ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး(၁)
ကျမ အစားသောက်ပျက်တာ တော်တော်ကြာပြီလေ … ခံတွင်းပျက်တယ် ထင်ပါရဲ့ .. စားကောင်းမယ်ထင်တာလေးရွေးစားကြည့်တယ် … နည်းနည်းပဲ စားရသေးတယ် ဗိုက်ထဲပြည့်အင့်လာသလို ခံစားရတယ်… ။ ရင်ထဲမှာလည်း မောကြပ်နေတယ်…. ညနေကျမှ ရွာက ဆေးမှူးနဲ့ သွားတိုင်ပင်ရဦးမယ် … ။
” အရီးလေးဒေါ်ကျင်ပါလား လာပါ လာပါ … အလည်သက်သက်လား ၊ နေမကောင်းလို့လား … အရီးလေးကို ကြည့်ရတာ ပိန်သွားသလိုပဲ ”
” အေး ဟုတ်တယ် ငါ့တူရေ … အစားသောက်ပျက်နေတာ ကြာနေပြီ အရီးလေးက ခံတွင်းပျက်တာ မဟုတ်ဘူး … စားလိုက်လျှင် ပြည့်ပြည့်လာတာ … ဗိုက်ထဲမှာလည်း လေလုံးကြီး ပြည့်နေသလိုပဲ … အဲ့လိုဖြစ်နေတာကွဲ့ …. ”
” ဒါဆိုလျှင် အစာအိမ် တစ်ခုခုဖြစ်တာဖြစ်မယ် ….. ကျွန်တော် စမ်းကြည့်ပါဦးမယ် … ”
” အစာအိမ်ယောင်တာတော့မဟုတ်ဘူး ….. သေချာအောင် လိုအပ်တာတွေ တော့ စစ်ဆေးဖို့လိုတယ်… မြောင်းမြဘက် တက်ပြီး ဆေးခန်းတွေမှာ စစ်ဆေးလျှင်တော့ ရနိုင်ပါတယ် ”
” မယ်ကျင် ဆေးမှူးအိမ်သွားတာ ပြန်လာပြီလား … သူက ဘာပြောလိုက်လဲ ”
” တော်ကလည်း မောလို့ ခဏထိုင်ပါရစေဦး ရောက်တောင် မရောက်သေးဘူး မေးတော့တာပဲ … ”
” သိချင်စိတ်တွေ များသွားလို့ပါကွာ ကဲကဲ ထိုင် …. အကြမ်းရေလေးသောက်လိုက်ဦး ”
ဆေးမှူးအိမ်နှင့် ဒေါ် ကျင် ဧ။်အိမ်သည် မဝေးလှသော်လည်း ခြေလျှင် လမ်းလျှောက်သွားရသဖြင့် မောပမ်းနေပေသည် ။ ရောက်ရောက်ခြင်း ဆီးကြိုကာ မေးလိုက်သော ဦးတင် ကြောင့် အမောစို့သွားပြန်သည် ။ ရေနွေးကြမ်း အမောပြေ သောက်ပြီးမှ ဒေါ်ကျင်က …
” ကိုတင်ရေ … ဆေးမှူးက ကျုပ်ကိုပြောတယ်တော့ မြောင်းမြဘက်တက်ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ရမယ်တဲ့ … ။ ပိုက်ဆံတော့ နည်းနည်းကုန်မယ်တဲ့ … ”
” အေးလေ ဘယ်တတ်နိုင်မလဲကွာ သွားပြီး ဆေးစစ်ရတော့မှာပေါ့ …. မင်းလည်း တရှောင်ရှောင်ဖြစ်နေတာ ကြာပြ ီပဲ ”
ဒေါ်ကျင်နှင့် ဦးတင် တို့ လင်မယားသည် မြောင်းမြမြို့ အနောက်ဘက်ရှိ ရွာငယ်လေးတစ်ခုတွင် နေထိုင်ပြီး စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကြောင်းပြုသူများဖြစ်ကြသည် ။ အသက်ကြီးသော်လည်း သားသမီး မထွန်းကားသဖြင့် တူ၊ တူမများကိုသာ မွေးစားထားခဲ့ကြသည် ။ လယ်စိုက် ၊ ယာစိုက် စိုက်ပျိုးရေးလုပ်သူများမို့ မရှိမရှား အခြေနေမျိုး နေနိုင်သူများဖြစ်သည် ။ ဒေါ်ကျင်သည် အသက် (၆၅)နှစ်ဖြစ်ပြီး ဦးတင်သည် အသက် (၇၂) နှစ်ဖြစ်သည် ။ လယ်ပိုင်ရှင်များဖြစ်သော်လည်း အသုံးစွဲ ခြိုးခြံ ချွေတာသည် ။
** **** ****** ****** * *****
” မယ်ကျင်ရေ … မနက်ဖြန် မြောင်းမြသွားဖို့ အဝတ်စားတွေ ထည့်ပါဦး နှစ်စုံလောက်ဆို ရပါပြီ… တညအိပ်ပြီး ပြန်လာမှာပဲ ”
” တော်လည်းပိုက်ဆံလေးဘာလေး အပိုလျှံ ထည့်လာဦးနော် ”
” အေးပါ … ငါသိပါတယ် ဟ… ”
** ** ** **
အန်တီတို့ ခဏစောင့်ဦးနော် …. ဆရာဝန်ကြီး မကြာခင်လာပါတော့မယ် … ။
ဟုတ်ကဲ့ …..ဟုတ်ကဲ့
အော… ဝင်လို့ရပါပြီ … ။တယောက်ပဲ ဝင်ပါ… ဦးလေးကတော့ အပြင်က စောင့်ပေးပါနော် … ။
ဗျာ… အင်း … ဟုတ်ကဲ့
xxxxxxxxxxxxxxxxxxxxxxx
“ဒီဘောက်ချာလေး အတိုင်း ပိုက်ဆံအရင် သွင်းပေးပါ … ဆေးစစ်ချက်အဖြေကိုတော့ မနက်ဖြန် နေ့လည်လောက်မှ လာယူပါနော် ”
အသံဆာဆာနှင့် သူနာပြုမလေးရဲ့ စကားအဆုံးမှာတော့ ကျွန်တော့ အိတ်ထဲမှ ဆင်လေးများ ၊ ခြင်္သေ့လေးများ တစွစွပြေးထွက်ကာ သူနာပြုဆရာမလက်ထဲ တိုးဝင်သွားကြောင်း မြင်လိုက်ရသည် … ။ အံ့ဩလှသော အဖြစ်ပျက်ကြောင့် ရင်တုန်သွားမိသည် … ။
” ကိုကပ်စီးရယ်… ကျမတို့ အလကား သုံးဖြုန်းတာမှ မဟုတ်ပဲ … တန်သလောက်တော့ ပေးရမှာပေ့ါရှင် … ။ ”
” သိပါတယ်ကွာ …. ဒါပေမဲ့ ထင်ထားတာထက် ပိုများနေလို့ အံ့ဩသွားတာပါ …. ကဲကဲ ပြန်ကြရအောင် ဆေးစစ်ချက်က မနက်ဖြန်မှ ရမှာဆိုတော့ ငါတို့ မမြအေးတို့ အိမ်မှာ ဝင်တည်းကြမယ်ကွာ … ”
” ကောင်းတာပေါ့ တော် မမြအေးနဲကလည်း မတွေ့တာကြာတော့ စကားလေးဘာလေး ပြောချင်နေတာ …. သူ့သမီးလေးတောင် ရန်ကုန်သွား အလုပ်လုပ်တာ လေးနှစ်လောက်ရှိပြီနော် … ” ” ကိုတင်ရေ မမြအေးအိမ်က ဒီကနေဆက်သွားလျှင် မဝေးဘူးမို့လား … ကျုပ်တော့ လမ်းမလျှောက်နိုင်တော့ဘူး ဆိုက်ကားလေး စီးသွားကြမယ် … ”
xxxxxxxxxxxxx
” ဪ ဘယ်သူတွေများလည်း မှတ်တယ် ဒေါ်ကျင် နဲ့ ဦးတင်တို့ပါလား … ကြွပါရှင် ကြွပါ ကြွပါ …. ”
5 comments
researcher
May 14, 2011 at 9:09 am
etone က လှိုင်သာယာဘက်က အကြောင်းတွေရေး ရေးနေလို့ ကြုံဖူးတာ ပြောရဦးမယ်။ ကျွန်တော်လဲ လှိုင်သာယာ စက်မှုဇုံ က company (စက်ရုံ) တခုမှာ လုပ်ဘူးတယ်။ တနေ့ ရုံးနားက ဈေးထဲက ကုန်စုံဆိုင်မှာ ကိုယ်ဝန်ဆောင် အတွက် ဆေးလာဝယ်တာတွေ့ရပါတယ်။ ကိုယ်ဝန်လရင့်ပြီး ခြေတွေလက်တွေ အမ်းပြီး ဆီးသွားလို့လဲ မကောင်းဘူးဆိုပြီး ဆေးဆိုင်ကို ဆေးစပ်ခိုင်းတာပါ။ ဆေးဆိုင်က လူတွေက ကိုယ်ဝန်အရင့်အမာ နဲ့ဆိုတော့ မစပ်ပေးရဲဘူးထင်ပါတယ်။ မေးခွန်းတွေ အပြန်အလှန်မေးနေတာကို ကြားရင်း ကျွန်တော်က ကြားထဲက မနေနို်င်တော့ပဲ ဆေးလာဝယ်တဲ့ သူကို ဆရာဝန်နဲ့ ပြဖို့ အကြံပြုလိုက်ပါတယ်။ သူ့သဘောကတော့ ဆေးခန်းသွားချင်ပုံမရပါဘူး။ ကိုယ်ဝန် လရင့် လာလို့ ဖြစ်ရိုးဖြစ်စဉ် မစိုးရိမ်ရဘူး ဆိုတဲ့ ပုံစံနဲ့ ဆေးဆိုင်ကစပ်ပေးတဲ့ဆေးကိုပဲ တိုက်လိုက်ချင်ပုံရပါတယ်။ ကိုယ်ဝန်အရင့်အမာနဲ့ ခြေထောက်တွေ အမ်းပြီး ဆီးသွားရခက်နေတဲ့သူကို ဆေးဆိုင်က စပ်ပေးတဲ့ ဆေးတိုက်ဖို့ဆိုတာ ကျွန်တော့်အဖို့တော့ မတွေးရဲစရာပါပဲ။ ကျွန်တော်က ဆရာဝန်ကိုပဲပြပြီး ဆရာဝန်ပေးတဲ့ ဆေးပဲသောက်သင့်ကြောင်း အကျိုးအကြောင်းပြ ကန့်ကွက်နေတော့ ဆေးဆိုင်ကလဲ မရောင်းတော့ပဲ ငြင်းလွှတ်လိုက်ပါတယ်။ ဒါနဲ့ပဲ အဲဒီလူနာရှင်လဲ ဆေးမဝယ်ပဲ ပြန်သွားပါတယ်။ ဒါတောင်ဆေးခန်းပြ၊ မပြမသိပါဘူး။ တခြားဆေးဆိုင်မှာ သွားဝယ်ချင်လဲ ဝယ်မှာပေါ့လေ။
etone
May 16, 2011 at 1:53 am
ဇာတ်လမ်းက အပိုင်းပိုင်းနဲ့ပါ…. ။ လာပါဦးမယ်… ။
etone
May 16, 2011 at 2:09 am
နောက်ပိုင်းတွေကိုတင်နေတာ ကော်နက်ရှင် အရမ်းနှေးနေလို့ တင်လို့မရဘူး … သဂျီးရေ… ဆိုက်ကလည်း လေးနေပါတယ်ဗျို့… ။
wakawaka7
May 16, 2011 at 5:47 am
မြဝဒီရုပ်မြင်သံကြားမှာ ပြတဲ့ ကိုးရီးယာဇာတ်လမ်းလို အပိုင်းတွေအများကြီးနဲ့လား။့
etone
May 16, 2011 at 6:21 am
အများကြီးတော့မဟုတ်ဘူး … အပိုင်းက 7ပိုင်း 8ပိုင်းလောက်ပါပဲ… ။ စာရေးတာတောင်… ရက်တွေ ခွဲပြီးရေးတာမို့… အပိုင်းလည်း ခွဲတင်ထားတာပါ .. ။