သားရှင်ပြု…

hmeeMay 20, 20111min30717

“ပြုမှာပဲတော်”

“ဟ….ဘယ်တတ်နိုင်မှာလဲ ဒီလောက်ကြီးတော့”

“အိုး..တော်ကလဲ အခုကတည်းက သပ်သပ်ရည်မှန်းပြီး စုရမှာပေါ့”

“မင်က တလဘယ်လောက် တတ်နိုင်လို့လဲ  တလ တသိန်းစုတောင် ၁ဝနှစ်ကြာမှာကွ ဖြစ်မှမဖြစ်နိုင်တာ”

“အော်….တော့စိတ်ကိုကမှ မပါတာ။ ဘယ်ဖြစ်မလဲ ဖြစ်ကိုဖြစ်ရမယ်လို့ စုရင် ရရင်ရမှာပေါ့”

လင်မယားနှစ်ယောက် သားရှင်ပြုဖို့ အတွက် ဖြစ်နိုင်မဖြစ်နိုင် ငြင်းနေတာပါ။ ကျွန်မက ရွာမှာ ပြုချင်တယ်။ သူကမြို့မှာပဲ လုပ်မယ်ပေါ့။ ငြင်းသာငြင်းနေတာ သားကဖြင့် အခုမှ ၂ နှစ်။  မြို့မှာ ရှင်ပြုရင် ရွာမှာလောက်မကုန်တာတော့ အမှန်မို့ ကျွန်မလည်း ပြောသာပြောရ အားကတော့  သိပ်ရှိလှတာမဟုတ်ပါဘူး။  မြို့မှာက   ဘုန်းကြီးကျောင်းမှာပဲ အလှုလုပ် ၊ ကားနဲ့ဘုရားသွား ပြီးတော့ကိုယ်ရင်ဝတ်။ အလှုလာသူတွေကလည်း ဝတ်ကောင်းစားလှတွေဝတ် ဟန်ဆောင်မျက်နှာတွေနဲ့  စားသောက် အဲ….အပြန်လမ်းတလျှောက် အတင်းတုပ်ပေါ့။   တောမှာတော့ “ထမင်းရည်ချောင်းစီး မောင်းတီးလှုမယ်” ဆိုတာနဲ့ တကဲ့အံ့ကိုက်။  အလှု့ရှင်ကလည်း ရင်ထဲက အရင်းတိုင်းလှု ၊ အလှုလာသူတွေကလည်း ဟန်ဆောင်မှုမရှိ ပကတိလေ။ ဒါပေမဲ့ အလှုဆို ရွာလုံးကျွတ်မီးခိုးတိတ်မို့  အကုန်အကျကတော့ တယ်များတာပါကလား။  သားကလေးတော့ဖြင့် သာသနာ့ဘောင် သွတ်သွင်းဖို့ အချိန်တန်ပြီဆို မိဘနှစ်ပါးလုံး သားရှင်ပြုဖို့  အားထုတ်ကြတာ ထုံးစံပါပဲ။  ၂နှစ် ၃နှစ်လောက် ကြိုပြီး  ကြိုးစား စုရရှာတယ်လေ။  နောက်နှစ်တော့ လှုနိုင်ကောင်းပါရဲ့လို့ စိတ်ကူးပြီး အလုပ်ကို ကြိုးစားလုပ် သဒ္ဓါလေးကလည်းရှိလို့ ထင်ပါရဲ့  သီးနှံက အဖျက်အဆီး ကင်းကင်းနဲ့ အထွက်များပြီဆို  ဆန္ဒတော့ ပြည့်ပဟဲ့လို့  ပျော်မဆုံးပါဘူး။  လှုနိုင်ပြီ ဆိုရင်ဖြင့်  ရွာ့မိ ရွာ့ဖတွေကို  လိုက်လံ ဖိတ်ကြား “ မနက်ဖြန်မနက် အလှုရက်ရွေး ကြွခဲ့ပါပေါ့”။  နောက်နေ့ လူစုံတက်စုံ ဖြစ်ရင်ဖြင့်  ပါလာတဲ့ ပြက္ခဒိန်တွေချ အလှုရက်ရွေးကြပါတော့တယ်။  များသောအားဖြင့် အလုပ်ပါး ငွေရွှင်တဲ့ တပေါင်း၊ တကူး လောက်ရွေးတာပါပဲ။  ဗမာ့နည်း ဗမာ့ဟန်နဲ့ ရက်ရာဇာ၊ ပြသာဒါး အစရှိသဖြင့် စုံနေအောင် အကောင်းဆုံးရက်ရွေးပြီး  အားလုံးလည်း သဘောကျရင်ဖြင့် ဒီရက်တော့ အဝင် ၊ဒီရက်ကတော့ ပွဲကြီး လုပ်ကြတာပေါ့ကွာလို့ သတ်မှတ်ထားလိုက်ပါတယ်။

အလှုရှင်လည်း ရက်အတိအကျ သိရပြီဆို စီစဉ်စရာတွေ စီစဉ် စုစရာတွေစုပေါ့။ အလှုရက်ရွေးတာနဲ့ အလှုရက် အတော်ကွာပါတယ်။ ဒါမှလည်း ကိစ္စတွေ အစုံအစိ မှီပေမပေါ့။ ပထမဆုံး အကျွေးအမွေး အတွက် စပြီးတွက်ရပါတယ်။ နာလည်တတ်ကျွမ်းသူတွေကိုခေါ်  ဘယ်လိုပစ္စည်းတွေ၊ ဘယ်လောက်လိုအပ်တယ်ဆိုတာတွေ စာရင်းပြုစုပြီး ဝယ်ရခြမ်းရတယ်။  ခရမ်းချဉ်သီးချက်၊ ပဲလွန်းဟင်းချို၊ အတို့အမြုပ် ကို အဓိကကျွေးတာမို့ အဲဒီနှစ်မှာ ကိုယ်တိုင်စိုက်ရင်စိုက် မစိုက်ရင်လည်း ဝယ်စုရပါတယ်။ ခရမ်းချဉ်သီးတွေကို ခြင်းပြတ် ပိသာချီပြီးဝယ်ကာ တင်းကုပ်ပေါ်မှာ ကျင်းထားရတာပါ။ တင်းကုပ်ကလည်း အတော်မြင့်ပါတယ်။ ဆင့်တန်းတွေက အဆင့်လိုက် အများကြီးပါ။ အလွန်မာတဲ့ ကြက်သောင်းဝါးကို တန်းထိုး ခရမ်းချဉ်သီး ထွက်မကျနိုင်လောက်တဲ့ အပေါက်ပါတဲ့ ထရံကွက်ကိုတင် (ခရမ်းချဉ်တင်ဖို့ ပြောပြီး အော်ဒါမှာ ယက်ခိုင်းရတာပါ)  အဲ့ဒီပေါ်မှာ ဖြန့်ပြီး တင်ထားတာပါ။  ခရမ်းချဉ်ကလည်း ကျောက်မဲ ခေါင်းအစိမ်းမျိုးမို့ ဘယ်လောက်ကြာကြာ မပုတ်ပါဘူး။ အလုံးလေးတွေမှာ အရည်ခွံသာ ရှုံသွာတာမို့ နှစ်ပေါက်အောင်ထားပြီးစားလို့ရပါတယ်။  တောမှာတော့ နွေရာသီ ဟင်းစားရှားပါးလို့ အိမ်တိုင်း အဲဒီလိုပဲ ထားပြီး စားကြတာပါ။  ကြက်သွန်လည်း အချိန် ၁၀ဝ ၊၁၀ဝကျော်  ဝယ်ပြီး ကျင်းထားရတယ်လေ။ စပါးလည်း ကျီထဲမှာ  တင်း တရာကျော်လောက် ကြိတ်ဖို့ အရန်သင့်ပါပဲ။  တခြားလိုအပ်တာတွေလည်း အားလုံးနီးပါး အသင့်ပြင်ထားတာပေါ့။  ထင်းတိုက်၊ ထင်းခွဲ၊ မဏ္ဍပ်တိုင်၊ အမိုး စတာတွေကို ကာလသားတွေက လာရောက်လုပ်ကိုင်ပေးပါတယ်။ လိုအပ်တာမှန်သမျှ လပိုင်းအလိုမှာ စုံသလောက်ရှိနေပါပြီ။ အလှုရက်နီးလေ ကာလသား ၊ကာလသမီးတွေ ဘယ်အဖွဲ့မျာ တာဝန်ကျမလဲလို့ ရင်ခုန်လေပါ။  ရွာကရွာကြီးမို့ အမျိုးသားအဖွဲ့က တပိုင်းနှစ်ဖွဲ့မို့ ခြောက်ဖွဲ့၊ အမျိုးသမီးက အရှေ့ပိုင်း၊ အလယ်ပိုင်း၊ အနောက်ပိုင်း သုံးဖွဲ့ပါ။ သာရေး၊ နာရေး မှန်သမျှ အလှည့်ကျ တာဝန်ယူရပါတယ်။  အလှုရက်လည်း သိထားပြီး ဘယ်အဖွဲ့တော့ကျပဟလို့  အလှည့်အတိုင်းသိသမို့  တာဝန်ကျမဲ့အဖွဲ့က တိတ်တိတ်ရင်ခုန်နေတယ်။ ဒါပေမဲ့ အလှု့ရှင်က အဖွဲ့မအပ်ခင် ကြားမှာ သာရေး၊ နာရေးပေါ်လာရင် ကံလွဲပြီ။ အဖွဲ့မှုးကို တာဝန်မအပ်မချင်း စိတ်မချရပါဘူး။ “ဦး…..ကလည်းတော် အပ်မှာဖြင့် မအပ်ဘူး။ တကတည်း သူအချိန်ဆွဲလို့ သွားပါပြီ။ အ…ပိုင်းက ကောင်မတွေတော့  ကံလိုက်တာပဲ ”လို့ အလှုနဲ့လွဲသူတွေ  ဒေါပွမဆုံးပါဘူး။ အလှည့်ကျတဲ့ အဖွဲ့ထဲကမှ ကွမ်းတောင်ကိုင် ရွေးသမို့ လိုချင်ကြရှာတာပေါ့။ ကျန်တဲ့အဖွဲ့ တွေလည်း လာရမှာပါ ဒါပေမဲ့ အရွေးခံခွင်တော့ မရှိရှာတော့ဘူး။ အလှုပွဲရက် တလအလိုလောက်မှာ အဖွဲ့မှုးကိုခေါ် အဖွဲ့အပ်ပါပြီ။ တာဝန်ကျတဲ့ အဖွဲ့တွေမှာ ပျော်မဆုံး မော်မဆုံး တပြုံးပြုံး။ မြို့တက် ဆံပင်ကောက်သူ ၊ဖြောင့်သူ ၊အဝတ်စားဝယ်သူ  တွေမှာ အဲဒီ့ အဖွဲ့တွေ အကဲဆုံး ။ တခြားအဖွဲ့ကလည်း  ကောင်မတွေ ကဲကိုကဲတယ်ဆိုပြီး မျက်စောင်းတထိုးထိုး။  အလှု့ရှင်တွေလည်း ဖိတ်စာရိုက်၊ သင်္ကန်းပရိက္ခရာဝယ် စီစဉ်စရာတွေနဲ့ အလုပ်ကို မအားနိုင်ပါဘူး။ အခြား အလှုဝင်မည့်သူတွေကလည်း စာရင်းပေးလို့ ရှင်များရင် အလှုစည်ပေမဲ့  တာဝန်ကကြီးရှာပါတယ်။ ကိုယ့်သားက တယောက်တည်းပေမဲ့ အလှုဝင်တဲ့ ကလေးတွေနဲ့ ပေါင်း ၃ဝ ကနေ ၄ဝ နီးနီးကိုး။ အလှုရှင်က ကုန်ကျစားရီတ်အားလုံးကို တာဝန်ယူရပြီး အလှုဝင်သူတွေကတော့  မိမိကလေးရဲ့ သင်္ကန်းပရိက္ခရာဖိုး နဲ့ တခြားကလေးလိုအပ်တာပဲ တာဝန်ယူရတာပါ။ ဖိတ်စာမှာတော့ အလှုဒါယိကာ ဦး….၊အလှု့ဒါယိကာမ ဒေါ်….လို့ အရင်ဦးဆုံးပါတာပေါ့။ ကိုယ်က ကမကထ လုပ်ရတာကိုး။ အလှုဖိတ်စာရပြီဆို ရှင်လောင်းဘယ်နှစ်ပါးလဲ အရင်ကြည့်တာ အိမ်တိုင်းပါပဲ။  ရွာထဲမှာ မဝေပါဘူး။ ဖိတ်စာမလိုဘူး ဆိုတဲ့သဘောပါ။ တခြားရွာတွေကိုသာ ဖိတ်စာကမ်းပါတယ်။ အလှုပွဲရက် တပတ်အလိုမှာ  မဏ္ဍပ်ထိုးပါပြီ။ အိမ်ရှေ့မှာ မဏ္ဍပ် အိမ်နောက်ဘက် ဘေးဘက် ကွပ်လပ်မှာ ထမင်းရုံ ထိုးပါတယ် ။ ယောက်ကျား ၊ မိန်းမ တရုံစီပါ။

အမျိုးသားတွေမှာ မဏ္ဍပ်ထိုးသူထိုး၊ သံဃာစင် ဆောက်သူဆောက်၊ ရာဇမတ်ကာသူကာ၊ ဘုရားဆောင်ဆောက်ပြီး ငှက်ပျောပင်၊ ကြံပင်စိုက်သူစိုက်၊ လှုဖွယ်ပစ္စည်းထည့်ဖို့ ခြင်းယက်သူယက်၊ ပရိက္ခရာတွေ၊ ဆောင်၊ခေါင်းအုံး  စတာတွေကို ယက်ပြီးသားခြင်းထဲထည့် သံဃာစင်အရှေ့တလျှောက်  မဏ္ဍပ်အမိုးမှာ  ချိပ်သူချိပ်၊ တံခွန်ကုက္ကားညှပ်သူညှပ်ပေါ့။ အမျိုးသမီးတွေကလည်း ရေနွေးကြမ်းအိုးတည်သူ။ လဘက် ပဲကြမ်းနဲ့ အလုပ်လုပ်သူတွေကို လိုက်လံဧည့်ခံသူက ဧည့်ကြပါတယ်။ အိမ်အောက်မှာလည်း ဆန်စင်သူတွေ အပြည့်ပါ။ အလှုအိမ်မှာ လူစည်ပြီဆိုတာနဲ့ ကလေးတွေလည်း တရုံးရုံး။ ဘုန်းကြီးကျောင်းဘုံက ယူလာတဲ့ မောင်းနဲ့ ဘုကို သံဃာစင်မှာ ချိပ်လိုက်ပြီ ဆိုတာနဲ့ သူ့ထက်ငါ အလုအယက် တက်ထုကြတာမို့ မောင်းသံမစဲပါဘူး။ အဲ့ဒီမောင်းသံ ကြားရရင်ဖြင့် မည်သူမဆို ထမင်းလာစားလို့ ရပါပြီလို့  ခေါ်လိုက်တာနဲ့ အတူတူပါ။ ရ ရက် ရ လီ ကျွေးတာပါ။  ထမင်းရည်တွေ အကျွင်းအကျန်တွေကို အိမ်နီးချင်းတွေက အိမ်က ခွေးတွေ ဝက်တွေ ကျွေးဖို့ ပုံးတွေနဲ့ သယ်ကြပါတယ်။  အဲ့ဒီ ရက်တွေမှာတော့ ထမင်းပူပူ၊ ခရမ်းချဉ်သီး ချက်၊ တို့စရာက ဂေါ်ဖီ ၊ ပဲလွန်းဟင်းချိုုနဲ့ ကျွေးပါတယ်။ ဘာလို့မှန်းတော့ မသိပါဘူး အလွန်စားကောင်းပါတယ်။  ကျွန်မတို့ မောင်နှမတွေ အိမ်မှာ အမေက အဲဒီလို ဟင်းချက်ကျွေးရင် မျက်နှာစူပုတ်ပြီး မစားချင်စားချင် ဂျီးများပေမဲ့ အလှုမှာတော့ မစားမဖြစ်သွားစားပါတယ်။ လူကြီးတွေမှာတော့ ရွာဘုံက ပန်းကန်၊ဇွန်းနဲ့ တန်းလျှားမှာ အကျအန စားခွင့်ရပေမဲ့ ကလေးတွေကတော့ ထမင်းရုံဘေး  ဖျာကြမ်းပေါ်မှာ  လင်ပန်းတချပ်ထဲ  ထမင်းပုံလေးတွေပုံ ဟင်းရည်ဆမ်း၊ ခရမ်းချဉ်သီးချက်ဆမ်း တို့စရာ ဂေါ်ဖီတဖတ်ပုံလို့  လင်ပန်းတချပ် ၃ယောက်မှ ၄ယောက် စုပြီးစားရတာပါ။ သူ.  ဟင်းရည် ကိုယ့်ဆီရောက် ကိုယ့်ဟင်းရည်သူ့ ဆီရောက်နဲ့ လက်ရည်တပြင်တီးပါပဲ။ တယောက်နဲ့တယောက် ရွံ့ရမှန်းမသိပဲ ထမင်းပူပူ၊ ဟင်းပူပူကို ချွေးတချွဲချွဲ နဲ့ စားကြတယ်။ တပတ်လုံး နေ့တိုင်း သွားစားတာပါ။

ဆက်ပါဦးမည်….

17 comments

  • ဆူး

    May 20, 2011 at 4:54 pm

    မမှီရေ မေတ္တာရှင် ရေးတဲ့ စာအုပ်တခုမှာ ဖတ်ဖူးတာလေး အသိ မျှဝေချင်ပါတယ်။
    အလှူ ကို ရရက် ရလီ ထမင်းရေ ချောင်းစီး မောင်းတီး လှူတာ အလွန်ကောင်းပါတယ်။
    လူတွေ အတွက် ဘယ်ရွှေ့ ဘယ်မျှ လှူကြပေမဲ့ ဘုန်းကြီးကို ကပ်တဲ့ သင်္ကန်းက ဖြစ်ရင် ပြီးရော ဝယ်ကပ်ကြလို့ အလှူမှာ ဝမ်းသာကြတဲ့ လူတွေ များပေမဲ့ ကျောင်းရောက်ရင် ဘုန်းကြီး ဝမ်းမသာနိုင် ဖြစ်တတ်ပါတယ်။ ဘုန်းကြီးရေးထားတဲ့ အထဲမှာ ဆိုရင် လူက ထမင်း ၂နှပ် စားရပေမဲ့ ဘုန်းကြီးက တနပ်ထဲ စားတာ ဝမ်းအပြင် အပိုမရှိသလို အများကြီးလည်း ပိုမကုန်နိုင်ဘူး ဘုန်းကြီးတွေ အတွက် လှူမယ်ဆိုရင် သင်္ကန်း ကောင်းကောင်း ဝယ်လှူသင့်တယ် လို့ ရေးထားတာ ဖတ်ဖူးပါတယ်။ ဆင် ပြောင်ကြီး အမြီး ကျမှ တစ် ဆိုတာမျိုး မဖြစ်ရလေအောင် ပြောပြတာပါ။
    သတ်သတ်လွတ် ဟင်းလျှာများ ကျွှေးမွေးခြင်းက အလွန်ကောင်းပါတယ်။ အလှူရှင်က ငါအလှူရှိတယ် ဝက် ဘယ်နှစ်ကောင် ဆိုပြီး အော်ဒါမှာတာ မလုပ်အပ်တဲ့ အလှူမျိုးလို့ လည်း ကြားဖူးပါတယ်။
    ဆူး ငယ်ငယ်က နားသ ကိုလည်း အကိုဝမ်းကွဲတွေ ရှင်ပြုရင်း လှည်းယှဉ်လှလှ လိုက်စီးဖူးပါတယ်။ လှတ ပတ ဓါတ်ပုံလေးတောင် ရိုက်ဖူးခဲ့တယ်။ ကြုံလို့ ကြွားတာ မထင်နဲ့နော်.. အဟီး…

    ပြောချင်တာ တခုရှိပါသေးတယ် မမှီ ရေးထားတဲ့ ပြက္ခဒိန် က ရက်ရာဇ ပြသဒါး ကြည့်တာက တော်ပါသေးတယ် တချို့ဆို ဖိုးချစ် ဇတ်ပွဲ မရလို့ ပွဲရတဲ့ ရက် ရှင်ပြု အလှူ ကျင်းပ တယ်တဲ့.. စိတ်တောင် ပိန်တယ်။

    အလှူပြုတဲ့ အချိန်မှာ အလှူရှင်များ စိတ်ကို အကြည်လင်ဆုံး ထားရတယ် ဆိုလာလည်း ကြားဖူးပါ၏။ အလှူအတွက် ချက်ထားတဲ့ ဟင်းတွေ ပျောက်လို့ စိတ်တိုနေရင် အလှူအကျိုးပေး ကုသိုလ် မဖြူစင် ဖြစ်တတ်ပါတယ်။ ဥပမာ ပြောပြတာနော်.. တခြား ဘာကိစ္စ ဖြစ်ဖြစ် အလှူ ပြုတဲ့ အချိန် စိတ်ဖြူစင်အောင် သတိထားနိုင်ဖို့ အကြံပေးတာပါ။

    သားငယ်ကို သာသနာ့ဘောင် သွပ်သွင်းပေးတဲ့ ရဟန်း အမ ရဘဝ အပါယ် မလားဘူး(အပါယ်တံခါး ပိတ်)လို့ ကြားဖူးပါ၏

  • ဆူး

    May 20, 2011 at 5:05 pm

    ဘုန်းကြီးများ နာမည် ကြီးရင် သိက္ခာထပ်ပေးချင်တာ ထိုကဲ့သို့ ရ ဘဝ အပါယ်မလားအောင် ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါမယ် ထင်တယ်။
    တချို့က ရဟန်း ဒကာ အနေနဲ့ ဂုဏ်ယူချင်တာလည်း ပါမယ်ထင်တယ်။

  • ဆူး

    May 20, 2011 at 5:12 pm

    မမှီ ရဲ့ ပိုစ်မှာ စကားတွေ အများကြီး ပြောမိနေတယ်။ အမြင်မကတ်နဲ့နော်..

    ရွာ အလှူတွေမှာ ပြုပြင်စေချင်တာ တခုရှိတယ်။
    အစားအသောက် စားဖို့ လက်ကို ရေးဆေးတာကို ရေထဲ လက်နှစ်ပြီး သန့်တယ်လို့ ယူဆပြီး စားသောက်တတ်တဲ့ အကျင့်ကို ပြုပြင်ပေးသင့်တယ် ထင်ပါတယ်။ နောက် စားပြီး ထ တဲ့ အခါ လက်ကို သန့်ရှင်းအောင် ပြန်ဆေးတဲ့ အခါမှာလည်း ရေထဲကို လက်ကို အသာနှစ် နည်းနည်း ပွတ်သပ်ပြီး လက်နှီးနဲ့ သုတ်တာတွေလည်း တွေ့နေရပါတယ်။

    အလှူရှင် အနေနဲ့ တွေ့ရတာ စိတ်မကောင်းဘူး။ ဓလေ့လို ဖြစ်နေတော့ ပြုပြင်ပေးချင်ပေမဲ့ ပြင်ပေးလို့ မရဘူး။ အားလုံးကတော့ ကျန်းမာကြတယ်။ ကလေးတွေ ဆိုရင် သံတွေ များလို့ ဗိုက်ကလေး ပူနေတာပဲ ရှိတယ်။

  • hmee

    May 20, 2011 at 5:52 pm

    အရင်ကတော့ ဟုတ်တယ် ဆူးရေ။ အခုနောက်ပိုင်းတော့ ထမင်းရုံအထွက်မှာ ရေဆေးဖို့ လုပ်ပေးထားတာတွေ့တယ်။ လက်သုပ်ဝတ်လည်း ခြောက်အောင် အပျိုလေးတွေ စားပွဲခုံနဲ့ အကျအန မီးသွေးမီးပူနဲ့ တိုက်တာတွေ့တယ်။ တရွာလုံး လူဦးရေက မနည်းမနောဆိုတော့ ဆပ်ပြာတော့ ထားနိုင်မှာ မဟုတ်လောက်ဘူး။ တချို့တွေများ ဆင်းရဲလွန်းလို့ အဝတ်တွေကို ဆပ်ပြာနဲ့တောင် မလျှော်နိုင်ဘူး။ ပြောင်းဖူးအဖူး အူတိုင်ကိုပဲ သီးသန့် ထမင်းချက်တဲ့ အခါ မီးစာအဖြစ်သုံးတဲ့အိမ်တွေမှာ မီးဖို အလည်မှာ ပြာကျပ်ခဲဖြစ်နေတာကို လိုချင်ရှာလို့ စုထားပေးဖို့ ပြောထားရရှာတယ်။ အဲဒီပြာကို ရေဖျော် အပေါ်ယံ အရည်ကြည်ကိုယူ အဝတ်အစားတွေကို စိမ်ပြီးလျှော်ရင် ဆပ်ပြာလိုပြောင်တယ်တဲ့လေ။ သဲဆပ်ပြာလို ထင်ပါတယ်။

  • nature

    May 21, 2011 at 12:14 am

    ကျနော်လည်းနဂိုကတော့မိရိုဖလာဗုဓ္ဒဘာသာပါပဲ၊ ဘုန်းကြီးဝတ်ရင်ကုသိုလ်ရတယ်ဆိုတာ သင်္ကန်းလေးဝတ်ပြီး အိပ်လိုက်စားလိုက်နဲ့ ကုသိုလ်လဲရဇိမ်လဲကျ၊ညစာမစားရတာပဲရှိတယ်၊ တကယ်တော့ရဟန်းခံတယ်ဆိုတာ ဒကာဒကာမတွေကသဒ္ဒါတရားနဲ့ လှုဒါန်းတဲ့ ပစ္စည်း၄ပါးကို သုံးဆောင်ပြီးရဟန်းတရားတွေကို မကျင့်ပဲပေါ့ပေါ့နေရင် သံသရာကြွေးတင်ပါတယ်၊ ဝိနည်းတော်၂၂ရ ပါး ထဲမှာ ရဟန်းတရားတွေကိုမကျင့်ပဲ ဒကာဒကာမတွေကသဒ္ဒါတရားနဲ့ လှုဒါန်းတဲ့ဆွမ်းခဲဘွယ်တွေကို သုံးဆောင်တာ ရဲရဲနီနေတဲ့မီးကျီးခဲတွေကို မြိုချရတာနဲ့တူတယ်လို့ဆိုပါတယ်။

  • bigcat

    May 21, 2011 at 12:40 am

    သဂျီးက အလှူထမင်းပွဲမှာ နွားကြီးတွေ ဝက်ကြီးတွေ ကြက်ကြီးတွေ သတ်စားမယ်ထင်လို့ ဘီယာသောက်တဲ့အခါ အမြီးလုပ်ဖို့ ပါးစပ်တပြင်ပြင်နဲ့၊ နောက်ဆုံးတော့ စိတ်ပျက်လက်ပျက်နဲ့ ပဲကြီးလှော်ကို အမြည်းလုပ်သောက်လိုက်ရတယ် ကြားတယ်။ သဂျီးရေ သူ့အသက်ဆိုတာ မသတ်ကောင်းဘူး….

    • kai

      May 21, 2011 at 5:17 am

      ဟိန္ဒူတွေကနွားကိုးကွယ်လို့… ဒို့ဗမာတွေအမဲသားရှောင်ရတာနဲ့..။
      နတ်တွေထဲ…မူစလင်ပါလို့.. ဒို့ဗမာတွေဝက်သားမစားရတာနဲ့..။
      ကြက်တွေ.. တုတ်ကွေးဖြစ်တတ်လို့.. ဒို့ဗမာဟင်းမချက်ရတာနဲ့..
      ဖြစ်နေတဲ့ခေတ်မှာ… ပဲကြီးလှော်လည်း.. ဘယ်သူကလိုင်စင်ရပြီး… အီးပေါက်တတ်လို့.. လေထုညစ်ညမ်းမှုခေါင်းစဉ်တပ် ပိတ်ဦးမလဲမသိ..။

      ဆိုတော့…
      ဒို့ရွာအလှူပွဲတော့… သက်သတ်လွတ် အရက်တမျိုးပဲ… အဝတိုက်မဟေ့..။ 🙂

      • hmee

        May 21, 2011 at 10:55 am

        သဂျီးရေ အခုလည်း ရွာတွေမှာ ဘာပွဲပဲလုပ်လုပ် အရက်ကတော့မပါမဖြစ်လေ။ အရက်ကလေးပါမှ သောက်ချင်လို့ ကူညီတာများတယ်။ အရက်ဖြူကို စဉ့်အိုးနဲ့တည်ထားပေးရတာ။ တခွက်လာသောက်လိုက် အလုပ်လေးပြေးလုပ်လိုက်နဲ့ မသိတဲ့သူများသာဆို မောလို့ ရေလာသောက်တယ် ထင်မှာ။ :):)

      • char too lan

        May 21, 2011 at 1:42 pm

        သဂျီးမင်း !!
        အဘပု နဲ့ နဂျီမ တို့အဖွဲ ့ သဂျီးအလှူမဏ္ဍပ်ထဲရောက်နေပီ ဗျ 🙂

  • etone

    May 21, 2011 at 3:45 am

    ရွာ အလှူတွေကို တခါ ရောက်ဖူးတယ်… မကြုံဘူးလို့လားမသိဘူး …စိတ်ညစ်လိုက်တာ အရမ်းပဲ …လူတွေကလည်း အုံနေလိုက်တာ … လူနံ့နဲ့ မူးတောင် မူးတယ်…။ နောက်ဘယ်တော့မှ ရွာအလှူဆိုမလိုက်ဖြစ်တော့ဘူး … ။

  • photwenty

    May 21, 2011 at 5:04 am

    ရွာကအလှူဓါတ်ပုံတွေတင်ပေးချင်တယ်ဗျာ တော်တော်လေးကိုပျော်စရာကောင်းပါတယ် ဒါပေမယ်.မတင်တတ်လို. ဘယ်လိုလုပ်ရလဲမသိဘူးဗျာ
    စုပေါင်းအလှူဆိုရင်တော်တော်ပျော်စရာကောင်းပါတယ်
    ဒါပေမယ်.ဗျာ အဆိုးနဲ.အကောင်းဆိုတာဒွန်တွဲနေတယ်လို.ပြောကြသလို. အကျင်.ပျက်တဲ.လူတွေကြောင်. အလှူရုပ်ဆိုးသွားတာတွေလဲကြုံဖူးကြပါတယ်
    ဖိနပ်ခိုးတဲ.သူနဲ. အလှူထမင်းဟင်းတွေ ကို မသိအောင်အိမ်သယ်တဲ.သူတွေနဲ.
    ဗျာ အလှူရှင်ကတော. လှူတာပဲဆိုပြီးဘာမှမဖြစ်ကြပါဘူး ဘေးကလူတွေက သူများပစ္စည်းနဲ.အမုန်းခံကြရသေးတယ် အခုနောက်ပိုင်းဆိုရင် ရွာဓလေ.တွေပျောက်ပြီးနေရာတကာ အရက်ဝိုင်းဖြစ်နေတော. အလှူကြီးဆိုရင်တော်တော်တောင်ရှားပါးလာနေပြီဗျ မူးနေရူးနေတဲ.သူကများတော. ရန်တွေဘာတွေဖြစ်ရင် အကုသိုလ်များလို.ဆိုပြီးအကျဉ်းချုံးလုပ်လိုက်ကြတာများတယ်ဗျာ
    အရင်ကပြောကြတယ် ဝက်သားတုံးကြီးလက်သီးဆုပ်ဆိုတာတွေလဲပျောက်ကုန်ပြီ
    ဪ ဒါနဲ. ဝက်သားတွေမစားကြနဲ.အုံးလို.ပြောချင်ပါတယ်(ကြော်ငြာဝင်တာမဟုတ်)
    ပဲခူးတိုင်းထဲမှာ ဝက်သားတွေစားလို. ဝမ်းပျက်ဝမ်းလျောတွေအရမ်းဖြစ်နေကြတယ်တဲ.ဗျ

  • moethidasoe

    May 21, 2011 at 5:11 am

    ကိုရင် ဝတ်တာဖြစ်ဖြစ် ပဉ္ဇင်းတက်တာ ဖြစ်ဖြစ် .. အခုခေတ်မှာတော့ ဆံချပြီး သင်္ကန်းစည်းဖြစ်ရင် တော်ပြီ ဆိုတာလို ဖြစ်လာကြတယ် .. သရဏဂုံ ရွတ်ဖတ်တာ .. သင်္ကန်းတောင်းတာ .. ပစ္စည်းလေးပါး ဆင်ခြင်တာ .. ၁ဝ ပါး သီလကို တိုင်ပေးတဲ့လူ မရှိပဲ ရွတ်နိုင်တာတွေတောင် ရှားနေပြီ .. တိုင်ပေးမှ ရွတ်တတ်တော့တယ် ..
    လူထွက်ဖို့ သိက္ခာချဖို့တောင် တော်တော် ခက်နေပြီ .. ကောင်းကောင်း သိက္ခာ မချပဲ ထွက်လာတဲ့ ဘုန်းကြီး ဆိုရင် အပြစ်တွေ အများကြီး ဖြစ်လာမယ် ..
    နောက်ပြီး အလှူ ဆိုတဲ့ ကိစ္စမှာလဲ အပြစ် နည်းအောင် လှူတတ်ဖို့ လိုလာပြန်ရော ..
    ဘုန်းကြီးအတွက် ဆွမ်းကိစ္စမှာတောင် အော်ဒါ မှာတာ ဆိုရင် ရည်ရွယ် သတ်ဖြတ်တဲ့ အသား ဖြစ်လို့ ဘုဉ်းပေးဖို့ အပြစ်တွေ ဖြစ်လာပြန်ရော .. အများအတွက် ဆိုရင်လဲ .. ဥပမာ .. ဒန်ပေါက် ပွဲ ၁၀၀ဝ မှာတယ် ဆိုပါတော့ ရင်အုံရယ်.. ပေါင်ရယ် .. ၄ ပိုင်းပဲ ရတာ .. အကောင် ၂၅ဝ သတ်ရ ရော .. ကိုယ်မှာတဲ့အတွက် သီးသန့် သတ်ရတာ ဖြစ်တဲ့အတွက် အပြစ် ဖြစ်တယ်လို့ မှတ်သားဖူးတယ် .. ပံ့သကူသားနဲ့ ချက်တဲ့ ဟင်းလျာက အပြစ် ကင်းတယ်လို့ ဆိုတယ် .. ဒါကြောင့် အပြစ်ကို ကြောက်တဲ့လူတွေ ဆို အသားကို ဘယ်တော့မှ အော်ဒါ မမှာဘူး .. ဈေးထဲသွား တွေ့တဲ့ အသား ဝယ်ချက်ကြတယ် ..
    လက်ဆေးတဲ့ကိစ္စက ပြုပြင်ဖို့ လွယ်ပါတယ် .. လိုက်လုပ်ကြဖို့ပဲ လိုတယ် .. လက်ဆေးကန် .. ရေဘုံပိုင်တပ်ထားတဲ့ ရေပုံးကို အမြင့်တင်ပြီး ကျင့်ပေးရင် လွယ်ပါတယ် .. တစ်ရွာလုံးအတွက် သိပ် များများ လုပ်ထားဖို့ မလိုပါဘူး .. ရွာလယ်ဇရပ်မှာ သိမ်းထားလို့ ရမှာပါ .. စာ သိပ်ရှည်သွားပြီ

  • photwenty

    May 21, 2011 at 6:25 am

    ဟုတ်တယ်ဗျ ဟုတ်တယ် ကျနော်တို.ငယ်ငယ်က သင်္ကန်းစည်းရင် ကို်ယ်.ဖာသာဆိုနိုင်အောင် ဘုန်းကြီးကျောင်းမှာ ရ ရက်လုံး ဆွမ်းခံရင် ကျောင်းသားလုပ်ရင်းသွားကျက်ရတယ် အခုကလေးတွေ အထူးသဖြင်.မြို.ကကလေးတွေ မဆိုနိုင်ကြတော.ဘူးဗျ တိုင်ပေးရင်တောင်မှအမှန်ဖြစ်အောင်မဆိုနိုင်တော.ဘူး

  • ဆူး

    May 21, 2011 at 1:38 pm

    သဂျီးနော်..
    6. လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။
    7. ဘာသာရေးနှင့် သက်ဆိုင်သော စာများအား ပွိုင့်မပေးပါ။

    ဗမာ လူမျိုးတွေ မစားချင်လို့ မစားတဲ့ ကိစ္စ တခြားဘာသာနဲ့ လိုက် ဆွဲ မစပ်နဲ့..
    အမဲသား မစားတာ ပလိပ်ရောဂါတွေ ဖြစ်တော့ လယ်တီ ဆရာတော် ကြီးက လိုက်ပြီး ကမ္မဝါရွတ်ပေးတယ် နောက်ပိုင်း ဆရာတော်ကြီး ကို လူတွေ ကိုးကွယ်လာကြတော့ လူတွေကို အမဲသား မစားဖို့ ပြောတယ် မူဆလင်တွေ နွားသတ်လို့ ဆန့်ကျင်တဲ့ သဘော ဖြစ်အောင် အမဲသား မစားခိုင်း တာနဲ့ မစားကြတော့တာ.. နွားဆိုတာ ကျေးဇူးရှင်ဆိုပြီး မစားဘူး။
    ဝက်သား ဆိုတာ စားကောင်းမှန်း မသိလို့ မစားတာ နေမှာပေါ့။
    ဝက်သားများ စားကောင်းမှန်း ဘယ်လောက် မသိလဲဆိုရင် ဝက်ပေါက်ရင် အများကြီး ပေါက်ပေမဲ့ အကောင် အချို့ မွေးပြီးတာနဲ့ သေတတ်တယ်။ သေသွားတဲ့ အကောင်တွေ မစားဘူး မြေမြုပ်ကြတယ်။ ကွမ်းတုံး တရုတ်တွေနဲ့ ကွာပါ့ မြေမနင်းသားဆိုပြီး စားလိုက်ကြတာ.. စားလို့လည်း ကောင်းဘူး အရေခွံပဲ ရှိတယ်။
    မစားတဲ့ အသားများတော့ အကောင်တွေတောင် အသေ သက်သာတယ်။
    မွေးထားတဲ့ အကောင်တွေ နိုင်ငံခြားပို့မယ် ပြည်ပ ဝင်ငွေတောင် ရအုန်းမယ်။ ဟွင့်..
    သူများ ဘာသာနဲ့ လိုက်မညှိနဲ့ မကြိုက်ဘူး ဖြတ်မယ် ဖြတ်မယ် ဘာမှတ်လဲ။ (ပွိုင့်)

    • koyo

      May 22, 2011 at 9:06 am

      လူအများရဲ့အကျိုးကို ရှေ့ရှုတာမဟုတ်တဲ့ ဘယ်အလုပ်မဆို မလုပ်ကောင်းတာတွေပဲ။ အဲဒီတော့ ကိုယ်လုပ်တဲ့အလုပ်တိုင်း
      ဟာ လူအများအကျိုးကို ရှေ့ရှုတာဟုတ်ရဲ့လား ဆင်ခြင်ကြည့်ကြဖို့ အကြံပြုလိုက်ပါရစေ။ ကိုယ့်အတွက် ဒါမှမဟုတ် လူတ
      ဦး လူတစ်စုအတွက်လောက်သာ ရှေ့ရှုပြီး လုပ်ဆောင်နေကြတာတွေဟာ လူတွေကို ဆင်းရဲစေတာတွေပါပဲ။ ကိုယ်လုပ်တဲ့ အလုပ်တခုတိုင်းဟာ လူတွေအတွက် လုပ်ဆောင်တာဖြစ်နိုင်ကြပါစေ။

  • nature

    May 22, 2011 at 5:55 pm

    လှူတယ်ဆိုတာကိုယ်နိုင်သလောက်ချိ်န်ဆပြီး သဒ္ဒါတရားအပြည့်နဲ့စိတ်ဖြတ်လှူရင် ပိုကောင်းမယ်ထင်ပါတယ်၊ မနိုင်မနင်းမိလှူရင် နောက်မှငါလှူတာမှားသွားပြီလားဆိုတဲ့ အကုသိုလ်စိတ်တွေဝင်လာရင်မကောင်းပါဘူး။ ဘာပဲလုပ်လုပ် စေတနာရှေ့ထားလုပ်ရင် စေတနာကအကျိုးပေးပါလိမ့်မယ်။

  • weiwei

    May 23, 2011 at 4:35 am

    အဖေ့မိတ်ဆွေတစ်ယောက်ရဲ့ တောရှင်ပြုအလှူတစ်ခုကို သွားဖူးတယ် … ရ ရက် ရ လီ အကျွေးအမွေး၊ အငြိမ့်နဲ့ ဆိုင်းဝိုင်းလဲပါသေးတယ်။ ထမင်းကျွေးတဲ့ ရုံကြီးတွေဆောက်ပြီး ထမင်းစားလက်မှတ်တွေနဲ့ ထမင်းရေချောင်းစီးအလှူတစ်ခုဖြစ်ပါတယ်။ ကျွန်မတို့က မြို့သူတွေဆိုတော့ မပျော်ပါဘူး၊ စားရတာလဲ အဆင်မပြေဘူးပေါ့။ ဒါပေမယ့် တွေ့ရမြင်ရတာတော့ အထူးအဆန်းတွေဖြစ်နေတယ်။ ရွာသူရွာသားတွေရဲ့ ဟန်ဆောင်မှုကင်းတဲ့ ပကာသနမပါတဲ့ အမူအရာ စရိုက်လက္ခာတွေ တွေ့ခဲ့ရတယ်။ အလှူရှင် လင်မယားရဲ့ ပျော်မဆုံးတဲ့ ပီတိမျက်နှာကလဲ အားရစရာပဲ။

Leave a Reply