ပေါ့ပေါ့ဆဆ တွေး (၂)

moethidasoeJuly 11, 20111min32914

ပြောရင် ယုံကြမှာတောင် မဟုတ်ဘူး .. ဒီအဖြစ်အပျက်က ရန်ကုန်မြို့မှာတင် ဖြစ်တာ

အဲဒီမိသားစုက ရပ်ကွက်တွေ တဲပေါ်မှ တိုက်ပေါ်သို့ စီမံကိန်း မလုပ်ခင်တုန်းက ဒီရပ်ကွက်ထဲကပဲ .. သူတို့ရဲ့မိသားစု ဆရာဝန်လဲ ဖြစ်ခဲ့ရတယ် ..  အဲဒီမိသားစု ထဲ မှာ ဆရာဝန်ကို ကြောက်တတ်တာ ယောက်ျားဖြစ်သူပဲ .. ကျန်တဲ့ မိန်းမ .. ကလေးတွေ အခြား မိသားစုဝင်တွေ တယောက်မှ မကြောက်တတ်ဘူး .. သူ ဘာ ကြောက် သလဲ ဆိုတော့ အနာဖြစ်ရင် ဆေးထည့်မှာ အကြောက်ဆုံး .. စပ်မှာကြောက်တယ် .. နာမှာ ကြောက်တယ် ..

ရပ်ကွက် ဖျက်တော့ တခြား ပြောင်းသွားတော့ ဆေးခန်းနဲ့ နည်းနည်း ဝေးသွား တာပေါ့ ..

ငါးနှစ်ကြာတော့

တနေ့ ဆေးခန်းကို လာတယ် .. ဖျားလို့ .. ဆေးကုပေးလိုက်ပါတယ် ..

နောက်နေ့မနက်စောစောမှာ သူ့မိန်းမ အိမ်အထိ ရောက်လာတယ် ..

“ဆရာမ .. ကိုxxxx ရယ်ပေါ့ .. အဖျားတော့ ကျပါရဲ့ .. ဆေးတိုက်လို့ မရဘူး”

ဘာဖြစ်လို့တုန်း

“ပါးစပ် ဟလို့ မရဘူးဖြစ်နေတယ်”

မနေ့က အကောင်းကြီးပါ .. သူ .. ထိခိုက်ရှနာများ ရှိသလား

“ဟင် .. မနေ့က ဆရာမကို ခြေထောက်က အနာ မပြသွားဘူးလား”

မပြသွားပါဘူး .. ဖျားတာလေးပဲ ပြောသွားတယ် .. ဘယ်နေရာမှာ ဘယ်လို ဖြစ်ခဲ့ တာလဲ

“ဒီလို ဆရာမရေ .. သူ ခြင်းလုံးခတ်တာ ဆရာမလဲ အသိပဲမဟုတ်လား .. ခြင်းခတ် နေရင်း .. ခလုတ်တိုက်မိလို့ ခြေမ ကွဲသွားတယ် .. နဂိုကတည်းက အနာဖြစ်ရင် ကြောက်တတ်တဲ့လူ မဟုတ်လား .. သွေးထွက်နေတာကို ဖုံမှုန့်သိပ်ပြီး ကြုံရာ အဝတ်နဲ့ ပတ်ပြီး အိမ်ကို ပြန်လာတယ် .. ကျမက ဆေးခန်းသွားဖို့ ပြောတယ် .. အနာဖြစ်မှာ ကြောက်တတ်တဲ့လူမှ ဖြစ်ရတာ ဆိုတော့ .. ပြောမရဘူး .. အိမ်နားက ကွမ်းယာဆိုင်က ဆေးစပ်သောက်လိုက်တယ် ..အနာကတော့ ပျောက်တောင် ပျောက်နေပြီ ..  ကျမတောင် ဆရာမဆေးခန်းကို မသွားခင် မှာလိုက်သေးတယ် .. ခြေထောက် အနာအကြောင်း ပြောပြခဲ့လို့  .. အနာက ကျက်နေလို့ မပြောပြဘူးထင်ပါတယ်”

ဒါဆိုရင် ရှင့်ယောက်ျား . မေးခိုင်ရောဂါဖြစ်နေပြီ .. ဆေးရုံကြီးကို အရောက်သွား ပေတော့ ..

ကံကောင်းစွာနဲ့ ဆေးရုံကြီးမှာ ရက်လေးဆယ် နေလိုက်ရပြီး ကျန်းမာစွာနဲ့ ပြန်ဆင်း ခွင့် ရလိုက်တယ် ..  (ကံမကောင်းရင် သေပြီလေ)

ယုံလား .. ရန်ကုန်မြို့မှာ နေပြီးတော့ ခြေမ ကွဲတာကို ဖုံမှုန့် သိပ်ရတယ်လို့ ..  တကယ်ဖြစ်တာ

 

၂၀၀၄ နိုဝင်ဘာမှာ ရေးဖြစ်ခဲ့တယ်

14 comments

    • Foreign Resident

      July 12, 2011 at 6:52 am

      Is from is air ginger !

      What do you mean ???

      • intro

        July 14, 2011 at 12:17 pm

        ဖြစ်မှဖြစ်ရလေခြင်း လို့ပြောတာပါ…ဗျာ….

  • naywoonni

    July 11, 2011 at 10:13 pm

    ခွေးကိုက်ခံရတာ ငပိတို့ အချိုမှုန့်တို့ သိပ်တဲ့သူတွေရှိသေးတယ်..။ အနာမယဉ်းအောင်လို့တဲ့..။ ဒါပေမဲ့ အချိန်မတန်သေးလို့လားမသိ ..။ခုချိန်ထိတော့ ဘာမှမဖြစ်သေးဘူးပဲဗျ…။

  • unclegyi1974

    July 11, 2011 at 11:17 pm

    ၂၀၀၄ မှမဟုတ်ပါ
    သိခြင်းမသိခြင်းဆိုတာ
    ကိုယ်တိုင်လေ့လာမှု
    ပညာပေးနိုင်မှု
    အတော်ရေးကြီးတာပါ
    အခု၂၀၁၁ ဒီလိုလူတွေမရှိတော့ဖူးလို့
    မစိုးပြောရဲသလား

  • etone

    July 12, 2011 at 10:39 am

    တချို့ကလည်း ဖုန်မသိပ်ပဲ တံတွေးစွတ်တာ ကြားဖူးတယ် … ။ ရူးရူးနဲ့ ပန်းတာလည်း ကြားဖူးတယ် … ဘယ်ဟာဖြစ်ဖြစ် ရွံစရာကြီး … သေချာအောင် သန့်စင်ပြီး ဆေးထည့်သင့်တာ ကျန်းမာရေး ဗဟုသုတမရှိဘူး ဖြစ်နေကြတယ်… ကြောက်ရကောင်းမှန်းမသိလို့ပါ … ။

    • AKKO

      July 12, 2011 at 10:48 am

      အဲ့ဒီ တံတွေးတွေ က ကိုယ့်ဟာကိုယ်ဆို တော်သေးတယ် …သူများတံတွေးဆိုလျှင်တော့ ကူးစက်ရောဂါပါဝင်နိုင်တယ် ….။

  • moethidasoe

    July 12, 2011 at 10:54 am

    မပြောရဲပါ .. အခုထိ မသိလို့ လုပ်မိလုပ်ရာ လုပ်ကြရင်း ဆေးရုံရောက်တဲ့ အဖြစ်ဆန်းတွေ အများသား ..
    ပညာပေးနိုင်ဖို့ လိုတယ် ဆိုပေမယ့် .. နားထောင်ဖို့ အချိန် မပေးနိုင်တဲ့လူတွေ .. ဖတ်ဖို့ အချိန်မရှိတဲ့သူတွေ .. မဖတ်တတ်တဲ့လူတွေ .. အကန်းတွေ (မြင်ရဲ့သားနဲ့ မတွေ့တဲ့လူတွေ) ကြောင့် .. ဟောရင်းသာ အသက်ထွက်သွားမယ့် ကိန်း ဆိုက်နေပြီလားလို့ ..
    ညနေကပဲ ဆေးခန်းကို လူနာတစ်ယောက် ရောက်လာတယ် .. သူ့ကိုလဲ အတန်တန် မှာတယ် .. သွေးတိုးရှိတယ်နော် .. ဒါတွေ ဒါတွေ မတည့်ဘူး .. မစားနဲ့ ..
    ကဲ စားကြည့်တယ် ဘာဖြစ်လဲ .. ဟော လေဖြတ်သွားတယ် .. အထူးကုဆီ ရောက်သွားပြီး ငွေ ကုန်သွားတယ် .. ဒါပဲလေ ..

    • etone

      July 14, 2011 at 4:46 pm

      အဲ့ဒီ လူတွေ အတော်ဆိုးတယ် … သွေးတိုးတယ်လို့ ပြောလျှင် ကြောက်ရကောင်းမှန်းမသိဘူး … ။ ငါးပိတွေ ၊ ငါးခြောက်တွေ ၊ ငါးပိထောင်းတွေများ … လက်သည်းခွံလောက်လေးပဲစားတယ်လို့ ဆင်ခြေပေးတတ်တယ် …တကယ်လဲဖြစ်ရော… သူတို့ ခံရရော… အဲ့ဒီအခါကျမှ လာကုတဲ့ဆေးခန်းက မပြောလိုက်ဘူးလား ဖြစ်နေသေးတယ် 🙁

  • mzm

    July 12, 2011 at 4:50 pm

    အဖြစ်သည်းနေလိုက်တာ ကို ကြီးမိုက်ရာ ပေါင်ရင်းကနေဖြတ်ပစ်ပါလား

  • ဆူး

    July 12, 2011 at 8:31 pm

    မေးခိုင် နဲ့ ပတ်သတ်လို့.. အသိ အမျိုးသမီး တယောက်ဆိုရင်.. ကလေးမွေးထားတာ ၅လ လောက်ပဲ ရှိသေးတယ် နို့တိုက်မိခင်ပေါ့… သံစူးလို့.. သွေးညှစ်ထုတ်ပြီး နေလိုက်တာ.. ကလေးကတော့ ပုံမှန် နို့တိုက်နေတာ.. နောက်တနေ့ မနက်မှာ.. ကလေးကော လူကြီးပါ ကိုယ်တွေပူပြီး ဖျားလာတယ်.. ဆေးဖိုး ဝိုင်းလှူလိုက်ပြီး ဆေးသွားထိုးခိုင်းရတယ်။ နောက်တော့ အဆင်ပြေသွားပုံရတယ်။ အခုတော့ လမ်းမှာ သွားလာနေတာ မြင်နေတယ်။

  • hmee

    July 14, 2011 at 1:11 pm

    ရပ်ကွက်တွေထဲမှာ အမျိုးသမီးတွေကို မေးခိုင်ကာကွယ်ဆေး လိုက်ထိုးပေးတယ်လေ။ ၄ကြိမ်တောင်ဟာ အဲဒီတုန်းက မထိုးခဲ့လို့လား။ ၁၅ နှစ်ကနေ ၄၅နှစ်ထိလား သိပ်တော့ မမှတ်မိတော့ဘူး။ မမိုးသီတာစိုးရေ အဲဒီတုန်းက ထိုးခဲ့တာက (၄ကြိမ်လုံး ထိုးတယ်ဆိုရင်) ဘယ်လောက်ထိ အကျိုးသက်ရောက် နိုင်မလဲ။

  • moethidasoe

    July 14, 2011 at 1:31 pm

    ဟိုတုန်းက လုပ်ခဲ့တဲ့ စီမံချက်ပါ ငါးကြိမ် ထိုးရတယ် ..
    အဓိက က မွေးကင်းစ ကလေး မေးခိုင်နဲ့ သေတာ လျှော့ချချင်လို့ ..
    ၁၅ နှစ် က ၄၅ နှစ်ကြား အမျိုးသမီးတွေ အားလုံးထိုးဖို့ ပါ .. ကိုယ်ဝန်မဆောင်တဲ့လူတွေအတွက်လဲ မေးခိုင်ကြောင့် မသေနိုင်ဘူးပေါ့ ..
    (၁) ယခု (၂) တလ (၃) ၆ လ (၄) ၁ နှစ် (၅) ၃နှစ် ဆိုပြီး ထိုးရမှာ .. ထိုးပြီးရင် ၁ဝ နှစ် အာမခံတယ် လို့ ဆိုတယ် .. ကိုယ်ဝန်ဆောင်ချိန်မှာတော့ ထပ်ထိုးရမှာပေါ့ ..

  • hmee

    July 14, 2011 at 3:15 pm

    ကျေးဇူးပါပဲ အတိအကျ သိလိုက်ရလို့ပါ။ ကျွန်မက ၄ကြိမ်ပဲ ထိုးလိုက်ရတယ်။ နောက် သားကိုယ်ဝန်ဆောင်တော့ ကိုယ်ဝန်အပ်အပ်ခြင်း ၃လမှာ တစ်ကြိမ်၊ နောက်တလ နေတော့ တကြိမ်၊ ၄ကြိမ်အပြင် ထပ်ပြီး နှစ်ကြိမ် ထိုးခဲ့ရပါတယ်။

Leave a Reply