စာအုပ်ကြီးသမားများ Bookmen

weiweiJune 3, 20111min1924

စည်းကမ်းဥပေဒေများအတိုင်း တသွေမတိမ်းကျင့်ကြံလိုက်နာတတ်သူများကို စာအုပ်ကြီးသမားများဟု ပြောဆိုလေ့ရှိကြပါသည်။ ငယ်ငယ်တုန်းက ဆရာ ဆရာမများတွင် အများဆုံးတွေ့ခဲ့ရဖူးပါသည်။ ကျွန်မတို့ မိသားစုများထဲတွင် အဖိုးတစ်ယောက်သာ စာအုပ်ကြီးအတိုင်း စားသောက်နေထိုင်ပြုမူလေ့ရှိပြီး ကျန်မိသားစုဝင်များအားလုံးကတော့ လွတ်လပ်သော အရောင်းအဝယ်လုပ်သူများပီပီ စားချင်တာစား၊ ဝတ်ချင်တာဝတ်ပြီး ပျော်သလိုနေကြသူများ ဖြစ်ကြပါသည်။ ကျွန်မငယ်ငယ်က အဖိုးနဲ့တူပြီး စည်းကမ်းတကျ နေထိုင်ဖို့ ကြိုးစားခဲ့ဖူးပါသည်။ စည်းကမ်းလိုက်နာသူများကို အားကျခဲ့ဖူးပါသည်။

၁၉၈၈ အရှေ့ပိုင်း မဆလခေတ်တွင် အဖိုး၏မိတ်ဆွေတစ်ဦးမှာ ပါတီဥက္ကဌတစ်ဦးဖြစ်ပြီး အလွန်သမာသမတ်ကျသော စာအုပ်ကြီးသမားတစ်ဦးဖြစ်ပါသည်။ ကျွန်မကို လူကြီးအရာသွင်းပြီး စာအုပ်ထဲပါ အကြောင်းအရာများနှင့် အတွေးအခေါ်များကို အချိန်အားတိုင်း ပြောပြလေ့ရှိပါသည်။ ကျွန်မက ကလေးပီပီ ရိုရိုသေသေနားထောင်လေ့ရှိပြီး သူ၏ အတွေးအခေါ် အပြုအမူများကို အားကျခဲ့ပါသည်။ ကျွန်မမိဘများကတော့ စာအုပ်ကြီးအတိုင်းနေထိုင်ပြုမူပြီး မိသားစုကို ဆင်းရဲအောင်ထားသော၊ တာဝန်မကျေသော အိမ်ထောင်ဦးစီးတစ်ဦးဖြစ်နေသော ထိုဘဘကြီးကို ရိုသေသော်လည်း အပြစ်တင်လေ့ရှိပါသည်။

၁ဝ တန်းအောင်မြင်ပြီးသည်အထိ ကျွန်မဘဝသည် စာအုပ်တစ်အုပ်ကဲ့သို့ နေထိုင်ပြုမူ တွေးခေါ်ခဲ့ပါသည်။ အချိန်မှန်အိပ်၊ အချိန်မှန်စား၊ အချိန်မှန်ကျောင်းသွား၊ စည်းကမ်းတကျ ဝတ်စားဆင်ယင်လေ့ရှိခဲ့သော လူလိမ်မာလေးတစ်ဦး ဖြစ်ခဲ့ပါသည်။

တက္ကသိုလ်တက်ချိန်တွင် စာအုပ်ထဲကနှင့် နဲနဲချင်းသွေဖည်လာခဲ့ပါသည်။ ကျောင်းဆိုတာ စိတ်ပါမှ တက်သင့်ကြောင်း၊ အစားအသောက်ဆိုတာလဲ ဗိုက်ဆာမှ၊ စားချင်စိတ်ရှိမှစားတာကောင်းကြောင်း၊ အဝတ်အစားဆိုတာ စိတ်ကိုပေါ့ပါးစေတဲ့စတိုင်ကို ရွေးဝတ်သင့်ကြောင်း၊ အိပ်ချင်တဲ့အချိန်အိပ်ပြီး ထချင်တဲ့အချိန်မှထတာ အိပ်ရေးဝကြောင်း စသဖြင့် စည်းကမ်းမရှိဖြစ်လာပါတော့သည်။ အရောင်စုံသော အတွေးအခေါ်များကြားတွင် ဟိုယိမ်းလိုက်၊ ဒီယိုင်လိုက်နှင့် ကိုယ်ပိုင်အတွေးအခေါ်များလည်း တဖြည်းဖြည်း ပျောက်ဆုံးလာပါတော့သည်။

လွတ်လပ်သောကျောင်းသားဘဝမှ အလုပ်ခွင်ထဲကိုရောက်လာတော့ အခက်တွေ့လာပါတော့သည်။ ဌာနအကြီးအကဲမှ လုပ်ငန်းခွင်စည်းးကမ်း စာအုပ်ကြီးတစ်အုပ်ပေးဖတ်ပါသည်။ အဲဒီထဲကအတိုင်း အားလုံးလိုက်နာရမည်ဟု ပြောပြီး သူကိုယ်တိုင်လည်း အဲဒီအတိုင်းလိုက်နာတတ်သူတစ်ယောက်ဖြစ်ပါသည်။ မနက် ၈ နာရီမထိုးခင် အလုပ်ထဲရောက်ရမည်။ သတ်မှတ်ထားသော ယူနီဖောင်းကိုသာဝတ်ဆင်ရမည်။ ရုံးချိန်အတွင်း အပြင်မထွက်ရ။ ညနေ ၄ နာရီအလုပ်ဆင်းချိန်ဖြစ်ပေမယ့် အချိန်ပိုနေပေးရမည်။ တခြားသောအလုပ်နဲ့ဆိုင်သော စည်းကမ်းများလည်း များစွာရှိပါသေးသည်။

လုပ်ငန်းခွင်ထဲမှာ စာအုပ်ကြီးသမားများအနဲငယ်သာရှိပြီး သာသလိုအခွင့်အရေးယူတတ်သူက အများအပြားရှိနေပါသည်။ လိုက်နာဖို့လွယ်ကူသော စည်းကမ်းချက်များဖြစ်သော်လည်း တကယ်တမ်းအတိအကျလိုက်နာဖို့ ခဲယဉ်းတာတွေရှိနေပါသည်။ အလုပ်ဝင်ကာစကတော့ ကျွန်မအတွက် ထိုစည်းကမ်းချက်များတွင် ယူနီဖောင်းမဝတ်ချင်သော ပြသနာနှင့် အလုပ်ချိန်ပြသနာများ ရှိခဲ့ပါသည်။ ဉာဏလုပ်သားအနေနဲ့ လွတ်လပ်သော ဝတ်စားဆင်ယင်မှုရှိမှ လွတ်လပ်စွာတွေးခေါ်နိုင်ပြီး အချုပ်အနှောင်ကင်းသော ဆုံးဖြတ်ချက်နှင့် လုပ်ငန်းအတွက် အကျိုးရှိသော ပညာရပ်များကို စဉ်းစားနိုင်မည်ဟု ကြီးကြီးကျယ်ကျယ် တွေးခေါ်ခဲ့ဖူးပါသည်။ အလုပ်ချိန်က အဓိကမဟုတ်၊ လုပ်နိုင်စွမ်းအားကသာ အဓိကဖြစ်ကြောင်းနှင့် ညအချိန်ပင်ဖြစ်လင့်ကစား ကျွန်မစိတ်ထဲ အတွေးပေါ်လာလျှင် အလုပ်ထလုပ်လေ့ရှိသဖြင့် အချိန်သတ်မှတ်ချက်ကိုလည်း ဘဝင်မကျဖြစ်ခဲ့ဖူးပါသည်။

လုပ်သက်များ တစ်နှစ်ပြီးတစ်နှစ် တိုးလာပြီးနောက် ယခုတော့ ကျွန်မကိုယ်တိုင် စာအုပ်ကြီးအတိုင်းဖြစ်အောင် နေနေရပါသည်။ ဝန်ထမ်းများ၏ အခက်အခဲကို နားလည်သော်လည်း တခါတရံ မသိချင်ယောင်ဆောင်ပေးနေရသော်လည်း စည်းကမ်းမရှိသူများကို ကျွန်မမကြိုက်တော့ပါ။ ကျွန်မကွယ်ရာမှာ ကျွန်မကို စာအုပ်ကြီးသမားဟု အတင်းပြောကြပါလိမ့်မည်။ ဘယ်လိုပြောပြော ကျွန်မ မမှုတော့ပါ။ စည်းကမ်းရှိမှ တိုးတက်မည်မဟုတ်ပါလား။

4 comments

  • MaMa

    June 4, 2011 at 1:30 am

    ဝေဝေရေ- စာအုပ်ကြီးသမားဆိုတာ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ အများနဲ့ လုပ်ရတဲ့အလုပ်တွေမှာ လူကြီးလုပ်ရတဲ့လူအတွက်ကတော့ မှန်တာကို ဆုံးဖြတ်ပြီး လုပ်ပြီဆိုရင် ဘေးပြောစကားကို လစ်လျှူရှု့နိုင်ရမယ်။ လူပြောလွတ်ဖို့ ဆိုတာကတော့ လူကြားထဲ မနေမှ ရမှာပါ။

  • တညင်သား

    June 4, 2011 at 1:52 am

    ဘုန်းကြီး ဆိုရင် ..ဝိနည်းနှင့် ညီမှ
    ရွာကြီးရင် ..စည်းရိုး ရှိမှ (ဒီရွာမှာတောင် စည်းရိုးကို Do & Don’t နဲ ခတ်ထားတယ် ) …:)
    လူမျိုးဆို ..စည်းကမ်းရှိမှ ဆိုတော့ …
    စာအုပ်ကြီးသမားတွေ ကို နားလည်ပေးမဲ့ လူငယ်/လူရွယ် တွေ များများလိုနေပြီ..
    ဒါနဲ့ bookmen က ဘယ်မင်းသားနဲ့ ရိုက်မှာလဲ… 🙂 🙂

  • bigcat

    June 4, 2011 at 2:36 am

    အန်တီဝေက စစ်တက္ကသိုလ်တက်ပြီး စစ်သမီးဖြစ်သွားတော့ စာအုပ်ကြီးဖြစ်သွားတာပေါ့ဗျာ။ ဒါပေမဲ့ အန်တီဝေတို့တတွေ ပြည်သူသာအမိ ပြည်သူသာအဖဆိုတဲ့ မူရင်း တပ်မတော်စည်းကမ်း၊ ဆောင်ပုဒ်ကြတော့ မေ့နေပုံရတယ်နော်။ အန်တီဝေတို့ စစ်လက်နက်ပစ္စည်း စက်ရုံကထုတ်တဲ့ သေနတ်တွေကြောင့် အပြစ်မဲ့ကျောင်းသားပြည်သူတွေ သေကြေခဲ့ရ၊ မိုင်းဗုံးတွေကြောင့် နယ်စပ်ဒေသက တိုင်းရင်းသားပြည်သူတွေ ထိခိုက်သေဆုံးရ၊ အမြောက်ကျည်ဆန်တွေကြောင့် နယ်စပ်ဒေသက သူပုန်တွေဆီမှာ ခိုလှုံနေရတဲ့ ဒီမိုကရေစီလိုလားသူတွေ ပျက်ဆီးတိမ်းပါးရတာတွေကို စာအုပ်ကြီးကြောင့်လို့ ဆိုချင်သလား…….

  • ဆူး

    June 4, 2011 at 7:48 am

    စာအုပ်ကြီးပဲ ဆိုတဲ့ လူဆိုရင် မျက်စိထဲမှာ မျက်မှန်အထူကြီးနဲ့ အဘိုးကြီး အဘွားကြီးတွေပဲ မြင်နေတော့တာပဲ။
    စာအုပ်ကြီး ဆိုတာ လူကြီးတွေမှာပဲ တွေ့ရတတ်တော့တာ တော်တော် ရှားသွားပြီ။

Leave a Reply