ဖက်ဒရယ်စနစ် – ဘိုဘိုကျော်ငြိမ်း
ဖက်ဒရယ်စနစ်
ကျနော်တို့မြန်မာပြည်မှာ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းတာကို အကြောင်းပြဖို့ကြိုးစားရင်း စစ်အစိုးရ အဆက်ဆက်ရဲ့ ဦးနှောက် ရိုက်စားမှုကြောင့် ဖက်ဒရယ် စံနစ်ဆိုလိုက်တာနဲ့ အားလုံး လိုလိုက လက်တွန့်
ကုန်တယ်။
ဖက်ဒရယ်စံနစ် ဆိုလိုက်တာနဲ့ တိုင်းပြည်ပြိုကွဲတော့မယ့် သယောင်ယောင် ထင်ယောင်ထင်မှား ဖြစ်လာကြတယ်။ ဒါကြောင့် မြန်မာတွေဟာ ဖက်ဒရယ်စံနစ်နဲ့ ပတ်သက်လာရင် လေ့လာမှုနည်းတယ်လို့ မြင်မိတယ်။ ဖက်ဒရယ်စံနစ် ဆိုလိုက်တာနဲ့ တိုင်းရင်းသားတွေရဲ့ပိုင်နက်၊ ငါတို့နဲ့ မဆိုင်သလို (ရှောင်) နေကြတယ်။
ငြိမ်းချမ်းမှုမရှိဘဲနဲ့ တိုင်းပြည် ပြန်လည်မထူထောင်နိုင်။ တိကျခိုင်မာ မျှတတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေရှိမှ မြန်မာပြည် တွင်း နေထိုင်ကြတဲ့ လူမျိုးစုအားလုံး မိမိတို့နယ်မြေ၊ လုပ်ပိုင်ခွင့်နဲ့ ရပိုင်ခွင့်တွေ ပြတ်ပြတ်သားသား တိတိကျကျ သိရှိကြမှာပါ။
တိုင်းရင်းသားတွေအပေါ် တရားမျှတမှုရှိဖို့ အဖြေရှာတဲ့ နေရာမှာ ဖက်ဒရယ် စံနစ်ဟာ အဖြေတခု ဖြစ်နိုင်စရာ
ရှိပါတယ်။ သို့သော် ဖက်ဒရယ် စနစ်ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို သတိရှိရန်လည်း လိုပါတယ်။ ဒီဆောင်းပါးရဲ့ ရည်ရွယ်ချက်က ဖက်ဒရယ်စနစ်ကို နက်နက်ကြည့်ပြီး ဖက်ဒရယ်စံနစ်မှာ ရင်ဆိုင်ရမယ့် စိမ်ခေါ်မှုများ (challenges)ကို တွေးတောနိုင်ကြဖို့ ဖြစ်ပါတယ်။
အချက်ကျကျ ဆွေးနွေးနိုင်ရန်လည်း ပြင်ဆင်ထားသင့်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ဖြစ်တဲ့အတွက် (ဥပဒေ)
ရေးရာတွေ ပါဝင်လာသလို၊ နိုင်ငံရေးမူ (principles)နဲ့ အတွေး အခေါ်တွေ ပါဝင်လာတာမို့ အချိန်ယူ လေ့လာသင့် တယ်လို့ ယူဆမိလို့ပါ။
အမေရိကန်ဥပမာ
စာရေးသူ၏အမြင်ကိုပြောရလျှင် နိုင်ငံအများမှာ မျှတခိုင်မာတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို ရေးဆွဲခဲ့သူများသည်၎င်း၊ ခိုင်မာသည်ထက် ခိုင်မာအောင် ပြင်ဆင်နိုင်ခဲ့သူများမှာ၊ တိုင်းပြည်ကို ကိုယ်စား ပြုနိုင်တဲ့ လူတော် နိုင်ငံရေးသမား များ ဖြစ်ကြပါတယ်။ နိုင်ငံရေးသမားစစ်လျှင် တိုင်းပြည် ကောင်းကျိုးကို ရှေ့ရှုနိုင်မှုကြောင့်လို့ ခံယူမိပါတယ်။
ဥပမာ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ဟုဆိုလိုက်လျှင် အမေရိကန်နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေသည် (စံ)အဖြစ် အများကသတ် မှတ်ကြရပါတယ်။ အမေရိကန် နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖြစ်မြောက်ရေးတွင် အဓိက ပါဝင်ဦးဆောင်သွားသူတဦးမှာ အမေရိကန် လွပ်လပ်ရေးတိုက်ပွဲတွင် ဗိုလ်ချုပ်ဂျော့ ဝါရှင်တန်၏ စစ်ဘက် လက်ထောက် ကိုယ်ရေး အရာရှိအဖြစ် ဆောင်ရွက်ခဲ့သူ ဗိုလ်မှူးကြီးဟောင်း အက်လက်ဆန်ဒါးဟယ်မတင်
Alexander Hamilton ဆိုသူဖြစ်သည်။
အမေရိကန် နိုင်ငံရေးသမားများကို ဖက်ဒရယ်စံနစ် ဘာကြောင့်လိုကြောင်း သဘောပေါက် လက်ခံလာရန် ဖက်ဒရယ်လစ် စာတမ်း (၈၅) စောင်ကို ဂျိန်းမဒ္ဒာဆင် (James Madison ) နှင့် ဂျွန်ဂျေး (John Jay) တို့နှင့်အတူ ရေးပြပြီး ပြည်နယ်တွေ လက်ခံလာအောင် တိုက်တွန်း နိုင်ခဲ့လို့ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ
ဥပဒေကို အတည်ပြု နိုင်ခဲ့ကြတာဖြစ်သည်။
စာတမ်း (၈၅) စောင်တွင် အများစုကို ရေးသွား သူမှာ အက်လက် ဆန်ဒါး ဟယ်မတင် ဖြစ်ပါတယ်။ နိုင်ငံခြားရေးနဲ့ ပတ်သက်လာလျှင် ဂျွန်ဂျေးရဲ့ စာတမ်း နံပတ် (၃) ကို ခုထိ မှီငြမ်း ကြရသလို၊ ဒီမိုကရေစီနှင့် ပတ်သက်လာလျှင် ဂျိန်းမဒ္ဒာဆင်၏ စာတမ်း နံပတ် (၅၁) သည် အလွန် တန်ဖိုးရှိပါတယ်။ လူ့အခွင့်အရေးများကို ကာကွယ်ဖို့နဲ့ ဗဟို
အစိုးရ (ဝါ) ဖက်ဒရယ် အစိုးရရဲ့ အာဏာကို ကန့်သတ်ဖို့ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို ပြင်ဆင် သတ်မှတ်ထားတဲ့ ပထမပြင်ဆင်ချက် ဆယ်ခု စုပေါင်း ပြီး Bills of Rights လို့ခေါ်ကြပါတယ်။
ဒီပြင်ဆင်ချက်တွေကို ပထမ ကွန်ကရက်သို့ ရေးဆွဲတင်သွင်း သူမှာ ဂျိန်းမဒ္ဒာဆင် ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ကို တချို့က အမေရိကန်ဖွဲ့စည်း အုပ်ချုပ်ပုံဥပဒေ၏ ဖခင်ဟု သတ်မှတ်ကြပါတယ်။ ဒါ့အပြင် ဂျိန်းမဒ္ဒာဆင်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ စတုတ္ထမြောက် သမ္မတ ဖြစ်လာပါတယ်။
ဂျွန်ဂျေးဟာ အမေရိကန်လွပ်လပ်ရေးဖခင် တော်လှန်ရေးသမား တဦးအပြင် အမေရိကန် ပြည်ထောင်စုရဲ့ ပထမဦးဆုံးသော တရားသူကြီးချုပ် ဖြစ်လာပါတယ်။ အက်လက်ဆန်ဒါး ဟယ်မတင် ဟာ အမေရိကားမှာ
မွေးဖွားသူ မဟုတ်တဲ့ အတွက် သမ္မတ ဖြစ်ခွင့် မရှိပါ။
သို့သော် သူသည် ပထမဦးဆုံး ဘဏ္ဍာရေးဝန်ကြီး ဖြစ်ရုံမက နိုင်ငံတော်ဘဏ်ကို စတင် တည်ထောင်ခဲ့သူလည်း
ဖြစ်ပါတယ်။ သမ္မတ ဂျော့ဝါရှင်တန်၏ အစိုးရအဖွဲ့မှာ အာဏာအရှိဆုံးနဲ့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်ပါတယ်။
ဒါ့အပြင် သူတို့ခေတ်က အာဏာအကြီးဆုံးပါတီ ဖက်ဒရယ်လစ် ပါတီ (Federalist Party) ရဲ့ ခေါင်းဆောင်လည်း
ဖြစ်ပါတယ်။ ထိုစဉ် အခါက ဒီပါတီရဲ့အဓိက ပြိုင်ဖက် ပါတီမှာ ဒီမိုကရက်တစ်-ရီပတ်ဖလင်ကင်ပါတီဖြစ်ပြီး ဂျိန်း မဒ္ဒာဆင် နဲ့ သောမတ်ဂျက်ဖါဆင် တို့က ဦးဆောင်ကြပါတယ်။
သောမတ်ဂျက်ဖါဆင်သည် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေပြု အစည်းအဝေးပြုလုပ်စဉ်က ပြင်သစ်တွင် သံအမတ်အဖြစ်
တာဝန် ထမ်းဆောင်လျက် ရှိပေမယ့် သူ့မိတ်ဆွေ ဂျိန်းမဒ္ဒာဆင်က ဖြစ်စဉ် အလုံးစုံကို စာရေး အကြောင်းကြားလျက် ရှိပါတယ်။
ယနေ့ခေတ်မှာ အလွန်အရေးပါတဲ့ အုပ်ချုပ်ရေးနဲ့ ဘာသာရေးခွဲခြားရမည် (Separation of Church and State) ဟူသော (အသိ) ၊ (အဆို) ဟာ ပင်မဥပဒေမှာ မပါ ၊ သောမတ်ဂျက်ဖါဆင်၏ ဆွေးနွေးချက် များကို ကိုးကားကာ (စံ) အဖြစ် မှတ်ယူထားကြခြင်းပါတယ်။ ယနေ့ ခေတ်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေနဲ့ ပတ်သက်ပြီး အငြင်းအခုန်ဖြစ်ကြတိုင်း ဖက်ဒရယ်လစ် စာတမ်း (၈၅) ခု ကို ရည်ညွန်း ကြရပါတယ်။
ဥပမာ သမ္မတဘုရ် ၏ အီရတ်စစ်ပွဲ ကြီးကြပ်မှု အပေါ် အငြင်းအခုန်ဖြစ်ကြစဉ်က သမ္မတ ရာထူးနဲ့ အတူ တွဲဖက် ပါဝင်လာတဲ့ အာဏာ (Embedded Power of the Presidency) ဆိုတာကိုကိုင်ဆွဲပြီး ငြင်းဆိုခုခံခဲ့ကြပါတယ်။ ဖက်ဒရယ်လစ် စာတမ်းကို တိုင်တွယ်ပြီး ငြင်းဆို ကြပါတယ်။ ဒါ့ကြောင့် အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေနဲ့ ပတ်သက်လာရင် ဖက်ဒရယ်လစ် စာတမ်းဟာ တိုင်တည်ကိုးကားစရာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာ ဖက်ဒရယ်လစ် လူ့ဘောင်အဖွဲ့အစည်း (Federalist Society for Law and Public Policy Studies)ဟာ ၁၉၈၂ ခု နှစ်က ရေးလ် ၊ဟားဗတ် နှင့် ရှီကာကို တက္ကသိုလ်တွေက ဥပဒေ ကျောင်းသားများက စတင်ဖွဲ့စည်းခဲ့ကြရာက ယနေ့ဆိုလျှင် တရားသူကြီးချုပ် အဖွဲ့အဝင်တွေအပြင် နာမည်ကျော် တရားသူကြီးများနဲ့ ဥပဒေပညာရှင်များပါဝင်တဲ့ အဖွဲ့အစည်းကြီးဖြစ်နေပါပြီ။
လွပ်လပ်ရေး ခေါင်းဆောင်တွေရဲ့အတွေး၊ မူ (Principles) ၊ (အနှစ်)(Essence) တို့မှာအနှစ် ၂ဝဝ ကျော် သည့်တိုင် တန်ဖိုးရှိနေသေးကြောင်း သာဓကပင်ဖြစ်ပါတယ်။ အမေရိကန် ဖွဲ့စည်း အုပ်ချုပ်ပုံဥပဒေကို ဦးဆောင် ရေးဆွဲသွား သူများမှာ လွပ်လပ်ရေးဖခင် နိုင်ငံရေးသမားများသာမက ဥပဒေပညာရှင်များ လည်းဖြစ်ကြပါတယ်။
စာဖတ်သူလူငယ်များကို သတိပြု စေလိုသည်မှာ၊ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေမှာ ပုံသဏ္ဍန် (Form & Format) ဆိုတာနှင့် အနှစ်သာရ (Essence) တို့ကို ခွဲမြင်စေချင်ပါတယ်။ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေတွင် အာဏာကို တနေရာတည်းမှာ စုပုံမထားဘဲ အုပ်ချုပ်ရေး၊ ဥပဒေပြုစုရေး၊ တရားရေးဟူ၍ (ခွဲခြား) ထားပြီး တဘက်နှင့် တဘက် ထိန်းထားခြင်းကို အာဏာခွဲဝေမှု (Separation of Power) ဟု အမည်တပ်ကြပါတယ်။
နံမည်ကြီးသလောက် တန်ဖိုးရှိသော တခြား (မူ) တခုမှာ (လွပ်လပ်စွာ ပြောဆိုခွင့်) Freedom of Speech ဖြစ်ပါ
တယ်။ ဒီ (မူ) (Principles) ဆိုတာတွေဟာလည်း အမေရိကန် ဖွဲ့စည်း အုပ်ချုပ်ပုံဥပဒေရဲ့ (အနှစ်သာရများ) ဖြစ်၍ တန်ဖိုးအရှိဆုံးဖြစ်ခြင်းကြောင့် အလေးပေး သတိပြုလေ့လာစေချင်ပါတယ်။
အမေရိကန်တို့ဆီမှ (မူ) နဲ့ (အနှစ်) တို့ကို ရယူနိုင်အောင် ကြိုးစားစေချင်တယ်။ ဖြစ်နိုင်လျှင် ဖက်ဒရယ်လစ် စာတန်းကို ဖတ်စေချင်ပါတယ်။ အင်တာနက်ပေါ်မှာ (အွန်လိုင်း) ဖတ်နိုင်ပါတယ်။
တရုတ်ဥပမာ
တရုတ်နိုင်ငံဟာ ကွန်မြူနစ်အမည်ခံ တပါတီ အာဏာရင်စံနစ် ဖြစ်တဲ့အတွက် ဘာဥပမာ ယူစရာ ရှိသလဲလို့ အပေါ်ယံကြော မေးခွန်းထုတ်စရာ ရှိနိုင်ပါတယ်။ သို့သော် အတွင်းကျကျ လေ့လာလျှင် တိန်ရှောက်ဖိန် ပြင်ဆင်ခဲ့
တဲ့ တရုတ်ပြည်ရဲ့ ပါတီ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေမှာ အတုယူစရာတွေ နေရှိပါတယ်။ တရုတ်ပြည် နိုင်ငံရေးမှာ ပါတီသည်သာ ပဓာဏ မဟုတ်ပေဘူးလား။
စာရေးသူရဲ့အမြင်ကို ပြောရပါလျှင် တိန်ရှောက်ဖိန်နဲ့ ချောင်အင်လိုင်းတို့ဟာ (၂ဝ) ရာစုနှစ်အတွင်း ထွန်းပေါက်လာ
တဲ့ အတော်ဆုံး ဉာဏ်အထက်မြက်ဆုံး နိုင်ငံရေးသမားများလို့ သတ်မှတ်နိုင်ပါတယ်။
တိန်ရှောက်ဖိန်ကို တရုတ်ပြည်ကြီးရဲ့ စီးပွားရေး တိုးတက်အောင် ပြောင်းလဲပေးခဲ့တဲ့ နိုင်ငံရေး ခေါင်းဆောင်အဖြစ်
သာ ထင်လွယ်မြင်လွယ် မြင်မိကြပါလိမ့်မယ်။ ဒါပေမယ့် နိုင်ငံရေးမတည်ငြိမ်ဘဲ ဘယ်နိုင်ငံမှ စီးပွားရေး ရေရှည် တိုးတက်ကြီးပွားအောင် မကြံဆောင်နိုင်ပါဘူး။
ဒါ့ကြောင့် နို်င်ငံရေး တည်ငြိမ်အောင် ဖေါ်ဆောင်ပေးသွားတဲ့ တိန်ရှောက်ဖိန်ရဲ့ ဦးဆောင်မှုဟာ စီးပွားရေးနည်းတူ တရုတ်တွေအတွက် လွန်စွာတန်ဖိုးကြီးပါတယ်။ ဒါ့ကြောင့် တရုတ်ပြည်စနစ်ကိုလည်း လေ့လာရုံမက အတုယူစရာ
တွေကို မြန်မာပြည်အတွက် ထည့်သွင်း စဉ်းစားသင့်ပါတယ်။
မော်စီတုံးက အာဏာအကြောင်း ကောင်းကောင်း နားလည်တဲ့ အာဏာရှင်စစ်စစ် ဖြစ်ပါတယ်။ အာဏာရှင်တိုင်း
ဖြတ်သန်းရတဲ့ အဆင့်(၂) ဆင့်ရှိပါတယ်။ အာဏာတည်ဆောက်ခြင်းနဲ့ အာဏာ ထိန်းသိမ်းခြင်း တို့ဖြစ်ကြပါတယ်။ အာဏာတည်ဆောက်တဲ့ ကာလမှာ၊ အတွင်းအပြင် ရန်သူနဲ့ ရန်သူလို့ ထင်ရသူတွေကို ဖယ်ရှား သုတ်သင်ရတဲ့ အတွက် တိုင်းပြည်တည်ဆောက်ရေးကို အများအားဖြင့် ဂရုမပြုနိုင်ကြပါဘူး။
အာဏာ တည်ဆောက်ပြီးသကာလ အာဏာ ထိန်းသိမ်းရေးကို ဦးစားပေးရပြန်ပါတယ်။ ဒါ့ကြောင့် အာဏာတည် မြဲသော အာဏာရှင်များသည် တိုင်းပြည် အုပ်ချုပ်ရေးထက် မိမိအာဏာ ထိန်းသိမ်းရေးကို အရေးပေးကြရပါတယ်။
မော် ကိုကြည့်လျှင် မော်သည် ဥက္ကဋ္ဌ ရာထူးကိုသာ ကိုင်ထားပါတယ်။ အုပ်ချုပ်ရေး (အစိုးရ)ကို ချောင်အင်လိုင်းနှင့်
သာ လွှဲထားပါတယ်။
ဒါပေမယ့် ပေါ်လစ်ဗြူရိုကအစ ဘယ်သူ ဘယ်နေရာခန့်ဆိုတဲ့ အာဏာကို မော်ကကိုင်ထားပြီး ထိပ်က ဘယ်သူ ဘာလုပ်နေတယ် ဆိုတာကို အချိန်ပြည့် ထိုင်ကြည့်နေရပါတယ်။
ဒီလောက် သတိရှိတာတောင် ခုန်ပြန် ကျော်လွှား အစီအစဉ် ခွက်ခွက်လန်အောင် ကျဆုံးပြီးနောက် မော် အပြစ်တင်
ခံရပါတယ်။ ပါတီနဲ့တိုင်းပြည်ကို လူရှောက်ချီနှင့် တိန်ရှောက်ဖိန်တို့က ပြန်လည် ကယ်တင်ခဲ့ကြရပါတယ်။
နှစ်ဦးစလုံးမှာ လူတော်များဖြစ်ပါတယ်။ လူရှောက်ချီက အုပ်ချုပ်ရေးမှာသာ တော်သည်မဟုတ် သဘောတရားရေးရာ တွင်လည်း အလွန်တော်ပါတယ်။ သမ္မတဖြစ်လာ ပြီးနောက် မော်ရဲ့ အရိုက်အရာကို ခံမည့်သူအဖြစ် အများရဲ့ သတ်မှတ်ခြင်းကို ခံခဲ့ရပါတယ်။
သို့သော် လူ နှင့်တိန်တို့ (၂) ဦးသည် အာဏာရှင်အောက်တွင် ရှင်သန်နိုင်ရန် အရေးအကြီးဆုံးသော (လိုက်နာမှု) (Cardinal Rule) ကို သတိလက်လွတ်ခဲ့ကြတယ်။ အဲဒါကတော့ ဘယ်သောအခါမှ အာဏာရှင်ကို မကျော်ရ။ လူ
နှင့် တိန်တို့က မော်ကို အသိမပေးဘဲ အမိန့်တွေ ထုတ်လာကြပါတယ်။
မော် က ငါသေသွားသည့် အလား ဒီ(၂) ယောက် လုပ်နေကြတယ်လို့ သတိပေးသည့်တိုင် သတိ မရှိခဲ့ကြပါဘူး။ ပါတီဗြူရိုကရက်များမှာ လူ နှင့် တိန် တို့ရဲ့ လူတွေ။ နောက်ဆုံး မော် က အတွေ့အကြုံနုနယ်တဲ့ လူငယ် ကျောင်းသား များကို အားယူပြီး ယဉ်ကျေးမှုတော်လှန်ရေးလို့ အမည်တပ်ကာ အာဏာပြန်သိမ်းခဲ့ရပါတယ်။ အမှန်က ကိုယ့်တပ်ကို ကိုယ်ပြန်နင်းခိုင်းခြင်းပင် ဖြစ်တယ်။ အန္တရယ် အလွန်ကြီးပါတယ်။ တိုင်းပြည် အလွန်နစ်နာခဲ့ပါတယ်။ လူသန်းနှင့် ချီ၍ သေကြေ ကြရတယ်။
သို့သော် မော်စီတုံးသည် ပြိုင်ဘက် လူရှောက်ချီကိုသာ အသေနှိပ်ကွပ်ခဲ့သည်၊ တိန် ကိုအသေမသတ်။ အစိုးရကို ဦးစီးရန် တိန် ကို အသာလေးချောင်ထိုးထား ၊ (ချန်) ထားခဲ့ပါတယ်။ ချောင်အင်လိုင်းရဲ့ ထောက်ခံ အားပေးမှုနဲ့
ပြန်ခေါင်းထောင်လာသော တိန်ရှောက်ပိန်ဟာ မော် သေသွားပြီး စစ်တပ်ရဲ့ ထောက်ခံ အားပေးမှုနဲ့ အာဏာပြန်ရ လာပါတယ်။
ဒီအခါမှာ အာဏာရှင် တဦးတည်းကို အာဏာ ပုံအပ်ထားတဲ့ အန္တရယ်ကို လက်တွေ့ ခံစားခဲ့ရတဲ့ အတွက် အာဏာကို တဦးတယောက် လက်ထဲ ထားမည့်အစား (စုပေါင်း ခေါင်းဆောင်မှု) ပုံသဏ္ဍန်ကို ပုံသွင်းခဲ့ပါတယ်။
ဒါ့အပြင် အရေးအကြီးဆုံးအချက်က တအုပ်စုမှ တအုပ်စုသို့ အာဏာလွှဲ ပြောင်းခြင်းကို ပါတီ ဖွဲ့စည်းပုံ ဥပဒေမှာ ထည့်ပြီး (စံနစ်) အဖြစ် ပုံလောင်းခဲ့ခြင်းပါ။ ဒါကို အင်္ဂလိပ် လို Institutionalized လုပ်တယ်လို့ ခေါ်ကြပါတယ်။
ဒါ့ကြောင့် သုံးဆက်မြောက် (3rd generation)၊ လေးဆက်မြောက် (4th generation) ခေါင်းဆောင်များ ဆိုပြီး
ပေါ်ထွက်ခဲ့ပါတယ်။ လာမယ့်နှစ် ၊ ၂ဝ၁၂ တွင် ငါးဆက်မြောက် (5th generation) ခေါင်းဆောင်များ နေရာ ယူကြတော့မယ်။
စံနစ်မှာ ထိပ်ဆုံးပုဂ္ဂိုလ်က သမ္မတ၊ ပါတီဥက္ကဋ္ဌ၊ စစ်ကော်မရှင် ဥက္ကဋ္ဌ ရာထူး သုံးခု စလုံးကို ရယူပြီး ဝန်ကြီးချုပ်နှင့် တွဲကာ တာဝန်ယူရပါတယ်။ အာဏာလွှဲပြောင်း ပေးတဲ့အခါလည်း ထိပ်ဆုံး (၂)ဦးသာ မဟုတ် ထိပ်ပိုင်း ခေါင်းဆောင်
နေရာ ယူထားသူများ အုပ်စုလိုက် နေရာဖယ် ပေးကြရပါတယ်။
ဤသို့ စံနစ်တကျ စုပေါင်းခေါင်းဆောင်မှု နေရာဖယ်ပေးခြင်းရဲ့ အဓိက အကျိုးမှာ စီးပွာရေးနဲ့ ပါတီရဲ့ အောင်မြင်မှု များကို အနှောက်အယှက် မရှိဘဲ (ဆက်လက်) ဆောင်ရွက်နိုင်ခြင်း (continuity) ပင်ဖြစ် ပါတယ်။ တဦးတည်း အာဏာရှင်ဖြစ်ရန် အာဏာတိုက်ပွဲများမလို၊ အာဏာတည်ဆောက်မှုအတွက် အချိန်ဖြုန်းစရာမလို၊ အများ သဘောတူထားသော ပေါ်လစီများလည်း ဦးဆောင်သူအပေါ်မူတည်ပြီး မှောက်ချီလှန်ချီ ပြောင်းစရာမလို တပြေးညီ တိုးတက်ခွင့် ရရှိ နိုင်ပါတယ်။
တိန်ရှောက်ဖိန်၏ သစ္စာရှိမှုဟာ တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်ပြည်သူတွေ အပေါ်ဖြစ်ပါတယ်။ မာက်စ်ဝါဒ အပေါ် မဟုတ်။ ဒါ့ကြောင့် လက်တွေ့ အကောင်အထည် မဖေါ်နိုင်တဲ့ ဆိုရှယ်လစ် စီးပွားရေး စနစ်ကို စွန့်လွှတ်တာ မကောင်းလှသော်လည်း လက်တွေ့ကျတဲ့ အရင်းရှင် ဈေးကွက် စီးပွာရေးစနစ်ကို ကူးပြောင်းကာ တရုတ်ပြည်သူ
သန်း ၃ဝဝ ကျော်ကျော်ကို ဆင်းရဲတွင်းမှ ဆွဲတင်နိုင်ခဲ့ပါတယ်။
ပြည်သူ အားလုံး မဟုတ်သည့်တိုင်အောင် အများက ကွန်မြူနစ်အောက်မှာလို ဆင်းဆင်းရဲရဲ မနေရလျှင် ပြည်သူတွေ လည်း မဆူပူတော့။ တိန်တို့ တည်ထောင်ခဲ့သော ကွန်မြူနစ် ပါတီလည်း တည်မြဲ နေပေမည်။ ထို့အပြင် လာမည့် ၁၅ နှစ်၊ အနှစ် ၂ဝ ကာလ တွင် တရုတ်ပြည်ကြီးသည် ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံ ဖြစ်လာလျှင် တရုတ်တွေ ဂုဏ်ယူ
ကာ ပိုတိုးတက် ညီညွတ် လာစရာရှိပါတယ်။
တိန်ရှောက်ဖိန်ထားခဲ့တဲ့ စံနစ်မှာ အပြင်လူတွေ အသိနည်းတဲ့ စနစ်တခုက သက်တန်း(၂) ကြိမ်ပြီး၍ ရာထူး ဖယ်ပေး ရသော လူကြီးများဟာ အနားယူစရာမလိုပါ။ ပါတီ၏ထိပ် ဆုံးမှာ (ပါတီ)ကို စောင့်ရှောက်နေသော ပဲ့ကိုင် ဗြဟ္မာကြီး
များ (Elders)အဖြစ် ဆက်လက် ရပ်တည်နေပါသေးတယ်။
ဥပမာ တိန်ရှောက်ဖိန်လက်ထက်က ချောင်အင်လိုင်းရဲ့ မိန်းမ အပါအဝင်၊ သမ္မတဟောင်း လီ့ရှင်နင်း (Li Xiannian) တို့ပါဝင်သော (လူကြီး) (၆) ယောက် က ပါတီကို ပဲ့ကိုင် ပေးးသွားကြပါတယ်။ ရန်စီမင်းကို တိန်ရှောက်ဖိန်က အဆိုပြုတဲ့အခါ ဤလူကြီး (၆) ယောက်ကပဲ သဘောတူ ရွေးချယ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ တဖန် တိန်ရှောက်ဖိန်ဆီမှ ကျန်ဇီမင်းကို တင်ခဲ့သူမှာ လီ့ရှင်နင်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ပါတီ အစည်းဝေးပွဲမှာ (၅)ဆက်မြောက် ခေါင်းဆောင်တွေကို အပြီးသတ် ရွေးချယ်ရာ လက်ရှိခေါင်းဆောင် ဟူကျင်တောင်ရဲ့ လူ အရွေးချယ်မခံရ။ ဟူကျင်တောင်ရဲ့ (အား) ဖြစ်တဲ့ ကွန်မြူနစ် လူငယ်အုပ်စုနဲ့ အပြိုင်ဖြစ်တဲ့ Princelings ဟုခေါ်သော (လူကြီးများ၏ သား သမီး)များ အုပ်စုက စီကျင်းပင် Xi Jinping အရွေးခံရပါတယ်။
စီကျင်းပင်၏ဖခင်မှာ မော်တို့ခေတ် တော်လှန်ရေးသမားကြီး ဖြစ်ပြီး ဒုဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်သူပါ။ ဒီလို ဟူကျင်တောင်ရဲ့ လူ အရွေးမခံရခြင်းမှာ ဟူ နဲ့ မတည့်တဲ့ ကျန်ဇီမင်း၊ (လူကြီး) အဖွဲ့တွင်ရှိနေလို့ဟု အကဲခတ်သူများ
က ယူဆကြပါတယ်။ ကျန်ဇီမင်း တယောက်တည်း မဟုတ် သူနဲ့ ခေတ်ပြိုင် အုပ်ချုပ်သူများလည်း လူကြီး အဖွဲ့တွင် ရှိနေရာ သူတို့မှာ ငြင်းပိုင်ခွင့် ရှိပါတယ်။
နောက် (၁ဝ) နှစ် တွင် (၆) ဆက်မြောက် ပါတီ ခေါင်းဆောင်ကို ရွေးချိန်ရောက်လျှင် ကျန်ဇီမင်းတို့လူစု ရှိကြတော့
မည်မဟုတ်။ ဟူ တို့အုပ်စုက ရွေးခွင့်ရကြမည်။ ဒါ့ကြောင့် လက်ရှိပါတီ ခေါင်းဆောင်က မျိုးဆက် တဆင့်ကျော်ကို
ရွေးခွင့်ရကြမည့် စံနစ်ဖြစ်ပေါ်လာရပါတယ်။ (မှတ်ချက်။ ကျန်ဇီမင်း သာမက ဟူဂျင်တောင်ကိုလည်း တိန်ရှောက်ဖိန် ကပင် ရွေးခဲ့ခြင်း ဖြစ်သည်။)
ဒီနေရာမှာ မီးမောင်းထိုးပြချင်တာ တခုရှိပါတယ်။ အာဏာရှင်များ သာမက ခေါင်းဆောင်တိုင်းဟာ မိမိအုပ်ချုပ်မှု
ကာလ ပြီးဆုံးသွားတဲ့အခါ ကျန်ခဲ့မည့် (သမိုင်းနှင့် အမွေ) (Legacy) အတွက် စိတ်ပူကြရသည်။ တိန်ရှောက်ဖိန် တည်ထွင်ခဲ့တဲ့ စနစ် မှာ (လူတဦး) ရဲ့ အမွေထက် (ပါတီ) ရဲ့ အမွေ ကို (ရောင်ပြန်ဟပ်) စေခြင်း ဖြစ်တယ်။ (တိန်) ချခဲ့သော (ပေါ်လစီ)များ ဆက်လက် ရှင်သန်စေဖို့ အစီအမံများဖြစ်ပါတယ်။ ဒါ့ကြောင့်ကြည့်တတ်၊ မြင်တတ် သူများအဖို့ တိန်ရှောက်ဖိန်သည် လွန်စွာ ဉဏ်ပညာကြီးမား အလွန်အမြှော်အမြင်ကြီးသော ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။
ဒီလို နိုင်ငံရေးဘက်မှာ ပြောင်မြောက်ရုံမက စီးပွားရေးဘက်တွင်လည်း ကိုင်တွယ်သွား ပုံများမှာ လွန်စွာ ပညာပါ လှသည်။ ဒါ့ကြောင့် ကွန်မြူနစ်စံနစ်ကို ခါးခါးသီးသီး ဆန့်ကျင်သော စာရေးသူက တရုတ်ပြည်အကြောင်း လေ့လာ
ရင်း တိန်ရှောက်ဖိန်ရဲ့ နိုင်ငံရေး အသိစွမ်းအား မြင့်မားပုံများကို သိမြင်လာတဲ့အခါ တိန်ရှောက်ဖိန်လို လူမျိုးကို မလေးစားဘဲ မနေနိုင်ပါ။
တရုတ်နိုင်ငံဟာ တပါတီအာဏာရှင် စံနစ်ဖြစ်တာကြောင့် အဓိက အာဏာ မဏ္ဍိုင်တွေထဲမှာ ပါတီ၊ အစိုးရ၊ စစ်တပ် ဆိုပြီး ခွဲခြားထားပေမယ့် ပါတီဟာ အဓိကပဲ။ ဒါ ကြောင့် ပါတီရဲ့ ရပ်တည်မှု ပုံသဏ္ဍာန် ဟာ အရေးကြီးလှပါတယ်။ ဖွဲ့သည်းအုပ်ချုပ်ပုံ ဥပဒေ ဆိုတာကလည်း အာဏာမဏ္ဍိုင်တွေကို ဖေါ် ဆောင်တာဟာ အခရာ ပဲ မဟုတ်လား။
တရုတ်ပြည် မှာ ဥပဒေ ပြု ကွန်ကရက် ဆိုတာရှိပေမယ့် ပါတီကချပေးတဲ့ ဥပဒေတွေကို အတည်ပြု ဖေါ်ထုတ်ပေးရ
တဲ့ ယန္တရား သက်သက်ပါပဲ။ တရုတ်ဖွဲ့စည်းပုံမှာ စစ်တပ်ဟာ အစိုးရ အောက်မှာမရှိဘူး။ တော်လှန်ရေး ကာလ ကတည်းက စစ်တပ်ကို ပါတီက စစ်ကော်မရှင်က ဆင့်ထိန်းချုပ်ထားတယ်။
လူသိနည်းတဲ့ မော် ရဲ့ မိန့်ဆိုချက် တခုရှိသေးတယ်။ အဲဒါက ၁၉၂၉ ခုနှစ်မှာ မော် ရွတ်ဆိုခဲ့တဲ့ (ပါတီက သေနတ်
ကို ဦးစီးအုပ်ချုပ်ရမယ်တဲ့)။ ဒါကြောင့် စစ်တပ်ကို စစ်ကော်မရှင်က အုပ်ချုပ်ပြီး ၊ ပါတီက တခါ အပေါ်က တက်ထိုင် ထားတာပဲ။ တကယ်တော့ တရုတ် အုပ်ချုပ်ရေး စံနစ်မှာ အားလုံးကို ပါတီက ခွစီးထားတာပါပဲ။
နောက် အရေးကြီးတဲ့ အချက်က တရုတ်စနစ်မှာ ဒီမိုကရေစီ ဆိုတာက ပြည်သူအတွက် မဟုတ်။ ခေါင်းဆောင်တွေ ကို ပြည်သူက ရွေးခွင့်ရှိသည် မဟုတ် ၊ ပါတီကေဒါတွေကပဲ ရွေးခွင့် ရှိတာပါ။ အစိုးရ၊ ပြည်နယ်အစိုးရ၊ စစ်တပ်။ အားလုံးဟာ ပါတီ ကလူတွေ။ ပါတီအောက် မှာပဲ။ နောက်ဆုံးတော့ မြန်မာနိုင်ငံမှာ စစ်သား စစ်ဗိုလ် တွေဟာ (အုပ်ချုပ်သူ လူတန်းစား) လာဖြစ်သလို တရုတ်ပြည်မှာလည်း ပါတီကေဒါတွေဟာ (အုပ်ချုပ်သူ လူတန်းစား) လာဖြစ်တာပဲ။
တရုတ်ပြည်ရဲ့ ထူးခြားတဲ့အချက်က တိန်တို့လို ဉာဏ်ရှိတဲ့ ခေါင်းဆောင်တွေက နိုင်ငံရေး တိုက်ပွဲမှာ အနိုင်ရလာတဲ့ အတွက် ပါတီခေါင်းဆောင်တွေဟာ တိုင်းပြည်အတွက် ရေရှည်ကို ကြည့်တတ်ပြီး အာဏာရဲ့ ဖျက်စီးမှုကြားက တိုင်းပြည်ချစ်တဲ့စိတ်၊ တိုင်းပြည်အတွက် ဆိုတာကို အတိုင်းအတာ တခုအထိ ထိန်းသိမ်းထားနိုင်တယ်။
ဒီမိုကရေစီ ကျင့်သုံးတဲ့ အမေရိကန် ပုံစံနဲ့ ဒီမိုကရေစီ မကျင့်သုံးတဲ့ တရုတ် ပုံစံယှဉ်ရင် ဒီမိုကရေစီကပဲ (မျှတ) မှု ကိုပေးနိုင်တယ်ဆိုတာရှင်းပါတယ်။ ဒီ့ပြင် အမေရိကန် စံနစ်က အာဏာတဘက်စွန်း မရောက်အောင်ထိန်းထားတဲ့ (အနှစ်) တွေဟာ တန်ဖိုးကြီးမားလှပါတယ်။ ဒါကြောင့် အနှစ် (၂ဝဝ) ကျော်လာသည့်တိုင် တန်ဖိုး မပြယ်နိုင်ပါ။
တရုတ်ပြည်ကြီးမှာတောင် ဗဟိုက ပေါ်လစီကို ချုပ်ကိုင်ထားပေမယ့် အကောင်အထည်ဖေါ်တော့ ပြည်နယ်တွေကို လွတ်လပ်ခွင့် (Autonomy) ပေးးထားတာပဲ။ ဥပမာ မြန်မာနိုင်ငံအရေးဆိုရင် ယူနန် ပြည်နယ် အစိုးရ ကအဓိက တာဝန်ယူ ဖေါ်ဆောင်ရတာပါ။
လက်ရှိ တရုတ်ပါတီတွင်း မှာတောင် တပါတီစံနစ်ဟာ ပြည်သူကို ကိုယ်စားပြုရဲ့လား ဆိုပြီးမေးလာ ကြပြီ။ လက်ရှိစံနစ်နဲ့ လာဘ်စားမှုကို တိုက်ဖျက်နိုင်ပါ့မလားဆိုပြီး သံသယရှိလာကြပြီ။ ၂ဝ၁ဝ နှစ် ဩဂုတ်လ ၅ရက် မှာ သမ္မတဟောင်း လီ့ရှင်နင်းရဲ့ သားမက် ၊ တရုတ်ကာကွယ်ရေးတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီး ဗိုလ်ချုပ်ကြီး
လူရာဇောင် (Liu Yazhou) က ရေရှည် (၁ဝနှစ်အတွင်း) မှာ တရုတ် ကွန်မြူနစ်ပါတီဟာ လက်ရှိ အာဏာရှင်စံနစ်
မှ ပို၍ ဒီမိုကရက်တစ်ကျသော စံနစ်သို့ ကူးပြောင်း ကြရမည်၊ တခြားထွက်ပေါက် မရှိဟု တရုတ် သတင်းသမား
တွေကို ပြောကြားခဲ့ပါတယ်။
နှစ်ရက် အကြာမှာ ပါမောက္ခ ဟူစင်ထောင် (Hu Xingdou) က တရုတ်ပြည်မှာ လူမူရေး တရားမျှတမှု ပျောက်ဆုံး
နေမှုဟာ တရုတ်ပြည်ကြီးကို အန္တရယ်လမ်းပေါ်သို့ တွန်းပို့နေသည်။ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများပြု၍ တရုတ်
ပြည်သူတွေရဲ့ လွပ်လပ်ခွင့်နဲ့ ရပိုင်ခွင့်များကို ပြည်သူများကို ပြန်ပေးသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။ သူကပင် တရားမျှတတဲ့ လူမှုရေးကို အခြေခံသော အုပ်ချုပ်ရေးစံနစ် Constitutional Socialism ကိုထူထောင်ရမည်ဟု
ဝေါဟာရ အသစ်ကို ဖေါ်ဆောင်လာပါတယ်။
ဒါ့အပြင် အမေရိကန်နိုင်ငံ ဤမျှရှည်ကြာစွာ အောင်မြင်ခြင်းက တရားဥကဒေစိုးမိုးရေး Rule of Law ကြောင့်
ဖြစ်ပါတယ်။ ငွေကြောင့်မဟုတ်။ တရုတ်တွေ ငွေကို ကိုးကွယ်နေခြင်းမှာမှားသည်။ တရုတ် ကွန်မြူနစ်ပါတီလည်း
ပြုပြင်ပြောင်းလဲရမယ်။ လက်ရှိအနေအထားအတိုင်း မသွားနိုင်ဟု ဆိုလာပြန်တယ်။
မြန်မာနိုင်ငံမှာတော့ စစ်တပ်ဟာ အုပ်ချုပ်သူ လူတန်းစားလာဖြစ်တော့ အာဏာရဲ့ ဖျက်စီးမှုကို မခံနိုင်ဘဲ တိုင်းပြည် ချစ်တဲ့စိတ်၊ အမျိုးချစ်စိတ် ဆိုတာတွေဟာ ပျောက်ဆုံး ကုန်တယ်။ လတ်တလော အကျိုးအမြတ်တွေကို ဦးစားပေးကာ ရေရှည် တိုင်းပြည်အကျိုးကို မျက်ခြေပြတ်ခဲ့ကြတယ်။
အနှစ်ပါတဲ့ ဒီမိုကရေစီ မြန်မာနိုင်ငံမှာ ပျောက်ဆုံးခဲ့တာ ၁၉၆၂ ခုနှစ် ကတည်းကပါ။ တရုတ်တွေတောင် တိုင်းပြည် တိုးတက်ခေတ်မှီလာတော့ ပြည်သူတွေရဲ့ လွပ်လပ်ခွင့်နဲ့ ရေရှည်အတွက် တရားဥပဒေ စိုးမိုးရေးကို စဉ်းစားလာတတ်ပြီ။
မြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီ အနှစ်ပါတဲ့အပြင် တို်င်းရင်းသား တွေ အပေါ် တရားမျှတတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ရှိမှ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရနိုင်မှာပါ။ မြန်မာပြည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြန်ပြင်ရေးရင် ထည့်သွင်း စဉ်းစားနိုင်အောင်ပါ။
ဖက်ဒရယ် လို့ကြားလိုက်တာနဲ့ တိုင်းပြည်ဖျက်ပြီလို့ ကြောက်စရာ မလိုပါ။ ဖက်ဒရယ် စံနစ်မှာ ကောင်းတာတွေ
ရှိသလို ဖက်ဒရယ် ဆိုလိုက်တာနဲ့ အဖြေရပြီလို့ အားကိုးလွန် ဖို့မသင့်ပါ။ ဖက်ဒရယ် စံနစ်မှာ သတိရှိစရာ အချက်
တွေ အများကြီးရှိပါတယ်။ စံနစ်ဆိုတာ (သိ) မှ (ကိုင်တွယ်) တတ်မှ အကျိုးဖြစ်ထွန်းနိုင်တာပါ။
(ကိုးကား ။ General and scholar test reform waters By Wu Zhong, China Editor Aug 12, 2010 ကိုကားပါသည်။ )
အပို်င်း (၂)
မြန်မာနိုင်ငံ
မန်မာနိုင်ငံကိုကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်းတို့ ဖေါ်ထုတ်သွားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေသာ ပြည်သူနဲ့ တိုင်းပြည် အတွက် ဦးစားပေးတဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေလို့ ပြောလို့ရတယ်။ ၁၉၇၄ နဲ့ ၂ဝဝ၈ ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေတို့ဟာ တိုင်းပြည်အကျိူးထက် စစ်တပ်အုပ်ချုပ်ရေးကို တရားဝင် မှုရှိအောင် ကြိုးစားခြင်းက အဓိက ပိုကျပါတယ်။
၁၉၇၄ နဲ့ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ် ပုံဥပဒေ တွေဟာ ပုံသဏ္ဍာန်အနေနဲ့ တည်ဆောက်မှု (Form and Structure) ရှိပေမဲ့ အနှစ် သာရ (Essence) အပိုင်းမှာ လစ်ဟင်းနေတယ်။ ခန္ဓာကိုယ်ကြီးသာရှိပေမယ့် (အသက်) မရှိတဲ့အဖြစ်နဲ့ အတူတူပါပဲ။
ဗိုလ်ချုပ်အောင်ဆန်းတို့ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ ရေးဆွဲရေးဆွဲရာမှ လွတ်လပ်ရေး ရှေ့ပြေးဖြစ် နေတာကြောင့် ဖုတ်ပူမီးတိုက် ဖေါ်ထုတ်ခဲ့ကြရတယ်။ ကံကောင်းခြင်တော့ ဗိုလ်ချုပ်တို့ခေတ်က ဖဆပလ ခေါင်းဆောင်တွေဟာ အသိစွမ်းအားမြင့်တဲ့ ခေါင်းဆောင်တွေဖြစ်တာကြောင့် လွတ်လပ်ပြီး မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို အချိန်မြန်မြန်နဲ့ ရေးဆွဲနိုင်ခဲ့ကြတယ်။
တကယ်တော့ ၁၉၄ရ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံဥပဒေဟာ ဟိုက ကောင်းနိုးရာရာ ဒီကကောင်းနိုးရာရာ တွေကို ဖြတ်၊ ညှပ်၊ ကပ် ကြပြီး လွပ်လပ်ရေးအချိန်မှီ ပြုစုခဲ့ကြရရှာတာပါ။ သို့သော် အသေအချာ ပြန်စဉ်းစားရင် ဖေါ်ထုတ် ပြီးခဲ့တဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေတွေအထဲမှာ အကောင်းဆုံးလို့ ငြင်းချက် ထုတ်လို့ ရတယ်။ ပုံသဏ္ဍာန် အပြင် (အနှစ်) ပါတာကြောင့်ပါ။
ဥပဒေပြုစုရေး ကော်မီတီတွေ ဆပ်ကော်မီတီတွေရှိပေမယ့် တကယ့်အနှစ်ကိုတော့ ဗိုလ်ချုပ် အောင်ဆန်းနဲ့အတူ သခင်မြ ၊ သခင်နု ၊ ဦးကျော်ငြိမ်းတို့လို ဖဆပလ ထိပ်တန်း ခေါင်းဆောင်ကပဲ ဦးဆောင်သွားကြတာပဲ။
ဗိုလ်ချုပ်တို့ အလုပ်ကြခံရတော့ ဦးကျော်ငြိမ်းက ဦးနုနဲ့ အတူ အင်္ဂလန် ဆွေးနွေးပွဲကအပြန် ဗိုလ်ချုပ်ရဲ့ စေခိုင်းချက် အရ ယူဂိုစလပ် ဖွဲ့စည်း အုပ်ချုပ်ပုံကို သွားလေ့လာ နေရတာကြောင့် ဥရောပ ရောက်နေ တယ်။ ဗိုလ်ချုပ်တို့ဟာ ဘုရင်စံနစ်ကို ပြန်ဖေါ်ထုတ်ရင် တည်ငြိမ်မှု ရမလားဆိုပြီးလည်း မင်းလောင်း ပြန်ရှာဖို့တောင် စိတ်ကူးခဲ့ကြသေးတယ်။ အဘက်ဘက်ကို လေ့လာပြီးမှ ပါလီမန် ဒီမိုကရေစီ စံနစ်ကို ရွေးခဲ့ကြတာပါ။
အုပ်ချုပ်ရေးကို စဉ်းစားတဲ့အခါအနှစ်သာရဖြစ်တဲ့ သမ္မတနဲ့ ဖက်ဒရယ်စံနစ်ကို ရွေးမလား၊ အများ အုပ်ချုပ်မှု (majority rule) လို့ခေါ်တဲ့ ပါလီမန်ဒီမိုကရေစီစံနစ်ကို ရွေးမလားဆိုတဲ့ ပဓာနကျ တဲ့ ရွေးချယ်မှုတွေကို (နိုင်ငံရေးသမား) တွေက ဆုံးဖြတ်ကြပြီး ဥပဒေဘောင်ဝင်အောင် ဥပဒေသမား ဦးချန်ထွန်းကို တာဝန်ပေးခဲ့ကြတာပဲ။ ဒီနေရာမှာ နေရူးရဲ့ ဥပဒေ ပညာရှင်က ဦးချန်ထွန်းကို အများကြီး အကူအညီပေးခဲ့တယ်။ အချောပြင်ပြီးသားကို သခင်မြက ဘာသာပြန် ပေးခဲ့ရတယ်။
အရေးကြီးတဲ့အချက်က နိုင်ငံရေးသမားတွေကပဲ အဓိကကျတဲ့ ဘယ်စံနစ်ကို ရွေးချယ်ရမလဲ ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချသင့်တယ်လို့ စာရေးသူ ကခံယူမိတယ်။ အကြောင်းက နိုင်ငံရေးသမားစစ်ရင် လူအများရဲ့ ထောက်ခံမှုဟာ နိုင်ငံရေးရဲ့ (အနှစ်သာရ) ဆိုတာ သိတာကြောင့် နိုင်ငံ့အကျိုးကို ဦးစား ပေး စဉ်းစားတယ်။
ဗိုလ်ချုပ်တို့ကိုပဲ ကြည့်ကြည့်၊ အက်လက် ဆန်ဒါးဟယ်မတင်တို့လို အမေရိကန် ခေါင်းဆောင် တွေကိုပဲကြည့်ကြည့် တိုင်းပြည်ရဲ့ အကျိုးကိုရှေ့ရှုပြီး စဉ်းစားကြတယ်။ ရေရှည် အကျိုးအတွက် နက်နက်တွေးကြတယ်။ တိန်လျောက်ပိန်လို ကွန်မြူနစ်တောင် နိုင်ငံရေးသမား စစ်တာကြောင့် တိုင်းပြည်အကျိုးကို အဓိက ထားခဲ့တာပဲ။
နောက် အရေးကြီးတဲ့အချက်က မြန်မာတွေရဲ့အမြင် တခုတည်း မဖြစ်နိုင်ဘူး။ တိုင်းရင်သားတွေရဲ့ အမြင် လိုအင်ဆန္ဒတွေကိုပါ ထည့်သွင်းစဉ်းစားရမယ်။ အမေရိကားမှာတုန်းက လူမျိုးကိုအခြေခံတဲ့ ပြည်နယ်တွေ မဟုတ်တဲ့ အတွက် ပြည်နယ်ကြီး / ပြည်နယ်ငယ် အရေးကိစ္စပေါ်ကြတယ်။ ဒါကြောင့် အပေးအယူ လုပ်ကြရာမှာ ညီမျှအောင်ပြည်နယ်အကြီးလည်း Senator (၂) ယောက်၊ ပြည်နယ်ငယ် လည်း Senator (၂) ယောက် ရွေးချယ်ခွင့် ရှိရမယ်ဆိုပြီး သတ်မှတ်ခဲ့ကြတဲ့အပြင် အရေးကြီးတဲ့ ရာထူးခန့်ရာမှာ သမ္မတရဲ့ အဆိုပြုမှုကို Senateက သဘောတူမှ တရားဝင်တယ်။
အထူးသဖြင့် အမြင့်ဆုံး တရားရုံးချုပ် (Supreme Court) တရားသူကြီးတွေကို ရွေးချယ်ရာမှာ Senate ရဲ့ သဘောတူညီမှုဟာ အလွန်အရေးပါတယ်။ တခါ သမ္မတကို ရာထူးကဖယ်ရှားဖို့ အစီအစဉ်မှာ အောက်လွှတ်တော်က တရားလိုအဖြစ် စွဲချက်တင်ရပြီး Senateက ဂျူရီလူကြီးအဖြစ် အဆုံး အဖြတ်ပေးရတာ။ Senate ကို ဦးစားပေးတဲ့ စီမံချက်တွေကို ထည့်သွင်းထားပြီး ပြည်နယ်ကြီး၊ ပြည်နယ်ငယ် ပဋိပက္ခကို ဖြေရှင်းခဲ့ကြရတာ။ အောက်လွှတ်တော်က (လူဦးရေ) ကို ကိုယ်စားပြုတာ။ အထက်လွှတ်တော် Senate က (ပြည်နယ်) ကို ကိုယ်စားပြုတာ။
ဗိုလ်ချုပ်တို့ဟာ ဘာကြောင့်များ ပါလီမန် ဒီမိုကရေစီစံနစ်ကို ရွေးခဲ့ကြရသလဲဆိုတာကို စာရေးသူ သိပ်သိချင်တယ်။ အသိစွမ်းအား တိုးတက်ပြည့်စုံလာတဲ့ အရွယ်ရောက်တော့ မေးရမယ့်ဖခင်ကြီးက မရှိတော့ဘူး။ စာရေးသူဟာ ပါလီမန် ဒီမိုကရေစီစံနစ် (Majority Rule) ကို မနှစ်သက်ဘူး။ အဓိက အကြောင်းတရပ်က အုပ်ချုပ်ရေးနဲ့ ဥပဒေပြုစုရေးကို အနိုင်ရပါတီကပဲ ထိန်းချုပ်ထားတာကို ဘဝင် မကျဘူး။
အမတ်အများဆုံးရတဲ့ ပါတီကပဲ ဝန်ကြီးအဖွဲ့ကိုဖွဲ့။ ဒီအမတ် ဒီပါတီကပဲ တခါ လွှတ်တော်မှာ ဥပဒေပြုကြဆိုတော့ ဒီလူတွေပဲ ဥပဒေလုပ်၊ ဒီလူတွေပဲ ဒီဥပဒေနဲ့ ပြန်အုပ်ချုပ် ဝန်ကြီးလုပ်ကြဆိုတော့ တဘက်သတ် ဆန်လွန်းတယ်။
နောက်တချက်က ဥပဒေလုပ်တာနဲ့ အုပ်ချုပ်ရာမှာ လိုအပ်တဲ့ အရည်အချင်း (skill sets) ချင်း မတူကြဘူး။ ဥပဒေ ပြုသူက အပေးအယူ ( Art of Compromise) ကျွမ်းရမယ်။ ဝန်ကြီးလုပ် အုပ်ချုပ်သူက အမိန့်ပေး ခိုင်းတတ်ရမယ်။ပေါ်လစီကို နားလည်ရမယ်။ နောက်တချက်က စာရေးသူ အမြင်မှာ နိုင်ငံရေးသမားတွေဟာ အများအားဖြင့် (အုပ်ချုပ်ရေး) မှာ (အားနည်း) တယ်။ (အသေးစိပ်) ကို မနိုင်ကြ။ စိ်တ်မဝင်စားကြ။ အုပ်ချုပ်ရေးတော်တဲ့ နိုင်ငံရေး သမားတွေ ရှိကြပါတယ်။ သို့သော် (ရှား) တယ်။
တရုတ်နဲ့ အမေရိကန်ပုံစံတွေကိုကြည့်ရင် ဝန်ကြီးတွေဟာ မိမိ ဘာသာရပ်နဲ့အတူ ဆိုင်ရာပေါ်လစီ တွေကို ကျွမ်းတဲ့ ပညာရှင် (technocrat) တွေများတယ်။ တခါတရံ နိုင်ငံရေးသမားတွေပါပေမယ့် လူနည်းစုပဲ။ ဒါကြောင့် ပေါ်လစီ ချရာမှာရော၊ ဖေါ်ဆောင်ရာမှာပါ နိုင်ငံရေးသမား ဝန်ကြီးတွေထက် ထိရောက်မှု ရှိတယ်လို့ ပြောလို့ရတယ်။ နောက်တချက်က ပါလီမန်ဒီမိုကရေစီစံနစ်မှာ အုပ်ချုပ်မှု သက်တမ်း ကန့်သတ်ချက် မရှိဘူး။
ဥပမာ ဂျပန်မှာ အဲလ်ဒီပီ (လစ်ဘရယ်ဒီမိုကရက်) တွေဟာ ဒုတိယကမ္ဘာစစ်ကြီး ပြီးကတည်းက အုပ်ချုပ် လိုက်ကြတာ အုပ်စုအချင်းချင်း ပြိုင်ဆိုင်မှုပဲရှိပြီး ပဒေသရာဒ်ခေတ်က ရွာစား နယ်စားတွေလို နယ်ပယ် အပိုင်စားတွေ ဖြစ်လာ ကြတာကြောင့် နောက်ဆုံး ဗြူရိုကရက်တွေကပဲ အာဏာ ကြီးထွား လာကြတဲ့ ဘဝကိုရောက်ရတယ်။ အုပ်စုချင်းပြိုင် အစိုးရခဏခဏပြောင်း၊ ခိုင်မြဲတာကဗြူရိုကရက်တွေ
ပဲကိုး။ အတိုက်ခံတွေမှာ ခုမှအာဏာရကြတာ။
အီတလီကတော့ အစိုးရ ခဏခဏပြောင်းသလို ပါတီတွေလည်း ပြောင်းဆိုတော့ ဘာမှ အလုပ် မဖြစ်မြောက်တော့ဘူး။ ကြီးထွားလာတာက မာဖီယားပဲ။ အယုံ အကြည်မရှိ အဆိုကို သုံးပြီး မဲခွဲပြီး အစိုးရကို ဖြုတ်ချနိုင်တာကြောင့် အစိုးရ မတည်ငြိမ်မှု ရှိနိုင်သလို သက်တမ်းကန့်သတ်ချက် မရှိတာကြောင့် ဂျပန်လို တပါတီ အုပ်ချုပ်ရေး ဖြစ်နိုင်တယ်။ ဒါကြောင့် အစိုးရသက်တမ်း ကန့် သတ်ချက် ဟာ ရှိသင့်တယ်လို့ မြင်မိတယ်။
အရေးအကြီးဆုံး တချက်ကတော့ ပါလီမန်ဒီမိုကရေစီစံနစ်မှာ အမတ်ဆိုတာက ရပ်ကွက်နယ်မြေကို ကိုယ်စားပြုရတဲ့ ကိုယ်စားလှယ်။ ရပ်ကွက်ကို ခွဲရာမှာ လူဦးရေအလိုက် ခွဲတာများတယ်။ ဒါကြောင့် အမေရိကားမှာ ပြည်နယ်ကြီးတွေက လူဦးရေများတော့ ကိုယ်စားလှယ် ဦးရေများတယ်။ ပြည်နယ်သေး တွေက ကိုယ်စားလှယ်ဦးရေ နည်းနည်းပဲရကြတယ်။
အရင်းစစ်လိုက်ရင် ကိုယ်စားလှယ်ဆိုတာ (လူဦးရေ) အပေါ် မူတည်တာပဲ။ ဒါဆို ဗမာ တွေက လူဦးရေ များတာကြောင့် အမြဲအသာစီး ရနေတော့မှာပေါ့။ ပါလီမန် ဒီမိုကရေစီစံနစ်မှာ အောက်လွှတ်တော်က အဓိက မကျဘူးလား။ သူ့မှာ နိုင်မှအစိုးရ ဖွဲ့ရ မှာလေ။ ဒါဆို တိုင်းရင်းသားတွေအပေါ် တရားပါ့မလား။ လူမျိုးစုလွှတ်တော် ဆိုတာရှိပေမယ့် အောက်လွှတ်တော်လောက် မထိရောက်။ ဒါကြောင့် ၁၉၄ရ ခု ဖွဲ့စည်းပုံမှာ ပြည်နယ်ဝန်ကြီး ဌာနတွေတည်ထောင် ထားရတာ။ ဒါ့အပြင် သမ္မတရာထူးကို တိုင်းရင်း သား တွေကို ကိုယ်စားပြုရအောင် အလှည့်ကျ ရွေးချယ်စေတာ။
ပြောမဲ့သာပြောတာ (ဦးနုတို့ခေတ်)က လုပ်မှားကိုင်မှားတွေကြားကတို
စကားစပ်မိလို့ ပြောရရင် တိုင်းရင်းသား ပညာတတ်တွေ အထဲမှာ စာရေးသူ အလေးစားဆုံးဟာ သမ္မတကြီး စဝ်ရွှေသိုက်ရဲ့သား ဒေါက်တာ ယူဂျင်းသိုက်ပဲ။ ဦးယူဂျင်းဟာ သေနတ်လည်း ကိုင်တိုက်ဖူးတယ်၊ ပါတီလည်းထောင်ဖူးတယ်၊ ပါရဂူဘွဲ့ရ ပညာတတ်အပြင်၊ နက်နက်တွေးပြီး အရှည်ကိုကြည့်နိုင်တဲ့ လူတော် တယောက်ပဲ။
ကျနော် အလေးစားဆုံးက လူကြီးလုပ်ဖို့ လိုအပ်တဲ့ အရေအချင်း တခုဖြစ်တဲ့ အင်္ဂလိပ်လို tempe-rament လို့ခေါ်တဲ့ တည်ငြိမ်တဲ့ စိတ်ထားရှိတယ်။ ဒေါက်တာ စတိုင်းဖတ် ဦးစီးကျင်းပတဲ့ ဆွေးနွေးပွဲမှာ လူငယ်ခေါင်းဆောင်လေးတွေက စိတ်လိုက်မာန်ပါ ဝေဖန်ငြင်းဆိုလာတော့လည်း ခေါင်းအေးအေးနဲ့ ပြန်လည်ရှင်းပြ ဆွေးနွေးနိုင်စွမ်းရှိတယ်။ ဒါ အီးအိုင်ကရူ (EIQ) မြင့်တာကိုပြတာပဲ။ အသိစွမ်အား မြင့်တယ်၊ ချင့်ချိန်နိုင်တဲ့ အစွမ်းရှိတယ်၊ မျှတတဲ့စိတ်ဓါတ် ရှိတယ်ဆိုရင် တိုင်းရင်းသားပြဿနာလို သိမ်မွေ့ ခက်ခဲရုံမက စိတ်ခံစားမှု (emotion) ပါ ပါဝင်ရှုပ်ပါထွေးလာတတ်တဲ့ ကိစ္စတွေကို ကိုင်တွယ် အဖြေရှာတဲ့အခါ အလွန်အကျိုးရှိ ထိရောက်နိုင်ပါတယ်။ ဦးယူဂျင်းလို လူတော်ခေါင်းဆောင်တွေ နှစ်ဘက်စလုံးမှာ လိုအပ်လှပါတယ်။
မျိုးဆက်သစ် လူငယ် တိုင်းရင်သားတွေအထဲမှာ ဒီလိုအဆင့်မြင့် လူငယ်လေးတွေအများကြီးရှိပါတယ်။ အော့ဖေါ့က် (Oxford) မှာ သင်တန်းတက်ခဲ့ပြီး အဲလ်အဲလ်အမ် (LLM) ရပြီး အခု အဲလ်အဲလ်ဒီ (LLD) ဆက်တက်နေတဲ့နော်မေဦး တို့လို ကရင် လူငယ်လူတော်တွေရှိပါတယ်။ ENC မှာ ဦးဆောင်နေတဲ့ Dr Lian H. Sakhong ဟာလည်း ပညာတတ် လူတော်တယောက်ပါပဲ။ ဗမာတွေ အထဲမှာတော့ နယ်စပ် အခြေစိုက် ဗမာ့ရှေ့နေကောင်စီ (BLC) က လူတွေပဲ ဖက်ဒရယ် စံနစ်ကို ဆွေးနွေးနိုင်ကြတယ်။
ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်မှာ ဗိုလ်ချုပ်ကိုယ်တိုင် မတူညီတဲ့ စံနစ်တွေကို အသေအချာ လေ့လာပြီးမှ မြန်မာပြည် အတွက် ကောင်းမယ့် (အနှစ်) တွေကို ယူကြပြီး (ပုံ) ဖေါ်ပြီးမှ ကဲ ဦးချန်ထွန်း ဥပဒေ ဘောင် ဝင်အောင် ဥပဒေ စကားနဲ့ သွားရေးဆိုပြီး စေခိုင်းတာပဲ။ အခြခံဥပဒေ ရေးဆွဲကာနီးမှ ဟို စာအုပ် ပေးပါဦး ဒီဟာဖတ်ကြပါဦးဆိုပြီး ကမူးရှုးထိုး ရေးခဲ့ကြတာလည်း မဟုတ်။ ကျောင်းသားဘဝ နိုင်ငံရေးသမားပေါက်စ ဘဝကတည်းက (အသိစွမ်းအား) (capacity) မြင့်အောင် လေ့လာခဲ့ကြရတာ။
ဗိုလ်ချုပ်အောင်ဆန်းဆီက အတုယူစေချင်တာက နိုင်ငံရေးမှာ အခွင့်အရေးဆိုတာ ဘယ်အချိန်ဘယ်လို ပေါ်လာမယ် မပြောနိုင်ဘူး။ လိုအပ်ချက်ကိုသိပြီး လိုအပ်ချက်ကို ဖြည့်ထားဖို့က ကိုယ့်အလုပ်ပဲ။ အထူး သဖြင့် မြန်မာလူငယ် လူရွယ်တွေကို ဖွဲ့စည်းပုံ ဥပဒေအကြောင်းနဲ့ ဖက်ဒရယ်စံနစ် အကြောင်းကို လေ့လာ ပြီး မိမိတို့ရဲ့ အသိစွမ်းအား (capacity) ကို အားဖြည့်ထားစေချင်တာ စာရေးသူရဲ့ စေတနာ ပါ။ (အသိ) မြင့်မှ (တရားမျှတမှု) ကို နားလည်နိုင်သလို (အရှည်)ကို ကြည့်နိုင်ပါမယ်။
ဖက်ဒရယ်စံနစ်
ဖက်ဒရယ်စံနစ် မှာကောင်းတာတွေ အများကြီးရှိသလို အန္တရယ် ဖြစ်နိုင်တာတွေလည်း အများကြီး ရှိပါတယ်။ အထူးသဖြင့် ဖက်ဒရယ် (ဗဟို) အစိုးရနဲ့ ပြည်နယ်အစိုးရတွေကြားမှာ အာဏာခွဲခြားမှု၊ အင်္ဂလိပ်လို Federal and State Rights လို့ခေါ်တဲ့ လုပ်ပိုင်ခွင့် ခွဲခြားမှုတွေကို တိတိလင်းလင်း ဖေါ်ပြမှုမရှိရင် ပဋိပက္ခတွေ ဖြစ်တတ်ပါတယ်။ ရှိခဲ့ရင်တောင် အငြင်းပွားမှု တွေရှိပါတယ်။
နောက်တခါ ပြည်နယ်အချင်းချင်း အငြင်းပွားရင် ဖြေရှင်းဖို့ နည်းလမ်း (Mechanism) တွေရှိရမယ်။ နောက်မို့ဆိုရင် အငြင်းပွားနေကြတာနဲ့ ဘာအလုပ်မှလုပ်နိုင်တော့မှာ မဟုတ်ဘူး။ ဗိုလ်ချုပ် အောင်ဆန်းတို့ တိုင်းပြည်ထူထောင်ချင် တဲ့စိတ်က စောနေတာကြောင့် အုပ်ချုပ်ရေးဖြောင့်ဖြောင့် လုပ်နိုင်အောင် (Governance) အတွက် ဖက်ဒရယ်စံနစ် အစား ယူနီတာလီ (Unitary) စံနစ်ကို ရွေးခဲ့ကြရတယ်လို့ စာရေးသူ နားလည်ထားပါတယ်။
နောက်တချက် က ဖွံ့ဖြိုးမှု မညီမျှတာတွေရှိတယ်။ အောင်ဆန်း၊အက်တလီစာချုပ် အပိုဒ် ဂ၊ အပိုဒ်ခွဲ (ဃ)အရ ပင်လုံစာချုပ်၊ ချုပ်ဆိုအပြီးမှာ ရီး(စ်)ဝီလျံ ဦးဆောင်တဲ့ တောင်တန်းဒေသ စုံစမ်းရေးအဖွဲ့ကို ဖွဲ့ပေးခဲ့ပြီး အဖွဲ့ရဲ့ အစီအရင်ခံစာမှာ တချို့တောင်တန်းနေ ဒေသခံတွေဟာ ဆန္ဒမဲပေးရွေးချယ် တဲ့ နည်း နဲ့ အကျွမ်းတဝင် မရှိသေးတဲ့ အတွက်နဲ့ အချိန်အမရတော့တာမို့ ဒေသအလိုက် သင့်လျော်သော နည်းကိုသာသုံး ရွေးချယ်ရန်သာ ထောက်ခံခဲ့ ပါတယ်။
ဖက်ဒရယ် စကားလုံးကို အဓိပ္ပပါယ် မပေါက်ဘဲ၊ စုံစမ်းရေး အဖွဲ့နဲ့ ဆွေးနွေးကြရာမှာ အလွဲလွဲ အချော်ချော် ဖြစ်ခဲ့ကြရပါတယ်။ (အသိ) တိုးတက်မှု မညီမျှမှုကို စောင့်ပြီးခေါ်ဆောင်ဖို့ အချိန် မရတာလည်း ပါနိုင်တယ်လို့ စာရေးသူ အမြင် ရှိပါတယ်။ (မှတ်ချက်။ သမိုင်း ပါမောက္ခ ဦးထွန်း အောင်ချိန် ထုတ်ဝေသော တိုင်းရင်းသားလူမျိုးများအရေးနှ
အမေရိကားမှာတောင် ဖက်ဒရယ်နဲ့ ပြည်နယ်ပြဿနာဟာ ဒီနေ့အထိ ရှင်သန်လျက်ပဲ။ အိုဘားမားကဲ (Obamacare) လို့ အမည်တပ်ကြတဲ့ ကျန်းမာရေး ဥပဒေဟာ ဖွဲ့စည်းပုံအုပ်ချုပ်ရေး ဥပဒေအရ တာရား မဝင်ဘူးဆိုပြီး ပြည်နယ် (၂၆) ခုက တရားစွဲထားကြတယ်။ ဖက်ဒရယ် အစိုးရက ဗိုလ်မကျ နိုင် အောင်ပါ။
မကြာမှီကမှ ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အစိုးရသစ်မှာလည်း ဗဟို၊ပြည်နယ် ပြဿနာကို စတင်ရင်ဆိုင်နေရပါပြီ။ ဒါကြောင့် နားကြားကောင်းအောင် ဒီမိုကရေစီကွ၊ ဖက်ဒရယ်ကွလို့ လွယ်လွယ်ပြောလို့ မရပါ။ နက်နက်တွေးကြည့်မှ အတွင်းပြဿနာတွေ အများကြီးရှိတာကို သိနိုင်ပါတယ်။ အစကောင်းမှ အနှောင်းသေချာ ဆိုသလို တိုင်းရင်းသားတွေနဲ့ ဗမာတွေအကြား ဗမာစစ်တပ်ရဲ့ အမှားတွေကြောင့် အဖုအထစ်တွေဟာ ကြီးထွားလာခဲ့ကြရတယ်။
တိုင်းရင်သားပြဿနာကို ဖြေရှင်းတဲ့အခါ (မျှတ) ဖို့အပြင် (စံနစ်ကျ) ဖို့လည်း လိုပါလိမ့်မယ်။ စစ်တပ် ထဲမှာလည်း မျှတချင်တဲ့ တိုင်းပြည်ချစ်တဲ့ လူငယ်လူကြီး တွေရှိမှာပါ။ မဆလ သမ္မတဟာင်း ဒေါက်တာ မောင်မောင်ဟာ ဂျပန်ခေတ်ဗိုလ်သင်တန်းကျောင်း
လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ပုံသဏ္ဍာန် (Form) ရှိပေမဲ့ (အနှစ်) (Essence) မှာ အားနည်းနေသေးတယ်လို့ပြောနိုင်ပါ
ကမ္ဘာမှာ လူတွေတကြော်ကြော် အော်နေကြတဲ့ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ (Constitution) က (လွပ်လပ်စွာ ပြောဆိုခွင့်) ဆိုတဲ့ Freedom of Speech ကို အာမခံပေးတဲ့ First Amendment ပထမတိုးချဲ့ ပြင်ဆင်ချက်မှာ ယနေ့ အမေရိကန်တိုင်းပြည်ကို ဂျောက်ထဲထိုးချနေတဲ့ အခွင့်အရေး တခုဟာလည်း ကပ်ပါလာတယ်။ လူတွေ သိပ်သတိမထားမိကြဘူး။ ဒီ အခွင့်အရေးကို ပြင်ဖို့က ခပ်ခက်ခက်။ သူတို့ဆီမှာတောင်ပြဿနာရှိတာ ဒီမှာလည်း ပြဿနာတွေ ဘယ်ကင်းပါ့မလဲ။ ဒီကိစ္စတွေဟာ အလွန်သိမ်မွေ့ ခက်ခဲတဲ့အရာတွေ မဟုတ်ပါလား။
ယနေ့ အစိုးရသစ်နဲ့ တိုင်းရင်းသားအဖွဲ့တွေအကြား ဘော်ဒါစစ်တပ် ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီး ပဋိပက္ခ တိုက်ပွဲပြဿနာကို အဓမ္မလက်နက်နဲ့ ဖြေရှင်းမယ့်အစား ပုံသဏ္ဍာန် အသွင်ကို ပြောင်းလဲပြီး (အနှစ်) ရံလိုက်လျှင် အဖြေရ နိုင်စရာရှိပါတယ်။ စာရေးသူရဲ့ အမြင်အတွေးများကို နောက်အပိုင်းတွေမှာ ဆက်လက်ဖေါ်ပြပါ့မယ်။
ဘာကြောင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ (Constitution) ဟာ အရေးကြီးတာလဲ
သဘာဝအားဖြင့် လူတွေဟာ ပျက်စီးနိုင်တယ်။ လောဘ၊ ဒေါသ၊ မောဟတွေ ဖုံးလွှမ်းနေတာကြောင့် (အာဏာ) နဲ့တွေ့ထိတဲ့အခါ မခံနိုင်ဘဲ ပျက်စီးတတ်ကြပါတယ်။ ဒါကြောင့် (လူ)ကို စံနစ်၊ ဥပဒေနဲ့ ထိန်းရပါတယ်။ နောက် လူတိုင်းရသင့်၊ ခံစားခွင့်တွေကို အားလုံးသိအောင် တဖန် ဥပဒေနဲ့တခါ စာနဲ့ ပေနဲ့ မှတ်ကျောက်တင်ပြီး အတိအလင်းကြေညာထားရပါတယ်။ ဒီကမှတဆင့် ဥပဒေစိုးမိုးသော Rule of Law စံနစ်ကို ဖေါ်ထုတ်ရပါတယ်။ ဒါကြောင့် ဥပဒေ ပြုစုသူတွေကိုလည်း ဘာတော့ မလုပ်နိုင်ဘူး ဘာတော့လုပ်နိုင်တယ်၊ ဒီဥပဒေတွေကို သုံးပြီး မင်းလုပ် အုပ်ချုပ်သူတွေကိုလည်း ကန့်သတ် ပေးထားရပါမယ်။
တခါ၊ ဒီ (၂) ဦးကြား အငြင်းပွားခဲ့ရင် လွပ်လပ်စွာ ရပ်တည်နိုင်တဲ့ တရားသူကြီးတွေက အဆုံးအဖြတ် ပေးရပါမယ်။ တရားသူကြီးတွေကလည်း မိမိတို့ အဆုံးအဖြတ်နဲ့ ဥပဒေမလုပ်ရပါ။ စစ်အုပ်ချုပ်ရေးစံနစ် မှာတော့ (ဥပဒေ) ဆိုတာက အုပ်ချုပ်တဲ့ စစ်ဗိုလ်ချုပ်ရဲ့ ပါးစပ်ထဲမှာရှိတာကိုး။ သူကပဲ ပြန်အုပ်ချုပ် တော့ အားလုံးသူ့ကို မော်မကြည့်ရဲကြတော့ ဘူးပေါ့။
တရားသူကြီးဆိုတာတွေကလည်း ဆွဲခန့်တွေ မဟုတ်လာား။ ဒါကြောင့် နဝတ – နအဖ ခေတ် တလျှောက် Rule byLaw စံနစ်နဲ့ အုပ်ချုပ်ခဲ့ ကြတာမဟုတ်လား။ ဒါ ဥပဒေ ကွ ဆိုရင် ဘယ်သူမှ အငြင်းနိုင်တော့။ ဥပဒေကလည်း စစ်ဗိုလ်တွေရဲ့ ပါးစပ်ထဲမှာ။
လောလောဆယ် စံနစ်သစ်က စစ်အုပ်ချုပ်ရေးထက်တော့ တဆင့်မြင့်လာပြီပေါ့။ အင်စတီကျူးရှင်း (Institution) အဆောက်အအုံလို့ ပြောနိုင်တဲ့ အထက်လွှတ်တော်၊ အောက်လွှတ်တော်၊ တရားရေး၊ ပြည်နယ်နှင့်တိုင်း အစိုးရတွေ ပေါ်လာပေမယ့် ပုံသဏ္ဍာန်သာ ပေါ်လာတယ် (အနှစ်) မပါ သေး တာ ကြောင့် (အသက်) မပါသလို ဖြစ်နေသေး တယ်။ မြောက်ကိုရီးယားမှာ လမ်းအကျယ်ကြီးတွေ လူမြင်ကောင်းအောင် ဆောက်ထားပေမယ့် လမ်းပေါ်မှာ ကားတွေမရှိဘဲ စက်ဘီးနဲ့ လမ်းလျှောက် နေတဲ့လူတွေ ဟိုကြဲကြဲ ဒီကြဲကြဲသာရှိတဲ့ ရုပ်ပုံလွှာကို ပြေးမြင်မိတယ်။
၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ စံနစ်ဟာ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ ့အတူ(အနှစ်) ပိုင်းမှာ ချို့တဲ့မှု ရှိပင်ရှိငြား သော်လည်း ဦးနေဝင်း ရိုက်ချိုးဖျက်စီးခဲ့တဲ့ နိုင်ငံရေးအဆောက်အအုံ (Political Institution) တွေ ပြန်ပေါ်လာပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံရဲ တိုင်းသူပြည်သား အများစုဟာ စာရေးသူ အမြင်အရ အင်စတီကျူးရှင်း (Institution) နဲ့ ပတ်သက်လာ ရင် အသိမကြွယ် အမြင်မကျယ် ကြသေးဘူးလို့ ခံစားရမိတယ်။
အထူးသဖြင့် ၎င်းတို့ရဲ့အရေးပါမှုကို (မသိ) ကြပါ။ အနောက်နိုင်ငံတွေ၊ ဂျပန်တို့၊ တိုးတက်တာ ဒီအင်စတီကျူးရှင်းတွေကြောင့်ပါ
ဒီဆောင်းပါးက ဖွဲ့စည်းအုပ်ချုပ်ပုံ စံနစ်ကိုရွေးရာမှာ ဖက်ဒရယ်စံနစ်အတွင်း သတိရှိရမယ့် အချက်များ၊ ပြဿနာ ဖြစ်နိုင်တဲ့ အချက်များကို နောင်တိုင်းပြည်ကို ဦးဆောင်ကြရမယ့် လူငယ်၊လူလတ်ပိုင်း ခေါင်းဆောင် ဖြစ်လာမယ့်လူများ သိသာသတိရှိစေရန် ရည်ရွယ်ပါတယ်။
ဤဆောင်းပါးကို အတိုက်ခံမျက်စိနှင့် ရေးသည်မဟုတ်ဘဲ မြန်မာပြည်မှာ မွေး၊ မြန်မာပြည်မှာ လူလား မြောက်ခဲ့ရသည့် မြန်မာပြည်သား စစ်စစ်မျက်စိနှင့်ရေးခြင်းနှင့် စာရေးသူ၏ အမြင်သက်သက် ဆိုသည်ကို သိစေလိုပါသည်။ (မျှတ) မှုရှိမှ ၊ ရေရှည်ကိုကြည့်ပြီး အဖြေရှာနိုင်မှ (ငြိမ်းချမ်းမှု) ရှိနိုင်ပါမယ်။ ငြိမ်းချမ်းမှုရှိမှ တိုင်းပြည် ထူထောင်နိုင် ပါမယ်။
ဒီလို (အသိ) ရှိဖို့က (အသိစွမ်းအား) လိုပါတယ်။ အသိစွမ်းအားဆိုတာ ခုရေတွင်းတူး အခုရေရသလို မဟုတ်ပါ။ ဖြည်းဖြည်းချင်း ဖြည့်စည်း ယူရတာပါ။ တိုင်းပြည် တပြည်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဆိုတာ သိမ်မွေ့ နက်နဲခက်ခဲလှပါတယ်။ တိုင်းပြည်အတွက် အဖြေရှာ ကြရမည့် အနာဂတ် လူငယ်များ အသိစွမ်းအား မြင့်မား ဉာဏ်အမြှော်အမြင် ကြီးကြပါစေဟု ဆုတောင်းရင်း။
ချင်းမိုင်
ဘိုဘိုကျော်ငြိမ်း
အပို်င်း (၃) ကိုဆက်ဖေါ်ပြလိုက်ပါမည်။
Mizzima မှကူးယူဖေါ်ပြပါသည်။
http://www.mizzimaburmese.com/edop/songpa/8186-2011-08-22-06-14-05.html
9 comments
Thanlwinoo
August 24, 2011 at 11:41 am
ကျေးဇူးတင်ပါတယ်.. ဦးဘိုဘိုကျော်ငြိမ်းခင်ဗျား…။
ပြည်သူများအားလုံးကလည်း တရားမျှတမှုရှိတဲ့၊ တည်ငြိမ်အေးချမ်းပြီး တိုင်းပြည်ရေရှည်တိုးတက်ကောင်းမွန်မှုတွေကို ဖော်ဆောင်နိုင်မဲ့
အခြေခံဥပဒေကောင်းတစ်ခုကို မျှော်လင့်တောင့်တနေကြပါတယ်..။
အခြေခံဥပဒေကောင်းကသာ လက်ရှိရော၊ နောင်အနာဂတ်သားစဉ်မြေးဆက်ရော
တိုင်းပြည်အေးချမ်းသာယာပြီး၊ ဖွံ့ဖြိုးတိုးတက်စေမှာလို့ ယုံကြည်ပါတယ်…။
လက်နက်ကိုင်အုပ်စုက (တပ်မတော်ကိုအသုံးချကာ) ကျန်ပြည်သူတွေအားလုံးရဲ့အထက်မှာ နေရာယူထားပြီး တိုင်းပြည်ကို နိုင်ငံရေးအရကျွန်ပြုထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို အတင်းအဓမကျင့်သုံးမယ်ဆိုရင် နိုင်ငံနဲ့ပြည်သူများ အနှေးနဲ့အမြန် အကျိုးနည်း ဒုက်ခရောက်စေပါလိမ့်မယ်..။
အမြင်ကျယ်တဲ့၊ ကိုယ်ကျိုးစွန့်တဲ့၊ ပညာဉာဏ်ကြီးတဲ့၊ စိတ်သဘောထားပြည့်ဝတဲ့၊ စွမ်းဆောင်ရည်ရှိတဲ့ သူတွေ ပေါင်းစုပြီး တိုင်းပြည်နဲ့လူမျိုးအတွက် အခြေခံဥပဒေကောင်းတစ်ခု ပေါ်ပေါက်လာစေဖို့ မျှော်လင့်လျှက်…။
မီးမီး သော်
August 24, 2011 at 1:32 pm
“””ဒီလို (အသိ) ရှိဖို့က (အသိစွမ်းအား) လိုပါတယ်။ အသိစွမ်းအားဆိုတာ ခုရေတွင်းတူး အခုရေရသလို မဟုတ်ပါ။ ဖြည်းဖြည်းချင်း ဖြည့်စည်း ယူရတာပါ။ တိုင်းပြည် တပြည်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဆိုတာ သိမ်မွေ့ နက်နဲခက်ခဲလှပါတယ်။ တိုင်းပြည်အတွက် အဖြေရှာ ကြရမည့် အနာဂတ် လူငယ်များ အသိစွမ်းအား မြင့်မား ဉာဏ်အမြှော်အမြင် ကြီးကြပါစေဟု ဆုတောင်းရင်း။”””
ခုလို ဦးဘိုဘိုကျော်ငြိမ်းတို ့ ကထောက်ပြဝေဖန်ပေးတာကို လက်ခံပါတယ်။ဒါပေမယ့် ကျဉ်းထဲကျပ်ထဲရောက်နေပီး မလူးသာတဲ့ ခုလိုအနေမှာ သူတို ့နဲ ့ပြေလည်ရာပြေလည်ကြောင်းဆွေးနွေးကြပြီး. ပျော့ပျောင်းညင်သာစွာဆွဲခေါ်မယ့် အမေစု ရဲ ့မူဝါဒ ကပိုကောင်းမယ်လို ့ယူဆပါတယ်။တတ်လွန်း၍တော့မဟုတ်ပါ။မိမိ ထင်မြင်ချက်သာလျှင်ဖြစ်ပါတယ်
kai
August 24, 2011 at 2:11 pm
ဒေါ်အောင်ဆန်းစုကြည်ဟာ.. အနောက်နိုင်ငံတွေကြားမှာ အနှစ် ၄ဝလောက် ပညာသင်ကျင်လည်ခဲ့ပြီး.လက်ရှိ.မြန်မာပြည်မှာလည်း.. အနှစ် ၂ဝကျော်ကြာ တောက်လျှောက်မြန်မာံနိုင်ငံရေးကို မျက်ခြေမပြတ်.. စောင့်ကြည့်ပါဝင်နေသူဖြစ်နေပါတယ်.။
နိုင်ငံတကာက နိုင်ငံခေါင်းဆောင်တွေအပေါ်လည်း လွှမ်းမိုးနိုင်သူဖြစ်ပါတယ်..။
မြန်မာပြည်အတွက်… အင်မတန်ပြည့်စုံနေတဲ့. ဘုရားပေးတဲ့…ခေါင်းဆောင်တယောက်လို့ မြင်တာပါပဲ..။
သာမန်အားဖြင့်တော့.. သူဘာလုပ်လုပ် ..ထောက်ခံပေးလိုက်တာ မမှားဘူးလို့ထင်မိတယ်..။
“ဒေါ်စုကို ဝိုင်းရံကြ ” လို့… ပါပဲ..။
–
ဒေါ်စုကို ဝိုင်းရံပြီး.. လိုအပ်တာတွေညှိနှိုင်းပြင်ဆင်သွားရင်.. မြန်မာပြည်ကြိး အချိန်တိုနဲ့..ကောင်းလာမယ် ထင်နေမိတာပါပဲ..။
အခြေခံဥပဒေဆိုတာကလည်း.. လူကလုပ်တာပဲ…(အချိန်ကာလနဲ့မကိုက်ညီတဲ့)… မသင့်တော်တာတွေပါနိုင်တာပေါ့…။
…. အမင်းန်မန့်တွေနဲ့..ဖြည့်စွက် ပြင်ရတာပဲလေ..။ 🙂
Thanlwinoo
August 24, 2011 at 7:54 pm
ဦးခိုင်ရေ…။
ပြောင်းပြန်လှန်ပစ်ရမယ့် Amendment နဲ့ တူတယ်..။
ပြင်ဆင်နိုင်တဲ့နည်းလမ်းကလည်း ပြည်သူတွေလက်ထဲမှာ မရှိပါဘူး…။
ကျားသနားမှာ နွားချမ်းသာမယ့်၊ ပြည်သူတွေရဲ့ဘဝကို လက်နက်ကိုင်တွေရဲ့
လက်ထဲမှာ ဝကွက်ရမယ့် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဖို့တော့
Correction Pen လောက်နဲ့ မလုံလောက် UPG သုတ်ဆေးပုံးလိုမယ်နဲ့တူတယ်…။
Foreign Resident
August 25, 2011 at 3:43 am
I want to read ဘိုဘိုကျော်ငြိမ်း articles.
Any body knows, ဘိုဘိုကျော်ငြိမ်း blog or website address ??? 🙂
မိုက်ကယ်ဂျော်နီအောင်ပု
August 25, 2011 at 9:31 am
ပြောလို့သာပြောနေရတာ ဒီလောကထည်းမှာက အသက်အရွယ်အရ
ကျုပ်အဘ အရွယ်တွေ
အတတ်ပညာအရ ဘုန်းကြီးကျောင်းသားနဲ့ ပါရဂူလို ခြားနားတယ်
ယဉ်ကျေးမှု့အရ ကျောက်ခေတ်လူသားနဲ့ ဓမ္မကထိကလို ခြားနားတယ်
ဝင်ငွေပမာဏတွေအရ ရေတံခွန်နဲ့ ကလေးသေးပန်းသလို ခြားနားတယ်
အလုပ်အကိုင်အရ နိုင်ငံတော်သမ္မတနဲ့ နွားကျောင်းသားလို ခြားနားတယ်
ပြောရရင်တော့ ကိုယ်နဲ့ မတန်ရာတွေကို ပြောတယ်လို့လည်း ခံစားမိပါတယ်
နောက်ပြီး ကိုယ်လို ခုနစ်တန်းတောင် မအောင်တဲ့ နွားကျောင်းသား နဲ့မတိမ်းမယိမ်း
နွားကျောင်းသားကတောင် ကိုယ့်ထက်သာမဲ့သဘောရှိတယ် 😀
တောသားတစ်ကောင်က ဒီလို ဂုရုဆရာကြီးတွေကို စာမတတ်ပေမတတ် ကိုယ့်စိတ်ထည်း
ခံယူနားလည်သလောက်ကို အရဲစွန့်ပြီး ပြောဆိုရတာကို စိတ်မသက်မသာလည်းရှိလှပါတယ်
နောင်များလည်း မပြောဖြစ်အောင် ကြိုးစားပါမယ်
ပြောဖြစ်ဘို့ဆိုတာက နောင်အခါ ဒီလို အကြောင်းအရာတွေကို မဖတ်ဖြစ်အောင်အလျှင်လုပ်ရမယ်
လည်းထင်မိပါရဲ့
ရေးထားတာကတော့ တော်တော်ရှည်ပါတယ်
တော်ယုံလူဆို ဖတ်မှာတောင်မဟုတ်ဘူးထင်ပါတယ် ( အထင်ပါ )
ဖတ်သည့်တိုင်အောင်တောင် အခြားဆက်စပ် အကြောင်းတွေကို မဖတ်မိဘူးသူတွေအနေနဲ့
နားလည်နိုင်မယ်တောင်မထင်ပါဘူး ( ဒါလည်းအထင်ပါ )
နားလည်တာခြင်းတူရင်တောင် သဘောပေါက်ပုံခြင်းလည်း တူမည်မထင် ( အထင် )
………………………………….
………………………………………..
( ယနေ့ အစိုးရသစ်နဲ့ တိုင်းရင်းသားအဖွဲ့တွေအကြား ဘော်ဒါစစ်တပ် ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီး ပဋိပက္ခ တိုက်ပွဲပြဿနာကို အဓမ္မလက်နက်နဲ့ ဖြေရှင်းမယ့်အစား ပုံသဏ္ဍာန် အသွင်ကို ပြောင်းလဲပြီး (အနှစ်) ရံလိုက်လျှင် အဖြေရ နိုင်စရာရှိပါတယ်။ စာရေးသူရဲ့ အမြင်အတွေးများကို နောက်အပိုင်းတွေမှာ ဆက်လက်ဖေါ်ပြပါ့မယ်။)
ဆိုတော့ကာ
ဖယ်ဒရယ်မူလို့ပြောလိုက်ရင် သေခြာတာကတော့
ပြည်မက ဗမာ လူမျိုးတွေအများစုဟာ သေခြာနားမလည်ပါဘူးလို့ပြောရင် လက်ခံကြမလားမသိပါဘူး
တိုင်းရင်းသားတွေထည်းမှာလည်း
သေခြာနားလည်တဲ့သူဟာ အတော်ရှားပါးတယ်လို့ပြောရင်လည်း ကျေနပ်ကြပါဦးမလားမသိ
ဒီတော့ကာ
စာရေးဆရာကြီးအနေနဲ့
တိုင်းရင်းသားတွေရဲ့ လူမျိုးရေး နိုင်ငံပိုင်ဆိုင်လိုမှု့ရယ် ( လူမျိုးရေးခွဲခြားမြင်မှု့ )
မြန်မာပြည်မက လူတွေရဲ့ ဒီမိုကရေစီ လိုအပ်မှု့ ( လူမျိုးရေး လစ်လျှူလျှူ့မှု့ )
ဒီအကြောင်းအရာ နှစ်ခုကိုသာ သေးခြာယှဉ်တွဲပြီး ရေးပြမယ်ဆိုရင်
အလွန်းအကျိုးကြီးမယ်လို့ထင်မိပါတယ်
အထင်ပါ 😀
ကြောင်ကြီး
August 25, 2011 at 10:38 am
ဟေ့ယောင်ဘောင်ဘု မူးနေရင် အေးအေးနေကွာ၊ နားမျက်စိနှောက်တယ်။ ဒီလိုပါ ဆရာကြီး သူထင်တာနဲ့ ကျနော်ထင်တာ မတူပါဘူး၊ တခြားစီပါ။ အလွယ်ပြောရရင် သူထင်သလို မဟုတ်ဘဲ အခြားတမျိုးထင်ပါတယ်။ ထင်တာခြင်းတူပေမဲ့ အထင်အတူတူပဲလို့ မထင်လိုက်ပါနဲ့၊ ထင်မိတာ ဒီလိုပါ။ တခုတော့ရှိတယ် သူမူးမူးနဲ့ပြောသလို စာကအရမ်းရှည်တော့ လုံးစေ့ပေါက်စေ့တော့ မဖတ်နိုင်တော့ဘူး၊ စာထိုင်ဖတ်နေလို့ ဗိုက်ဝမှာမဟုတ်ဘူးလေ? ဆရာကြီးက လာကျွေးမှာမှမဟုတ်တာ 🙂
ဆရာဘိုဘိုကျော်ငြိမ်းပြောချင်တာ လူပုဂ္ဂိုလ်တဦးတယောက်ကို အခြေပြုတဲ့စနစ် မထူထောင်ဖို့၊ မြန်မာနိုင်ငံရဲ့အတိတ်သမိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းကိုအခြေခံခဲ့ပြီး သူရုတ်တရက်ကျဆုံးသွားတဲ့အခါ ဦးစီးပဲ့ပြင်မဲ့သူမရှိတော့ပဲ မူလလမ်းပေါ်ကနေ သွေဖီသွားခဲ့တာကို သင်ခန်းစာယူဖို့ ဆိုလိုဟန်ရှိပါတယ်။ လက်ရှိမြန်မာ့နိုင်ငံရေးမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြု နိုင်ငံရေးစနစ်တခု ချမှတ်ကြမယ်ဆိုရင် သမိုင်းဘီးတပတ်ပြန်လည်မှာကို မြင်ကြဖို့လို့ထင်ပါတယ်။ ဘယ်လိုပြောမလဲ အခုအချိန်အထိတော့ ဒေါ်စုကိုပဲ အနာဂတ်နိုင်ငံရေးအတွက် ပုံအပ်ထားသလိုဖြစ်နေပါတယ်။ ဒါကလည်း လုံခြုံရေးအခြေအနေအရ ဒေါ်စုအနေနဲ့ ထုတ်ဖော်ပြောဆိုညှိနှိုင်းဖို့ အခက်အခဲတစုံတရာ ရှိပုံရနေပါတယ်။ မြန်မာပြည်က ထောက်လှမ်းရေးတွေ အစွမ်းထက်ပုံကိုလည်း သိရဲ့သားနဲ့။ ဆရာပြောသလို တဦးတယောက်ထဲကို အားပြုတာ အကောင်းဆုံးမဟုတ်ဘူးဆိုတာလည်း လက်ခံပါတယ်။ ဆရာ့အနေနဲ့က ရွေးကောက်ပွဲလမ်းကြောင်းကိုထောက်ခံသူ၊ လက်ရှိလွှတ်တော်ကနေ သွားယူလိုသူဆိုတော့ တရားဝင်နေတဲ့ လက်တဆုပ်စာ လွှတ်တော်ထဲက ၁၅မိနစ် သုံးသိန်းစား အတိုက်အခံအမတ်ဆိုသူတွေရဲ့ နေရာပျောက်သွားပြီး အန်အယ်ဒီနဲ့ဒေါ်စုတို့ သူ့ခြေသူ့လက် မြန်မာ့အတိုက်အခံနိုင်ငံရေးကို ပုံဖော်သွားမှာ လိုလားပုံမရလို့လည်း ခံစားမိပါတယ် (ကျနော့်အမြင်သက်သက်ပါ)။ အခုအချိန်အထိမှာတော့ စစ်တပ်ထောက်ခံသူဗိုလ်ချုပ်တစု၊ ဒေါ်စုနဲ့ တိုင်းရင်းသားသူပုန်တွေကသာ တိုင်းပြည်နိုင်ငံရေးစနစ်ကို အဆုံးအဖြတ်ပေးသွားကြလိမ့်မယ်လို့ မြင်နေရပါကြောင်း…။
maungmoenyo
August 25, 2011 at 10:00 am
လက်ရှိ (၂၀၀၈)ဖွဲ့စည်းပုံ က ၁၉၆၂ နောက်ပိုး ဖက်ဒရယ်မူနဲ့ အမြင်ချင်းတူအောင်အတတ်နိုင်ဆုံဆွဲထားပါတယ်။ မှတ်မိသေးမယ်ဆိုရင် ဗိုလ်သန်းရွှေ လက်ထက်က လူထု သန်း(၆၀) ကိုနိုင်ချင်တိုင်းနိုင်ခဲ့ပေမဲ့ လက်တဆုပ်စာ တိုင်းရင်းသား လူမျိုးစုတွေကိုမစည်းရုံးနိုင်ခဲ့ပါဘူး။ ဒီဖွဲ့စည်းပုံ ကို ဖက်ဒရယ်ပုံပေါက်အောင် တမင်ပုံသွင်းပြီးနည်းမျိုးစုံနဲ့ ဆွယ်ခဲ့ပါတယ်။ ကြည့်ပါ – ပြည်နယ် နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဆိုပြီး။ တကယ်တော့ ဗဟိုချုပ်ကိုင်မှုကို တပြညးသားမှ လျှော့ထားတာဒီနေ့အထိ မတွေ့ရကြောင်းပါ။
Ko Ko Aung
August 25, 2011 at 12:42 pm
ဆရာကြီးများစုံအောင်စောင့်ရင်းနဲ့ ဆက်မစောင့်နိုင်တော့လို့ ကျွန်တော် မလိမ်မိုးမလိမ္မာလေး ဝင်ဆွေးနွေးပါရစေ။
ရွာထဲကနားလည်တဲ့တဦးဦးက ဖက်ဒရယ်မူ ဆိုတာကို ဖက်ဒရယ်စံနစ်ဆိုတာကို စုံစုံစေ့စေ့လေး ပိုစ့်တင်ဆွေးနွေးပြရင် သိပ်ကောင်းမှာပဲ။ အဲဒါအရေးကြီးပါတယ်။ အဲဒါက နောင်သုံးလှည့်မြောက် လောက်မှာ ရွှေ့မယ့် အကွက်ရဲ့ ခေါင်းစီးတောင် ဖြစ်နေနိုင်လို့ပါ။ အဲဒါကို ကျွန်တော်တို့ ပြည်သူအားလုံးက သေသေချာချာ အကျိုးအပြစ် စီစစ်နားလည်ထားတာ ပိုကောင်းပါတယ်။
ယနေ့အထိ ကျွန်တော်လေ့လာနားလည် ထားသလောက်ကတော့ ဖက်ဒရယ်စံနစ်ရဲ့ အနှစ်သာရက ဒေသအလိုက် မတူညီတဲ့ ကိုယ်ပိုင်စီမံခန့်ခွဲမှု့တွေကို ဗဟို စုစည်းမှု့တခု(နိုင်ငံ) အောက်မှာ အချိုးတကျ ခွဲဝေထားရှိတာပဲ ဖြစ်ပါတယ်။
ဖက်ဒရယ်အကြောင်း တယောက်ယောက်က ပိုစ့်တင်လာရင် ဝင်ဆွေးနွေးပါမယ်။
အခုဒီမှာပြောချင်တာကတော့ ဖက်ဒရယ်စံနစ်ကို ကျင့်သုံးရာမှာ ဒေသ(regin)အလိုက်ကွဲပြားတဲ့ ဒေသအခြေပြု အစုအဖွဲ့များကို စုစည်းထားတဲ့နိုင်ငံမျိုးနဲ့ လူမျိုး(race)အလိုက်ကွဲပြားတဲ့ လူမျိုးအခြေပြု အစုအဖွဲ့များကို စုစည်းထားတဲ့ နိုင်ငံမျိုး မတူနိုင်လောက်ပါဘူး။ ပေးထားချက်မတူတဲ့အတွက် တွက်နည်းလဲမတူလောက်ပါဘူး။ အဖြေလဲမတူလောက်ပါဘူး။
ဒါ ထားပါတော့ – ဒီဥစ္စာက အရပ်စကားနဲ့ပြောရရင် ဆွဲစိ ထားဘို့ နည်းလမ်းတမျိုးလို့ နားလည်ကြည့်မိတယ်။
အဲဒီအစား ဖြေချလိုက်ရင်ရော ??
လူမျိုးစွဲ ၊ ဒေသစွဲ ၊ ဘာသာစွဲ တွေအစား
အဲဒီ ဘောင်တွေကိုချဲ့ပြီး
နိုင်ငံစွဲတခုထဲထားရရင်ရော ??
နောင်အနာဂတ်မှာလဲ လူမျိုးတွေက ရောကုန်မှာလို့ပဲ ထင်မိလို့ပါ။
ရောပစေပေါ့ အကုန် လူတွေပဲမဟုတ်လား ??
အစထောင်တဲ့အလုပ်ကို ခဏရပ်ပြီး ပိုစ့်ကိုပြန်လှည့်ရရင် –
ဒီစစ်တပ်၊ ဒီလွှတ်တော်၊ ဒီအခြေခံဥပဒေ တွေနဲ့တော့ ဘယ်လို အပြီးသတ်အဖြေမှ မထွက်နိုင်ပါဘူး။ ခပ်မြန်မြန်ဖြစ်စေ တဖြေးဖြေးဖြစ်စေ ၊ အလွန့်အလွန်ဖြေးလေးတဲ့ ဘုရားစူးတဖြေးဖြေးနဲ့ပဲ ဖြစ်စေ ပေါ့ …
တနည်းနည်းနဲ့ အဲဒီသုံးခုလုံးပြောင်းရပါမယ်။
ဘယ်သူကမှလာပြောင်းမပေးရင် – ကျွန်တော်တို့ဘာသာပဲ ပြောင်းဘို့ ကြိုးစားကြရပါမယ်။
ဒီထဲမှာ သိတဲ့သူတွေ ဝင်ရေးတာဟာလဲ ပြောင်းဘို့ ကြိုးစားတာ တမျိုးပါပဲ။