ ရှိနေသမျှ

အလိုက ကျလိမ့်မည်မဟုတ်..။

အလို် မရှိတော့မှသာ

အလိုက ကျလိမ့်မည်…။

စိတ်ရှိနေသမျှ

စိတ်တိုင်းကျလိမ့်မည် မဟုတ်..။

စိတ်မရှိမှသာ စိတ်တိုင်းကျလိမ့်မည်..။”ဟု နံရံ၌ ကပ်ထားသည် မဟုတ်လော။

(၄)

နောက်နံရံ တစ်ဖက်၌

“ချက်ချင်း ဆက်ဆံ

သည်းညည်းခံ

အမှန်လိုအပ်သည်..။

 

ကျေးဇူးမကင်း၊ ပြစ်မကင်း

ချင်းချင်း ရှိတတ်သည်..။

 

ကျေးဇူးမြော်မြင်၊ ပြစ်မတင်

ကြည်လင် ချမ်းမြေ့သည်…။

 

ချမ်းသာလိုရာ ၊ များသူငါ

မေတ္တာ ခန္တီရှိရမည်…။”

(မစိုးရိမ်၊ ဦးတိဿ၊ ဝက်လက်)

ဟုတ်ချေသည်။ နံရံထက်၌ ကပ်ထားသော ထိုစာတန်းနှစ်စောင်ကို မမြင်မိအောင် ကျွန်တော် မျက်လုံးကန်းနေခဲ့သည်။ အလိုမကျခြင်းများ ကြီးစိုးခဲ့သည်။ နုတ်ကိုယ်နှစ်ပါး မထိန်းသိမ်းခဲ့။ ကျွန်တော်၏ သူငယ်ချင်းများ အဘယ်သို့ပင် ရှိစေကာမူ အပြစ်မြူမှုန် တစ်မှုန်တစ်စ မမြင်မိပဲ လွတ်လပ်ခွင့်ကို ပိုင်ပိုင်ကြီး စားသုံးစေနိုင်တော့မည်။ အတ္တကိုယ်စီကြား နားလည်မှု တံတားခင်း၍ ယခင် နွေးထွေးမှုများ ပြန်လည်၍ တောင်းတမိသည်မှာ ကျွန်တော်နှင့် ကျွန်တော်၏ သူငယ်ချင်းများ ဖြစ်နေမည်ဆိုပါလျှင်…….။

သော်ဇင်(လွိုင်ကော်)

Date-23-April-2011

Time-3;35Pm