လမ်းဘေးဆိုင် ၊ လမ်းဘေးကား နဲ့ လမ်းဘေးလူ (၂)

အပိုင်း(၁) မှာ ရန်ကုန်မြို့ကြီးဗွက်ပေါက်သွားတာ ပြောပြီးတဲ့နောက် အခု ရန်ကုန်သားတချို့ ဘာဖြစ်သွားတယ်ဆိုတာ ပြောမယ့်အလှည့်။

အဲဒါမပြောခင် အရင်အပိုင်း(၁) ထဲမှာ အဲဒီတုန်းက မြို့တော်ဝန်ကြီးကို နဲနဲထိခိုက်ထားသလို ရေးထားပါတယ်။  မြင်လွယ်အောင် တမင်ထည့်ရေးတာ။ သူ့လို အောင်ပွဲအလီလီရ တပ်မှုးတဦးသည်ပင် မြို့ပြအုပ်ချုပ်မှု့လိုဟာမျိုးမှာ အောင်မြင်အောင်မလုပ်နိုင်ဘူး။ ရန်သူလား အကုန်ပစ်ထည့်လိုက် ဆိုတာမျိုးနဲ့မရဘူး။ မြို့ပြစီမံခန့်ခွဲမှု့ဆိုတာ ရှုပ်ထွေးတယ် ၊ သိမ်မွေ့တယ် ၊ လိုအပ်ချက်တွေများပြားတယ် ၊ အာဏာက အဓိကမဟုတ်ပဲ ပညာကသာ အဓိကဖြစ်ပါတယ် ။

အခု ဒုတိယပိုင်း ………………

မြင်ကွင်းလေးတခုပြောပြချင်တယ် ။

လွန်ခဲ့တဲ့နှစ်အစိတ်-

အချိန် – ည ၁၁ နာရီခွဲ (မြို့လယ်ရုပ်ရှင်ရုံများ နောက်ဆုံးပွဲလွှတ်ပြီး နာရီဝက်အကြာ)

နေရာ – အနော်ရထာလမ်း ၊ ဗိုလ်ဆွန်ပက်လမ်းထိပ်နား

အရင်က ဘာအရောင်သုတ်ထားမှန်းမသိတဲ့ အချုပ်ကားမဲမဲကြီးတစ်စင်း ဘယ်ဘက်ပလက်ဖောင်းဘေး ထိုးရပ်လိုက်တယ်။

ခေါင်းခန်းတံခါးပွင့်လာ၊ ရဲကြပ်ကြီးတယောက် ဆင်းလာပြီး အချုပ်ကားနောက်ပေါက်ကို ဖွင့်လိုက်တယ်။ ပြီးတော့လမ်းဘေးက သစ်ပင်ကလေးကို ဝိုင်းထားတဲ့ အုတ်ဘောင်လေးပေါ် သွားထိုင်ချလိုက်ပြီး ဆေးပေါ့လိပ်တိုကိုမီးညှိတယ်။ အဲဒါ လမ်းဘေးအိပ်တဲ့ အခြေအနေမဲ့တွေကို အင်းစိန်မှာနေရာချောင်တုန်း လာဖမ်းတာ။

လမ်းဘေးမှာ တိုက်လှေခါးတွေမှာ အိပ်နေ ထိုင်နေကြတဲ့လူတွေလဲ လှုပ်လှုပ်ရွရွဖြစ်ကုန်ပြီး တယောက်နဲ့တယောက် လှမ်းခေါ် လှုပ်နှိုး ၊ ပစ္စည်းလေးတွေသိမ်းကြ၊ မလိုက်မယ့်သူတွေဆီအပ်ကြပြီး အသီးသီး အချူပ်ကားပေါ် တက်သွားကြတယ်။

ထွက်မပြေးဘူးလား ?

ဘာလို့ပြေးရမှာလဲ ၊ တနေ့နှစ်နပ် အလကားကျွေးဘို့  လာခေါ်တဲ့ဟာကို။

ရဲကြီးကကော မလိုက်တဲ့သူတွေကို လိုက်မဖမ်းဘူးလား။

ဘယ်ဖမ်းလို့ဖြစ်မလဲ။ ထွက်လာကတည်းက သုံးဆယ်ပဲနော် လို့ အော်ပြောလိုက်ပြီးသား။

မတော်   ပိုပါလာလို့ ထောင်ကလက်မခံရင်   (ပြောပြီးစလစ်) ဆိုပြီးအိမ်လိုက်ခဲ့မှဖြင့် ……

အဲဒါ  အဲဒီလိုဖြစ်ကုန်တာ။  အဲဒါလူတွေ ။

လူတွေမှ  ကျုပ်တို့လူမျိုးတွေ ။

 

အရူး  သူတောင်းစား  စတဲ့ အခြေအနေမဲ့တွေ ၊ လွယ်သလိုဖြစ်သလို တွေ့တဲ့နေရာဝင်နေတဲ့ ကျူးကျော်တွေကို အစကတည်းက လက်တဆုပ်စာပဲ ရှိကတည်းက သင့်သလိုမစီမံဘူး။ များလာတော့ မနိုင်တော့ဘူး။

သူ့ဘာသာလမ်းဘေးနေချင်လို့နေတာ သူ့ရွေးချယ်မှုပဲ။ သူ့အပြစ်နဲ့သူ  လို့ ပြောခဲ့ရင် –

ကျုပ်တို့  ကိုယ့်သားသမီး  ကလေးဘဝမှာ

အောက်ကျထားတဲ့ အစားအစာ  ကောက်စားတဲ့အခါ

သားသား အဲဒါမစားရဘူး အော်အော့ကြီးနော်  လို့ မိဘက ထိန်းသိမ်းရမယ် မဟုတ်လား။

အောက်ကဟာ ကောက်စားတာက ကလေးရဲ့ရွေးချယ်မှု။

ခွင့်မပြုတာက မိဘရဲ့ဝတ္တရား။

ဒါဖြင့်ကလေးကဆာနေလို့ဆိုရင်ကော ?

အေး    အခုမှလိုရင်းရောက်တယ်။   မိဘက သင့်တာကျွေး ။

မိဘကဆင်းရဲလို့မကျွေးနိုင်ရင်ကောဗျာ  လို့  ပြောရင်တော့ ကျုပ်ကဒီလိုဖြေမယ်။

” မိဘမလုပ်နဲ့ “

 

(မပြီးသေးပါ)

8 comments

  • bigcat

    June 5, 2011 at 4:25 am

    ဦးပါလေရာကြီးက ရွာထဲလျောက်သွားနေပြီး ရေးတာမတွေ့ဘူး။ ရေးမဲ့ရေးတော့လည်း ဟိုက်ရှလပတ်ရည် ပါလား။ မြို့တော်ဝန်တွေအကြောင်း နှံ့နှံ့စပ်စပ်သိရင် ဦးကိုလေးနဲ့မယ်တော်တွေအကြောင်း ဖွပါအုံး။ ကိုဖိုးတရုတ်ဆီမှာတော့ ဗိုလ်မှူးအောင်လင်းထွဋ်ရေးတဲ့ ဗိုလ်ချုပ်ဟောင်းဦးထွန်းကြည် အစစ်ခံပုံတချို့ ဖတ်ရတယ်။
    အာဏာသိမ်းခါစ ရန်ကုန်မြို့တော်စည်ပင်သာယာအဖွဲ့ ဖွဲ့စည်းပုံမှာ ရွေးကောက်ပွဲဌာနဆိုပြီးပါတယ်။ ဌာနမှူးအဆင့်နဲ့ထားတာ။ တခါမှလည်း အသုံးမချလိုက်ရပါဘူး။ အခုတော့ ဗိုလ်ပြုတ်မူးကြီး တိုက်ရွေးတာဆိုတော့ နိထ္ထိတံသွားပြီပေါ့။ စည်ပင်သာယာအဖွဲ့တွေအားလုံးကို လူထုရွေးကောက်တဲ့ စနစ်ကျင့်သုံးသင့်တယ်၊ ဒါမှ သက်ဆိုင်ရာဒေသခံ တွေရဲ့လိုအင်ဆန္ဒနဲ့ လိုက်လျောညီထွေ လုပ်နိုင်တော့မပေါ့။ မဖြစ်နိုင်တာ ပြောကြည့်တာပါ။

  • kai

    June 5, 2011 at 8:48 am

    ရေးပုံလေး..ကြိုက်တယ်ဗျာ..။
    အားပေးစောင့်ဖတ်နေပါတယ်..။

    အင်း..
    မိဘမလုပ်နဲ့..မိဘမလုပ်နဲ့…။ 🙂

  • MaMa

    June 5, 2011 at 11:28 am

    ကျမကတော့ လမ်းဘေးဈေးသည်တွေအပြင် လမ်းအသုံးပြုသူဆိုတဲ့ လမ်းပေါ်မှာ စည်းမဲ့ကမ်းမဲ့ ကားမောင်း၊ ဆိုက်ကားနင်း၊ လမ်းလျှောက်သူတွေအတွက်ပါ ပညာပေးလေးတွေ ဖော်ပြပေးစေချင်တယ်။ ကျမတို့အလုပ်က မနက်အစောကြီး ဝေလီဝေလင်း သွားရတယ်။ ပြန်တော့လည်း မှောင်ရီပျိုးမှ။ အလင်းရောင် မကောင်းသေးတဲ့အချိန်မှာ ကားတွေကလည်း မီးပွိုင့်ကို မစောင့်ပဲ မောင်းကြတယ်။ ဆိုက်ကားတွေကလည်း ရောင်ပြန်မီးမရှိ၊ လမ်းမပေါ်က နင်းကြတယ်။ လူတွေကလည်း လမ်းပေါ်တက်လျှောက်တယ်။ ကိုယ်စီးတဲ့ကားနဲ့ပဲ တိုက်မိမလိုဖြစ်တာ အကြိမ်ကြိမ် တွေ့ခဲ့ရဖူးတယ်။ ပြီးခဲ့တဲ့အပတ်ကတော့ အသိတစ်ယောက်ဟာ မနက်စောစော ကားဂိတ်မှာ ဘတ်စကားစောင့်နေတယ်။ အဲဒီအချိန်မှာ ဒိုင်နာကားတစ်စီး ရုတ်တရက် ဆိုက်ကားကို ရှောင်လိုက်တာ ကားက အရှိန်ပြင်းတော့ လည်သွားတယ်။ မိုးရွာထားလို့ စလစ်ဖြစ်ပြီး ကားစောင့်နေတဲ့ အသိကို ဝင်တိုက်လို့ ဒဏ်ရာပြင်းထန်စွာရပြီး ဆေးရုံရောက်တော့ သေသွားရှာတယ်။

  • parlayar46

    June 6, 2011 at 5:55 pm

    ကိုကြောင်ကြီးပြောမှပဲ ငိုချင်ရက်လက်တို့ဆိုသလိုဖြစ်နေပြီ ။
    သိပ်အသိကြီးမဟုတ်တောင် သိသလောက်ကိုက နောက်လူတွေကို ပြောပြစရာလေးတွေ….။
    ဒီဆိုက်ကိုမဲမှာစိုးလို့ တနေ့နေ့မှ တခြားရွာမှာသွားထည့်ဦးမယ် ။

    • MaMa

      June 7, 2011 at 1:31 am

      တခြားရွာမှာသွားထည့်ရင်လည်း လိုက်ဖတ်လို့ရအောင် လင့်လေးပေးဦးမှပေ့ါ။

  • mayhtet

    June 7, 2011 at 1:16 am

    တစ်ခြားရွာတော့မတဲ့ပါနဲ့ ဦးပါလေရာကြီးကတဲ မန်းဂေဇက်ဘဲတော့ပေါ့ ဟုတ်ဘူးလား

  • လင်းဝေကျော်

    June 8, 2011 at 6:46 am

    မိဘ မလုပ်နဲ့…. အင်း သူတို့ကလည်းပြောမှာပဲ၊
    လုပ်ချင်လို့လုပ်နေရတာမဟုတ်ဘူးဟေ့… မင်းတို့ ဒုက္ခရောက်မှာစိုးလို့ဆိုပြီး။
    တကယ်…. သူတို့က သူတို့ဘာသာ ပြန်ပြီး အဲဒီဘာမှန်းမသိ ဆင်ခြေနဲ့ လိပ်ပြာကို လုံလို့။

  • naywoonni

    June 9, 2011 at 1:09 pm

    လမ်းလေးဆိုင် လမ်းဘေးလူကနေ ဘယ့်နဲ့ မိဘမလုပ်နဲ့ ဖြစ်သွားရတာလဲ…။ အဲဒိလို တစ်ကိုယ်ရည် အသိလေးတွေရှိနေလို့က တော့ တိုင်းပြည် ဒီလောက်မွဲပြာကျမနေပါဘူး…။

Leave a Reply