“အနှီစာရေးဆရာသည် မည်သို့သော စာရေးဆရာနည်း”

သူသည် ရေးလက်စများကို ပြစ်ထားရင်း အိပ်ငိုက်နေမိသည်။ သလောက ကြုံးဝါးထားသော စကားလုံးများသည် လေဟာနယ်ထဲတွင် လွင့်မြောပျောက်ကွယ်လျှက်ရှိသည်။ စာရေးဆရာဖြစ်ရေး ဦးတည်ချက်ဖြစ် ဘာစာပဲလာလာ ဘာလာလာ သူကတော့ တွေ့သမျှကြုံးဖတ်လေ့ရှိခဲ့သည်။ ခုများ ထို စာအုပ်များကို လုံးဝ ကောက်မကိုင်နိုင်သည့်အပြင် ယားလို့မှ မကုတ်အားတဲ့အဖြစ်သို့ရောက်နေ၏။ မန်းလေးဂေဇက်မှ ရေးသူများ၏ စာများကိုဖတ်ပြီး သကာလ အားများပြန်တက်လာကာ ရေးဦးမှဟု တွေးမိသည်နှင့်တပြိုင်နက် သူဦးနှောက်က ကဘောက်သိ ကဘောက်ချာ စတင်တွေးတော အလုပ်လုပ်တော့သည်။ ကုန်ကြမ်းဟူသည် စာရေးသူအတွက် မရှားလင့်ကစား ရေးတတ် တွေးတတ်ရန်မှာ ပါရမီပါမှလည်းဖြစ်မည်ဖြစ်ရာ သူကတော့ ဇွဲကိုအခြေပြု၍ လုံ့လကိုစိုက်ထုတ်ကာ ပါရမီကို အားစိုက်ထုတ်သူဖြစ်နေလေသည်။

သူတကာရေးသောစာများဆီမှ ယူသင့်သော ပညာများကိုယူကာ( အတုခိုးသည်ဆိုချင်ဆို သင်ဆရာ မြင်ဆရာဟု သတ်မှတ်ကာ) သူ၏အတွေးများကို ရှင်သန်ထမြောက်စေခဲ့သည်။ သူ အားသန်သည်က ရသစာပေဖြစ်ရာ ဘဝသရုပ်ဖော်များကိုရေးရင်း တစ်နေ့တော့ စာရေးဆရာ ဖြစ်ရမည်ဟု စိတ်ကို ဒုန်းဒုန်းချလျှက် ကုန်းကာရေးတော့၏။ သို့ဖြင့် ကုန်ကြမ်းများကို မရ အရယရမည်ဟု စိတ်ပိုင်းဖြတ်လျှက် မျက်စိကို ရှင်ရှင်ထားလျှက် နားကို ကားကားစွင့်ထားမိသည်။ တစ်နေ့တော့ ထူးထူးခြားခြားလေး ကြားရမှာပါလေဟု တွေးထားသေး၏။

သူမြင်သမျှကို ချရေးတတ်လွန်သဖြင့် သူ့ကို အများတကာက မြင်ပြင်းကပ်နေသည်ကိုတော့ သူမသိ။ မျက်စိထဲတွေ့သမျှ၊ နားကကြားသမျှကို ချရေးလိုက်သည်မှာ Word Fileများ  Computerထဲတွင်ပွထနေပြီ။ ရင်သိမ့်တုန်စေမည့် အချစ်အကြောင်းများရေးသည်၊ မေတ္တာကိုအခြေခံ၍ မေတ္တာဘွဲ့တွေရေးကြည့်သည်။ အစတော့ ဟုတ်တော့မလိုလိုနှင့် နောက်တော့ အဖျားရှူးကုန်သည်။ အချစ်အကြောင်းရေးရင် အရက်သမားအကြောင်းဖြစ်သွားတတ်သဖြင့် အနှီးစာရေးဆရာ၏ လက်သည် မည်သို့သောလက်ဖြစ်သနည်းဟု တွေးကြည့်၍ပင်ရပါသည်။ မေတ္တာဘွဲ့ရေးရင်းဖြင့် ရယ်စရာ ဟာသများ ဖြစ်ဖြစ်သွားတတ်သဖြင့် အကြည်တော်ကိုများ မှီလာမည် စာရေးဆရာဟု အများက ကောက်ချက်ချ၏။(ကိုယ့်ကိုကိုယ်လည်း ပါသပေါ့)

စာရေးဆရာဖြစ်ရမည်ဟု စိတ်ဒုန်းချသည့်နေ့က အမှတ်တရကို ပြန်ပြောပြလျှင် ရယ်ကြဦးမည်။ အဘယ့်ကြောင့်ဆိုသော်ကာ သူသည် စာရေးဆရာများ၏ ပုံစံကိုအတုခိုးကာ အတွေးများ ရှင်သန်စေရန်အလို့ငှာ စီးကရက်ကို အူလှိုင်နေအောင် စသောက်တော့၏။ အရက်သောက်လျှင်ဖြင့် ဦးနှောက်တို့ လူးလွန့်ညွှန့်ဖူးတတ်သည်ဆို၍ မူးပြဲနေအောင်သောက်ရင်း စွဲမှန်းမသိစွဲလာခဲ့ကာ ခုဖြင့် ဘာလာလာ ဆွဲသည့်အကျင့်ကမပျောက်တော့။

သို့ဖြင့် စီးကရက်လေး လက်ကြားညှပ်၊ ယမကာပုလင်းကလေး လွယ်အိတ်ထဲထည့်လျှက် စာအကြောင်းပေအကြောင်းပြောရမည်ဆိုလျှင် ငါးစိမ်းသည်ကိုတောင် နေ့စားပေးပြီးပြောရဲသည့်အထိပင်။ လက်ချိုးရေတွက်၍ ပညာတတ်ဘွဲ့ရကို ရွေးလိုက်စမ်းဟု ပြောရမလောက်အောင် ပညာတတ်နည်းပါးသော အရပ်တွင် သူက စာရေးဆရာရူးရူးခဲ့သည်မှာ မည်သူ့အလွန်နည်း။ စာအကြောင်းပေအကြောင်းပြောရန်အတွက် တစ်နေ့ တစ်နေ့ အရက်ဖိုးအကုန်ခံကာ လိုက်ရှာသော်လည်း တစ်ယောက်တစ်မြည်းမှ မတွေ့ရ။ သို့ဖြင့် သူရေးပြီးစ စာမူများကို ပြန်ပြောပြရန်အတွက် တစ်ရပ်ကွက်ဝင် တစ်ရပ်ကွက်ထွက်ရှာခဲ့သော်ငြား တစ်ယောက်တစ်လေမျှတွေ့ခဲ့ရ။

သူသည် ယနေ့နာမည်ကျော်နေသော မဂ္ဂဇင်းများတွင် မပါသေးသော စာရေးဆရာ။ သို့သော်ငြား ရပ်ကွက်ထဲတွင်တော့ မသောင်းကြည် အညွှန်းကြောင့် သူ့အား တက်သစ်စ စာရေးဆရာဟု လူတိုင်းက သိကြသည်။ စာရေးဆရာတဲ့ဟူသောအသံနှင့်အတူ ခြေက မြေမှ တစ်တောင်လောက်လွတ်နေတတ်သော သူက ပြုံးဖြီးဖြီးကြီးလုပ်က ဘာတွေရေးတာဟု အာဘောင်ဘာရင်း သန်သန်ဖြင့် ရေမသောက်တမ်းပြောရမှာလည်း သူဝန်မလေး။ သူ့အား သိသူများက ဘာတွေရေးမှန်းတောင်မသိကြ။ ဖတ်ဖူးကြရဲ့လားတောင်မသိပေ။ သို့အတွက် သူရင်းလိုက်ရသည်က မသောင်းကြည်အား တစ်ပတ်စာ နေ့စာခ တစ်နေ့ နှစ်ထောင်။

သို့နှင့် သူရသည့် လုပ်အားခသည် သူ့အတွက် စာအုပ်ဖိုးဖြစ်သွားခါ အိတ်ကပ်ကို ဟောင်းလောင်းဖြစ်နေသည်က အမြဲ။ လစာထုတ်သည့်အခါတိုင်း စာအုပ်ဆိုင်ကြီးသို့ တမေ့တမောငေးရန်အတွက် သူရောက်ရစမြဲ။ ရောက်လေတိုင်းလည်း တစ်အုပ်မဟုတ် တစ်အုပ်ကတော့ လက်ထဲမှာပါလာတတ်သည်။ ရသဝတ္ထုတိုပေါင်းချုပ်တွေ၊ ဝတ္ထုတိုစုတွေ သူ ဝယ်သည်။ စာရေးနည်းစာအုပ်တွေဝယ်သည်။ ပြီးလျှင် အိမ်ပြန်ရောက်သည်နှင့် ရေမချိုးနိုင်၊ ထမင်းမစားနိုင် ထမင်းမေ့ ဟင်းမေ့ဖြင့် သူ စာအုပ်များကို သည်းသည်းမည်းမည်းဖတ်တော့၏။ ဖတ်ပြီးလျှင်တော့ သူသည် စာများကို အားသွန်ခွန်စိုက်ရေးတော့၏။

သူ၏ စာများတွင် သူ့အမေလည်း ဈေးသည်ဖြစ်သွားတတ်သည်။ သူ၏ အဖေလည်း ထောင်ခဏခဏကျရသည်။ သူ၏အစ်မသည်လည်း ဝတ္ထုထဲတွင် အိမ်ထောင်ရေးအဆင်မပြေဖြစ်နေတတ်သည်။ သူ့ဝတ္ထုထဲတွင် Heroကတော့ သူပင်ဖြစ်သည်။ သူရဲကောင်း ဝါဒဆန်ဆန်တွေရေးချင်သည်။ သို့ပေမယ် သူက သူရဲကောင်းမဖြစ်ပဲ သူခိုးဖြစ်ချင်ဖြစ်သွားတတ်သေးသည်.။ ဇာတ်ကောင်များကို ညာညာတာတာကိုင်တွယ်တတ်သဖြင့် သူ၏ရေးလက်စထဲတွင် မင်းသားက အခြောက်ဇာတ်ကောင်ဖြစ်သွားတတ်သေးသည်။

သို့နှင့် သူသည် စာများကို ကိုယ့်ဖာသာကိုယ်ရေး ကိုယ်ဖာသာ ကိုယ်ဖတ်လုပ်ကာ တိတ်တိတ်ပုန်း စာရေးဆရာဖြစ်နေရသည်။ သူ၏လက်ရာများကို အိမ်ရှိ မိဘ မောင်နှမမဆိုထားနှင့် သူ၏ သူငယ်ချင်းများကပင်လျှင် ကိုင်မကြည့်။ မျက်စိမှိတ်ကာ ကောင်းသည်ဟု တွင်တွင်ကြီး ချီးကျူးတတ်၏။ သူကလည်း ခေသူမဟုတ်ပါပေ။ ရသမျှ လခများကို အိမ်သို့မအပ်တော့ပဲ…စုဆောင်းထားကာ မည်သည့်မဂ္ဂဇင်းက ရွေးရွေးမရွေးရွေး သူ့ဟာသူရွေးက ခပ်တည်တည်ဖြင့် ကိုယ်တိုင် ပရိုဂျူဆာလုပ်က ပင်တိုင်ထုတ်လိုက်၏။  ပြီးလျှင် စာအုပ်ထွက်ကြောင့် သတင်းမီဒီယာထက်ကောင်းသော မွေးရာပါ ပါးစပ်ဖြင့် အိမ်ခြေ လေးငါးရာသာရှိသော ရပ်ကွက်ထဲတွင် ဟိုးလေးတကျော်ကျော်ဖြစ်အောင် ဆော်အောရောင်းချတော့သည်။ အနုပညာအရ အမြတ်ကိုမမျှော်ကိုးပဲ အရှုံးခံရောင်းတာတောင် ဝယ်မည့်သူမရှိ၍ အလကားပေးကာ ကျနော်စာရေးဆရာပါဟု ကြေငြာရလေသည်။

ထိုသို့စာအုပ်လည်ရောင်းသည်ကို အမေသိ၍ အရှက်ကြီးရှက်ကာ အိမ်မှမောင်းချလေသောအခါ အနှီးစာရေးဆရာ ကျနော်သည် တောင်ပြင်လွတ်သည့် နတ်တစ်ပါးပမာ(အဟဲ ကိုယ့်ကိုကိုယ်တော့ ဟိုအကောင်နဲ့မနှိုင်းပေါင်) သူငယ်ချင်းများ၏ အိမ်များတွင် တစ်ပတ်လျှင်တစ်အိမ်ကျ ပြောင်းကာ လည်ပတ်စားသောက်ရင်းဖြင့် စာတွေရေးရပြန်လေသည်။ သူက မဟူရာ(လွိုင်ကော်)ကိုလည်းအားကျသည်။ မကျည်းတန်(လွိုင်ကော်)ကိုလည်း သွားရည်တမြားမြားကျသည်။ ဆရာ ခန့်ကျော်ထင်လှိုင်(လွိုင်ကော်)ကိုလည်း လေးစားပြန်သည်။နောက် ခု နာမည်ကျော်နေသော ငွေဇင်ယော်ဦး(မိုးကုတ်)လိုလည်း ဝတ္ထုမိုးတွေ တဖွဲဖွဲရွာချင်သေးသည်။ သူဖတ်ဖူးသမျှ ဂန္ထဝင်စာရေးဆရာ/ဆရာမများ၏ နာမည်ကို Listလုပ်ကာ နံရံတွင်ကပ်ရင်း ရူးနေခဲ့ရသည်က နေ့တိုင်း။

သို့ဖြင့် သူသည် စီးကရက်ကို လက်ကြားကမချစတမ်းသောက်ရင်း စာတွေရေး၏။ အရက်ကို သောက်ကာ မူးမူးရူးရူးဖြင့် စာတွေရေး၏။ သူရေးသော စာများကို မဖတ်ဖူးသော လူများကြားတွင် ကိုယ့်ကိုကိုယ် စာရေးဆရာဟု အမည်ခံကာ စာတွေရေးနေရဦးမည်မှာ နေ့တိုင်းဆိုပါလျှင်………အနှီစာရေးဆရာသည် မည်သို့သော စာရေးဆရာဖြစ်ပါသနည်း..။

သော်ဇင်(လွိုင်ကော်)

28-August-2011

5 comments

  • မီးမီး သော်

    August 28, 2011 at 11:31 pm

    ဘယ်လိုကြောင့်ဘဲဖြစ်ဖြစ် ပါ အရက်နဲ ့ဆေးလိပ်တော့ဖြတ်လိုက်ပါ။ကိုယ်လုပ်ချင်တာတွေမလုပ်ရခင် အသက်ပိုတိုသွားပါလိမ့်မယ်။ကြိ ုးစားရင်တနေ ့တစ်လံပုဂံဘယ်ရွေ ့ပေါ့မလဲရှင်။

  • စာရေးဆရာဖြစ်ချင်ပေမယ့် တကယ်လက်တွေ့မှာ မကြိုးစားတဲ့
    စာရေးဆရာ ယောင် ဘဲဖြစ်မယ်။

  • တာနော

    August 29, 2011 at 8:50 am

    သူတို့က စာတွေရေးမယ်၊ ကျနော်တို့ကရေးတဲ့စာတွေဖတ်မယ် ။ ဖတ်မဲ့သူတွေမရှိရင် စာရေးဆရာ
    ဆိုတာ ရှိမလာနိုင်ဘူးလေ၊ ဟင်.. ဘယ်လမ်းကြောင်းရောက်သွားပီလဲ..
    တတ်ယောင်ကား ဝင်လုပ်ကြည့်တာ .. 🙂

  • ကြောင်ကြီး

    August 29, 2011 at 10:21 am

    အဲဒါ စာရေးဆရာလို့ မခေါ်ဘုး၊ ဂေဇက်ရွာသားလို့ခေါ်တယ်။ ကြိုဆိုပါတယ်ဗျာ၊ ရွာသားဂုဏ်ဖော်ပေးလို့။

  • alinsett

    August 29, 2011 at 7:18 pm

    ကိုသော်ဇင်ရေ.. ပျောက်ချက်သားကောင်းနေတာ အခုမှပဲ..ရေးတာတွေ့ရတယ်။
    သရုပ်ဖော် စာပေ တွေ ရေးတာ တော်နေရက်နဲ ့ ဘာလို ့အများကြီးမရေးတာလဲ..။
    ကိုသော်ဇင် စာတွေ က တကယ်ကောင်းတာ။

Leave a Reply