စိန်ခေါ်မှုများနှင့် ရွှေ့ပြောင်း အလုပ်သမားဘဝ(၂)

စဆရ ႀကီးMay 16, 20111min961

(အစဦးနေ့ရက်များ)

ကားသမားမှ လိုက်လံပို့ဆောင်နေရာချပေးသည့် ခန့်ညားထယ်ဝါလှသော ၃ ထပ်အဆောင်ကြီး မြေညီထပ်ရှိ ပေ ၂၀×၁၅ ပေခန့်အကျယ်၊ ပန်ကာ ၂ လုံးတပ်အခန်းလွတ်ကြီးတွင် ၂ ထပ်ခုတင်များကို ချထားလေသည်။ ထိုအိပ်ယာများကိုပင် မည်သူမျှ တိုင်ပင်ထားခြင်းမရှိပါဘဲ မိမိနှစ်သက်ရာ နေရာကို အလုအယက် ခရီးဆောင်အိတ်များတင်ပြီး နေရာလုကြသည်။ ကျွန်တော့်အတွက်မှာမူကား ဘယ်သူမှ မလိုချင်သော အတွင်းထောင့်အကျဆုံးနေရာ၊ အပေါ်ခုတင်တစ်နေရာစာ ချန်ထားကြပါ၏။ အကြောင်းရင်းမှာ အခန်းတွင်းသို့ တစ်ခြားသူများ ဝင်ရောက်သွားကြသော်လည်း ကျွန်တော့်၏ ပင်ကိုယ်ဗီဇ ဆရာကြီးလုပ်တတ်သော ဉာဏ်ကြောင့် ကားပေါ်မှ အထုပ်အပိုးများကို နေရာချပေးနေခြင်းကြောင့်ဖြစ်သည်။ ထိုမျှပင် ဆရာလုပ်ချင်သောကျွန်တော်ဖြစ်သောကြောင့် ထိုကဲ့သို့သော အကောင်းဆုံးတစ်နေရာကို ချန်ထားပေးခြင်းခံရလေသည်။

အစဦးနေ့ရက်များကား ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ၊ စိတ်ကူးယဉ်သူဌေးများဘဝကို တွေးတောမိနေခြင်းကြောင့်လည်းကောင်း၊ မိမိတို့မှာ မြန်မာနိုင်ငံတွင်နာမည်ကြီးလှသော ဆင့်ကာပူရခေါ် စလုံးသို့ ရောက်ရှိနေပြီဖြစ်ခြင်းကြောင့်လည်းကောင်း ပျော်ရွှင်ခြင်းအတိသာ ရှိပေတော့သည်။ စတင်ရောက်ရှိပြီး နောက်တစ်နေ့မှာပင် ကျွန်တော်လျှာရှည်ဦးဆောင်သော ၆ ဦးအဖွဲ့တို့သည် စံမြန်းရာမဟာမြိုင်တောကြီးမှ မြန်မာများ ရှိသည်ဟု နာမည်ကြီးသော ဗင်နီဇွဲလား ပလာဇာ (နောင်တွင် ပင်နီစူးလားဟု သိရပါသည်)သို့ မေးရင်း၊ စမ်းရင်း၊ မစီးစဖူး မြန်မာအခေါ် မြို့ပါတ်ရထား (MRT) ကိုစီးကာ သွားကြတော့သည်။ ရထားပေါ် မရောက်ခင်ထိသည်ကား ကျန်သူများမှာ ကျွန်တော်ခေါ်ဆောင်ရာနောက်သို့ မျက်နှာငယ်လေးများနှင့် လိုက်လာကြသော်လည်း ရထားပေါ်အရောက်တွင်မတော့ ပေါင်ဖြူဖြူလေးများကို မြင်ရသဖြင့် အားတက်သွားကြသည်ပဲလား၊ သူများခေါ်ရာနောက်သို့ လိုက်နေရသည်ကိုပဲ ရှက်လာကြသည်လားမသိ၊ ကျွန်တော်နှင့်ခပ်ခွာခွာတွင် သွားရောက်ရပ်နေကြတော့သည်။ ထိုနေရာမှာကား ရထားအတက်အဆင်း တံခါးပေါက်တည့်တည့်တွင် ဖြစ်လေသည်။

ထို့ကြောင့် တစ်ဘူတာရပ်တိုင်း ဆင်းကြမည့်လူများမှာ အခက်တွေ့ရသလို တက်လာကြသည့်သူများမှာလည်း အတော်လေးပင် ကိုးလိုးကန့်လန့်နိုင်ကြပေသည်။ အနှီငနဲသားများမှာတော့ မိမိရရှိထားသည့်နေရာမှ တစ်စက်မျှ မရွှေ့ကြပါ။ မြန်မာနိုင်ငံတွင် လိုင်းကားစီးသက်တမ်းရင့်ကြသူများဖြစ်ကြောင်း ကျွန်တော်သည် အတော်လေးသတိပြုမိလေပြီ။ ထို့ကြောင့် ၎င်းတို့အား အသိဝင်စေခြင်းငှာ စပယ်ယာလေဖြင့် အတွင်းသို့ တိုးစီးကြရန်၊ ထိုအပေါက်လေးဖြင့်ပင် လုပ်စားနေရပုံ၊ အတွင်းတွင် ဆင်နှစ်ကောင်ပင် ဖင်ထောင်ကလို့ရအောင် ကျယ်ကျယ်ဝန်းဝန်းရှိလှပုံတို့ကို အော်ငေါက်ပြောဆိုလိုက်သောအခါ အော်တိုမက်တစ်ပင် ပိုးစိုးပက်စက် ပြန်လည်ပြောဆိုခြင်းခံရတော့သည်။ တော်ပါသေး၏။ မြန်မာလိုပြောကြပေလို့သာပဲ။ ထိုမှစပြီး မြန်မာပီပီ မြန်မာ့သွေးကို ပြကြတော့သည်။ အရေးကြီးလျင် သွေးနီးသည်၊ အရေးမကြီးဟုထင်သောအခါ သွေးတစ်စက်မျှ မတော်ကြတော့ပဲ ခပ်ခွာခွာသာ နေကြတော့သည်မှာ ကျွန်တော်ပြန်လာသည့်အထိပင် ဖြစ်တော့သည်။

(City Hall MRT Station)

ကျယ်ဝန်းလှသော ဘူတာရုုံအတွင်းမှ ဘယ်သွားရမယ်မှန်းမသိကြသော်လည်း အများသူငါ သွားကြရာနောက်သို့ လိုက်သွားကြရင်းနှင့် အပြင်သို့ ရောက်ရှိလာကြသည်။

တွေ့ပါလေပြီ၊ အဆောက်အဦးကြီးကြီးများကို။ သို့သော် ဘယ်နေရာသည်ကား မြန်မာကုန်တိုက်ဖြစ်သည်ကို မခန့်မှန်းနိုင်ကြကုန် ဖြစ်တော့သည်။ မြန်မာမျက်နှာပေါက်နှင့် တူသောလူတစ်ယောက်ကို မြန်မာလို တိုက်ရိုက်ကြီးမေးကြည့်သောအခါ ထိုသူက မြန်မာလို ခပ်ရှင်းရှင်းပင် ညွှန်ပြလေတော့သည်။ အဆောက်အဦးတစ်ခုကို လက်ညှိုးထိုးပြရင်း ခပ်သုတ်သုတ်လျှောက်သွားတော့သည်။ ကျွန်တော့်မှာ ဝမ်းသာအားရဖြင့် ထိုသူ့နောက်သို့ အပြေးတစ်ပိုင်းခြေလှမ်းများဖြင့် ခပ်သွက်သွက်လှမ်းလိုက်ရင်း ကျွန်တော်သည် မြန်မာတစ်ဦးဖြစ်သည့်အကြောင်း၊ ယမန်နေ့ကရောက်ရှိကြောင်း၊ ယခုသူငယ်ချင်းများလဲ ပါရှိကြောင်း၊ ယခုလို မြန်မာတစ်ယောက်ကိုတွေ့ရှိ ခင်မင်ရတာ ဝမ်းသာမိကြောင်း လိုက်ပြောလေ၏။ ထိုသူမှာကား ကျွန်တော့်အား သနားစရာတစ်ယောက်အနေနှင့်ကြည့်ရင်း ပြောသမျှကို ရေနွေးငွေ့သုံး မီးရထားကြီး ခုတ်မောင်းသံ “ဟုတ်ဟုတ် ဟုတ်ဟုတ်” နှင့် ပြန်ဖြေရင်း အရှိန်ရလာသောအခါ “ဟုတ်ဟုတ် ဟုတ်ဟုတ်၊ ဟုတ်ဟုတ် ဟုတ်ဟုတ်” ဟု လျှင်မြန်စွာရွတ်ဆိုရင်း ထွက်ပြေးသွားတော့သည်မှာ ယနေ့တိုင်အောင် ထိုသူကို ပြန်မဆုံဖူးတော့ပါ။ ကျွန်တော်သည်ကား ထိုကဲ့သို့ လူ့ကိုးလိုးကန့်လန့် ဖြစ်တော့သည်။

(ပင်နီစူးလား ပလာဇာ)

ကျွန်တော်တို့အဖွဲ့သည် ယမန်နေ့ကမှ ရောက်ရှိသည် ဖြစ်လင့်စား မြန်မာနိုင်ငံတွင် သူဌေးများ ကိုင်ဆောင်နေကြသော Mobile များကို လူတစ်ကာကိုင်ဆောင်နေကြသည်ကို တစ်လမ်းလုံး မြင်လာရသောကြောင့် ရောက်ရောက်ချင်းပင် ဖုန်းဆိုင်သို့သာပြေးကြလေတော့သည်။ ဆိုင်မှ အတော်လေးအရောင်းအဝယ် ပြေပြစ်သည်ဟုထင်ရသော မြန်မာ အရောင်းစာရေးမလေး၏ စိတ်ရှုပ်နေသည့် မျက်နှာထားဖြင့် ပြန်လည်ရှင်းပြနေသည်ကို နားထောင်ပြီးနောက်တွင်မတော့ အသိ S’pass တစ်ယောက်ကို အသည်းအသန်ခေါ်ရတော့သည်။ ထိုလူ၏ Card ဖြင့်ဝယ်သည့်အခါမှ မိမိလိုချင်သည့်ဖုန်းကိုရလေသည်။ ပိုက်ဆံ ၇၅ ကျပ်ပေးလိုက်ရုံဖြင့် Handset တစ်လုံး၊ Top Up Card ၂ဝ တန်တစ်ကဒ်၊ ဘီယာတစ်ဗူး၊ ကျောပိုးအိတ်တစ်လုံး၊ မီးပူတစ်လုံးကို အလကားရတော့သည်။ မြန်မာနိုင်ငံတွင် လျှောက်လွှာတစ်စောင် ၅၀ဝ ကျပ်ဖြင့် အကြိမ်ကြိမ်လျှောက်လွှာတင်ခဲ့ပါသော်လည်း ယခုတိုင်အောင် ပြန်လည်အကြောင်းကြားစာမရခဲ့သည်ကို အပြေးအလွှား သတိရမိပြန်သေးသည်။

လက်ထဲတွင် ဖုန်းရှိလာသောကြောင့် ဘက်ထရီအသစ်လေးကို အားပင်မသွင်းရသေးဘဲ ရသလောက် သုံးကြည့်သည်။ အဆောင်တွင် ကျန်ခဲ့သူများထံသို့ လူအများကြားတွင် ပို့စ်အမျိုးမျိုးနှင့် ပဲပေးကာ ဖုန်းဆက်ခဲ့သည်ကို ယခုအခါတွေးကြည့်သောအခါ ဒီမျက်နှာကြီးကို ဘယ်မှာ သွားထားရတော့မည်မှန်းမသိအောင် ဖြစ်တော့သည်။ ပြသနာမရှိပါ.. လက်ရှိနေရာမှာပဲ ထားလိုက်ပါတော့မည်။ အဆောင်တွင် ကျန်ခဲ့သူများမှာတော့ ကျွန်တော်တို့လူတစ်သိုက် အဆောင်မှ စတင်ထွက်ကတည်းက အသိတစ်ယောက်၏ ဖုန်းနားတွင် ရင်တမမဖြင့် စောင့်နေကြခြင်းဖြစ်သည်။ ကျွန်တော့်မှာ ကျွန်တော်တို့လူတစ်သိုက်အား ဟိုရောက်ဒီရောက်ဖြစ်နေသဖြင့် ယခုအခါ ရဲစခန်းတွင် ကောင်းကောင်းမွန်မွန် ရောက်ရှိနေကြောင်း၊ စိတ်ပူရန်မရှိကြောင်းတို့ကို သေချာစေ့ငုစွာ ရွှီးသောအခါ ကျန်ရစ်ခဲ့သူများ၏ ကောင်းချီးထောမနာပြုကြခြင်းကို ခံရတော့သည်။ ကျွန်တော့်မှာမူကား ရယ်ချင်ရက်ပက်ကျိ ဖြစ်နေတော့သည်။

တစ်နေကုန်နီးပါးမျှ ဟိုကြည့်၊ ဒီကြည့်လုပ်ပြီးသောအခါ ညနေတွင်မတော့ လာလမ်းအတိုင်း တစ်စက်မှ မမှားရအောင် ပြန်လာရင်း မဟာမြိုင်တောအုပ်ကြီးအတွင်းသို့ မှောင်ရီပျိုးစအချိန်တွင် ပြန်လည်ရောက်ရှိခဲ့လေတော့ပေသည်တကား……။

One comment

  • Mr. MarGa

    March 1, 2014 at 4:41 pm

    ကိုရင်စိုင်း
    ကွန်မန့်တစ်ခုမှ မရလို့ ဆက်မရေးဘဲများ ထားသလားဟင်
    တောအုပ်ကြီးထဲကနေ လူအုပ်ထဲကိုရောက်
    တောအုပ်ထဲကို ပြန်သွားပြီး နောက် ဘာဆက်ဖြစ်သလဲ ဆိုတာတွေ ဆက်ပါဦးဗျ

Leave a Reply