ရေလှူကြမလား(၂)BY May Aye Oo

padonmarApril 23, 20111min822

စမ်း ရေ .. … ..

ကျောက်ကွင်းကျေးရွာကို ကလေး (မူလတန်း) ယဉ်ကျေးလိမ္မာ သင်တန်း နဲ့ စာကြည့်တိုက်ကိစ္စ အတွက် သွားရင်း တစ်လက်စတည်း၊ ကော့မရွာကို ရေတွင်းကိစ္စ သွားကြည့်ဖို့ စီစဉ်ရပါတယ်..။

ရေ ရှားပါးပြီး ခက်ခဲ ရှာတဲ့ အရပ်မို့ ရေအလှူလေး လုပ်ပေးချင်တာကြောင့် စုစည်းလိုက်တဲ့ အခါမှာ.. တစ်ဦးချင်း အလှူရှင် ရော.. ၊ စုပေါင်းအလှူရှင် တွေရော.. ပေါ်လာတာ.. အရမ်းကို ဝမ်းသာစရာပါ..။

မူလ အစီအစဉ်အရ.. အဝီစိတွင်း..တူးမယ်ဆိုပြီး.. အလှူရှင်ရော.. ရွာသားတွေရော.. စက်သမားတွေရော.. အားတက် သရော၊ ကြိုးစား ပမ်းစား.. လုပ်ကြပေမဲ့.. ရေ မတွေ့ခဲ့ပါဘူး..။

အဝီစိတွင်းတွေကို ၁၅-မတ်-၂၀၁၁ က စ ပြီး တူးကြပါတယ်..။ ကျောက်ကွင်း ဆရာတော်ရဲ့ ကြီးကြပ် ပေးမှုနဲ့ ရေ ရနိုင်မယ့် မြေ နေရာလေးတွေ ရှာပြီးတူးကြတာ။ ပေ ၅၀ဝ ကျော် သွားအောင်တူးရပါစေ..။ ရေတွေ့ချင်ပါတယ်..။ ကုန်ချင် သလောက် ကုန်ပါစေ။ ငွေလိုရင် အလှူရှင် ထပ်ရှာ မယ်ရယ် လို့..၊ အားပေးခဲ့ တူးခဲ့ ကြတာ.. ၄ နေရာတူးပြီးပေမဲ့ ရေ မတွေ့ပါဘူး..။

သူတို့ အဝီစိတွင်းတူးနေတဲ့ အချိန်မှာ .. ကျမက ကချင်ပြည်နယ်၊ ဆားမှော် ခရီးစဉ်မှာပါ..။ ကျောက်ကွင်းဆရာတော် ဆီက ဖုန်းဝင်လာတိုင်းမှာ.. “ရေ.. ထွက်ပြီလား. ” ရယ် လို့ .၊ ပျော်ရတော့ မလားရယ်လို့ ..၊ ရင်ခုန်မိပါတယ်.. “ရေ.. မတွေ့ဘူး .” လို့ သိလိုက်ရတဲ့ အချိန်မှာ.. ရင်ထဲမှာ.. မောပြီးနွမ်းသွားရပါတယ်..။

“ဆရာမ.. ရေ.. ဒီတွင်းမှာတော့.. ရေမတွေ့ဘူး.. .. နောက်တစ်နေရာ ထပ်ရှာ ရမလား..။” လို့မေးရင်..

“ရှာပါ အရှင်ဘုရား.. တပည့်တော်.. သူတို့ ကို ရေ ရစေချင်ပါတယ်.. ” လို့ လှမ်းပြောရပါတယ်.. ။

ရွာသားတွေ ခမျာလဲ.. ရေ ရချင်ရှာတာမို့ လူအား၊ လုပ်အား အပြည့်ပေးပြီး.. ကြိုးစားကြရှာပေမဲ့…

ပထမတွင်းမှာ.. ပေ ၅ဝ မှာ ကျောက်လွှာစတွေ့ပါတယ်..။ အဲဒီကျောက်လွှာကို ဖောက်ပြီး ဆက်တူးကြတော့ ပေ ၈ဝ မှာ ကျောက်လွှာ ထပ်တွေ့ပြန်ပါတယ်..။ ပြီးတော့ ပေ ၁၂၀၊ ပေ ၁၈ဝ တွေမှာ လဲ ထပ်တွေ့ ထပ်ဖောက်ပြီးတူးကြပါတယ်..။ ပေ ၂၂ဝ မှာတော့ သက်ရင့် ကျောက်လွှာကိုတွေ့တာမို့ .. စက်လွန်သွားတွေ ကျိုးပဲ့ကုန်ပါတယ်..။ လွန်သွား အသစ်ပြန်လဲ ပြီး ဇွဲ မလျော့တမ်း ဆက်တူးပေမဲ့ နှစ်နေ ဝင်အောင်တူးပါသော်လည်း ကျောက်လွှာ လက်တစ်ဆစ် စာတောင် မပေါက်လို့ .. နောက်ဆုံး လက်လျော့ လိုက်ပြီး..၊ ရေရ နိုင်မယ့် မြေနေရာ ရွေးပြီး နောက် တစ်တွင်းထပ်ဖေါက်ကြပါတယ်..။ ဒုတိယ တွင်း မှာလဲ.. အဲ သလိုဘဲ.. ကျောက်လွှာ အထပ်ထပ်တွေ့ပြီး.. လက်လျော့ ရပြန်ပါတယ်..။ အဲသလိုနဲ့ တတိယ၊ စတုတ္ထ တွင်း တွေ အထိ ဒီလိုဘဲ.. ကျောက်တွေ့နေတာပါဘဲ..။ (ကြည့်ရတာ.. အဲဒီရွာကလေးက ရိုးမထဲရွာမို့ မြေအောက်မှာ ကျောက်လွှာတွန့်တောက်တွေ ရှိနေ ထင်ပါရဲ့) ၄ နေရာတူးပြီးလို့ ရေ မရတော့ စက်တူးသမားတွေမှာ လဲ နေ့တွက် မကိုက် တာမို့ ဆက်တူးဖို့ အားမရှိကြတော့ပါဘူး..။

အဝီစိတွင်းတူးသမားတွေရဲ့ ထုံးစံ က ရေထွက်ရင် တူးခ အပြည့်ပေး ရပြီး..၊ ရေ မရခဲ့ ရင် တူးခ တစ်ဝက်ကိုဘဲ ပေးရတာမို့ ၊ ရက်ရှည်လာတဲ့ အခါ..၊ တစ်နေကုန်တူးမှ.. တစ်လက်မတောင် မပေါက်တဲ့ အခါမျိုးတွေမှာ.. တွက်ခြေ မကိုက်ကြဘူးပေါ့..။

ကျမကို ဆက်သွယ်ကြတော့ ကျမက ရေသာရမယ်ဆိုရင် ဆက်တူးပါ.. လို့ ပြောပြီး ဆက်တူးကြပေမဲ့.. ရေရဖို့လမ်းကို ဘယ်လိုမှ မမြင်တာပါ..။ အဲဒီ သက်ရင့်ကျောက်ကို ဖောက်နိုင်မယ့် စက်မျိုးကလဲ.. အဲဒီနယ်မှာ မရှိတာရယ်..၊ ရှိတဲ့နေရာ တွေ ကနေ.. ဝေးဝေးလံလံ သွားငှားမယ်.. ဆိုပြန်တော့လဲ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့်..၊ အဆင်ပြေဖို့ မလွယ်ပါဘူး..။

ဒါကြောင့်.. မတ်လ ၁၅ ရက်နေ့ကနေ စ ပြီးတူးလိုက်တာ.. မတ်လ ၂၅ ရက်နေ့ကျတော့ လုပ်ငန်းရပ်လိုက်ပြီး.. ကျမ ရောက် မယ့် ၂၆ ရက်နေ့မှာ ရေရရှိရေး ကိစ္စကို ဆက်ဆွေးနွေးကြဖို့ ဆုံးဖြတ်ပြီး စောင့်နေကြပါတယ်..။

ကျမ ကလဲ.. မတ်လ ၂၃ ရက်နေ့ ကမှ ကချင်ပြည်နယ်၊ ဆားမှော် ခရီးစဉ် ကနေ ရန်ကုန်ကို ပြန်ရောက်တာပါ..။ မတ်လ ၂၅ ရက်နေ့မှာ ကျောက်ကွင်းရွာ ခရီးစဉ် ပြန်စ ပါပြီ..။ မတ်လ ၂၆ ရက်နေ့ မနက် ကျောက်ကွင်းရွာကို ရောက်ပြီး၊ မနက် ၈ နာရီ လောက် ကော့မ ရွာ က လာကြိုတဲ့ ဆိုင်ကယ်နဲ့ .. စမ်းရွာ ဘက်လမ်းကနေ သွားကြပါတယ်..။ ကျမ က ဆိုင်ကယ် တစ်စီး၊ ဆရာတော် က တစ်စီး လာကြိုကြပါတယ်..။ မသွားခင်မှာ.. မှတ်တမ်းတင် ဓါတ်ပုံတွေ အရိုက်သန် တဲ့ ကျမကို ဆရာတော် က “ဒကာမ ကြီး ၊ ဒီလမ်းက တောင်ပေါ် အတက်လမ်းမို့ ကုန်းတက် တုန်းဆင်းများတယ်..။ ကုန်းတွေကလဲ မတ်တယ်..။ ဓါတ်ပုံ မရိုက်ပါနဲ့ ။ လိမ့်ကျမှာ စိုးလို့.. “ လို့ ပြောပါတယ်..။ ဒါပေမဲ့ ဆိုင်ကယ် စီးလာပြီး ၅ မိနစ်၊ ၁ဝ မိနစ် လောက်နေတော့ ကျမ က လမ်းအနေအထားမှာ ဆိုင်ကယ်ပေါ် ထိုင်ရတာ.. balance မိသွားပြီမို့ ဓါတ်ပုံ စ ရိုက်ပါပြီ..။ ရှုခင်းတွေက လဲ လှတာ တစ်ကြောင်း၊ လမ်း အခြေအနေ လဲ မှတ်တမ်း တင်ချင်တာက တစ်ကြောင်းပေါ့..။

ရွာရောက်တော့ တွင်းတူးထားတဲ့ နေရာတွေ..၊ ရေခန်းနေတဲ့ စမ်းချောင်းတွေ..၊ သွားကြည့်ပြီး ရပ်မိ ရပ်ဖ တွေ နဲ့ ရေ ရရှိရေး ကိစ္စ ကို ဆွေးနွေးကြပါတယ်..။ စမ်းချောင်း လေးက ရေခန်းနေပါပြီ။ လက်ယက်တွင်း နဲ့ စမ်းရေတွင်း (တောင်နီရွာ အပိုင်) မှာ ရေ လာခပ်ဖို့ ကို တော်တော်ဝေးဝေး လာရတာပါ..။ ရေချိုးပြီးများပြန်မယ်ဆိုရင် အိမ်ရောက်တာနဲ့ ရေထပ်ချိုးရမယ့် အနေ အထားမျိုးပါ..။

ဒီဒေသ မှာ ရေ ရရှိဖို့ နည်းလမ်း ၃ ခု ရှိပါတယ်..။

၁) အဝီစိတွင်း – အဲဒါကတော့ နယ်ခံတွေ အလိုချင်ဆုံးပါ..။ အဝီစိတွင်းရေ အောင်သွားရင် ရေခပ်ဖို့ ကို ဝေးဝေးလံလံ သွားစရာမလိုဘဲ.. ရွာထဲမှာတင်.. အဆင်ပြေပြီး၊ တစ်ရွာ လုံးလဲ သုံးနိုင်မှာပါ..။ ဒါပေမဲ့ အဲဒါက အဆင်မပြေ နိုင် တော့ ပါဘူး..။

၂) ခါးစမ်းရေ – အဝီစိတွင်းတူးတဲ့ အခါမှာ ပေ ၅ဝ က ၁၀ဝ ကြား မှာ ထွက်တဲ့ ရေ ကို ခါးစမ်းရေ လို့ ခေါ်ပါတယ်..။ အဝီစိရေလို များများ မရ ပေမဲ့ ၄၊ ၅၊ ၁ဝ အိမ်လောက် သုံးနိုင်ပါတယ်..။ ဒါကြောင့် ဒီ ခါးစမ်းရေ ကို.. ဒုတိယ Option အနေနဲ့ ရွေးကြပါတယ်..။ ခါးစမ်းရေ ဖမ်းကြမယ်..။ အသစ်မတူးဘဲနဲ့ လက်ရှိ တူးထားတဲ့ တွင်း ၄ တွင်း ထဲက ပေ ၇ဝ တွင်းမှာ ခါးစမ်းရေ ဖမ်းကြည့်မယ်ပေါ့..။ အဆင်ပြေရင် ခါးစမ်းရေတွင်း စုစုပေါင်း ၄ တွင်းတူး ပေး လိုက်ရင်.. အထိုက်အလျောက်တော့ အရင်ထက်စာရင် အဆင်ပြေသွားမယ်.. လို့ ဆုံးဖြတ်ကြပြီး.. ၊ အဲဒီနေ့ အတွက် ဆွေးနွေးပွဲ ကို အဆုံးသတ်လိုက်ပါတယ်..။ (ခါးစမ်းရေတွင်း ရရင်လဲ.. ဝေးဝေးလံလံ မသွားရဘဲ.. ရွာထဲမှာတင် ရေ ရ မှာပါ..)

၃) စမ်းရေတွင်း – ၂၆ ရက်နေ့ ရဲ့ ဆုံးဖြတ်ချက် အရ.. ရွာ ခံ လူကြီးတွေ ခါးစမ်းရေ ဖမ်းကြတာ.. ရေ က တစ်ညလုံး စောင့်သိပ်တာတောင် သောက်ရေ တစ်အိုးစာဘဲ ရ သတဲ့..။ ဒီလို ဆိုတော့လဲ .. အလုပ်မဖြစ်ပြန်ဘူး..။ ငွေကုန် ကြေးကျ ခံပြီး ခါးစမ်းရေတွင်းတွေ တူးထားပြီးကာမှ.. ရေ မထွက်ခဲ့ ရင်.. လှူသူမှာရော..၊ ယူသူ အပေါ်မှာပါ.. အကျိုးသက်ရောက်မှု မရှိတာကြောင့် နောက်ဆုံး တစ်နည်း ဖြစ်တဲ့ စမ်းရေတွင်းတူးပေးဖို့ ကို ၂ရ ရက်နေ့မှာ ဆုံးဖြတ်ကြပါတယ်..။ စမ်းရေတွင်း ဆိုတာတော့ စမ်းချောင်းလေး ရဲ့ဘေး ကုန်းပေါ်မှာ ကျောက်ခွေတွေချပြီး ရေတွင်း လုပ်ဖို့ပါ..။ သူကတော့ ရေရဖို့ သေချာပါတယ်..။ ကျောက်ခွေ ၁၅ ခွေ ချချင်ပါတယ်တဲ့ ။ ဒါမှ တစ်နှစ် ပါတ် လုံး ရေရမှာ..။ စမ်းချောင်းထဲက စိမ့်ရေ .. က တွင်းအောက်ခြေကနေ တွင်းထဲ စိမ့်ဝင်တာကို ယူသုံးမှာပါ..။ အကြေအလည်၊ သေသေချာချာ ၊ အသေးစိတ်ဆွေးနွေး..၊ ကုန်ကျ စားရိတ်တွေ တွက်ချက်ကြပြီး.. ရွာမှာ ရေ လုံလောက် အောင်လို့ စမ်းရေတွင်း ၃ တွင်း လုပ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်..။ ရွာ အနောက်ဖက်မှာ တွင်းဟောင်း တစ်တွင်းရှိပြီးသားပါ၊ ဒါပေမဲ့ တစ်ရွာ လုံးက ဝိုင်းသုံးတာမို့ နွေမှာ မခံနိုင်ပါဘူး..။ ဒါကြောင့်.. ရွာ အရှေ့ဖက် မှာ တစ်တွင်း၊ တောင်ဖက် မှာ တစ်တွင်း၊ မြောက်ဖက် မှာ တစ်တွင်း၊ ၃ တွင်းတူးပေးလိုက်ရင် စုစုပေါင်း (၄) တွင်းဖြစ်သွားမှာမို့၊ ရွာအပြင်ထွက်ပြီး စမ်းချောင်းနား သွားခပ်ရတာက လွဲရင် ရေတော့ အဆင်ပြေသွားမှာပါ..။

ဒါကြောင့် ဒီကနေ့ ၂၈-မတ်လ-၂၀၁၁ မှာ စ တူးကြပါပြီ..။ အခြေအနေ တိုးတက်မှုကိုလဲ.. လှမ်းအကြောင်းကြား ပါ့မယ်.. တဲ့..။ တွင်း ၃ တွင်းရဲ့ စုစုပေါင်း ကုန်ကျ စရိတ်ကတော့ (၈) သိန်းဖြစ်ပါတယ်..။ အခု ဒီတွင်း (၃) တွင်းဟာ ကော့မ ရွာ အတွက်ဘဲ ဖြစ်ပါတယ်..။ တောင်နံ့သာရွာ အတွက် တော့ မလုပ်ပေးနိုင်သေးပါဘူး..။

အဲဒီ အရပ်ဒေသ က ရေရှားတယ်.. ဆိုပေမဲ့ မြောက်နဝင်းဆည် ရှိတော့ ဆည်ရေသောက်ရတဲ့ ရွာတွေဖြစ်တဲ့ ဆီဆုံကုန်း၊ လယ်ဘဲ့၊ လွှစင်၊ ညောင်ပင်သာ စတဲ့ ရွာတွေ မှာတော့.. ရေ အခက် အခဲ မရှိကြပါဘူး..။ ဆည်ရေ မရောက်တဲ့ ရွာတွေ မှာတော့ အခုလိုဘဲ.. ခက်ခက်ခဲခဲ.. ရေရှာကြရတာပါ.. ။

အဲဒီရေရှားတဲ့ ရွာတွေမှာ ရေတွင်းတူးပေးနေတယ်.. လို့ သတင်းကြားကြလို့ လဲ.. တခြား ရွာတွေက ရေတွင်းအလှူ မေတ္တာ ရပ်ထားတာတွေ ရှိပါတယ်..။ အလှူငွေ ထပ်ရ ရင်ဖြင့်တော့ ရေကုသိုလ်တွေ.. ဆက်လုပ်ချင်ပါသေးတယ်.. လို့.. ကျမရဲ့ မြတ်နိုးလေးစားရပါသော.. အလှူရှင်များ၊ မေတ္တာ စေတနာရှင်များကို .. အစီရင်ခံ လိုက်ပါရစေနော်..။

ရေ အလှူရှင်များကို.. ဆက်လက် ဖိတ်ခေါ်ပါရစေ…. လို့ …

ရင်မှ မေတ္တာ များစွာဖြင့်…

မေအေးဦး

2000GROUP

Email : 2000.donation.group@gmail.com

စမ်းချောင်းထဲ ရေခပ်ဆင်း
ဒီလိုကြိုးစားတူးပေမယ့်
လက်ယက်တွင်း
220" deep but unsuccessful

2 comments

  • MaMa

    April 24, 2011 at 5:31 am

    ကျမတို့ ငယ်ငယ်ကနေခဲ့တဲ့ တောမြို့လေးက မြစ်ဝကျွန်းပေါ်မြို့လေးပေမယ့် နွေအခါမှာ ရေရှားပါတယ်။ ဘုန်းကြီးကျောင်းက ကုန်းတွင်းဖက်မှာ ရှိတာမို့ ချောင်းနဲ့လည်း ဝေးပါတယ်။ စာသင်တိုက်ဖြစ်တာမို့ သံဃာကလည်း များပါတယ်။ အဲဒါကြောင့် ညနေပိုင်းဆိုရင် လူကြီးလူငယ်၊ မိန်းမယောကျင်္ားမရွေး ရေခပ်ပို့ကြတာရှိတယ်။ ကိုယ်တိုင်ရေအိုးရွက်ပြီး ရေလှူခဲ့ရတာကို သတိရတယ်။ (အဲဒီကုသိုလ်ကြောင့်လားတော့ မသိဘူး။ ခုချိန်ထိ မီးပျက်ပေမယ့် ရေဒုက္ခကို မခံရဘူး။) ခုနောက်ပိုင်း အဝီစိတွင်းတွေ တူးကုန်ကြတော့ အဲဒီ အခက်အခဲတွေ မရှိကြတော့ဘူး။ အခုရွာတွေကတော့ အဝီစိတွင်းတူးတာတောင် ရေရဖို့ ခက်နေကြတာဆိုတော့ ………. ဝိုင်းဝန်းကူညီကြစေလိုတာပါပဲ။

  • padonmar

    April 24, 2011 at 11:57 am

    အဲဒီရွာက ဘုန်းဘုန်းက သူများရွာတွေတူးချိန်မှာ အားတက်သရောကူခဲ့ပါတယ်၊အခြားရွာမှာ ပေ ၁၀၀-၁၅ဝ လောက်မှ ရေရပေမယ့် သူ့ရွာမှာကျတော့ ပေ ၇ဝ မှာတင် ရေအားအရမ်းကောင်းကောင်းနဲ့ကို ထွက်လာပါတယ်၊
    ဒိဌဓမ္မဝေဒနီယ အကျိုးလို့ပဲ ပြောရမှာပေါ့၊
    မမ လည်း အဲဒီလို အကျိုးပေးတာဖြစ်မှာပါ၊

Leave a Reply